Chapter 202
ဝမ်ယင်နျန်းက ပြေးထွက်သွား၍ လျောင်ချင်းဟယ်က သူမနောက်လိုက်ချင်သော်လည်း လုလွမ်က ဗိုက်ကိုကိုင်ထားရင်း နာနာကျင်ကျင်အော်လာသည်။
“လွမ်အာ..လွမ်အာ..အဆင်ပြေရဲ့လား"လျောင်ချင်းဟယ်က လုလွမ်အား စိုးရိမ်တကြီးကြည့်လိုက်ကာ ဝမ်ယင်နျန်းအား ဂရုမစိုက်နိုင်တော့။
ထိုအချိန် ဝမ်ယင်နျန်းကလည်း ကျောက်မိသားစုအိမ်ထဲဝင်သွားပြီးဖြစ်ကာ သူမပုံရိပ်လေးကလည်း ထိန်းချုပ်မရစွာ တုန်ယင်လာသည်။
“မဒမ်..."သူမလူယုံတစ်ယောက်က စိုးရိမ်တကြီးခေါ်လာသည်။
“အဆင်ပြေပါတယ်"ဝမ်းယင်နျန်းက ဆိုလိုက်သည်။သူမက ဒေါသအနည်းငယ်ထွက်နေခြင်းဖြစ်သည်။
“ခင်ဗျား...အထဲကို အရင်ဝင်နားလိုက်ပြီးတော့ လက်ဖက်ရည်လေးသောက်လိုက်ပါလား"
ကျောက်ကျင်းကောက ဝမ်ယင်နျန်းအား စိုးရိမ်သည့်အကြည့်နှင်ကြည့်လာသည်။
ဝမ်ယင်နျန်းက ခေါင်းညိမ့်ပြလိုက်ပြီး အထဲသွားရန်ပြင်လိုက်စဥ် ကျန်းကျန့်နှင့်ကျန့်ရီတို့ အပြင်မှစကားပြောရင်းဝင်လာသည်အား တွေ့လိုက်ရသည်။
သူမက ကျန့်ရီကိုတွေ့လိုက်ရသည်က အဆင်ပြေသော်လည်း ကျန်းကျန့်ကိုတွေ့လိုက်ရ၍ ချက်ချင်းမျက်မှောင်ကြုတ်မိသည်။
"ဒီလူက ဘာလို့ဝင်လာခဲ့တာလဲ"
ကျောက်ကျင်းကောက နောက်ကျမှထွက်လာသည်ဖြစ်၍ သူထွက်လာချိန် ဖရိုဖရဲဖြစ်နေပြီဖြစ်သည်။သူက ကျန်းကျန့်မှာ ဝမ်ယင်နျန်းအားတားလိုက်သည်ကိုမသိ၍ ဝမ်ယင်နျန်းမေးလိုက်သည်ကိုကြားသည်နှင့် ဖြေလာသည်။
"သူက ကျွန်တော့်ခင်ပွန်းပါ တစ်ခုခုဖြစ်လို့လား"
ဝမ်ယင်နျန်းမှာ ကျန်းကျန့်အား စိတ်မဆိုးတော့ချေ။သူမက ဤလူအတော်လေးထူးဆန်းသည်ဟုခံစားရခြင်းသာ။
ဝမ်ယင်နျန်းက ရိုက်ခတ်မှုတစ်ခု ခံထားရသော်လည်း ဤတစ်ကြိမ်၌ ကျန်းကျန့်နှင့်ကျောက်ကျင်းကောတို့အား အာရုံစိုက်ရန်အချိန်မရှိပါချေ။ထို့ကြောင့် သူမက ပြောလာသည်:
"ကျွန်မ တစ်နေရာရာမှာနားချင်တယ်"
ဝမ်ယင်နျန်းအား အထဲခေါ်သွားလိုက်ပြီး အိမ်တော်ထိန်းက ကျန်းကျန့်နှင့်ကျန့်ရီတို့ အထဲမဝင်မီသောက်ထားသည့်လက်ဖက်ရည်အား အသစ်လဲပေးလာ၏။
ကုလားထိုင်တွင်ထိုင်လိုက်ပြီး လက်ဖက်ရည်တစ်ငုံသောက်လိုက်မှ ဝမ်ယင်နျန်းက စိတ်ပြန်ငြိမ်သွားတော့သည်။
"ရှင်တို့တွေကို ဒီလိုပြဇာတ်မျိုးမြင်စေမိတဲ့အတွက် အားနာပါတယ်"
“ဒါက ပြဇာတ်တဲ့လား..မဒမ်လျောင်က အမျိုးသမီးတွေကြားက သူရဲကောင်းပဲ"ကျန့်ရီက အဓိပ္ပာယ်ပါပါ ချီးမွမ်းမြှောက်ပင့်လာသည်။
ဝမ်ယင်နျန်းက သတိထားမိသော်လည်း အတည်မယူလိုက်ချေ။
သူမက ကျန့်ရီကဲ့သို့လူမျိုးပေါင်းများစွာ မြင်ဖူးလေရာ ကျန့်ရီ၏အပြုအမူကလည်း သိသာနေ၍ပင်။တစ်ခါက တစ်ယောက်ယောက်မှာ သူမအား လက်ညှိုးထိုးပြောလာသည့်အချိန် ...သူမက စိတ်ကောင်းရှိသူမဟုတ်၍ ဤလူများကိုရိုက်ချပစ်ခဲ့သည်။စကားမစပ် ကျောက်ကျင်းကောအား နောက်ဆုံးအချိန်က ဆေးခန်းထဲတွင်စွပ်စွဲခဲ့သည့်သူက ယခင်က သူမထံမှအရိုက်ခံရဖူးပုံရသည်။
“မဒမ်လျောင်...ကျင်းကျန့်ကိုယ်ရံတော်လုပ်ငန်းကို ဘယ်လိုကာကွယ်ရေးစည်းမျဥ်းတွေနဲ့သုံးခိုင်းပြီး ခင်ဗျားကိုကာကွယ်ပေးစေချင်လဲ"
ကျန်းကျန့်က မေးလိုက်သည်။
ဝမ်ယင်နျန်းက နောက်ပိုင်းဆက်လုပ်ရမည့်အရာအကြောင်း မစဥ်းစားထားလေရာ ကျန်းကျန့်က မေးလာသောအခါ သူမက ဖြေနိုင်ခြင်းမရှိ တောင့်ခဲသွားရသည်။
ကျန်းကျန့်က ဆိုလာသည်"စကားမစပ် မဒမ်လျောင်က လျောင်မိသားစုဝင်ဖြစ်နေတုန်းလေ...ဒါကြောင့် အပြင်မှာအကြာကြီးနေတာက အဆင်မပြေလောက်ဘူး"သူတို့က မဒမ်လျောင်ကို ကာကွယ်ပေးနိုင်သော်လည်း လျောင်မိသားစုက သူတို့မိသားစုဝင်ကို ဖျားယောင်းသွေးဆောင်မှုနှင့်တရားစွဲလာပါက....။
အဆုံးတွင်ဖြင့် ကံဆိုးသွားမည့်သူက ကျင်းကျန့်ကိုယ်ရံတော်လုပ်ငန်းသာ ဖြစ်သွားပေမည်။
ဝမ်ယင်နျန်းက စိတ်အခြေအနေမကောင်းနေ၍ ကျန်းကျန့်က ဤသို့ပြောလာသည်အားကြားလျှင် ချက်ချင်းပင် မီးစပြန်တောက်လာ၏၊
"ငါက အပြင်မှာ အကြာကြီးနေလို့မရဘူးတဲ့လား..ဒါဖြင့် ငါဘာလုပ်သင့်တယ်လို့ထင်လဲ..သူတို့မိသားစုရဲ့အသည်းတုံးလေးကို သွားတွေ့ရမှာလား.."
“သေချာပေါက် ခင်ဗျားသွားဖို့မလိုပါဘူး..ခင်ဗျားသာပြန်မသွားချင်ရင် နည်းလမ်းနှစ်ခုတော့ရှိတယ်"ကျန်းကျန့်က ဆိုလိုက်ရင်း"ခင်ဗျားရဲ့မိဘအိမ်ကိုပြန်ဖို့ ကျွန်တော်တို့ကိုငှားမလား...ဒါမှမဟုတ် ရိုရိုးလေး ရေစက်ဖြတ်ပြီးကွာရှင်းလိုက်မလား"
ကျန့်ရီက လက်ဖက်ရည်ခွက်ကိုင်၍ တစ်ငုံမျှသောက်ရုံရှိသေး ကျန်းကျန့်စကားကြောင့် ပါးစပ်ထဲမှလက်ဖက်ရည်ပင် ထွေးထုတ်မိလုနီးပါးဖြစ်သွားရသည်။
အဆုံးတွင် သူက ထိန်းထားလိုက်နိုင်ပြီးထွေးမထုတ်မိသော်ငြား ချောင်းတဟွတ်ဟွတ်ဆိုးလာသည်။
ဒီကျန်းကျန့်က...လူတွေကို ကွာရှင်းဖို့အကြံပေးရဲတယ်ပေါ့။
ဝမ်ယင်နျန်းကလည်း ထိုသို့တုန့်ပြန်လာသည်။
ကျောက်ကျင်းကောရဲ့ယောကျ်ားက အတော်ထူးဆန်းတာပဲ။
“ခင်ဗျားရဲ့အစီအစဥ်က ဘာလဲ"ကျန်းကျန့်က ပြန်မေးလာသည်။
ဝမ်ယင်နျန်းက မူလမှာ သူမမိဘအိမ်သို့ပြန်မည့်အကြောင်းပြောချင်သော်လည်း နှုတ်ဖျားမှထွက်လာသည့်စကားလုံးများက ပြောင်းသွားလေသည်။
"ကွာရှင်းမယ်"
သူမက အိမ်ထောင်သည်တစ်ယောက်ဖြစ်လာချိန်မှစ အကြောင်းအရာမျိုးစုံကြုံတွေ့ရသော်လည်း ကွာရှင်းမည့်အကြောင်းမစဥ်းစားမိခဲ့ပေ။သူမက ခွဲနေကြသည့်လူများလည်း မမြင်ဖူးသလို မည်သူမှလည်း သူမအား ထိုအကြောင်းမပြောဖူးကြချေ။
သူမက အိမ်နှင့်အလှမ်းဝေးနေသော်လည်း အိမ်ပြန်လေ့ရှိပြီး သူမ၏မိဘများအား လျောင်ချင်းဟယ်အကြောင်းတိုင်တန်းဖူးသော်လည်း ချစ်လှစွာသောမိဘများက လျောင်ချင်းဟယ်နှင့်သင့်သင့်မြတ်မြတ်နေရန်သာ အကြံပေးကြကာ ကွဲမည့်အကြောင်းမပြောကြချေ။
သူမသည်လည်း မငယ်တော့၍ ကွာရှင်းပြီးပြန်လက်ထပ်ရန်လည်း မဖြစ်နိုင်ချေ။အဲ့ဒါဆို သူမ ဘယ်လိုနေရတော့မှာလဲ။
သူမ လျောင်ချင်းဟယ်ထက် ပိုသာသည့်လူကို ရှာနိုင်မည်လား။
“အရမ်းကောင်းတယ်"
ကျန်းကျန့်က ခေါင်းညိမ့်ပြလိုက်သည်။
"ခင်ဗျားက ချမ်းသာတာမို့လို့ ကွဲသွားရင်တောင် ခင်ဗျားရဲ့နေ့ရက်တွေက ဆိုးဝါးမှာမဟုတ်မှန်း ယုံတယ်"
ဤမဒမ်လျောင်သာ ဆင်းရဲနေပါက သူမအား ကွဲလိုက်ပြီးကွာရှင်းရန် အကြံပေးလိုက်မည်မဟုတ်ပေ။အမှန်တွင်ဖြင့် ကွဲကွာပြီးနောက် သူမ၏နေ့ရက်များက ပို၍ပင်ခက်ခဲသွားနိုင်သော်လည်း ကျန့်ရီ၏မဒမ်လျောင်အပေါ်သဘောထားအရ ဤမဒမ်လျောင်က ချမ်းသာသည်ဖြစ်၍ ကွာလိုက်သည်ကလည်းမဆိုးမှန်း သိသွားသည်။
ဝမ်ယင်နျန်းက ဇွန်းမွှေနေရင်း ရုတ်တရက် ဤသည်က မှန်လောက်ကြောင်း တွေးမိသည်။
သူမလုပ်ရမည့်ပထမဆုံးအရာက ပြဿနာများဖြေရှင်းရန်ဖြစ်သည်။ထို့ထက် လျောင်မိသားစုထံမှ...သူမ၏တင်တောင်းကြေးများပြန်ယူသွားလိုက်လျှင် သူတို့မည်သို့ရှင်သန်ရတော့မည်အား မသိချေ။
သို့သော် ကွဲသွားပြီးလျှင် သူမအတွက် အလောင်းမြုပ်ရန်နေရာလည်းရှိမည်မဟုတ်သလို အနာဂတ်တွင်လည်း ဝတ်ပြုဆုတောင်းပေးမည့်သူမရှိချေ။
ဒါပေမယ့် သူမ ကလေးမွေးစားလိုက်လို့ရတာပဲလေ။
သင်သာ နာခံမှုသုံးပါးနှင့်စိတ်ထားမြတ်လေးပါးဖြင့် ကြီးပြင်းလာသည့်အမျိုးသမီးဖြစ်ပါက ဤသို့စဥ်းစားနိုင်မည်မဟုတ်။သို့သော်လည်း ဝမ်ယင်နျန်း၏မိဘများက စီးပွားရေးသမားများဖြစ်၍ သူမက လမ်းကြောင်းများမှသွေဖယ်ထားနိုင်သူဖြစ်ပြီး သဘောပေါက်နားလည်မြန်သည်။
သို့သော်ငြား ကွာရှင်းသည်ကလည်း မလွယ်ကူချေ။
ကျန်းကျန့်က ကွာရှင်းမှုအကြောင်းကြားဖူးထားသော်လည်း နာမည်ကြီးလှသည်ကွာရှင်းမှုများမှာ သူတို့ဇနီးသည်အား ကွာရှင်းချင်ကြသည့်အမျိုးသားများက အတင်းပြောခံရမည်ကြောက်၍ ကွာရှင်းခြင်းအား အကာအရံအနေနှင့်သာသုံးခြင်းဖြစ်ကြောင်း မသိချေ။လျောင်မိသားစုသာ သဘောမတူပါက ဝမ်ယင်နျန်းကလည်း ကွာရှင်းခွင့်ရမည်မဟုတ်ချေ။
သို့သော်လည်း ကွာရှင်းစာချုပ်က ရရန်လွယ်ပေသည်။
လျောင်မိသားစုထဲလက်ထပ်မည့်အခြားတစ်ယောက်ကိုမြင်ပြီးနောက် ကွာရှင်းစာချုပ်ရခဲ့လျှင်ပင် ဝမ်ယင်နျန်းက အနည်းငယ် တွန့်ဆုတ်နေမည်ဖြစ်သည်။
မဟုတ်ဘူး...မလုပ်စရာဘာအကြောင်းရှိလဲ..သူမက အရှက်ရထားပြီးသားဆိုတော့ နောက်ထပ်ရလည်း ဘာဖြစ်လဲ။
“မင်းသာ ငါ့ကိုကာကွယ်ဖို့ လူရှာပေးလာမယ်ဆိုရင် အခုချက်ချင်း လျောင်မိသားစုဆီသွားပြီး ကွာရှင်းစာချုပ်တောင်းလိုက်မယ်"
ဝမ်ယင်နျန်းက ဆိုလိုက်သည်။မကြာလောက်ဘူး...အခုဆို လျောင်မိသားစုက ဒေါသထွက်နေတာမို့လို့ ကွာရှင်းစာချုပ်ရဖို့က လွယ်လွယ်လေးပဲ။ ကြာသွားရင်တော့ သူတို့ ကွာရှင်းစာချုပ်ပေးရမှာစိုးနေလိမ့်မယ်။
ထပ်ပြောရရင် လုလွမ်ပြောင်းလာတာနဲ့ သူတို့က ကလေးကိုပျိုးထောင်ဖို့ သူမပိုက်ဆံကိုသုံးကြတော့မှာလေ။
လျောင်မိသားစုတွင်ရှိနေသေးသည့် သူမ၏ရွှေငွေရတနာများအကြောင်း စဥ်းစားမိသည်နှင့် ဝမ်ယင်နျန်းက ထိုင်မနေနိုင်တော့ပဲ ထပြီးထွက်သွားတော့သည်။
“ကျင်းကော မဒမ်လျောင်နဲ့လိုက်သွား"ကျန်းကျန့်က ဆိုလိုက်သည်။ကျန်းကျန့်က ယောကျ်ားလေးဖြစ်နေ၍ မကောင်းမည်စိုး၍ဖြစ်သည်။
ကျောက်ကျင်းကောက သဘောတူလိုက်ပြီး သူ့လူများနှင့်အတူ လိုက်သွားလေ၏။
ထိုနောက် ကျန်းကျန့်က ကျန့်ရီကိုကြည့်လိုက်ပြီးမေးလိုက်သည်
"သခင်လေးကျန့်...ဒီမဒမ်လျောင်ရဲ့ ဇစ်မြစ်က ဘာလဲ"
“သူမရဲ့မိသားစုက မင်းနန်က ပင်လယ်ကုန်သည်ကြီးတွေ"ကျန့်ရီက ဆိုလိုက်ကာ"ကောင်းပြီ မဒမ်လျောင်က စိတ်သဘောထားဆိုးပေမယ့် လျောင်ချင်းဟယ်ကတော့ မိုက်မဲတာပဲ..လျောင်မိသားစုက ဆင်းရဲပေမယ့် သူ့ဇနီးကို မသိမ်းသွင်းနိုင်ခဲ့လို့ ဒီလိုရှုပ်ကုန်ရတာ..အခုဆို သူမက ထွက်သွားချင်နေပြီ..သူဘာလုပ်မလဲကြည့်ကြတာပေါ့"
သူသာ လျောင်ချင်းဟယ်နေရာတွင်ဆိုပါက သူ့ဇနီးအား အရှုံးပေးလိုက်မည်ပင်။
.
ကုန်သည်သမီးရဲ့အဆင့်အတန်းက နိမ့်တယ်လို့တော့ မပြောနှင့်။ထိုပင်လယ်ကုန်သည်များက အာဏာရှိကြပြီး အချို့အရာရှိများကိုပင် လာဘ်ထိုးပြီး တရားရုံး၏ဆုံးဖြတ်ချက်ကိုပင် စိုးမိုးနိုင်သည်။
လျောင်ချင်းဟယ်ကသာ သူ့ဇနီးအပေါ်ကောင်းပေးပါက ဝမ်မိသားစုက သူ့အားကူညီပေးကြမည်ဖြစ်ပြီး တရားရုံးအရာရှိပင် ဖြစ်လာနိုင်ပေသည်။ဒါဖြင့် သူက ဘာလို့ စာသင်သားပဲရှိနေသေးတာလဲ။
ကလေးများအတွက်မူ သူသာ ဝမ်ယင်နျန်းကိုသိမ်းသွင်းနိုင်လျှင် လျောင်ချင်းဟယ်မပြောလျှင်ပင် ဝမ်ယင်နျန်းက သူ့ကလေးမွေးပေးရန် အမျိုးသမီးတစ်ယောက်ရှာပေးလာမည်ဖြစ်သည်။
သေချာပေါက် သူက လျောင်ချင်းဟယ်မဟုတ်ပေ။သူသာ လျောင်ချင်းဟယ်ဖြစ်နေပါက သူ့ကိုယ်ပိုင်အစွမ်းအစပေါ်မူတည်ပြီး ကောင်းကောင်းမွန်မွန်နေရမည့်နည်းလမ်းရှာမည်ဖြစ်သည်။
ဝမ်မိသားစုအကြောင်း သူသိသမျှပြောပြီးနောက် ကျန့်ရီက ပြောလာသည်။
"အရင်တုန်းက ငါနဲ့အဆက်အသွယ်လုပ်ခဲ့ကြတဲ့လူတွေအကုန်လုံးက ဝေရှင်းစီရင်စုက ပင်လယ်ကုန်သည်တွေပဲ...ဒါပေမယ့် ဝေရှင်းစီရင်စုက ကုန်သည်တွေက မင်းနန်ကလောက် လုပ်နိုင်စွမ်းမရှိကြဘူး..တချီကိုတည်ထောင်တုန်းက သူတို့က အနောက်ဘက်ကိုသွားဖို့ သင်္ဘောအဖွဲ့ဖွဲ့ခဲ့တယ်...အဲ့အချိန်မှာ သင်္ဘောဆောက်တဲ့လက်မှုပညာသည်တွေက နောက်ပိုင်းမှာ မင်းနန်စီရင်စုရဲ့ ပင်လယ်ကုန်သည်တွေဖြစ်ကုန်ကြတာလေ"
ကျန့်ရီက သင်္ဘောဝယ်ရန်အတွက် ကျောက်ကျင်းကောအား မဒမ်လျောင်နဲ့ဆက်ဆံရေးကောင်းရန် ပြောထားသော်လည်း အခြေအနေက ဤသို့ပြောင်းလဲသွားမည်ဟု မထင်ထားခဲ့ပေ။
ကျန်းကျန့်နှင့်ကျန့်ရီက ဝမ်ယင်နျန်းအကြောင်းပြောနေကြစဥ် ဝမ်ယင်နျန်းက လျောင်မိသားစုထံရောက်သွားလေသည်။
လျောင်မိသားစုက မျိုးဆက်အဆက်ဆက်နေခဲ့ကြသည့် ဘိုးဘွားခန်းမထဲနေကြသည်ဖြစ်သော်လည်း မကြာသေးမီနှစ်များအတွင်း ပြန်လည်ပြုပြင်ထားကာ လှပစွာမွမ်းမံထားလေသည်။
သူတို့က ဝမ်ယင်နျန်းလာနေသည်ကို မြင်သွားစဥ် လျောင်မိသားစုနောက်လိုက်များက ချက်ချင်းပင် လျောင်ချင်းဟယ်အခန်းထဲသို့ ပြေးသွားကြလေသည်။
"မဒမ်ရောက်နေပြီ...မဒမ်ပြန်လာနေပြီ"
လျောင်မိသားစုအိမ်ပြန်ရောက်ပြီးမကြာ လုလွမ်အားကုသရန် သမားတော်ကိုပင့်ထားခြင်းဖြစ်သည်။ယခု ဤအရာကိုကြားသော် လျောင်အမေနှင့်အဖေက ချက်ချင်းဒေါသထွက်လာကြသည်။
"သူမက ပြန်လာရဲတဲ့မျက်နှာရှိသေးတယ်လား"
လျောင်ချင်းဟယ်၏မျက်နှာသည်လည်း ဆူပုပ်နေသည်။
အတိတ်တွင် ဝမ်ယင်နျန်းက မည်မျှမကျေနပ်ပါစေ သူ့အားရိုက်ခြင်းမရှိသော်လည်း ယခုအကြိမ်တွင် သူမက လူရှေ့တွင် သူ့အားရိုက်လာလေသည်။
.
သူ၏ခန္ဓာကိုယ်မှ ဒဏ်ရာဖွဖွအား ခံစားမိလိုက်၍ လျောင်ချင်းဟယ်က ဝမ်ယင်နျန်းအား ပိုပြီးမကျေမနပ်ဖြစ်လာသည်။ရှက်တတ်တဲ့မိန်းမလှလေးက ဒီလိုမျိုးဖြစ်သွားတာလား။
သူသာ သိခဲ့လျှင်....
“ချင်းဟယ်...မင်းမိန်းမကို သေချာဂရုစိုက် ငါတို့ကို ဒီလိုမျိုး အဆက်ဆံမခံရစေနဲ့"လျောင်အမေက ဆိုသည်။
“ငါတို့မိသားစုထဲ ဒီလိုမိန်းမမျိုးဝင်လာခွင့်ပြုမိတာ တကယ့်ကံကြမ္မာဆိုးပဲ"လျောင်ဖေဖေကလည်း ပြောလာသည်။
သူတို့စကားပြောနေစဥ် ဝမ်ယင်နျန်းက သူမကိုယ်ပိုင်အစေခံများနှင့်အတူ ဇွတ်ဝင်လာကာ ကျောက်ကျင်းကောနှင့်ကျင်းကျန့်ကိုယ်ရံတော်လုပ်ငန်းမှလူများလည်း ပါလေသည်။
“ယင်နျန်း...မင်းဘာလုပ်နေတာလဲ"
လျောင်ချင်းဟယ်က ဒေါသတကြီးဆိုလိုက်သည်။ ဝမ်ယင်နျန်းက တကယ်ကြီး အပြင်လူတွေနဲ့ အတင်းဝင်လာတယ်ပေါ့..သူမဘာလိုချင်တာလဲ။
“တစ်ယောက်လောက် အဲ့မိန်းမကို အပြင်ထုတ်သွား"ဝမ်ယင်နျန်းက အိပ်ရာတွင်လှဲနေသည့်လုလွမ်ကို ညွှန်ပြလိုက်ရင်းဆိုသည်။
ဝမ်ယင်နျန်းနားရှိလူများက သွားလိုက်သော်လည်း လျောင်မိသားစုအစေခံများက တားလာကြသည်။
“ဝမ်ယင်နျန်း..ကျေးဇူးပြုပြီး ပုံကြီးချဲ့လုပ်နေတာတွေကို ရပ်လိုက်လို့ရမလား"လျောင်ချင်းဟယ်က ဆိုသည်။
“နင်ငါ့ကို အဓိပ္ပါယ်မရှိတာတွေမလုပ်ဖို့ပြောတိုင်း ငါကရပ်ပေးရမှာလား"
ဝမ်ယင်နျန်းက လှောင်ပြုံးပြုံးလိုက်ကာ"ငါ ဒီနေ့လာခဲ့တာက နောက်ဆုံးစကားပြောမလို့ပဲ...အနာဂတ်မှာ လျောင်မိသားစုက အဲ့မိန်းမ မရှိရင် ငါရှိမယ်..သူရှိနေရင် ငါမနေဘူး"
“မြန်မြန်ဆုံးဖြတ်..."ဝမ်ယင်နျန်းက ထပ်ပြောလိုက်ကာ"တားရဲတဲ့လူရှိရင် ဆွဲထုတ်ပစ်လိုက်"
လုလွမ်က လှဲလျောင်းနေဆဲဖြစ်ကာ သူမကိုကာကွယ်ပေးနေကြသည့်သူများက လျောင်မိသားစုလက်အောက်ကဖြစ်ပြီး လျောင်အဖေနှင့်အမေတို့လည်းပါသည်။
ဝမ်ယင်နျန်းစကားများကြားပြီးနောက် နောက်ကလိုက်လာသည့်ကျန်းမင်က ချက်ချင်းပင် လျောင်အဖေကို ဆွဲခေါ်သွားလေသည်။
“ရပ်လိုက်.."လျောင်ချင်းဟယ်က သူ့အဖေကို ကျန်းမင်ကဆွဲခေါ်သွားသည်အားမြင်သော် ချက်ချင်းပင် စိတ်ညစ်သွားလေသည်။
“ရဲတင်းလွန်းလိုက်တာ...."လျောင်အဖေကလည်း ဒေါသထွက်လာသည်
"ချင်းဟယ်...ဒီမိန်းမကိုကွာလိုက်...သူမကို ကွာမှဖြစ်မယ် .သူမကြောင့်.ငါတို့လျောင်မိသားစုကို သိက္ခာမကျစေနဲ့တော့"
“ငါ့ကိုကွာရှင်းမှာလား...နင်လုပ်ရဲလား"ဝမ်ယင်နျန်း၏မျက်ခုံးများ ပင့်သွားလေသည်။
“သေချာပေါက် လုပ်ရဲတာ
ပေါ့"လျောင်ချင်းဟယ်ကလည်း ဒေါသထွက်နေခြင်းဖြစ်၍ သူသာ အရှုံးပေးလိုက်လျှင် ဝမ်ယင်နျန်းက သူ့ထက်သာသွားမည်ဖြစ်၍ အရှုံးမပေးလိုက်နိုင်။
"တစ်ယောက်ယောက် စုတ်တံနဲ့ စာရွက်ယူလာခဲ့..ငါ ကွာရှင်းစာချုပ်ရေးချင်တယ်"