Chapter 207
October 09, 2023
ဟယ့်ရှီမှ ဖုချောင်သို့ အကွာအဝေးက တစ်ရက်တာ ခရီး ဖြစ်၍ ထိုနေ့တွင် ကျန်းကျန့်က ဝမ်မင်နှင့် စကားကောင်းကောင်းပြောခဲ့ရပြီး ဝမ်မင်ကို အနည်းငယ် လေးစားသွားရစေသည်။
ထိုဝမ်မင်က သာမန်ဆန်ပုံပေါ်ပြီး အနည်းငယ်ပင် အားနည်းသေးသော်လည်း ပင်လယ်ကို အကြိမ်ပေါင်းများစွာ ထွက်ဖူးပြီး အရှေ့ပိုင်း ဖြစ်စေ အနောက်ပိုင်း ဖြစ်စေ ဝမ်မိသားစုအတွက် ခရီးလမ်းကြောင်း အသစ်များ ရှာပေးခဲ့ပြီး ရေရှည် ကြွေထည်စီးပွားရေးလုပ်ငန်းနှင့် ဆွေးနွေး ညှိနှိုင်းပေးခဲ့သည်။
ထုံစံအတိုင်းပင် ထိုအကြောင်းကြောင့် သူက ဝမ်မိသားစုတွင် နေရာမြင့်မြင့် ရရှိခဲ့ပြီး ယခုတွင် ဝမ်မိသားစု၏ အိမ်တော်ထိန်း ဖြစ်သည့် သူ့အဖေထက်ပင် ရာထူးပိုမြင့်သေးသည်။ ထိုအကြောင်းကြောင့်သာ မဟုတ်ပါက သူသည်လည်း ဝမ်မိသားစု၏ သင်္ဘောများကို ကျန်းကျန့်အား ဆယ်ရာခိုင်နှုန်း လျှော့စျေးဖြင့် ရောင်းပေးမည်ဟု ကတိပေးခဲ့မည် မဟုတ်ပေ။
ထိုအကြောင်းကြောင့် ကျန်းကျန့်က ဝမ်မင်ကို အထင်ကြီးသွားခဲ့ပြီး ဝမ်မင်ကလည်း ကျန်းကျန့်ကြောင့် အံ့အားသင့်သွားခဲ့ရသည်။ မထင်မှတ်ထားစွာပင် ကျန်းကျန့်က အနောက်ပိုင်းနှင့် အရှေ့တိုင်း ဘာသာစကားအချို့ကို သိနေခဲ့ပြီး သူတို့၏ ထုတ်ကုန်များအကြောင်းကိုလည်း အတော်လေး သိနေခဲ့သည်။
သူလေ့လာခဲ့သည့်နေရာအကြောင်းက သိပ်မရှင်းလင်းသော်လည်း သူသာ အမှတ်တမဲ့ ကြားခဲ့ရသည် ဟုသာ ပြောလိုက်ပါက ဝမ်မင် သူ့ကို နတ်ဆိုးတစ်ကောင်ဟု ထင်သွားနိုင်သည်။
ကျန်းကျန့်က အရှေ့နှင့် အနောက်ပိုင်းမှ အခြေအနေများကို သိပ်မရှင်းလင်းသဖြင့် ဝမ်မင်ထံမှ မေးမြန်းရပြီး သူသိထားသော အရာများကိုကား ပင်လယ်တွင် စီးပွားရေးလုပ်စဥ်က သိခဲ့သည့် လူတစ်ယောက်ထံမှ လေ့လာထားခြင်း ဖြစ်သည်ဟု ပြောလိုက်သည်။
ဝမ်မင်က သံသယ မရှိဘဲ ကျန်းကျန့်၏ မေးခွန်းများကို စိတ်ရှည်လက်ရှည် ဖြေကြားပေးနေသည်။
"သူဌေးဝမ်... ကျေးဇူးအများကြီး တင်ပါတယ်" ကျန်းကျန့်က ဝမ်မင်ကို စိတ်ရင်းဖြင့် ကျေးဇူးတင်လိုက်သည်။ ဝမ်မင်ထံမှ သူသိလိုက်ရသည်များက သူ့အတွက် အလွန် အဖိုးတန်သည်။
"သခင်ကြီးကျန့်ကို ကျေးဇူးတင်ရမှာ ကျွန်တော်ပါ" ဝမ်မင်က ပြောလိုက်သည်။
"ကျွန်တော် ဘာမှ မလုပ်ထားမိဘူးလားလို့" ကျန်းကျန့်က ဝမ်မင်ကို စိတ်ရှုပ်ထွေးစွာဖြင့် ကြည့်လိုက်လေသည်။
"သခင်ကြီးကျန်းက ကျွန်တော့်ရဲ့ သခင်မလေးကို ကူညီပေးထားတာပဲ... သခင်ကြီးကျန်းတို့သာ မရှိရင် ကျွန်တော့်ရဲ့သခင်မလေးတော့ အခုဆို ဘာတွေ ဖြစ်သွားမလဲ မသိနိုင်ဘူး"
ဝမ်မင်က ပြောလိုက်သည်။ သူသိထားခဲ့ရသမျှက ကျန်းကျန့်ကြောင့်သာ မဟုတ်ပါက ဝမ်ယင်နျန်းလည်း လျောင်မိသားစုမှ ထွက်လာလိမ့်မည် မဟုတ်ဘဲ... သူမ မထွက်ခဲ့ပါကလည်း ဝမ်မိသားစု အဖေနဲ့ အမေတို့ ဝမ်ယင်နျန်းကို အမှန်ပင် စိတ်ပူနေကြရမည် ဖြစ်သည်။ မူလတွင် သူတို့က သူတို့၏ သမီးဖြစ်သူ ကွာရှင်းမည်ကို မမြင်ချင်ကြပေ။ သို့သော်လည်း ဝမ်ယင်နျန်းသာ လျောင်မိသားစုမှ မထွက်ခဲ့ပါက လျောင်ချင်းဟယ်က ကိုယ်လုပ်တော်ထားကာ ကလေးရှိနေသည်ကို သိနေလျှင်တောင် သူတို့ လုပ်နိုင်သည့် အရာမရှိပေ။
ပြီးရင်ရော... နောက်ဆို ဝမ်ယင်နျန် ဘယ်လို ရှင်သန်သွားရပါ့မလဲ...
"ခင်ဗျားက ဝမ်ယင်နျန်ကို သဘောကျနေတာလား"
ကျန်းကျန့်က ရုတ်တရက် မေးလိုက်သည်။ ဒီဝမ်မင်က ဝမ်ယင်နျန်းအကြောင်းကို စိတ်ပူလွန်နေတဲ့ပုံပဲ... ဝမ်ယင်နျန်းကို စိတ်ဝင်စားနေတ မဟုတ်လောက်ဘူးလား...
"သခင်ကြီးကျန်း... စကားပြောတာ သတိထားပေးပါ"
ဝမ်မင်က အံ့အားသင့်သွားပြီး သူက ဝမ်မိသားစု၏ အစေခံတစ်ယောက်သာ ဖြစ်၍ ဝမ်ယင်နျန်းအား စဥ်းပင် မစဥ်းစားရဲဖူးကြောင်း ချက်ချင်းဆိုသလို ပြောလာခဲ့သည်။ ထိုစကားကိုသာ အခြားသူများ ကြားသွားကြပါက ဝမ်ယင်နျန်းကို အသရေ ဖျက်ကြနိုင်သည်။
"ခင်ဗျား လက်ထပ်ပြီးသွားပြီလား" ကျန်းကျန့်က ထပ်မေးလိုက်သည်။
"ကျွန်တော် တစ်ချိန်လုံး ပင်လယ်ပဲ ထွက်နေရလို့ အခုထိ လက်မထပ်ရသေးပါဘူး" သူ့အနေအထားအရ ဝမ်မိသားစု၏ အစေခံများထဲမှ တစ်ယောက်ကို စောစော လက်ထပ်နိုင်ပါသော်လည်း သူက ကုန်းပေါ်မှာ နေရသည်ထက် ပင်လယ်တွင်နေရသည့်အချိန်က ပိုများပြီး ကုန်းမြေကလည်း မင်းနန်မြေချည်းသာ မဟုတ်သဖြင့် လက်မထပ် ဖြစ်တော့ပေ။
ထိုသို့ဆိုလျှင်တောင် သူ့ကို လက်ထပ်ချင်သူ များစွာ ရှိနေကြဆဲပင်။
"ခင်ဗျား သဘောကျတဲ့လူကို တွေ့တဲ့အချိန်ကျ မျက်နှာပြောင်ပြောင်နဲ့သာ လိုက်... ဒါမှ နောက်ကျရင် နောင်တမရမှာ" ကျန်းကျန့်က ပြောလိုက်လေသည်။
"သခင်ကြီးကျန်း... အတွေးလွန်နေပါပြီ" ဝမ်မင်က ပြုံးလျက် ပြောလိုက်သည်။
ကျန်းကျန့်တို့ လူစု ဖုချောင်ရောက်ရန် အချိန်သိပ်မကြာလိုက်ပေ။ သူတို့ ရောက်ရောက်ချင်းမှာပင် သတင်းတစ်ခု ကြားလိုက်ရသည်။
လျောင်ချင်းဟယ်က စာသင်သားတစ်ယောက်၏ သမီးဖြစ်သူနှင့် စေ့စပ်ထားပြီး ဖြစ်ကာ လက်ထပ်တော့မည် ဟူ၍ပင်။
ဇနီးဖြစ်သူနှင့် ကွာရှင်းပြီး ဆယ်ရက်မပြည့်ခင်မှာပင် လျောင်ချင်းဟယ်က လက်ထပ်တော့မည်တဲ့လား...
ဝမ်ယင်နျန်း ကွာရှင်းရန် ဆုံးဖြတ်လိုက်စဥ်က လျောင်ချင်းဟယ်နှင့် ပြတ်ပြတ်သားသား ပြတ်ဆဲရန် ရည်ရွယ်ထားပြီး သနားစရာ ကိစ္စဟုလည်း မခံစားရပေ။ သို့သော်လည်း လျောင်ချင်းဟယ် လက်ထပ်တော့မည်ဟု ကြားသောအခါ အနည်းငယ် မသက်မသာ ဖြစ်သွားသည်။
မည်သို့ပင်ဆိုစေကာမူ သူမနှင့် လျောင်ချင်းဟယ် တို့က ဆယ်နှစ်ကျော်မျှ ခင်ပွန်းနှင့် ဇနီး ဖြစ်ခဲ့ပြီး သူတို့ အချင်းချင်းအပေါ် ခံစားချက်များက အချိန်နှင့်အမျှ ယုတ်လျော့သွားသော်လည်း သူမက သူ့အပေါ် ဂရုစိုက်နေဆဲ ဖြစ်သည်။ သို့သော်လည်း ရလဒ်အနေဖြင့် သူမနှင့် ကွာရှင်းပြီး ရက်အနည်းငယ်အကြာမှာပင် လျောင်ချင်းဟယ်က တစ်ယောက်ယောက်နှင့် လက်ထပ်ပေတော့မည်။
ဝမ်ယင်နျန်းက ထွက်သွားရန် ရွေးချယ်ခဲ့သည့်အတွက် ဝမ်းသာနေသော်လည်း တစ်ဖက်တွင် တွန့်ဆုတ်နေသေးသည်ကိုလည်း ခံစားရသည်။
သို့သော်လည်း အချိန်တိုလေးအတွင်းသာ နာကျင်ခံစားလိုက်ရသည်။
"စာသင်သားလျောင်က သခင်မဝမ်နဲ့ ကွာရှင်းပြီး တစ်ခြားတစ်ယောက်နဲ့ လက်ထပ်သင့်တာ ကြာနေပြီ... အဲ့ဒီခြင်္သေ့မကို လက်ထပ်တာထက်တော့ ပိုကောင်းမှာပဲ"
"အခု သခင်မဝမ် နောင်တရနေမယ်လို့ ထင်လား"
"သေချာပေါက် နောင်တရသင့်တာပေါ့... သူက ကလေးမမွေးနိုင်တဲ့ အသက်ကြီးကြီး မိန်းမကြီးပဲကို... သူ့ကို ကိုယ်လုပ်တော်အဖြစ် လိုက်ပေးရင်တောင် ဘယ်သူမှ သူ့ကို ယူချင်ကြမှာ မဟုတ်ဘူး"
….
ဆိပ်ကမ်တွင် တစ်စုံတစ်ယောက်က ဝမ်ယင်နျန်းနှင့် လျောင်ချင်းဟယ်တို့အကြောင်း ပြောဆိုနေသည်။
ဆိပ်ကမ်းအနီးက လက်ဖက်ရည်ဆိုင်လေးတွင် ခဏတာ အနားယူနေသော ဝမ်ယင်နျန်းက ထိုသူများထံမှ ကောလဟာလ အမျိုးအစား အားလုံးကို ကြားလိုက်ရသဖြင့် သူမ၏ မျက်နှာက ဒယ်အိုးဖင်ကဲ့သို့ မဲမှောင်သွားလေသည်။
သူမက ဘာကိစ္စနောင်တ ရရမှာလဲ... လျောင်မိသားစုကို မထောက်ပံ့ရတော့လို့တောင် ပျော်နေသေးတာ...
အစပိုင်းက စိတ်မကောင်း ဖြစ်မှုများနှင့် ချဥ်စူးစူး ခံစားချက်တို့က ချက်ချင်းဆိုသလို ဒေါသအဖြစ် ပြောင်းလဲသွားလေသည်။
ဝမ်ယင်နျန်းက ပိုပို၍ ဒေါသထွက်လာချိန်တွင် တစ်ယောက်ယောက်က သူမကို မှတ်မိသွားခဲ့သည်။
"ဒါ သခင်မလျောင် မဟုတ်ဘူးလား... မဟုတ်သေးဘူး... ကွာရှင်းပြီးသွားပြီဆိုတော့ သခင်မလျောင်လို့ ခေါ်လို့ မရတော့ဘူးလေ..."
"သခင်မလျောင်လား"
"ဝမ်လား"
ထိုသူ၏ စကားများကို ကြားသောအခါ အခြားသူများကပါ ဝမ်ယင်နျန်းကို ကြည့်လာကြပြီး အချို့က ကရုဏာ သက်ကြကာ အချို့က ထေ့ငေါ့မှုများနှင့် ဖြစ်သည်။
ဝမ်ယင်နျန်းက ဒေါသအပြည့် ဖြစ်လာသည်ဟုသာ ခံစားရသဖြင့် လှောင်ရယ်လိုက်သည်။
"လျောင်ချင်းဟယ်ကို လက်ထပ်ချင်ရလောက်တဲ့အထိ တုံးတဲ့ မိန်းမမျိုး ရှိနေမယ်လို့ တကယ် ထင်မထားဘူး... လက်မထပ်ခင်ကတည်းက အမေလည်း ဖြစ်ရဦးမယ်... လက်ထပ်ပြီးရင်လည်း လျောင်မိသားစုထဲက တွင်းပေါက်တွေကို ခန်းဝင်ပစ္စည်းတွေနဲ့ လိုက်ဖြည့်ရဦးမယ်... ကျွတ်... သူ့အတွက် စိတ်မကောင်းလိုက်တာ"
"လျောင်ချင်းဟယ်က ငါမလိုချင်တော့လို့ ထားခဲ့တဲ့လူပဲ... ဘယ်သူပဲ ဖြစ်ဖြစ် သူ့ကို ကြိုက်ရင် ယူလိုက်ကြ"
ဝမ်ယင်နျန်းက လှည့်ထွက်လာခဲ့သော်လည်း သူ့လူများကို ချက်ချင်း ကြည့်လိုက်သည်။ "ဘာဖြစ်နေတာလဲဆိုတာကို သွားရှာလာခဲ့"
ဘာဖြစ်နေရမှာလဲ... ရှင်းနေပြီ မဟုတ်ဘူးလား...
လျောင်ချင်းဟယ်က ကဗျာများစွာ ဖြန့်ချိခဲ့သဖြင့် သူ့ကို တန်ဖိုးထား ချစ်မြတ်နိုးနေသူများ ရှိနေဆဲပင်။ သူ့ဇနီးနှင့် ကွာရှင်းပြီးနောက် သဘာဝကျကျပင် သူ့ကို လက်ထပ်ချင်ကြသူ အနည်းငယ် ရှိကြသည်။ ထပ်ပြီးတော့ အချို့က သူတို့၏ သမီးနှင့် မြေးမများကို သူနှင့် လက်ထပ်ပေးလိုကြသည်။
သူ လက်ထပ်ရန် အလျင်လိုနေရသည့်အကြောင်းကား...
ဝမ်ယင်နျန်ူ မရှိသည့် လျောင်မိသားစုက ရှုပ်ထွေးနေပြီး ငွေလည်း မရှိသဖြင့် သူတို့က လက်ထပ်ဝင်ရောက်လာပြီး လျောင်မိသားစု၏ အရှုပ်များကို ရှင်းပေမည့် မိန်းမတစ်ယောက်ကို ရှာဖွေနေကြသည်။
လျောင်ချင်းဟယ်က ပထမတွင် လုလွမ်ကို လက်ထပ်ချင်ခဲ့သော်လည်း လျောင်အဖေနှင့် အမေက သဘောမတူခဲ့ခြင်း ဖြစ်သည်ဟု ဆိုရပေမည်။
ထိုလုလွမ်က မိသားစုကောင်းတစ်ခု၏ သမီး မဟုတ်သဖြင့် သူမက လျောင်ချင်းဟယ်နှင့် လိုက်ဖက်လှသော်လည်း လျောင်အဖေနှင့် အမေက သဘောတူမပေးခဲ့ပေ။ မတိုင်မီက သူမကို ကာကွယ်ပေးရခြင်းမှာ သူမထက် သူမဗိုက်ထဲမှ ကလေးကြောင့်သာ ဖြစ်သည်။
လျောင်ချင်းဝမ်၏ ကွာရှင်းမှုက ဝမ်ယင်နျန်း၏ ဂုဏ်သတင်းကို ပို၍ ဆိုးဝါးသွားစေသော်လည်း တစ်ချိန်တည်းမှာပင် လျောင်မိသားစု၏ ဂုဏ်သတင်းလည်း ဆုတ်ယုတ်သွားရသည်။ ထိုအကြောင်းကြောင့် လျောင်မိသားစုက လူများ အတိတ်ကို မေ့သွားကြရန်အတွက် မင်္ဂလာပွဲကဲ့သို့ ပျော်ရွှင်စရာ အခမ်းအနားများ လုပ်ရန် မစောင့်နိုင်ကြတေ့ာ့ပေ။ လျောင်ချင်းဟယ်က တံခါးကိုပင် မဝင်ရသေးသည့် ဇနီးအသစ်လေးအား ကောင်းကင်ထိ မြှောက်ပင့်ထားသည့် ကဗျာတစ်ပုဒ်ပင် ရေးထားခဲ့သည်။
အချိန်တစ်ခဏလောက်အထိ လူတိုင်းက လျောင်မိသားစုအကြောင်း ပြောနေကြပြီး ဝမ်ယင်နျန်းကို ကရုဏာသက်နေခဲ့ကြသည်။
လျောင်မိသားစုမှ ယူလာသည့် ပစ္စည်းများကို ကိုင်တွယ်နေသည့် ဝမ်ယင်နျန်းမှာ သူမဘေးမှ လူများ၏ ကရုဏာသက်နေသော အကြည့်တို့ကို ထပ်မံ ခံစားလိုက်ရပြီးနောက် ဝမ်မင်ကို ရုတ်တရက် ကြည့်လိုက်သည်။
"ရှင်အရင်တုန်းက ကျွန်မ မိဘတွေ ပိုကောင်းတဲ့သူကို ရှာပေးနိုင်တယ်လို့ ပြောဖူးသလားလို့"
"သခင်မလေး..."
ဝမ်မင်က တုံ့ခနဲ ဖြစ်သွားသည်။
"ပိုကောင်းတဲ့သူကို ရှာစရာ မလိုဘူး... နောက်ဆုံးကျ နောက်ထပ် ရွှံ့ကန်ထဲ ခြေလှမ်းမိမယ်ဆိုတာကို ဘယ်သူမှ မသိနိုင်ဘူးလေ" ဝမ်ယင်နျန်းက သရော်လိုက်သည်။
"ဒါပေမယ့် ရုပ်ချောတဲ့ လူတစ်ယောက် ရှာပေးနိုင်မလား... ကျွန်မ လက်ထပ်ပြီး ဝင်လာမဲ့ ယောကျာ်းတစ်ယောက် လိုချင်တယ်"
ဝမ်ယင်နျန်းက စိတ်ရှည်တတ်သူ မဟုတ်ပေ။ ထိုအခိုက်တွင် သူမက လျောင်မိသားစုကို အမှန်ပင် ဒေါသထွက်နေလေသည်။
လျောင်ချင်းဟယ်က ကဗျာများ၊ ပန်းချီများ ရေးနေသည်။ ၎င်းက သူ့ကိုယ်သူ ရင်နင့်ဖွယ်ရာ အချစ် သူတော်စင်တစ်ယောက်ဟု သရုပ်ဆောင်နေရုံသာမက သူမကိုပါ သေးသိမ်သွားစေရန် လုပ်ဆောင်နေခြင်း ဖြစ်သည်။
ထိုသူက သူမတို့၏ အတိတ်အကြောင်းကို အမှတ်ရသွားစေရန်ပင် ကဗျာဖွဲ့ခဲ့ပြီး ပျိုနီပန်းပွင့်လေးက ဆူးအဖြစ် တစ်နည်းတစ်ဖုံ ပြောင်းလဲသွားခဲ့သဖြင့် သူက သူ့ခန္ဓါကိုယ်တလျှောက် ဆူးလေးဖြင့် ထိုးဖောက်ခံရချိန်က နူးညံ့သည့် အထိအတွေ့လေးကိုပင် လွမ်းဆွတ်နေသည်ဟု ဖော်ပြထားလေသည်။
နင့်မေကြီးတော် ဆူးလား...
မူလတွင် ဝမ်ယင်နျန်းက ဖုချောင်တွင် အကာအကွယ်များကို ဖယ်ပြီးနောက် မင်းနန်သို့ ပြန်သွားမည်ဟု စဥ်းစားထားခဲ့သော်လည်း လျောင်မိသားစုက ရေးကြီးခွင်ကျယ် လုပ်လာပြန်လေရာ...
သူမသာ အခုချိန် ထွက်သွားလိုက်ရင် နှင်ထုတ်ခံလိုက်ရလို့ ထွက်ပြေးသွားတယ်လို့ ထင်ကုန်ကြမှာပေါ့...
ပြီးတော့လည်း ဖုချောင်တစ်ခုလုံးက သူမက အနာဂါတ်တွင် ဆိုးဝါးလှသော ဘဝသာ ရှိတော့မည်ဟု အမှန်ပင် တွေးနေကြသည်။
ဝမ်ယင်နျန်းက သူမ၏ ဒေါသများကို ထိန်းမထားနိုင်တော့ပေ။
ထို့အပြင် သူမကလည်း မင်းနန်သို့ ပြန်သွားပြီးနောက် မည်သို့ နေထိုင်ရမည်ကို တွေးပူနေခဲ့သည်။
သူမ၏ အစ်ကိုများက ကိုယ်ပိုင်မိသားစုများ ရှိကြပြီး ထိုယောင်းမများကလည်း သူမကို မမုန်းတီးကြသော်ငြား သူမသာ ပြန်သွားခဲ့လျှင် သူတို့က သူမအပေါ် အမြင်မကြည်ဖြစ်လာကြနိုင်သည်။ သူမ၏ မိဘများလည်း ထို့အတူပင်။
ဝမ်မင်က များများစားစား မပြောပြခဲ့သော်လည်း သူမ၏ မိဘများက သူမအား ပြန်လာပြီး လက်ထပ်စေချင်နေကြသည်ကို ကြားနေရသည်။ သို့သော်လည်း သူမ လက်ထပ်ခဲ့ပါက လူကောင်းနှင့် လက်ထပ်ရမည်ဟု မည်သူကမှ အာမ မခံနိုင်ပေ။
သူမက အသက်ကြီးနေပြီး ကလေးလည်း မမွေးနိုင်ဘဲ မနာလိုတတ်သော မိန်းမဟု ဂုဏ်သတင်းကြီးကာ ကွာရှင်းထားသေးသည်။ ကလေးရှိသော မုဆိုးဖိုမှာလည်း သူမ၏ ခန်းဝင်ပစ္စည်းများအတွက်သာ လက်ထပ်လိမ့်မည်ဟု ခန့်မှန်းနိုင်ပေသည်။
သူမသာ ဘယ်တော့မှ လက်မထပ်တော့လျှင်... သူမ၏ ဂုဏ်သတင်း ဆိုးဝါးနေသည်ကြောင့် သူမ၏ တူမလေးများ လက်ထပ်သည့်အခါ ဆိုးကျိုးများ သက်ရောက်နိုင်ပေသည်။
"မျက်နှာက လွဲပြီး ဘာမှ မရှိတဲ့သူကို ရှာရင် ကောင်းမယ်... ဘာပဲဖြစ်ဖြစ် ကျွန်မကလည်း သူများရဲ့ ပိုက်ဆံကို မသုံးချင်ပါဘူး"
ဝမ်ယင်နျန်းက ပြောလိုက်သည်။ သူမက ကိုင်တွယ်ရလွယ်သူကိုသာ ရှာလိုက်မည်။ သို့သော်လည်း သူမ မကျေနပ်နိုင်သေးလျှင်... အဆိုးဆုံး ဖြစ်လာနိုင်တာ ကွာရှင်းရုံပဲလေ...
သူမက တစ်ခါ ကွာရှင်းပြီးသား ဖြစ်၍ ထိုအကြောင်းကို ဂရုမထားတော့။
"သခင်မလေး... သခင်ကြီးက သေချာပေါက် သဘောတူမှာ မဟုတ်ဘူး" ဝမ်မင်က ချက်ချင်းဆိုသလို ပြောလိုက်သည်။
"ကျွန်မက ရှာဖို့ ပြောရင် ရှာပဲ ရှာလိုက်... တစ်ယောက်ယောက်ကို လက်ထပ်ပြီး နောက်ဘာဖြစ်လာမယ်မှန်း မသိရတာထက် ကျွန်မ ထိန်းချုပ်နိုင်မယ့်သူကို ရှာတာ ပိုကောင်းတယ်"
ဝမ်ယင်နျန်းက ပြောလိုက်သည်။ ကျောက်ကျင်းကော၏ လက်ရှိဘဝက အတော်လေးကောင်းသည်ဟု သူမ ခံစားရသည်။ ကျန်းကျန့်လို ယောကျ်ားတစ်ယောက်ကို ရှာ၍ မလွယ်ကူရုံသာ။
"သခင်မလေး... ဒီလိုလုပ်ဖို့ တကယ်ပဲ စီစဥ်ထားပြီးပြီလား" ဝမ်မင်က ထပ်မေးလိုက်သည်။
ဝမ်ယင်နျန်း ခေါင်းငြိမ့်ပြလိုက်သည်။
ဝမ်မင်က ရုတ်တရက် ပြောလာခဲ့သည်။ "ဒါဆိုရင်... သခင်မလေး... ကျွန်တော့်ကို စဥ်းစားကြည့်ရင်ရော..."
.....
ကျန်းကျန့် ခန့်မှန်းခဲ့သည်က မှန်ပေသည်။ သူက ဝမ်ယင်နျန်းကို အမှန်ပင် သဘောကျနေသည်။ ဒီလောက်လှတဲ့ သခင်မလေး... ဘယ်သူက မကြိုက်ဘဲ နေမှာလဲ...
သူနှင့် ဝမ်ယင်နျန်းတို့၏ ဘဝက အလှမ်းကွာလွန်းသဖြင့် သခင်ကြီးနှင့် သခင်မကြီးက သူ့ကို အလွန်သဘောကျနေလျှင်တောင် ဝမ်ယင်နျန်းကို လက်ထပ်ရန် မဖြစ်နိုင်ပေ။ ထို့ကြောင့် သူ ယခင်က ထိုအကြောင်းကို စဥ်းပင် မစဥ်းစားခဲ့ဖူးပေ။
သို့သော်လည်း ဤအချိန်တွင် အခွင့်အရေးကောင်းကြီးကို တွေ့နေရလေပြီ။
သူက ဝမ်မိသားစု၏ အစေခံခံတစ်ယောက်သာ ဖြစ်သော်လည်း ဝမ်မိသားစုတွင် သူ၏ ကျွန်စာချုပ် မရှိပေ။ သူက ဝမ်မိသားစုအတွက် နှစ်ပေါင်းများစွာ ငွေရှာပေးခဲ့ပြီး ဝမ်မိသားစုကလည်း သူ့ကို ငွေအမြောက်အများ ပေးခဲ့သည်။ သူ့မိသားစု ပိုင်ဆိုင်မှုက သိပ်မများသော်လည်း ငွေစ နှစ်သိန်း သုံးသိန်းလောက်အထိ ရှိနေဆဲပင်။
ပင်လယ်ကုန်သည် အသက်မွေးဝမ်းကြောင်းက အကျိုးအမြတ်အရဆုံးဖြစ်သည်။
သူမကို လက်ထပ်ရန်က သူ့အတွက် မဖြစ်နိုင်သေးသော်လည်း သူမက ခေါင်းပူနေပြီး သူမ၏ မိသားစုထဲသို့ လက်ထပ်ဝင်လာနိုင်မည့် ယောကျ်ားတစ်ယောက်ကို လိုချင်နေခဲ့ပါက...
ဝမ်မင်က သူမ သူ့ကို ရွေးချယ်ရန်အတွက် သေချာပေါက် သိမ်းသွင်းနိုင်မည်ကို သိနေသည်။ သူက သူ့သခင်မလေး၏ စိတ်ကို သေချာနားလည်သူပင်။
"ရှင်လား"
ဝမ်ယင်နျန်းက ဝမ်မင်ကို အံ့အားသင့်စွာ ကြည့်လိုက်သည်။ သူမက အမှန်ပင် ဝမ်မင် ထိုသို့ ပြောလာလိမ့်မည်ဟု မထင်ထားခဲ့ပေ။