Chapter 206
October 09, 2023
ဝမ်မိသားစုထဲက တစ်စုံတစ်ယောက် ရောက်လာပြီ
မသိလိုက်မသိဘာသာဖြင့် ကျောက်မင်ကျုးလေး မွေးလာသည်ပင် တစ်နှစ်ပြည့် သွားပြီး လက်ရှိတွင် ကျောက်မိသားစုက ငွေပြတ်လပ်ခြင်း မရှိသဖြင့် သဘာဝကျစွာပင် သူမ၏ မွေးနေ့ပွဲကို ကျင်းပပေးလိုကြသည်။
ဝမ်ယင်နျန်းက ကျန်းကျန့်နှင့် ကျောက်ကျင်းကောတို့ နောက်မှ လိုက်လာပြီး ကျင်းကျန့်ကိုယ်ရံတော် လုပ်ငန်း၏ အကောင်းဆုံး သင်္ဘောများထဲမှ တစ်ခုပေါ်တွင် ထိုင်ကာ အနီးအနားကို လှည့်ပတ်ကြည့်လိုက်ပြီးနောက် ပြောလိုက်သည်။
"ဒီသင်္ဘောက ကျွန်မတို့ သင်္ဘောတွေလောက် မကောင်းဘူး... ရှင်တို့ ကျွန်မမိသားစုက သင်္ဘောတွေကို လိုချင်နေတာ အံ့သြစရာ မရှိတော့ပါဘူး"
"အင်း... " ကျောက်ကျင်းကောက ခေါင်းငြိမ့်ပြလိုက်သည်။
ကျန်းကျန့်က ဝမ်ယင်နျန်းနှင့် အချိန်ဖြုန်းရန် အမြဲတစေပင် ရှောင်ရှားနေလေရာ ဝမ်ယင်နျန်းနှင့် အဆက်အဆံ အရှိဆုံးလူမှာ ကျောက်ကျင်းကော ဖြစ်လာသည်။ သူက စကားပြောမကောင်းသဖြင့် အမှန်အတိုင်းသာ ပြောလိုက်သည်။
"ဒါနဲ့ ရှင့်မှာ ကြည့်ကောင်းတဲ့ အစေခံတွေ အများကြီး ရှိတယ်မလား... ဒီတစ်ခေါက်ကျ ဘာလို့ မခေါ်ခဲ့တာလဲ"
ဝမ်ယင်နျန်းက ထပ်မေးလိုက်သည်။ ကျောက်မိသားစုတွင် နေခဲ့စဥ်က သူမကို အလုပ်အကျွေး ပြုရန် ပို့ပေးလာသည့် အစေခံများ အားလုံးမှာ ကြည့်ကောင်းကြသူများ ဖြစ်သော်လည်း ယခုတွင် တစ်ယောက်မှ မမြင်မိပေ။
"သူတို့တွေက မီးဖိုချောင်မှာပဲ အလုပ်လုပ်ကြတာ" ကျောက်ကျင်းကောက ပြောလိုက်သည်။ ထိုအစေခံများမှာ များသောအားဖြင့် မီးဖိုဆောင်ထဲတွင် အလုပ်လုပ်ရန်၊ ခြံဝင်းအလွတ်များကို သန့်ရှင်းရေး လုပ်ရန် တာဝန် ရှိပြီး ဧည့်သည်များ ဧည့်ခံရန်လည်း တာဝန်ပေးထားသည်။
ဝမ်ယင်နျန်းက ကျောက်ကျင်းကောဘေးမှ အသားမဲကာ ပိန်ပါးလှသော ကောကလေး နှစ်ယောက်ကို ကြည့်ပြီးနောက် ကျောက်လျူဘေးမှ အရေးအကြောင်းများ တွန့်နေသည့် အစေခံနှစ်ယောက်ကို ကြည့်လိုက်မိ၍ အနည်းငယ် ဆွံ့အသွားလေသည်။
"အဲ့ဒီအစေခံတွေကို မီးဖိုချောင်ထဲမှာပဲ ခိုင်းတာလား... ကျန်းကျန့်က ဘာမှ မပြောဘူးလား" သဝန်တိုတာကြီးက အရမ်း သိသာနေတာပဲ...
"အစေခံတွေ အုပ်လိုက်ကြီး အနားမှာ ဝိုင်းနေကြတာကို မကြိုက်ဘူးလို့ သူပြောထားတာပဲ"
ကျောက်ကျင်းကောက ကျေနပ်အားရစွာဖြင့် ပြောနေသည်။ ကျန်းကျန့်က အလှအပတွေမှာ နစ်မြောသွားမဲ့သူ မဟုတ်ဘူးကွ...
ဝမ်ယင်နျန်းက ကျောက်ကျင်းကောကို ရှုပ်ထွေးနေသော အမူအယာဖြင့် ကြည့်လိုက်ပြီး အနည်းငယ် မနာလို ဖြစ်သွားသည်။
လျောင်ချင်းဟယ်က အမြဲတမ်း ကလူမြှူတတ်သူ ဖြစ်ပြီး သူ့ဘေးမှ အစေခံများအားလုံးက ချောမောလှပကြသဖြင့် သူတို့က သူ့ကို ပွတ်သီးပွတ်သပ် လုပ်ကြသည်။ သူမကို အလုပ်အကျွေးပြုသူ များစွာကပင် လျောင်ချင်းဟယ်ကို ကြွေဆင်းကြလေသည်။
သူမက ပထမတွင် သက်တောင့်သက်သာ မဖြစ်ပါသော်လည်း နောက်တွင် ကျင့်သားရသွားသည်။
သူမက မိန်းမများ၊ ကောများ အားလုံး ထိုကဲ့သို့ ရှင်သန်နေကြရသည်ဟု တွေးခဲ့ပါသော်လည်း ကျောက်ကျင်းကောက မတူပေ။
သူမလည်း သူမရဲ့ မိသားစုထဲ ဝင်လာမယ့် ယောကျာ်းတစ်ယောက်ကို လက်ထပ်နိုင်လောက်လား...
သူမက အသက်ကြီးနေပြီး ကွာရှင်းထားသဖြင့် လျောင်ချင်းဟယ်ထက် ပိုသာသူကို ရှာတွေ့ရန် မဖြစ်နိုင်ပေ။ သို့သော်လည်း သူမကို လက်ထပ်မည့် ကြည့်ကောင်းပြီး မိသားစုမှာ ငွေမရှိသည့် ယောကျာ်းတစ်ယောက်ကို ရှာလိုက်ရန်က ပြဿနာကြီး မဟုတ်ပေ။
ထိုသူက အရည်အချင်း မရှိလျှင် ပိုကောင်းသည်။ ထို့မှသာ သူ့ကို မျက်စိဒေါက်ထောက် ကြည့်ထားနိုင်လျှင် သူမအပေါ် ပိုင်စိုးပိုင်နင်း ပြုမူလာမည်ကို စိတ်ပူစရာ မလိုသလို သူကလည်း သူမအပေါ် သေချာပေါက် နာခံပေလိမ့်မည်။
ဝမ်ယင်နျန်းက ကိစ္စ အတော်များများကို လျှပ်တပြက် တွေးလိုက်သော်လည်း တွေးမိရုံသာ ဖြစ်သည်။ သူမက အချိန်တစ်ခုလောက်အထိ ယောကျာ်းအသစ် မရှာချင်ပေ။
သူမက မင်းနန်သို့ တစ်ယောက်ယောက် လွှတ်ပေးမည်ဟု ပြောခဲ့သော်လည်း ယခုထက်ထိ မည်သူ့ကိုမှ အမှန်ပင် မပို့ရသေးပေ။
ဝမ်ယင်နျန်းက သက်ပြင်းချလ်ုက်သော်လည်း ထိုအခိုက်တွင် သင်္ဘောကြီးတစ်စင်းက ဖုချောင်ဆိပ်ကမ်းတွင် ဆိုက်ကပ်လာပြီး သင်္ဘောပေါ်မှ ဆင်းလာသူများအားလုံးက ဝမ်မိသားစုမှ ဖြစ်နေသည်ကို မသိလိုက်ပေ။
မိဘများက ဝမ်ယင်နျန်းကို အလွန်ချစ်ကြသဖြင့် ဖုချောင်မှာ နေသည့် သူမကို ကြည့်ရှုပေးရန် တစ်ယောက်ယောက် လွှတ်လိုက်သည်။
သူမ၏ လက်ရှိ အခြေအနေများကို သိသွားပြီးနောက် သူမကို ပြန်ခေါ်လာရန် လူလွတ်လိုက်ခြင်းသာ ဖြစ်လေသည်။
မည်မျှ အရေးကြီးသည် ဟူသည့်အချက်က မိသားစုနောက်ခံပေါ်လည်း မူတည်နေသည်။
ချမ်းသာသော မိသားစုများက မွေးနေ့ပွဲများ ကျင်းပပေးတတ်ပြီး သူတို့၏ ကလေးများကို ငွေလက်ကောက်နှင့် လက်ဝတ်ရတနာအချို့ ပေးလေ့ရှိသည်။ ငွေမရှိပါက မိသားစုနှင့်အတူ ထမင်းတစ်နပ်သာ စားနိုင်ပေမည်။
ကျောက်မိသားစုက လက်ရှိတွင် ဟယ့်ရှီရွာ၏ အချမ်းသာဆုံး မိသားစု ဖြစ်လေရာ ကျောက်မင်ကျူးအတွက် သူတို့ ကျင်းပပေးသည့် မွေးနေ့ပွဲက သဘာဝကျစွာပင် အလွန် သက်ဝင် လှုပ်ရှားနေသည်။ ကျောက်လျူ၏ မွေးနေ့ပွဲထက်ပင် လူပိုစည်သေးသည်။
ကျောက်မင်ကျုးက အနီရောင် အဝတ်အစားများနှင့် အနီရောင် ခေါင်းစည်းလေး ဝတ်ထားပြီး ကျောက်လျူနှင့် ကျောက်ဖူကွေ့တို့ မှာပေးထားသော ရွှေလက်ကောက်များကို လက်နှစ်ဖက်တွင် ဝတ်ထားကာ ခြူလုံးလေးများ ပါသည့် ငွေခြေချင်းလေးများကို ခြေကျင်းဝတ်တွင် ဝတ်ပေးထားသည်။ သူမ၏ လည်ပင်းတွင် ဆွဲပေးထားသည့် ရွှေသော့တွဲလေးက သူဌေးလက်သစ်တစ်ယောက်ပုံစံ ဖြစ်သွားစေသည်။
ဝမ်ယင်နျန်းက ထိုဝတ်စုံကို တောဆန်သည်ဟု တွေးနေပါသော်လည်း ကျောက်မင်ကျူးလေးက အလွန် သဘောကျနေပြီး ခုံသေးသေးပေါ်တွင် ထိုင်ကာ သူမလည်ပင်မှ ရွှေသော့တွဲလေးကို တပျော်တပါး ဆော့ကစားနေပြီး ခြူသံလေးကို နားထောင်ရန်အတွက် ခြေထောက်လေးကို အဆက်မပြတ် လှုပ်ခါနေခဲ့သည်။
တစ်ခဏအကြာ ကျောက်ကျင်းကော သူမဘေးတွင် ချပေးထားသည့် ခုံကို ကိုင်၍ ထလိုက်ပြီး ခြူသံလေး မြည်သွားစေရန် ခြေထောက်လေးကို ဆောင့်ချနေသည်။
ကျန်းကျန့်က သူသမီးကို ကြည့်နေရင်း ဟယ်ချွန်းရှန့်နှင့်အတူ ကျင်းကျန့်ကိုယ်ရံတော် လုပ်ငန်းမှ ကိစ္စအကြောင်း ပြောနေချိန်တွင် ကျောက်မင်ကျူးက အပြင်းအထန် ခြေဆောင့်ချနေသဖြင့် ခုံကို ကိုင်ထားသည့် လက်နှစ်ဖက်လုံးကို သတိလက်လွတ် လွှတ်လိုက်မိသည်ကို တွေ့လိုက်ရသည်။
ထိုမျှမကသေး။ သူမ၏ ခြေထောက်လေးကို တဖြည်းဖြည်း ဆောင့်ချနေရင်း အရှေသို့ လျှောက်လာကာ မထင်မှတ်ထားစွာဖြင့် ဤကဲ့သို့ တလျှောက်လုံး လျှောက်လာမိသွားသည်။
တစ်လလောက် ခိုင်ခိုင်မာမာ မတ်တပ်ရပ်နိုင်သွားပြီးနောက် သူမက အဆုံးတွင် လွှတ်ချလိုက်ရန် ဆန္ဒရှိနေပေသည်။
ကျန်းကျန့်က ချက်ချင်းပင် ဟယ်ချွန်းရှန့်၏ တင်ပြမှုကို နားထောင်ရန် အချိန်မရှိတော့ဘဲ အာရုံအလုံးစုံကို သူ့သမီးလေးဆီမှာသာ ပို့ထားလိုက်သော်လည်း ဝင်မနှောက်ယှက်ရဲပေ။
ကျောက်မင်ကျူးက သူမအနီးမှ နံရံဆီသို့ လျှောက်လာခဲ့ပြီး အဆုံးတွင် သူမ၏ အခြေအနေကို သဘောပေါက်သွားလေသည်။ သူမက လန့်သွားသည်ကြောင့်ထင် မြေပေါ်သို့ ထိုင်ချကာ စတင်ငိုကြွေးလေတော့သည်။
ကျောက်ကျင်းကောက အပြင်မှ ဝင်လာခဲ့ပြီး ထိုအခြေအနေကို မြင်သောအခါ စိတ်သောကရောက်သွားသဖြင့် သူ့သမီးလေးကို မြန်မြန် ပွေ့ချီကာ ကျန်းကျန့်ကို ကြည့်လိုက်သည်။
"ဘာဖြစ်သွားတာလဲ" ကျန်းကျန့်က ကျောက်မင်ကျူးကို အလွန် အလေးထားသဖြင့် ကျောက်မင်ကျူးကို တစ်ယောက်တည်း ထိုင်ကာ ငိုကြွေးခွင့်ပြုမည် မဟုတ်ပေ။
"အဲ့နေရာကို သူ့ဘာသာသူ လျှောက်သွားတာလေ" ကျန်းကျန့်က ပြောလိုက်သည်။
ကျောက်ကျင်းကော၏ မျက်လုံးများက အံ့သားသင့်မှုကြောင့် ပြူးကျယ်လာခဲ့သည်။
"တို့မင်ကျူးလေးကတော့ အရမ်းတော်တာပဲ... စောစော စကားစပြောတဲ့အပြင် လမ်းပါ စောစောလျှောက်နိုင်ပြီ"
"ဟုတ်တာပေါ့.... ဘယ်သူ့သမီးလဲဆိုတာ ကြည့်စရာတောင် မလိုဘူး" ကျန်းကျန့်သည်လည်း လွန်စွာ ဂုဏ်ယူနေသည်။ ဟယ့်ရှီရွာမှ ကလေးများမှာ ကောင်းကောင်း မစားသောက်နိုင်ကြသဖြင့် တစ်နှစ်သားကလေးများစွာက မည်သို့ လမ်းလျှောက်ရမည်ကို မသိကြသေးရာ ကျောက်မင်ကျူးကို လမ်းစောစော လျှောက်နိုင်သည်ဟု ဆိုရပေမည်။
သေချာပေါက် အဓိကအချက်မှာလည်း သူမက ကောင်းကောင်း စားသောက်နိုင်၍ ဖြစ်ပေသည်။
ကျောက်မင်ကျူးလေးက တစ်ခဏမျှ ငိုပြီးနောက်တွင် မြေပေါ်သို့ ပြန်ချပေးရန် ခြေထောက်လေးကို ကန်နေပြီး မြေပေါ်သို့ ရောက်သောအခါ ဂရုတစိုက်ဖြင့် လမ်းစလျှောက်လေသည်။
ထိုအချင်းအရာကို မြင်သောအခါ ကျောက်ကျင်းကောက အလွန် ဂုဏ်ယူသွားပြီး ကိုယ်ကို ကိုင်း၍ ကျောက်မင်ကျူးကို ပွေ့ကာ အပြင်ဘက်သို့ ချီလာခဲ့သည်။ အပြင်ဘက်သို့ ရောက်သောအခါ သူမ၏ လက်ကလေးကို လွှတ်ပေးလိုက်သည်။
ကျောက်မင်ကျူးလေးက တစ်လှမ်းချင်း တစ်လှမ်းချင်းဖြင့် အရှေ့သို့ တဖြည်းဖြည်း လျှောက်လာနေပြီး အမတရှစ်ပါးစားပွဲအောက်သို့ ရောက်သောအခါ ဖင်ချထိုင်ကာ မလှုပ်တော့ပေ။
"ကြည့်ကောင်းတဲ့ ကလေးလေးပဲ"
"သန်မဲ့ပုံပဲနော်"
"သူက လမ်းလျှောက်တတ်နေပြီလား... အံ့သြစရာပဲ"
…
ဧည့်သည်များက ချီးမွမ်းပြောဆိုနေကြပြီး ကျောက်ကျင်းကောကလည်း အလွန် ဂုဏ်ယူနေပေသည်။
ဝမ်ယင်နျန်းလည်း ကြည့်လိုက်ပြီးနောက် အနည်းငယ် မနာလို ဖြစ်လာခဲ့သည်။
သူမက ကလေးများကို သိပ်မနှစ်သက်လှပါသော်လည်း ကလေးမရှိခြင်းက သူမကို စိတ်ထိခိုက်ရစေသည်။
သူမက ကလေးတစ်ယောက် မွေးစားခဲ့လျှင်တောင် သားသမီးရင်းများ ရှိခြင်းနှင့် မတူနိုင်ပေ။
ကျောက်မင်ကျူး၏ မွေးနေ့ပွဲက ကျေးလက်ဓလေ့ထုံးတမ်းများအတိုင်း ကျင်းပထားခြင်း ဖြစ်သဖြင့် စားပွဲပေါ်မှ ဟင်းပွဲများက ကြီးကျယ်ခမ်းနားခြင်း မရှိသော်လည်း တတ်နိုင်သည်ဟု ပြောရပေမည်။
အဆုံးတွင် ဟယ့်ရှီရွာသားများအတွက် ကြက်သားစတူးက ခိုသားစတူးထက်ပို၍ တတ်နိုင်ပေသည်။ ခိုတစ်ကောင်က... အားလုံးပေါင်းရင် တစ်လုတ်စာတောင် မရှိဘူးမလား...
ဝမ်ယင်နျန်းက တည်ခင်းထားသော ဟင်းပွဲများကို မကြိုက်ပါသော်လည်း တက်ကြွနေသော ဘေးနား ပတ်ဝန်းကျင်ကြောင့် သူမ၏ စိတ်အခြေအနေကို အတော်လေးကောင်းစေပြီး အဆုံးတွင် အတော်များများ စားမိသွားသည်။
"ဘောစ့်... အပြင်ဘက်က တစ်ယောက်ယောက်က လက်ဆောင် လာပေးချင်လို့ပါတဲ့" ကျန်းမင်က ရုတ်တရက် အပြင်ဘက်မှ ပြေးလာခဲ့သည်။
"ဘယ်သူလဲ" ကျန်းကျန့်က မေးလိုက်သည်။ ကျန့်ရီနဲ့ တခြားသူတွေက လက်ဆောင်ကြိုပေးထားကြပြီးသား ဆိုတော့ အခု လက်ဆောင် လာပေးတာ ဘယ်သူများလဲ...
"မင်းနန်က ဝမ်မိသားစုလို့ ပြောပါတယ်"
"ဝမ်မိသားစုလား" ကျန်းကျန့်က အံ့အားသင့်သွားလေသည်။ ဝမ်ယင်နျန်း ကွာရှင်းတာ ရက်နည်းနည်းပဲ ရှိသေးတယ်... ဘယ်လိုလုပ်ပြီး ဝမ်မိသားစုက ရောက်ချလာတာလဲ...
ဝမ်မိသားစုမှ လူများကို အထဲသို့ မြန်မြန် ဖိတ်ကြားလိုက်သည်။
ဝင်လာသူမှာ အသက်သုံးဆယ် အရွယ် လူငယ်တစ်ယောက် ဖြစ်သည်။ ဒါပေါ့... ကျန်းကျန့်က ဒီအသက်အရွယ်တွေကို ငယ်တယ်လို့ ခေါ်ခဲ့ဖူးပေမယ့် ဒီခေတ် လူတွေအတွက်တော့ ငယ်တယ်လို့ ခေါ်လို့ မရတော့ဘူးလေ... အသက်သုံးဆယ်အစောပိုင်းအရွယ် အမျိုးသမီးများပင် အဘွား ဖြစ်နေကြလေပြီ...
"နေ့ရက်ကောင်းလေး ဖြစ်ပါစေ သခင်ကြီးကျန်း" ထိုလူက ကျန်းကျန့်ကို ပြုံးပြကာ ဦးညွှတ်လိုက်သည်။
"ကျွန်တော့် နာမည် ဝမ်မင်ပါ... မင်းနန်က ဝမ်မိသားစုကနေ လာတာပါ... ဒီနေ့က သခင်မလေးကျောက်ရဲ့ မွေးနေ့ ဖြစ်တာကြောင့် သခင်မလေးကျောက်အတွက် လက်ဆောင်ပြင်လာပါတယ်... လေးစားသမှု ပြယုဒ်လေးပါပဲ"
သူ ပြောပြီးသည်နှင့် သူ့နောက်မှ လူက လက်ဆောင်တစ်ခု ပေးလာခဲ့သည်။ လက်ဆောင်ကို ထုပ်ပိုးထားသဖြင့် အထဲမှ အရာကို မသိရသော်လည်း အပြင်ဘက်ရှိ ထူးခြား လှပသော သေတ္တာလေးကို ကြည့်ရုံမျှဖြင့် အထဲမှ ပစ္စည်းက အတော်လေး တန်ကြေးရှိမည် ဖြစ်ကြောင်း သိနိုင်ပေသည်။
"ကျေးဇူးပြုပြီး အထဲကိုလာပေးပါ... မစ္စတာဝမ်"
ကျန်းကျန့်က ဝမ်မင်ကို အထဲသို့ ဖိတ်ခေါ်လိုက်သည်။ ထိုသူ၏ အထောက်အထားကို သေချာမသိရသဖြင့် ထိုသူကို ဝမ်ယင်နျန်းဆီ ခေါ်သွားပေးရပေမည်။
ဝမ်ယင်နျန်းက အပြင်သို့ ထွက်လာနေပြီ ဖြစ်၍ ကျန်းကျန့်က ထိုသူများကို ခေါ်လာစရာပင် မလိုခဲ့ပေ။ အပြင်ဘက်မှ လူကို တွေ့လိုက်ရသောအခါ သူမက အနည်းငယ် အံ့အားသင့်သွားခဲ့လေသည်။
"ဝမ်မင်... ဘယ်လိုလုပ်ပြီး ရောက်လာတာလဲ"
"သခင်မလေး မတရားခံနေရတာကို ကြားလို့ သခင်ကြီးနဲ့ သခင်မကြီးက ကျွန်တော့်ကို လာကြည့်ခိုင်းလိုက်တာပါ"
ဝမ်မင်က ဝမ်ယင်နျန်းဘက်သို့ လှည့်ကာ ပြောလိုက်သည်။
"အဖေနဲ့ အမေက ဘယ်လို သိသွားတာလဲ" ဝမ်ယင်နျန်းက ပို၍ပင် အံ့အားသင့်သွားလေသည်။ သူမကဖြင့် မိဘတွေကို ဘယ်လို ပြောပြရမလဲ တွေးနေတုန်းလေ...
"သခင်ကြီးနဲ့ သခင်မကြီးက ခိုစာ ရခဲ့လို့ပါ" ဝမ်မင်က ပြောလိုက်သည်။
နှစ်တိုင်း ဝမ်မိသားစုက ဝမ်ယင်နျန်းထံသို့ လက်ဆောင်များ ပေးပို့ချိန်တွင် ခိုတစ်အုပ်ကို မင်းနန်မှ ဖုချောင်သို့ ခေါ်သွားပြီး ထိုခိုများကို ဖုချောင်တွင် ထားထားသည်။ ဝမ်ယင်နျန်းထံ ကိစ္စတစ်ခုခု ရှိလာပါက ခိုများကို မင်းနန်သို့ ပျံသွားရန် ချက်ချင်း ပြန်လွှတ်ပေးလိုက်မည် ဖြစ်သည်။
ဤတစ်ကြိမ်တွင် ဝမ်ယင်နျန်း ကွာရှင်းလိုက်သည့်အတွက် ထိုကဲ့သို့သော သတင်းကြီးအတွက် ခိုဆယ်ကောင် လွှတ်၍ သတင်းပို့ပေးလိုက်သည်။
ဝမ်မင် ထိုသတင်းကို ရသောအခါ နှောင့်နှေးခြင်းမရှိဘဲ ဖုချောင်ကို ချက်ချင်း လာခဲ့သည်။
ဖုချောင်သို့ ရောက်သောအခါ ဝမ်ယင်နျန်းကို လိုက်ရှာခဲ့သော်လည်း ရှာမတွေ့သဖြင့် အနီးအနားကို မေးမြန်း စုံစမ်းကြည့်လိုက်ရာ ဤနေရာသို့ ရောက်လာသည်ဟု သိရှိလိုက်ရသဖြင့် လက်ဆောင်မြန်မြန်ပြင်ကာ လိုက်လာခဲ့ခြင်း ဖြစ်သည်။
ဝမ်ယင်နျန်းက သူမ၏ မိသားစု ဖုချောင်တွင် ခိုများ ထားခဲ့မှန်း မသိခဲ့သဖြင့် ဤအခိုက်တွင် သူမ၏ နှလုံးသားထဲ၌ မည်သို့ ခံစားနေရသည်ကိုပင် မပြောနိုင်တော့ပေ။
"အဖေနဲ့ အမေက ကျွန်မကို အပြစ်မတင်ကြဘူးလား"
"သခင်ကြီးနဲ့ သခင်မကြီးက ဒေါသထွက်နေကြပေမယ့် သခင်မလေးကို အပြစ်မတင်ကြပါဘူး"
ဝမ်မင်က ပြောလိုက်သည်။ "သူတို့က အဲ့ဒီလျောင်ချင်းဟယ်ကို လုံးဝ ခွင့်လွှတ်မှာ မဟုတ်ကြောင်းနဲ့ သခင်မလေးအတွက် ပိုကောင်းတဲ့သူကို သေချာပေါက် ရှာပေးနိုင်မှာမို့လို့ စိတ်ချထားနိုင်ကြောင်းပဲ ပြောခိုင်းလိုက်တာပါ"
ဝမ်ယင်နျန်း၏ မျက်လုံးများ စိုစွတ်လာပြီး မျက်ရည်များ ကျဆင်းလုမတတ် ဖြစ်သွားသော်လည်း သူမက ပြန်သိမ်းထားလိုက်သည်။
ဝမ်မင်ကို အထဲသို့ ခေါ်လာပြီးနောက် ကျန်းကျန့်က သူနှင့် စကားပြောကြည့်လိုက်ရာ ထိုသူက ဝမ်မိသားစု အိမ်တော်ထိန်း၏ သားဖြစ်ပြီး လက်ရှိတွင် ဝမ်မိသားစုအတွက် အိမ်တော်ထိန်းအဖြစ် အလုပ်လုပ်ပေးနေသည်ကို သိလိုက်ရသည်။
"ဝမ်မိသားစုရဲ့ သင်္ဘောတွေကို ဘယ်လောက် ရောင်းပေးနိုင်မလဲ" ကျန်းကျန့်က တဲ့တိုးပင် မေးလိုက်သည်။ သူ ဝမ်ယင်နျန်းကို ကူညီပေးရခြင်းမှာလည်း ထိုအကြောင်းကြောင့်သာ ဖြစ်၍ သူက ထိုအချက်ကို ကွယ်ဝှက်မထားတော့ပေ။ သူက ဖုံးကွယ်ထားစရာလည်း မလိုဟု တွေးမိသည်။
"ဝမ်မိသားစုမှာ သင်္ဘောအမျိုးအစားတွေ အများကြီး ရှိပါတယ်... သစ်သားရဲ့ အရွယ်အစားအပေါ် မူတည်ပြီး စျေးနှုန်း ကွဲပြားသွားတာ... သခင်ကြီးကျန်း ကိုယ်တိုင်သွားကြည့်နိုင်ရင် ပိုကောင်းမှာပဲ... သခင်ကြီးကျန်း ဝယ်ချင်ရင် ဆုံးဖြတ်ချက်ချပေးဖို့ ကူညီပေးနိုင်ပါတယ်... ဆယ်ရာခိုင်နှုန်းလည်း လျှော့ပေးမှာပါ" ဝမ်မင်က ခပ်ပြုံးပြုံးဖြင့် ပြောလိုက်သည်။
သင်္ဘောကြီးများ၏ စျေးနှုန်းက မနည်းလှသဖြင့် ဆယ်ရာခိုင်နှုန်း လျှော့စျေးက သေချာပေါက်ပင် ငွေပမာဏ များပေသည်။ ဝမ်မင် ထိုကဲ့သို့သော ကိစ္စများကို ဆုံးဖြတ်ချက်ချနိုင်ခြင်းက ကျန်းကျန့်ကို အနည်းငယ် အံ့အားသင့်သွားစေသည်။
သေချာပေါက် ၎င်းက သူ့အတွက် ကိစ္စကောင်းသာ ဖြစ်၍ သူက "ဒါဆိုလည်း ကျေးဇူးအများကြီး တင်ပါတယ်" ဟုသာ ပြောလိုက်သည်။
ကျောက်မင်ကျုး၏ တစ်နှစ်ပြည့် မွေးနေ့ပွဲလေးက အောင်အောင်မြင်မြင် ပြီးဆုံးသွားခဲ့လေပြီ။
ဖုချောင်တွင် လုပ်စရာ ကိစ္စများစွာ ရှိသဖြင့် နောက်တစ်ရက်တွင် ကျန်းကျန့်နှင့် ကျောက်ကျင်းကောတို့က ဝမ်မင်နှင့် ဝမ်ယင်နျန်းတို့နှင့်အတူ ဖုချောင်သို့ ပြန်လာခဲ့ကြသည်။