အပိုင်း ၂၃၁
Viewers 31k

Chapter 231

:တချီကထွက်ခွာခြင်း




ကျန်းကျန့် ယခင်က တိုရိုနှင့် စီးပွားရေးလုပ်ခဲ့ဖူးသော်လည်း မကြာသေးမီက သူရပ်တန့်သွားခဲ့သည်။


ထို့အပြင်ဖုချောင်အနီးရှိ ရေပြင်တွင် ကင်းလှည့်ရန် သူ၏လူအချို့ကိုလည်း စေလွှတ်ခဲ့ပြီး သူတို့က ပင်လယ်ဓားပြများကို တွေ့ပါက ၎င်းတို့ကို ဖမ်းဆီးနိုင်မည်ဖြစ်သည်။


ရာသီဥတုက ပိုအေးသထက်အေးလာပေမဲ့ တချီ ကလူတွေကို လုယက်ရန်က တကယ်ကို လွယ်သည်ကို ရုတ်တရက်တွေ့လိုက်ရသည့်အတွက် ပင်လယ်ဓားပြတွေက ပိုပိုပြီး သောင်းကျန်းလာကြသည်။ အများစုကပြန်မတိုက်နိုင်ဘဲ သနားညှာတာရန်တောင်းပန်ကြသည်။


ယခုအချိန်အထိ ၎င်းတို့က တိုရိုမှဖြစ်စေ တချီမှဖြစ်စေ ပင်လယ်ဓားပြများအားလုံးကို အရှေ့ဘက်ပင်လယ်ဓားပြများဟု ပြည်သူများနှင့် အစိုးရက ခေါ်ဆိုခဲ့သည်။


တိုရိုကျူးကျော်မှုဟာ ပိုပိုပြီး ပြင်းထန်လာပြီး ကမ်းရိုးတန်းတလျှောက်က လူအများအပြား ဒုက္ခရောက်နေကြပေမဲ့ ဝေရှင်းပြည်နယ် ကမ်းရိုးတန်းတစ်လျှောက်က လူတွေ၏ ဘဝက အရင်ကနှင့် မတူတော့ပါချေ။


ထိုပင်လယ်ဓားပြများသည် ဝေရှင်းပြည်နယ်သို့ လာရောက်ပြီး ပြဿနာမရှာဝံ့ကြပေ။

ထို့ကြောင့်ဝေရှင်းပြည်နယ်က လူတွေအတွက် ကောင်းပေမဲ့ တခြားသူများအတွက် အိပ်ရန် စားရန် ခက်ခဲသည့်အချိန်ဖြစ်နေသည်။


ဆောင်းရာသီမှနေ နွေဦးပေါက်ပြီး မက်မွန်ပင်များ ပန်းပွင့်များ ပွင့်လာချိန်တွင် သင်္ဘောတစ်စင်းသည် တချီကမ်းရိုးတန်းတစ်လျှောက် တောင်ဘက်သို့ ထွက်ခွာသွားပြီး နောက်ဆုံးတွင် ယာပြန့် ရွာ၏ သင်္ဘောကျင်းတွင် ရပ်တန့်သွားသည်။ ခဏအကြာတွင် အေးစက်သောမျက်နှာနှင့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး သင်္ဘောပေါ်မှ ဆင်းလာသည်။


ယာပြန့်ရွာကိုစောင့်ကြပ်နေသူမှာ ကျန်းမင်မှလွဲ၍ အခြားသူမဟုတ်သောကြောင့် ထိုလူကိုမြင်သောအခါ ကျန်းမင်အနည်းငယ်အံ့သြသွားသည်။


"နယ်စားမင်း"


ရောက်လာသူက ဤနှစ်တွေမှာ ကျန်းကျန့်ကို ရိက္ခါနှင့်မြက်တွေ ကူဝယ်ပေးရန် တောင်းဆိုထားသည့် သူနှင့်တစ်ဦးတည်းဖြစ်သော နယ်စားမင်းချီတစ်ဖြစ်လဲ ချီချင်းပါပင်။


ပထမတုန်းက လော့ထျန်းကျစ်က ဤလူကို ယန့်ကျီမြစ်တောင်ဘက်ဆီ ခေါ်သွားပြီး ကျန်းကျန့်နှင့် တွေ့ဆုံခွင့်ပေးခဲ့၏။ကျန်းကျန့်အား ၎င်း၏အမည်ကို အစတွင် မပြောခဲ့သော်လည်း နောက်ပိုင်းတွင် ၎င်းတို့၏ ပူးပေါင်းဆောင်ရွက်မှုကြောင့် ကျန်းကျန့်သည် ဤလူက နယ်စားတစ်ယောက်ဖြစ်နေကြောင်း သိရှိခဲ့ရသည်။ 


တချီမင်းဆက်သည် နှစ်ပေါင်း ၃၀၀ ကျော် ကြာမြင့်နေပြီဖြစ်ပြီး အစပိုင်းတွင် တော်ဝင်မိသားစုဝင် အနည်းငယ်သာရှိသော်လည်း ယခုအခါ လူပေါင်း သောင်းနှင့်ချီရှိနေပြီဖြစ်သည်။တော်ဝင်မိသားစုနှင့်ချီချင်းတို့၏တော်စပ်မှုမှာ အနည်းငယ် ဝေးကွာသော်လည်း ငြင်းပယ်နိုင်သည့်အဆင့်အထိ မရောက်ရှိသေးပေ။ဤချီချင်းမှာ လည်း ကျွမ်းကျင်မှုအချို့ရှိခဲ့ပြီး ယခုအခါ ဘွဲ့ကိုဆက်ခံပြီး နယ်စားမင်းဖြစ်လာရုံသာမက လျောင်တုံးသံမဏိမြင်းစီးသူရဲများ၏ စစ်ဗိုလ်ချုပ်လည်းဖြစ်သည်။ 


"ငါ ကျန်းကျန့်ကိုတွေ့ချင်တယ်"

ချီချင်းက ပြောသည်။


ကျန်းမင် ထိုလူကို ကျန်းကျန့်ထံသို့ အမြန်ခေါ်သွားခဲ့သည်။


"သခင်ချီ ကျုပ်နဲ့ ဘာလိုတွေ့ချင်တာလဲ" 

ကျန်းကျန့်က ချီချင်းကို အနည်းငယ် စိတ်ရှုပ်ထွေးစွာဖြင့် ကြည့်လိုက်သည်။ 


"ကျန်းကျန့်... အရင်ဆောင်းရာသီမှာ ပင်လယ်ဓားပြတွေက အများကြီး ဒုက္ခပေးခဲ့ပြီး ငါတို့ရဲ့ကျီတွေထဲက တစ်ခုကို မီးရှို့ဖျက်ဆီးခဲ့တယ်...လျောင်တုံးသံမဏိမြင်းစီးသူရဲတွေလည်း ထိခိုက်ခဲ့တယ်... အခု ငါတို့ စားစရာနဲ့ကောက်နှံတွေ ရှားပါးလာပြီ...အစားအသောက်နဲကောက်နှံတွေကို နောက်ထပ်တစ်သုတ်ဝယ်ပြီး လျောင်တုံးသံမဏိမြင်းစီသူရဲတွေဆီကို ပို့ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်..."


ချီချင်းက ကျန်းကျန့်ကိုတွေ့သောအခါ ချက်ချင်းပြောလိုက်သည်။


"ဒါပဲလား...ဒီလိုသာဆိုရင် သခင်ချီက ဒီကို လုံး၀ လာနေစရာ မလိုဘူး မဟုတ်လား"

ကျန်းကျန့်က စိတ်ရှုပ်ထွေးစွာနှင့်ချီချင်းကို ကြည့်သည်။ 


"ကျန်းကျန့်...လျောင်တုံးသံမဏိမြင်းစီးသူရဲတွေက အခုချက်ချင်း ပိုက်ဆံမရှင်းနိုင်လို့ ဒီကို ကိုယ်တိုင်လာခဲ့တာပါ...ဖြစ်နိုင်ရင် မင်းကြိုပို့နိုင်မယ်လို့ မျှော်လင့်ပါတယ်..." 


ချီချင်းက ပြောသည်။



လျောင်တုံးမြင်းစီးသူရဲတွေက ပိုက်ဆံမရှင်းနိုင်ခြင်းကို ကျန်းကျန့်ယုံသည်။


ယန့်ကျီမြစ်၏တောင်ဘက်တွင် ရိုနင်ကျူးကျော်သူအများအပြားရှိသည့် ကမ်းရိုးတန်းမှလွဲ၍ အလွန်သာယာနေသည်။သည်မှာ လူတို့၏ဘဝသည် အတော်လေးခက်ခဲသော်လည်း အချို့မှာ ကောင်းမွန်စွာနေထိုင်နေကြပြီး တချီတစ်ခုလုံးအနေဖြင့်ရှုမြင်မှ အလွန်အေးချမ်းပေသည်။ 


ဥပမာအားဖြင့်၊ သူ ကျန့်ရီ နှင့်အတူ မြို့တော်သို့သွားသည့်နှစ်တွင် မိုးခေါင်ရေရှားမှုဒဏ်ကို ခံစားနေရသော နေရာများစွာရှိသည်။လွန်ခဲ့သည့်နှစ်အနည်းငယ်က ရေကြီးမှုများလည်းရှိခဲ့ပြီး ယခုဆိုလျှင် နိုင်ငံထဲကို တိုရိုမှလူများအားလုံး ပြောင်းရွှေ့လာနေသည်ကို ထည့်ပြောစရာပင်မလိုပေါ


ထို့အပြင် အရာရှိများ၊ မျိုးနွယ်စုများနှင့် စစ်တပ်များ အများအပြားရှိသောကြောင့် ကုန်ကျစရိတ်များမှာလည်း အလွန်မြင့်မားပြီး ယင်းက တော်ဝင်တရားရုံးကို မကြာခဏ ပြေလည်အောင် မဆောင်ရွက်နိုင်ဖြစ်စေသည်။


ရုံးတော်က လျောင်တုံးသံမဏိမြင်းစီးသူရဲများကို အမြဲအလေးထားပြီး ဆိုးဆိုးရွားရွား မဆက်ဆံခဲ့သော်ငြားလည်း အဆုံးမှာ ၎င်းတို့အား ရိက္ခါနှင့်လစာ အလုံအလောက်ပေးဆောင်ရန် မဖြစ်နိုင်ပေ။


"ကျုပ်တို့က အခုတစ်ခေါက်အတွက်ထားပေးလို့ရပေမဲ့ နောက်တစ်ခေါက်မတိုင်ခင် ငွေရှင်းပေးရပါမယ်"

ကျန်းကျန့်က ပြောလိုက်သည်။



"အဆင်ပြေပါတယ်"

ချီချင်း သက်ပြင်းတစ်ချက်ချလိုက်သည်။


ယန့်ကျီမြစ်တောင်ဘက်တစ်ဝိုက်က လူတွေက စပါးတွေစိုက်သည်ထက် ပိုးစာပင်တွေ စိုက်ရမ်ပိုဆန္ဒရှိကြသောကြောင့် မြစ်တောင်ဘက်မှာရှိသည့် စပါးဈေးက စျေးချိုခြင်းမရှိဘဲ ဝယ်ရသည်မှာ သိပ်မလွယ်ပါချေ။


မည်မျှပင် ဈေးကြီးသည်ဖြစ်စေ မြောက်ဘက်ခြမ်းထက်မူ စျေးသက်သာသေးသည်။ 


ယင်းက ကျန်းကျန့်ကို စပါးနှင့် မြက်အချို့ကို ဝယ်ရန် အားအနည်းငယ်ထုတ်ရစေသော်လည်း ချီချင်း၏ တိုက်တွန်းမှုကြောင့် အနောက်မြောက်ဘက်သို့ စပါးနှင့် မြက်များကို ပို့ဆောင်ရန် သင်္ဘောအုပ်စုတစ်စုကို စေလွှတ်ခဲ့သည်။


ရေယာဥ်စုက ထွက်ခွာသွားပေမဲ့ ချီချင်ကထွက်မသွားပါချေ။သူက ဆက်နေပြီး စပါးတွေ ပိုရလာရန် ရည်မှန်းထားသည်။


ကျန်းကျန့်က သူ၏ လုပ်ရပ်အတွက် မအံ့သြပေ။ ရှေးခေတ်က သဘာဝဘေးဒဏ်ကြောင့် လူတို့သည် ရိတ်သိမ်းမှုကို ဆုံးရှုံးရတတ်သဖြင့် လူတိုင်းနီးပါးသည် ၎င်းတို့၏ ကောက်နှံများကို သိမ်းဆည်းရန် နှစ်သက်ကြသည်။လျောင်တုံးသံမဏိမြင်းစီးသူရဲများအတွက် အစေ့အဆန်များ သိုလှောင်လိုခြင်းမှာလည်း ပုံမှန်ပင်ဖြစ်သည်။ 


ထိုနေ့တွင် ချီချင်းနှင့် ညစာစားပြီးနောက် ကျန်းကျန့် ယာပြန့်ရွာရှိ ၎င်း၏နေအိမ်သို့ ပြန်၍ အိပ်လေသည်။ 


ရလဒ်အနေဖြင့် ည၏ ဒုတိယထက်ဝက်တွင် တံပိုးသံနှင့် သတ်ဖြတ်သံများကြားတွင် ကျန်းကျန့် ရုတ်တရက် နိုးလာသည်။


တစ်စုံတစ်ယောက်က ယာပြန့်ကျေးရွာကို တိုက်ခိုက်ခဲ့သည် ထိုမျှမက တိုက်ခိုက်လာသူများမှာလည်း အစိုးရစစ်သားများဖြစ်သည်။


သူသာသာမန် ကုန်သည်တစ်ဦးဖြစ်ခဲ့ပါက ဒေသဆိုင်ရာ တာဝန်ရှိသူများက သူ့ကို စွဲချက်တင်ပြီး သူ့မိသားစု၏ ပိုင်ဆိုင်မှုများကို သိမ်းဆည်းပြီး ထောင်ကျခံရဖွယ်ရှိသည်။


သို့ပေမဲ့ သူ့လက်ထဲရှိ ပါဝါက ကြီးလွန်းသောကြောင့်…ချန်ယုံကျန်း၏ယခင် အတွေ့အကြုံအရ ကျန်းကျန့်က လူတချို့ကို ကြောက်စေမှန်း သေချာလေသည်။ 


သို့သော်လည်း ကျန်းကျန့်ကိုယ်တိုင်ပင်လျှင် တရားရုံးက ဤမျှစောစီးစွာ အရေးယူမည်ဟု မမျှော်လင့်ထားပေ။ 


ကျန့်မိသားစုက တော်ဝင်နန်းတရားရုံးမှာ အဆက်အသွယ်တစ်ခုရှိသောကြောင့် ကျန့်ရီကို သူ့အတွက် စောင့်ကြည့်ပေးရန် အမြဲတောင်းဆိုခဲ့ပေမဲ့ ဤတစ်ခါ ကျန့်ရီက သူ့ဆီ စာလုံးဝမပို့ခဲ့ပါချေ။


ကျန်းကျန့် သူ့အိမ်မှ လူများကို ခေါ်ဆောင်ထွက်လာသောအခါတွင် စစ်သားအချို့က ချီချင်းကို အကာအကွယ်ပေးနေသည်ကို တွေ့လိုက်ရသည်။ ချီချင်းက သူ့ကိုမြင်သည့်အခါ လှမ်းအော်ပြော၏။


"ကျန်းကျန့်... မင်းစောစောစီးစီးလက်နက်ချရင် ဘုရင်မင်းမြတ်ထံ ငါအကြောင်းကြားပြီး လွတ်မြောက်ဖို့ လမ်းစပေးမယ်"


ပတ်ဝန်းကျင်ရှိ မငြိမ်မသက်မှုများကြောင့် ကျန်းကျန့် ချီချင်း၏ စကားကို ရှင်းရှင်းလင်းလင်း မကြားခဲ့ရသော်လည်း "ဘုရင်မင်းမြတ်" ဟူသော စကားလုံးကို ရှင်းရှင်းလင်းလင်း ကြားလိုက်ရသောအခါတွင် သူ့မှာ ယေဘုယျ အတွေးတစ်ခု ရှိနေဆဲဖြစ်သည်။ 


ယင်းက ဘုရင်မင်းမြတ်ဖြစ်ပြီး ဧကရီမယ်တော်ကြီး မဟုတ်ပေ။


ဤအချိန်တွင် မည်သည့်အတွက်ကြောင့် ဤအရာများ သတိပေးခြင်းမရှိဘဲ ရုတ်တရက်ရောက်လာသည်ကို နောက်ဆုံးတွင် သူနားလည်သွားသည်။


ကျန့်ရီနောက်ကနေ၍ လွန်ခဲ့သော ခုနစ်နှစ် ရှစ်နှစ်ခန့်က မြို့တော်သို့ လိုက်ခဲ့စဉ်က ဧကရီမယ်တော်ကြီးက တရားရုံးကို အုပ်စိုးခဲ့သော်လည်း ယခုအခါ ခုနစ်နှစ် ရှစ်နှစ်ကြာသွားခဲ့ပြီဖြစ်သည်။ ထိုအချိန်မှစ၍ ဧကရာဇ်ငယ်သည် ကြီးပြင်းလာခဲ့သည်။


သူကြီးပြင်းလာပြီဆိုကတည်းက အာဏာကို ဆုပ်ကိုင်ချင်နေသည်က သဘာဝပါပင်။ကျန့်မိသားစုသည် မကြာသေးမီနှစ်များအတွင်း ဧကရာဇ်ငယ်ကို မျက်နှာချိုသွေးခဲ့သော်လည်း ဧကရာဇ်ငယ်လေး၏ ယုံကြည်မှုကိုမရရှိနိုင်ခဲ့သည်မှာ သေချာသည်။ 


ယခုလိုအခြေအနေမျိုးမှာ ကျန့်ရီအတွက် ဘာသတင်းမှ မရသည်က ပုံမှန်ပါပင်။ 


"ချီချင်း...ကျုပ်က လျောင်တုံးသံမဏိမြင်းစီးသရဲတွေအတွက် နှစ်အတော်ကြာအောင် အကောင်းဆုံး လုပ်ခဲ့ပေးခဲ့တယ်...ခင်ဗျား ကျုပ်ကို ဘယ်လို ဆက်ဆံလိုက်သလဲကြည့်ပါဦး" 


ကျန်းကျန့်က ရယ်မောလိုက်သည်။


ဤချီချင်းက သိက္ခါရှိသည့်လူဖြစ်သဖြင့် ဤလူက သူ့ကို ရုတ်တရက် လုပ်ကြံလိမ့်မည်ဟု သူ မမျှော်လင့်ထားပေ။


ချီချင်းက အနည်းငယ် မျက်မှောင်ကြုတ်လိုက်ပြီး သူ့အမူအရာက သိပ်မကောင်းပေ။


လွန်ခဲ့သည့်သုံးနှစ်က ယန့်ကျီမြစ်၏တောင်ဘက်သို့ သူပထမဆုံးရောက်စဥ်က ကျင်းကျန့်ကိုယ်ရံတော်လုပ်ငန်းကိုတွေ့သောအခါ ကျင်းကျန့်ကိုယ်ရံတော်လုပ်ငန်း မရိုးရှင်းကြောင်း သူသတိထားမိပြီးပြီဖြစ်သည်။သို့ပေမဲ့ ထိုစဥ်တုန်းက အရာအားလုံးကို ထိန်းချုပ်ထားနိုင်ဆဲဖြစ်သဖြင့် သူဘာမှ မလုပ်ခဲ့ပေ။


သို့သော် သုံးနှစ်ကြာသွားသောအခါ ကျင်းကျန့်ကိုယ်ရံတော်လုပ်ငန်း ပိုမိုအားကောင်းလာပြီး အားကောင်းသထက်ကောင်းလာသည်။ 


သူတို့ နည်းနည်းလေး သတိလွတ်သွားပါက ချန်ယုံကျန်း နောက်တစ်ယောက် တက်လာနိုင်၏။


သေချာသည်ပင်၊ဤသည်က သူ ကျန်းကျန့်ကို သူရုတ်တရက် တိုက်ခိုက်ရခြင်း၏ တစ်ခုတည်းသော အကြောင်းပြချက် မဟုတ်ပါချေ။ 


သူသည် ဘုရင်မင်းမြတ်ထံ သစ္စာစောင့်သိသော်လည်း တော်ဝင်နန်းတွင်းအာဏာအများစုသည် ဧကရီမယ်တော်ကြီး၏လက်ထဲတွင် ရှိနေဆဲဖြစ်သည်… အမှန်အတိုင်းပြောရလျှင် ကျန်းကျန့်က ဧကရီမယ်တော်ကြီး၏ဘက်တွင်ရှိနေသည်။


ကျင်းကျန့်ကိုယ်ရံတော်လုပ်ငန်းကို ဆက်ရှိနေခိုင်း၍မဖြစ်ပေ။ထို့အပြင် ဤသည်က ဘုရင်မင်းမြတ်က သူ့စွမ်းအားကို ဧကရီမယ်တော်ကြီးအား အစမ်းအနေဖြင့် ပထမဆုံးအကြိမ် ပြသခဲ့ခြင်းလည်း ဖြစ်သည်။ 


"ကျန်းကျန့်... မင်းရဲ့လူတွေကို လက်နက်ချပြီး အညံ့ခံဖို့ ပြောပါ...ငါတို့က အပြစ်မဲ့သူတွေကို သတ်မှာ မဟုတ်ဘူး..." 


ချီချင်းက ဆက်ပြောသည်။


ကျန်းကျန့်က အေးစက်စွာ နှာမှုတ်လိုက်သည်။


သူက ချန်ယုံကျန်းမဟုတ်၊ သူ့အသက်ကို အခြားသူများလက်ထဲ လွယ်လွယ်ထည့်ထားမည်မဟုတ်ပေ။ 


"လက်နက်ချပြီးရင် ဒီလူတွေက စစ်ဘက်ဆိုင်ရာအကျိုးပြုမှတ်တွေရဖို့အတွက် ငါတို့ရဲ့ခေါင်းတွေကိုဖြတ်လိမ့်မယ်...လူတိုင်းက ငါနဲ့အတူ တိုက်ခိုက်ကြ... အသက်ရှင်ဖို့ နည်းလမ်းရှိသေးတယ်..."


ကျန်းကျန့်က ကျယ်လောင်သော အသံဖြင့်အော်ပြောသည်။


ကျန်းကျန့် နှင့် ချန်ယုံကျန်းက အတူတူသာဖြစ်ပြီး သူ့တွင် အခြားမည်သည့်စိတ်ကူးမျိုးမှမရှိခဲ့လျှင်ပင်၊ သူသည် ဤအချိန်တွင် လမ်းဆုံးထံ တွန်းပို့ခံရမည်မှာ သေချာပေသည်။ 


သို့ပေမဲ့ သူက ဤကမ္ဘာက လူအများစုနှင့် အမြဲတမ်း ခြားနားခဲ့သည်။


သူသည် ဆုတ်ခွာရန် အချိန်အတော်ကြာကတည်းက ပြင်ဆင်ထားပြီး မိမိကိုယ်တိုင် အသက်ပေးလှူ၍ သစ္စာစောင့်သိပြီး မျိုးချစ်စိတ်ရှိရန် ဘယ်သောအခါမှ မရည်ရွယ်ခဲ့ပေ။


သူက သိမ်းကျုံးသတ်ဖြတ်လိမ့်မည်မဟုတ်သလို ပုန်ကန်ရန် ကြံရွယ်ခြင်းလည်းမရှိသောကြောင့် ထွက်ခွာရန် ရွေးချယ်ခဲ့သည်။ 


ကျန်းကျန့်က တချီရှိ သာမန်လူများနှင့် မတူပါချေ။


ယခုအချိန်တွင် ကျန်းကျန့်ပတ်လည်ရှိ လူအများစုသည် ဟုန်ကျန်းဆားလွင်ပြင်မှဖြစ်ပြီး အဆိုပါလူများသည် တရားရုံးကို အတော်လေး အယုံအကြည်မရှိကြပေ။မကြာသေးမီနှစ်များအတွင်းကျန်းကျန့်က ၎င်းတို့အား လေ့ကျင့်သင်ကြားပေးခဲ့ပြီး ထိုနှစ်များအတွင်း ၎င်းတို့အား လေ့ကျင့်ပေးသောအခါတွင် ဦးနှောက်ဆေးမှုအချို့ပြုလုပ်ခဲ့သည်ကိုကား ထည့်ပြောစရာပင်မလိုပေ။


ထိုညတွင် အစိုးရစစ်သားများက ယာပြန့်ရွာကို ဝင်ရောက်စီးနင်းခဲ့ပြီး ကျန်းကျန့်က ချန်ယုံကျန်း ကဲ့သို့ ထွက်ခွာရန် ရွေးချယ်ခဲ့သည်။ 


မရေမတွက်နိုင်သော အစိုးရစစ်သားများ ဝိုင်းရံခံထားရသည့်ကြားက ကျန်းကျန့်သည် သူ့လူများနှင့်အတူ တကယ်ပဲထွက်ခွာနိုင်ခဲ့သည်။


သင်္ဘောပေါ်တက်ပြီး ထွက်ခွာသွားသောအခါ ကျန်းကျန့် အလွန်တိတ်ဆိတ်သွားသည်။


သူက မည်သည့်စစ်ပွဲကိုမျှ မစတင်ချင်ခဲ့သလို အစိုးရတပ်များတပ်ကိုဆန့်ကျင်ရန်ကဝေးစွပက်ဖြစ်သော်လည်း ယခုအချိန်တွင် နည်းလမ်းမရှိပေ။ 


ချီချင်းက ကျန်းကျန့်ကိုဖမ်းဆီးရန် ပြင်ဆင်မှုများစွာပြုလုပ်ခဲ့သည်။ သူက လျောင်တုံးသံမဏိမြင်းစီးသူရဲများအတွက် ကောက်နှံများနှင့် မြက်များကို စုဆောင်းခိုင်းခြင်းဖြင့် ကျန်းကျန့်၏ လူအများအပြားကို လှည့်ဖြားခဲ့သည်။ ထို့နောက် ကျန်းကျန့်ကို တိတ်တဆိတ်ဝန်းရံရန် တပ်များကို ဦးဆောင်ရန် စွန်းချီယွင်အား တောင်းဆိုခဲ့သည်။ ထို့အပြင် ကျောက်ကျင်းကောကို ဖမ်းဆီးရန် ဖုချောင်ထံသို့ လူများကို စေလွှတ်ခဲ့သည်။ 


အစပိုင်းတွင် ချန်ယုံကျန်း ရုကရုသို့ ထွက်ပြေးပြီး ဘုရင်ဘွဲ့မရယူမီတွင် သူ့မိသားစု အဖမ်းခံခဲ့ရပြီးအကျဥ်းချခံခဲ့ရသောကြောင့် ကျောက်မိသားစုကို မဖမ်းနိုင်ဟု သူတို့ မထင်ခဲ့ပေ။


သို့ပေမဲ့ သူတို့ ကျောက်ကျင်းကောကို ဖမ်းမမိသေးပါချေ။


ကျန်းကျန့်က ကျောက်ကျင်းကောထံမှ မည်သည့်အရာကိုမျှ ချန်ဝှက်ထားခြင်း မရှိခဲ့ဘဲ နှစ်ပေါင်းများစွာ သူ ကျောက်ကျင်းကောကို လေ့ကျင့်ပေးခဲ့သောကြောင့် ကျောက်ကျင်းကောသည် သူ့ယခင်ကကဲ့သို့ ရိုးရိုးရှင်းရှင်း ရွာသားလေးတစ်ယောက်မဟုတ်တော့ပေ။


ထို့အပြင် ကျင်းကျန့်ကိုယ်ရံတော်လုပ်ငန်း၏ ထောက်လှမ်းရေးလုပ်ငန်းသည် အလွန်ကောင်းမွန်သည်။ 


ကျောက်ကျင်းကောက တော်ဝင်ရေတပ်၏ ယာပြန့်ရွာကို ခိုးဝင်တိုက်ခိုက်ရန်ကြိုးပမ်းမှုအကြောင်း မသိသော်လည်း သူ့အိမ်အနီးတဝိုက်တွင် ခိုးကြောင်ခိုးဝှက်လုပ်နေသော လူများကို တွေ့ပြီး တစ်စုံတစ်ယောက်က သူ့ကို အန္တရာယ်ပြုရန် ကြိုးပမ်းနေခြင်းဖြစ်ကြောင်း လျင်မြန်စွာ သဘောပေါက်သွားသည်။


ဒီလူအုပ်စုက...ကြီးတယ်...သူတို့အထဲမှာ တော်ဝင်တရားရုံးကလူတွေတောင် ပါခဲ့တယ်...


ကျောက်ကျင်းကော ၎င်းကိုသိပြီးနောက်၊ သူကျန်းကျန့်ကဲ့သို့သော ထွက်ခွာရန်ဟူသည့်လမ်းကြောင်းကိုရွေးချယ်ခဲ့၏။


ဤသည်မှာ ကျန်းကျန့် ဟိုးယခင်ကတည်းက ရှင်းပြခဲ့သော အရာဖြစ်သည်၊ ထိုအချိန်က ကျန်းကျန့် အဘယ်ကြောင့် ဤသို့ပြောသည်ကို မသိသော်လည်း ယခု သူနားလည်သွားသည်။


ကျန်းကျန့်ကို ပါဝင်ပတ်သတ်စေရန် မပြောနှင့်၊သူကိုယ်၌ကလည်း မသေချင်ပါချေ။ ထိုသို့ဖြစ်ရာ တတ်နိုင်သမျှ အမြန်ဆုံး လွတ်မြောက်ရန် လိုလေသည်။


သူ့အိမ်နားရှိ ကျောက်ကျင်းကောကို ချောင်းမြောင်းပြီးဖမ်းချင်သူတွေကို ကျင်းကျန့်ကိုယ်ရံတော်လုပ်ငန်းက လူတွေက ဖြေရှင်းပေးခဲ့သည်။ထိုမျှတင်မကသေးဘဲ ကျောက်ကျင်းကောက သူ့မိဘတွေ၊ သားသမီးတွေအပြင် ကျင်းကျန့်ကိုယ်ရံတော်လုပ်ငန်းက လူအတော်များများနှင့်တူ သင်္ဘောများဖြင့် ဖုချောင်ကထွက်ခွာလာခဲ့သည်။


သင်္ဘောကြီးသည် ဝေရှင်းပြည်နယ်မြစ်မှ ထွက်ခွာပြီး သမုဒ္ဒရာထဲသို့ ဝင်ရောက်ခဲ့သည်။


ကျင်းကျန့်ကိုယ်ရံတော်လုပ်ငန်းမှလူများစွာ၊ အထူးသဖြင့် ဟယ်ချွန်းရှန်း နှင့်အခြားသူများ၏မိသားစုများသည်အမှန်တကယ်တွင်အလွန်အံ့ဩခဲ့

ကြပြီး အဘယ်ကြောင့်ရုတ်တရက်သင်္ဘောဖြင့်ထွက်ခွာရန်သူတို့ကိုခေါ်ဆောင်ခဲ့သည်ကိုနားမလည်ပေ။သို့သော် ကျောက်ကျင်းကောက အဆုံးမဲ့ပင်လယ်ကို ငေးကြည့်ရင်း တစ်ခုပြီးတစ်ခု အမိန့်များပေးနေသည်။