Chapter 209
October 09, 2023
ကျန်းကျန့်နှင့် စကားပြောပြီးနောက် ဝမ်မင်က ကျန်းကျန့် လိုချင်သော အမျိုးအစားများကို သိရပြီဖြစ်၍ ဝမ်မိသားစု ယူလာသည့် သင်္ဘောများက ကျန်းကျန့်၏ အကြိုက်နှင့် ကွက်တိကျနိုင်မည် ဖြစ်ကြောင်း သေချာသိလိုက်သည်။
"သခင်ကြီးကျန်း... ဒီတစ်ခေါက် တောင်းဆိုစရာလည်း ရှိလို့ပါ"
"ဘာများလဲ" ကျန်းကျန့်က သိလိုစိတ် အပြည့်ဖြင့် မေးလိုက်သည်။
"မင်္ဂလာပွဲအတွက် ချင်ဖုန့်ဝိုင်အချို့ ဝယ်ချင်လို့" ဝမ်မင်က ပြောလိုက်လေသည်။
မင်္ဂလာပွဲအတွက် ချင်ဖုန့်ဝိုင်တဲ့လား... ဒါ အခွင့်အလမ်းကောင်းကြီးပဲ...
ဤကာလတွင် စျေးကွက်ထဲ၌ လည်ပတ်နေသော ချင်ဖုန့်ဝိုင်အချို့ ရှိနေသော်လည်း စျေးနှုန်းက လူများစွာကို သေချာပေါက် ကြောက်လန့်သွားစေနိုင်ကြောင်း သိသင့်ပေသည်။
"ဟုတ်ပါတယ်... သခင်ကြီးကျန်း စျေးလျှော့ပေးရင် ပိုကောင်းတာပေါ့" ဝမ်မင်က ထပ်ပြောလိုက်သည်။ "ကျွန်တော့်လက်ထဲမှာ ပင်လယ်ရပ်ခြားက သယ်လာတဲ့ ဝိုင်တစ်သုတ် ရှိတယ်... အရည်အသွေးကလည်း အရမ်းကောင်းတော့ ချင်ဖုန့်အဆောက်အဦးကို သွင်းပေးလို့ ရပါတယ်"
"ကောင်းတာပေါ့" ကျန်းကျန့်က တန်းသဘောတူလိုက်ပြီးနောက် မေးလိုက်လေသည်။
"အိမ်တော်ထိန်းဝမ် အနာဂါတ်အတွက် စဥ်းစားထားပြီးပြီလား"
ဝမ်မင် အေးခဲသွားလေသည်။
"ဝမ်ယင်နျန်းနဲ့ လက်ထပ်ပြီးရင် ဝမ်အိမ်တော်မှာပဲ အိမ်တော်ထိန်း ဆက်လုပ်နေဦးမှာလား"
ကျန်းကျန့်က ဝမ်မင်ကို ကြည့်လိုက်သည်။ "ကိုယ်ပိုင် သင်္ဘောနဲ့ ရွက်လွှင်ပြီး ခွဲမထွက်ချင်ဘူးလား .. ကျွန်တော်တို့ ပူးပေါင်းဆောင်ရွက်လို့ ရတယ်လေ"
ဝမ်မင်၏ နှလုံးသားထဲ မွှေနှောက်သွားလေသည်။
သူက ရည်မှန်းချက်မရှိသူ မဟုတ်ဘဲ ကိုယ်ပိုင်လုပ်ငန်းထောင်ရန် စဥ်းစားခဲ့ဖူးသော်လည်း ဒုတိယအတွေးမှာ ဦးတည်ရာမရှိ ဖြစ်နေမည်ဟု တွေးမိသည်။
ဝမ်မိသားစုက သူ့ကို ကောင်းကောင်းဆက်ဆံပေးခဲ့ပြီး သူ့မိသားစုကလည်း ဝမ်မိသားစုအပေါ် သစ္စာရှိသည်။ သူကလည်း တစ်ကိုယ်တည်းသမား ဖြစ်၍ ငွေပိုရလာပါကလည်း အသုံးမဝင်နိူင်ဟု တွေးမိပါသော်လည်း ယခုတွင်မူ...
ဝမ်မင်က တွေးကြည့်လိုက်ပြီးနောက် အဆုံးတွင် သူ့ခေါင်းကို ယမ်းပြလိုက်သည်။
"သခင်ကြီးကျန်း... ကျွန်တော့်မှာ ဒီလိုအတွေးမျိုး မရှိပါဘူး"
လျောင်မိသားစု၏ လက်ထပ်ပွဲကို ဆုံးဖြတ်ပြီးသား ဖြစ်သော်လည်း အချိန်တစ်ခုလောက်အထိ ဖြစ်မလာသေးပေ။ သူတို့က သူတို့၏ သမီးကို လျောင်ချင်းဟယ်နှင့် လက်ထပ်ပေးရန် ဆန္ဒရှိကြသော်လည်း သူတို့၏ သမီးကို အလောတကြီး လက်ထပ်မပေးလိုကြ။
သူတို့က ခန်းဝင်ပစ္စည်းများဝယ်ကာ မင်္ဂလာပွဲအတွက် ပြင်ဆင်ရဦးမည် ဖြစ်၍ အချိန်ယူရနိူင်သည်။
သို့သော်ငြား လျောင်မိသားစု၏ မင်္ဂလာပွဲ မကျင်းပရသေးသည့်တိုင် ဝမ်ယင်နျန်း၏ မင်္ဂလာပွဲကို အချိန်တိုအတွင်းမှာပင် ပြင်ဆင်ပြီးသွားလေပြီ။
ဝမ်မိသားစုလည်း ဖုချောင်သို့ ရောက်လာကြသည်။
ဝမ်မင် ရောက်လာသောအခါ အလွန် စံတင်လောက်စရာ မရှိသည့် သင်္ဘောကြီး တစ်စင်းဖြင့်သာ ရောက်လာခဲ့ခြင်း ဖြစ်သော်လည်း ဝမ်မိသားစုရောက်လာသောအခါ သင်္ဘောကုန်တွဲကြီးဖြင့် ရောက်လာခြင်း ဖြစ်သည်။
ယခင်က ကျန်းကျန့်နှင့် ကျန့်ရီတို့ ပင်လယ်ထွက် သင်္ဘောများ ငှားရမ်းခဲ့ဖူးသော်လည်း အရေအတွက် ဖြစ်စေ အရည်အသွေး ဖြစ်စေ ဝမ်မိသားစုကို မယှဥ်နိုင်ပေ။
ထိုအချိန်၌ ဖုချောင်၏ ဆိပ်ကမ်းများတွင် ဝမ်မိသားစု၏ သင်္ဘောများဖြင့် ပြည့်နှက်သွားလေတော့သည်။
ဖုချောင်သားများအားလုံး ထပ်ပြီး ထိတ်လန့်သွားကြပြန်သည်။
ဤတစ်ခေါက်က ဝမ်မိသားစုက ဝမ်ယင်နျန်း၏ မိဘများနှင့် အကြီးဆုံးအစ်ကိုတို့ ရောက်လာခြင်း ဖြစ်သည်။
ဝမ်မိသားစုက သူတို့ လိုချင်သည့် သင်္ဘောများ ယူလာခဲ့ခြင်း ဖြစ်၍ ထိုနေ့တွင် ကျန်းကျန့် ကျောက်ကျင်းကောကို ခေါ်ကာ သင်္ဘောများကိုသွားကြည့်ခဲ့သည်။
ကျန်းကျန့်က သင်္ဘောများစွာကို အကျွမ်းတဝင်မရှိခဲ့သော်လည်း သင်္ဘောများကို ကောင်း မကောင်း မည်သို့ စစ်ဆေးရကြောင်း သိနေသဖြင့် ဝမ်မိသားစု၏ သင်္ဘောများအားလုံးမှာ မလွဲမသွေပင် သင်္ဘောကောင်းများ ဖြစ်ကြပေသည်။
ကျန်းကျန့်က တုံ့ဆိုင်းမနေဘဲ သင်္ဘောအားလုံးကို ဝယ်ယူခဲ့ပြီး နောက်ထပ်အချို့ပင် မှာထားလိုက်သေးသည်။
သူ့လက်ထဲမှ ငွေများအားလုံးကို သင်္ဘောများအဖြစ် ပြောင်းရန် ဆုံးဖြတ်ထားပြီးသား ဖြစ်သည်။
ဝမ်မိသားစုက ဝမ်မင်ပို့ထားသော စာမှ တဆင့် ကျန်းကျန့်က သင်္ဘောများ ဝယ်ချင်နေကြောင်း သိထားပြီး ဖြစ်သော်လည်း ထိုမျှလောက်ထိ ဝယ်လိမ့်မည်ဟု ထင်မထားခဲ့ပေ။
ဝမ်ယင်နျန်း၏ အစ်ကိုကြီး ဖြစ်သည့် ဝမ်မိသားစု၏ သခင်လေးက ထိုအခိုက်တွင် ပြောလာသည်။
"သင်္ဘောတွေ ဆောက်ရတာ မလွယ်ဘူး... ငါတို့လည်း အချိန်တစ်ခုလောက်ထိ သင်္ဘောအပို ရှိမှာ မဟုတ်တော့ စောင့်ရဦးမှာပဲ"
"ကိစ္စမရှိပါဘူး" ကျန်းကျန့်က သဘောတူဟန် ခေါင်းငြိမ့်ပြလိုက်သည်။ သူကလည်း အလျင်မလိုသေး၍ အချိန်ယူနိုင်သည်။
ဝမ်ယင်နျန်း၏ မင်္ဂလာပွဲကို ခမ်းနားကြီးကျယ်စွာ ကျင်းပခဲ့သည်။
ခင်ပွန်းတစ်ယောက်ကို မိသားစုထဲသို့ လက်ခံခြင်း ဖြစ်သော်လည်း မင်္ဂလာပွဲမှာ အမှန်တကယ်တွင် ပုံမှန်အတိုင်းသာ ကျင်းပခဲ့ခြင်း ဖြစ်သည်။ ဝမ်မင်က ဝမ်ယင်နျန်းအား လာရောက် လက်ထပ်ခြင်း မဟုတ်ဘဲ ဝမ်မင်က ဝမ်ယင်နျန်အား လက်ထပ်ရန် ရှင်းယွမ်သို့ မသွားခင် တစ်နေရာရာမှ စတင်ကာ ရှင်းယွမ်တဝိုက် လှည့်လည်သွားလာပြီးနောက် ပြန်လာခဲ့ခြင်း ဖြစ်သည်။
ဝမ်မိသားစုလည်း ရောက်နေသဖြင့် အခြေခံအားဖြင့် ဖုချောင်မှ လူချမ်းသာများအားလုံး ရောက်လာကြပြီး အရာရှိအများအပြားလည်း ပါဝင်ကြသည်။
ကိစ္စရပ်များစွာတွင် အစိုးရနှင့် စီးပွားရေးလုပ်ငန်းတို့က ပိုင်းခြား၍ မရနိုင်ပေ။
ကျန့်ရီလည်း ဝမ်ယင်နျန်း၏ မင်္ဂလာပွဲကို လာတက်ခဲ့ပြီး ကျန်းကျန့်နှင့် အတူတူထိုင်ခဲ့သည်။
သူက အလွန် စိတ်ကောင်းဝင်နေပုံပေါ်ပြီး ကျန်းကျန့်ကို တွေ့သောအခါ ချက်ချင်းပင် ပြောလိုက်သည်။ "ကျန်းကျန့်... ချန်ဟယ်ဆားလွင်ပြင် အသင့်ဖြစ်နေပြီ"
ကျန့်ရီက ဤရက်များအတွင်း ဆားလွင်ပြင်အသစ်အတွက် ပြင်ဆင်ရင်း အလုပ်များနေပြီး ကျောက်မင်ကျုး၏ မွေးနေ့ပွဲကတည်းက အပြင်ထွက်မလာခဲ့ပေ။ ယခုတွင် ဆားလွင်ပြင်အသစ်က အဆင်သင့် ဖြစ်နေလေပြီ။
"ပြီးတော့ မင်းလိုချင်နေတဲ့ ပင်လယ်ကမ်းဘေးနေရာကိုလည်း ငါရှာထားပေးပြီးပြီ... နေရာက သေချာပေါက် ကျယ်တယ်"
ဖုချောင်မှ လူများက လျောင်မိသားစု၏ အတင်းအဖျင်းများကို ကြည့်ရှုနေကြချိန်တွင် ကိစ္စများစွာက အမှန်ပင် ဖြစ်ပွားခဲ့သည်။
ဤကာလအတွင်း အရာရှိများစွာက ရုံးတော်မှ ဖယ်ရှားခံလိုက်ရပြီး ဆားကုန်သည်များစွာလည်း အလစ်တိုက်ခံခဲ့ရကာ ဝေရှင်းနှင့် ဝူကျုံးပြည်နယ်များတွင် လူများစွာ သေဆုံးခဲ့ရသည်။
သို့သော်ငြား ထိုကိစ္စများကို မိသားစုကြီးများက လျှို့ဝှက်ချက်အဖြစ်သာ ထားထားသဖြင့် သာမန်လူများက လုံးဝ မသိကြပေ။
ကံအားလျော်စွာဖြင့် ဤဖုန်မှုန့်များအားလုံး အခြေကျသွားပေပြီ။
ကျန်းကျန့်၏ နှလုံးခုန်သံ ပိုမြန်လာပြီး သူ့မျက်လုံးများထဲမှ ရည်မှန်းချက်များကို ဖုံးကွယ်ထား၍ မရနိုင်တော့ပေ။
.....
ဝမ်မင်က ပုံပန်းလည်း မဆိုးသလို စိတ်ထားကလည်း မဆိုးပေ။ သူငယ်ရွယ်စဥ်က ဝမ်မိသားစု၏ သခင်လေးကို စာသင်ရန် အဖော်လိုက်ပေးခဲ့သဖြင့် ဂုဏ်အရှိန်အဝါ မရှိသော်လည်း ဗဟုသုတ များသည်။
ဝမ်ယင်နျန်းနှင့် လက်ထပ်ပြီးနောက် သက်တောင့်သက်သာ ရှိသော ပုံစံဖြင့် လှည့်ပတ်သွားလာရန် ထွက်လာသဖြင့် ဖုချောင်သား များစွာကလည်း သူ့အပေါ် ခံစားချက်ကောင်းများ ရှိကြသည်။
ကျန့်ရီကလည်း သူ့ကို ချီးကျူးလိုက်သည်။ "ငါကတော့ ဝမ်မင်က အဲ့ဒီလျောင်ချင်းဟယ်ထက် ပိုသာတယ် ထင်တာပဲ... သူ ဝမ်ယင်နျန်းနဲ့ လက်ထပ်ချင်နေပြီး မိသားစုထဲ လက်ထပ်ဝင်သွားတာကိုတော့ နည်းနည်း ထင်မထားမိဘူး"
သူသာဆိုပါက ဝမ်ယင်နျန်းကို လက်ထပ်ရန် မဖြစ်နိုင်ပေ။
သို့သော်လည်း ကျန်းကျန့်ကို ကြည့်လိုက်မိပြီး ကျန်းကျန့်သည်လည်း ဝမ်မင်နှင့် တူညီသော အရာကိုပင် လုပ်ထားခဲ့သည်ကို တွေးမိသွားသောအခါ ထိုဝမ်မင်ကလည်း ကောင်းသည်ဟု ခံစားလိုက်ရသည်။
ဝမ်ယင်နျန်းက လက်ထပ်ခဲ့ဖူးသော်လည်း အနည်းဆုံးတော့ ကျောက်ကျင်းကောထက် ပိုကြည့်ကောင်းပြီး သူမ၏ ခန်းဝင်များကလည်း ရက်ရောလှသည်။
"သူက ဝမ်ယင်နျန်းကို သဘောကျတယ်လေ" ကျန်းကျန့်က ပြောလိုက်ပြီးနောက် ကျောက်ကျင်းကောကို လှမ်းကြည့်လိုက်သည်။
ကျောက်ကျင်းကောက အေးခဲသွားပြီးနောက် ကျန်းကျန့်ဆိုလိုချင်သော အဓိပ္ပါယ်ကို နားလည်သွားခဲ့သည်။
ဝမ်မင်က ဝမ်ယင်နျန်းကို လက်ထပ်ချင်ရသည်မှာ သူမကို သဘောကျနေသောကြောင့် ဖြစ်ပြီး ကျန်းကျန့်သည်လည်း... သူ့ကို ကြိုက်သည်။
ကျောက်ကျင်းကောက ပျားရည်သောက်နေရသလို ခံစားနေရပြီး သူ့နှလုံးသားက ပျားရည်ထက်ပင် ချိုမြိန်နေသလို ခံစားလိုက်ရသည်။
ဤတစ်ကြိမ်တွင် ကျန်းကျန့်က ကျန့်ရီနှင့် ဆားလွင်ပြင်အကြောင်း ဆွေးနွေးခဲ့ပြီး မနက်ဖြန်တွင် ယခင်က ဟုန်ကျန်းဆားလွင်ပြင်ကို သွား၍ ချန်ဟယ် ဆားလွင်ပြင်ကို သွားကြည့်ရန် သဘောတူလိုက်ကြသည်။
ကျန့်ရီက အရှင်ယန်ကို ဆားလွင်ပြင်၏ ကိစ္စရပ်များအတွက် ကူညီဖြေရှင်းပေးချင်နေသဖြင့် ဆားလွင်ပြင်က တတ်နိုင်သမျှ မြန်မြန် ထုတ်လုပ်နိုင်ပေတော့မည်။ သို့သော်လည်း ကျန်းကျန့်က အရင်ဆုံး ကျန့်ရီ ရှာထားသော မြေတွင် သင်္ဘောဆိပ် ဆောက်ချင်နေသည်။ ဤနည်းဖြင့် ကျန်းကျန့်မှာ လက်ထဲတွင် ငွေအလုံအလောက် မရှိတော့ပေ။
ကံကောင်းထောက်မစွာဖြင့် သူက အလုပ်ကြီးကြီးတစ်ခု ရထားပြီး ချန်ဟယ် ဆားလွင်ပြင်ကို ကူညီ၍ ဆားများ သယ်ယူပို့ဆောင်ပေးရန် ဖြစ်သည်။ ပြီးနောက်တွင် ချင်ဖုန့်အဆောက်အဦးလည်း ဖွင့်လှစ်ပေတော့မည်။
ဝမ်မင်က ဝမ်မိသားစုတွင်သာ ဆက်နေရန် ရည်ရွယ်ထားသဖြင့် ကျန်းကျန့်၏ တူးဖော်မှုများက မအောင်မြင်ခဲ့သော်လည်း ထပ်ပြီး တွန်းအားမပေးတော့ပေ။ နောက်တစ်ရက်တွင် သူက ကျောက်ကျင်းကောနှင့် ကျောက်မင်ကျုးကို ခေါ်ကာ ကျန့်ရီနှင့်အတူ ပင်လယ်ဘက်သို့ သင်္ဘောဖြင့် ခရီးထွက်လာခဲ့သည်။
လွန်ခဲ့သော လအနည်းငယ်က ပင်လယ်ကမ်းဘက်တွင် အသေအကြေ တိုက်ခိုက်မှုများ ရှိခဲ့ပြီး လူပေါင်းများစွာ သေကြေခဲ့ရသော်လည်း ယခုတွင်မူ ဤနေရာ၌ မည်သည်ကိုမှ မမြင်ကြရပေ။
သေလွန်သူများ၏ အရိုးများကိုလည်း တိရစ္ဆာန်များ ကိုက်ဖြတ်သွားပြီး သို့မဟုတ်လျှင် ဆွေးမြေ့သွားကြလေပြီ။ အဆုံးတွင် ကမ္ဘာမြေကြီး၏ မြေသြဇာ ဖြစ်သွားပြီး စိမ်းလန်းစိုပြေလာသော သစ်ပင်များမှ လွဲ၍ ဤကမ္ဘာပေါ်တွင် မည်သည့်အရိပ်အယောင်မှ မကျန်တော့ပေ။
ကျောက်ကျင်းကောလည်း ရှိနေသဖြင့် ကျန်းကျန့်က ထိုအချိန်က ခက်ခဲခဲ့ရမှုများကို မပြောတော့ဘဲ တစ်စုံတစ်ယောက်က စားနိုင်သော ခရုများကို သွားကောက်ရန် ပင်လယ်ကမ်းခြေသို့ သွားခဲ့ပြီး မတော်တဆ ဂဏန်းညှပ် ခံလိုက်သည်။ သို့မဟုတ် ညပိုင်း အိပ်ပျော်သွားချိန်တွင် ရုတ်တရက် မိုးရွာလာခဲ့သဖြင့် အိပ်ရာမှ ထကာ မိုးခိုစရာ နေရာရှာခဲ့ရသည် စသည်ဖြင့် သူကြုံတွေ့ခဲ့ရသည့် စိတ်ဝင်စားစရာ အကြောင်းအရာများကို ပြောပြနေခဲ့သည်။
ကျောက်ကျင်းကောက မရယ်မောခဲ့သော်လည်း သူ့မျက်လုံးများထဲမှ တစစ်စစ် ခံစားလိုက်ရပြီး သူ့ကိုယ်သူ ထိန်းထားကာ ထုတ်မပြခဲ့ပေ။
ကျန်းကျန့်က အလွယ်တကူ ဖြတ်ကျော်ခဲ့သည့်ပုံ ပြောပြနေသော်လည်း ပင်လယ်ကမ်းဘက်တွင် ကျန်းကျန့် မည်မျှ ခက်ခဲခဲ့ရသည်ကို ကြားနေရဆဲ ဖြစ်သည်။ ထိုအချိန်က အလွန် အေးသဖြင့် ကျန်းကျန့်နှင့် အခြားသူတို့ မိုးမိကြရချိန်တွင် မည်မျှ မသက်မသာ ဖြစ်နေကြမည်ကို တွေးပင် မတွေးကြည့်နိုင်ပေ။
"ကျန်းကျန့်... မင်းမှာ ဆားချက်နည်း အသစ်ရှိတယ်လို့ ပြောခဲ့တယ်နော်... ဘာများလဲ"
ချန်ဟယ် ဆားလွင်ပြင်ကို ရောက်သောအခါ ကျန့်ရီက မေးလိုက်သည်။
"နေအခြောက်ခံတာလေ" ကျန်းကျန့်က ပြောပြလိုက်သည်။
ကျန်းကျန့်သည် မတိုင်မီက ပင်လယ်ဘက်သို့ ရောက်ခဲ့ဖူးပြီး နေလှန်းဆားများအား မည်သို့ ပြုလုပ်သည်ကို သိခဲ့ရဖူးသဖြင့် ယခုတွင် အားလုံးကို အသေးစိတ်ကျကျ ပြောပြလိုက်သည်။
အမှန်မှာ ကျိုချက်ထားသောဆားများက ပိုသန့်စင်သော်လည်း နေလှမ်းဆားများက လုပ်ရလွယ်ကူကာ လူများကလည်း ဆားထဲတွင် အမှုန်အမွှား အနည်းငယ် ပါဝင်နေမည်ကို အမှန်ပင် စိတ်မရှိကြပါပေ။ အတိတ်တွင် တရားရုံးမှ ရောင်းချပေးခဲ့သည့် တရားဝင်ဆားများကိုပင် တမင်သက်သက် သဲဖြင့် ရောနှောခဲ့ကြသေးသည်သာ။
သို့သော်ငြား နေလှန်းဆားများကို ရရှိလိုပါက နည်းပညာအကူအညီ အချို့ လည်း လိုသေးသည်။ အရင်တုန်းက ဘာလို့ နေလှန်းဆားလုပ်ဖို့ မကြိုးစားကြည့်ခဲ့တာလဲ... သင့်တော်တဲ့ခွက်တွေ မရှိတာကြောင့် မဟုတ်ဘူးလား...
ကျန်းကျန့်က ကမ်းခြေတွင် သိုလှောင်ကန်တစ်ခု တည်ဆောက်ပြီးသွားသောအခါ ဆားများကို တူးထုတ်ရန်အတွက် လူများ တန်းခေါ်လိုက်သည်။
ဤခေတ်လူများမှာ အလုပ်ကြိုးစားပြီး နာခံမှုလည်း ရှိကြသဖြင့် ငါးရက်အကြာမှာပင် ပထမဆုံးသော ဆားတစ်သုတ် ထွက်လာခဲ့လေပြီ။
ဆားများကို တွေ့လိုက်ရသောအခါ ယန့်ကျီမြစ်၏ တောင်ဘက်ပိုင်းတွင် နေထိုင်ခဲ့ပြီး ချန်ဟယ် ဆားလွင်ပြင်၏ တာဝန်ခံဖြစ်လာသည့် အရှင်ယန်က စိတ်လှုပ်ရှားသွားပြီး မေးလာခဲ့သည်။
"ဘယ်လို ထင်လဲ... ဒီဆားကို ဘယ်လို ရောင်းသင့်လဲ"
"လူတိုင်းက ဆားစားကြရမှာဆိုတော့ စျေးကို လျှော့ပေးတာ ပိုကောင်းမယ်... ဧကရီမယ်တော်ကြီးကိုလည်း အကျိုးရှိစေမှာပဲ"
ကျန်းကျန့်က ပြောလိုက်သည်။ ဆားစျေးများ ကျဆင်းသွားရန် သူမျှော်လင့်နေခဲ့သည်။
ဤခေတ်တွင် နေရာအတော်များများ၌ လူများက ဆားထည့်သုံးတတ်ကြသည်။ ရေခဲသေတ္တာ မရှိသဖြင့် အသားများကို ဆားနယ်၍သာ သိမ်းဆည်းထားနိုင်သော်လည်း ဆားစျေးက ကြီးလွန်းလှသည်။
ခေတ်သစ်မှာလို ဆားကို စျေးချိုအောင် လုပ်ရန် မဖြစ်နိုင်သော်လည်း ခြောက်ကီလို၊ ခုနစ်ကီလိုလောက်က အမှန်ပင် ပိုက်ဆံအတော်လေး ရရှိနိုင်သည်။
ဧကရီမယ်တော်ကြီးကလည်း ဆားစျေးကို လျှော့ချလိုက်ခြင်းဖြင့် သာမန်လူများ၏ စိတ်နှလုံးကို အနိုင်ရရန် မျှော်လင့်ထားလေရာ အရှင်ယန်က အနည်းငယ် တွေးတောလိုက်ပြီးနောက် ဤအခိုက်တွင် ထိုဆားကုန်သည်များ ဖိနှိပ်ခံနေရသည်ကို အခွင့်ကောင်းယူကာ စျေးသင့်သော တရားဝင်ဆားများ ရောင်းချရန် ဆုံးဖြတ်လိုက်သည်။
ဆားအခြောက်ခံခြင်းနှင့် ပတ်သက်၍ ပြဿနာ တစ်စုံတစ်ရာ မရှိသည်ကို သေချာစေပြီးနောက် ဝမ်မိသားစုပို့လာသည့် သင်္ဘောကို ယူကာ ကျူးအားလင်နှင့် အခြားသူများ နေထိုင်နေကြသည့် ကျွန်းလေးရှိရာဆီ သွားခဲ့သည်။
ကျုးအားလင်နှင့် အခြားသူများမှာ ကျွန်းပေါ်တွင် နေထိုင်ခဲ့ပြီး အစားအသောက်များ မပြတ်လပ်ပါသော်လည်း အမြဲတမ်း စိတ်တထင့်ထင့် ဖြစ်နေခဲ့ကြသဖြင့် ကျန်းကျန့် ရောက်လာသည်ကို မြင်သောအခါ ပျော်ရွှင်မှုကြောင့် ငိုချလုနီးပါး ဖြစ်သွားကြသည်။
ထို့နောက် သတင်းကောင်းတစ်ခု ကြားခဲ့ရသည်။ သူတို့ ပြန်သွားနိုင်လေပြီ...
ဟုန်ကျန်းဆားလွင်ပြင်၏ ထိန်းချုပ်မှုအောက်တွင် သူတို့၏ ဘဝများက ဆိုးဝါးခဲ့သော်လည်း ထိုနေရာတွင် မျိုးဆက်အဆက်ဆက် နေလာခဲ့သည် ဖြစ်၍ ထိုဘဝတွင် ကျင့်သားရနေခဲ့ပြီး ဤကျွန်းပေါ်တွင်လည်း သူတို့သာ ရှိနေသဖြင့် သဘာဝကျကျပင် သူတို့က ပြန်သွားချင်ခဲ့ကြသည်။
ဤတစ်ကြိမ်တွင် ကျန်းကျန့်က အားလုံးကို ပြန်ခေါ်လာခဲ့သည်။
ဆိပ်ကမ်းဆောက်ရန် ကျန်းကျန့် ရည်ရွယ်ထားသော နေရာက သူနောက်ဆုံးတစ်ခေါက်က ရောက်လာပြီး လူကယ်ခဲ့သည့် ချောက်ကမ်းပါးဘေးရွာဖြစ်သည်။ မြေပြင်အနေအထားက ဆိပ်ကမ်းဆောက်ရန် အံဝင်ခွင်ကျ ဖြစ်နေသည်။
လူသောင်းပေါင်းများစွာက အရင်ဆုံး သူတို့၏ အိမ်ကို ရိုးရိုးရှင်းရှင်း တည်ဆောက်လိုက်ကြပြီးနောက် သင်္ဘောဆိပ်ကို စတင်ဆောက်လုပ်ကြလေသည်။ မည်သည့် သဘောတူညီချက်စာချုပ်မှ ရေးထိုးမထားသော်လည်း အားလုံးနီးပါးက ကျန်းကျန့်နောက်သို့ လိုက်ကာ အလုပ်ကြိုးစားကြရမည်ဟု လက်ခံထားကြသည်။
ထို့အပြင် ကျန်းကျန့်က သူတို့ကို ဆိုးဆိုးဝါးဝါး ဆက်ဆံခြင်းမရှိဘဲ အစားအသောက်များ လုံလုံလောက်လောက် ရရှိသည့်အပြင် သူက စားရန်အတွက် ဝက်သားများပင် ပေးသေးသည်။
ကျန်းကျန့်က ကိုယ်ပိုင်ဆိပ်ကမ်းကို တပျော်တပါး ဆောက်လုပ်နေချိန် တချီပြည်သားများမှာလည်း ဆားစျေးကျသည့်အတွက် ဝမ်းသာပျော်ရွှင်နေကြသည်။
အတိတ်တွင် ဆားစျေးမြင့်လွန်းလှသည့်အတွက် အချို့အချိန်များတွင် ဝယ်ရန်ပင် မတတ်နိုင်ကြသော်လည်း လတ်တလောတွင် ဆားစျေးကျသွားခဲ့သည်။
ဆားကောင်း ဖြစ်သော်လည်း တစ်ကီလိုကို ကြေးပြား ငါးပြား ခြောက်ပြားသာ ကျသင့်နေသည်။ အတိတ်တွင် သီးသန့်ဆားများပင် ထိုမျှလောက်ထိ စျေးမပေါခဲ့ဖူးပေ။
တချီပြည်သားများ ထိုအကြောင်းကို ပထမဆုံးကြားခဲ့ရစဥ်က ရူးသွပ်သွားခဲ့ကြပြီး အများစုမှာ ကီလို ဒါဇင်ခန့်ကို တစ်ခါတည်း ဝယ်ခဲ့ကြကာ ဆိုင်များတွင် ဆားများ ပြတ်လပ်သွားစေကြသည်။
သို့သော်လည်း ထိုသို့ ဆိုလျှင်တောင် နောက်တစ်နေ့တွင် ဆိုင်၌ ဆားများ ပြန်ရောင်းနေတတ်ကြသည်။ အထူးသဖြင့် ကျန့်မိသားစုဆိုင်တွင် လူတိုင်းကို အလွန်အကျွံ ဝယ်ခွင့် မပြုထားဘဲ တစ်ကြိမ်စီတွင် တစ်ကီလိုသာ ဝယ်ခွင့်ပြုထားပြီး အမြဲတမ်းလည်း ဆားအမြောက်အများ ထုတ်ယူလာပေးလေသည်။