Chapter 210
October 09, 2023
ဝမ်ယင်နျန်း ကိုယ်ဝန်ရှိနေပြီ
ဝေရှင်း စီရင်စုနယ်မှ လူများအားလုံးမှာ ယခင်က ဝမ်ယင်နျန်းအကြောင်း ပြောနေခဲ့ကြသော်လည်း ယခုတွင် ဆားစျေးနှုန်းအကြောင်းသာ ပြောနေခဲ့ကြသည်။ သူများတွေ ကွာရှင်းပြီး ကွာရှင်းပြီးသား ဇနီးက ယောကျ်ားတစ်ယောက် မိသားစုထဲ သွင်းလာပြီး လက်ထပ်လိုက်တဲ့အကြောင်းက သူတို့ကိုယ်တိုင်ရဲ့ စားရေးသောက်ရေးလောက် ဘယ်အရေးပါပါ့မလဲ....
ယခုတွင် ဆားစျေးကျသွားပြီဖြစ်၍ ဝမ်ယင်နျန်းကို စိုက်ကြည့်နေကြမည့်အစား ဆားပိုဝယ်ပြီး အသားများ၊ အသီးအရွက်များ၊ ဥများနှင့် အခြားအရာများ ဆားသိပ်ရန်ကို နည်းလမ်းရှာနေကြသည်။
ဝေရှင်းစီရင်စုနယ်မှ လူများက ပျော်ရွှင်နေကြပြီး ချမ်းသာပြီး အင်အားကြီးသည့် မိသားစုများမှာ ယခုတွင် မျှော်လင့်ချက် အပြည့် ဖြစ်နေကြလေသည်။
ချင်ဖုန့် အဆောက်အဦး ဖွင့်လှစ်ပေတော့မည်။
ကျိုးမောင်ဟယ်၏ ကောင်းချီပေးမှုကို ကျေးဇူးတင်ရမည်ပင်။ ဖုချောင်မှ လူများက ချင်ဖုန့်အဆောက်အဦး၏ တည်ရှိမှုကို သိထားကြပြီးသား ဖြစ်ကာ မျှော်လင့်နေခဲ့ရသည်မှာလည်း အတော်လေး ကြာနေခဲ့လေပြီ။ နောက်ပိုင်းတွင် ချန်ဖုန့်ဝိုင်အကြောင်း ထွက်ပေါ်လာသောအခါ လူတိုင်းက ချင်ဖုန့်အဆောက်အဦးအကြောင်း ပို၍ သိလိုစိတ် ဖြစ်လာကြသည်။
ယခုတွင် အဆုံး၌ ချင်ဖုန့်အဆောက်အဦး ဖွင့်လှစ်လာခဲ့လေပြီ။
ချင်ဖုန့်အဆောက်အဦးအကြောင်း သိနေသူများအားလုံးက ထိုသတင်းကြားပြီးနောက် လာရောက်ကြည့်ရှုချင်နေခဲ့ကြသည်။ ဆားစျေးကျခြင်းကဲ့သို့သော ကိစ္စများအတွက်ကား...
လူများစွာအတွက် ၎င်းက သူတို့၏ မိသားစုလစဥ်အသုံးစရိတ်ထဲတွင် ငွေပြားအနည်းငယ် ပိုနည်းသွားရုံသာ ဖြစ်ပြီး သူတို့အတွက် ဝိုင်ကောင်းကောင်း သောက်ရန် သို့မဟုတ် ဆုကြေးငွေ ချီးမြှင့်ရန်ပင် မလုံလောက်ပါပေ။
ချင်ဖုန့်အဆောက်အဦး ဖွင့်လာသောအခါ ကျန်းကျန့် လူလုံးထွက်မပြ၍ မဖြစ်သဖြင့် အချိန်စာရင်းကို ရှေ့တိုးကာ ဖုချောင်သို့ ပြန်လာခဲ့ရသည်။
သူက နေ့တိုင်း ဆောက်လုပ်ရေး အလုပ်ခွင်တွင် ကြီးကြပ်ပေးရင်း ပင်လယ်ဘက်တွင် အချိန်အတော်ကြာ ကုန်ဆုံးလိုက်ရသဖြင့် အသားများ ညိုမှောင်သွားခဲ့ပြီး နူးညံ့သော အဝတ်အစားများ ဝတ်ထားသောအခါ သူ့ပုံစံက သဟဇာတ မဖြစ်တော့ပေ။
ကျောက်ကျင်းကောကလည်း ဤရက်များအတွင်း ဖုချောင်နှင့် ပင်လယ်ကမ်းဘက်သို့ သွားလိုက်ပြန်လိုက် ပြေးလွှားနေခဲ့သော်လည်း သူက အလွန် ဂရုစိုက်ပြီး နေကာရန် ဦးထုပ်အမြဲဆောင်းထားလေ့ ရှိသဖြင့် အသားမညိုသွားပဲ သူ့အသားအရည်ကို ဖြူဖွေး နူးညံ့နေသည်ဟုပင် ပြောနိုင်လေသည်။
"ကျင်းကော... မင်းကတော့ ပိုပိုချောလာတော့တာပဲ" ကျန်းကျန့်က ကျောက်ကျင်းကော၏ မျက်နှာလေးကို အံအားသင့်မှုအချို့ဖြင့် ထိတွေ့လိုက်သည်။
"ဟုတ်လား" ကျောက်ကျင်းကောက ကျန်းကျန့်အား ပျော်ရွှင်စွာဖြင့် ကြည့်လိုက်သည်။
"ဘာဖြစ်လို့လဲ" ကျန်းကျန့်က ထပ်မေးလိုက်လေသည်။
"ကျွန်တော် အားဖြည့်ဆေးသုံးထားတာ" ကျောက်ကျင်းကောက ခပ်ရှက်ရှက်ဖြင့် ပြန်ဖြေလိုက်သည်။ သူက မူလတွင် ကလေး ရှိနေသလားဟု စစ်ဆေးရန်အတွက် ဆေးခန်းသို့ သွားခဲ့ပြီး ကလေးရှိမနေသေးဟု သိလိုက်ရသည့်အတွက် သမားတော်အား သူ့ခန္ဓါကိုယ်ကို အာဟာရ ဖြစ်စေမည့် ဆေးများ ညွှန်းပေးရန် ပြောခဲ့သည်။ ထိုဆေး သောက်ပြီးနောက် သူပို၍ ကြည့်ကောင်းလာပြီး နေရထိုင်ရ ကောင်းလာသည်ဟု ခံစားရသဖြင့် နောက်ထပ် အနည်းငယ် ထပ်သွားယူခဲ့သည်။ ၎င်းကို သောက်ပြီးနောက် ကလေး မလွယ်ထားရသော်လည်း သူ့အသွင်အပြင်များက ပိုပို၍ ကြည့်ကောင်းလာလေသည်။
"နည်းနည်းသောက်တာက အဆင်ပြေတယ်... ဒါပေမယ့် ကြုံသလို လျှောက်မသောက်နဲ့နော်"
ကျန်းကျန့်က ပြောလိုက်သည်။ ကျောက်ကျင်းကောကို မေးပြီးနောက် သူစားနေသော အရာများက စွံပလွံသီးများ သို့မဟုတ် အခြားတစ်ခုခု ဖြစ်ကြောင်း သိရပါမှ စိတ်အေးသွားသည်။
အဆုံးတွင် ထိုအရာများက ဖျားနာစေနိုင်သေးသည်။
ကျောက်ကျင်းကော၏ အသားအရေက များစွာ ချောမွေ့လာသဖြင့် ကျန်းကျန့်ကလည်း မထိရမနေနိုင် ဖြစ်နေကာ ပွတ်သပ်နေမိသည်။ အိမ်ပြန်ရောက်သောအခါ သူက တန်း၍ပင် ခုန်အုပ်လိုက်သဖြင့် ကျောက်ကျင်းကောမှာ နောက်တစ်နေ့မနက်တွင် အိပ်ရာမှ မထနိုင်လုနီးပါး ဖြစ်သွားခဲ့လေသည်။
အဆုံးတွင် သူ အိပ်ရာမှ ထခဲ့ရပြီး ချင်ဖုန့်အဆောက်အဦးကို ရောက်သောအခါ အနည်းနှင့်အများ အားပြတ်နေပြီး သမ်းဝေနေရသည်။
၎င်းက အနည်းငယ် သိက္ခါမဲ့နေသလို ခံစားရသဖြင့် ကျောက်ကျင်းကောက ရှက်ရွံ့သွားချိန်တွင် သူ့မျက်နှာချင်းဆိုင်တွင် ထိုင်နေသည့် ဝမ်ယင်နျန်းကလည်း သမ်းဝေနေသည်ကို တွေ့လိုက်ရသည်။
ဝမ်ယင်နျန်းက လက်ထပ်ပြီးနောက် မင်းနန်ကို ပြန်မသွားခဲ့ပေ။
ဝမ်မိသားစုတစ်ခုလုံးကို သူမ၏ မိဘများကသာ ပိုင်ဆိုင်ခြင်း မဟုတ်သဖြင့် သူမ၏ အဖေက ဝမ်မိသားစု၏ ခေါင်းဆောင် ဖြစ်နေသော်ငြား သူ့အထက်တွင် ဝမ်မိသားစုအကြီးအကဲများလည်း ရှိနေသေးသည်။
ဝမ်မိသားစု အဖေနှင့် အမေက သူတို့၏ သမီးကို ချစ်ကြသော်လည်း ထိုလူများက ဖုချောင်တွင် မျက်နှာပျက်ခဲ့ရသော လက်ထပ်ပြီးသား အမျိုးသမီးတစ်ယောက် ဖြစ်သည့် ဝမ်ယင်နျန်းကို သဘောမတွေ့ကြပေ။
ဝမ်ယင်နျန်း မကွာရှင်းခင်အချိန်က ဝမ်မိသားစု၏ မိသားစုခွဲမှာ သူမကို ထည့်ပြောကာ ဝမ်အဖေနှင့်အမေကို ဟာသလုပ်ခဲ့သည်။ ယခုတွင် ဝမ်ယင်နျန်းက ကွာရှင်းခဲ့လေပြီ။
သူတို့၏ သမီးအတွက် တွေးကာ ဝမ်အဖေနှင့် အမေက ဝမ်ယင်နျန်းကို ဖုချောင်မှာသာ နေခိုင်းထားလိုက်သည်။ ထို့ကြောင့် ဝမ်မင်လည်း ဤနေရာမှာသာ နေခဲ့ရလေတော့သည်။
နောင်တစ်ချိန်တွင် ထိုအရာများ လွင့်ပြောက်သွားချိန်၌ ဝမ်ယင်နျန်းလည်း ပြန်သွားနိုင်ပေလိမ့်မည်။
သူမကလည်း မင်းနန်ကို ပြန်ရန် မရည်ရွယ်ထားပေ။ အကြောင်းမှာ ဖုချောင်ကို အလွန် သဘောကျနေသည်ကြောင့် မဟုတ်ဘဲ သူမ၏ မိဘများကို ဒုက္ခမပေးချင်သောကြောင့်သာ ဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ ဖုချောင်က မင်းနန်နှင့် မဝေးသဖြင့် အားလပ်ရက်များတွင် သူမ၏ မိဘများကို သွားတွေ့နိူင်သည်။
"ကျောက်ကျင်းကော... မတွေ့ရတာ ကြာပြီ"
ဝမ်ယင်နျန်းက ကျောက်ကျင်းကောကို တွေ့သောအခါ နှုတ်ဆက်လိုက်သည်။ သူမ လက်ထပ်ပြီးနောက် ကျောက်ကျင်းကောထံ သွားလည်ချင်ပါသော်လည်း ကျောက်ကျင်းကောက အလုပ်များလွန်းလှသည်။ သူမကလည်း ဖြေရှင်းရမည့် ကိစ္စများစွာ ရှိနေသေးရာ သူတို့နှစ်ယောက်က ယခုမှသာ ဆုံတွေ့ရတော့သည်။
"သခင်မဝမ်" ကျောက်ကျင်းကောက ဝမ်ယင်နျန်းကို တွေ့သောအခါ ပြုံးပြလိုက်ပါသော်လည်း တစ်ခုခုက အနည်းငယ် ထူးဆန်းနေကြောင်း ခံစားလိုက်ရသည်။ လက်ထပ်ပွဲက နှစ်လတာပင် ရှိသေး၍ မင်္ဂလာဦးကာလပင် ရှိသေးရာ ဝမ်ယင်နျန်းက တက်ကြွရွှင်လန်းကာ ပျော်ရွှင်နေသင့်ပါသော်လည်း.... ဘာလို့ အခု သူမရဲ့ တစ်ကိုယ်လုံးက အရမ်း ပင်ပန်းနေတဲ့ပုံ ပေါ်နေရတာလဲ...
"ကောင်းကောင်း မအိပ်ခဲ့ရဘူးလား"
ဝမ်ယင်နျန်းက မေးလိုက်သည်။ အခုလေးတင် ကျောက်ကျင်းကော သမ်းဝေလိုက်သည်ကို မြင်လိုက်ရသဖြင့် သူမသည်လည်း မနေနိုင်ဘဲ သမ်းဝေမိလိုက်ခြင်း ဖြစ်သည်။
"ကျွန်တော် ကောင်းကောင်း မအိပ်ခဲ့ရလို့ပါ... သခင်မဝမ်... ခင်ဗျားရော..."
ကျောက်ကျင်းကောက မျက်မှောင်ကျုံ့ကာ ဝမ်ယင်နျန်းကို ကြည့်လိုက်သည်။
"အခုတလော အိပ်ရေးသိပ်မဝဘူး" ဝမ်ယင်နျန်းက ပြောလိုက်သည်။ "ဘာမှ စိတ်ပူစရာ မရှိတော့လို့ နောက်ဆုံးတော့ စိတ်အေးလက်အေး ဖြစ်သွားတာကြောင့်ထင်တယ်... တစ်နေ့လုံး အိပ်ပဲအိပ်ချင်နေတာပဲ... ပြီးတော့ ဘာလို့မှန်း မသိဘူး... ပိုပြီး အိပ်လေလေ ပိုပင်ပန်းလေလေပဲ"
"အိပ်ရေးများတာက ပိုပြီး ပင်ပန်းစေနိုင်တယ်" ကျောက်ကျင်းကောက သဘောတူသည့်ဟန် ခေါင်းငြိမ့်ပြလိုက်သည်။ "ခင်ဗျားရဲ့ ခန္ဓါကိုယ် ထိခိုက်လာဦးမယ်နော်" သူ ကလေးမွေးပြီး လများတွင် အိပ်ရာထဲမှာသာ တစ်ချိန်လုံး နေခဲ့ရစဥ်က သူ့ခန္ဓါကိုယ် အမြဲတမ်း မသက်မသာ ဖြစ်နေရသည်။
"ဟုတ်တယ်" ဝမ်ယင်နျန်းက ထောက်ခံသည့်ဟန် ခေါင်းငြိမ့်လိုက်ပြီးနောက် ထပ်ပြီး သမ်းဝေလိုက်ပြန်သည်။
ဝမ်ယင်နျန်းက တဖြည်းဖြည်း အရှိန်နှေးသွားပြီးနောက် အနည်းငယ် အားအင်ပြည့်ဝလာပုံရပြီး ကျောက်ကျင်းကောကို မေးလိုက်သည်။ "ကျောက်ကျင်းကော... ရှင်နဲ့ ကျန်းကျန့်တို့ ဘယ်လို အဆင်ပြေပြေနေကြလဲ"
"အမ်.." ကျောက်ကျင်းကောက အနည်းငယ် စိတ်ရှုပ်ထွေးသွားခဲ့လေသည်။
"ဝမ်မင်က ကျွန်မနောက်ကို တစ်ချိန်လုံး လိုက်နေပြီး ကျွန်မနဲ့လည်း နေ့တိုင်းအတူအိပ်ချင်နေတုန်းပဲ... ကျွန်မ ကျင့်သားမရဘူး ဖြစ်နေတာ"
ဝမ်ယင်နျန်းက ပြောလိုက်ပြီးနောက် ရှက်သွေးမဖြာမိဘဲ မနေနိုင်ပေ။
ပထမတွင် သူမနှင့် ဝမ်မင်တို့က အပြန်အလှန် အကျိုးအမြတ် ရရန်ဟုသာ တွေးထားခဲ့သော်လည်း လတ်တလောတွင် တစ်ခုခု ဖြစ်ပျက်နေကြောင်း ခံစားမိသည်။
ထိုဝမ်မင်က သူမကို အနည်းငယ် သဘောကျလာပုံပင်။
သူမက... ၎င်းကို ကျင့်သားမရနိုင်ရုံသာ။
အတိတ်တွင် လျောင်မိသားစု၌ စည်းကမ်းများစွာ ရှိခဲ့သည်။ လျောင်ချင်းဟယ်က သူမ၏ အခန်းထဲသို့ လာအိပ်တတ်သော်လည်း တစ်လမှ ခုနစ်ကြိမ်၊ ရှစ်ကြိမ်မျှသာ ဖြစ်ပြီး ထို့ထက်ပိုသွားလျှင် လျောင်မိသားစုက လျောင်ချင်းဟယ်အား မိန်းမများကို စွဲလမ်းနေသည်ဟု စွဲချက်ပြုကြပေတော့မည်။
သို့သော်လည်း ဝမ်မင်ကမူ ဆန့်ကျင်ဘက် ဖြစ်သည်။ ဤရက်များအတွင်း ဝမ်မင်က ဘာကိုမှ မလုပ်ခဲ့သော်လည်း သူမနောက်သို့ တစ်ချိန်လုံး လိုက်နေပြီး ညအချိန်တွင်လည်း သူမနှင့်သာ နေ့တိုင်း လာအနားယူတတ်သည်။
ဝမ်မင်ထံမှ များစွာ နှောက်ယှက်ခံနေရသဖြင့် အိပ်ချင်မူးတူး ဖြစ်နေရခြင်း ဖြစ်မည်ဟု သူမ ခံစားမိသည်။
အမ်း... ရုတ်တရက်ကြီး သူမဘေးမှာ သူမဆီက စောင်ကို လုခြုံမဲ့ တစ်ယောက်ယောက် ရှိလာတာ ကျင့်သားမရနိုင်သေးဘူး...
"သူက ခင်ဗျားနဲ့ မအိပ်ရင် ဘယ်သူနဲ့ သွားအိပ်ရမှာလဲ"
ကျောက်ကျင်းကောက အနည်းငယ် စိတ်ရှုပ်ထွေးသွားလေသည်။ သူက မိသားစုကြီးများ အခန်းခွဲအိပ်တတ်ကြသည့် ကိစ္စကို ရှင်းရှင်းလင်းလင်း မသိပေ။
ဘာပဲဖြစ်ဖြစ် သူနဲ့ ကျန်းကျန့်တို့က အမြဲတမ်း အတူအိပ်ကြတာပဲ...
ဝမ်ယင်နျန်းက ကျောက်ကျင်းကော၏ စကားများကို ချင့်ချိန်စဥ်းစားလိုက်ပြီးနောက် ပို၍တွေးလေလေ အဓိပ္ပါယ်ရှိသည်ဟု ပို၍ ခံစားလာရလေလေ ဖြစ်သည်။
ဟုတ်သားပဲ... ဝမ်မင်က သူမနဲ့ မအိပ်ရင် ဘယ်သူနဲ့ သွားအိပ်ရမှာလဲ...
ဝမ်ယင်နျန်းနှင့် ကျောက်ကျင်းကောတို့ လမ်းလျှောက်ရင်း တီးတိုးပြောဆိုကြပြီးနောက် သခင်မများ ကစားပျော်မွေ့ကြရန် လုပ်ပေးထားသည့် ချင်ဖုန့်အဆောက်အဦး၏ ဥယျာဥ်လေးတစ်ခုတွင် ရပ်လိုက်သည်။
အချိန်က စောနေသေးသဖြင့် ဥယျာဥ်ထဲတွင် လူများစွာ မရှိလေရာ နှစ်ယောက်သားက သစ်ပင်များကွယ်နေသည့် ပွဲကြည့်စင်လေးတစ်ခုကို ရှာတွေ့သွားပြီး ထိုင်ချကာ အစောင့်များအား ဘေးနားတွင် စောင့်ကြပ်ပေးနေရန် ပြောလိုက်သည်။
သူတို့ထိုင်လိုက်ပြီးနောက် တစ်ခဏမျှသာ စကားပြောပြီးချိန်တွင် ရုတ်တရက်ပင် မိန်းမနှင့် ကောများစွာက သူတို့ဆီ ရောက်ချလာခဲ့သည်။
"အဲ့ဒါ သခင်မဝမ်မဟုတ်လား... ဘာလို့ သူက ကြည့်ရဆိုးနေတာလဲ" ပထမတစ်ယောက်က ပြောလိုက်သည်။
ဝမ်ယင်နျန်းနှင့် ကျောက်ကျင်းကောတို့ နှစ်ယောက်လုံး မျက်ခုံးကျုံ့မိလိုက်ကြသည်။
သူတို့နှစ်ယောက် ထိုင်နေသည့် နေရာက အလွန် တိတ်ဆိတ်သဖြင့် ထိုလူအုပ်ကြီး ဤနေရာသို့ ပြဿနာ ရှာရန် ရောက်လာကြခြင်းမှာ မလွဲဧကန်ပင်။
"ဒီလောက် ရုပ်ဆိုးတဲ့ မျက်နှာနဲ့... ရုပ်ဆိုးတဲ့ ယောကျ်ားကိုပဲ ရမှာ စိုးရိမ်ပါရဲ့"
"သူက သူ့ယောကျ်ားကို မိသားစုအစေခံထဲကနေ ခေါ်သွင်းခဲ့တာလို့ ကြားထားတာပဲ .. သူက လက်မထပ်နိုင်တော့လည်း အမှိုက်တစ်စကိုပဲ ကောက်လိုက်ရတာပေါ့"
"ကြည့်ရတာ သခင်လျောင် လက်ထပ်တော့မှာကြောင့် ဝမ်းနည်းသွားတာ နေမှာပေါ့... ရက်နည်းနည်းလောက်ကြာရင် သခင်လျောင်က အကြီးအကျယ် လက်ထပ်တော့မှာလေ"
. . ..
ထိုလူများက ဝမ်ယင်နျန်းကို စူးစူးစိုက်စိုက် ကြည့်ကာ အချင်းချင်း တစ်ယောက်ပြီးတစ်ယောက် ပြောဆိုနေကြသည်။
"သခင်မ... အဝါရောင် ဝတ်ထားတဲ့ တစ်ယောက်က ကျန်းကျွီးရန်ရဲ့ ဇနီးလေ... သူ့သမီးက လျောင်မိသားစုထဲ လက်ထပ်ဝင်သွားတော့မှာ" ဝမ်ယင်နျန်းဘေးမှ အစေခံမိန်းကလေးက ရုတ်တရက် ပြောလိုက်သည်။
"သခင်မရေ... အဲ့ဒီလျောင်မိသားစုက သူတို့ရဲ့ လက်ရေးလှတွေ... ပန်းချီတွေ ပေါင်ပြီးတော့ပဲ စားသောက်နေကြရတာလေ... အဲ့ဒီသခင်မရဲ့ ခန်းဝင်ကတောင် သူတို့ သုံးဖို့ လောက်ပါ့မလား သိချင်မိတယ်"
"ပိုက်ဆံက ထားလိုက်ဦး... လျောင်မိသားစုကသာ ကိုယ်လုပ်တော်ကို အကြီးဆုံးသား မွေးခိုင်းလိုက်ရင် ရယ်စရာ ကောင်းသွားမှာပဲ"
. . ..
ဝမ်ယင်နျန်းဘေးမှ အစေခံများက တစ်ယောက်ပြီးတစ်ယောက် ပြောလာကြသည့်အခါ သခင်မကျန်း၏ မျက်နှာကို ကြည့်ရဆိုးသွားစေသည်။
ကျန်းမိသားစုကိုလည်း မိသားစုကြီး တစ်ခုဟု သတ်မှတ်ရပေမည်။ ထိုသခင်မကျန်း၏ ယောကျ်ားက စာသင်သားတစ်ယောက်သာဖြစ်သော်လည်း သူမ၏ ယောက္ခမက ရုံးတော် အရာရှိ တစ်ယောက် ဖြစ်သည်။
လျောင်မိသားစုနှင့် လက်ထပ်ပေးရန် ဆုံးဖြတ်ခဲ့သူမှာလည်း စာသင်သားကျန်းသာ ဖြစ်သည်။ သခင်မကျန်းက သူမ၏ သမီးကို ဒုက္ခများ မခံစားရစေချင်သည်ကြောင့် ထိုကိစ္စကို မကျေမချမ်း ဖြစ်ခဲ့ရသော်လည်း သူမက မင်္ဂလာပွဲကို နှစ်လမျှ နောက်ကျသွားရန်ကိုသာ လုပ်ဆောင်နိုင်ခဲ့လေသည်။
သို့သော်လည်း သူမက သူမသမီး၏ လက်ထပ်ပွဲကို မည်မျှပင် မကျေမနပ် ဖြစ်နေပါစေ သူမ၏ သမီးက ထိုလျောင်ချင်းဟယ်နှင့် လက်ထပ်ရတော့မည် ဖြစ်၍ သခင်မကျန်းကို လျောင်မိသားစုဘက်သို့ ရောက်သွားစေသည်။ ထို့ကြောင့် သခင်မဝမ်ကို တွေ့သောအခါ စိတ်မထိန်းနိုင်တော့ဘဲ ပြဿနာ လာရှာခြင်း ဖြစ်သည်။
ဒီဝမ်ယင်နျန်းက လျောင်မိသားစုကနေ ထွက်သွားရုံတင်မကဘူး ပစ္စည်းတွေပါ အပြောင်သိမ်းသွားလိုက်သေးတယ်... ရွံစရာကောင်းလိုက်တာ...
သခင်မကျန်းက ဝမ်ယင်နျန်းအား လာရောက် လှောင်ပြောင်ခြင်း ဖြစ်သော်လည်း တိုက်စစ် ပြန်ထိုးခံရသောအခါ သူမ၏ မျက်နှာ ဖြူဖျော့သွားသော်လည်း ပြောလိုက်သေးသည်။
"သခင်မဝမ်က ဆိုးဝါးတဲ့ဘဝ ရောက်နေတာတောင် သူများကို ကျိန်ဆဲနေရဲသေးတာပဲ"
"ဘယ်သူ့ကို ဆိုဝါးတဲ့ ဘဝ ရနေတယ်လို့ ပြောနေတာလဲ" ဝမ်ယင်နျန်းက အေးစက်စက် နှာမှုတ်လိုက်သည်။
"သခင်မဝမ်က ကိုယ့်ကိုယ်ကို ကောင်းတယ် ထင်နေသေးတာလား... ဟမ့်... ဥမဥနိုင်တဲ့ကြက်မကများ... နောက်ဆို ဘာများ ဖြစ်လာဦးမှာလဲ" သခင်မကျန်းက ပြောလိုက်သည်။
သခင်မကျန်းက တမင်သက်သက်ပင် ဝမ်ယင်နျန်း၏ အနာကို ဆွရန် ရွေးချယ်လိုက်သည်။ အမြဲတမ်း ဒေါသူပုန်ထနေတတ်သော ဝမ်ယင်နျန်းက အလွန် ဒေါသထွက်လာသည့်အတွက် လူများကိုပင် ရိုက်ပစ်ချင်မိသွားလေသည်။
သူမက ထိုင်ခုံမှ ထလိုက်ချိန်မှာပင် ရုတ်တရက် မူးဝေသွားပြီး သူမဘေးမှ ပုံရိပ်များကလည်း ဖြူလိုက်မဲလိုက် ဖြစ်သွားသည်။ သူမ၏ နှဖူးကို အုပ်ထားရင် နာနာကျင်ကျင် မျက်မှောင်ကျုံ့မိသွားသည်။
"သခင်မ"
ဝမ်ယင်နျန်းဘေးမှ အစေခံမိန်းကလေးက သူမကို အလျင်အမြန် တွဲကူလိုက်ချိန်တွင် တစ်ယောက်က မြန်မြန် ထွက်သွားကာ သမားတော် သွားရှာလေသည်။
သူတို့၏ အရှင်သခင်များက သူတို့အား ဝမ်ယင်နျန်းကို အသေအချာ ကာကွယ်ပေးရန်နှင့် ကောင်းကောင်း အလုပ်အကျွေး ပြုကြရန် မှာကြားထားသဖြင့် နည်းနည်းလေးမှပင် မပေါ့ဆရဲပါပေ။
ဝမ်မင်၊ ကျန်းကျန့်နှင့် ကျန့်ရီတို့က အတူတူရှိနေကြပြီး စကားပြောနေကြချိန်တွင် တစ်စုံတစ်ယောက်က သတင်းလာပို့ခဲ့သည်။
"သခင်... သခင်မ နေမကောင်းဘူး... သခင်မ နေမကောင်းဘူး... သခင်မ မျက်နှာ ဖြူဖျော့နေပြီးတော့ မေ့လဲမတတ် ဖြစ်နေတယ်"
"ဘာ" ဝမ်မင်က တုန်ယင်သွားသည်။ ဤရက်များအတွင်း ဝမ်ယင်နျန်း နေထိုင်မကောင်း ဖြစ်နေကြောင်း စဥ်းစားမိသွားသောအခါ ချက်ချင်းပင် စိုးရိမ်သွားပြီး ထရပ်ကာ ထွက်သွားသည်။ သူက လမ်းလျှောက်လာနေရင်း မေးလိုက်သည်။
"ဘယ်လို ဖြစ်သွားတာလဲ"
"အဲ့ဒါ အားလုံး သခင်မကျန်းကြောင့်ပဲ" အစေခံလေးက ချက်ချင်းဆိုသလို ပြောလိုက်သည်။
ဝမ်မင်၏ မျက်နှာ မဲမှောင်သွားလေပြီး ခြေလှမ်းများ ပိုသွက်လာသည်။
ဝမ်မင် တံခါးဝသို့ ရောက်သောအခါ ခြေလှမ်း ရပ်သွားသည်။ သူ ဝင်သွားရန် ပြင်လိုက်စဥ်မှာပင် နောက်ထပ်အစေခံတစ်ယောက် ထွက်လာခဲ့လေသည်။
"သခင်... သခင်မမှာ ကိုယ်ဝန်ရှိနေပြီ"