Chapter 34
သူမက အမှတ်တမဲ့ ထပ်ပြောလိုက်သည်။
“ကျိလဲ့ယွီ ညီမလေးတို့နောက်သာ လိုက်လာရင် ဘယ်လောက်ကောင်းမလဲ … အဲဒီ့လိုသာဆို ညီမလေးတို့မှာ ပိုပြီး အကျိုးအမြတ်များမှာပဲ …”
ကျိမူ ခပ်ဖွဖွ ပြုံးလိုက်သည်။
“ရပါတယ် … တစ်ဆင့်ချင်း သွားကြတာပေါ့ …”
သူက ညီမဖြစ်သူကို ကြည့်လိုက်သည်။ “ကောင်းပြီ … ကိုကို အဝတ်လဲတော့မယ် … ခဏနေရင် ညစာစားရအောင် …”
ကျိဟွေ့ သူ့ကို အမြန်ဆွဲထားလိုက်၏။ “ခဏလေး … ကိုကို ညီမလေးကို ပိုက်ဆံနည်းနည်းလောက် ပေးလို့ရမလား …”
“ဘာအတွက်လဲ …” ကျိမူ အံ့အားသင့်သွားသည်။
ကျိဟွေ့က သူ့အား စိတ်ဓာတ်ကျစွာ ကြည့်လိုက်၏။
“အဲဒီ့ သရုပ်ဆောင်ပေါက်စက ညီမလေးကို လက်ဖွဲ့အနေနဲ့ ၆၆ သန်းပေးဖို့ ပြောခဲ့တယ်လေ …”
“၆၆ သန်း …” ကျိဟွေ့ ရှော့ခ်ရသွား၏။
“ဟုတ်တယ် … ပိုပြီး စိတ်ပျက်စရာကောင်းတာက ဝမ်းကွဲအစ်ကိုက သူ့ကို ကူပြောပေးတာပဲ … အဲဒီ့ သရုပ်ဆောင်ပေါက်စက ပိုက်ဆံရတာနဲ့ ဝမ်းကွဲအစ်ကိုကို ထားခဲ့ပြီးထွက်ပြေးမှာ … ညီမလေးတွေ့သလောက် အဲဒီ့သရုပ်ဆောင်ပေါက်စကို တော်တော်များများက သဘောကျကြတယ်လေ …”
ကျိမူ သူမအား နှစ်သိမ့်လိုက်သည်။ “ကိုကို နားလည်ပြီ …ခဏနေရင် ညီမလေးကို ချက်လက်မှတ်ပေးမယ် …”
သူက ခဏတွေးပြီးနောက် ဆက်ပြောလိုက်၏။ “မေ့လိုက်တော့ … ကိုကို ကျိယွီရှောင်ကို ရှာပြီး ဒီကိစ္စဖြေရှင်းလိုက်မယ် …”
“ဟုတ်ကဲ့ … ကျေးဇူးပါကိုကို …” ကျိဟွေ့က ကျိမူအား နှစ်သိမ့်လိုက်သည်။
“သူတို့ကို ခဏလောက် ပေးပျော်လိုက်ပါ … ကိုကို ကုမ္မဏီကို ရတာနဲ့ ဒီပိုက်ဆံလောက်ကို အရေးစိုက်စရာတောင် မလိုတော့ဘူး …”
ကျိမူက သူမသည် အမြင်ကျဉ်းလွန်းသည်ဟု ခံစားလိုက်ရသည်။ “ဟုတ်တယ် … ဒီပိုက်ဆံက ဘာမှမဟုတ်ဘူး … ဒီလောက်ပိုက်ဆံကိုသုံးပြီး ကျိယွီရှောင်ကို ပထုတ်နိုင်မယ်ဆိုရင် ၆၆ သန်းတင်မဟုတ်ဘူး … သန်း ၆၀၀ ကျော်ပေးရရင်တောင် အဆင်ပြေတယ် …”
ကျိဟွေ့က သူ့အား အတန်ကြာ အံ့အားသင့်စွာ ကြည့်နေမိ၏။ ထို့နောက် ခေါင်းညှိတ်လိုက်သည်။ “အမှန်ပဲ …”
“ကိုကို အင်္ကျီသွားလဲတော့မယ် …” ကျိမူက အတွေးနယ်ချဲ့ရင်း လှေကားတက်လိုက်သည်။
ကျိဟွေ့က ထမင်းစားခန်းထံ ဦးတည်လိုက်၏။
..........
ကျိယွီရှောင်၏ ဖုန်းမြည်လာသည်။ သူက ဖုန်းပြန်ဖြေရင်း တိတ်တဆိတ် နားထောင်နေလိုက်သည်။
လင်းလော့ချင်း ကလေးနှစ်ဦးကို အိမ်ထဲသို့ အရင်ဝင်စေ၏။ ရှောင်လီက ဝှီးချဲကို ကားပေါ်မှချနေစဉ် သူက ကျိယွီရှောင်အား ချီမလိုက်သည်။
ကျိယွီရှောင်က သူ့ကိုကြည့်ကာ ညှင်သာစွာ ပြောလိုက်၏။ “ငါ့မှာ သတင်းကောင်းရှိတယ်...”
“ဘာများလဲ...” လင်းလော့ချင်း သူ့အားမေးလိုက်သည်။
“မင်းအတွက် ငါရှာပေးထားတဲ့ အေးဂျင့်က မနက်ဖြန် ဒီကိုရောက်လာလိမ့်မယ်....”
“တကယ်လား...” လင်းလော့ချင်း အံ့အားသင့်သွားသည်။
ထို့နောက် ဇဝေဇဝါဖြစ်သွား၏။ “မင်းဘယ်တုန်းက ငါ့အတွက်အေးဂျင့်ရှာလိုက်တာလဲ...ငါလည်း ဘာမှမသိပါလား...”
ကျိယွီရှောင်၏ မျက်နှာက တည်ငြိမ်လျှက်ပင်။. “မင်းအားလုံးကို မသိနိုင်ဘူးလေ...”
လင်းလော့ချင်းက တောက်ပသော မျက်ဝန်းများဖြင့် သူ့ကိုကြည့်လိုက်သည်။ “ ကျေးဇူးပါ...”.
“ရပါတယ်...” ကျိယွီရှောင်က ဝှီးချဲကိုမှီကာ ပြောလိုက်၏။, “ ကြိုးစားထား...ဘော့စ်အတွက် ပိုက်ဆံရှာလာခဲ့...”
“ဒါပေါ့...” လင်းလော့ချင်းပြုံးကာ ဝှီးချဲလ်ကို အိမ်ထဲသို့ တွန်းပေးလိုက်သည်။
ကျိယွီရှောင်က သတိပေးလိုက်၏။ “မင်းရဲ့ကုမ္မဏီနဲ့မချိန်းရသေးဘူး မဟုတ်လား....နောက်နှစ်ရက်အတွင်း မင်းအားမယ်ဆိုရင် စာချုပ်ကိုသွားဖျက်လိုက်ပါ...တစ်ယောက်ထဲမသွားနဲ့...ရှေ့နေကိုရော ဝူရှင်းယွမ်ကိုပါ ခေါ်သွားဦး...ဝူရှင်းယွမ်က မင်းရဲ့အေးဂျင့်ပဲ...”
“ငါသိပြီ...” လင်းလော့ချင်း မျက်နှာက အပြုံးများဖြင့် ပြည့်နှက်နေ၏။ သူက ကျိယွီရှောင်နှင့်အတူ အိမ်ထဲဝင်လိုက်သည်။
.......
လက်ထပ်မှတ်ပုံတင် ရမည့်နေ့တွင် လင်းလော့ချင်း ထူးထူးဆန်းဆန်း အစောကြီးနိုးလာ၏။
သူက လင်းဖေးနှင့်အတူ မနက်စာစားပြီးနောက် လင်းဖေးအား ကျောင်းလိုက်ပို့လိုက်သည်။ ဤတစ်ကြိမ်၌ တက္ကစီမငှားတော့ပဲ ရှောင်လီအား လိုက်ပို့စေ၏။
သူက လင်းဖေးကိုကြည့်ကာ ပြောလိုက်သည်။ ''သားနေ့ခင်း ကျောင်းကပြန်ရောက်ရင် ရှုရှုနဲ့ ရှုရှုကျိက ကြင်စဦးမောင်နှံတွေ ဖြစ်သွားပြီ...”
လင်းဖေးက ခဏတွေးကာ ပြောလိုက်သည်။ ''ဂုဏ်ပြုပါတယ်...”
“သားက ဂုဏ်ပြုတယ်ပေါ့...” လင်းလော့ချင်း ရယ်လိုက်၏။
“လက်ထပ်တဲ့လူတွေကို တခြားလူတွေရ ဂုဏ်ပြုစကားပြောတာ ကျွန်တော် တီဗီမှာတွေ့ခဲ့တယ်...” လင်းဖေးက သူ့အားမော့ကြည့်လိုက်သည်။
“ဟုတ်တယ်...အမှန်ပဲ...”
လင်းဖေးကိုကြည့်ရင်း သူ့နှလုံးသားတွင်းရှိ ခံစားချက်က ပိုမိုသန်မာလာ၏။ ထိုခံစားချက်မှာ စိတ်ကူးယဥ်ဆန်ပြီး မရေမရာဖြစ်နေသည်။
သူက လက်ထပ်တော့မှာ...
သူက တကယ်ကြီး လက်ထပ်တော့မှာပဲ...
သူက မူလကမ္ဘာတွင် အနှစ်နှစ်ဆယ်ကြာ လက်မထပ်ပဲ နေခဲ့သည်။ လက်ရှိကမ္ဘာသို့ ရောက်သည်မှာ ရက်အနည်းငယ်သာ ရှိသေးသော်လည်း လက်ထပ်တော့မှာဖြစ်၏။
၎င်းက အလွန်ထူးဆန်းလှသည်။
လင်းဖေးအား ကျောင်းလိုက်ပို့ပြီးနောက် လင်းလော့ချင်း ကျိအိမ်သို့ပြန်လာ၏။ ကျိယွီရှောင်က သူ့ကိုစောင့်နေ၏။
လင်းလော့ချင်းက အနည်းငယ် ပြာယာခတ်သွား၏။ “ငါအပေါ်ထပ်သွားပြီး အဝတ်လဲလိုက်ဦးမယ်...”
ကျိယွီရှောင် ခေါင်းညှိတ်လိုက်သည်။ “ကောင်းပြီလေ...”
လင်းလော့ချင်းက အပေါ်ထပ်သို့တက်ကာ ကျိယွီရှောင်၏ အခန်းသို့ ဝင်လိုက်သည်။ သူက ဗီရိုကို ဖွင့်လိုက်သော်လည်း အဝတ်ရွေးမရပဲ ဖြစ်နေ၏။
အဖြူဆို အရမ်းရိုးသွားမလား...
အနက်ကျ မှိုင်းလွန်းတယ်...
လက်ထပ်မှတ်ပုံတင်ဆိုတော့ အရောင်တောက်တာမျိုး ဝတ်သင့်တယ်ထင်တယ်...
ဒါပေမယ့် အနီကျ တောက်လွန်းတယ်...အဝါကျ ငယ်သွားမှာ...လိမ္မော်က ကျိယွီရှောင်ရဲ့ အဝတ်နဲ့မလိုက်ဘူး...ခရမ်းကျ ထူးဆန်းလွန်းတယ်...
သူက အတန်ကြာသည်အထိ ရွေးရခက်နေ၏။
ကျိယွီရှောင် အခန်းတွင်းသို့ ဝင်လာချိန်တွင် လင်းလော့ချင်းက အဝတ်လဲနေ၏။ အဝတ်အစားအားလုံးက ပြန့်ကျဲလျှက်ရှိသည်။ လင်းလော့ချင်းက လက်ကိုမြှောက်ကာ အနွေးထည်ကို ချွတ်နေ၏။ သွယ်လျသော ပုခုံးနှင့် ထင်ရှားသော အရိုးများက လူငယ်တစ်ဦး၏ နူးညံ့မှုနှင့် သန်မာမှုအား လှစ်ဟလျှက်ရှိသည်။
ကျိယွီရှောင် အကြည့်လွှဲလိုက်သည်။ အသံကြား၍ လင်းလော့ချင်း လှည့်ကြည့်လိုက်ချိန်တွင် ကျိယွီရှောင်အား တွေ့လိုက်ရ၏။ ''မင်း ဘာလို့ဝင်လာတာလဲ...”
“မင်း တော်တော်ကြာတဲ့အထိ ဆင်းမလာတော့ လက်ထပ်ပွဲကနေ ထွက်ပြေးသွားတယ်လို့ ငါထင်တာ...” ကျိယွီရှောင် ပြုံးလိုက်သည်။
ထိုစကားများကြောင့် လင်းလော့ချင်း၏ စိုးရိမ်မှုများ လွင့်ပြယ်သွား၏။
“ငါထွက်မပြေးပါဘူး ....မင်းကအဲဒီ့လိုဖြစ်စေချင်နေတာမဟုတ်လား...အိမ်မက်မက်နေတာပဲ...”
ထို့နောက် ကုတင်ပေါ်ရှိ ပြန့်ကျဲနေသော အဝတ်များထံ အကြည့်ရောက်သွားသည်။ ထိုအခါမှ သူ၏ အပေါ်ပိုင်းသည် ဗလာကျင်းနေကြောင်း သတိရသွား၏။
လင်းလော့ချင်း “...”.
လင်းလော့ချင်း ကျိယွီရှောင်အား လှည့်ကြည့်လိုက်သည်။ သူတို့မျက်လုံးများ ဆုံတွေ့သွားချိန်၌ လင်းလော့ချင်း ပြောလိုက်၏။ “မင်းက ပေါ်တင်လာကြည့်နေတာပဲ...”
ကျိယွီရှောင် ဘာမှမကြည့်ရသေးချေ။
သို့သော် လင်းလော့ချင်း၏ အမြှီးနင်းခံလိုက်ရသော ကြောင်တစ်ကောင်ကဲ့သို့ အမူအရာကို သူတွေ့လိုက်ရ၏။ သူ့နှလုံးသားက ယားယံလာပြီး ထိုလူအား စနောက်ချင်လာသည်။
“မင်းမှန်တယ်...ငါကောင်းကောင်းကြည့်သင့်တယ်...”
သူ့စကားဆုံးသည့်နောက် လင်းလော့ချင်း၏ မျက်နှာမှတဆင့် မေးရိုး၊ လည်တိုင်၊ ညှပ်ရိုးများအား စိုက်ကြည့်လိုက်သည်။
လင်းလော့ချင်းက ထိုလူအား မယုံနိုင်သလို ကြည့်လိုက်၏။ ထို့နောက် အဝတ်တစ်ခုကို ကောက်ယူလိုက်ပြီး ရှက်ရှက်နှင့် ကျိယွီရှောင်ထံ ပစ်ပေါက်လိုက်သည်။ သူက ပြန်လှည့်ကာ ကြုံရာတစ်ထည်အား ဆွဲထုတ်လိုက်ပြန်၏။
ကျိယွီရှောင်က အဝတ်ကို ကောက်ယူလိုက်ပြီး ဝှီးချဲကိုတွန်းကာ အခန်းတွင်းသို့ ဝင်လာသည်။ လင်းလော့ချင်းက သူ့အား နီရဲနေသောမျက်နှာဖြင့် ရှက်ရွံ့စွာကြည့်နေ၏။
“ရှက်နေတာလား … ” ကျိယွီရှောင် မေးလိုက်သည်။ “မင်းပြောတော့ ကိစ္စကောင်းတွေကို မျှော်လင့်နေတာဆို … အခုငါ ကြည့်ပဲကြည့်ရသေးတာကို မင်းက ရှက်နေပြီလား …”
လင်းလော့ချင်း “……”
သူက ကျိယွီရှောင် ရှက်သွားမှာစိုးနေတာပါနော် …
သူက ဘာလို့ရှက်ရမှာလဲ …
လင်းလော့ချင်း နှုတ်ခမ်းစူသွားသည်။ သူက အိပ်ရာပေါ်ရှိ အဝတ်များကို ကောက်လိုက်၏။
ကျိယွီရှောင်က သူ့ကိုမေးလိုက်သည်။
“ဘာဝတ်ရမှန်းမသိဖြစ်နေတာလား …”
လင်းလော့ချင်း နှာခေါင်းရှုံ့လိုက်ပြီး သူ့ကို လျစ်လျူရှုလိုက်သည်။
ကျိယွီရှောင်က အဖြူရောင်ရှပ်တစ်ထည်ကို သူ့အား ကမ်းပေးလိုက်၏။ “ဒါကိုဝတ်လိုက် … ငါ့အင်္ကျီနဲ့လိုက်တယ် …”
လင်းလော့ချင်းက ကျိယွီရှောင်ကို ကြည့်လိုက်သည်။ ကျိယွီရှောင်က ရိုးရှင်းပြီး ဈေးကြီးပုံပေါ်သည့် အနက်ရောင် ရှပ်အင်္ကျီအား ဝတ်ဆင်ထားသည်။ သူက ခန့်ညားနေ၏။
အဖြူရောင်ရှပ်အင်္ကျီနှင့် အလွန်လိုက်ဖက်၏။
သူက ရှပ်အင်္ကျီအားယူရန် လက်လှမ်းလိုက်သည်။ ထို့နောက် ကျိယွီရှောင်အား ပြောလိုက်၏။. “မင်းသွားတော့ ...”
“ငါတို့က လက်ထပ်တော့မှာလေ … ငါကြည့်လို့မဖြစ်တာ ရှိလို့လား … ” ကျိယွီရှောင်က တည့်မေးချလိုက်သည်။
လင်းလော့ချင်းက သူ့ကို စိုက်ကြည့်လိုက်သည်။. “ကောင်းပြီလေ … ကျွန်တော်တို့က လက်ထပ်တော့မှာဆိုတော့ မစ္စတာကျိ ကျွန်တော့်ကို အရင်ပြပေးနိုင်မလား … ”
ထိုသို့ပြောပြီးနောက် သူက သူ၏ အကြည့်ကို ကျိယွီရှောင်၏ ရင်ဘတ်မှတဆင့် တဖြည်းဖြည်း အောက်သို့ လျှောလိုက်၏။
ကျိယွီရှောင် ရယ်လိုက်သည်။ “မင်းက တကယ့်ကို စိတ်မရှည်ဘူးပဲ … ”
“အခုလောလောဆယ် မင်းကသာ စိတ်မရှည်တာပါနော် … ” လင်းလော့ချင်း ပြန်ပက်လိုက်သည်။
ကျိယွီရှောင် ရယ်လိုက်၏။ “အဝတ်လဲတော့ … ငါမင်းကို ထပ်မစတော့ဘူး … ”
ထို့နောက် ဝှီးချဲလ်ကိုလှည့်ကာ အခန်းတွင်းမှ ပြန်ထွက်သွားလေသည်။
ထိုလူမှာ သူ့အား မကြာခဏစနောက်လေ့ရှိကြောင်း လင်းလော့ချင်း နားလည်၏။ ကျိယွီရှောင်က သူ့အား စရသည်ကို အလွန်သဘောကျလေ့ရှိသည်။
သူ အဝတ်လဲပြီးနောက် အခန်းဝတွင် စောင့်နေသည့် ကျိယွီရှောင်အား တွေ့လိုက်ရသည်။
ကျိယွီရှောင်က သူ့ကိုမြင်သည်နှင့် မှတ်ချက်ချလိုက်၏။ “အရမ်းခန့်ညားတာပဲ …”
“တကယ်လား …” လင်းလော့ချင်း အနည်းငယ်ပြာသွားသည်။
သူက ကျိယွီရှောင်၏ ဝှီးချဲကို တွန်းပေးလိုက်ရင်း ပြောလိုက်၏။ “မင်းလည်း ကြည့်ကောင်းနေတယ် ...”
ကျိယွီရှောင်က ပြုံးလိုက်ပြီး ဘာမှပြန်မပြောချေ။
လက်ထပ်မှတ်ပုံတင်ယူသည့် လုပ်ငန်းစဉ်မှာ မြန်ဆန်လှ၏။ သူတို့က ရိုက်ကူးထားသည့် ဓာတ်ပုံအား ဝန်ထမ်းထံ ကမ်းပေးလိုက်သည်။
“ပျော်စရာကောင်းတဲ့ လက်ထပ်မှုဖြစ်ပါစေ …သက်ဆုံးတိုင် ပေါင်းရပါစေ …” ဝန်ထမ်းက မှတ်ပုံတင်အား ကမ်းပေးရင်း ပျူငှာစွာ ဆုမွန်ကောင်းတောင်းပေးလိုက်သည်။
လင်းလော့ချင်း သူမအား ပြန်ပြောလိုက်သည်။ “Thank you.”
သူက အနီရောင် လက်ထပ်မှတ်ပုံတင်ကိုကြည့်ရင်း ပြုံးနေခြင်းအား မရပ်တန့်နိုင်ခဲ့။ ထို့နောက် ဂရုတစိုက်သိမ်းလိုက်သည်။
သူတို့က မှတ်ပုံတင်ကို ယူပြီးနောက် အိမ်သို့ပြန်လာခဲ့ကြ၏။
လက်ရှိကမ္ဘာသို့ မကူးပြောင်းလာခင်က လင်းလော့ချင်း၏ သူငယ်ချင်းတစ်ဦးသည် လက်ထပ်မှတ်ပုံတင် ရရှိပြီးနောက် သူငယ်ချင်းများအား ညစာဖိတ်ကျွေးခဲ့ဖူးသည်။ လင်းလော့ချင်းက ကျိယွီရှောင်အား မေးလိုက်၏။ “ငါတို့ လက်ထပ်မှတ်ပုံတင် ရလာပြီဆိုတော့ မင်းသူငယ်ချင်းတွေကို ညစာဖိတ်ကျွေးပြီး အသိပေးချင်လား … ”
ကျိယွီရှောင် ထိုသို့မတွေးမိခဲ့ချေ။ သူ၏ မူလအကြံအစည်မှာ လက်ထပ်မှတ်ပုံတင် ပြုလုပ်ခြင်းက အခြားလူများအပေါ် သူမှီခိုနေရကြောင်း ပြသခြင်းသာဖြစ်၏။
သူက ဒဏ်ရာရပြီးနောက် သူ့ကိုယ်သူ စွန့်ပစ်လိုက်သော စိတ်ပျက်အားလျော့သည့် ပုံရိပ်ကို ဖန်တီးချင်ခဲ့သည်။ ထို့အပြင် သူနှင့်လုံးဝမအပ်စပ်သည့် လူတစ်ယောက်ကို လက်ထပ်လိုက်ခြင်းဖြင်း အားလုံးက သူနှုတ်ထွက်သွားပြီဟု မှတ်ယူကြမှာပင်။
သို့သော် လင်းလော့ချင်းကြောင့် သူ၏ အတွေးများသည် နေ့စဉ်နှင့်အမျှပျောက်ဆုံးလာရ၏။ သူက လင်းလော့ချင်း မျက်လုံးထဲရှိ မျှော်လင့်ချက်များကို ကြည့်ရင်း ပူးပေါင်းပေးလိုက်သည်။
“ငါသူတို့ကို ပြောလိုက်မယ် … မင်းရော မင်းသူငယ်ချင်းတွေကို ခေါ်ချင်သေးလား …”
လင်းလော့ချင်းတွင် သူငယ်ချင်းမရှိသေးသလို မူလကိုယ်၏ ကြောင်သူတော် သူငယ်ချင်းများနှင့်လည်း အဆက်အသွယ်မလုပ်ချင်ပေ။ “ငါ့မှာ သူငယ်ချင်းမရှိဘူး … မင်းသူငယ်ချင်းတွေကိုပဲ ခေါ်လိုက်ပါ … ”
ကျိယွီရှောင်က လင်းလော့ချင်းကို ကြည့်လိုက်သည်။ တစ်ဖက်လူနံဘေးရှိ လူများကို သူက စုံစမ်းထားပြီးပြီဖြစ်၏။ သို့သော် လင်းလော့ချင်းက သူ့တွင် သူငယ်ချင်းမရှိကြောင်း ပြောနေသည်။
သူ့သူငယ်ချင်းတွေက သူငယ်ချင်းအစစ်မဟုတ်လို့လား … ဒါမှမဟုတ် တခြားအကြောင်းကြောင့်လား …
ကျိယွီရှောင် မခန်မှန်းနိုင်ချေ။ လင်းလော့ချင်း သူ့အား လက်ထပ်ချင်သည့် အကြောင်းရင်းကို မခန့်မှန်းနိုင်သကဲ့သို့ဖြစ်၏။
မည်သို့ပင်ဖြစ်စေ … အရေးမကြီးချေ။ သူ မကြာခင် သိရလိမ့်မည်ဟု ကျိယွီရှောင် တွေးလိုက်သည်။
“ကောင်းပြီလေ … ဒါဆို ငါ့သူငယ်ချင်းတွေကို ခေါ်လိုက်မယ် …”
“ကောင်းပြီလေ …” လင်းလော့ချင်း ပျော်ရွှင်စွာပြောလိုက်၏။
ကျိယွီရှောင်က စကားပြောဝိုင်းထဲသို့ တိတိကျကျ စာပို့လိုက်သည်။ [ငါဒီနေ့ လက်ထပ်မှတ်ပုံတင် ရခဲ့ပြီ … ငါမင်းတို့ကို ထမင်းဖိတ်ကျွေးချင်လို့ … ]
မျက်တောင်တစ်ခတ်အတွင်း စကားပြောခန်းတစ်ခုလုံး ရှော့ခ်ရကုန်ကြ၏။
ကျွမ်းရွယ် : [မြန်လှချည်လား … ]
ဝေ့ကျွင်းဟယ်: [နှစ်တစ်ရာတိုင် ပေါင်းဖက်ရပါစေလို့ ဆုတောင်းပါတယ် … မင်းတို့ ချက်ချင်းလက်ထပ်မယ်လို့ ငါထင််မထားဘူး … ]
ချီယင်းကျဲ […ဂုဏ်ပြုပါတယ် ]
ကျွမ်းရွယ်: [နေပါဦး … ငါတို့မနေ့ကမှ တွေ့ခဲ့တာမဟုတ်လား … မင်းတို့က လက်ထပ်ပြီးသွားပြီလား … ]
ကျိယွီရှောင် တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။ [သူက မစောင့်နိုင်တော့ဘူး ...]
ကျွမ်းရွယ်: [အိုင်း … စိတ်မရှည်တတ်လိုက်တာ…]
ဝေ့ကျွင်းဟယ်: [သူက မစောင့်နိုင်တော့တာနဲ့ မင်းသဘောတူလိုက်တာလား … )
ချီယင်းကျဲ: […ကောင်းချီးပေးပါစေ]
ကျိယွီရှောင် ခပ်ဖွဖွ ရယ်လိုက်သည်။ [မဖြစ်နိုင်ဘူးလေ … ငါ အရမ်းခံစားမိတယ် …မင်းတို့ရော မခံစားမိဘူးလား … ဆယ့်ငါးနှစ်တောင် စောင့်ပြီးပြီပဲ … ]
ကျွမ်းရွယ်: [ဒါလည်း ဟုတ်တာပဲ … မင်းတို့ လက်ထပ်တာ နည်းနည်းမြန်သလားလို့ပါ … ]
ဝေ့ကျွင်းဟယ်: [နည်းနည်းမြန်တာ မဟုတ်ဘူး .. တော်တော် မြန်နေတာ ...]
ချီယင်းကျဲ: […ပျော်ရွှင်ပါစေ]
ကျိယွီရှောင် : [ဒါဖြင့် ထမင်းလာစားကြပါ… ]
[အိုခေ] အားလုံး သဘောတူလိုက်ကြသည်။
သူငယ်ချင်းများကို ဖိတ်ကြားပြီးနောက် သူက လင်းလော့ချင်း၏ လက်ထပ်မှတ်ပုံတင် ကိုယူကာ သူ့ဟာနှင့် အတူယှဉ်၍ ဓာတ်ပုံရိုက်လိုက်သည်။
“ငါဒါကို တင်လို့ရလား … ” ကျိယွီရှောင် မေးလိုက်၏။
လင်းလော့ချင်း ခေါင်းညိတ်လိုက်သည်။
“ငါ့ကို ပို့ပေး … ”
ကျိယွီရှောင် ပြုံးလျှက် သူ့ပါးလေးကို ညှစ်လိုက်သည်။ ထို့နောက် စာသားအချို့ ရိုက်လိုက်၏။
လင်းလော့ချင်းက တစ်ဖက်လူ စာရိုက်နေသည်ကို သိချင်စိတ်ဖြင့် we chat အား ဖွင့်လိုက်သည်။ ကျိယွီရှောင်၏ ပို့စ်က အရင်ဆုံးတက်လာ၏။
ကျိယွီရှောင် : [ငါလက်ထပ်ပြီးပြီ … တစ်စုံတစ်ယောက်က ငါ့ကို အခုလိုစောင့်နေလိမ့်မယ်လို့ ဘယ်တုန်းကမှ ထင်မထားခဲ့ဘူး … ငါ့လို ကျိုးပဲ့နေတဲ့ လူတစ်ယောက်က မင်းနဲ့ မထိုက်တန်ပါဘူး … မင်းအတွက် အရာအားလုံး အဆင်ပြေဖို့ ငါမျှော်လင့်ပါတယ် … မင်းလက်မလျှော့သရွေ့ ငါလည်းလက်မလျှော့ပါဘူး …]
ထို့နောက် သူတို့၏ လက်ထပ်မှတ်ပုံတင်များကို တွဲတင်ထား၏။
လင်းလော့ချင်း “……”
လင်းလော့ချင်း သူ၏ အသစ်စက်စက်ခင်ပွန်းကို ကြည့်လိုက်သည်။ “အစ်ကိုကြီး … ခင်ဗျား မမြင်သင့်တာတစ်ခုခု မြင်လာတာမဟုတ်လား … ”
“ဘာကိုလဲ …”
“QQ မှာခေတ်စားနေတဲ့ စာသားတွေလေ … ”
ကျိယွီရှောင် , “……”
“မင်းရဲ့ပို့စ်ကိုကြည့်ရင်း နောက်ထပ်စာသားက ‘သူ့အတောင်တွေကို ချိုးရဲတဲ့ ဘယ်သူမဆို ကောင်းကင်ဘုံကို ဝင်ခွင့်မရစေရဘူး’ ဆိုတာမျိုး ဖြစ်လိမ့်မယ်လို့ ငါခံစားရတယ် ...”
ကျိယွီရှောင် ခေါင်းညှိတ်လိုက်သည်။ “ငါမှတ်ထားပြီ … နောက်တစ်ခါ အဲဒီ့လိုတင်ရမယ် ...”
လင်းလော့ချင်း “…”
“နောက်တစ်ခါဆိုတာ ရှိသေးတာလား … ”
ကျိယွီရှောင် အပြစ်ကင်းစွာ ကြည့်လိုက်၏။ “နောက်တစ်ကြိမ်ဆိုတာ ရှိလာမှာပဲလေ … ”
လင်းလော့ချင်း “……”
“မင်းဘာလို့ တင်တာလဲ … ” သူ မေးလိုက်၏။ “တခြားလူတွေ အထူးသဖြင့် မင်းအဖေကို ပြချင်လို့လား …”
ကျိယွီရှောင် ဖုန်းကိုချရင်း စိတ်သက်သာရာရဟန်ဖြင့် သက်ပြင်းချလိုက်သည်။ “လူတွေအများကြီး ရှိတယ်လေ … ငါ့အဖေတင်ဘယ်ကမလဲ … ”
လင်းလော့ချင်း “……” ဒါဖြင့် ဒီအဖေနဲ့သားက ဘာဖြစ်နေတာလဲ …
ထူးဆန်းလိုက်တာ …
ကျိမူက ကျိဟွေ့ထံမှ စခရင်ရှော့ကို တွေ့လိုက်၏။ [သူတို့ လက်ထပ်မှတ်ပုံတင် ရလာပြီ…]
ကျိဟွေ့: [ချီးပဲ … ရွံစရာကြီး … ဝမ်းကွဲကို လင်းလော့ချင်းက ဘာလုပ်ထားလို့ သူ့ကိုယ်သူ လင်းလော့ချင်းနဲ့ မတန်ဘူးထင်ရတာလဲ … ]
ကျိဟွေ့: [သူ့ကိုယ်သူ ဘာပြောထားလဲကြည့်ဦး … အချစ်မှာကျဆုံးနေတဲ့ ကျောင်းသားလေးလိုပဲ]
ကျိမူ၏ အကြည့်က ကျိုးပဲ့နေတဲ့ ဟူသည့် စာလုံးအပေါ် ရောက်သွားသည်။
လူများ မသန်စွမ်းဖြစ်ချိန်တွင် အတွေးအမြင်များ ပြောင်းလဲသွားတတ်၏။ သူတို့ကိုယ်သူတို့ စွန့်ပစ်ခြင်း သို့မဟုတ် တစ်စုံတစ်ဦးအပေါ် မှီခိုပစ်လိုက်ခြင်းတို့ကို ပြုလုပ်ကြလေ့ရှိသည်။ သို့သော် ကျိယွီရှောင် ထိုသို့လုပ်လိမ့်မည်ဟု သူ မထင်ထားခဲ့။
ထိုလူသည် မတော်တဆမှု မဖြစ်ခင်က အလွန်မောက်မာလှသည်။ မတော်တဆမှုဖြစ်ပြီးနောက် သူအချစ်ဆုံး အစ်ကိုနှင့် မရီး၏ သေဆုံးမှုကို မျက်မြင်တွေ့လိုက်ရပြီး သူကိုယ်တိုင်လည်း မသန်စွမ်းဖြစ်သွား၏။ ၎င်းက သာမန်လူတစ်ဦးအတွက် မည်သို့မှ လက်ခံနိုင်ဖွယ်မရှိပေ။
အမြင့်ရောက်လေ အကျနာလေပင်။ မောက်မာပြီး မာနကြီးသော ကျိယွီရှောင်သည် အတိတ်တွင် ကျန်ရစ်ခဲ့ပြီဖြစ်၏။
ကျိမူက လက်ထပ်မှတ်ပုံတင်ကို ကြည့်ကာ ကျိယွီရှောင် တိုက်ခိုက်နိုင်စွမ်းမရှိတော့ကြောင်း အတည်ပြုနိုင်လိုက်
၏။
အဆုံးသတ်တွင် မတော်တဆမှု မတိုင်ခင်က ကျိယွီရှောင်သည် ထိုသို့ပြောမည်မဟုတ်ပေ။ သူက အလွန်မောက်မာပြီး လင်းလော့ချင်းကမူ မိသားစုနောက်ခံရော၊ အရည်အချင်းပါမရှိပဲ မျက်နှာလေးသာ ကြည့်ကောင်းသူဖြစ်၏။ယခင်က ကျိယွီရှောင်သာဆိုချင် ‘မင်းလက်မလျှော့သရွေ့ ငါလက်မလျှော့ဘူး ’ ဟုဆိုကာ လက်ထပ်ရန်မဆိုထားနှင့်၊ သူ့ကို ကြည့်ပင်ကြည့်မည်မဟုတ်။