အပိုင်း ၂၀၄
Viewers 31k


Chapter 204




ကျောက်မိသားစုနှင့် လျောင်မိသားစုက သိပ်မရင်းနှီးသော်လည်း သူတို့က အိမ်ချင်း မဝေးပေ။ 


အမှန်မှာ မြို့ပြင်တွင် နေကြသူများမှ လွဲ၍ ဝေရှင်းစီရင်စုနယ်၏ မိသားစုကြီးများက တစ်အိမ်နှင့် တစ်အိမ် အလှမ်းမဝေးသော နေရာတွင် နေထိုင်ကြသည်။


ကျောက်ကျင်းကောက ဝမ်ယင်နျန်းနှင့်သူမ၏ လက်အောက်ငယ်သားများကို ကျောက်မိသားစုအိမ်သို့ ခေါ်လာပြီးနောက် အထဲကို ဝင်လာခဲ့လျှင် ကျန်းကျန့်နှင့် ကျောက်မင်ကျုးလေးကို တွေ့လိုက်ရသည်။ 


ရက်အနည်းငယ်အတွင်း ကျောက်မင်ကျုးလေး တစ်နှစ်ပြည့်တော့မည် ဖြစ်ပြီး မတ်တပ်ရပ်နိုင်နေပြီ ဖြစ်သော်လည်း လမ်းလျှောက်ရန် ငြင်းဆန်နေဆဲပင်။ ထိုအချိန်တွင် ကျန်းကျန့်က သူမကို မတ်တပ်ရပ်ခိုင်းထားပြီး နှစ်လှမ်းသုံးလှမ်းစာ အကွာအဝေးတွင် ရပ်ကာ သူမကို ချော့မော့နေခဲ့သည်။


 "မင်ကျူး... ဖေဖေ့ဆီလာ"


"ဖေဖေ့ဆီ မြန်မြန်လာနော်... ဖေဖေ့လက်ထဲမှာ ဘာရှိလဲ"


"မင်ကျူး..."


ကျောက်မင်ကျုးက လုံးဝ မရွေ့ဘဲ သူမ၏ နှုတ်ခမ်းကို တင်းတင်းစေ့ကာ သူ့ကို အပြင်းအထန် ကြည့်နေခဲ့ပြီး လုံးဝ မလှုပ်ပါပေ။ သူမလေးက ကျောက်ကျင်းကော၏ ခြေသံများကို ကြားလိုက်ရပြီးနောက် သူဝင်လာသည်ကို မြင်လိုက်ရသောအခါ လက်ကလေးကို ကျောက်ကျင်းကောထံ မြန်မြန် ဆန့်ပေးလာပြီး ငိုတော့မည့်အလား မျက်လုံးလေးများက တဖျတ်ဖျတ် ခတ်နေခဲ့သည်။


သိသိသာသာပင် သူမက လမ်းလျှောက်ရန်အတွက် မတရား တွန်းအားပေးခံနေရသည်လေ...


ကျောက်ကျင်းကောက ထိုအခိုက်တွင် စိတ်မကောင်း ဖြစ်သွားသော်လည်း သူမကို အမြန်သွားမပွေ့ရဲဘဲ ကျန်းကျန့်ကို ကြည့်၍ မေးလိုက်သည်။ "ကျွန်တော် သူ့ကို ချီလို့ ရမလား" မတိုင်မီက ကျန်းကျန့်က ကလေးများကို သူ စည်းကမ်းတင်းကျပ်နေချိန်တွင် အခြားသူများက ဝင်မနှောင့်ယှက်သင့်ဟု ပြောထားခဲ့သည်။


"ကိုယ်ချီလိုက်မယ်"ကျန်းကျန့်က ကျောက်မင်ကျူးလေးကို ချီပွေ့ကာ ကျောက်ကျင်းကောကို ပြောလိုက်သည်။ 


"သွားစားကြမယ်လေ"


သူက ကျောက်ကျင်းကောကို အရင် ပြောပြီးမှ ဝမ်ယင်နျန်းကို ကြည့်လိုက်သည်။ "လျောင်... မဒမ်လျောင်ရော အတူစားချင်လား" သူမ ဝင်လာပြီးပြီ ဖြစ်သည့်အတွက် သူမကို နှုတ်ဆက်ရန် လိုအပ်သည်။


"ကောင်းပြီလေ" ဝမ်ယင်နျန်းက ပြောလိုက်ပြီးနောက် ကျန်းကျန့်၏ လက်ထဲမှ နေ၍ ကျောက်ကျင်းကောထံ လက်ကလေးများ ဆန့်ထုတ်ကာ သူမကို ချီခိုင်းနေသည့် ကလေးလေးကို ကြည့်လိုက်သည်။


သူမက လှည့်စားခံလိုက်ရသည်ဟု ခံစားလိုက်ရသည်။


ကျောက်ကျင်းကောက သူမလိုပင် သူ့မိသားစုကို ထောက်ပံ့နေရပြီး ကလေးမရှိဟု တွေးထားခဲ့သော်လည်း ရလဒ်ကမူ... ကျောက်ကျင်းကောက ကလေးတစ်ယောက် ရှိနေခဲ့သည်။ သူမမှာသာ ကလေးရှိခဲ့လျှင်... ဝမ်ယင်နျန်းက သက်ပြင်းချကာ ထိုအကြောင်းကို တွေးပင် မတွေးရဲတော့ပေ။


ဝမ်ယင်နျန်း၏ အကြောင်းကို ကျောက်လျူနှင့် ကျောက်ဖူကွေ့တို့ နှစ်ဦးလုံး ကြားထားပြီးသား ဖြစ်သည်။


သူတို့ ယခင်က နေခဲ့သည့် ဟယ့်ရှီရွာတွင်လည်း လက်ထပ်ပြီးသား အမျိုးသမီးများက ခက်ခဲကြပြီး အခြေခံအားဖြင့် မည်သူကမှ တစ်ယောက်ထက်ပို၍ လက်မထပ်လိုကြပေ။ ဝမ်ယင်နျန်း၏ အတွေ့အကြုံများကို ကြားပြီးနောက် သူတို့က သဘာဝကျကျပင် သူမကို ကရုဏာသက်သွားကြပြီး သူမကို နွေးနွေးထွေးထွေး ဧည့်ခံပေးကြသည်။ 


ကျောက်မိသားစု၏ အစားအသောက်များက သာမန်သာ ဖြစ်ပြီး ဝမ်ယင်နျန်းက ကျောက်လျူနှင့် ကျောက်ဖူကွေ့တို့ကို တစ်ခါမှ အဆက်အဆံ မရှိဖူးသော်လည်း မထင်မှတ်ထားစွာပင် သူမက အလွန် လိုက်လျောညီထွေ ဖြစ်နေသည်။ 


သူမ ကွာရှင်းစဥ်က သူမ၏ အနီးကပ် လက်အောက်ငယ်သားများကပင် သူမကို ထူးဆန်းသော မျက်လုံးများဖြင့် ကြည့်ခဲ့ကြပြီး လူများစွာက သူမကို ထိုသို့ မလုပ်ရန် အကြံပေးခဲ့ကြသော်လည်း သူမအပေါ် ဤမိသားစု၏ သဘောထားက သာမန်အတိုင်းသာ ဖြစ်သည်။


ဝမ်ယင်နျန်း ရိုးရိုးရှင်းရှင်း စားသောက်ပြီး အနားယူသွားမှသာ ကျန်းကျန့်က ကျောက်ကျင်းကောကို အိမ်ထဲသို့ ဆွဲခေါ်လာနိုင်ခဲ့သည်။


"မင်း လျောင်မိသားစုကို လိုက်သွားတာ... ဘာတွေ ဖြစ်ခဲ့တာလဲ" ကျောက်မင်ကျူးလေးကို ကုတင်အစွန်းတွင်တင်ကာ သူမကို ကိုင်ထားပြီး တဖြည်းဖြည်း လမ်းလျှောက်စေရင်း ကျန်းကျန့်က မေးလိုက်သည်။


ကျောက်ကျင်းကောက သူတွေ့ကြုံခဲ့ရသည့် အရာအားလုံးကို ပြောပြလိုက်ပြီးနောက် မှတ်ချက်ပြုလိုက်သည်။ 


"သခင်မဝမ်က အရမ်းသန်မာတဲ့သူပဲ"


"သူက အတော်လေး အင်အားကြီးတယ်" ကျန်းကျန့်က ခေါင်းငြိမ့်ပြလိုက်သည်။ ခေတ်သစ်မှာ ဆိုပါက သူမက သန်မာသော အမျိုးသမီးများနှင့် ရောနှောနေနိုင်မည် ဖြစ်သော်လည်း ကံမကောင်းစွာဖြင့် သူမက ရှေးခေတ်တွင် မွေးဖွားခဲ့ခြင်း ဖြစ်နေသည်။


 "ဘယ်လိုပဲဖြစ်ဖြစ် တခြားသူတွေကို ဘာလို့ ဒီလောက် ချီးကျူးနေရတာလဲ... မင်းလည်း ဘာတစ်ခွန်းမှ မပြောဘဲ အိမ်ကို လူခေါ်လာခဲ့ပြီးတော့"


ကျန်းကျန့် စကားပြောနေစဥ်တွင် သူ့မျက်နှာအမူအယာက သိပ်ကြည့်မကောင်းသော်လည်း ကျောက်ကျင်းကောက သူ့ကို မကြောက်ပေ။ "အဲ့ဒီတော့" ကျန်းကျန့် ထူးဆန်းသော တောင်းဆိုမှုများ ထပ်လုပ်လာတော့မည်ဟု သူ ခံစားနေရသည်။


"ခဏလေး စားပွဲကို သွားရအောင်" ကျန်းကျန့်က ပြောလိုက်သည်။


"!!!" ကျောက်ကျင်းကောက ကြက်သေသေသွားလေသည်။ "စားပွဲပေါ်လား"


"စားပွဲက အရမ်းလှနေပေမယ့် မင်းအဲ့ပေါ် လှဲနေလိုက်ရင် ပိုလှသွားမှာ" ကျန်းကျန့်က ပြောလိုက်သည်။ ကျောက်မင်ကျုး၏ ပုခက်က သူတို့၏ အိပ်ရာဘေးတွင် ရှိပြီး မူလက အကြောင်း မဟုတ်ခဲ့သော်လည်း...


နောက်ဆုံးရက်မတိုင်မီညက သူနှင့် ကျောက်ကျင်းကောတို့ အိပ်ရာပေါ်၌ အချစ်စမ်းခဲ့ကြပြီး အချိန်ကောင်းလေးများ ရရှိရန် အိပ်ရာပေါ် လူးလိမ့်နေကြစဥ်က မည့်သည့် အချိန်တွင် နိုးနေမှန်း မသိရသည့် ကျောက်မင်ကျုးလေးက ပုခက်လက်ရန်းကို ကိုင်ကာ သူတို့အား စိုက်ကြည့်နေသည်ကို မမျှော်လင့်ထားစွာပင် တွေ့လိုက်ရလေသည်။ သူလှမ်းကြည့်လိုက်သည်ကို မြင်သောအခါ သူမလေးက အားရပါးရ ပြုံးပြလာခဲ့လေသည်။


ကလေးများက ကိစ္စများစွာကို နားမလည်နိုင်သေးဘဲ ထိုနေ့က သူတို့ စောင်ခြုံထားခဲ့ပါသော်လည်း ကျန်းကျန့်က မသက်မသာ ဖြစ်နေဆဲပင်။


ထို့ကြောင့် နေရာပြောင်းလိုက်သည်က ပိုကောင်းသည်။ ဥပမာအားဖြင့် သူတို့အခန်း၏ အပြင်ဘက်က အခန်းက အတော်လေး ကောင်းသည်။ ထိုအခန်းထဲတွင် စားပွဲတစ်ခု၊ ကုလားထိုင်နှင့် အိပ်စက်နိုင်သည့် ကွပ်ပျစ်တစ်ခု ရှိသဖြင့် ကိုယ်ရေးကိုယ်တာ အစေခံများက ထိုနေရာတွင် အိပ်စက်နိုင်သည်။


သူတို့ပြီးသွားသည်နှင့် နေရာပြောင်း၍ အိပ်စက်နိုင်ပေသည်။


"စားပွဲကျိုးသွားရင်ရော" ကျောက်ကျင်းကောက ကူကယ်ရာမဲ့စွာ ပြောလိုက်သည်။ ထိုစားပွဲက အတော်လေး သေးလွန်းလှပြီး သူ့ကိုယ်က လေးလှသည်လေ..


"မင်း ပြုတ်မကျအောင် ကိုယ်ထိန်းပေးထားမှာပေါ့" 


“……”


ကျောက်ကျင်းကောက အဆုံးတွင် သဘောတူလိုက်ပြီး စားပွဲကလည်း ကျိုးမသွားဘဲ ခံစားချက်က... အတော်လေး ကောင်းသည်။


သူက ခံစားချက်ကောင်းနေသော်လည်း ဝမ်ယင်နျန်းမှာ မထင်မှတ်ထားစွာပင် စိတ်အေးလက်အေး ဖြစ်နေပြီး မြန်မြန် အိပ်မောကျသွားလေသည်။


သို့သော်လည်း ထိုညတွင် လျန်မိသားစုက အိပ်မပျော်နိုင်အောင် ကံကြမ္မာဆိုး ဝင်နေခဲ့သည်။


ဝမ်ယင်နျန်း ထွက်သွားပြီးနောက် သူတို့ ဆင်းရဲသွားသည်ကို တွေ့လိုက်ရသည်။


လျောင်ချင်းဟယ်နှင့် သူ့မိဘများက အလွန်အမင်း ပူပန်နေကြပြီး အချို့လူများက သူတို့ထက်ပင် ပို၍ ပူပန်နေကြသေးသည်။ 


လုလွမ် လျောင်ချင်းဟယ်နောက် လိုက်လာရခြင်းမှာ ဘဝကောင်းကောင်းတွင်နေလို၍ ဖြစ်သော်လည်း ရလဒ်အနေဖြင့်... လျောင်မိသားစုက အပြောင်ရှင်းခံလိုက်ရတယ်တဲ့လား...


လျောင်မိသားစု၏ အစေခံများကလည်း လုလွမ်လိုပင် ခံစားနေကြရသည်။ အချို့သူများမှာ ထိုအခြေအနေကိုပင် မတောင့်ခံနိုင်ကြတော့ပေ။ လျောင်မိသားစုရဲ့ ငွေတွေက တကယ်တော့ ဝမ်ယင်နျန်း ပိုင်တာတဲ့လား... အခု ဝမ်ယင်နျန်း ထွက်သွားပြီတဲ့လား... 


ဒီအကြောင်းကိုသာ အရင်ကတည်းက သိခဲ့ရင်က လုလွမ်ကို ကာကွယ်မပေးခဲ့ပါဘူး...


အခုတော့... လျောင်မိသားစုက လက်အောက်ငယ်သားတွေ အများကြီး လိုတော့မှာ မဟုတ်ဘူးမလား... နောက်ဆို သူတို့ ဘာလုပ်စားကြရတော့မှာလဲ...


.....


ကျောက်ကျင်းကောက နောက်တစ်ရက်တွင် နောက်ကျမှ ထခဲ့သည်။


သူနိုးလာသောအခါ ကျန်းကျန့်က အပြင်ထွက်သွားလေပြီ ဖြစ်ပြီး ကျောက်မင်ကျူးလေးလည်း မရှိတော့ပေ။


ကျန်းကျန့်က သူ့အား ပိုအိပ်စေချင်နေသည်ကို သိပါသော်လည်း ရှင်းမပြနိုင်အောင်ပင် ဟာတာတာ ဖြစ်နေခဲ့သည်။


သို့သော်လည်း သူ့အိပ်ရာဘေးမှ စာရွက်လေးကို တွေ့လိုက်ရသောအခါ ဟာတာတာ ခံစားချက်များ ပျောက်ကွယ်သွားလေသည်။


ကျန်းကျန့်၏ လက်ရေးက သိပ်မလှသော်လည်း စုတ်ချက်များက ရှင်းလင်းသည်။ "ကျင်းကော... ကိုယ် ချင်ဖုန့်အဆောက်အဦးကို သွားကြည့်လိုက်ဦးမယ်... ကိုယ့်ကို အိမ်မှာ စောင့်နေနော်"


ချင်ဖုန့်အဆောက်အဦးက ဆောက်လုပ်ပြီးစီးလုပြီ ဖြစ်သဖြင့် သူသွားကြည့်ရန် လိုသည်။ ကျောက်ကျင်းကောက စာရွက်ကို ဘေးတွင်ထားကာ ချက်ချင်းပင် စိတ်ကြည်သွားပြီးနောက် သူ့အစာအိမ်က အော်မြည်လာခဲ့သည်။


သူ မနေ့ညက ကျန်းကျန့်နှင့် ညနက်သည်အထိ နေခဲ့ပြီး အိပ်ရာဝင်သည့် အချိန်တွင် ဗိုက်ဆာနေခဲ့သဖြင့် ယခုတွင် ပို၍ ဆာလောင်နေလေပြီ။


"ဒီလောက် အသက်ကြီးနေပြီ... အိပ်နေတုန်းလား... မင်ကျူးတောင် မင်းထက် အိပ်ရာစောစောထတယ်"


 ကျောက်လျူက ကျောက်ကျင်းကောကို အစားအသောက်များ ယူလာပေးရင်း ပြောလိုက်သည်။


ကျောက်ကျင်းကောက အနည်းငယ် ရှက်ရွံ့သွားသော်လည်း ထိုအခိုက်မှာပင် ကျောက်ဖူကွေ့က ရုတ်တရက် ပြောလာခဲ့သည်။ 


"မပြောနဲ့တော့... ညနေပိုင်းမှာ လုပ်စရာတွေ အများကြီး ရှိနေတာကို" 


သေချာပေါက်ပင် ကျောက်လျူက ပါးစပ်ပိတ်သွားပြီး ကျောက်ကျင်းကော၏ ဗိုက်ကို မျှော်လင့်တကြီး ကြည့်လာခဲ့သည်။ 


ကျောက်ကျင်းကော: "..." သူပိုပိုပြီး ရှက်လာပြီနော်...


ကျောက်ကျင်းကောက ကတိုက်ကရိုက် စားသောက်လိုက်ပြီး ကျောက်မင်ကျုးလေးကို ချီကာ ခြံဝင်းအပြင်ဘက်သို့ ထွက်လာခဲ့သည်။


ကျန်းကျန့် ပြန်ရောက်လာသည့်အတွက် သူက ပိုပို၍ စိတ်အေးလက်အေး ဖြစ်လာပြီး သူ့သမီးလေးကို လမ်းလျှောက်ရန် သင်ပေးနေသည်။


ကျောက်မင်ကျုးလေးကို ကျောက်တုံးများ ခင်းထားသည့် လမ်းလေးပေါ်တွင် ထားလိုက်ပြီး ဤတစ်ကြိမ်၌ သူမရှေ့ရှိ မနီးမဝေးတွင် ရပ်နေသူမှာ ကျောက်ကျင်းကောအဖြစ် အစားထိုးသွားလေသည်။ 


"လာလေ မင်ကျူး... ဒီကိုလာ"


ကျောက်မင်ကျူးက လှဲချလိုက်ပြီး ကျောက်ကျင်းကောထံ တွားသွား၍ လာနေသည်။


ကျောက်ကျင်းကော: “…”


အဆုံးတွင် ကျောက်ကျင်းကောက ခုံအရှည်တချို့ကို ရွှေ့ပေးလိုက်ပြီး ကျောက်မင်ကျူးကို ခုံရှည် တလျှောက် တဖြည်းဖြည်း လမ်းလျှောက်ခိုင်းလိုက်သည်။


ကိုင်စရာ ရှိနေသဖြင့် ကျောက်မင်ကျူးက အနည်းဆုံးတော့ တွားသွားရမည့်အစား ခြေထောက်နှစ်ဖက်နှင့် လမ်းလျှောက်ရန် ဆန္ဒရှိနေသည်။


တစ်ဖက်တွင်လည်း ဝမ်ယင်နျန်းက နောက်ကျသည်အထိ နေခဲ့သည်။


သူမက မိုးသောက်ချိန်မတိုင်မီအထိ မနိုးခဲ့ဘဲ သူမနိုးလာသောအခါ အိပ်ရာအမိုး၏ ထိပ်ပိုင်းကို မိန်းမောနေဟန်ဖြင့် ကြည့်လိုက်သည်။


သူမရဲ့ အိပ်ရာက ဘာလို့ ဒီလိုပုံ ပြောင်းသွားပါလိမ့်... ပြီးတော့ ဒီနေ့ အရုဏ်ဦးရောက်နေတာတောင် ဘယ်သူမှ သူမကို လာမခေါ်သေးကြတာလဲ... သူမက တစ်ခဏမျှ နဝေတိမ်တောင် ဖြစ်နေပြီးမှ လျောင်မိသားစုက ထွက်လာခဲ့ပြီ ဖြစ်ကြောင်း ရုတ်တရက် အမှတ်ရသွားသည်။


သူမကို ကူညီဆေးကြောပေးရန်အတွက် တစ်ယောက်ယောက် ခေါ်လိုက်ပြီးနောက် မျက်နှာသစ်ပြီးသွားသောအခါ လန်းဆန်းသွားသည်ဟု ခံစားလိုက်ရသည်။


"သခင်မဝမ်... ဒီနေ့မနက် ဘာစားချင်လဲ" ဝမ်ယင်နျန်း ထလာသောအခါ နူးညံ့သိမ်မွေ့သော ပုံစံရှိသည့် အသက် ဆယ့်ခုနစ်၊ ဆယ့်ရှစ်နှစ် အရွယ် အစေခံမလေး တစ်ဦးက သူမကို လာမေးသည်။


ဝမ်ယင်နျန်းက သူမစားချင်သည့် အစားအစာကို ပြောလိုက်ချင်ပါသော်လည်း ဤနေရာက သူမ၏ အိမ်မဟုတ်မှန်း ရုတ်တရက် သတိရသွားသည်။ မနေ့ညက စားခဲ့သည့် ကျောက်မိသားစု ဟင်းပွဲများအရ အစာပျော့များသာ ဖြစ်နိုင်ပြီး သူမစားချင်သည်များက ကျောက်မိသားစုတွင် ရနိုင်လိမ့်မည် မဟုတ်ပေ။


"မီးဖိုဆောင်ထဲမှာ အဆင်သင့်ရှိတာပဲ ယူလာလိုက်ပါ" ဝမ်ယင်နျန်းက အဆုံးတွင် ပြောလိုက်သည်။


မကြာမီပင် အစေခံ ခုနစ်ယောက် ရှစ်ယောက်လောက်က အစားအသောက်များစွာကို ဝမ်ယင်နျန်းဆီသို့ ယူလာပေးခဲ့သည်။ သူတို့က အိမ်ချက်ဟင်းများစွာနှင့် အဖြူရောင် ယာဂုတို့ကို ဝမ်ယင်နျန်းရှေ့တွင် ထားပေးလိုက်သည်။ တစ်ချိန်တည်းမှာပင် ဝမ်ယင်နျန်းဘေးမှ အစေခံများအတွက်လည်း အစားအသောက်များ ယူလာပေးခဲ့သည်။


အဖြူရောင် ယာဂု တစ်အိုး၊ ဘန်းမုန့်ပေါင်းဒါဇင်ခန့်၊ အသားတစ်မျိုးနှင့် အသီးအရွက် နှစ်မျိုးလောက်ပါသည့် ဟင်းပွဲတစ်အိုးတို့ ဖြစ်ကြသည်။ ၎င်းတို့က အတော်လေး သာမန်ဆန်ပုံ ပေါ်သော်လည်း လောက်လောက်ငငစားနိုင်ပါ၏။ 


သို့သော်ငြား ဝမ်ယင်နျန်းဘေးမှ လူများအတွက် ထိုအစားအသောက်က အလွန် သာမန်ဆန်နေသည်။


အတိတ်တွင် လျောင်မိသားစု၌ ရှိစဥ်က ထိုသာမန်အစေခံလေးများပင် ရွေးချယ်ရန် အစားအသောက်အမျိုးအစားများစွာ ရှိပြီး အားလုံးက အတော်လေး အရသာရှိကြပေသည်။


ဝမ်ယင်နျန်းအတွက်ကား... သူမ လက်ထပ်စဥ်က မင်းနန်မှ စာဖိုမှူးတစ်ဦးကိုပင် ခေါ်လာခဲ့သဖြင့် မည်သည့်နေ့၏ နံနက်ပိုင်းတွင်မဆို သူမစားသောက်ရန် အစားအသောက် ခုနစ်မျိုး၊ ရှစ်မျိုးလောက်အထိ ရနိုင်သည်။


"သခင်မလေး... နောက်ဆို ကျွန်မတို့ရဲ့ အိမ်တော်ကို သန့်ရှင်းပြီးသွားရင် ကျွန်မတို့ သခင်မလေးကို နောက်ထပ် ဒုက္ခမတွေ့စေရတော့ဘူး" ဝမ်ယင်နျန်ဘေးမှ အသက်သုံးဆယ်အရွယ် မိန်းမတစ်ယောက်က သူမရှေ့မှ သာမန်အစားအသောက်များကို တွေ့သောအခါ အနည်းငယ် စိတ်မကောင်း ဖြစ်သွားသည်။ 


သူမက ဝမ်ယင်နျန်း၏ ခန်းဝင်ပစ္စည်းများမှ ပါလာသည့် အကူအစေခံလေး ဖြစ်ကာ လွန်ခဲ့သည့် ခုနစ်နှစ်၊ ရှစ်နှစ်လောက်က ဝမ်ယင်နျန်းလက်အောက်တွင် အလုပ်လုပ်နေသည့် အိမ်တော်ထိန်းတစ်ဦးနှင့် လက်ထပ်သွားခဲ့သည်။ အမှန်မှာ သူမက ဝမ်ယင်နျန်းကို မကြာခဏ လာရောက် အလုပ်အကျွေး ပြုခြင်း မရှိတော့သော်လည်း ယခုတွင် ဝမ်ယင်နျန်းက ခက်ခဲနေသဖြင့် တစ်ချိန်လုံး အဖော်လာပြုပေးနေခဲ့သည်။


"စိတ်အနှောက်အယှက် ဖြစ်ဖို့ မလိုဘူး... လူတိုင်း စားကြတော့"


 ဝမ်ယင်နျန်က ပြောလိုက်သည်။ မနေ့က ကျောက်မိသားစု စားသော အစားအသောက်များမှာ သာမန်သာ ဖြစ်ပြီး အဆုံးတွင် လူတိုင်း စားပြီးလုသောအခါ ကျန်းကျန့်နှင့် ကျောက်ကျင်းကောတို့က မည်သည်ကိုမှ အလဟဿ မဖြစ်စေဘဲ ကျန်အစားအသောက်များကို စားလိုက်ကြသည်။


"ဒါလည်း ဟုတ်တာပဲ... ဒီကျောက်မိသားစုက တောဘက်မှာ လယ်အလုပ် လုပ်ခဲ့ကြတာ ဆိုတော့ ဒါတွေကို မသိတာနေမှာပါ" အစေခံက ခေါင်းငြိမ့်ပြလိုက်သည်။


"လယ်သမားတွေလား" 


ဝမ်ယင်နျန်းက သိလိုစိတ် ပြင်းပြနေသည်။ မတိုင်မီက ကျင်းကျန့် ကိုယ်ရံတော် လုပ်ငန်း၏ ခေါင်းဆောင်မှာ မှဲ့နီ ထုတ်ထားသည့် ကောတစ်ယောက်ဟုသာ သိထားခဲ့သော်လည်း မည်သည့်အရာကိုမှ ရှင်းရှင်းလင်းလင်း မသိပေ။


"ဒီလိုတဲ့..." ဝမ်ယင်နျန်းဘေးမှလူများက သူတို့ ကျောက်မိသားစုအိမ်သို့ ပြောင်းလာ

ခဲ့ပြီးနောက် ကျောက်မိသားစု အစေခံငယ်လေးများထံမှ ကျောက်မိသားစုအကြောင်း စုံစမ်းထားပြီးသား ဖြစ်သည်။ ထို့ကြောင့် ဤအချိန်တွင် သူတို့က ဝမ်ယင်နျန်းကို တစ်ခုပြီးတစ်ခု ပြောပြနေခဲ့ကြသည်။