အပိုင်း ၃၅
Viewers 25k

Chapter 35





ကျိမူ နှာခေါင်းရှုံ့လိုက်၏။ 

အလွန်ရယ်စရာ ကောင်းလှသည်။ ကျိယွီရှောင်၌ပင် ယနေ့ကဲ့သို့ နေ့မျိုးရှိလာ၏။


ဘုရားသခင်က မျက်လုံးဖွင့်ကြည့်ခဲ့လေပြီ။ သူက ထိုရာထူးနေရာနှင့် ထိုက်တန်၏။


ကျိမူက ကျိယွီရှောင်၏ ပို့စ်ကို နှိပ်ကာ မှတ်ချက်ရေးလိုက်သည်။ : [ဂုဏ်ပြုပါတယ်]


မည်သူကမှ လက်ထပ်သည့် ကိစ္စနှင့်ပတ်သတ်၍ ကပျက်ကချော် မလုပ်ကြချေ။ အထူးသဖြင့် ကလေးဘဝကတည်းက ရောင့်ရဲခြင်းအား မသင်ယူခဲ့ရသော ကျိယွီရှောင်ဖြစ်၏။ သူက ပြိုင်ပွဲမှ နှုတ်ထွက်သွားပြီဖြစ်ရာ ကျိမူ သူ၏ညီအား စိတ်ကောင်းအချို့ ပြသပေးနိုင်၏။ 


သူက ကျိယွီရှောင်အား WeChat မှ စာပို့လိုက်သည်။ : [ငါရှောင်ဟွေ့အကြောင်း ကြားပြီးပြီ … မင်းနဲ့မစ္စတာလင်းကို တောင်းပန်ပါရစေ … ငါတို့ မင်းအတွက် ဒီညလက်ဆောင်ပို့ပေးလိုက်ပါ့မယ် … မင်းရဲ့ဝမ်းကွဲအနေနဲ့ ငါကလည်း လက်ဖွဲ့ပြင်ထားတာပေါ့ … ပျော်ရွှင်ပါစေ ရှောင်ရှောင် … မင်းအနာဂတ်မှာ ပိုပြီးကောင်းမွန်လာမှာပါ]


ကျိယွီရှောင်က စာကိုကြည့်ရင်း အထင်သေးမှုအား မဖုန်းကွယ်နိုင်ခဲ့။ ဤတစ်ကြိမ်၌ ဝမ်းကွဲက သူ့ခြေထောက်များ မသန်စွမ်းဖြစ်နေသေးကြောင်း မမေ့မလျော့ သတိပေးသွား၏။ သူ၏ ဝမ်းကွဲအစ်ကိုသည် အရည်အချင်း မပြည့်ဝသော်လည်း ကျိယွီရှောင်၏ အစ်ကိုကြီးအား အမြဲလိုက်ပြိုင်နေခဲ့သည်။ 


ကျိယွီရှောင် အေးစက်စက် စာပြန်လိုက်၏။ : [အင်း]


ကျိမူက မတော်တဆမှုပြီးကတည်းက သူ၏ စိတ်မရှည်မှုများနှင့် ကျင့်သားရနေပြီဖြစ်သည်။ သူက ထိုကိစ္စအား ကျိကျန်းဟုန်ကို မည်သို့ပြောရမည်ကိုသာ စဉ်းစားနေ၏။ ကျိကျန်းဟုန် ကျိယွီရှောင်၏ ပို့စ်အား မြင်ပြီး မပြီး သူသေချာမသိချေ။ 


ဝေ့ကျွင်းဟယ် မြေအောက်ကားပါကင်တွင် ကားကိုရပ်လိုက်ပြီးနောက် ဖုန်းဖွင့်လိုက်၏။ သူက သူငယ်ချင်းဖြစ်သူ၏ စိတ်ခံစားချက်များ ရောပြွန်းနေသည့် ပို့စ်အား အရင်ဆုံးတွေ့လိုက်ရသည်။ 


ဝေ့ကျွင်းဟယ် “……”


ဝေ့ကျွင်းဟယ် ဖုန်းကိုပင် လွှင့်ပစ်တော့မတတ် ထိတ်လန့်သွားသည်။ ဒါက တကယ်ပဲ ကျိယွီရှောင်လား … အရမ်းမာနကြီးတဲ့ တတိယအစ်ကို ကျိယွီရှောင်တဲ့လား …


ဟာသပဲ … သူ့ခြေထောက်တွေ ဒဏ်ရာရသွားရင်မပြောနဲ့ … တစ်ကိုယ်လုံးသေသွားရင်တောင် ဒီလိုမျိုး သူပြောမှာမဟုတ်ဘူး … 


ဝေ့ကျွင်းဟယ် တုန်တုန်ယင်ယင်ဖြင့် ဖုန်းကိုပြန်ကောက်ကာ ဂရုတစိုက် ဖတ်ကြည့်လိုက်သည်။ 


အားလုံးက အမျိုးမျိုးတွေးကြမှာ ဖြစ်သည်။ ကျိယွီရှောင်ရဲ့လက်ထပ်မှုက သူ့အစ်ကို သေဆုံးတာနဲ့ ပတ်သတ်နေလား ဆိုပြီးတော့ပေါ့ … 


ဝေ့ကျွင်းဟယ် သက်ပြင်းချလိုက်သည်။ 


အားလုံးက ကျိယွီလင် မမျှော်လင်းပဲ သေဆုံးသွားသည်ဟု တွေးကြသော်လည်း ကျိယွီရှောင် အတွက်မူ ၎င်းသည် သာမန်မတော်တဆမှုမဟုတ်ပေ။ ကြိုတင်ကြံစည်ထားသည့် လူသတ်မှုသာဖြစ်၏။ 


ကားမောင်းသူ ကျိယွီလင်အား ပစ်မှတ်ထားခြင်း ဖြစ်သော်လည်း ကျိယွီရှောင်က ကားထဲသို့ ဝင်မိသွားသဖြင့် အတူတူကံဆိုးသွားခြင်းဖြစ်၏။ 


ထို့ကြောင့် ကျိယွီရှောင်သည် ဆေးရုံမှဆင်းလာသည်နှင့် သူ စိတ်ဓာတ်ကျနေကြောင်း ကောလဟာလများ ဖြန့်ခဲ့ခြင်းပင်။ 


ဝေ့ကျွင်းဟယ် သူဒီလောက်လုပ်မည်ဟု မထင်ထားခဲ့ရုံသာ။ 


ကျိယွီရှောင် သည် အလှဆုံးမိန်းကလေး၏ ဝန်ခံမှုကိုပင် အဖက်မလုပ်ခဲ့သူဖြစ်၏။ သူက အခြားလူအား မချစ်နိုင်ကြောင်းနှင့် သူ့နှလုံးသားကို မည်သူမှ မလုပ်ရှားနိုင်ကြောင်း ပြောခဲ့ဖူးသည်။ 


ယခုမူ သူက လက်ထပ်မှတ်ပုံတင်လုပ်ပြီးသွားလေပြီ။ သူနှင့် လင်းလော့ချင်းက ပထမတွေ့ဆုံမှုတွင် ချစ်မိခဲ့ကြပြီး ဒုတိယအကြိမ်တွင် ပို၍ချစ်မိသွားကာ တတိယအကြိမ်တွင် အတူတူရှိနေကြပြီဖြစ်၏။ ဝေ့ကျွင်းဟယ် မည်သည်ကိုမှ မယုံနိုင်ချေ။ အဖြစ်နိုင်ဆုံးမှာ ကျိယွီရှောင် သူ့ကိုယ်သူ ဖုန်းကွယ်နေခြင်းပင်။ 


သူ့ခြေထောက်များ မသန်စွမ်းဖြစ်သွားစဉ်မှစ၍ နောက်ကွယ်ရှိလူများအား သတိလက်လွတ်ဖြစ်အောင် ကြံစည်ခဲ့သည်။ အဘယ့်ကြောင့်ဆိုသော် သူက ကျိလဲ့ယွီအား စောင့်ရှောက်နေခြင်းဖြစ်ရာ သူနှင့်ကျိလဲ့ယွီတို့၏ လုံခြုံရေးအတွက် ထိုသို့စဉ်းစားခဲ့ခြင်းပင်။ 


ကျိယွီရှောင်က သူ့ကိုယ်သူ စိတ်မပူသော်လည်း ကျိလဲ့ယွီကိုမူ စိုးရိမ်၏။ ဝေ့ကျွင်းဟယ် နှင့်အခြားလူများက မတော်တဆမှုတွင် ကျိလဲ့ယွီ အသက်ရှင်ခဲ့ခြင်းအပေါ် အကြိမ်ပေါင်းများစွာ ဝမ်းသာခဲ့ရဖူးသည်။ 


အကယ်၍ ကျိလဲ့ယွီသာ မတော်တဆမှုတွင် သေဆုံးသွားပါက ကျိယွီရှောင် မည်သို့ဖြစ်သွားမည်မှန်း မည်သူမှမသိချေ။ 


ကျိလဲ့ယွီက ငယ်ရွယ်အားနည်းသော ကလေးတစ်ဦးသာဖြစ်၏။ ထို့ကြောင့် ကျိယွီရှောင်က အခြားလူများအား ဒေါသမဖောက်ခွဲနိုင်ပဲ လျစ်လျူရှုနေရခြင်းပင်။ 


သူအရင်ဆုံး ပြန်လည်ကောင်းမွန်ရန် လိုအပ်သည်။ ထိုအခါမှသာ အရာအားလုံးကို သေသေချာချာ ချင့်ချိန်နိုင်မည်ဖြစ်၏။ 


ထို့အပြင် ကျိလဲ့ယွီအား လုံခြုံနွေးထွေးမှုကို ခံစားစေရမည်။ 


သူ၏ ဒဏ်ရာများက လွယ်လွယ်နှင့် ပြန်ကောင်းနိုင်မည် မဟုတ်ချေ။ ထို့ကြောင့် ကိုယ့်ကိုယ်ကိုယ်သနားသည့်စိတ်ကို စွန့်လွှတ်လိုက်၏။ သူက ကျိလဲ့ယွီအား ယခင်အတိုင်းဂရုစိုက်ရင်း မတော်တဆမှုနောက်ကွယ်မှ တရားခံကို ဖော်ထုတ်ရမည်။ 


၎င်းသည် မတော်တဆမှုသာဖြစ်ရန်နှင့် ဝေ့ကျွင်းဟယ် မျှော်လင့်မိသည်။ လင်းလော့ချင်း ကျိယွီရှောင်အား ဆယ့်ငါးနှစ်တာ သဘောကျခဲ့သည့်အဖြစ်နှင့် ကျိယွီရှောင် ခံစားချက်အစစ်အမှန်များဖြင့် သူအားလက်ထပ်ခဲ့ခြင်းမှာ အမှန်ဖြစ်ရန်ကိုလည်း သူမျှော်လင့်မိသည်။


သူက သူ၏သူငယ်ချင်းအား ငယ်စဉ်ကတည်းက ပျော်ရွှင်စေချင်မိ၏။ အထူးသဖြင့် ဤကဲ့သို့ကံကြမ္မာဆိုးကြီးနှင့် ရင်ဆိုင်ခဲ့ရသည့် ကျိယွီရှောင်ကို ဖြစ်သည်။


....



လင်းလော့ချင်းနှင့် ကျိယွီရှောင်တို့က ဝေ့ကျွင်းဟယ်ထက်ဦးစွာ ဟိုတယ်သို့ ရောက်နှင့်နေကြသည်။ ဝေ့ကျွင်းဟယ်ရောက်လာပြီးနောက် ကျွမ်းရွယ် ရောက်လာ၏။ သူက တံခါးဝသို့ ဝင်ဝင်ချင်း လင်းလော့ချင်း နှင့် ကျိယွီရှောင်ကို ကြည့်လိုက်သည်။.


 “တကယ်လက်ထပ်လိုက်တာလား …” 


“မဟုတ်ရင် … ” ကျိယွီရှောင်၏ အမူအရာက သာမန်သာဖြစ်၏။ “ငါ့ရဲ့ လက်ထပ်မှတ်ပုံတင်က ဓာတ်ပုံပြင်ထားတယ် ထင်တာလား … ”


“အရမ်းမြန်လွန်းတယ်လေ … ငါတို့ ဆုံခဲ့ကြတာမှ ဘယ်လောက်မှမကြာသေးဘူး ...”


ကျိယွီရှောင် ပြုံးလိုက်သည်။ “အားကျနေတာမဟုတ်လား … ”


ကျွမ်းရွယ် “……” အားကျတာလည်း ပါတာပေါ့။ 


“ဒါဖြင့် ဘယ်တော့ လက်ထပ်ပွဲကျင်းပမှာလဲ … ”


ကျွမ်းရွယ် မေးလိုက်သည်။ 



ချီယင်းကျဲနှင့် ဝေ့ကျွင်းဟယ်က ထိုစကားများကြောင့် ကျိယွီရှောင်အား ကြည့်လိုက်သည်။ 


အကြောင်းရင်းတစ်ချို့ကြောင့် ကျိယွီရှောင်က လင်းလော့ချင်းအား ကြည့်လိုက်၏။ 


အခြားလူများ၏ အကြည့်သည်လည်း လင်းလော့ချင်းထံ ကျရောက်လာသည်။ လင်းလော့ချင်းက လူလေးဦး၏ အကြည့်များကို ခံစားမိလိုက်ပြီး ခဏတုံ့ဆိုင်းသွား၏။ ထို့နောက် သူက ပြောလိုက်သည်။ 


“ခုတော့ မင်္ဂလာပွဲကို ဆိုင်းငံ့ထားဦးမှာ … ” 


သူက ပြုံးလျှက်ဆိုသည်။ 


“ကျွန်တော်က အနာဂတ်မှာ ဆက်ပြီး သရုပ်ဆောင်ဦးမှာလေ … လူတွေကျွန်တော့်ကို တွေ့ရင် ကျွန်တော့်ရဲ့အလုပ်အကြောင်းကိုပဲ အရင်တွေးစေချင်တယ် … ကျိယွီရှောင်နဲ့ လက်ထပ်ထားတဲ့လူဆိုပြီး မဟုတ်ပဲနဲ့ပေါ့ … ”


ကျွမ်းရွယ်က ထိုသို့သော အဖြေကို မမျှေိာ်လင့်ထားခဲ့ချေ။ အဆုံးသတ်တွင် သူက ကျိယွီရှောင်အား ဆယ့်ငါးနှစ်တာ သဘောကျခဲ့သူဖြစ်၏။ လက်ထပ်ရန် အလျင်မလိုခြင်းက မဖြစ်နိုင်ချေ။ 


သူက ကျိယွီရှောင်ကို ကြည့်လိုက်သည်။ “မင်းလည်း အလျင်မလိုဘူးလား … ”


ကျိယွီရှောင်က လင်းလော့ချင်း ထိုသို့ ပြောလာမည်ဟု မမျှော်လင့်ထားခဲ့။ ကျိဟွေ့သာ ထိုကိစ္စကိုကြားပါက လင်းလော့ချင်းသည် အနာဂတ်တွင် ကျိယွီရှောင်အား ထားသွားလိမ့်မည်ဟု အတပ်ပြောပေလိမ့်မည်။ 


ကျိယွီရှောင် ရုတ်တရက် နောင်တရလာ၏။ ဘာလို့ ကျိဟွေ့ကဒီမှာမရှိရတာလဲ … 


သူက လင်းလော့ချင်းကိုကြည့်ကာ ပြုံးလိုက်၏။


 “မင်းတကယ်ပဲ အလျင်မလိုဘူးလား … ”


ကျိယွီရှောင်၏ အမူအရာမှတဆင့် သူ့ကိုစနေခြင်းဖြစ်ကြောင်း လင်းလော့ချင်း သိလိုက်၏။


ဒါက သူဆုံးဖြတ်ထားတဲ့ ကိစ္စပါနော် … သူတို့လက်မထပ်ခင်ကတည်းက ကျိယွီရှောင်က သူ့ရဲ့လက်ရှိအခြေအနေကြောင့် လက်ထပ်ပွဲမလုပ်ချင်သေးဘူးလို့ ပြောခဲ့တာလေ … အဲဒါကြောင့် လင်းလော့ချင်း  အလျင်လိုနေရင်တောင် အသုံးမှမဝင်တာ … 


လင်းလော့ချင်း ပြုံးလိုက်၏။ “မင်းနဲ့ရှိနေရင်ရပြီ …. ဘာပဲဖြစ်ဖြစ် ငါတို့က မှတ်ပုံတင်ရှိပြီးသားလေ … လက်ထပ်ပွဲနှောင့်နှေးတာက ကိစ္စမရှိပါဘူး ...”


ကျိယွီရှောင် ခေါင်းညှိတ်လိုက်၏။ “ငါတကယ့်ကို ခံစားရတယ် …”


ထို့နောက် အားလုံးကို ကြည့်လိုက်သည်။ “မင်းတို့ရော ခံစားရလား … ”


အားလုံး “……”


ဘာလို့ ဒါကထပ်ပြီးစလာပြန်တာလဲ …


ဘယ်လိုတောင် ခံစားနေတဲ့စက်ကြီးလဲ … 


ဝေ့ကျွင်းဟယ် သူ့နဖူးသူ အုပ်ကိုင်လိုက်သည်။ “ငါအရမ်းခံစားသွားရပြီ … လှပတဲ့ အချစ်လေးမို့လို့ ဝင်မနှောင့်ယှက်တော့ဘူးနော် … ငါအရင်ပြန်တော့မယ် … ”


ကျွမ်းရွယ်က ပြောသည်။ “ငါရောပဲ … ”


ချီယင်းကျဲ : “ငါရော…”


ကျိယွီရှောင်ကျေနပ်သွားပြီး တစ်ချိန်ထဲမှာပင် နောင်တရသွား၏။ ကျိဟွေ့သာ ဤနေရာ၌ ရှိနေပါက သူမကိုလည်း ‘မင်းခံစားမိလား’ ဟူ၍ မေးနိုင်မှာပင်။ အား … နှမြောစရာပဲ … 


သူတို့က အစားကိုလျင်မြန်စွာ အဆုံးသတ်လိုက်ကြ၏။ လင်းလော့ချင်းနှင့် ကျိယွီရှောင်က ကားထံပြန်လာကြသည်။ ဝေ့ကျွင်းဟယ်က ကျိယွီရှောင်အား WeChat မှမေးလိုက်၏။ [လက်ထပ်ပွဲက မင်းအစ်ကိုရဲ့မတော်တဆမှုနဲ့ ဆက်စပ်နေလား … ]


ကျိယွီရှောင် စာပြန်လိုက်သည်။: [မင်းပြောချင်တာက … ]


ဝေ့ကျွင်းဟယ်က သိချင်ရုံသာဖြစ်သည်။ [လင်းလော့ချင်း သိလား …]


ကျိယွီရှောင် သူ့ဘေးရှိ လင်းလော့ချင်းကို ကြည့်လိုက်သည်။ ထိုသူ၏ မျက်နှာပေါ်တွင် အပြုံးဖျော့ဖျော့ရှိနေ၏။ သူက ကျိယွီရှောင်ကို ကြည့်ကာ မျက်တောင်ခတ်လိုက်သည်။ “ဘာဖြစ်လို့လဲ …”


‘သူ မသိဘူး ’ ကျိယွီရှောင် တစ်ဦးထဲတွေးလိုက်သည်။ ‘သူဘာမှမသိဘူး ...’


[မင်းသူ့ကို မပြောတာကောင်းမယ်...]


ဝေ့ကျွင်းဟယ်က ပြန်စာမလာသဖြင့် စာထပ်ပို့လိုက်၏။ [သူမင်းကို တကယ်သဘောကျတာလို့ ငါထင်တယ် … ဒါ့ကြောင့် မင်းသူ့ကို ပြန်သဘောကျရင်လည်း မဆိုးပါဘူး … သူ့ကို စိတ်မပျက်စေနဲ့]


ကျိယွီရှောင် ထိုစာကိုဖတ်ပြီးနောက် ဖုန်းကို အဝေးတွင်ထားလိုက်သည်။ 


လင်းလော့ချင်း သူ့အား အမှန်တကယ် သဘောကျပါက သူလင်းလော့ချင်းကို စိတ်ပျက်စေမည် မဟုတ်ပေ။ ဒါပေမယ့် လင်းလော့ချင်းက သူ့ကို တကယ်ကြိုက်လို့လား...


သူလည်းထိုအရာကိုမသိ။ 


သို့သော် ကိစ္စမရှိပေ။ သူက ဤလက်ထပ်ပွဲကြောင့် လင်းလော့ချင်းအား နစ်နာစေမည်မဟုတ်။


လင်းလော့ချင်းသည် သူ့အတွက် ကောင်းကင်ဘုံမှလက်ဆောင် ဖြစ်သောကြောင့် လင်းလော့ချင်း၊ ကျိလဲ့ယွီအား အန္တာရာယ်မပေးသရွေ့ သူ့အတွက် အကောင်းဆုံးအရာများကိုသာ ဖန်တီးပေးလို၏။ 


သူတို့နှစ်ဦးက အိမ်သို့ အတူတူပြန်လာကြသည်။ ကျိယွီရှောင်အံဆွဲကို ဖွင့်လိုက်ပြီး သူနှင့် လင်းလော့ချင်း၏ လက်ထပ်မှတ်ပုံတင်များကို သိမ်းလိုက်၏။ 


လင်းလော့ချင်း စိတ်ကောင်းဝင်နေသဖြင့် ကျိယွီရှောင်အား မသိမသာ ကပ်တွယ်နေမိသည်။ သူက ကျိယွီရှောင် စာကြည့်ခန်းသို့ သွားသည်ကို မြင်ချိန်၌ သူနှင့်အတူ လိုက်ပါသွား၏။ 


“ငါမင်းနဲ့တူတူ စာဖတ်လို့ရလား … ” လင်းလော့ချင်း သူ့ကိုမေးလိုက်သည်။ 


ကျိယွီရှောင် ခေါင်းညှိတ်လိုက်၏။ “ဒါပေါ့ … မင်းအိမ်ထဲက အခန်းအားလုံး သုံးလို့ရတယ် … ” 


လင်းလော့ချင်း၏ စိတ်အခြေအနေက ပို၍ပင်ကောင်းမွန်လာသည်။ 


ကျိယွီရှောင် သူ့အပြုံးကို တွေ့လိုက်ရသဖြင့် မေးလိုက်၏။ “လက်ထပ်မှတ်ပုံတင်ရလို့ ပျော်နေတာလား … ” 


“မဟုတ်ပါဘူး … ”


“မင်းနေ့တစ်ဝက်လုံးပြုံးနေတာပဲ … ” 


“မင်းလည်းငိုနေတာမှ မဟုတ်တာ … ” လင်းလော့ချင်း ပြန်ဖြေလိုက်၏။


ကျိယွီရှောင် ခေါင်းညှိတ်လိုက်သည်။ “မင်းဆယ့်ငါးနှစ်လောက် သဘောကျခဲ့ရတဲ့လူကို လက်ထပ်ရတာဆိုတော့ နေ့တစ်ဝက်လုံး ပြုံးနေတာ ဖြစ်သင့်ပါတယ်လေ … ငါသာဆို နှစ်ဝက်လောက်ပြုံးနေမိမှာပဲ … ” 


လင်းလော့ချင်း “……” 


လင်းလော့ချင်း၏ နှုတ်ခမ်းထောင့်များ တစ်တန်းထဲဖြစ်သွားသည်။ “ဟမ် ...” 


ကျိယွီရှောင်က ခပ်ဖွဖွရယ်ကာ အလုပ်ဆက်လုပ်နေ၏။ .


သူ နေ့တိုင်းအလုပ်များနေသဖြင့် လင်းလော့ချင်းက ထူးဆန်းသည်ဟု ခံစားလိုက်ရသည်။ “မင်းနှုတ်ထွက်ပြီးပြီမဟုတ်လား … ” 


ကျိယွီရှောင်က စာရွက်စာတမ်းတစ်ခုကို ဖွင့်လိုက်၏။ “အဲဒီ့တော့ … ” 


“မင်းနေ့တိုင်း အလုပ်များနေတယ်လို့ ငါဘာလို့ ခံစားနေရပါလိမ့် … ”


ကျိယွီရှောင်သူ့ကိုကြည့်ကာ သက်ပြင်းချလိုက်သည်။ လင်းလော့ချင်း “…”


“ငါမှားလို့လား … ”


“မမှားပါဘူး … ” 


“ဒါဖြင့် ဘာလို့လဲ … ” လင်းလော့ချင်း သူ့ထံချဉ်းကပ်လိုက်သည်။ “ငါတို့စတွေ့ကတည်းက မင်းအရမ်းပင်ပန်းတယ်လို့ ပြောတယ်လေ … မင်းမှာတခြားအလုပ်ရှိသေးတာလား … ” 


“ငါက ဘာလို့မရှိရမှာလဲ … ” ကျိယွီရှောင် အမှတ်တမဲ့မေးလိုက်၏။ 


လင်းလော့ချင်း “…” 


“တကယ်ကြီး တခြားအလုပ်ရှိတာလား … ” 


“ငါဘာမှမလုပ်ပဲ နေလို့မရဘူးလေ … ဘာဝင်ငွေမှမရှိပဲ မင်းကိုဘယ်လိုလုပ်ပြီး ထောက်ပံ့နိုင်မှာလဲ … ” ကျိယွီရှောင်မေးထောက်ကာ ဆို၏။ 


လင်းလော့ချင်း “……” သူ ဒီလူ့မှာ တကယ်ဝင်ငွေမရှိဘူးလို့ ထင်ခဲ့တာ … 


ဒါက ကျိယွီရှောင်ရဲ့ ပိုင်ဆိုင်မှုနဲ့တွက်ကြည့်ရင် မဖြစ်နိုင်တာမှမဟုတ်ပဲ …


“မင်းက အရမ်းတော်တာပဲ … ” လင်းလော့ချင်းရိုးသားစွာ ပြောလိုက်၏။ 


ကျိယွီရှောင် ပြုံးလိုက်သည်။ “ငါမတော်ရင် မင်းကို ဘယ်လိုလုပ် ထောက်ပံ့နိုင်မှာလဲ … မင်းက သရုပ်ဆောင်ရင်း ကျော်ကြားလာပြီး ငါက ဆင်းရဲအသုံးမကျလို့ ဆိုတဲ့အပြစ်ကြောင့် တခြားလူနဲ့ ထွက်ပြေးသွားရင်ရော … ငါကအရမ်းသနားစရာကောင်းသွားမှာလေ … နှစ်ခါရှုံးသလို ဖြစ်သွားမှာပေါ့ …” 


လင်းလော့ချင်း ရယ်လိုက်သည်။ “မဖြစ်နိုင်တာ … ငါကအဲဒီ့လိုလူလို့ တကယ်ကြီးထင်နေတာလား … ”


ကျိယွီရှောင် သက်ပြင်းချလိုက်သည်။ “ခင်ပွန်းက အလုပ်မလုပ်ရင် ဇနီးက စိတ်ဆိုးလိမ့်မယ် .. မင်းတစ်ဘဝလုံး စိတ်မဆိုးဖို့ ငါက ကြိုးကြိုးစားစားအလုပ်လုပ်ရမှာပေါ့ ...”


လင်းလော့ချင်း၏ နားရွက်များ ပူထူလာ၏။ 


“ငါ့အတွက် သူများက အလုပ်ကြိုးစားပေးစရာ မလိုပါဘူး … ငါ့ဟာငါ အလုပ်ကြိုးစားနိုင်ပါတယ် … ”


“ငါက တခြားတစ်ယောက်လား … ” ကျိယွီရှောင် သူ့ကိုကြည့်လိုက်သည်။ “ငါတို့က လက်ထပ်မှတ်ပုံတင်တောင် လုပ်ပြီးပြီကို … ”


လင်းလော့ချင်း ပြုံးလိုက်မိ၏။ “အဲဒီ့လိုဆိုရင်တောင် ငါ့အတွက်ငါ အလုပ်ကြိုးစားနိုင်တုန်းပဲ … ” 


“ငါမင်းကို ယုံတယ် … ” ကျိယွီရှောင် ပြုံးလိုက်သည်။ 


လင်းလော့ချင်း၏ မျက်နှာက နေလောင်သကဲ့သို့ ပူလာ၏။ သူက အမြန်အကြည့်လွှဲကာ ဆင်ခြေပေးလိုက်သည်။ “ငါ … စာအုပ်သွားရှာလိုက်ဦးမယ် …”


“ဟုတ်ပြီ … ” ကျိယွီရှောင်က ဆို၏။


လင်းလော့ချင်း စာအုပ်စင်ကို မွှေနှောက်ရင်း တစ်စုံတစ်ခုကို သတိရသွား၏။ “တခြားလူတွေကို မင်းအလုပ်အကြောင်း ပေးမသိရဘူးမဟုတ်လား … ”


ကျိယွီရှောင် ခေါင်းညှိတ်လိုက်သည်။ “ငါ့မိသားစုက မသိဘူး … ချီယင်းကျဲနဲ့ တခြားလူတွေကတော့ သိတယ် … ”


လင်းလော့ချင်း နားလည်သွား၏။ “ငါအဲဒါကို လျှို့ဝှက်ထားပေးမယ် … ”


“ကောင်းပြီ … ”


ထိုအချိန်မှာပင် သူ့ဖုန်းကမြည်လာသည်။ 


ကျိယွီရှောင် ဖုန်းကိုင်လိုက်ချိန်တွင် ကျိကျန်းဟုန်၏ ဒေါသတကြီးအသံထွက်ပေါ်လာ၏။ “မင်းတကယ်ပဲ အဲဒီ့သရုပ်ဆောင်ကို လက်ထပ်လိုက်တယ်ပေါ့ … ” 


အသံက အလွန်ကျယ်သဖြင့် စာအုပ်စင်နားရှိ လင်းလော့ချင်းပင် ကြားနိုင်၏။ 


ကျိယွီရှောင်က တည်ငြိမ်နေသည်။ “ကျွန်တော် အဖေ့ကို ပြောခဲ့သားပဲ … ”


“ငါမှ သဘောမတူတာ … ”


“ကျွန်တော်လည်း အဖေ့အမြင်ကို မမေးခဲ့ပါဘူး … ” ကျိယွီရှောင် ဂရုမစိုက်ချေ။ 


ကျိကျန်းဟုန် ပို၍ ဒေါသထွက်သွားသည်။ “မင်းအစ်ကိုသာ ဒါကိုမြင်ရင် ပျော်မယ်လို့ထင်လား …”


ကျိယွီရှောင် နှာခေါင်းရှုံ့လိုက်၏။ “အကယ်၍ ကျွန်တော့်အစ်ကိုသာ ဒီမှာရှိရင် … အဖေ သူ့ကို အသက်ရှင်ခွင့်ပေးမှာမို့လို့လား … ”


ကျိကျန်းဟုန် တိတ်ကျသွား၏။ 


“ကျွန်တော့် အစ်ကို သေသွားပြီမှန်း အဖေသိသားပဲ … သူ့အကြောင်း ကျွန်တော့်ရှေ့မှာ လာမပြောပါနဲ့ … ကျွန်တော့်ကို အဖေအများကြီး ပြောခဲ့ပြီးပြီ … အဖေ ကျွန်တော့်အစ်ကို သေသွားရင်ဆိုပြီး ကျွန်တော့်ကို ထပ်ခါထပ်ခါ ပြောခဲ့တယ် …နောက်တော့ ကျွန်တော့်အစ်ကိုက ကျွန်တော့်ရှေ့မှာ တကယ်ပဲသေသွားခဲ့တယ်လေ …” 


ကျိယွီရှောင် ဖုန်းချလိုက်သည်။ 


လင်းလော့ချင်း သူ့ကိုကြည့်ရင်း ရှုပ်ထွေးသွား၏။

သူက စာအုပ်ကိုချကာ စားပွဲထံချဉ်းကပ်လာပြီး ကျိယွီရှောင်အား နှစ်သိမ့်ပေးချင်ခဲ့၏။ သို့သော် သူ စကားမစီရသေးခင်မှာပင် ကျိယွီရှောင်က သူ့ကိုကြည့်ကာ တည်ငြိမ်စွာမေးလိုက်သည်။


 “မင်းစာအုပ်ရှာမလို့ဆို … ဘာလို့ဒီကိုပြန်လာတာလဲ … ” 


သူက ရယ်လိုက်ရင်း လင်းလော့ချင်း၏ မေးဖျားကို ကိုင်လိုက်၏။ “ဇနီးလေး … မင်းကအကြာကြီး ရွေးနေတာပဲ … ငါပိုခန့်လာတယ်လို့ မင်းထင်လို့လား … စာလုပ်ရင် အောင်မြင်မှုတွေရလာမှာ ဆိုပေမယ့် မင်းဆယ့်ငါးနှစ်လောက် သဘောကျရတဲ့ နတ်ဘုရားနဲ့တော့ မယှဉ်နိုင်ဘူးပေါ့လေ … ဟုတ်လား …” 


လင်းလော့ချင်း , “………”



စာရေးသူမှာ ပြောစရာရှိပါတယ် … 


ဉက္ကဌကျိ အိမ်ပြန်ရောက်တဲ့နောက် ကွန်ပြူတာကိုဖွင့်ပြီး QQ မှာခေတ်စားနေတဲ့ အသုံးအနှုန်းတွေကို ရှာပါတော့တယ် … 


ဉက္ကဌကျိ : ဝိုး … ငါဒါကိုချရေးထားရမယ် … 


လော့ချင်း : …….