Chapter 230
ကျန်းကျန့်၏ ခိုလှုံရာ
ယာပြန့်ကျေးရွာတွင် ကလေးအပါအဝင်လူပေါင်း တစ်သောင်းကျော်နေထိုင်ကြသည်။ရက်အများစုတွင် ကလေးများက ပင်လယ်ကမ်းစပ်သို့ သွားသွားဆော့တတ်ကြသော်လည်း ယနေ့တွင်မူ မိသားစုဝင်များက ဆွဲထားကြပြီး ကမ်းစပ်သို့မသွားခိုင်းပေ။
ကျန်းကျန့်က ဆိပ်ကမ်းတွင် တစ်ခဏမျှရပ်နေပြီး ကျန်းမင်ကိုပြောလိုက်သည်။
"သွားပြီး စီစဥ်လိုက်အုံး ....ငါက ချင်ဟွားကျွန်းကို မနက်ဖြန်သွားတော့မှာ"
ချင်ဟွားကျွန်းမှာ ယာပြန့်ကျေးရွာမှ တောင်ဘက်သို့ သင်္ဘောနှင့် နှစ်ရက်ခရီးသွားလိုက်သည်နှင့် ရောက်နိုင်သည်။
ထိုနေရာတွင် ကျွန်းပေါင်းများစွာရှိပြီး ချင်ဟွားကျွန်းမှာ တစ်ခုအပါအဝင်ဖြစ်သည်။
ထိုကျွန်းမှာ စစချင်းတွင်နာမည်မရှိသေး၍ ကျန်းကျန့်ပိုင်သွားသည်နှင့် ချင်ဟွားကျွန်းဟု ပေးလိုက်ခြင်းဖြစ်သည်။ထို့ပြင် သူက ဤကျွန်းပေါ်၌ ပင်ကိုယ်ပါရမီအရည်အသွေးရှိသူများကို ပျိုးထောင်မည်ဟု ကြံရွယ်ထားသည်။
ယခု ထိုနေရာတွင်နေကြသူများက လူငယ်လူရွယ်များဖြစ်သည်။
သူတို့အားလုံးက ကျန်းကျန့်ရွေးကာ ကျွန်းပေါ်သို့ပို့လိုက်သည့်မိဘမဲ့ကလေးများဖြစ်သည်။သူတို့က စာရေးစာဖတ်နှင့် အခြားလက်မှုပညာရပ်များကို သင်ယူရသည်။ သူ၏လုပ်ဆောင်ချက်ကြောင့် ထိုကျွန်းလေးမှာ တစ်စတစ်စဖွံ့ဖြိုးတိုးတက်လာကာ ပိုမိုကောင်းမွန်လာသည်။
ယခုတွင် ထိုကျွန်းပေါ်တွင် လူအယောက်နှစ်ထောင်ခန့် နေနေကြပြီဖြစ်သည်။ဤလူများ၏တည်ရှိမှုကိုကား ကျန်းကျန့်က ဖုံးကွယ်ထားလေသည်။ဤကျွန်းက ကျန်းကျန့်ခိုလှုံရန်စီစဥ်ထားသည့်နေရာဖြစ်သည်။
သူက ဝေရှင်းစီရင်စုတွင်နေထိုင်ကတည်းက ခိုလှုံရန်အဆင်ပြေမည့်နေရာတစ်ခုသာရှိသည်။သို့သော်လည်း သူက အမြဲတမ်းအေးအေးချမ်းချမ်းနေနိုင်လိမ့်မည်မဟုတ်မှန်း ခံစားရလေသည်။
ဤအကြောင်းစဥ်းစားရင်း ကျန်းကျန့်၏စိတ်အခြေအနေဆိုးရွားလာသည်။
နောက်တစ်နေ့တွင် ကျန်းကျန့်က ချင်ဟွားရွာသို့ သွားလိုက်သည်။
ထိုအချိန်တွင် စွန်းချီယွမ်ကလည်း သူ့ကိုယ်သူဂုဏ်တင်ထားသည့် စာတစ်စောင်ရေးခဲ့ပြီး ထိုစာထဲတွင် သူက ရန်သူတစ်သောင်းကို ခေါင်းဖြတ်နိုင်ခဲ့ပြီး သူပုန်သင်္ဘောများကို ဖမ်းမိခဲ့သည့်အကြောင်းရေးထားလေသည်။
ထိုစာထဲတွင် ကျန်းကျန့်အကြောင်းမပါသော်လည်း ထိုစာအပြင် သူက ဖြစ်ရပ်တစ်ခုလုံးအကြောင်းရေးထားသည့် လျှို့ဝှက်စာတစ်စောင်ပို့ခဲ့သည်။ထို့နောက် သူက ထိုလျှို့ဝှက်စာကို သူ၏"ဆရာကြီး"ထံပို့ရန် တစ်ယောက်ယောက်ကို ပြောလိုက်သည်။
စွန်းချီယွမ်က ထိုစာကိုပို့ခိုင်းနေစဥ် ကျန်းကျန့်က ချင်ဟွားရွာသို့ရောက်သွားပြီဖြစ်သည်။
သူက ကျူးအားလင်နှင့်အခြားသူများကို နေရာချထားရန်သုံးသည့်ကျွန်းက ကြီးသော်ငြား မြေနေရာအနေအထားကြောင့် ထိုနေရာတွင် လူသိပ်မနေကြချေ။သို့သော် ယခုတွင် အိမ်များရှိနေလေပြီ။
"ဘော့စ်"ချင်ဟွားကျွန်းပေါ်ကလူများက သင်္ဘောကပ်လာသည်ကိုမြင်သည်နှင့် ကမ်းစပ်သို့ရောက်လာကြသည်။ကျန်းကျန့်ဆင်းလာသည်ကိုမြင်လိုက်ရာ တစ်ညီတည်းခေါ်လာကြတော့သည်။
ဤကျွန်းပေါ်တွင်နေကြသည့်သူများက အလွန်ငယ်ကြသေး၍ သူတို့မျက်နှာလေးများမှာ ကြံ့ခိုင်ဖြတ်လတ်မှုအပြည့်ပင်။ ကျန်းကျန့်က သူတို့လေးများကိုတွေ့လိုက်မှသာ စိတ်အခြေအနေပြန်ကောင်းလာသည်။
ချင်ဟွားကျွန်းပေါ် လှည့်ပတ်ကြည့်ပြီးနောက် သူက ဤနေရာက်ို သဘောကျကျေနပ်လာရသည်။
ဤကျွန်း၏ တာဝန်ရှိသူမှာ ကျူးအားလင်ဖြစ်သည်။
ကျူးအားလင်က စာမတတ်သော်လည်း လွန်ခဲ့သည့်နှစ်အနည်းငယ်အတွင်း အရာများများသင်ယူထားလေသည်။ကျန်းကျန့်ကိုတင်ပြရန် သူက စာရင်းစာအုပ်ယူလာပြသော်ငြား သူက ကြည့်ရန်မလို ကျွန်းရှိအရာတိုင်းသိသွားပြီဖြစ်သည်။
"ဘော့စ်ကျန်း.... ဒီကျွန်းက အခုဆို သူ့ဟာနဲ့သူလုံလောက်နေပါပြီ"ကျူးအားလင်က ကျန်းကျန့်ကို စိတ်ကျေနပ်မှုအပြည့်နှင့်ကြည့်လိုက်သည်။လုံလောက်ရုံမက ကြက်ဘဲများပင် မွေးမြူနေကြပြီဖြစ်သည်။
"မင်းတို့ အလုပ်ကောင်းကောင်းလုပ်ထားကြတာပဲ"ကျန်းကျန့်က ဆိုလိုက်သည်။
ကျန်းကျန့်က ကျွန်းကိုလှည့်ပတ်ကြည့်ပြီး မှာစရာရှိသည်များမှာကာ ပြန်သွားလေသည်။သူက ယာပြန့်ရွာနှင့်ပတ်သတ်ပြီး စိတ်လေးနေ၍ ပြန်သွားပြီးရှာဖွေချင်သေး၍ပင်။
သူက စိတ်လေးနေ၍ သူပြင်ဆင်ထားသည့် ဤခိုလှုံရာလေးသို့ လာတွေ့ရခြင်းပင်။သို့သော်လည်း သူမထင်ထားခဲ့သည်က ဤအရာကို သူတွေးထားသည်ထက် ပိုပြီးမြန်မြန်ဆန်ဆန်လိုအပ်လာမည်ဖြစ်ကြောင်းပင်။
ဝေရှင်းစီရင်စုရှိ ကျင်းကျန့်ကိုယ်ရံတော်လုပ်ငန်းတွင်ဖြစ်သည်။
ကျောက်ကျင်းကောက ကျန်းကျန့်လုပ်ပေးထားသည့်ခဲတံကိုင်ရင်း စာရွက်ပေါ်တွင် တစ်ခုခုအား အမြန်မှတ်တမ်းတင်နေကာ သူ့ဘေးရှိကောများကလည်း ပို့ပေးထားသော မှတ်တမ်းများကို ကြည့်နေကြသည်။
"ဘာလဲဒါက....ဘာပြောချင်တာပါလိမ့်"တစ်ခါတစ်ရံ တိုးတိုးတိတ်တိတ်ပြောသံများထွက်လာသည်။မပြော၍လည်းမရချေ....မှတ်တမ်းရေးထားကြသည့်လူအချို့က ဖတ်မရအောင်ရေးထားကြ၍ပင်။
ဤအတွက်ကြောင့် သူတို့က ကျောက်ကျင်းကောအတွက် ပြန်ကူးပေးနေရသည်။ကျောက်ကျင်းကောက ဤစကားလုံးရှုပ်ရှုပ်များကို နားလည်ရန်အချိန်ပေးမဖတ်နိုင်၍ဖြစ်သည်။
ကျောက်ကျင်းကောက သူရေးချင်သည့်အရာကို အမြန်အပြီးသတ်ရေးကာ စာရွက်ခေါက်လိုက်ပြီး စာအိတ်ထဲထည့်လိုက်သည်။ထို့နောက် တစ်ယောက်ယောက်ကိုခေါ်ပြီး ယာပြန့်ကျေးရွာရှိကျန်းကျန့်ကို ပို့ပေးရန်ပြောလိုက်သည်။ ထို့နောက် သူက သူ့လူများစုပေးထားသော စာရွက်စာတမ်းများကို ကြည့်လိုက်သည်။
မှတ်တမ်း၏သုံးပုံတစ်ပုံက ကျင်းကျန့်ကိုယ်ရံတော်လုပ်ငန်းအကြောင်းဖြစ်ပြီး ကျန်သုံးပုံနှစ်ပုံက အခြားရွာများအကြောင်းဖြစ်သည်။
ဤသည်က ကျန်းကျန့်တောင်းဆိုထားခြင်းဖြစ်သည်။စစချင်းတွင် ကျောက်ကျင်းကောက ကျန်းကျန့်လုပ်ရခြင်းအကြောင်းတရားကို နားမလည်၍ အနည်းငယ်ရှုပ်နေသော်လည်း ယခုတွင် အကျိုးအမြတ်ကို နားလည်သွားပေသည်။
ဤသတင်းအချက်အလက်များက ဝေရှင်းပြည်နယ်၏အပိုင်းအားလုံးကို သူ့လက်ခုပ်ထဲရှိနေသကဲ့သို့ သိသွားစေ၍ ဆုံးဖြတ်ချက်ချရာတွင်လည်း ပိုမိုလွယ်ကူသွားလေသည်။
တစ်ချိန်တည်းမှာပင် ဤသတင်းအချက်အလက်များက တစ်ခါတစ်ရံ ပိုက်ဆံပင်ရှာနိုင်သေးသည်။
ဥပမာအနေနှင့် အချို့နေရာများတွင် အစေ့အနှံစျေးတက်သွားပါက ထိုနေရာသို့ သူတင်ပို့ပေး၍ရသည်ပင်။အခြားတစ်နေရာမှ လူတစ်ယောက်က ဥယျာဥ်ဆောက်ချင်လျှင်လည်း သူက အကောင်းဆုံးသစ်သားများပို့ပေး၍ရသည်ပင်။စျေးနိမ့်နိမ့်နဲ့ဝယ်ပြီး စျေးကြီးကြီးနဲ့ပြန်ရောင်းတာ စီးပွားရေးပဲမဟုတ်လား။
အချိန်တစ်ခုစာအတွင်း ကျောက်ကျင်းကောမှာ လုပ်ငန်းလုပ်ရာတွင် ပိုပြီးအာရုံစိုက်လာသည်။
ထိုအချိန် ကျောက်ကျင်းကောက ယာပြန့်ရွာမှသတင်းကို စစ်ဆေးကြည့်သည်။
လွန်ခဲ့သောရက်အနည်းငယ်ခန့်က ယာပြန့်ရွာပင်လယ်ဓါးပြတိုက်ခိုက်ခံရသည့်သတင်းကို ကြားလိုက်ချိန် သူက ပင်လယ်ကမ်းဘက်သို့ အမြန်သွားခဲ့သည်။သို့သော် သူရောက်သွားချိန် ကျန်းကျန့်မှာ ပင်လယ်ဘက်ထွက်သွားပြီဖြစ်သည်။
ကျောက်ကျင်းကောက အလုပ်ရှုပ်နေချိန်ဖြစ်၍ ထိုနေရာတွင် ကြာကြာမနေနိုင်ပဲပြန်လာခဲ့ရသည်။
ယာပြန့်ရွာမှသတင်းတွင် ကျန်းကျန့်မှာ ချင်ဟွားမှပြန်လာပြီဖြစ်ကြောင်း ပြောထားလေသည်။ဤသတင်းကိုတွေ့လိုက်သည်နှင့် ကျောက်ကျင်းကောက ချက်ချင်းပင် ပြောလိုက်သည်
:"သွားပြီးသင်္ဘောတစ်စင်းပြင်ထားကြ...ငါ ယာပြန့်ရွာကိုသွားမလို့"
"ဟုတ်"ကျောက်ကျင်းကောပတ်လည်မှလူများက ဖြေလိုက်ကြပြီး ချက်ချင်းထွက်သွားကြသည်။
ကျောက်ကျင်းကောက နားမနေပဲ ကျင်းကျန့်ကိုယ်ရံတော်လုပ်ငန်းကိစ္စများလည်း လုပ်ပြီးသွားပြီဖြစ်၍ အနွေးထည်ထပ်ကာ အပြင်သို့သွားလိုက်သည်။
ကျောက်ကျင်းကောအတွက် ယာပြန့်ရွာကိုသွားမည့်သင်္ဘောပေါ်တက်လိုက်ရန် အချိန်သိပ်မကြာလိုက်ပေ။
သူစီးနေသည့်သင်္ဘောက သိပ်မကြီးသော်ငြား မြန်မြန်သွားလေသည်။သို့ဆိုလျှင်ပင် ယာပြန့်ရွာသို့ရောက်ရန် နေ့တစ်ဝက်စာကြာလေသည်။
ကျောက်ကျင်းကောက သင်္ဘောပေါ်ရောက်သည်နှင့် သင်္ဘောခန်းလေးထဲသို့သွားကာ ကောကလေးနှစ်ယောက်ကို ရေယူလာခိုင်းလိုက်သည်။
ရှောင်ရို့က ကျန်းကျန့်လူတစ်ယောက်နှင့် လက်ထပ်သွားပြီဖြစ်၍ ယခုတွင် ကျောက်ကျင်းကော၌ ကျန်းကျန့်ဝယ်ပေးထားသည့် ခိုင်းရန်ကောကလေးနှစ်ယောက်ရှိလေသည်။ ထိုကလေးများက အလုပ်ကြိုးစားလုပ်ကြသော်လည်း အသက်ငယ်ပြီး နည်းနည်းရုပ်ဆိုးကြသည်။
ကျောက်ကျင်းကောက အသက်သုံးဆယ်မပြည့်သေး၍ သူသာ စောစောလက်ထပ်လိုက်ပါက သူ့ကလေးများမှာ ယခုကောင်လေးနှစ်ယောက်လောက်ပင် ကြီးနေမည်ဖြစ်သည်။ထိုကောင်လေးများကိုခေါ်ပြီးခိုင်းရသည်ကလည်း အနည်းငယ် ရှက်ဖွယ်ကောင်းသည်။
သို့စေကာမူ သူက ခေါ်မခိုင်းသော်ငြား ထိုကောင်လေးနှစ်ယောက်က သိတတ်ကြသည်။
ရေရောက်လာသည်နှင့် သူက ဝမ်ယင်နျန်းပေးထားသည့် မျက်နှာသစ်ပစ္စည်းများကိုထုတ်လိုက်ပြီး သူ့မျက်နှာကို ဂရုတစိုက်သစ်လိုက်သည်။
မျက်နှာသစ်ပစ္စည်းများမှာ ဆေးဖက်ဝင်ပင်များနှင့်ဆပ်ပြာမှုန့်တို့မှလုပ်ထားခြင်းဖြစ်၍ မျက်နှာကို အဆီကင်းပြီးဝင်းပြောင်စေသည်။
ဆေးကြောပြီးသည်နှင့် ကျောက်ကျင်းကောက ခရင်ဗူးလေးကိုထုတ်လိုက်ပြီး လက်ချောင်းများနှင့် မျက်နှာကို အသာလိမ်းလိုက်သည်။
သူအသက်ကြီးလာသည်နှင့် သူ၏သွင်ပြင်ကို ပိုပြီးအာရုံစိုက်လာသည်။ကျောက်ကျင်းကောက ကျန်းကျန့်ပိုပြီးအသားမည်းလာကာ သူနှင့်အတူတူရုပ်ဆိုးသွားရန်ပင် တိတ်တိတ်လေးမျှော်လင့်မိသည်။
ဒီလိုဆို တစ်ယောက်ယောက်က သူ့ဆီကနေ ကျန်းကျန့်ကိုဆွဲထုတ်သွားမှာ ပူမနေရတော့ဘူး။
မျက်နှာနှင့်လက်များကိုသန့်စင်ပြီးချိန်ထိ အချိန်ကစောနေသေးသည်။ကျောက်ကျင်းကောက ဤအကြောင်းစဥ်းစားရင်း နောက်ဆုံး တစ်ကိုယ်လုံးသန့်စင်လိုက်သည်။ခန္ဓာကိုယ်ကိုသန့်စင်ပြီးသည်နှင့် သူက သွားတိုက်လိုက်ပြီး သူ့ကိုယ်ပေါ်တွင် အမွှေးနံ့သာမှုန့်အနည်းငယ် ပွတ်လိမ်းလိုက်သည်။
ထိုအမွှေးနံ့သာမှာ မြို့တော်ကနေ တစ်ယောက်ယောက်ကိုယူလာခိုင်းထားခြင်းဖြစ်ပြီး ရနံ့မွှေးကာ လိမ်းလိုက်သည်နှင့် အသားအရေနူးညံ့သွားလေသည်။
ယခင်က တစ်ခါမှသူမသုံးဖူးသော်လည်း ယခုတွင် ထုတ်သုံးနေပြီဖြစ်သည်။
ရက်အနည်းငယ်အကြာက သူ့မျက်လုံးထောင့်နားတွင် အရေးအကြောင်းများပေါ်နေကြောင်း သိလိုက်ရ၍ပင်။
ကျောက်ကျင်းကောက ယာပြန့်ရွာသို့ရောက်ချိန် မှောင်နေပြီဖြစ်၍ ကျန်းကျန့်နေသည့်နေရာကိုမေးပြီး တည့်တည့်ပင်သွားလိုက်သည်။
သူ့ကိုမြင်လိုက်၍ တခါးစောင့်က တားပြုခြင်းမရှိချေ။ထို့ကြောင့် ကျောက်ကျင်းကောကလည်း ကျန်းကျန့်အိမ်ထဲသို့ တည့်တည့်ဝင်သွားလိုက်သည်။သို့သော်လည်း သူက ကျန်းကျန့်နားမရောက်မီ ရုတ်တရက် လက်ကောက်ဝတ်အဆွဲခံလိုက်ရသည်
:"ဘယ်သူလဲ"
ကျန်းကျန့်က အိပ်တစ်ဝက်နိုးတစ်ဝက်ဖြစ်နေ၍ တစ်ယောက်ယောက်ဝင်လာသည်ဟု ခံစားမိသည်နှင့် နိုးသွားလေသည်။
ခြေသံက ရင်းနှီးနေ၍ ကျောက်ကျင်းကောဖြစ်မည်ဟု တွေးခဲ့သော်လည်း တစ်ခုခုမှားနေသလိုပင်။ဤလူ့ကိုယ်မှ ပင်လုံးကြိုင်ပန်းနံ့တစ်မျိုးမျိုးရနေသည်။သိပ်မပြင်းသော်လည်း ကျောက်ကျင်းကောအနံ့နှင့်လုံးဝမတူပေ။
ကျန်းကျန့်က နိုးသွားပြီဖြစ်၍ ထရပ်လိုက်ကာ ထိုလူ့ကို ဆွဲကိုင်လိုက်သည်။သို့သော်လည်း သူဆွဲလိုက်မှ နားလည်မှုလွဲသွားမှန်းသိသွားလေသည်။
"ကျန်းကျန့်...ကျွန်တော်ပါ"
"ကျင်းကောလား"
နှစ်ဦးသားပြိုင်တူပြောမိသွားကြ၍ ကျန်းကျန့်က ပြုံးလိုက်ပြီး ကျောက်ကျင်းကောကို အိပ်ယာပေါ်သို့ဖိလိုက်သည်။:
"မင်းဘာလို့ ရောက်လာတာလဲ"
"ခင်ဗျားကို စိုးရိမ်လို့လေ"ကျောက်ကျင်းကောက ကျန်းကျန့်ကို ဖက်ထားလိုက်သည်။
"ကိုယ့်ကို လွမ်းနေတာမို့လား"ကျန်းကျန့်က ပြုံးလိုက်ပြီး သူ့အား တတိတိကိုက်လေသည်။နှစ်ကြိမ်ခန့် ကိုက်လိုက်ပြီးနောက် ကျောက်ကျင်းကောက တားလာသည်
:"ကျွန်တော့်ကိုယ်ပေါ်မှာ တစ်ခုခုလိမ်းလာခဲ့တာ..."
သူက အမှုန့်များများသုံးထားခြင်းမဟုတ်သော်လည်း ဂရုစိုက်သင့်သည်မဟုတ်ပါလား။ကျန်းကျန့်က အဲ့တာကိုစားလိုက်မိပြီး ဝမ်းလျောသွားရင် ဘယ်လိုလုပ်မလဲ။
"နောက်မသုံးနဲ့တော့"ကျန်းကျန့်က ပြောလိုက်သည်။သူက ထိုသို့ပြောလိုက်ရသော်လည်း ကျောက်ကျင်းကော၏ထိုအနံ့လေးကို အလွန်သဘောကျနေသည်။
အနံ့က ဖျော့ဖျော့လေးဖြစ်သော်လည်း အချိန်အတော်ကြာရှူမိပါက မသက်မသာဖြစ်လာသည်။
နှစ်ဦးသား ညတစ်ဝက်လောက်ထိ ပျော်ပါးနေကြ၍ နောက်တစ်နေ့တွင် ကျောက်ကျင်းကောက အိပ်ရာထနောက်ကျလေသည်။သူက အိပ်ယာထလိုက်စဥ် သူ့စာကိုဖတ်နေသော ကျန်းကျန့်ကိုတွေ့လိုက်ရသည်။
သူက ကျန်းကျန့်ထံရေးသည့်စာက မနေ့က ထွက်မလာမီရေးထားခြင်းဖြစ်၍ ကျန်းကျန့်က ယခုမှရလေသည်။
ကျန်းကျန့်လက်ထဲမှစာကိုမြင်ပြီး ကျောက်ကျင်းကောမှာ အနည်းငယ် ရှက်ရွံ့သွားရသည်။သို့သော်လည်း ကျန်းကျန့်က ဖတ်ပြီးသည်နှင့် ပြုံးကာ စာကိုအင်္ကျီအိတ်ထဲထည့်လိုက်သည်။
သူက ဟုန်ကျန်းဆားသင့်မြေကိစ္စဖြေရှင်းနေစဥ် ကျောက်ကျင်းကောထံ စာပို့သော်လည်း အများကြီးမတွေးမိ။သို့သော်လည်း တစ်ရက်တွင် သူပို့ထားသည့်စာများအားလုံးကို ကျောက်ကျင်းကောက ယွန်းဗူးလေးထဲထည့်သိမ်းထားပြီး အဝတ်ဗီရိုကြီးထဲဖွက်ထားမှန်း သိသွားသည်။ထိုစာများ၏ပုံစံကိုကြည့်ခြင်းဖြင့် အကြိမ်ကြိမ်ဖတ်ထားကြောင်း သိသာလေသည်။
ဤသို့ဖြင့် သူက ကျောက်ကျင်းကောထံ စာရေးပို့ရသည်ကို သဘောကျသွားကာ သူရေးသည့်အကြိမ်တိုင်း ကျောက်ကျင်းကောထံ ပို့ပေးလေသည်။
ကျောက်ကျင်းကောဆိုသူမှာလည်း သူအား အခြားတစ်ယောက်က တစ်ခုခုလာပေးပါက ပြန်ပေးတတ်သည့်သူမျိုးဖြစ်၍ စာရသည်နှင့် ပြန်ရေးပေးလေသည်။ဤစာများအားလုံးကိုလည်း ကျန်းကျန့်က သိမ်းထားလေသည်။
"ချင်ဟွားကျွန်းက ဘယ်လိုနေလဲ"ကျောက်ကျင်းကောက မေးလိုက်သည်။
"အဲ့နေရာက တော်တော်ကောင်းနေပြီ...အချိန်ရရင် မင်းကို ခေါ်သွားအုံးမယ်"
"အခုက အလုပ်တွေပိုပိုများလာတာနဲ့ ကျွန်တော်လည်း ဘယ်အချိန်အားမလဲမသိဘူး"ကျောက်ကျင်းကောက သက်ပြင်းချလိုက်သည်။
"အချိန်ရှိမှာပါ"ကျန်းကျန့်က ရယ်မောလိုက်ရင်း သူ့ရှေ့မှ ထမင်းလုပ်ကြီးကို ဝါးလိုက်သည်။
ကျောက်မိသားစုအိမ်တွင် ကောင်းကောင်းစားရသော်လည်း အပြင်တွင်က ထိုသို့မရနိုင်၍ ကျန်းကျန့်က သူ့လူများကို မနက်တိုင်း ထမင်းနှင့်ရိုးရိုးဟင်းနှစ်ခွက်သာ ယူလာခိုင်းသည်။
ကျောက်ကျင်းကောက ယခင်နေ့ညက ကျန်းကျန့်ကိုတွေ့ရန်သာ စိတ်လောနေ၍ ဘာမျှမစားခဲ့ရပေ။ထို့ကြောင့် ယခုအချိန်တွင် ကျန်းကျန့်နှင့်အတူတူ စားသောက်နေသည်။
ကျောက်ကျင်းကောက ယာပြန့်ရွာတွင် တစ်ရက်ခန့်နေပြီးပြန်သွားလေသည်။ သို့သော် ကျန်းကျန့်က စီစဥ်ရမည့်ကိစ္စများရှိနေ၍ တစ်ရက်ကျော်ကျော်နေရန်ကျန်နေခဲ့သည်။
ထိုယာပြန့်ကျေးရွာတွင် စိုးရိမ်စရာများ မရှိတော့ချေ။
ထိုပင်လယ်ဓါးပြများက ယာပြန့်ရွာနားတစ်ဝိုက်သို့ရောက်လာပြီး ပြန်လည်အေးချမ်းသွားချိန်မှစ လုယက်ချင်သည့် ပင်လယ်ဓါးပြအနည်းငယ်သာရှိလေသည်။သို့သော်လည်း ထိုဓါးပြများဘာမျှမလုပ်နိင်ခင် အဖမ်းခံလိုက်ရသည်သာ။
ကျန်းကျန့်က မသတ်ချင်၍ ထိုဓါးပြများကို တောင်ပေါ်သို့ပို့ပစ်ကာ သူတို့အလုပ်လုပ်ပြီး တစ်ချက်မှအနားမနေစေရန် သူ့လူများနှင့် စောင့်ကြည့်ခိုင်းထားသည်။
ထိုဓါးပြများကိုပင် ကျေးဇူးတင်ရမည်။ကျန်းကျန့်မှာ ထင်းများမီးသွေးများ ပြတ်လတ်မနေချေ။
သိုသော်လည်း ယာပြန့်ရွာအေးချမ်းနေသည်က ကျန်းကျန့်လူများ ကင်းစောင့်ပြီးချေမှုန်းပေးနေ၍ဖြစ်လေရာ အခြားရွာများမှာ ထိုသို့မဟုတ်ချေ။
ပင်လယ်ဓါးပြများ၏ သုတ်သင်ရှင်းလင်းခံရသည့် ကျေးရွာအများအပြားရှိနေသေးသည်။
"အဲ့ဒီပင်လယ်ဓါးပြတွေက တစ်ကယ်ကို စက်ဆုပ်စရာကောင်းတယ်"
"တချို့ရွာတွေက ဂျပန်ဓါးပြတွေကို မြင်လိုက်လို့ ချန်ယုံကျန်းရဲ့လူတွေပဲလို့ထင်ပြီး ရွာထဲကို ပျော်ပျော်ကြီးခေါ် အိမ်ထဲဝင်ခိုင်းကြနဲ့ တကယ်တမ်းကျ....."
"သူတို့က ရိုးရိုးသားရဲကောင်တောင်မဟုတ်ဘူး....သားရဲထက်ကိုဆိုးတဲ့သူတွေ"
ဆောင်းရာသီရောက်၍ ကျန်းကျန့်က လျောင်တုံးမြင်းစီးသူရဲများထံ အစေ့အနှံနှင့်မြက်များတင်ပို့ရန်သွားနေချိန် သူ့လူများပြောနေသည်ကို ကြားလိုက်ရခြင်းဖြစ်သည်။
ထိုစကားများကြားပြီးနောက် ကျန်းကျန့်၏စိတ်အခြေအနေ မကောင်းတော့။
မကြာသေးမီက ကမ်းရိုးတန်းဒေသတွင် ပင်လယ်ဓါးပြများ ပေါများလာသည်။
ထိုပင်လယ်ဓါးပြများက ချန်ယုံကျန်း၏တပ်ဟောင်းမှလူများဖြစ်သော်လည်း ယခုတွင် ကိုယ်ထင်ပြလာကြတော့သည်။
ထိုမျှမက ထိုသူတို့အထဲတွင် အရှေ့တိုင်းသားရိုနင်အရေအတွက်လည်း များပြားလာသည်။
အစပိုင်းတွင် အရှေ့တိုင်းသားရိုနင်များကို တချီပြည်သူတို့က အလုပ်ခိုင်းရန်ငှားထားကြသော်လည်း ယခုတွင်မူ သူတို့က ကိုယ်ပိုင်လူဆိုးဂိုဏ်းများပင် ထောင်နေကြသည်။
ထို့ကြောင့် အာရုံစူးစိုက်နေရပြီး ကျန်းကျန့်မှာ လက်ရှိအခြေအနေကို သတိထားနေရသည်။
အရှေ့တိုင်းသားရိုနင်များ၏ မွေ့ရပ်မြေမှာ တချီမှပင်လယ်ဖြတ်ပြီးသွားရသည်။သူတို့က အမြဲတမ်း တချီ၏ကျွန်များဖြစ်ခဲ့၍ ယခင်မင်းဆက်တွင်လည်း သူတို့က အရိုအသေးပေးကာ အလေးအမြတ်ပြုကြရသည်။
ဤအတွက်ကြောင့် တချီကိုတည်ထောင်သောအခါ တိုရိုဧကရာဇ်က တချီကိုမကျေနပ်၍ အဆက်အသွယ်အားလုံးဖြတ်လိုက်သည်။
တချီဧကရာဇ်ထိုက်ဇူက သွေးဆူလွယ်သည့်သူဖြစ်၍ တိုရိုက သူ့ကို သဘောမကျဟုခံစားမိလာသည်။ထို့ကြောင့် သူက ထိုသူတို့ကို အရေးမလုပ်တော့ပဲ တိုရိုသံတမန်များပြန်ရောက်လာသည့်အခါတွင်လည်း ရှောင်၍သာနေသည်။
တိုရိုသံတမန်များက အကြိမ်အနည်းငယ်ခန့် လာကြသေးသော်လည်း အလာရပ်သွားကြသည်။တချီမရှိလျှင် တိုရို၌ ပြည်တွင်းသဘောထားကွဲလွဲမှုများ ရှိလာမည်ဖြစ်သည်။
တိုရိုတွင် တစ်ယောက်ယောက်က အင်ပါယာမိသားစု၏အာဏာကိုဖယ်ရှားရန် ကြိုးစားခဲ့သည်။နောက်ဆုံးတွင် နှစ်ဦးနှစ်ဖက်လုံးက တိုရိုပြည်သားများခံစားရအောင် အဆုံးမရှိတိုက်ပြီးမှရပ်သွားကြသည်။
မကြာသေးမီက ထိုလူများမှာ ပြည်တွင်းသဘောထားကွဲလွဲမှုများကို လမ်းကြောင်းပြောင်းရန် အစားအစာပြတ်လတ်မှုကိုအသုံးချပြီး တိုရိုပြည်သားများကို တချီတွင်လာပြီးပင်လယ်ဓါးပြလုပ်ရန် အားပေးအားမြောက်ပြုလေသည်။
ချန်ယုံကျန်းထိုနေရာတွင်ရှိစဥ်က သူတို့မှာ ချန်ယုံကျန်းအမိန့်ကိုန
ာခံကြရသည်။ထို့ကြောင့် လုပ်ငန်းလုပ်ပြီးတိုရိုတွင်အိမ်ဆောက်နိုင်ရန် တိုရိုအင်ပါယာမိသားစုက ချန်ယုံကျန်းကို မြေကွက်ကြီးကြီးပေးလာသည်ထိပင်။
သို့သော်လည်း ယခုတွင် ချန်ယုံကျန်းမရှိတော့၍ ထိုသူတို့က တချီကိုကြောက်နေတော့မည်မဟုတ်ပေ။