အပိုင်း ၃၆
Viewers 28k

Chapter 36




လင်းလော့ချင်း စာအုပ်စင်ထံသို့ ပြန်လျှောက်သွား၏။


သူက ကန်းနေ၍သာ ကျိယွီရှောင် သူ၏ နှစ်သိမ့်မှုလိုအပ်မည်ဟု ခံစားမိခဲ့ခြင်းဖြစ်သည်။ 


သူက ဒီလောက်မျက်နှာပြောင်တိုက်တာ … ဘယ်လိုလုပ်ပြီး နှစ်သိမ့်ဖို့လိုမှာလဲ … 


စာရေးသူကျေးဇူးနဲ့ သူ ကျိယွီရှောင် မသက်မသာခံစားနေရမယ်လို့ ထင်ခဲ့တာ … 


လူလိမ် … 


လူလိမ်ကြီး … 


ကျိယွီရှောင်က သူထွက်ခွာသွားသည်ကို ကြည့်ရင်း ပြုံးလိုက်သည်။ 


သူက လင်းလော့ချင်းအား စနောက်ရသည်ကို အလွန်သဘောကျ၏။ အကယ်၍ သူသာ လင်းလော့ချင်းကို မစနောက်ရပါက ဤကဲ့သို့ တောင့်ခံနိုင်မည်မဟုတ်ပေ။ 


“မင်းရှက်သွားတာလား … ” သူက မေးလိုက်သည်။ 


“ဟမ် … ”


“ဒါက မင်းရဲ့နတ်ဘုရားကို ဆက်ဆံတဲ့ပုံစံပေါ့လေ … မင်းအရင်ကတော့ ငါ့ကိုချစ်လှပါချည်ရဲ့ဆို … အခု နတ်ဘုရားနဲ့လက်ထပ်လည်းပြီးရော မင်းက ဟမ် ပဲပြန်ပြောတော့တယ်ပေါ့ … ဒါက လူကြီးတွေပြောတဲ့ ရပြီးရင် တန်ဖိုးမထားတော့ဘူး ဆိုတာလား … ”


လင်းလော့ချင်း “……”


လင်းလော့ချင်း အပြုံးတုပြုံးပြလိုက်သည်။ 


ကျိယွီရှောင် သူ့ကိုထပ်မေးရန် ပြင်လိုက်ချိန်တွင် သူ၏ဖခင်ထံမှ ဖုန်းဝင်လာ၏။ 


“ပြောပါ … ” ကျိယွီရှောင်က အမူအရာမဲ့လျှက်ရှိသည်။ 


ကျိကျန်းဟုန် စိတ်လျှော့လိုက်ပုံရ၏။ သူက တည်ငြိမ်စွာဆိုသည်။ “ရက်အနည်းငယ်အတွင်း အိမ်ကိုလာခဲ့ … ”


“ဘာအတွက်လဲ … ”


“တစ်ချို့ကိစ္စတွေ ဆွေးနွေးတဲ့နေရာမှာ မင်းမရှိလို့မရဘူး …”


“ဘာကိစ္စလဲ .. ”  


ကျိကျန်းဟုန် ခဏမျှတိတ်သွားကာ ရှင်းပြလိုက်သည်။ “ငါမင်းအတွက် အထွေထွေမန်နေဂျာ ရာထူးကို ချန်ထားပေးတာ … အခုနှစ်လရှိသွားပြီ … မင်းလည်း ကုမ္မဏီကို မလာသေးဘူးဆိုတော့ အဲဒီ့ရာထူးအတွက် သင့်တော်တဲ့ ဝန်ထမ်းကို ရွေးရတော့မယ် ...”


ကျိယွီရှောင်၏ မျက်လုံးများ မှောင်မိုက်သွားသည်။ “ကောင်းပြီလေ … ” သူက ပြန်ဖြေလိုက်၏။ 


“ရှောင်ယွီ့ကိုလည်း ခေါ်ခဲ့ပါ …” ကျိကျန်းဟုန် ဆက်ပြောလိုက်၏။ “ငါသူ့ကို သတိရတယ် … သူနဲ့မတွေ့ရတာကြာပြီ ...”


“အင်း … ”


“ဒါဆိုနားတော့ … ” ကျိကျန်းဟုန်က ဖုန်းချသွား၏။ 


ကျိယွီရှောင်က ဖုန်းကို အတန်ကြာ ကြည့်နေပြီးနောက် ဘေးသို့ ချထားလိုက်သည်။ 


“ငါမင်းနဲ့အတူ လိုက်ခဲ့ပေးရမလား … ” လင်းလော့ချင်းက ကျိယွီရှောင်၏ တည်ငြိမ်သော မျက်နှာကြောင့် စိုးရိမ်စွာ မေးလိုက်သည်။ 


ကျိယွီရှောင်၏ အမူအရာက ချက်ချင်းပြောင်းလဲသွား၏။ သူ့မျက်နှာထက်တွင် ရင်းနှီးနေသော အပြုံးတစ်ခု ပေါ်ပေါက်လာသည်။


 “ဒါပေါ့ … မင်းက ငါ့ကို ရှောင်ယွီနဲ့နှစ်ယောက်ထဲ သွားစေချင်တာလား .. ”


“အိုး … ” လင်းလော့ချင်း ခေါင်းညှိတ်လိုက်သည်။


 “ဒါဆို ငါဖေးဖေးကိုလည်း ခေါ်ခဲ့မယ် … မင်းအဖေက ဖေးဖေးကို မတွေ့ဖူးသေးဘူး မဟုတ်လား ...”


“ငါတို့ အလျင်မလိုသင့်ဘူး … ဒီတစ်ခါ လူတွေပိုများလိမ့်မယ် … ပြီးတော့ မင်း ငါ့အဖေကို တွေ့ဖူးသားပဲ… သူက အပြောမတတ်ဘူးလေ … သူက ဖေးဖေးရှေ့မှာ တစ်ခုခုပြောလိုက်ရင်ရော …နောက်တစ်ခါမှ ခေါ်သွားရအောင် … ငါသူ့ကို ပြောထားလိုက်မယ် …” 


“ဒါပေမယ့် ငါတို့သုံးယောက်သွားပြီး သူ့ကိုအိမ်မှာချန်ခဲ့တာက ပိုဆိုးမှာပေါ့ … ” လင်းလော့ချင်း သူ့ကိုကြည့်လိုက်၏။


 “ငါတို့ကပဲ မိသားစုဖြစ်ပြီး သူက အပြင်လူလို့ ခံစားသွားရလိမ့်မယ် … ”


ကျိယွီရှောင် ထိုသို့ မတွေးခဲ့မိချေ။ ထိုနေရာတွင် လူများစွာ ရှိနေသည့်အလျောက် တစ်စုံတစ်ယောက်က လင်းဖေးအား စိတ်ထိခိုက်စေမည်ကို စိုးရိမ်ခဲ့ခြင်းဖြစ်၏။ သို့သော် လင်းလော့ချင်း စကားကိုကြားချိန်တွင် သူပြောသည်မှာ မှန်သည်ဟု ခံစားမိလိုက်သည်။ 


သူတို့က မိသားစုဖြစ်၏။ သူ၊ လင်းလော့ချင်းနှင့် ကျိလဲ့ယွီက အပြင်သွားချိန်တွင် လင်းဖေးတစ်ဦးတည်း အိမ်တွင် ကျန်ရစ်စေခဲ့ခြင်းမှာ အဓိပ္ပာယ်မရှိပေ။ လင်းဖေးအတွက် တွေးပေးခဲ့ခြင်း ဖြစ်စေကာမူ ရလဒ်က အဆိုးသာပိုများပေလိမ့်မည်။ 


“ငါ လျစ်လျူရှုရာကျသွားတယ် … ” ကျိယွီရှောင် ပွင့်ပွင့်လင်းလင်းပြောလိုက်၏။


 “အဲဒီ့မှာ ပါးစပ်တွေအများကြီးရှိနိုင်တာကြောင့် လင်းဖေး စိတ်ထိခိုက်အောင် တစ်ယောက်ယောက်လုပ်လိုက်မှာကို စိုးရိမ်သွားခဲ့တာ … သူတစ်ယောက်ထဲ အိမ်မှာကျန်ခဲ့ရရင် ဝမ်းနည်းလိမ့်မယ်လို့ မတွေးခဲ့မိဘူး … ငါ အဖေ့ကိုပြောလိုက်မယ် … သူ့ကိုလည်း ဂရုစိုက်လိုက်ပါ့မယ် … ”


“ကောင်းပြီလေ … ” လင်းလော့ချင်း ခေါင်းညှိတ်လိုက်၏။ 


သူနာရီကြည့်လိုက်ချိန်တွင် လင်းဖေး ကျောင်းဆင်းရန် တစ်နာရီခန့်လိုသေးကြောင်း တွေ့လိုက်ရသည်။ 


လင်းလော့ချင်းက စာအုပ်တစ်အုပ်ကိုယူကာ စာကြည့်ခန်းထဲတွင် ထိုင်ဖတ်နေလိုက်၏။ လင်းဖေးအား ကျောင်းကြိုရန် နှိုးစက်မြည်လာသောအခါ သူက မတ်တပ်ရပ်လိုက်၏။


 “ငါဖေးဖေးကို သွားခေါ်လိုက်ဦးမယ် …”


“သွားလေ … ” ကျိယွီရှောင် အပြုံးဖြင့်ပြောလိုက်၏။ 


လင်းလော့ချင်း သူ့ကိုကြည့်ကာ ညှင်သာစွာဆိုသည်။ “ဒီနေ့ ငါ ဖေးဖေးတစ်ယောက်ထဲကို ကြိုတာ နောက်ဆုံးပဲ … မနက်ဖြန်ကစပြီး ငါရှောင်ယွီနဲ့အတူ ဖေးဖေးကို ကြိုမှာ …”


ကျိယွီရှောင်က သူ့အား သံသယအပြည့်ဖြင့် ကြည့်လိုက်သည်။ 


လင်းလော့ချင်း ပြုံးလျှက် ချိုသာစွာရှင်းပြလိုက်၏။ “ငါတို့က လက်ထပ်ပြီးသွားပြီလေ … ငါက ရှောင်ယွီ့ရဲ့ပါပါးဆိုလည်း ဟုတ်တယ် … ဖေးဖေးတစ်ယောက်ထဲ သွားကြိုပေးတာက ရှောင်ယွီ့အတွက် မတရားဘူး … ”


ကျိယွီရှောင်က လင်းလော့ချင်း ဖခင်နေရာအား လျင်မြန်စွာ အသားကျသွားမည်ဟု မမျှော်လင့်ခဲ့ချေ။ သူက ရယ်လိုက်၏။ 


“မျှတစရာမလိုပါဘူး … မင်းက ဖေးဖေးရဲ့ ရှုရှုပဲလေ … သူ့ကိုပိုချစ်တာ သဘာဝကျပါတယ် …”


“ငါသူ့ကို ပိုချစ်နိုင်ပေမယ့် အလိုလိုက်လို့တော့ မရဘူး … မဟုတ်ရင် ငါတို့က သက်သက်စီဖြစ်နေကြမှာပေါ့ … ငါက ဖေးဖေးအတွက် တာဝန်ရှိပြီး မင်းက ရှောင်ယွီံအတွက် တာဝန်ရှိတာမျိုးလေ … ဒီမိသားစုမှာ လူကြီးနှစ်ယောက်ရှိတာပဲ … ကလေးနှစ်ယောက်လုံးက လူကြီးနှစ်ယောက်လုံးရဲ့အချစ်ကို ခံစားရသင့်တယ် … ဒီလိုမှ တခြားကလေးတွေလိုမျိုး မိဘနှစ်ယောက်ရဲ့ မတူတဲ့အချစ်ကို ခံစားရလိမ့်မှာပေါ့ … ”


“အကယ်၍ ငါတို့က အမျိုးသားနဲ့ အမျိုးသမီးသာဆိုရင် သာမန်မိသားစုတွေလိုပဲ အဖေနဲ့အမေ ဖြစ်ပေးနိုင်တယ် … ရှောင်ယွီနဲ့ ဖေးဖေးလည်း မိခင်နဲ့ဖခင်အချစ်ကို ခံစားရမှာပဲ … ဒါပေမယ့် ငါတို့နှစ်ယောက်လုံးက အမျိုးသားတွေလေ … ငါတို့ သူတို့ကို မတူညီတဲ့ ဖခင်အချစ်ပဲ ပေးနိုင်မှာ … ငါက မင်းရဲ့ဆွေမျိုး မဟုတ်လည်း ဒါက ဖြစ်သင့်တဲ့ကိစ္စပဲ … မဟုတ်ရင် ကလေးတွေအပေါ် တာဝန်မဲ့ရာကျလိမ့်မယ် …” 


“ငါတို့က လက်ထပ်ပြီးပြီ … သူ ငါ့ကို ပါပါးလို့ ခေါ်တယ် … ဒါ့ကြောင့် ငါသူ့အပေါ်မှာ တာဝန်ရှိတယ် … ”


ကျိယွီရှောင်သည် လက်မထပ်ခင်က လင်းလော့ချင်းက ကျိလဲ့ယွီအပေါ် မကြင်နာမည်ကို စိုးရိမ်ခဲ့ရသည်။ 


လက်ရှိသူ့အတွက် ကျိလဲ့ယွီသည် တန်ဖိုးထားရဆုံး တည်ရှိမှုဖြစ်ပြီး ကျိလဲ့ယွီ လုံခြုံပျော်ရွှင်စွာ ကြီးပြင်းရန်က အရေးအကြီးဆုံးအချက်ဖြစ်၏။ သူက လင်းလော့ချင်း၏ အခြားကိစ္စများကို ဂရုမစိုက်ချေ။ လင်းလော့ချင်း ကျိလဲ့ယွီအား ကြင်နာစွာ ဆက်ဆံရန်ကိုသာ မျှော်လင့်ခဲ့၏။ 


၎င်းက သူနှင့် လင်းလော့ချင်း သဘောတူခဲ့သော အချက်များအနက် တစ်ခုဖြစ်သည်။ 


ယခု လင်းလော့ချင်း၏ စကားများကို ကြားချိန်၌ သူစိုးရိမ်ရန် မလိုအပ်ကြောင်း သိလိုက်ရ၏။ 


လင်းလော့ချင်းအဘယ့်ကြောင့် စုံစမ်းထားသည့် အချက်များနှင့် မတူညီကြောင်း သူ မသိ။ သို့သော် အလွန်ပျော်ရွှင်မိသည်။ လင်းလော့ချင်း သူ့ရှေ့တွင် ပေါ်ထွက်လာပြီး သူနှင့်လက်ထပ်ပေးခဲ့ခြင်းအတွက် ကျိယွီရှောင် အလွန်ပျော်ရွှင်မိ၏။ 


သူ့လုပ်ရပ်တိုင်း သူ့အတွေးတိုင်းက ကျိယွီရှောင် မျှော်မှန်းထားသည်ထက် သာလွန်လျှက်ရှိသည်။ 


လင်းလော့ချင်းသည် သူခံစားရသည်များအတွက် ကောင်းကင်ဘုံမှ ပြန်လည်ပေးအပ်လိုက်သော လက်ဆောင်ကလေးဖြစ်၏။ 


ဘယ်လိုလုပ်ပြီး တခြားလူတွေက လင်းလော့ချင်းကို သာမန်လို့တွေးနိုင်ရတာလဲ … 


လင်းလော့ချင်း သူ့မျက်စိရှေ့၌ ရှိနေခြင်းကပင် သူ့အား စိတ်သက်သာရာရစေသည်။ 


ကျိယွီရှောင်က ဝှီးချဲကို လက်ဖြင့် ကိုယ်တိုင်တွန်းကာ သူ့ထံသို့ သွားလိုက်သည်။ 


လင်းလော့ချင်းက ကျိယွီရှောင် ရောက်လာသည်အား သံသယအပြည့်ဖြင့် ကြည့်နေမိ၏။


 “ဘာဖြစ်လို့လဲ … ”


ကျိယွီရှောင်က သူ့အနားလာရန် လက်ဟန်ပြလိုက်၏။ 


လင်းလော့ချင်းက ထွေထွေထူးထူးမတွေးပဲ ကိုယ်ကို ကိုင်းလိုက်၏။ 


သူအနားကပ်လိုက်သည်နှင့် ကျိယွီရှောင်၏ လက်မောင်းများဖြင့် ထွေးပိုက်ခြင်းခံလိုက်ရသည်။


လင်းလော့ချင်း အံ့အားသင့်ဟန်ဖြင့် ခေါင်းကိုလှည့်လိုက်၏။ သူ မမေးရသေးခင်မှာပင် ကျိယွီရှောင်က ညှင်သာစွာ ပြောလိုက်သည်။


 “ငါသာ မတ်တပ်ရပ်နိုင်ရင် မင်းကိုသေချာပေါက် ဖက်ထားမိမှာ … ငါအခုတော့ ဒီလိုလေးပဲ ဖက်ထားပေးနိုင်တယ် … ”


လင်းလော့ချင်း၏ မျက်နှာက နီရဲလာသည်။ 


သူ့အသံက နူးညံ့ညှင်သာနေပြီး အတွေ့အကြုံမရှိမှန်း သိသာလှ၏။ “မင်းဘာလို့ ရုတ်တရက်ကြီး ငါ့ကိုလာဖက်ရတာလဲ … ”


ကျိယွီရှောင် လင်းလော့ချင်းအား လွှတ်ပေးလိုက်ပြီး နီရဲရဲမျက်နှာလေးအား နူးညံ့စွာ ကြည့်လိုက်သည်။


 “မင်းရဲ့နတ်ဘုရားက မင်းအရမ်းချစ်ဖို့ကောင်းတယ် ထင်လို့နေမှာပေါ့ ...”


လင်းလော့ချင်း ထိုသို့အကြည့်ခံရချိန်၌ ဘာမှ ပြန်မပြောနိုင်တော့ချေ။ သူ့နှလုံးသား၏ အနက်ရှိုင်းဆုံးနေရာက ခုန်လှုပ်လာ၏။ ထိုစဉ် ဟိုက်ကျစ်၏ ကဗျာအား တွေးလိုက်မိသည်။ ပန်းဒရယ်တစ်ကောင်က ငါ့နဖူးပေါ်ကနေ ဖြတ်လျှောက်သွားတယ် … ကမ္ဘာကြီးက အံ့ဩစရာကောင်းလိုက်တာ … 


ယခုမူ ပန်းဒရယ် ကျိယွီရှောင်က လင်းလော့ချင်း၏ နှလုံးသားအပေါ်တွင် ဖြတ်လျှောက်သွားလေပြီ။ 


“ငါဖေးဖေးကို သွားခေါ်လိုက်ဦးမယ် … ” လင်းလော့ချင်း ပြောလိုက်၏။ 


သူက နှုတ်ခမ်းကိုကိုက်လိုက်ပြီး တုန်လှုပ်နေသော မျက်ဝန်းကလေးများဖြင့် ကျိယွီရှောင်အား ကြည့်လိုက်သည်။ ထို့နောက် အခန်းအပြင်သို့ ထွက်သွားလေသည်။ 


ကျိယွီရှောင် သူ၏နောက်ကျောကို ကြည့်ရင်း ပြုံးလိုက်မိသည်။ 


သူ၏ ဇနီးလေးက မျှော်လင့်မထားစွာ အပြစ်ကင်းလှ၏။ လင်းလော့ချင်းက ကောင်းမွန်သည့် ကိစ္စများကို ကြုံခဲ့ဖူးသည်ဟု ကြွားဝါလေ့ရှိသော်လည်း ကျိယွီရှောင် သူ့ကိုထိလိုက်သည်နှင့် ရှက်ရွံ့သွားတတ်သည်။ 


အရမ်းချစ်စရာကောင်းတာပဲ … 


လင်းဖေး ကျောင်းဂိတ်ဝသို့ လမ်းလျှောက်လာချိန်တွင် လင်းလော့ချင်းအနောက်၌ ကျိယွီရှောင်၏ကား ရှိမနေကြောင်း တွေ့လိုက်ရသည်။ သူက အနည်းငယ်အံ့အားသင့်သွား၏။ 


‘ဒီနေ့ တက္ကစီနဲ့ ပြန်မှာများလား … ’ သူက တစ်ကိုယ်တည်း တွေးရင်း လင်းလော့ချင်းထံ လျှောက်သွားလိုက်၏။ 


လင်းလော့ချင်းက သူ့ထံအရင်ရောက်လာပြီး သူ့လက်ကို ဆုပ်ကိုင်လိုက်သည်။ 


“ဒီနားမှာ အစာသွပ်မုန့်ဆိုင် အသစ်ဖွင့်ထားတယ် … ရှုရှုတို့ အစာသွပ်မုန့်ဝယ်သွားကြမလား … ”


လင်းဖေးက မကန့်ကွက်ချေ။ “ဟုတ်ကဲ့ … ”


လင်းလော့ချင်း သူ့ကိုခေါ်ကာ ဤနေရာသို့လာရောက်စဉ်က စဉ်းစားခဲ့သည့်ကိစ္စအား ပြန်လည်တွေးနေ၏။ 


သူက ရှောင်လီကို တမင်ပထုတ်လိုက်ခြင်းဖြစ်ပြီး လင်းဖေးနှင့် သီးသန့်စကားပြောရန် စီစဉ်ခဲ့ခြင်းပင်။ 


ရှောင်လီ နားထောင်၍ မရသည့်စကားဝိုင်းကြောင့်မဟုတ်ပဲ လင်းဖေးနှင့် သီးသန့် စကားပြောလို၍ဖြစ်သည်။ 


“ရှုရှုက သားရဲ့ ရှုရှုကျိနဲ့ လက်ထပ်မှတ်ပုံတင်ပြီးသွားပြီ … ရှုရှုတို့က အနာဂတ်မှာ လက်ထပ်ကြမှာ … သား သူ့ကို ရှုရှုကျိလို့ ခေါ်တာထက် အဒေါ်ကျိလို့ခေါ်တာပိုကောင်းမယ် … ” လင်းလော့ချင်း လင်းဖေး ကိုကြည့်ကာ ညှင်သာစွာပြောလိုက်၏။ 


လင်းဖေးက သူ့အား နားမလည်မှု ၃၀ ရာခိုင်နှုန်း၊ ထူးဆန်းမှု ၃၀ ရာခိုင်နှုန်းနှင့် အံ့အားသင့်မှု ၄၀ ရာခိုင်နှုန်းပါသည့် အကြည့်ဖြင့်ကြည့်လိုက်သည်။


 “ယောက်ျားတစ်ယောက်ကို အဒေါ်လို့ခေါ်လို့ရပါ့မလား … ”


လင်းလော့ချင်း, “……”


“ဒါဆိုလည်း ရှုရှုလို့ပဲခေါ်လေ …”


“ရှုရှု … ” လင်းဖေး သံယောင်လိုက်လိုက်သည်။ 


လင်းလော့ချင်းက လင်းဖေး၏ နူးညံ့သောခေါ်သံကြောင့် ‘ရှုရှု’ ဟုခေါ်နေခြင်းမဟုတ်ပဲ ‘မွေးစားအဖေ’ ဟုခေါ်နေသလို ခံစားလိုက်ရသည်။ 


“ဟုတ်တယ် … အဲဒီ့လိုပဲ ခေါ်လိုက် … ”


လင်းဖေး ခေါင်းညှိတ်လိုက်ပြီး ထပ်ရွတ်ကြည့်လိုက်သည်။ “ရှုရှု … ”


လင်းလော့ချင်းက သူ့စကားများကို နားထောင်ရင်း နှုတ်ခမ်းဝရှိစကားလုံးများကို ပြန်မြိုချလိုက်၏။ 


သူက ခဏတွေးလိုက်ပြီး ညှင်သာစွာ ပြုံးလိုက်သည်။ “သားလိုပဲ ရှောင်ယွီလည်း အခေါ်အဝေါ်ပြောင်းရလိမ့်မယ် … သူက ရှုရှုကို ပါပါးလို့ ခေါ်မှာလေ ...”


လင်းဖေး အိုး ဟု အသံပြုလိုက်သည်။ 


လင်းလော့ချင်းက သူ့အား သေချာအကဲခတ်လိုက်ပြီး မည်သည့်ခံစားချက်မှ မရှိကြောင်း အတည်ပြုလိုက်၏။ ထို့နောက် ဆက်လက်ရှင်းပြလိုက်သည်။


 “သူက ရှုရှုကို ပါပါးလို့ ခေါ်မှာဆိုတော့ ရှုရှုမှာ သူ့အတွက် တာဝန်ရှိသွားပြီ … အနာဂတ်မှာ ရှုရှုသူ့ကိုပါ ကျောင်းကြိုပေးရမယ် … သူရေချိုးရင်လည်း ကူညီပေးပြီး သူနဲ့စကားပြောတာတို့ သူ့အိမ်စာတွေ ကူပေးတာတို့ အားလုံးလုပ်ပေးရမှာ … သားနဲ့လိုပဲပေါ့ … တစ်ချိန်ထဲမှာပဲ ရှုရှုကျိကလည်း သားရဲ့ရှုရှု ဖြစ်လာလိမ့်မယ် … သူက ရှောင်ယွီ့အပေါ် ဆက်ဆံသလိုပဲ သားကို ဆက်ဆံလိမ့်မယ် … သားတို့နှစ်ယောက်မှာ မိဘတွေရှိသွားသလိုမျိုးပေါ့ … ရှုရှုပြောတာနားလည်လား … ”


“ဟုတ်ကဲ့ … ” လင်းဖေး တည်ငြိမ်စွာပြောလိုက်၏။ 


“ဒီလိုဆိုရင်တောင် ရှုရှုက သားကို သဘောအကျဆုံးပဲ … ” လင်းလော့ချင်း အာမခံလိုက်၏။


 “သားနဲ့ရှောင်ယွီက ရှုရှုရဲ့ကလေးတွေပဲ … ဒါ့ကြောင့် ရှုရှု ဘက်လိုက်လို့မရဘူး … ဒါပေမယ့် ရှုရှု စိတ်ထဲမှာတော့ သားကို အချစ်ဆုံးပဲ ...”


ထိုစကားကို ကြားသည့်နောက် လင်းဖေး၏ မျက်လုံးများတွင် ခံစားချက်တစ်ချို့ ဖြတ်ပြေးသွားသည်။ 


သူက ခေါင်းမော့လိုက်ပြီး ကလေးတစ်ဦး၏ အပြစ်ကင်းမှုနှင့် သံသယအပြည့်ပါသော မျက်ဝန်းများက လင်းလော့ချင်းထံ ကြည့်လာ၏။


အချိန်တစ်ချို့ကြာသည့်နောက် လင်းဖေး၏ တည်ငြိမ်ပြီး ခံစားချက်ကင်းသောအသံကို လင်းလော့ချင်း ကြားလိုက်ရသည်။ 


“ရှုရှု ရှောင်ယွီ့ကို ပိုပြီးသဘောကျလို့ ရပါတယ် … ”


သူက ဆက်ပြောလိုက်သည်။ “လူကြီးတွေက အပြုအမူကောင်းပြီး ချစ်ဖို့ကောင်းတဲ့ ကလေးတွေကို သဘောကျကြတာပဲလေ … ရှုရှု သူ့ကိုပိုသဘောကျမှန်း သားသိပါတယ် … ”


ထို့အပြင် သူကိုယ်တိုင်လည်း သူ့ကိုယ်သူ မနှစ်မြို့ပေ။ 


လင်းလော့ချင်းက ထိုသို့သော တုံ့ပြန်မှုအား မမျှော်လင့်ထားသဖြင့် အံ့အားသင့်သွားသည်။


 “သားဘာတွေပြောနေတာလဲ … သား ရှုရှုကို မယုံဘူးလား ...”


လင်းဖေး မယုံချေ။ သူတို့က လက်ရှိတွင် အဆင်ပြေနေသော်လည်း အနာဂတ်တွင်လည်း အဆင်ပြေသွားမည်ဟု မဆိုလို။ သူက လင်းလော့ချင်းအတွက် ဝန်ထုပ်ဝန်ပိုးသာဖြစ်၏။ သူသည် လင်းလော့ချင်း၏ ကလေးမဟုတ်သဖြင့် လင်းလော့ချင်းသူ့အား မနှစ်သက်သည်မှာ သာမန်သာဖြစ်သည်။ 


ထို့အပြင် ကျိလဲ့ယွီသည် လူကြီးများ နှစ်သက်ခံရသည့် ကလေးပင်ဖြစ်သည်။ ထို့ကြောင့် လင်းလော့ချင်း ကျိလဲ့ယွီအား နှစ်သက်ခြင်းသည်လည်း သာမန်သာဖြစ်၏။ 


သူက လင်းလော့ချင်း သူ့အား နှစ်သက်လိမ့်မည်ကိုပင် မမျှော်လင့်ထားချေ။ 


“သူက အရမ်းသဘောကျစရာကောင်းတယ်လေ … ” လင်းဖေး တည်ငြိမ်စွာပြောလိုက်၏။ “သူ့ကို သဘောကျတာက ဖြစ်သင့်တာပဲ … ရှုရှု သူ့ကိုပိုပြီး သဘောကျလို့ရပါတယ် … ”


လင်းလော့ချင်း “…”


လင်းဖေးတွင် နှလုံးသားမရှိဟု လင်းလော့ချင်း တွေးလိုက်မိသည်။


ဒီကလေးကတော့ … 


ဘာလို့ဒါကို ဒီအတိုင်းပြောနိုင်ရတာလဲ … 


“သားက ရှုရှုကို လုံးဝဂရုမစိုက်ဘူးပဲ … ရှုရှုက သားကိုသဘောအကျဆုံးပဲကို … သားက ဒါကို မလိုချင်ပဲ သူများပေးပစ်တယ်ပေါ့လေ … ”


သူစကားဆုံးသည့်နောက် လင်းဖေးအား လျစ်လျူရှုကာ စိတ်ဆိုးဟန်ပြလိုက်သည်။ 


လင်းဖေး သူစိတ်ဆိုးသည်အား မမြင်ရသည်မှာ အတော်လေးကြာပြီဖြစ်၏။ သူတို့က အချိန်ကြာမြင့်စွာ အဆင်ပြေနေခဲ့သဖြင့် လင်းလော့ချင်း စိတ်ဆိုးတတ်ကြောင်းကိုပင် လင်းဖေး မေ့နေခဲ့သည်။ 


သူက စိတ်ဆိုးနေသည့် လင်းလော့ချင်းကို ကြည့်ရင်း အတိတ်က မှတ်ဉာဏ်များကို မြင်ယောင်လာသည်။ ထိုလူက ဒေါသကြီးလှ၏။ သူ စိတ်ဆိုးသည်နှင့် တံမြက်စည်း သို့မဟုတ် လက်ကိုသုံးကာ လင်းဖေးအပေါ် ဒေါသဖောက်ခွဲတော့သည်။ 


လင်းဖေးက လင်းလော့ချင်းကို မကြောက်ချေ။ သူ၏ အကျင့်စရိုက်က အေးစက်ပြီး သန်မာလှရာ တစ်စုံတစ်ဦးအား သဘောကျခြင်း သို့မဟုတ် ကြောက်ရွံ့ခြင်းဖြစ်ရန် ခဲယဉ်းလှ၏။ သူ့တွင် ခံစားချက် များများစားစားမရှိရာ သူ မနှစ်သက်သည့် လူများအပေါ်ဆိုပါက မည်သို့မှ မတုံ့ပြန်တတ်ချေ။ 


ထို့ကြောင့် လင်းလော့ချင်း၏ လုပ်ရပ်များကို သူ မည်သည့်အခါကမှ မတုံ့ပြန်ခဲ့။ သူက တည်ငြိမ်စွာရှောင်တိမ်းလျှက် သည်းခံရင်း ခေါင်းမာစွာ ကြီးပြင်းလာခဲ့သည်။ 


သို့သော် သူသည် ကလေးတစ်ဦးသာဖြစ်၏။ 


လင်းလော့ချင်းနှင့် ကောင်းမွန်သော ဆက်ဆံရေးရှိခြင်းကို တစ်ဦးနှင့်တစ်ဦး မုန်းတီးစွာ ကြည့်ရခြင်းထက် ပိုမိုလိုလားပေသည်။ 


သူက လင်းလော့ချင်းနှင့် အဆင်မပြေနိုင်ကြောင်းနှင့် သူ အမှီအခိုကင်းကင်း နေနိုင်သည်အထိ တစ်ဖက်လူ၏ ဒေါသများကို သည်းခံရန် ဆုံးဖြတ်ခဲ့ရသည်။ 


သို့သော် လွန်ခဲ့သည့်ရက်အနည်းငယ်က လင်းလော့ချင်းနှင့်သူသည် အဆင်ပြေပြေ ရှိနေခဲ့သည်။ 


လင်းဖေးက သူနှင့် အဆင်ပြေသည့် လင်းလော့ချင်းကို အလိုရှိပြီး တစ်ဖက်လူအား ပြောင်းလဲမသွားစေချင်ပေ။ 


ယခင်က လင်းလော့ချင်းသည် အလွန်ဆူညံသော်လည်း လက်ရှိတွင် အလွန်ငြိမ်သက်ပြီး ကောင်းမွန်၏။ 


လင်းဖေး မျက်တောင်ခတ်လိုက်သည်။ သူက လင်းလော့ချင်းအား စိတ်ဆိုးအောင် လုပ်ခဲ့မိပုံပင်။ 


လင်းဖေးက စိတ်ဆိုးနေသည့် လင်းလော့ချင်းကိုကြည့်ရင်း အနည်းငယ် စိုးရိမ်လာ၏။ သူဘာလုပ်သင့်လဲ … 


အတိတ်က လင်းလော့ချင်းစိတ်ဆိုးလျှင် သူ့ကို ဆူပူရိုက်နှက်လေ့ရှိသည်။ ယခုမူ လင်းလော့ချင်းက သူ့အား ရိုက်နှက်ခြင်းမပြုချေ။ သူ့လက်ကို ကိုင်ထားသော်လည်း ဆက်တိုက် လျစ်လျူရှုနေ၏။ 


ဘာလို့ လင်းလော့ချင်း စိတ်ဆိုးသွားတာလဲ … ဘာပဲဖြစ်ဖြစ် ကျိလဲ့ယွီက သူ့ထက်ပိုပြီး သဘောကျစရာကောင်းတာပဲလေ … 


သူက လင်းလော့ချင်းကို ကြည့်လိုက်သော်လည်း တစ်ဖက်လူက သူ့အား ကြည့်မလာချေ။ သူက ခဏတုံ့ဆိုင်းသွားကာ ပြောလိုက်သည်။ 


“အပြုအမူကောင်းပြီး ချစ်ဖို့ကောင်းတဲ့ ကလေးတွေကို လူကြီးတွေက သဘောကျကြတယ်လို့ မာမားပြောဖူးတယ် … ”


လင်းလော့ချင်းက လင်းဖေးသူ့အား အကဲခတ်နေမှန်း သတိပြုမိခဲ့၏။ သူက လင်းဖေးနောက်ထပ် လုပ်မည့်အရာကို သိချင်စိတ်ဖြင့် စောင့်ကြည့်နေခြင်းဖြစ်သည်။ လင်းဖေး သူ့ကို ချော့မချော့ သူသိချင်နေခြင်းပင်။ 


သို့သော် လင်းဖေး၏ စကားများကို ကြားချိန်၌ သူထိုကလေးငယ်အား လှည့်မကြည့်ပဲ မနေနိုင်ခဲ့။ 


လင်းဖေးက လမ်းပေါ်တွင် မတ်တပ်ရပ်နေ၏။ သူက သေးငယ်တိတ်ဆိတ်လွန်းပြီး အပင်ပေါက်ကလေးနှင့် တူနေသည်။ သွားလာနေသည့် လူများအကြားတွင် သူက သတိမပြုမိရန် လွယ်ကူလှ၏။ 



“ကျွန်တော်က လူကြီးတွေ သဘောကျတဲ့ ချစ်စရာကောင်းတဲ့ ကလေးမျိုးမှမဟုတ်တာ … ” လင်းဖေး၏ အသံမှာ တည်ငြိမ်နေပြီး ခံစားချက်တစ်စွန်းတစ်စပင်မပါရှိ။ သူ၏နှစ်သက်ခြင်း မနှစ်သက်ခြင်း မပါသည့် အမှန်တရားတစ်ခုကို ပြောနေသကဲ့သို့ရှိ၏။ 


“ဒါ့ကြောင့် ရှုရှု ရှောင်ယွီ့ကို ပိုပြီးသဘောကျတာက ပုံမှန်ပါပဲ … .”