Chapter 203
လျောင်မိသားစုကို အပြောင်ရှင်းလိုက်ခြင်း
လျောင်ချင်းဟယ်က စာပေပါရမီပါသဖြင့် ကွာရှင်းစာချုပ်ကို ရေးနေသည့် အမြန်နှုန်းက အလွန်မြန်လေရာ တစ်ခဏအကြာမှာပင် ကွာရှင်း စာချုပ်ကို ရေးပြီးသွားခဲ့လေသည်။
ဝမ်ယင်နျန်းက မှင်မခြောက်သေးသည့် ကွာရှင်းစာချုပ်ကို ကြည်လိုက်သည်။ သူမက မိန်းမောနေသဖြင့် သူမမည်သို့ ခံစားနေရသည်ကိုပင် ပြောရန် မစွမ်းသာပေ။
လျောင်ချင်းဟယ်က ဝမ်ယင်နျန်း၏ ပုံစံကို မြင်သောအခါ ဝမ်ယင်နျန်းသည်လည်း ကိစ္စများ ဤအခြေအနေသို့ ရောက်လာသည်ကို လက်မခံနိုင် ဖြစ်နေသည်ဟု တွေးမိသဖြင့် သူ့နှလုံးသားထဲတွင် ကရုဏာတရားများ ဖြစ်ပေါ်လာကာ အနည်းငယ် ပျော်ရွှင်သွားလေသည်။
မတိုင်မီက ဝမ်ယင်နျန်းကြောင့် သူ အကြိမ်များစွာ မျက်နှာ ပျက်ခဲ့ရပြီး ယခုတွင် ဝမ်ယင်နျန်း စိတ်မသက်မသာ ဖြစ်သွားစေရန် သူ လုပ်နိုင်ခဲ့လေပြီ။
ထိုသို့ စဥ်းစားမိသဖြင့် သူက ထောက်ထားညှာတာမှု ရှိသော လေသံဖြင့် ပြောလိုက်လေသည်။
"ယင်နျန်း... မင်းအမှားကို ဝန်ခံရင် ဒီကိစ္စကို ခွင့်လွှတ်ပေးမယ်..."
"ဘာခွင့်လွှတ်မှာလဲ" ဝမ်ယင်နျန်းက လျောင်ချင်းယ်ကို ကြည့်လိုက်သည်။
သူမတွင် ကလေးရှိခဲ့ပါက ဘယ်တော့မှ ကွာရှင်းပေးလိမ့်မည် မဟုတ်သော်လည်း သူမတွင် ကလေးမရှိခဲ့ဘဲ ဤနှစ်များအတွင်း လျောင်ချင်းဟယ်က သူမအပေါ် ပိုပို၍ ဆိုးဝါးလာသည်။
ထိုလူက အပြင်မှာ အချိန်ကုန်ဆုံးသကဲ့သို့ အိမ်ကို သိပ်ပြန်မလာတော့ပေ။
ပြောကာမှ သူမသာ ဘဝကောင်းကောင်းမှာ နေခဲ့ရရင် အပေါက်ဆိုးတဲ့ အမျိုးသမီး ဖြစ်လာပြီးတော့ မိသားစုကို မျက်နှာပျက်အောင် ဘယ်လိုလုပ်ပြီး လုပ်မိပါ့မလဲ...
"နောက်ဆိုရင် မင်း အမျိုးသမီးကျင့်ဝတ်တွေနဲ့ အမျိုးသမီး စည်းကမ်းတွေကို လေ့လာရမယ်" လျောင်ချင်းဟယ်က ပြောလိုက်သည်။
အမျိုးသမီး ကျင့်ဝတ်တွေတဲ့လား... ဝမ်ယင်နျန်းက ကွာရှင်းစာချုပ်ကို ယူ၍ လျောင်ချင်းဟယ်ကို ကြည့်ကာ လှောင်ရယ်လိုက်သည်။
"ကျေးဇူးတင်ပါတယ်နော်... ဒါပေမယ့် မလိုဘူး"
"ဝမ်ယင်းနျန်... မင်း ကွာရှင်းစာချုပ်ကို ဖြဲလိုက်ရင်တောင် မင်းကို ငါ့လျောင်မိသားစုရဲ့ တံခါးကို ဝင်ခွင့်ပြုမှာ မဟုတ်ဘူးနော်"
အဖေလျောင်က ဝမ်ယင်းနျန် ကွာရှင်းစာချုပ် ဆွဲယူလိုက်သည်ကို မြင်သောအခါ သူမ စာချုပ်ကို ဖြဲတော့မည်ဟု တွေးမိသဖြင့် လှမ်းအော်လိုက်သည်။
"ဂရုမစိုက်ဘူး... ကျွန်မ မင်းနန်ကို ပြန်သွားရင် ကျွန်မကို စောင့်နေတဲ့ ဘဝကောင်းလေး ရှိနေတာ... ဘယ်သူက ရှင်တို့ မိသားစုထဲ ဝင်ချင်လို့လဲ" ဝမ်ယင်းနျန်က ပြောလိုက်ပြီးနောက် သူမ၏ နှလုံးသား အနည်းငယ် အားပျော့လာသလို ခံစားလိုက်ရသည်။
အချိန်တစ်ခုလောက်ထိ သူမ၏ မိဘများ ဒေါသထွက်မည်ကို ကြောက်သဖြင့် မင်းနန်ကို မပြန်ရဲခဲ့ပေ။
သူမက လျောင်ချင်းဟယ်နဲ့ လက်ထပ်ရဖို့ အတင်းအကျပ် တောင်းဆိုခဲ့ပေမယ့် ကောင်းကောင်း အဆုံးမသတ်နိုင်ဘဲ ကွာရှင်းခဲ့တာ... ဘယ်လိုလုပ်ပြီး ပြန်သွားဖို့ မျက်နှာ ရှိမှာလဲ...
သို့သော်လည်း သူမက လျောင်မိသားစု ထိုအကြောင်းကို သိသွားခွင့် ပြုမည် မဟုတ်ပေ။
ဝမ်ယင်နျန်းက တစ်ချက် သက်ပြင်းချလိုက်ပြီးနောက် သူမ၏ အစေခံများကို ညွှန်ကြားလေတော့သည်။
"သွားပြီး ကျန်း၊ လီ၊ ချင်၊ ချန်နဲ့ ဟုန်ကို သွားခေါ်လာခဲ့.... ပြီးရင် ရမန်ကို သွားပြီးတော့ လူတချို့ ရှာချည်... ငွေများများ ယူသွားပြီး အရာရှိတွေကို လက်ဖက်ရည်သောက်ဖို့ ဖိတ်လိုက်"
"မင်း ဘာလုပ်မလို့လဲ" လျောင် ချင်းဟယ်က ဝမ်ယင်နျန်းကို မျက်မှောင်ကျုံ့၍ ကြည့်လိုက်သည်။
"ကျွန်မရဲ့ ခန်းဝင်ပစ္စည်းတွေကို စာရှင်းရှင်းမလို့လေ" ဝမ်ယင်းနျန်က တုံ့ဆိုင်းမှု မရှိ ပြောလိုက်သည်။
"မင်းရဲ့ ခန်းဝင်တွေကို ယူသွားလို့ရပါတယ်... ဘာတွေ စာရင်းရှင်းဖို့ လိုသေးတာလဲ"
လျောင်ချင်းဟယ်က ဝမ်ယင်းနျန်၏ ခန်းဝင်ပစ္စည်းများ ယူထားသည်အထိ ရောင့်တက်မည် မဟုတ်ကြောင်း ပြောလိုက်သဖြင့် သူမ ထိုပစ္စည်းများကို ယူသွားနိုင်ပေသည်။
လျောင်ချင်းဟယ်က အသေးအဖွဲကိစ္စများကို အမြဲတမ်း လျစ်လျူရှုထားတတ်ကြောင်း ဝမ်ယင်နျန်းသိနေခဲ့သည်။ သူမက ထိုအကြောင်းကို အမြဲတမ်း ပြောပြချင်နေခဲ့ပါသော်လည်း နောက်ပိုင်းတွင် သူမနှင့် လျောင်ချင်းဟယ်တို့၏ ဆက်ဆံရေးက ပိုပိုပြီး ဆိုးဝါးလာခဲ့သဖြင့် မူလကအကြံကို လက်လျော့လိုက်ရသည်။
လျောင်ချင်းဟယ် ထိုအရာများကို နားမလည်သည်က သူမအတွက် ဆိုးဝါးသည့် ကိစ္စမဟုတ်ပေ။
ဝမ်ယင်းနျန် လျောင်မိသားစုထဲသို့ ရောက်လာသောအခါ စာသင်သား မိသားစုတွင် မွေးဖွားခဲ့ပြီး အိမ်ထောင် ထိန်းသိမ်းရသည်ထက် စာဖတ်ရသည်ကို အားသာသည့် လျောင်အမေက လျောင်မိသားစုဟူသော အရှုပ်အထွေးကြီးကို သူမ၏ လက်ထဲသို့သာ အပ်ထားလိုက်သည်။ ထို့ကြောင့် ဤနှစ်များအတွင်း လျောင်မိသားစု တစ်ခုလုံးက သူမ၏ ထိန်းချုပ်မှုအောက်သို့ လုံးဝ ရောက်ရှိနေသည်ဟု ဆိုရပေမည်။
မတိုင်မီက မကျေလည်မှုများ ရှိခဲ့သော်လည်း မိသားစု ဖြစ်နေသေးသဖြင့် သူမက ထိုလူများကို ငွေမလျှော့ဘဲ ထောက်ပံ့ပေးထားခဲ့သည်။ သို့သော်လည်း ယခုတွင်မူ သူမက ထိုလူများကို ထောက်ပံ့ပေးရန် နောက်ထပ် ဆန္ဒမရှိတော့ပေ။
ဝမ်ယင်နျန်းက လျောင်အမေနှင့် အဖေတို့ကို ကြည့်လိုက်ပြီးနောက် သူမ၏ အခန်းထဲသို့ ပြန်သွားကာ သူမ၏ လက်ဝတ်ရတနာများနှင့် ပရိဘောဂများအားလုံးကို အခန်းထဲမှ သယ်ထုတ်လာရန် အမိန့်ပေးလိုက်သည်။ သေချာပေါက် အရေးအကြီးဆုံးအရာများမှာ စာရွက်စာတမ်းအမျိုးစုံပါပင်။
လျူမိသားစု၏ အကြွေးများကို သူမ ကူဆပ်ပေးခဲ့စဥ်က သက်သေခံများ ရရှိခဲ့ပြီး ယခုထက်ထိ သူမလက်ထဲမှာပင် ရှိနေသေးသည်။
ကျန့်ရီ တွေးထားသည့်အတိုင်း လျောင်မိသားစု၏ ဇာတ်လမ်းက မကြာမီမှာပင် ပျံ့နှံ့သွားပြီး ဖုချောင်၏ မိသားစုကြီးများအားလုံးနီးပါးက ထိုအကြောင်းကို သိရှိသွားကြသည်။
ဝမ်ယင်းနျန်၏ ဂုဏ်သတင်းက အတော်လေး ကျော်ကြားလေရာ ထိုဖြစ်ရပ်ပြီးနောက် လျောင်မိသားစုက သူမကို ဖြေရှင်းလိုက်သင့်သည်ဟု လူများစွာက ခံစားရသဖြင့် လျောင်မိသားစု မည်သို့ တုန့်ပြန်လာမည်ကို စောင့်နေခဲ့ကြသည်။
လျောင်မိသားစုက ဝမ်ယင်းနျန်ကို တကယ်ကြီး ကွာရှင်းလိုက်တာလား...
ဒါက တကယ်ကောင်းတာပဲ...
ဒီလိုမိန်းမမျိုးက ကွာရှင်းခံရသင့်တာကြာပြီ...
ဝေရှင်း စီရင်စုနယ်မှ လူများက ထိုအကြောင်းကို ကြားသောအခါ သူတို့က အလွန် စိတ်ထက်သန်လာကြပြီး လျောင်မိသားစု၏ ကိစ္စကို ပို၍ အာရုံထားလာကြလေတော့သည်။ ထို့နောက်တွင် ဝမ်ယင်းနျန်က လူများစွာကို ရှာလိုက်ပြီး သူမ၏ ခန်းဝင်ပစ္စည်းများကို လျောင်မိသားစုနှင့် စာရင်းရှင်းပေးရန်အတွက် ရမန်ရုံးတော်သို့ပင် သွားခဲ့ကြောင်း ကြားသိလိုက်ရသည်။
ဝမ်ယင်းနျန်က မင်းနန်ပြည်နယ်မှ ဖြစ်ပြီး သူမ၏ မိသားစုက အလွန်ချမ်းသာကြောင်း အများသိပြီးသား ဖြစ်သည်။ သို့သော်လည်း သူတို့ မထင်ထားခဲ့သည်မှာ... ဝမ်ယင်းနျန် သူမ၏ ခန်းဝင်ပစ္စည်းများကို သိမ်းသွားပြီးနောက် လျောင်မိသားစုကြီးကို တိုက်ရိုက် အပြောင်ရှင်းသွားစေမည် ဟူ၍ပင်။
"ငါကြားတာကတော့ လျောင်မိသားစု သခင်မကြီးက မိသားစုကို ဝမ်ယင်းနျန်ဆီ လွှဲပေးတော့ ဘဏ္ဍာတိုက်ထဲမှာ ငွေတစ်စမှမရှိဘဲ အပြင်မှာလည်း အကြွေးတွေ အများကြီးပဲတဲ့"
"ဒီလျောင်မိသားစုကတော့ ဒီနှစ်တွေထဲမှာ ဝမ်ယင်နျန်းရဲ့ ခန်းဝင်ပစ္စည်းတွေကပဲ စားသောက်နေကြတာပဲ"
"ဝမ်ယင်နျန်း ဒီလောက်ထိ စိတ်ရှိလက်ရှိ ပြုမူရဲနေတ အံ့သြစရာ မရှိတော့ဘူး... ဆိုတော့ ဒီလိုတွေ ဖြစ်ခဲ့တာကိုး"
"ခုတော့ လျောင်မိသားစုက ရွှေရုပ်တုကြီးကို လက်လွှတ်လိုက်ရပြီလေ"
ဖုချောင်မှ လူအများက ပြောဆိုနေကြဆဲဖြစ်သော်လည်း ယခင်ကနှင့်မတူတော့ပဲ ဝမ်ယင်နျန်းကိုသာ အလုံးစုံ အပြစ်မတင်ကြတော့ပေ။
ဒီဝမ်ယင်နျန်းရဲ့ ဂုဏ်သတင်းက ဆိုးဝါးနေပြီးသားပဲ... ထပ်ပြီး ပြောစရာ မရှိတော့ဘူး...
သို့သော်လည်း အပြန်အလှန်အနေဖြင့်လျောင်မိသားစုမှာ.... ကျွတ် ကျွတ်... အရင်က သူတို့သုံးခဲ့တဲ့ ပိုက်ဆံတွေအားလုံးက သူတို့ချွေးမရဲ့ ခန်းဝင်ပစ္စည်းတွေဆီက ဖြစ်နေတာကိုး...
ဝမ်ယင်နျန်းက လျောင်မိသားစုထဲတွင် ဆက်ပြီး မနေချင်တော့သဖြင့် ခန်းဝင်ပစ္စည်းများကို ရေတွက်ပြီးသွားသောအခါ သူမက တဲ့တိုးဆန်ကာ လူမဆန်သည် ဟူသည့်အတိုင်း လျောင်မိသားစု မျိုးရိုးအဆက်ဆက် လက်ဆင့်ကမ်းခဲ့သည့် လက်ရေးလှများနှင့် ပန်းချီများမှ လွဲ၍ တန်ဖိုးရှိသည့် ပစ္စည်းအားလုံးကို သယ်ယူသွားသည်။
"ဒါတွေက ငါ့မိဘတွေရဲ့ အခန်းထဲက အလှဆင်ပစ္စည်းတွေလေ... ဘယ်လိုလုပ်ပြီး မင်းရဲ့ ခန်းဝင်ပစ္စည်း ဖြစ်သွားရတာလဲ"
ဝမ်ယင်နျန်း ခေါ်လာသော လူများက သူ့မိဘများ၏ အခန်းထဲမှ ပစ္စည်းများအား ရွှေ့ပြောင်းနေကြသည်ကို မြင်သောအခါ လျောင်ချင်းဟယ်၏ မျက်နှာက အလွန်အမင်း ကြည့်ရဆိုးသွားသည်။
"ကျွန်မက လျောင်မိသားစုရဲ့ အကြွေးတွေကို ကူဆပ်ပေးခဲ့တယ်... ဒါက အကြွေးကို ပြန်ချေဖို့အတွက်ပဲ" ဝမ်ယင်နျန်းက ခပ်ပြုံးပြုံးဖြင့် အကြွေးစာချုပ်ကို ထုတ်ယူလိုက်သည်။
"ဒါ ငါဝယ်လာတဲ့ ရှေးဟောင်းပစ္စည်းကွ" သူ့စာကြည့်ခန်းထဲမှ ပန်းအိုးအား ဖယ်ထုတ်နေသည်ကို မြင်သောအခါ လျောင်ချင်းဟယ်၏ မျက်နှာအမူအယာက ပို၍ပင် ကြည့်ရဆိုးသွားသေးသည်။
"ကျွန်မငွေနဲ့ ဝယ်ထားတာပဲလေ" ဝမ်ယင်နျန်းက ပြောလိုက်ပြန်သည်။
ဝမ်ယင်းနျန်က လူများကို ခေါ်၍ လျောင်ချင်းဟယ် နေထိုင်ရာအိမ်သို့ သွားမည် ပြုသောအခါ လျောင်ချင်းဟယ်မှာ ဆက်ပြီး သည်းမခံနိုင်တော့ဘဲ အော်လိုက်သည်။
"ဝမ်ယင်းနျန်... လွန်မလာနဲ့"
"ဘာလဲ... ရှင်တို့ လျောင်မိသားစုက ကျွန်မရဲ့ ခန်းဝင်ပစ္စည်းတွေကို ယူထားချင်နေသေးတာလား... ဆုံးဖြတ်ပေးဖို့ လူတွေ ထပ်ခေါ်ပေးရမလား... ပြီးရင် ရှင်ပြောတဲ့ စကားတွေ ကူဖြန့်ပေးဖို့လေ"
ထိုသို့ ဆိုလိုက်ပြီးနောက် ဝမ်ယင်နျန်းက တံခါးကို တွန်းဖွင့်ခိုင်းလိုက်သည်။ သူမက သူမ၏ ဆိုင်များမှ ဆိုင်ရှင်များ၊ အလုပ်သမားများအားလုံးကို ခေါ်ထားလိုက်ပြီးနောက် လျောင်မိသားစု၏ အစေခံများအား လုံးဝ ဂရုမစိုက်တော့ပေ။
ဝမ်ယင်နျန်းနှင့် လျောင်ချင်းဟယ်က သီးခြားအခန်းများတွင် အိပ်စက်ကြခြင်း ဖြစ်ပြီး လျောင်ချင်းဟယ်က သူမကို ဤနေရာသို့ လာခွင့်သိပ်မပေးသော်လည်း ယခုတွင်... လုလွမ်က လျောင်ချင်းဟယ်၏ အိပ်ရာထဲတွင် လဲလျောင်းနေပြီး ငှက်သိုက် သောက်နေခဲ့သည်လေ...
ဝမ်ယင်နျန်းက ငှက်သိုက်ခွက်ကို ဆွဲယူကာ မြေပေါ်သို့ လွှင့်ပစ်လိုက်သည်။
"အား" လုလွမ်က ထိတ်လန့်တကြား အော်ငိုလိုက်သည်။
"ဝမ်ယင်နျန်း" လျောင်ချင်းဟယ်လည်း ကြက်သေသေသွားလေသည်။
"အဲ့ငှက်သိုက်က ကျွန်မပစ္စည်း"
ဝမ်ယင်နျန်းက ပြောလိုက်သည်။ လျောင်မိသားစု၏ ထိုငှက်သိုက်ကို သူမ၏ ခန္ဓါကိုယ် အာဟာရဖြည့်ရန်အတွက် သူမ၏ အမေမှ ပို့ပေးထားခြင်း ဖြစ်သဖြင့် သူမ၏ အပိုင်ပစ္စည်းသာ ဖြစ်သည်။
အိမ်ထဲတွင် လှည့်ပတ်သွားလိုက်ပြီးနောက် ဝမ်ယင်နျန်းက တန်ဖိုးရှိသော ပစ္စည်းအားလုံးကို သယ်ထုတ်သွားရန် တိုက်ရိုက်ပင် အမိန့်ပေးလိုက်သည်။
အိပ်ရာပေါ်တွင် လဲလျောင်းနေသော လုလွမ်မှာ မူလတွင် လျောင်ချင်းဟယ်ကို သူမအတွက် ရပ်တည်ပေးရန် အလိုရှိခဲ့သော်လည်း ထိုမြင်ကွင်းကို မြင်ပြီးနောက် ကြက်သေသေသွားလေတော့သည်။
ဒီမှာ ဘာတွေ ဖြစ်နေတာလဲ...
လုလွမ်တစ်ယောက်တည်းသာ ကြက်သေသေနေရသည် မဟုတ် လျောင်မိသားစု အဖေနှင့် အမေပါ အတူတူပင်။
လျောင်မိသားစုရဲ့ ပစ္စည်းတွေက ဘယ်တုန်းက ဝမ်ယင်းနျန်ဟာတွေ ဖြစ်သွားတာလဲ... သို့သော်လည်း မထင်မှတ်ထားစွာပင် ဝမ်ယင်နျန်းက မှန်ကန်သော အချက်ကိုသာ ပြောဆိုနေပြီး ၎င်းတို့က သူမ၏ အပိုင် ဖြစ်သင့်ကြောင်း သက်သေပြရန်အတွက် သက်သေများပင် ယူလာသေးသည်။
ဝမ်ယင်နျန်းက အလွန် တဲ့တိုးဆန်လှသဖြင့် တန်ဖိုးရှိသော အရာအားလုံးကို သယ်ထုတ်သွားခဲ့ပြီး ဘဏ္ဍာတိုက်ကို အပြောင်ရှင်းထုတ်လိုက်သည်။ ထို့နောက် ငွေချေးစာချုပ်များကို ပစ်ချလိုက်ပြီး ပြောလိုက်သည်။ "ရှင်တို့ လျောင်မိသားစုအိမ်ကို ပြန်ပြုပြင်ဖို့ သုံးခဲ့တဲ့ ငွေနဲ့ ဒီနှစ်တွေမှာ ရှင်တို့အတွက် သုံးခဲ့ရတဲ့ ငွေတွေကိုတော့ ပြန်မတောင်းတော့ဘူး... အခုကစပြီး ကျွန်မတို့က တစ်ယောက်နဲ့ တစ်ယောက် မသက်ဆိုင်ကြတော့ဘူး"
လျောင်အဖေနှင့်အမေတို့မှာ မကျေနပ်ချက်များ အပြည့်ရှိနေပါသော်လည်း သူတို့လုပ်နိုင်သည့် အရာ မရှိပါပေ။
"ကောက်ကျစ်တဲ့မိန်းမ... ကောက်ကျစ်တဲ့မိန်းမ" အဖေလျောင်က ဝမ်ယင်နျန်းကို သတ်ဖြတ်တော့မတတ် စူးစိုက်ကြည့်နေရုံသာ တတ်နိုင်လေတော့သည်။ ဒီမိန်းမ သူ့သားထက်ပိုသာတဲ့သူကို ရှာနိုင်မယ်ဆိုတာ သူမယုံဘူး...
သူမ၏ လက်ရှိ အပြုအမူများက ကွာရှင်းစာချုပ် ပြန်ပေးရန်အတွက် သူတို့ကို သေချာပေါက် တွန်းအားပေးနေခြင်း ဖြစ်သော်လည်း သူတို့ကမူ သူမ၏ ဆန္ဒကို ဖြည့်ဆည်းပေးမည် မဟုတ်ပေ။ ဒီမိန်းမ သူတို့ကို ပြန်တောင်းပန်လာအောင် လုပ်ပြမယ်...
ဝမ်ယင်နျန်းက ဤအခြေအနေ ရောက်သည်အထိ လျောင်မိသားစုက ထိုသို့ စဥ်းစားနေကြသည်ကို မသိခဲ့ပါပေ။
သူမက လျောင်မိသားစု၏ ပစ္စည်းအားလုံးကို ဝေရှင်းစီရင်စုနယ်တွင် သူမ ဝယ်ထားခဲ့သည့် အိမ်တစ်အိမ်သို့ ပို့လိုက်ပြီး သူမ၏ ကိုယ်ပိုင်ဝန်ထမ်းများနှင့် ကျင်းကျန့်ကိုယ်ရံတော် လုပ်ငန်းမှ လူများကို စောင့်ကြည့်ခိုင်းထားလိုက်သည်။ သူမကိုယ်တိုင်အတွက်ကား...
ဝမ်ယင်နျန်းက သူမကို တစ်ချိန်လုံး သစ္စာရှိရှိ ကာကွယ်ပေးနေခဲ့သည့် ကျောက်ကျင်းကောကို ကြည့်လိုက်သော်လည်း ထိုအခိုက်တွင် အနည်းငယ် စိတ်ပျံ့လွင့်နေခဲ့သည်။
"ရှင့်အိမ်က အရမ်းကြီးတော့ လစ်လပ်နေတဲ့ ခြံဝင်းတစ်ခုလောက် ရှိမှာပဲမလား... ကျွန်မကို တစ်ညလောက် ငှားပေးနိုင်မလား"
သူမ၏ အိမ်တော်က အသေအချာ မရှင်းလင်းရသေးသဖြင့် သူမ၏ ပစ္စည်းများ ရွှေ့ပြောင်းထားပြီးနောက် သေချာပေါက် ရှုပ်ပွနေပေလိမ့်မည်။ အစေခံလုံလုံလောက်လောက်လည်း မရှိသဖြင့် အချိန်တစ်ခုလောက်ထိ ထိုအိမ်မှာ နေနိုင်ဦးမည် မဟုတ်ပေ။ ထို့ကြောင့် သူမက ကျောက်ကျင်းကော၏ အိမ်သို့ သွားကာ အခန်းတစ်ခန်းလောက် ငှားနေမှ ဖြစ်ပေမည်။
ကျောက်မိသားစုတွင် လုံးဝ အလွတ် ဖြစ်နေပြီး သူတို့ မပြောင်းခင်ကတည်းက ရှင်းလင်းထားပြီးသား ဖြစ်သည့် ခြံဝင်းအလွတ်တစ်လုံး ရှိပြီး အဆင်သင့် ဝင်နေ၍ ရသည်။ ကျောက်ကျင်းကောက ခေါင်းငြိမ့်ကာ လက်ခံလိုက်ပြီး ပြောလိုက်သည်။
"ကျွန်တော်တို့ ပြန်ကြတော့မလား"
"အလျင်လိုနေတာလား" ဝမ်ယင်နျန်းက မေးလိုက်သည်။
ကျောက်ကျင်းကော ခေါင်းညိတ်ပြလိုက်လေသည်။
"ဘာလို့ အိမ်ကို အမြန် ပြန်ချင်နေရတာလဲ" ဝမ်ယင်နျန်းက ထပ်မေးလိုက်ပြန်သည်။ ရုတ်တရက် အိမ်ခွဲခြင်းနှင့် ကွာရှင်းခြင်း ပြီးနောက် သူမကပထမတွင် စိတ်အခြေအနေ မကောင်းခဲ့သော်လည်း ယခုတွင်မူ စိတ်ငြိမ်သွားပြီ ဖြစ်၍ စိတ်အခြေအနေ ပိုကောင်းလာသည်။
ကျောက်ကျင်းကော အိမ်အမြန် ပြန်ချင်နေရခြင်းမှာလည်း သူ့ကလေးနှင့် ကျန်းကျန့်ကို လွမ်းနေသည့်အကြောင်းကြောင့် ဖြစ်သော်လည်း ထိုအကြောင်းကို ဝမ်ယင်နျန်းအား ပြောပြလိုက်ပါက သူမ၏ အနာကို သွားဆွမိပေတော့မည်။ ထို့ကြောင့် သူက တစ်ခဏမျှ ရပ်သွားပြီးနောက် ပြောလိုက်သည်။ "ကျွန်တော် ဗိုက်ဆာလို့ပါ"
ဝမ်ယင်နျန်းက ကြောင်အသွားသော်လည်း မကြာမီ သူမလည်း ပြောလိုက်သည်။ "ကျွန်မလည်း ဗိုက်ဆာနေတာ"
"ကျွန်တော့်အမေက အရသာရှိတဲ့ အစားအသောက်တွေ တစ်ယောက်ယောက်ကို ချက်ခိုင်းထားမှာ... ပြန်ကြရအောင်" ကျောက်ကျင်းကောက ပြောလိုက်သည်
။
ကျောက်ကျင်းကော၏ စကားကို ကြားလိုက်ရသောအခါ... သူမကို သူတို့နဲ့ အတူစားဖို့ ခေါ်နေတာလား...
ဝမ်ယင်နျန်းက ပါးစပ်ဟလိုက်သော်လည်း ရုတ်တရက်ပင် အနည်းငယ် မျှော်လင့်မိသွားသည်။