Chapter 205
ဝမ်မိသားစုထံမှ သင်္ဘောများကို ဝယ်ယူခြင်း
ပထမတွင် ကျောက်မိသားစု လယ်လုပ်ခဲ့ဖူးကြောင်း ကြားလိုက်ရစဥ်က မြေပိုင်ရှင်များ ဖြစ်ကြမည်ဟု ဝမ်ယင်နျန်း တွေးထားခဲ့သော်လည်း သူတို့က အမှန်ပင် လယ်သမားများ ဖြစ်ခဲ့ကြမည်ဟု မထင်မှတ်ထားခဲ့ပေ။
သာမန်လူများအဖို့ မိသားစုစီးပွားရေး လုပ်ငန်း ဖြစ်လာအောင် ရုန်းကန်ရသည်က မလွယ်ကူသဖြင့် ကျောက်ကျင်းကောနှင့် ကျန်းကျန့်တို့က အမှန်ပင် လုပ်ရည်ကိုင်ရည် ရှိကြပေမည်။
ဝမ်ယင်နျန်း ထိုအကြောင်း တွေးနေစဥ် အစေခံများစွာက ပန်းကန်များလာရောက် သိမ်းဆည်း ရှင်းလင်းပေးနေပြီး သူမအား ပြောလာသည်ကို တွေ့လိုက်ရသည်။
"သခင်မဝမ်... လိုအပ်တာ ရှိရင် ကျွန်မတို့ကို ခိုင်းလို့ရပါတယ်"
ဝမ်ယင်နျန်ဘေးတွင် အလုပ်အကျွေး ပြုမည့်သူ များစွာ ရှိသဖြင့် သူတို့ကို ခိုင်းရန် မလိုလေရာ သူမက ငြင်းလိုက်ပြီး အစေခံများကို ဦးဆောင်၍ အပြင်ထွက်လာခဲ့သည်။
သူမ၏ ကိုယ်ပိုင် ပစ္စည်းများမှ လွဲ၍ မနေ့က လျောင်မိသားစုထံမှ ယူခဲ့သည့် ပစ္စည်းများကို စီစဥ်ကာ ရောင်းချပြီးသွားလေပြီ။
၎င်းတို့က မျက်စိစပါးမွှေး စူးလွန်းလှသည်။
ဝမ်ယင်နျန်း သူမ၏ ခြံဝင်းမှ ထွက်လာစဥ်မှာပင် ငယ်ငယ်ရွယ်ရွယ်ကောလေးနှစ်ယောက်က နောက်မှ လိုက်နေပြီး သူ့ကလေးနှင့် ဆော့ကစားနေသည့် ကျောက်ကျင်းကောကို တွေ့လိုက်ရသည်။
"သခင်မဝမ်... မင်္ဂလာ နံနက်ခင်းပါ" ဝမ်ယင်နျန်းကို မြင်သောအခါ ကျောက်ကျင်းကောက ချက်ချင်း နှုတ်ဆက်လာခဲ့သည်။
"မစောတော့ပါဘူး" ဝမ်ယင်နျန်းက ပြောလိုက်သည်။
မှန်ပေသည်... မိုးစင်စင်လင်းနေလေပြီ... ကျောက်ကျင်းကောက မည်သို့ ပြန်ဖြေရမည်ကို သေချာမသိတော့ပေ။
"ရှင် မင်းနန်ပြည်နယ်ကို အလုပ်ယူပေးမလား"
ဝမ်ယင်နျန်းက ရုတ်တရက် မေးလိုက်သည်။ "ကျွန်မအမေ မိသားစုကို ပစ္စည်းတွေ ပြန်ပို့ပေးလိုက်ချင်လို့"“ သူမက အချိန်တစ်ခုလောက်အထိ အိမ်ပြန်ရဲမည် မဟုတ်သော်လည်း တစ်ယောက်ယောက်ကို လွှတ်ကာ အခြေအနေ အရပ်ရပ်များ ရှင်းလင်းစေပြီး သူမ၏ မိဘများကို လက်ဆောင် ပို့ပေးချင်နေသည်။
"အရင်က အဲ့ဘက်ကို မရောက်ဖူးပေမယ့် သခင်မအတွက်ဆိုရင်... ယူပေးပါ့မယ်" ကျောက်ကျင်းကောက ပြောလိုက်သည်။
"ဘာလို့လဲ" ဝမ်ယင်နျန်းက မျက်မှောင်ကျုံ့လိုက်ပြီး ထိုအကြောင်းကို မတွေးမိဘဲ မနေနိုင်ပေ။ မနေ့က ကျန်းကျန့်နဲ့ ကျောက်ကျင်းကောတို့ သူမကို လာကယ်ကြတာက ဖုံးကွယ်ထားတဲ့အကြံအစည်တွေ ကြောင့်များလား...
"မနေ့က သခင်လေးကျန့်က ပြောတယ်... သခင်မရဲ့ မိခင်မိသားစုက သင်္ဘောတွေ ဆောက်လုပ်နိုင်တယ် ဆိုလို့ ကျွန်တော်တို့ သင်္ဘောကြီး အချို့ ဝယ်ချင်နေတာ" ကျောက်ကျင်းကော တဲ့တိုးပင် ပြောလိုက်သည်။
ဝမ်ယင်နျန်းက ကျောက်ကျင်းကော သူမထံမှ လိုချင်နေသော အရာကို စဥ်းစားနေဆဲ ဖြစ်ကာ ၎င်းကို ကြားမှသာ အဆုံးတွင် နားလည်သွားခဲ့သည်။
ဝမ်မိသားစုတွင် လက်မှုပညာသည်များစွာ ရှိပြီး သူတို့လုပ်ထားသော သင်္ဘောများမှာလည်း ရောင်းချရန်သာ ဖြစ်၍ ထိုသင်္ဘောများအား ကျင်းကျန့် ကိုယ်ရံတော် လုပ်ငန်းသို့ ရောင်းချရမည့်အပေါ် ပြဿနာ တစ်စုံတစ်ရာ မရှိသဖြင့် ဝမ်ယင်နျန်းက စဥ်းပင် မစဥ်းစားတော့ဘဲ သဘောတူလိုက်သည်။
"ကိစ္စမရှိဘူး... အချိန်ကျရင် ကျွန်မရဲ့ ဒုတိယအစ်ကိုကို စာရေးပေးလိုက်မယ်... သူ ရှင်တို့ကို သေချာပေါက် ရောင်းပေးမှာပါ"
"ကျေးဇူးတင်ပါတယ်" ကျောက်ကျင်းကောက သူမကို ကျေးဇူးတင်လိုက်သည်။
"မလိုပါဘူး" ဝမ်ယင်နျန်းက သူမ၏ လက်ကို ဝှေ့ယမ်းလိုက်ပြီး ထွက်သွားလေသည်။
ဝမ်ယင်နျန်း ထွက်သွားသည်ကို ကြည့်ပြီးနောက် ကျောက်ကျင်းကောက ကျောက်မင်ကျူးလေးနှင့် ထပ်ပြီး ကစားနေပြီး တစ်ဆက်တည်းမှာပင် ဟယ်ချွန်းရှန့် ပေးပို့လာသည့် ကျင်းကျန့်ကိုယ်ရံတော် လုပ်ငန်း၏ အရေးကိစ္စအချို့ကို ကြည့်ရှုပေးနေခဲ့သည်။ သူက ဖုချောင်ဘက်ရှိ အုတ်ဖိုမှ ပို့လာသည့် စာရင်းစာအုပ်များကိုလည်း ဖတ်လိုက်သေးသည်။
ဖုချောင်တစ်ဖက်မှ အုတ်ဖိုက ယခုတွင် ကျန်းရှောင်မိန်နှင့် သူမ၏ ယောကျ်ား ကျန်းပိုင်တို့၏ လက်အောက်တွင် ရှိနေလေပြီ။
ကျန်းမိသားစု ကျန်းကျန့်ကို တရားစွဲပြီး မကြာမီမှာပင် ကျန်းရှောင်မိန်က ကျန်းပိုင်နှင့် လက်ထပ်ခဲ့ပြီး ဖုချောင်တွင် အုတ်ဖုတ်ရန် ကျောက်ကျင်းကောနောက်သို့ လိုက်လာခဲ့သည်။
အတိတ်က ကျန်းပိုင်မှာ လွတ်လပ်သူ တစ်ယောက် မဟုတ်သော်လည်း ယခုတွင် ကျန်းကျန့်က သူ့အရောင်းစာချုပ်ကို ပြန်ရွေးခွင့် ပြုပေးလိုက်ပြီး ဇနီး တစ်ယောက်နှင့်ပါ လက်ထပ်ပေးခဲ့သဖြင့် သူက အလွန်ကျေးဇူးတင်ကာ အထူးအလုပ်ကြိုးစားသည်။ သူက အုတ်ဖုတ်ရာတွင် ကြိုးစားရုံသာမက အလုပ်သင်များစွာကိုလည်း ခေါ်လာပေးခဲ့သဖြင့် ကျောက်ကျင်းကော၏ အုတ်ဖို ဖွင့်လှစ်ပြီး မကြာခင်မှာပင် ဆယ်စုနှစ်များစွာ ဖွင့်လှစ်ခဲ့သည့် ဖုချောင်၏ ဤဘက်ပိုင်းမှ အုတ်ဖိုများထက် ထုတ်လုပ်မှုနှုန်းက မထင်မှတ်ထားစွာပင် သာလွန်သွားခဲ့ပြီး ကျောက်ကျင်းကောအတွက် ငွေအမြောက်အများ ရှာပေးနိုင်ခဲ့သည်။
အုတ်ဖို၏ စာရင်းစာအုပ်က အလွန်ရိုးရှင်းသဖြင့် ကျောက်ကျင်းကောက ၎င်းကို မြန်မြန် ဖတ်ပြီးသွားခဲ့ပြီး လာရောက် အစီရင်ခံသူကို မေးခွန်းအချို့ မေးနေခဲ့သည်။
သူနှင့် ကျန်းကျန့်တို့ ပင်လယ်ဘက်မှ ခေါ်လာခဲ့သည့် လူများ အုတ်ဖိုတွင် ကောင်းကောင်းနေထိုင်နေကြသည်ကို သိသောအခါ ကျောက်ကျင်းကော စိတ်အေးသွားရလေသည်။ ထို့နောက် သူက ထိုလူများအတွက် နေတိုင်း အသားအချို့ကို ပြင်ဆင်ပေးရန် အထူးညွှန်ကြားထားသဖြင့် သူတို့၏ ခန္ဓါကိုယ်ကို အာဟာရဖြည့်ပေးနိုင်ပေမည်။
အစီရင်ခံလာသူက တစ်ခုပြီးတစ်ခု ပြန်ဖြေပေးနေသည်။ ထိုကိစ္စများကို ပြုလုပ်ပြီးသွားသောအခါ မွန်းတည့်ချိန်ရောက်နေပြီ ဖြစ်သော်လည်း ကျန်းကျန့်က ပြန်မလာသေးပေ။ ကျောက်ကျင်းကောက ကျောက်မင်ကျူးလေးကို ချီကာ ချင်ဖုန့်အဆောက်အဦး၏ အခြေအနေကို မေးရန်အတွက် တစ်ယောက်ယောက် ရှာရန် တံခါးဝသို့ ရောက်လာသောအခါ အရန်တံခါးဝ ပွင့်နေသည်ကို တွေ့လိုက်ရသည်။
ကျန်းကျန့် ပြန်ရောက်နေပြီလား... ကျောက်ကျင်းကောက ဝမ်းသာသွားပြီး ကျန်းကျန့်အား ကြိုဆိုရန် ပြင်လိုက်စဥ် ပြန်လာသူမှာ ဝမ်ယင်နျန်း ဖြစ်နေသည်ကို တွေ့လိုက်ရပြီး ထိုသည်ထက် ဝမ်ယင်နျန်း၏ အမူအယာက အလွန် ကြည့်ရဆိုးနေသည်။
"သခင်မဝမ်... ဘာဖြစ်နေတာလဲ" ကျောက်ကျင်းကောက စိုးရိမ်ပူပန်စွာ မေးလိုက်သည်။ ဝမ်ယင်နျန်၏ မျက်နှာအမူအယာ ကြည့်ရဆိုးနေသည်သာမက ဝမ်ယင်နျန်း ဘေးမှ လူများ၏ အမူအယာများမှာလည်း... သူက အစေခံအချို့ထံမှ ကြက်ဥပုပ်နံ့ ရလိုက်သည်။ ကြက်ဥပုပ်တွေနဲ့ အပစ်ခံထားရတာလား...
"ရူးနေတဲ့ လူတစ်သိုက်နဲ့ တွေ့ခဲ့လို့လေ" ဝမ်ယင်နျန်းက အေးတိအေးစက် ပြောလိုက်သည်။
သူမက အပြင်ထွက်ကာ ဖုချောင်တွင် သူမဝယ်ထားခဲ့သည့်အိမ်ကို သွားခဲ့သည်။ ပထမတွင် သူမက မည်သည်ကိုမှ မကြုံတွေ့ခဲ့ရသော်လည်း နေ့လည်ပိုင်းရောက်သောအခါ စာသင်သားတစ်စုက ရုတ်တရက် ဝင်လာခဲ့သည်။
ထိုလူများက သူမကို "ခြင်္သေ့မ" "အဆိပ်ပြင်းတဲ့ မိန်းမ" စသည်ဖြင့် ခေါ်နေကြပြီး သူမကို ပြင်းပြင်းထန်ထန် ကြိမ်းမောင်းကာ သူမကို အခြားသူများ ကြက်ဥပုပ်နှင့် ပေါက်ကြရန်ကိုပင် လှုံ့ဆော်ပေးနေခဲ့ကြသည်။
သူမဘေးမှ လူများကြောင့်သာ မဟုတ်ပါက နေရာမှာပင် ဝုန်းဒိုင်းကျဲပစ်လိုက်နိုင်သည်။
ဝမ်ယင်နျန်းက ထိုအချိန်က မြင်ကွင်းကို ပြန်တွေးကြည့်လိုက်တိုင်း ဒေါသကြောင့် တုန်ယင်နေသည်။
ဘာလို့ ဒီကမ္ဘာပေါ်မှာ ဆူညံလွန်းတဲ့ လူတွေ အများကြီး ရှိနေရတာလဲ...
အဲ့ဒီမကောင်းတဲ့လူတွေ... သူတို့လည်း လျောင်ချင်းဟယ်လို သူတို့ရဲ့ မိန်းမတွေကို မျက်လုံးထဲ မထည့်တတ်ကြတာပဲလား... သူတို့က အခု သူတို့မိသားစုထဲက မိန်းမတွေကို စိုးရိမ်ပြီးတော့ သူမကို ပထမဆုံးဖိနှိပ်ဖို့ ပြဿနာ လာရှာတာပေါ့လေ...
မဟုတ်ရင် လျောင်ချင်းဟယ်အတွက်နဲ့ ဘာလို့ ဒေါသထွက်ပြီး ရန်မူပြနေရမှာလဲ...
ငရဲကိုသာ သွားလိုက်ပါတော့လား... ဝမ်ယင်နျန်မှာ ထိုသူများကို အစကနေ အဆုံးထိ သူမ၏နှလုံးသားထဲမှ မရေတွက်နိုင်အောင် ကျိန်ဆဲနေခဲ့သည်။ သို့သော်ငြား ပြီးနောက်တွင်ပင် ရှုံးနိမ့်မှုကို တွေ့ကြုံခံစားနေရဆဲ ဖြစ်သည်။
"ကျောက်ကျင်းကော... ကျွန်မအတွက် ငွေလိုက်ကောက်ဖို့နဲ့ တခြားကိစ္စတွေ လုပ်ပေးဖို့အတွက် လူရှာပေးနိုင်မလား... ကျွန်မ သူတို့ကို လိုနေပြီ"
ဝမ်ယင်နျန်းက သူမ၏အစေခံများကို ဆေးကြောရန် လွှတ်လိုက်ပြီးနောက် ကျောက်ကျင်းကောကို ကြည့်လိုက်သည်။
သူမ ယခင်က လျောင်မိသားစုမှ ထွက်လာသောအခါ ပစ္စည်းအများအပြား ယူလာခဲ့သော်လည်း ခွဲရေး တွဲရေး ကိစ္စများအကြောင်း တွေးနေဆဲ ဖြစ်သည်။
လျောင်မိသားစုက လက်ရေးလှစာပန်းချီများ၊ ပန်းချီကားများကို မျိုးရိုးစဥ်ဆက် စုဆောင်းထားခဲ့သော်လည်း သူမ လျောင်မိသားစုထဲသို့ လက်ထပ်ပြီး ဝင်ရောက်လာသောအခါ အကြွေး ဆပ်ရန် အတွက် ၎င်းတို့ကို မထုတ်ခိုင်းခဲ့ပေ။ သူမက လျောင်မိသားစု၏ မြို့ပြင်မှ မြေဧက 30ကိုပင် မထိခဲ့ပေ။
သို့သော်လည်း ရလဒ်ကမူ လျောင်ချင်းဟယ်က သူမကို ဆူပူကြိမ်းမောင်းရန်အတွက် လူတစ်စုကို လှုံ့ဆော်ပေးလိုက်သေးသည်။
ဝမ်ယင်နျန်းက ထိုအကြောင်းကို စုံစမ်းရန် လူလွှတ်လိုက်ပြီးနောက် အခြေအနေ အရပ်ရပ်က အလွန် ရှင်းလင်းသွားခဲ့သည်။
မနေ့က ဝမ်ယင်နျန်း လုပ်ခဲ့သည့် ဒုက္ခများကြောင့် လျောင်မိသားစုက တစ်ညလုံး မအိပ်ခဲ့ရပုံပါပင်။ ဤမနက်တွင် စောစောထပြီးနောက် သူတို့မှာ မနက်စာပင် စားရန်မရှိတော့သည်ကို တွေ့ရှိလိုက်ကြရသည်။
ဝမ်ယင်နျန်းက စာဖိုမှုးကိုပါ ခေါ်သွားခဲ့လေသည်။
လျောင်မိသားစုက ထမင်းတစ်နပ်ကို ချက်ပြုတ်ရန်အတွက် ဟင်းချက်ကောင်းသော အစေခံတစ်ယောက်ကို ရှာတွေ့ရန် အားထုတ်လိုက်ရသော်လည်း ပါဝင်ပစ္စည်းများနှင့် အသုံးအဆောင်အမျိုးမျိုး ပြတ်လပ်နေမှုကြောင့် စားသောက်ရာ၌ အဆင်မပြေ ဖြစ်သွားကြရသည်။
ထို့နောက်တွင် သူတို့ သိလိုက်ရသည်က... သူတို့မှာ ပိုက်ဆံအနည်းငယ်သာ သုံးစရာ ရှိနေသဖြင့် ဤတစ်နပ်ပြီးနောက် နောက်ထပ်အစားအစာများအတွက် မည်သို့ ကြံစည်ရမည်ကိုပင် မသိတော့ပါချေ။
ပထမတွင် လျောင်ချင်းဟယ်က ဤကဲ့သို့ အခြေအနေမျိုးနှင့် ကြုံတွေ့လိုက်ရသောအခါ စိတ်မပူပဲမနေနိုင်သဖြင့် သူ့သူငယ်ချင်းများ သူ့ကို လာကြည့်ကြသောအခါ စတင် တိုင်တန်းပြောဆိုလေတော့သည်။
လျောင်ချင်းဟယ်က ဖုချောင်၏ စာသင်သား အကျော်အမော် လေးယောက်ထဲမှ တစ်ယောက် ဖြစ်၍ အရာရှိတစ်ယောက် ဖြစ်မလာသေးသည့်တိုင် သူ့ကဗျာများက ဖုချောင်တွင် အလွန်ကျော်ကြားလှသည်။ ကျောင်းသားငယ်များစွာက သူ့ကို အလွန်လေးစားကြပြီး သူ့ကို အမြဲ ကရုဏာသက်ခဲ့ကြရသည်။ ဒီလောက် ထူးချွန်တဲ့ ဗဟုသုတတွေ ပြည့်နေတဲ့ လူတစ်ယောက်က ကလေးမမွေးနိုင်တဲ့ ကုန်သည်ဖွား ခြင်္သေ့မတစ်ယောက်နဲ့ လက်ထပ်ခဲ့ရတယ်လို့...
လျောင်ချင်းဟယ်က ထိုမိန်းမကို အမြဲတစေ သည်းခံပေးခဲ့သော်လည်း ထိုမိန်းမက အံ့သြစရာကောင်းလောက်အောင်ပင် ကျေးဇူးမသိတတ်ပေ။ လျောင်ချင်းဟယ်အပေါ် သူမက အပြစ်များစွာ လုပ်ထားသည့်တိုင် လျောင်မိသားစုကပင် ထွက်သွားလိုက်သေးသည်။
စာသင်သားငယ်လေးများက အမြဲတမ်းလိုလိုပင် သွေးထိုးရအလွယ်ဆုံး လူသားများ ဖြစ်၍ သူတို့က ဒေါသထွက်လာခဲ့ကြပြီး ဝမ်ယင်နျန်းကို သင်ခန်းစာပေးရန်အတွက် လူအချို့ ရှာဖွေလိုက်ကြသည်။
သို့သော်လည်း ဝမ်ယင်နျန်းက သည်းခံထားရန် စိတ်ကူးမရှိပေ။ နင်တို့သာ ငါ့ကို သင်ခန်းစာပေးချင်ရင် ငါကလည်း ပြန်သင်ပြလိုက်ရသေးတာပေါ့...
ကျင်းကျန့် ကိုယ်ရံတော် လုပ်ငန်းက ဤနေရာတွင် လည်ပတ်နေသည်မှာ အချိန်တစ်ခုလောက်ထိ ရှိနေပြီ ဖြစ်၍ သဘာဝကျစွာပင် တတိယ သို့မဟုတ် နဝမအဆင့် လူအချို့နှင့် သိလာခဲ့သည်။ ကျောက်ကျင်းကောက ထိုလူများကို ဝမ်ယင်နျန်းထံသို့ မြန်မြန် ခေါ်ပေးနိုင်ခဲ့သည်။
ဝမ်ယင်နျန်းက ထိုလူများကို ငွေစနှစ်စစီ ပေးလိုက်ပြီး အချို့ကိစ္စများကို ရှင်းပြကာ နာမည်အချို့ ပေးလိုက်ပြီးနောက် ထွက်သွားခိုင်းလိုက်သည်။ ထို့နောက် သူမက ကျောက်ကျင်းကောကို ပြောလိုက်သည်။
"နောက်ရက်နည်းနည်းလောက်ထိ ကျွန်မ ကျောက်မိသားစုမှာ နေရဦးမယ်... ဒါကြောင့် သူတို့ကို ဂရုစိုက်ပေးဖို့ ရှင့်ကို ဒုက္ခပေးရတော့မှာပဲ... စိတ်မပူပါနဲ့...ကျွန်မ ငွေပေးချေမှာပါ"
သူမ လက်ထပ်သွားသောအခါ ခန်းဝင်သေတ္တာများ၏ အောက်ခြေ၌ ငွေစ နှစ်သိန်း ပါခဲ့သည့်အပြင် ဆိုင်အနည်းငယ်လည်း ပါခဲ့သေးသည်။ ဤနှစ်များအတွင်း သူမ၏ မိသားစုကလည်း သူမကို အခါအားလျော်စွာ ငွေထောက်ပံ့ပေးခဲ့သဖြင့် လက်ရှိတွင် သူမထံ၌ မပြတ်လပ်ဆုံးသောအရာမှာ ငွေသာ ဖြစ်သည်။
ကျောက်ကျင်းကောက ကျန်းကျန့်အား ဝမ်ယင်နျန်းနှင့် ဆက်ဆံရေးကောင်း တည်ဆောက်ရန် ကတိပေးထားခဲ့သဖြင့် ဝမ်ယင်နျန်းက ထိုသို့ တောင်းဆိုလာသောအခါ လက်ခံလိုက်သည်။
သို့သော်လည်း သူက မရေရာမှု အချို့ ရှိနေဆဲ ဖြစ်သည်။ ဘာလို့ ဝမ်ယင်နျန်းက ဒီလိုမျိုး ရှင်းပြလာတာလဲ...
ကျောင်ကျင်းကောက အစပိုင်းတွင် အနည်းငယ် ရှုပ်ထွေးနေခဲ့သော်လည်း နောက်တစ်ရက်တွင် မည်သည်ကြောင့်ဆိုသည်ကို နားလည်သွားခဲ့သည်။ လျောင်မိသားစုနှင့် အခြားသော စာသင်သားများ၏ အိမ်အဝင်ပေါက်တွင် တိရစ္ဆာန် အညစ်အကြေး၊ အမှိုက်များဖြင့် ပြည့်နေခဲ့လေသည်။
ဝမ်ယင်နျန်းက ထိုလူများကို ရင်ဆိုင်ရန် စီစဥ်ထားသည်။
အဆုံးတွင် သူမက မိန်းမတစ်ယောက် ဖြစ်ပြီး သူမကို ကာကွယ်ပေးရန်အတွက် လူစိမ်းများကို ငှားရန် သက်တောင့်သက်သာ မရှိဘဲ သူမ၏ လက်အောက်တွင် အလုပ်လုပ်နေကြသည့် ဆိုင်ရှင်များက အခြားကိစ္စများ လုပ်စရာ ရှိနေသေးသဖြင့် သူမက လက်ရှိတွင် ကျောက်ကျင်းကောနောက် လိုက်ရန်ကိုသာ ဆုံးဖြတ်ထားသည်။
ဝမ်ယင်နျန်း၏ အပြုအမူက ဖုချောင်မှ စာသင်သားများကို ရန်စလိုက်သည်ဟု ဆိုနိုင်သော်လည်း သူတို့မှာ သူမကို အပြစ်ပေးရန် နည်းလမ်း မရှိပေ။
ဖုချောင်၏ မိသားစုများက ဝမ်ယင်နျန်းကို မိုက်မိုက်ကန်းကန်း ဆန့်ကျင်ကြမည် မဟုတ်ဘဲ သူတို့ထဲမှ အချို့က လျောင်မိသားစုကိုပင် သဘောမတွေ့ကြလေရာ ဝမ်ယင်နျန်း၏ အိမ်ကို ကြက်ဥပုပ်ဖြင့် ပေါက်ကြသူများမှာ လျောင်မိသားစုနှင့် ဆက်ဆံရေးကောင်းရှိသည့် စာသင်သားများသာ ဖြစ်သည်။
ထိုစာသင်သားများမှာ လက်စားချေလိုပါသော်လည်း ထိုကိစ္စကို အခြေအတင် ဖြစ်အောင် မလုပ်နိုင်သည့်အပြင် ကျန်းကျန့်ကလည်း သူ့အိမ်တံခါးဝတွင် ကင်းလှည့်ရန် လူများချပေးထားရာ မည်သူကမှ မလာရဲကြပါပေ။
သို့သော်လည်း ဝမ်ယင်နျန်းသာ တစ်ယောက်တည်း ကျန်နေခဲ့ပါက ကံဆိုးမှုများက သူမကို ချက်ချင်း ရှာတွေ့သွားနိုင်သည်။
ထိုအကြောင်းကြောင့် ကျောက်မိသားစုက ဟယ့်ရှီသို့ ရက်အနည်းငယ်အကြာတွင် ပြန်သွားချင်ခဲ့ပါက ဝမ်ယင်နျန်းကိုပါ သူတို့နှင့် တစ်ပါတည်းခေါ်သွားရပေတော့မည်။
ဤတစ်ကြိမ်၌ သူတို့ ဟယ့်ရှီသို့ ပြန်လာရခြင်းမှာ အကြောင်းအရင်းနှစ်ရပ်ကြောင့် ဖြစ်သည်။ ပထမတစ်
ချက်က ပင်လယ်ဘက်မှ ခေါ်လာသည့် လူအချို့ကို ပြန်ခေါ်သွားပေးရန်နှင့် အခြားတစ်ခုမှာ ကျောက်မင်ကျူး၏ ပထမဆုံး မွေးနေ့ပွဲကို ကျင်းပပေးရန် ဖြစ်သည်။