အပိုင်း ၂၂၉
Viewers 31k


Chapter 229

ပင်လယ်ဓါးပြများကို ဖမ်းမိခြင်း




ဤခေတ်က သမားတော်များမှာ ကျန်းကျန့်ပြောပြသည့် ဆေးပညာအသိကို အသုံးပြုရန် တွန့်ဆုတ်နေကြသည်။ကျန်းကျန့်လေ့ကျင့်ပေးထားသည့် သမားတော်များကဖြင့် ကိစ္စမရှိချေ။


သူတို့က တရုတ်တိုင်းရင်းဆေးပညာများသိပ်မသင်ခဲ့၍ ကျန်းကျန့်သင်ပေးသည့်အရာကို လက်ခံနိုင်ကြလေသည်။ကျန်းကျန့်က ဒဏ်ရာရသည့်သူများကို သွားကြည့်သည့်အခါ ထိုလူများက ဒဏ်ရာချုပ်ပေးနေကြသည်။


သူတို့က ဒဏ်ရာကို အပ်နှင့်အပ်ချည်တို့ဖြင့်ချုပ်လိုက်ပြီးနောက် သုံးပြီးသားအပ်နှင့်အပ်ချည်တို့ကို အနီးရှိရေနွေးအိုးထဲသို့ ချက်ချင်းပစ်ထည့်လိုက်သည်။အပ်နှင့်အပ်ချည်တို့လှဲပြီးသည်နှင့် နောက်ထပ်လူနာ၏ဒဏ်ရာကို ဆက်ပြီးချုပ်ပေးလေသည်။


ဒဏ်ရာရသည့်သူများ၍ သမားတော်အရေအတွက်မလောက်သည်က သိသာလှသည်။ကျန်းကျန့်က လက်ဆေးလိုက်ပြီး ဒဏ်ရာပြင်းပြင်းရထားသည့်သူများကို သယ်လာရန်ပြောလိုက်ကာ သူကိုယ်တိုင် ပတ်တီးစီးပေးလေသည်။ထို့နောက်သူက အခြေအနေတစ်ခုလုံးကို ထောက်လှမ်းရန် လူလွှတ်လိုက်သည်။


ကျန်းကျန့်က လူနာသုံးယောက်၏ဒဏ်ရာကို ချုပ်ပေးပြီးနောက် တစ်ယောက်ယောက်က သတင်းပို့လာသည်:"ဘောစ့်....အခြေအနေရှင်းပါတယ်"


ဤလူများက အမှန်ပင် ချန်ယုံကျန်း၏စစ်တပ်ဟောင်းမှလူများဖြစ်ပြီး အကြောင်းပြချက်များစွာနှင့် ကျန်းကျန့်ကိုတိုက်ရန် လာခြင်းဖြစ်သည်။


သူတို့က ဤနေရာသို့ ဝမ်ရွေ့ချောင်နှင့်အခြားလူများနောက်လိုက်ပြီး ရောက်လာခြင်းဖြစ်သည်။ကံဆိုးစွာနှင့် သူတို့က ဝမ်ရွေ့ချောင်နောက်လိုက်နေစဥ် ယခုတော်ဝင်တရားရုံးတော်စစ်သားများမှ လိုက်ခြင်းခံနေရသည်။


ချန်ယုံကျန်းက အင်အားရှိပြီး ဘုရင်ဆိုသည့်ဂုဏ်ပုဒ်ရထားသော်လည်း တော်ဝင်တရားရုံးတော်က ပိုပြီးအင်အားကြီးလေသည်။


ပင်လယ်မထွက်ရတားမြစ်ချက်ရှိသော်လည်း တချီတွင် ရေတပ်ရှိနေသေး၍ တော်ဝင်တရားရုံးတော်တွင် အလုပ်လုပ်ချင်သည့်သူလည်း များလေသည်။တစ်ချိန်က ချန်ယုံကျန်းပင်လျှင် ပင်လယ်ဓါးပြများကို တော်ဝင်တရားရုံးတော်ဘက်မှနေပြီး ကူတိုက်ပေးဖူးသည်။


ဤလူများက အရာရှိများနှင့်စစ်သားများထံမှ အချိန်အတော်ကြာလိုက်ခံနေရကာ အထောက်အပံ့များလည်း ပြတ်လတ်သွား၍ ဝမ်ရွေ့ချောင်နှင့်အခြားသူများကို မဖမ်းနိုင်သေးခြင်းဖြစ်သည်။


ထို့ကြောင့် ပြန်အားဖြည့်ရန်နေရာတစ်ခုရှာရမည့်အစား သင်္ဘောအချို့ရရန်အရင်လုပ်ရမည်မှန်း နားလည်သွားကြသည်။တော်ဝင်တရားရုံးတော်ကြောင့် သင်္ဘောများစွာနစ်မြုပ်ကာ ဆုံးရှုံးခဲ့ရသည့်အတွက် ဤသို့ဆုံးဖြတ်လိုက်ရခြင်းဖြစ်သည်။ထို့နောက် သူတို့က ယာပြန့်ရွာအနီး ရွက်လွင့်နေရင်း ဝမ်ရွေ့ချောင်နှင့်အခြားသူများက ကျန်းကျန့်ကိုလာတွေ့မှန်း သိလိုက်ရသည်။


တုန့်ဆိုင်းခြင်းမရှိ သူတို့က ယာပြန့်ရွာကိုတိုက်ရန် ရွေးချယ်လိုက်သည်။


ပင်လယ်ကုန်သည်ငယ်လေးတစ်ယောက်သာဖြစ်၍ သူတို့က သူ့ကိုတိုက်ရန်လွယ်ကူမည်ဟု တွေးထားကြသည်။ယာပြန့်ရွာကိုသာရလျှင် သူတို့လိုအပ်သည့်အထောက်အပံ့များနှင့်သင်္ဘောများ လိုသလောက်ရနိုင်သည်ပင်။ဝမ်ရွေ့ချောင်ကိုဖမ်းမိလိုက်လျှင်ဖြင့် ချန်ယုံကျန်းချန်ထားခဲ့သည့် ရတနာများပင်ရနိုင်သေးသည်။


ချန်ယုံကျန်းက လူသူကင်းမဲ့သောကျွန်းပေါ်တွင် ရွှေငွေများစွာ ဝှက်ထားခဲ့သည်။ဤအကြောင်းကို လူတော်တော်များများသိကြသော်လည်း လူသူကင်းမဲ့သောကျွန်းရှိသည့်နေရာကို မည်သူမှမသိကြချေ။


ပင်လယ်ဓါးပြများက အစီအစဥ်ကောင်းကောင်းဆွဲထားကြသော်လည်း သူတို့မှာ ဤဆိပ်ကမ်းပေါက်စလေးက သေလောက်အောင်အသက်ရှူကြပ်သည့် ဝါးရခက်အရိုးမာဖြစ်နေမှန်း ထင်မထားခဲ့ပေ။


"သူတို့နောက်ကို အစိုးရစစ်သားတွေက လိုက်နေကြတာလား"ကျန်းကျန့်က ပြုံးလိုက်သော်ငြား နှလုံးတုန်နေပြီဖြစ်သည်။


"ဟုတ်တယ်...ဘော့စ်"ကျန်းကျန့်လူများက ဖြေလိုက်ကြသည်။


"တိုက်ပွဲအခြေအနေကို သေချာကြည့်ဖို့ တစ်ယောက်ယောက်လွှတ်လိုက်....ကင်းစောင့်တွေကိုနားခိုင်းလိုက်ပြီး သင်္ဘောပေါ်မှာ သင်္ဘောသားနည်းနည်းပဲနေခဲ့ကြ....ဒါနဲ့ ပင်လယ်ဓါးပြခေါင်းဆောင်ကို ငါရှာပြီးသတ်လိုက်ပြီ..."


ကျန်းကျန့်က ဆိုလိုက်သည်။


ချန်ယုံကျန်းနှင့်အစိုးရကြား ယခင်ကဖြစ်ပွားခဲ့သည့်အကြောင်းအရာကို နားလည်ပြီးသွားချိန်မှစ ကျန်းကျန့်မှာ သူ့ခွန်အားကိုဖုန်းကွယ်ထားရန် စီစဥ်ခဲ့သည်။ဤအကြောင်းပြချက်နှင့် သူက လွန်ခဲ့သောသုံးနှစ်အတွင်း သူ့အင်အားကို မြေကြီးမြုပ်ထားလေသည်။


ယခုအချိန်တွင် သူက သေချာပေါက် သတိကြီးကြီးထားရမည်ပင်။


ကျန်းကျန့်လူများက ချက်ချင်း အလုပ်ပြန်လုပ်ကြသည်။ကျန်းကျန့်ကလည်း အေးအေးလူလူမနေနိုင်သေး၍ သူတို့နောက်လိုက်ပြီး အပြင်ထွက်ခဲ့သည်။


ယခုတစ်ကြိမ်တွင် အလုပ်လုပ်ရာ၌ လွယ်ကူတော့မည်မဟုတ်။မှောင်လာပြီဖြစ်၍ ပင်လယ်ဘက်ကိုလည်း ကောင်းကောင်းမမြင်ရချေ။ကျန်းကျန့်က တိုက်ပွဲကို ဆိပ်ကမ်းနားတစ်ဝိုက်တွင်သာ အဆုံးသတ်လိုက်ချင်မိသည်။ထိုအချိန် နောက်ထပ်သင်္ဘောစုများရောက်လာလေပြီ။


အစိုးရစစ်သားများ ရောက်လာခြင်းပင်။


တာဝန်ရှိသူကျန်းကျန့်က သင်္ဘောကြီးပေါ်မှဆင်းလိုက်ကာ ရောက်လာသည့်အရာရှိများနှင့်တွေ့ရန် မီးတုတ်ကိုင်ပြီး သင်္ဘောအသေးဆီသွားလိုက်သည်။


"မင်းက ဒီမှာ တာဝန်ရှိသူလား"အသက်သုံးဆယ်အရွယ် စစ်တပ်အရာရှိတစ်ယောက်က ကျန်းကျန့်ကို တွေ့လာသည်။


ထိုလူက သူ့ကိုကြည့်နေချိန် ထိုလူ့မျက်လုံးထဲ၌ အထင်သေးသည့်အကြည့်နှင့်စစ်ဆေးလိုသည့် အရိပ်အရောင်ပေါ်နေသည်။


"ဟုတ်ပါတယ်" ကျန်းကျန့်က ဖြေလိုက်သည်။


"ငါ့ကိုတွေ့တာကို ဘာလို့ဒူးမထောက်ရတာလဲ"ထိုလူက ထပ်ပြောလိုက်ရင်း ကျန်းကျန့်ကို မကျေမနပ်ကြည့်နေသည်။


"ဆရာ...ကျွန်တော်အရင်က ကုသိုလ်နည်းနည်းလုပ်ဖူးလို့ အရာရှိကိုတွေ့ရင် ဒူးမထောက်ရတဲ့လည်း အကျိုးကိုရရှိခဲ့ပါတယ်"


ကျန်းကျန့်က ဖြေလိုက်သည်။


"အရာရှိတစ်ယောက်ရှေ့မှာ ဒူးမထောက်ဘူးပေါ့"ထိုလူက နှာမှုတ်လိုက်ရင်း တစ်ခုခုပြောရန်ပြင်လိုက်စဥ် အခြားအရာရှိတစ်ယောက်က ရုတ်တရက်အော်လာသည်။"ဆရာ...သူတို့က ပင်လယ်ဓါးပြတွေကို ဖမ်းမိထားပြီးပါပြီ"


ထိုစကားကြားပြီးနောက် ထိုလူက ကျန်းကျန့်ကို ကြောက်လန့်တကြားကြည့်ကာ စကားမဆိုတော့ပဲ အမြန်ထွက်သွားလေသည်။


ဆောင်းဦးရောက်ပြီဖြစ်၍ ပင်လယ်က လေထန်ပြီးအေးစိမ့်နေသော်လည်း ကျန်းကျန့်က ဆိပ်ကမ်းတွင်ရပ်နေဆဲပင်။


သူက ကျန့်မိသားစုနှင့်ရင်းနှီးသည့်ဆက်ဆံရေးရှိ၍ ဝေရှင်းစီရင်စုမှအရာရှိများက သူ့ကို တလေးတစားဆက်ဆံကြသည်။ယခုတွင် ရှင်းရှင်းလင်းလင်းဖြစ်သွားပြီဖြစ်၍ ဒေသခံအရာရှိများက သူ့ကို စိတ်ထဲမထားတော့ချေ။


ကျန်းကျန့်က ဤအရာနှင့်လည်း စိတ်မကျေနပ်လောက်သေးမှန်းသိ၍ ဆက်ပြီးစောင့်နေစဥ် တစ်ဖက်တွင်လည်း အစိုးရအရာရှိများနှင့်စစ်သားများမှာ ထိတ်လန့်သွားကြသည်။


သူတို့က ချန်ယုံကျန်း၏တပ်စုဟောင်းထံလိုက်နေသည်က ကြာပြီဖြစ်ကာ နှစ်ဦးနှစ်ဖက်ကလည်း အကြိမ်အနည်းငယ်တိုက်ဖူးလေသည်။အချိန်တိုင်း သူတို့က အကျိုးမရနိုင်ခဲ့။


သူတို့တောင် မချေမှုန်းနိုင်သေးတဲ့ ပင်လယ်ဓါးပြတွေက အခြားသူတွေဆီ အဖမ်းခံလိုက်ရတယ်ပေါ့။သင်္ဘောကြီးပေါ်မှ ပင်လယ်ဓါးပြများပင် အဖမ်းခံလိုက်ရပုံပေါ်သည်။


ဒီကမ္ဘာပေါ်က ဘယ်သူကများ လုပ်ခဲ့တာပါလိမ့်။


ဤအရာရှိများနှင့်စစ်သားများက ဝေရှင်းစီရင်စုမှမဟုတ်၍ ကျန်းကျန့်အကြောင်းမသိသော်လည်း ယခုတွင် သူ့ကို လျော့မတွက်ကြရဲတော့။


"ဒီပင်လယ်ကုန်သည်တွေက သတ္တိရှိလိုက်ကြပုံများ အဲ့လိုသင်္ဘောကြီးတွေကိုတောင် ထောင်ထားကြတယ်"ကျန်းကျန့်နှင့် လတ်တလောကတွေ့ခဲ့သည့် စစ်တပ်အရာရှိမှာ မျက်မှောင်ကြုတ်နေသည်။


ဒီနေရာမှာ ပင်လယ်ဓါးပြတွေကိုဖမ်းနိုင်တဲ့ သင်္ဘောကြီးကြီးရှိရမယ်..။


"ပိုက်ဆံရှိမှတော့ မလုပ်ရဲစရာဘာရှိလိမ့်မလဲ"အခြားတစ်ယောက်က ဆိုလိုက်သည်။


"သူတို့က တရားရုံးတော်အမိန့်ကို မနာခံပဲနဲ့ အကျိုးအမြတ်အတွက် အခြားသူတွေကိုတောင် တိုက်လိုက်သေးတယ်...သူတို့အားလုံးအဖမ်းခံရပြီး ထောင်ထဲထည့်ထားသင့်တယ်"တစ်ယောက်ကလည်း ဆိုလိုက်သည်။


သူတို့က ရန်မူနေပုံပေါ်သော်လည်း တကယ်တမ်းတွင် အကျိုးအမြတ်အတွက် အခြားသူများနှင့်ပြိုင်တိုက်ရသည်မှာ ပင်လယ်ကုန်သည်များနှင့်လုံးလုံးမဆိုင်လှကြောင်း သိကြသည်။


သူတို့ပြောသမျှ အရည်မရအဖတ်မရများသာ။


သူတို့အားလုံးက ပင်လယ်ကုန်သည်များကို မနာလိုဖြစ်နေကြခြင်းပင်။


ချန်ယုံကျန်း၏တပ်စုဟောင်းမှ အုပ်စုငယ်လေးများပြိုကွဲသွားပြီးချိန် သူတို့က အကျိုးအမြတ်တော်တော်များများရလိုက်နိုင်သည်။ချန်ယုံကျန်းနှင့်သူ့လူများ ဘယ်လောက်များများရှာထားသည်ကိုဖြင့် သူတို့စိတ်ကူးကြည့်ရုံသာတတ်နိုင်သည်။


"တော်လောက်ပြီ ...အဲ့ဒီအကြောင်းထပ်မပြောနဲ့တော့"ရေတပ်ခေါင်းဆောင်က ပြောလိုက်သည်။


ရေတပ်ဗိုလ်မှူးမှာ စွန်းချီယွမ်အမည်ရှိ အသက်လေးဆယ်ဝန်းကျင် သက်လတ်ပိုင်းအမျိုးသားတစ်ဦးဖြစ်သည်။ သု့နောက်လိုက်များကို အမိန့်ပေးလိုက်ပြီးနောက် သူက ဆိုလာသည်;"ဒီနေရာက ဆိပ်ကမ်းရဲ့တာဝန်ရှိသူက ကျန်းကျန့်ဆိုတဲ့သူမို့လား...သူမရောက်သေးဘူးလား...သူ့ကို ခေါ်လိုက်"


ကျန်းကျန့်က မကြာမီ စွန်းချီယွမ်နှင့်တွေ့ရန် အရာရှိစစ်သားများသင်္ဘောပေါ်သို့ အဖိတ်ခံလိုက်ရသည်။


 ဤအရာရှိများနှင့်စစ်သားများက ကျန်းကျန့်ကိုဖော်ရွေပုံမရသော်လည်း အနည်းဆုံးရန်မူသည့်ပုံမပြကြပေ။သင်္ဘောအခန်းထဲဝင်လိုက်ပြီးနောက် စွန်းချီယွမ်က ပြုံးကာဆိုလာသည်


:"ကျွန်တော်တို့တစ်လမ်းလုံးလိုက်ဖမ်းခဲ့တဲ့ ပင်လယ်ဓါးပြတွေကို ဒီကလူကြီးမင်းကျန်းက ဒီမှာ ဖမ်းမိခဲ့တယ်ဆို...ကျွန်တော်တို့ကို အများကြီးကူညီပေးလိုက်တာပဲ"


"မဟုတ်ပါဘူး....ကျွန်တော်က ကံကောင်းသွားရုံပါ..အဲ့ဒီပင်လယ်ဓါးပြတွေကို ဆရာကြီးတို့လည်း လိုက်မဖမ်းဘူး သူတို့လည်းထွက်မပြေးရပဲ ရိက္ခာလည်း ပြတ်မသွားဘူးဆိုရင် ကျွန်တော်က ဘယ်လိုများဖမ်းနိုင်ပါ့မလဲဗျာ..."


ကျန်းကျန့်က ဆိုလိုက်သည်။


အဆင်ချောအောင် လုပ်ဆောင်ရမည့်အချိန်ဖြစ်၍ ကျန်းကျန့်ကလည်း ပါးနပ်စွာဖြေသည်။သူ့ရှေ့မှ စစ်သားများနှင့်အရာရှိများကို အမွှမ်းတင်ရင်း သူဖမ်းလိုက်နိုင်သည်က ကံကောင်းသွား၍သာဖြစ်ကြောင်း အထပ်ထပ်ပြောလေသည်။


စွန်းချီယွမ်နှင့်အခြားသူများကလည်း ဤစကားကြားပြီးမှ သံသယကင်းသွားလေသည်။


"ဆရာကြီးဗျ....ပင်လယ်ဓါးပြတွေနဲ့သူတို့ရဲ့သင်္ဘောတွေက ကျွန်တော်တို့မထိရဲတဲ့ အရာတွေပါ ...ဒါကြောင့် သူတို့ကို လက်ခံယူပေးဖို့ တောင်းဆိုရတာပါ"ကျန်းကျန့်က ပြောလိုက်သည်။


စွန်းချီယွမ်က သူ့စကားကိုကြားသော် ချက်ချင်းပင် သဘောကျသွားလေသည်။ကျန်းကျန့်ထံမှ ဤပင်လယ်ဓါးပြများနှင့်သင်္ဘောများကို လွှဲယူလိုက်ပါက သူ့တာဝန်ကြီးသွားမည်ဟုသာ ကျေနပ်အောင်ပြောလိုက်ရသော်လည်း အမှန်တွင်ဖြင့် ဤသည်က ကောင်းသည့်ကိစ္စဖြစ်သည်။


သူတို့က ဤပင်လယ်ဓါးပြအုပ်စုနောက်လိုက်ရသည်မှာ ပင်လယ်ဓါးပြများကြောင့်လည်းမဟုတ်ကာ သူတို့သင်္ဘာများကြောင့်လည်း မဟုတ်ချေ။သူတို့ပိုက်ဆံကြောင့်သာဖြစ်သည်။


ယခုတွင် သူတို့လည်း တိုက်ရန်မလိုတော့ပဲ သင်္ဘောများနှင့်ပိုက်ဆံများကိုလည်း ပြန်ရမည်ပင်။


"ဟားဟား...ဒါဖြင့် ကြိုဆိုလျက်ပါ"စွန်းချီယွမ်လည်း အားထုတ်မနေတော့။သူက ကျန်းကျန့်စကားများကြားပြီးသည်နှင့် ချက်ချင်းအမိန့်ပေးလိုက်သည်:"လာလာ....တခြားသူတွေကို အသင့်ပြင်ခိုင်းလိုက်တော့...အငယ်လေးတွေက လူကြီးမင်းကျန်းနောက်လိုက်ပြီး ပင်လယ်ဓါးပြတွေကို ဖြေရှင်းတဲ့နေရာမှာ ကူပေးလိုက်ကြ"


ထိုညက သူတို့မှာ နောက်ကျသည်ထိမစောင့်လိုက်ရ....သူတို့က စစ်ပွဲပစ္စည်းများပင် ယူသွားကြသည်။ကျန်းကျန့်က ကူကယ်ရာမဲ့ဖြစ်နေသော်လည်း မျက်နှာထက်အပြုံးမပျက်ပေ။


စွန်းချီယွမ်က ကျန်းကျန့်ကို စိုက်ကြည့်လိုက်သည်။ကိုယ့်ကိုယ်ကို နိမ့်ချနေသည်လည်းမဟုတ် စိတ်ကြီးဝင်နေသည်လည်းမဟုတ်ပဲ မတ်မတ်ရပ်နေသည့်ကျန်းကျန့်က သူ့ကို ရင်းနှီးဖော်ရွေစေသည်။


ယခင်က ကျန်းကျန့်အပေါ်ရန်မူသည့် အရာရှိများကလည်း ယခုတွင် ရင်းနှီးဖော်ရွေဟန်ပြလာကြသည်။


အနားယူရန်ပြင်နေကြသည့် အရာရှိများနှင့်စစ်သားများကို အတူတူစုဝေးကြရန် ခေါ်လိုက်သည်။


ထို့နောက် သူတို့က မီးတုတ်များမြောက်ပြီး ကျန်းကျန့်ဖမ်းမိထားသည့် သင်္ဘောများပေါ် သွားလိုက်ကြသည်။စစ်သားများနှင့်အရာရှိများ၏စိတ်အလုံးစုံက သင်္ဘောများနှင့်ကုန်ပစ္စည်းများအပေါ်တွင်သာ ရှိနေသည်။ဤအခြေအနေကိုမြင်ပြီးနောက် ကျန်းကျန့်မှာ စိတ်သက်သာရသွားလေသည်။


ကျန်းကျန့်က သူ့လူများကို သင်္ဘောပေါ်မှပင်လယ်ဓါးပြများကို ဆွဲချလာရန်ပြောထားပြီးဖြစ်၍ ထိုအရာရှိများနှင့်စစ်သားများက သင်္ဘောများကို ထိန်းချုပ်ရလွယ်သွားသည်။


ထို့နောက် ကျန်းကျန့်ထင်မထားသော ရှောင်လွှဲရန်လည်းမဖြစ်နိုင်တော့သောအရာတစ်ခု ဖြစ်ပွားခဲ့လေသည်။


အရာရှိများနှင့်စစ်သားများက ပင်လယ်ဓါးပြများခေါင်းကို ဖြတ်ကုန်ကြပြီဖြစ်သည်။


သူတို့က ဝိုင်းလိုက်ကြကာ ကျန်းကျန့်လူများကြိုးနှင့်ချည်ထားသည့် ပင်လယ်ဓါးပြများကို ခေါင်းဖြတ်လိုက်ကြပြီး ခန္ဓာကိုယ်ကို ပင်လယ်ထဲလွှင့်ပစ်လိုက်သည်။


ပင်လယ်ဓါးပြများ၏ခေါင်းကိုဖြင့် စစ်တပ်ဂုဏ်ဆာရန် ပြန်ယူသွားကြမည်ဖြစ်သည်။


ပင်လယ်ဓါးပြသင်္ဘောပေါ်တွင် စူးစူးဝါးဝါးအော်သံများထွက်လာပြီး သနားညှာတာပေးရန် တောင်းပန်နေကြကာ အော်ဟစ်ငိုယိုသံများက အမှောင်ယံညတစ်ခွင် ပဲ့တင်လျက် ကောင်းကင်တစ်ခုလုံး မည်းမှောင်သွားသည်။


ကျန်းကျန့်က မျက်တောင်ဖွဖွကြုတ်မိသည်။သူ၏စိတ်အခြေအနေက ဆိုးဝါးနေပြီဖြစ်သည်။


ထိုပင်လယ်ဓါးပြများက လူကောင်းများမဟုတ်ကာ သေသင့်သူများဖြစ်သော်လည်း ထိုသို့တစ်ဖက်သတ်ကြီး အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်းက သူ့အတွက် လက်ခံရန်ခက်ခဲနေသည်။


သို့သော်လည်း ဤခေတ်အခါတွင် လူ့အဖွဲ့အစည်းမှ မည်သူမျှ ထိုသို့လုပ်သည်ကမှားကြောင်း တွေးကြမည်မဟုတ်။


ထိုညတွင် အရာရှိများနှင့်စစ်သားများထားလို့ ယာပြန့်ကျေးရွာရှိလူများရော ကျန်းကျန့်နှင့်သူ့လူများပင် မအိပ်ခဲ့ရချေ။


ဝမ်ရွေ့ချောင်နှင့်သူ့လူများလည်း မအိပ်နိုင်။သူတို့က အလွန်ဆိုးဝါးသည့်ပတ်ဝန်းကျင်တွင် အစောင့်အကြပ်ခံနေရသော်လည်း ဤသည်က အိပ်မပျော်နိုင်သည့်အကြောင်းရင်းမဟုတ်ချေ။


သူတို့အိပ်မပျော်နိုင်ခြင်းက စိုးရိမ်ကြောက်ရွံ့နေ၍ပင်။


ပင်လယ်ဘက်မှလာသည့် စူးစူးဝါးဝါးအော်သံများက သူတို့အမွေးများပင်ထောင်သွားအောင် ကြောက်လန့်စေ၍ သူတို့လည်း ထိုသို့လုပ်ခံရမည် စိုးမိသည်။


"ဦးလေးဝမ်...သူတို့သာ သားတို့ကို လွှဲပေးလိုက်ရင်"ဝမ်ရွေ့ချောင်အုပ်စုမှ ဆယ်ကျော်သက်လေးက စိုးရိမ်နေရှာသည်။


"အဲ့လိုဖြစ်မှာမဟုတ်ဘူး"ဝမ်ရွေ့ချောင်က စိတ်အေးရန်ပြောလိုက်သော်လည်း သူ့ကိုယ်သူလည်း မသေချာလှ။


ကျန်းကျန့်က လူကောင်းဖြစ်သော်လည်း သူက ပိုက်ဆံအတွက်နှင့် သူတို့ကို မအပ်ပါဘူးဟု မည်သူက အာမခံနိုင်မည်နည်း။


ကျန်းကျန့်က သူ့ကိုငြင်းပြီး ချန်ယုံကျန်းချန်ထားသည့်ရတနာများကို မယူသော်လည်း ဝမ်ရွေ့ချောင်မှာ အေးအေးဆေးဆေးမနေနိုင်။


သူတို့က သူတို့အခြေအနေကို တီးတိုးတီးတိုးပြောနေကြသော်လည်း ဘာမှလည်းမလုပ်နိုင်ပေ။နောက်ဆုံး သူတို့က တစ်ယောက်နှင့်တစ်ယောက်ဖျစ်ညစ်ပြီး အားတင်းထားရုံသာတတ်နိုင်သည်။


ပင်လယ်ဘက်မှ နေမင်း တစ်ဖြေးဖြေးထွက်ပြူလာချိန် တစ်ညလုံးရင်တမမဖြစ်နေကြသည့်သူတို့က အလုံးကြီးကျသွားသလိုခံစားရသည်။


ထွက်လာသည့်နေက ပင်လယ်ကို အပြာရောင်သန်းလာစေသည့်အတွက် နေထွက်ချိန်က အလှဆုံးအချိန်ဖြစ်သော်လည်း ယနေ့အခြေအနေက ကွဲပြားသွားလေသည်။


ယနေ့တွင် ပင်လယ်က အပြာရောင်မဟုတ်ပဲ အနီရောင်သန်းနေကာ သွေးနံ့လှိုင်လှိုင်ထွက်နေပေသည်။


ဖမ်းမိသွားသည့်ပင်လယ်ဓါးပြများမှာ အရေအတွက်များလွန်း၍ အထောက်အပံ့ရိက္ခာများပြတ်သွားရခြင်းဖြစ်သည်။ရိက္ခာများနှင့်သင်္ဘောအခြေအနေကြောင့် သူတို့က အခြေအနေကိုအရင်မစစ်ဆေးပဲ ယာပြန့်ရွာကိုတိုက်ခိုက်ရန် ကြိုးစားခဲ့သည်။


ယခုတွင် ပင်လယ်ဓါးပြများအားလုံး အသတ်ခံလိုက်ရပြီဖြစ်သည်။သင်္ဘောပေါ်ရှိ သူတို့မိသားစုဝင်များနှင့်ကလေးငယ်များပင် အသတ်ခံလိုက်ရသည်။


ပင်လယ်ထဲပေါလောပေါ်နေသောအလောင်းများတွင် အမျိုးသမီးအလောင်းများလေသည်။


ကံကောင်းစွာနှင့် အရာရှိများနှင့်စစ်သားများက မိုးသောက်ချိန်တွင် ပြန်သွားကြသည်။


ပင်လယ်ဓါးပြခေါင်းများနှင့်သင်္ဘောများယူသွားကြပြီး ယာပြန့်ရွာကမ်းခြေကို သွေးတို့စွန်းထင်းကျန်စေခဲ့သည်။


ကမ်းခြေက ဤအခြေအနေအဖြစ် သိပ်မကြာလိုက်။


သွေးနံ့က အသားစားငါးများကို ဆွဲဆောင်နေ၍ ထိုခန္ဓာကိုယ်အလောင်းများကို သန့်ရှင်းသည်ထိ တစ်တိတိကိုက်စားလိုက်ရန် အချိန်သိပ်မကြာလိုက်ချေ။ကမ်းခြေဘက် ရိုက်ခတ်လာသည့်လှိုင်

းလုံးများက အနီရောင်ပင်လယ်ရေများကို ဆေးချသွား၍ သန့်ရှင်းသွားလေပြီ။


နေ့လည်ခင်းတွင် ဤနေရာ၌ လူထောင်ပေါင်းများစွာသေခဲ့သည်ဟုပင် မထင်ရတော့ပေ။


သို့သော်လည်း ယာပြန့်ရွာရှိလူများက တိတ်ဆိတ်နေဆဲပင်။