Chapter 131
(ဇာ့ခ်ဘုရင်မက ဇာ့ခ်တောင်ပံကြော်ကို စားခြင်း)
လင်းယောင်ယောင် မှာ အလွန်အမင်း စဉ်းစားရန် အချိန်မရှိပေ။ ဗိုလ်မှူးလီသည် သူမ၏ စိတ်စွမ်းအားမြှင့်တင်ပေးသည့် ဆေးဟင်းချိုကို အားကိုးကာ ဤဂူထဲသို့ ဝင်လာခဲ့ခြင်းဖြစ်သည်။ အချိန်ကန့်သတ်ချက်မှာ ဆယ်မိနစ်သာဖြစ်ပြီး အချိန်ကုန်လွန်ပြီးနောက်၊ သူသည် ဇာ့ခ်ဘုရင်မ၏ ကြောက်မက်ဖွယ်ဝိညာဉ်ရေးဖိအားကို ခုခံနိုင်စွမ်းမရှိပေ။
လင်းရွှမ် သည် လင်းယောင်ယောင် အတွက် စိတ်ပူနေပြီး ထိုကဲ့သို့ အန္တရာယ်ရှိသော နေရာတွင် မနေစေချင်တော့ပေ။ ထို့ကြောင့်၊သူသည် လင်းယွင် ကို အပြင်းထန်ဆုံး တိုက်ခိုက်ရန် ခိုင်းစေကာ လီနန်ကို ချည်နှောင်ထားသည့် ဇာ့ခ် ပိုးမျှင်များအား ဖြတ်တောက်လိုက်၏။ ထို့နောက် လင်းယောင်ယောင်၏ မက်ခါကို ဂူထဲမှ ဆွဲထုတ်ရန် သံကြိမ်တံဖြင့် ရစ်ပတ်ထားလိုက်သည်။
လူသားသုံးကောင် ပြေးတော့မည်ကို မြင်လိုက်ရလျှင် ဇာ့ခ်ဘုရင်မ စိတ်မချမ်းသာတော့ပေ။ အထူးသဖြင့် သူ့ကို အကြိမ်ကြိမ် လှီးဖြတ်ခဲ့သည့်ကောင်ကို ဘယ်တော့မှ လက်မလွှတ်သင့်ချေ။ ထို့အပြင်၊ သူ့ကို စကားပြောခဲ့ပြီး ဝါသနာတူသော မိန်းကလေးကိုလည်း ထွက်မသွားစေချင်ပေ။
လင်းယောင်ယောင် သည် လှိုဏ်ဂူမှ ဦးစွာထွက်ခွာပြီး ဇာ့ခ်ဘုရင်မနှင့် ကိုင်တွယ်ရန် အကောင်းဆုံးအစီအစဉ်ကို လင်းရွှမ် နှင့် ဆွေးနွေးလိုသည်။မည်သို့ပင် ဖြစ်စေ၊သူမသည် လင်းရွှမ် ၏ဆုံးဖြတ်ချက်ကို ဆန့်ကျင်မှာမဟုတ်ဘဲ နာခံမည်ဖြစ်သည်။သူမသည် ဇာ့ခ်ဘုရင်မ၏ ပိုးမျှင်များ ကောင်းကင်ယံတွင် တစ်ဖန်ပျံတက်တော့မည်ကို မြင်သောအခါ သူမ အကြံတစ်ခုရခဲ့သည်။ သူမစိတ်ထဲတွင် ဇာ့ခ်ဘုရင်မအား ပြောလိုက်သည်။
"ခဏနေဦး… ငါမင်းကို ညှိနှိုင်းပေးမယ်…အရသာရှိတဲ့အသားကို ငါပေးမယ်…ဒါပေမယ့် မင်း ငါတို့ကို အရင်ထွက်သွားခွင့်ပေးရမယ်… မင်း ဘယ်အချိန်မဆို တိုက်ခိုက်သတ်ဖြတ်နိုင်တယ်…ဒါပေမယ့် စားရဖို့က အရေးကြီးဆုံးပဲ ဟုတ်တယ်မလား"
"ဘယ်ဟာတွေက ရသာရှိတာလဲ... လူတွေက အရမ်းစားကောင်းတယ်လို့ ငါကြားဖူးတယ်... မင်းငါ့ကို လိမ်ဝံ့ရင် ငါလည်း မင်းကို စားလိုက်မယ်"
သူမ ဇာ့ခ်ဘုရင်မ၏ အားနည်းချက်ကို ယခုမှသိလိုက်ရ၏။ ဇာ့ခ်ဘုရင်မက စားရတာကြိုက်သော်လည်း အတော်လေး ဇီဇာကြောင်ပေသည်။ မြေဆီလွှာကိုတောင် စားနိုင်သည့် တခြားမွေးခါစ သားလောင်းများနှင့် မတူဘဲ ကောင်းကောင်းစားချင်သည်။ ဇာ့ခ်ဘုရင်မသည် မက်ခါ အတွင်းရှိ လင်းရွှမ် ကို စားချင်သော်လည်း လင်းယွင် ၏ မာကျောသော သံမဏိအခွံကြောင့် မစားချင်တော့ေပ။သူသာ ဇီဇာမကြောင်ခဲ့လျှင် သူ့အသားမှာ ယခုလို နူးညံ့အိစက်နေမည်မဟုတ်ပေ။ ပို၍အရေးကြီးသည်မှာ ဇာ့ခ်ဘုရင်မသည် ချီးမွမ်းခံရခြင်းကို နှစ်သက်သော ရိုးရှင်းသော စိတ်ထားရှိသူလည်း ဖြစ်သည်။
လင်းယောင်ယောင် က "မင်းက အရမ်းချစ်စရာကောင်းတယ်လေ... ငါမင်းကိုဘယ်လိုလိမ်ရမှာလဲ… မင်းမယုံရင်ဒါကိုအရင်စားကြည့်လိုက်…ဒါက ငါလုပ်ထားတဲ့ ဇာ့ခ်အသားပါ…မင်းနောက်တစ်ခါ စားချင်လိမ့်မယ်ဆိုတာ သေချာတယ်"
ပြောပြီးသည်နှင့် သူသည် လင်းရွှမ် အတွက် ပြင်ဆင်ထားသည့် ဇာ့ခ် တောင်ပံကြော်၊ ဇာ့ခ်တောင်ပံပြုတ်၊ ဇာ့ခ် တောင်ပံကင်စသည်တို့ကို မက်ခါထဲမှ ထုတ်ယူလိုက်သည်။ ဤ ဇာ့ခ်အသားများသည် အလွန်အမင်း မကြီးမားသဖြင့် ဇာ့ခ်ဘုရင်မ စားလိုက်လျှင်တောင် သူ့ခန္ဓာကိုယ်ထဲမှာ စွမ်းအင်တွေ အများကြီး တိုးလာမှာ မဟုတ်ပေ။ အကယ်၍ ဤအစားသရဲ ဘုရင်မသည် အညစ်အကြေးကင်းစင်သော ဇာ့ခ်အသားကို စားလိုက်ပါက... 'အေး၊ ငါ့မိသားစုထဲက သားပေါက်လေးတွေက အရသာရှိလိုက်တာ' ဟုတောင် ပြောချင်နေလိမ့်မည်။ထို့နောက် လူသားများကို စားသုံးချင်သည့် စွဲလမ်းမှုကို ပြောင်းလဲနိုင်ကာ ပြဿနာအားလုံးကို ဖြေရှင်းနိုင်မည်ဖြစ်သည်။
ဇာ့ခ်ဘုရင်မသည် မယုံနိုင်လောက်အောင် မွှေးကြိုင်သော ရနံ့ကို ခံစားရပြီး တစ်ကိုယ်လုံး လန်းဆန်းသွားရသည်။ 'အိုဘုရားရေ… ဒါက တကယ့် ဇာ့ခ်အသားလား…လုံးဝ မထင်ရဘူးနော်'
သူသည် လေထဲတွင် ပေါလောပေါ်နေသော ဇာ့ခ်အသားဆီသို့ ပိုးချည်မျှင်များဖြင့် ဖမ်းယူလိုက်၏။ ထို့နောက် သေးငယ်သော အပိုင်းအစများကို ဖြည်းဖြည်းချင်း ဖမ်းဆုပ်လိုက်ပြီး ပါးစပ်ကြီးထဲသို့ အမြန်ထည့်လိုက်သည်။
ဇာ့ခ်ဟင်းလျာ 3မျိုးမှာ အရသာ အနည်းငယ် ကွဲပြားသော်လည်း ဘယ်ဟာမဆို အရသာရှိနေသည်။ ထို့ကြောင့်၊ ဤအသားများသည် သူ မွေးကတည်းက စားဖူးသည့် အကောင်းမွန်ဆုံး အရသာဖြစ်ကြောင်း ခံစားလိုက်ရသည်။သို့သော် အသားအနည်းငယ်သာ ဖြစ်၍ သွားကြားထဲမှာသာ ဝင်နိုင်သဖြင့် မလောက်ပေ။ဇာ့ခ်ဘုရင်မသည် ယခုပင် လူသားမိန်းမထံမှ နောက်ထပ် တောင်းချင်နေမိသည်။
သို့သော် ထိုလူသားများ ဘယ်ရောက်သွားတာလဲ....
ခဏကြာသော်၊ လင်းယောင်ယောင် သည် လှိုဏ်ဂူနှင့် မနီးမဝေးမှာ ရှိနေသည်ကို ခံစားလိုက်ရသဖြင့် သူ့ခန္ဓာကိုယ်ကို ခက်ခက်ခဲခဲရွှေ့ကာ သူတို့နောက်သို့ လိုက်ရန်ကြိုးစားသော်လည်း သူက ကြီးလွန်းနေပြီး ဂူလမ်းကြောင်းက သေးနေလေသည်။ ထို့ကြောင့် သူတို့ဆီကို မရောက်နိုင်ဘဲ ရှိလေသည်။ ဇာ့ခ်ဘုရင်မသည် SSS+ အဆင့်သို့ မရောက်မီ၊ သူမ၏ခန္ဓာကိုယ်ရှိ စွမ်းအင်မှာ မပြည့်စုံသေးပေ။ထို့ကြောင့် "အာကာသခုန်ပျံကျော်လွှားခြင်းနည်းစနစ်" ကိုမပြုလုပ်နိုင်ပေ။
အကောင်းဆုံးသော အရသာကို စားပြီးနောက် ဇာ့ခ်ဘုရင်မသည် ခါတိုင်းလို မြေကြီးကိုပင် မစားနိုင်တော့။ အရင်တုန်းက ဇာ့ခ်ဘုရင်မသည် သားလောင်းတွေကို "မြေကြီး မြန်မြန်စား ဒါမှ ကြီးပြင်းလာပြီး အသားစားနိုင်မှာ"ဟု အမြဲ အမိန့်ပေးခဲ့သည်။ ယခု ဇာ့ခ် ဘုရင်မ၏အမိန့်မှာ
"မြေကိုစား…မြေကိုပဲ စား...မြေကြီးကိုပဲ စားကြ"
ဇာ့ခ်ဘုရင်မ၏ စိတ်က သားလောင်းများကို ထိန်းချုပ်ထားသော်လည်း သူတို့၏ မျိုးရိုးဗီဇသဘာဝအရ လူ့အသားကို စားရသည်မှာ အနှစ်သက်ဆုံးပင်။ မြေကြီး၊ မြက်နှင့် သတ္တုကို စားသုံးခြင်းက ဒုတိယရွေးချယ်မှုဖြစ်၍ သူတို့ နည်းနည်း စိတ်ရှုပ်သွားသည်။
'အာ... ဘာလို့ မြေပဲ စားရမှာလဲ… မဟုတ်ဘူး…မဟုတ်ဘူး…ကလေးက အပြင်ထွက်ရင် လူ့အသားကို စားမယ်...'
ဇာ့ခ်ဘုရင်မ စိုးရိမ်ပူပန်လာပြီး သားပေါက်လေးများနှင့် လက်အောက်ငယ်သားတို့ကို ပညာရှိရှိ လှည့်စားလိုက်သည်။
"မြေက အကောင်းဆုံးပဲ…မင်းက ဘယ်လိုလုပ်ပြီး လူစားချင်ရတာလဲ၊ မင်း မြေကြီးကို မစားရင် မင်းကို ငါစားပစ်မယ်"
ဂူအပြင်ဘက်တွင် သူတို့သုံးဦးသည် ဇာ့ခ်ဘုရင်မ ရှိရာအရပ်မှ ထွက်ခွာသွားခဲ့ပြီဖြစ်သည်။ လင်းရွှမ် က ဗိုလ်မှူးလီကို အေးတိအေးစက် ပြောလိုက်သည်။
"အဖွဲ့ထဲကို ပြန်သွား"
ထို့နောက် လင်းယောင်ယောင်၏ မက်ခါကို တောင်တန်းနောက်တွင် တပ်စွဲထားသော ပင်မစစ်အာကာသယာဉ်ဆီသို့ ခေါ်လာခဲ့သည်။
မြို့ကြီးအများအပြားရှိ ဇာ့ခ်များသည် ပျောက်ကွယ်လုနီးပါးဖြစ်ပြီး အသစ်မွေးထားသော ဇာ့ခ်အများစုကို ဂူအပြင်ဘက်တွင် အစောင့်ချထားသော ညသိမ်းငှက်အဖွဲ့ဝင် များမှ သုတ်သင်ရှင်းလင်းခဲ့သည်။
ယိလန် တွင် ဇာ့ခ်ဒီရေ၏အခက်အခဲကို ယာယီဖြေရှင်းထားနိုင်သည်။ သို့သော်လည်း ဇာ့ခ်ဘုရင်မကို လုံးလုံးဖြေရှင်းနိုင်ရန် ရေရှည်စီမံကိန်းတစ်ခု လိုအပ်သည်။ စမ်းသပ်မှုများစွာ ပြုလုပ်ပြီးနောက်လင်းရွှမ် သည် ဤ ဇာ့ခ် ဘုရင်မတွင် ဒဏ္ဍာရီဆန်ဆန် အာကာသ အသွင်ကူးပြောင်းနိုင်စွမ်းမရှိကြောင်း တွေ့ရှိခဲ့သည်။ သူခဏတာထွက်သွားသော်လည်း ညသိမ်းငှက်အဖွဲ့ ဝင်များက ဂူကိုစောင့်ထိန်းထားနိုင်သရွေ့ ကြီးကြီးမားမားပြဿနာမရှိနိုင်ပေ။ သူသည် တစ်နေ့တာလုံး အဆက်မပြတ် တိုက်ခိုက်နေခဲ့သဖြင့် စိတ်အနှောင့်အယှက်ဖြစ်နေဆဲဖြစ်ပြီး အနားယူရန် အမှန်တစ်ကယ် လိုအပ်နေပြီဖြစ်သည်။ သူ ဘယ်လိုနည်းနှင့်မှ အသေမခံနိုင်ပေ။
လင်းယွင် နှင့် လင်းပို တို့သည် ယခုမှ ပထမဆုံး တွေ့ဆုံခြင်းဖြစ်သော်လည်း ယခုလို အခြေအနေမျိုး ဖြစ်လာလိမ့်မည်ဟု သူတို့မမျှော်လင့်ထားခဲ့ပေ။မက်ခါ AI နှစ်ခုသည် လက်ရှိတွင် ၎င်းတို့၏သခင်များသည် မည်သို့ပင် အဆင်မပြေဖြစ်နေပါစေ၊ သီးသန့် စကားပြောဆိုနေကြသည်။
လင်းယွင် ၏ အေးစက်သော မျက်နှာသည် လင်းရွှမ် နှင့်တူသော်လည်း သူ့လေသံမှာ အလွန်တုန်လှုပ်နေသည်။
"လင်းပို…ဘေဘီလေး..နောက်ဆုံးတော့ ငါရည်းစားရပြီပေါ့"
လင်းပို ၏ပုံသည် ယခင်ဘဝက လင်းယောင်ယောင် ၏ မျက်နှာလေးဖြစ်သည်။ နူးညံ့ပြီးချစ်စရာကောင်းသော မိန်းကလေးသည် အေးစက်သော မျက်နှာထားဖြင့်
"အရှက်မရှိ လူယုတ်မာ…ရှင့်ရည်းစားက ဘယ်သူလဲ"
လင်းယွင် စိုးရိမ်သွားမိသည်။
"မင်းက မွေးကတည်းက ကိုယ့်ရည်းစားပဲ...မင်းစဉ်းစားကြည့် မင်းရဲ့သခင်လည်း ကိုယ့်သခင်ရဲ့ရည်းစားပဲ"
"ကျွန်မတို့ ပိုင်ရှင်တွေကြားမှာ ဘယ်လိုဆက်ဆံရေးမျိုးပဲဖြစ်ဖြစ် ရှင်နဲ့ကျွန်မက ညီအကိုမောင်နှမ ဆက်ဆံရေးမှာ နေတာ အကောင်းဆုံးပါပဲ"
မက်ခါများသည် လိင်အမျိုးအစားများ ခွဲခြားခြင်းမရှိသော်လည်း မက်ခါပိုင်ရှင်၏ လိင်အမျိုးအစား၊ ရုပ်ပုံနှင့် အထွေထွေ ကိုယ်ရည်ကိုယ်သွေးများဖြင့် သတ်မှတ်ထားမည်ဖြစ်သည်။ ကိုယ်ရည်ကိုယ်သွေးသည် သူ့တို့ရရှိထားသော အတွေ့အကြုံပေါ်မူတည်၍ ဖွံ့ဖြိုး တိုးတက်လာမည်ဖြစ်သည်။
လင်းယွင် နှင့် လင်းပို သည် မက်ခါမာစတာ ဆိုဖီယာ လက်ထဲမှ ဆင်းသက်လာခဲ့သည်။ သို့သော်လည်း လင်းယွင် တွင် အခြားသော မက်ခါထုတ်လုပ်သူ နှစ်ဦးလည်းရှိသည်။ လင်းယွင် ရုတ်တရက် ပို၍ပင် တုန်လှုပ်သွားသည်။
"ဒါဆို ကိုယ်တို့သခင်တွေက အစတုန်းက ေမာင်နှမတွေပေါ့"
ဤသည်ကလည်း မက်ခါ AI နှစ်ယောက်သည် တိုက်ပွဲမဟုတ်သည့် နေရာမှာ ရှိနေခြင်းကြောင့် ယခုလိုမျိုး စကားစမြည်ပြောရဲကြခြင်းသာ။ သခင်နှစ်ယောက်ဖြစ်သည့် လင်းရွှမ် နှင့် လင်းယောင်ယောင် တို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြသဖြင့် မက်ခါAI များ သီးသန့်စကားပြောနေသည်ကို သတိမထားမိကြချေ။
လေထဲတွင် ပျံဝဲနေသော ညသိမ်းငှက်အဖွဲ့၏ အဓိကစစ်အာကာသယာဉ်ထဲသို့ ဝင်ရောက်ပြီးနောက် လင်းရွှမ် နှင့် လင်းယောင်ယောင် တို့သည် မက်ခါ ထဲမှ အတူတူထွက်ခဲ့ကြသည်။
လင်းယွင် ၏ ပြုပြင်ထိန်းသိမ်းရေးအဖွဲ့သည် ပျက်စီးမှုများကို စစ်ဆေးရန်နှင့် စွမ်းအင်ပြန်လည်ဖြည့်တင်းရန် အသင့်စောင့်နေပြီဖြစ်သည်။ လင်းရွှမ် သည် ရှေ့မှ မက်ခါပြုပြင်ရေးသမားများကို ပြောလိုက်သည်။
"လင်းပို ကိုလည်း စစ်ဆေးပြီး ပြုပြင်ရမယ်"
သူပြောပြီးသည်နှင့် လင်းယောင်ယောင်အား အေးစက်စွာ ကြည့်လိုက်ရာ သူမလည်း လန့်သွားပြီး လင်းပို၏ ခြေရင်းတွင် ပုန်းနေလိုက်သည်။ လင်းရွှမ် က မျက်မှောင်ကြုတ်ပြီး
"မင်းဒီကို မလာသေးဘူးလား"
မက်ခါပြုပြင်ထိန်းသိမ်းရေး ပညာရှင် အများအပြားသည် လင်းယွင်နှင့် ဆင်တူသည့် လင်းပိုကို အံ့သြတကြီး ကြည့်နေကြပြီး လင်းပို၏သခင်ကို စူးစိုက်ကြည့်နေကြသည်။
"သူမက နူးညံ့နေတယ်ဆိုတော့ ဖြည့်စွက်ကုထုံးပညာရှင်တစ်ယောက် ဖြစ်နိုင်တယ်...ဘယ်လောက်လှတဲ့ မိန်းကလေးလဲ"
စစ်မြေပြင်သို့ တိုက်ခိုက်ရေးသမားမဟုတ်သော အရပ်သားတစ်ဦး ရောက်လာကြောင်း ကြားသိရသည်။ သူမက ဗိုလ်ချုပ် ရဲ့ညီမ၊ စေ့စပ်ထားတဲ့သူလား...
'သူမက တစ်ကယ်ကို လှတာပဲ'
သူမသည် လင်းရွှမ် ၏ မွေးစားညီမဖြစ်ကြောင်း သူတို့ကြားသိရသည်။ဖြစ်နိုင်သည်မှာ သူမကို လင်းရွှမ်၏ ဆန္ဒမပါဘဲ မိသားစုမှ စီစဉ်ထားခြင်းဖြစ်နိုင်သည်။အကြောင်းမှာ၊သူမ၏ အသက်ဘေးကို လျစ်လျူရှုထားပြီး စစ်မြေပြင်အထိ ရောက်လာသော်လည်း ဗိုလ်ချုပ်လင်း မှာ လုံးဝ စိတ်လှုပ်ရှားသွားပုံမပေါ်ပေ။သူတို့သည် လင်းယွင် ၏ ပြုပြင်ရေးသမားအဖြစ် နှစ်ပေါင်းများစွာကြာအောင် အလုပ်လုပ်ခဲ့ကြသည်။ လင်းရွှမ် က ဘယ်အမျိုးသမီးကိုမှ ခေါ်လာသည်ကို မတွေ့ဖူးသေးချေ။ ထို့ကြောင့်၊ လင်းယွင်ကို ထိခိုက်ဒဏ်ရာမရရှိကြောင်း စစ်ဆေးပြီးနောက် သူတို့ အနည်းငယ် အတင်းအဖျင်းစ,ပြောလာကြသည်။
လူတိုင်းက လင်းယောင်ယောင် အား ကြည့်ပြီး အေးစက်စွာ ကြည့်နေကြသည်ကို လင်းရွှမ် သတိပြုမိလိုက်သဖြင့် ထိုလူများဆီသို့ အေးစက်စွာစိုက်ကြည့်လိုက်ရာ သူတို့လည်း ထပ်ပြီး မကြည့်ရဲတော့ချေ။
လင်းယောင်ယောင် သည် လင်းရွှမ် ၏ ထက်မြက်ပြီး အေးစက်သော မျက်နှာထားကို အနည်းငယ်ကြောက်နေမိသည်။ သူသည် စစ်မြေပြင်တွင် အချိန်အတော်ကြာ လှည့်ပတ်နေသောကြောင့် အနားယူရန်နှင့် မိမိကိုယ်ကို ဂရုစိုက်ရန် အချိန်မရှိပေ။ သူ၏ မျက်လုံးတစ်ဝိုက်တွင် မျက်ကွင်းများက အနည်းငယ် ညိုမည်းနေပြီး သူ့မေးစေ့တစ်ဝိုက်တွင်လည်း မုတ်ဆိတ်မွှေးများ ပေါက်နေသည်။ သူ၏ အေးစက်စက် မျက်နှာအမူအရာမှာ အလွန်ပင် ကြောက်ဖို့ကောင်းလှသည်။ထို့ကြောင့်၊ သူမ အချိန်ကြာကြာ ဆွဲနေပါက လင်းရွှမ် ဒေါသပိုဖြစ်လာပေလိမ့်မည်။
သူတို့နှစ်ယောက်မှာ သုံးလနီးပါး မတွေ့ခဲ့ကြရပေ။နောက်ဆုံး ဆက်သွယ်ခဲ့ချိန်ကတောင် အတော်ပင် ကြာနေပြီဖြစ်သည်။
သူ သူမကို လွမ်းနေသလား…
သူမသည် ဇာ့ခ်ဘုရင်မ၏ ပိုင်နက်ထဲအထိ ဝင်သွားခဲ့သည့်အတွက် သူ အတော်လေး စိတ်ဆိုးနေမည်ကို သတိထားမိသည်။သို့သော်လည်း၊သူမ အခုထိ အဆင်ပြေနေသေးသဖြင့် နှစ်ယောက်သား ဒေါသတကြီး ငြင်းခုံကြခြင်းက အသုံးမဝင်ပေ။
လင်းယောင်ယောင် သည် စိတ်ကိုပြင်ဆင်ပြီးနောက် ဖြူစင်ပြီး ချစ်စရာကောင်းသော အပြုံးကို တမင်တကာ ပြုံးလိုက်သည်။ ထို့နောက် လင်းရွှမ် ဆီသို့ လျင်မြန်စွာ ပြေးသွားပြီး ပွေ့ဖက်ရန် တောင်းဆိုသည့် အနေအထားဖြင့် လက်နှစ်ဖက်ကို ကားထားလိုက်သည်။
မက်ခါ ပြုပြင်ရေးသမား နှစ်ယောက်သည် လင်းယွင် ၏ အပြင်ဘက်ခွံ ပျက်စီးမှုကို ပြုပြင်နေခြင်းဖြစ်၍ သူတို့နှစ်ယောက်ကို တိုက်ရိုက် မကြည့်ဘဲ မျက်လုံးထောင့်ကနေ စွေစောင်းကြည့်နေကြ၏။ ကောင်မလေးကို စာနာစိတ်နှင့် တစ်ချက်ကြည့်လိုက်သည်။ သူတို့မျက်လုံးတွေ အချင်းချင်း ဆက်သွယ်နေကြလေသည်။
'ဗိုလ်ချုပ်ကို ပွေ့ဖက်ဖို့ ကြိုးစားခဲ့တဲ့ နောက်ဆုံး အလှလေးက ဘာဖြစ်သွားတာလဲ"
'လင်းရွှမ် က သူမကို ကန်ထုတ်ခဲ့လို့ နံရိုးတွေ ကျိုးသွားတယ်လေ'
'ကြည့်စမ်း… ဗိုလ်ချုပ်လင်းရဲ့ မျက်လုံးတွေက ပိုပြင်းထန်လာတယ်'
သေးသေးသွယ်သွယ်နှင့် ချောမောလှပသည့် ဤမိန်းကလေးသည်လည်း အရင်တစ်ခေါက်က မိန်းကလေးလို အဆုံးသတ်နိုင်သည်ဟု သူတို့ စိတ်ကူးယဉ်ပြီးသားပင်။ "ညီမ" ဆိုခြင်းကြောင့် နည်းနည်းအားပျော့သွားနိုင်ပေသည်။ သို့သော် သူတို့နှစ်ဦးကို ထိတ်လန့်စေသည့်အရာမှာ လင်းရွှမ် သည် ကောင်မလေးကို တင်းတင်းကြပ်ကြပ်ပွေ့ဖက်ကာ ကောင်မလေး၏ဦးခေါင်းကို သူ့ရင်ဘတ်ထဲသို့ ချစ်ခင်စွာ ဆွဲထည့်ထားလိုက်ခြင်းဖြစ်သည်။
လင်းရွှမ် သည် သူမအား အစွမ်းကုန် ဖျစ်ညှစ်ကာ ဖက်နေသဖြင့် လင်းယောင်ယောင် အသက်မရှူနိုင်တော့ချေ။
"အင်း...အစ်ကိုကြီး နာတယ်"
ထိုအခါ သူမ ခါးကို တင်းကြပ်စွာ ဖက်ထားလျက်နှင့် သူမ၏ ခေါင်းကို ချုပ်ကိုင်ထားသော သူ့လက်ဖဝါးကြီးသည် နောက်ဆုံးတွင် ခွန်အားအနည်းငယ် လျော့ပါးသွားလေသည်။ ချက်ချင်းပင်၊ သူမ ခန္ဓာကိုယ်မှာ ဆတ်ကနဲဖြစ်သွားသည်ကို ခံစားလိုက်ရသည်။ အကြောင်းမှာ လင်းရွှမ် သည် သူမ၏ တင်ပါးကို လက်နှစ်ဖက်ဖြင့် ပင့်မထားလိုက်ခြင်းကြောင့် မပြုတ်ကျစေရန်အတွက် သူမ သူ့လည်ပင်းကို ဖက်ထားရလေသည်။ထို့နောက် သူမ၏ သိမ်မွေ့နူးညံ့သော မေးစေ့ကလေးကို ကြမ်းတမ်းသော လက်ချောင်းများဖြင့် မော့စေလိုက်ကာ ပြင်းထန်သော အနမ်းများ ခြွေလိုက်တော့သည်။သူမ အမျိုးမျိုး အသံများထွက်ကာ ကန့်ကွက်ခဲ့သည်။ သူ့ပါးစပ်သည် စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ ဖြည့်စွက်ဆေးအမျိုးမျိုးမှ ကြွင်းကျန်ခဲ့သော ခါးသီးသော အရသာနှင့် ပြည့်နေပြီး၊ သူ့မုတ်ဆိတ်မွှေးများကလည်း သူမ မေးစေ့ကို စူးစေသည်။ ပိုအရေးကြီးသည်က ဤနေရာမှာ အပြင်လူများ ရှိခြင်းကိုပင်။ ထို့အပြင်၊ ဤအချိန်သည် ချစ်ခင်တွယ်တာရမည့်အချိန်မဟုတ်သေးပေ။ သူတို့ဖြေရှင်းရမည့် အပြင်ဘက်တွင် ဇာ့ခ်ဘုရင်မ ရှိသေးသည်။
ယခုအချိန်တွင် စိတ်အနှောင့်အယှက်ဖြစ်နေသည့် လင်းရွှမ် သည် ယင်းကိစ္စကို ဂရုမစိုက်ပေ။ အချိန်အတော်ကြာအောင် တောင့်ခံထားခဲ့သော သူ့စိတ်က ရုတ်တရက် ပေါက်ကွဲထွက်လာသည်။ နောက်ဆုံးတော့ သူမကို သူတွေ့ခွင့်ရခဲ့ပြီ။ သူ့ကလေးမလေးက အန္တရာယ်ကို ဘယ်လိုမှ ဂရုမစိုက်ဘဲ သူ့ဆီရောက်လာလေသည်။ ထိုစဉ် ကလေးမလေးက သူ့အနမ်းကြောင့် မျက်ရည်များ ရစ်ဝဲနေသည်ကို သူ ခံစားလိုက်ရေသာအခါ၊ ပြင်းထန်သည့် အနမ်းမှာ အနည်းငယ် နူးညံ့လာရသည်။ သို့သော်လည်း သူမ၏ နှုတ်ခမ်းများကို အရသာခံကာ စုပ်ယူနေဆဲပင်။
မနီးမဝေးက မက်ခါပြုပြင်ရေးသမားတော်တော်များများ အံ့အားသင့်သွားကြသည်။ သူတို့၏ ဗိုလ်ချုပ်သည် နှစ်ထောင်ပေါင်းများစွာ သက်တမ်းရှိ သံသစ်ပင်ကြီးဖြစ်သော်ငြား၊ နောက်ဆုံးပန်းပွင့်ခဲ့လေပြီ။
နောက်ဆုံးတွင် လင်းယောင်ယောင် ကို လွှတ်လိုက်ရာ သူမသည် မောဟိုက်နေကာ စကားပြောဟန် ပြင်လိုက်သော်လည်း လင်းရွှမ် သူမကို ရင်ဘတ်ဆီသို့ ပြန်ချုပ်ဖက်ထားလိုက်သည်။ထို့နောက် သူက အေးစက်သော မျက်လုံးများဖြင့် ပြုပြင်ရေးသမားများကို သတိပေးသလို ကြည့်လိုက်သည်။
“ဒါက ငါ့စေ့စပ်ထားသူပဲ... ဘယ်သူကမှ အတင်းအဖျင်းပြောခွင့်မရှိဘူး”
ထို့နောက် သူသည် ကောင်မလေးကို ပွေ့ကာ စစ်ဘက်ဆိုင်ရာ အာကာသယာဉ်၏ ကပ္ပတိန် နားနေခန်းသို့ လျှောက်သွားလိုက်သည်။ သူတို့နှင့် သိပ်မဝေးသည့် နေရာမှာ ပြုပြင်ရေးသမား တော်တော်များများက မိန်းကလေး၏ အသံကို ကြားနေရဆဲပင်။
"ဘယ်သူက ရှင့်ရဲ့ စေ့စပ်ထားတဲ့သူလဲ...ဒီကတောင် မသိလိုက်ရပါလား"
လင်းရွှမ် က စကားမပြောဘဲ ခေါင်းငုံ့ကာ လင်းယောင်ယောင် ၏ အနည်းငယ်နီပြီး ရောင်ရမ်းနေသော နှုတ်ခမ်းများကို ထပ်နမ်းလိုက်သည်။သူသည် ယခုလောလောဆယ် လက်ထပ်ခွင့်တောင်းချင်မိသော်လည်း ယခုက အချိန်မကျသေးပေ။အပြင်မှာလည်း စစ်သည်များရှိနေသေးသည်။သူမသည် သူပိုင်ရတနာတစ်ပါးဟု နာမည်မတပ်လျှင်၊ အားလုံးက သူမကို ခိုးယူချင်နေသလို စိတ်ထဲမှာ ခံစားရသည်။ယခု တိုက်စရာရှိသည်များ ပြီးသွားပါက သူမကို ရိုမန့်တစ်ဆန်ဆန် လက်ထပ်ခွင့်တောင်းဖို့ ရည်ရွယ်ထားလေသည်။ထိုအခါကျလျှင်၊ လက်ခံသည် ဟူသော အဖြေမှလွဲ၍ ကျန်အဖြေများကို သဘောတူမှာမဟုတ်။အကယ်၍ သူမ၏ မိဘအရင်းများနှင့် တွေ့ကြလျှင်လည်း လက်မထပ်ရသေးတာမျိုး မဖြစ်စေချင်ပေ။
လင်းယောင်ယောင်သည် အနမ်းကြောင့် ကြောင်စီစီဖြစ်သွားရသော်လည်း အပြင်ဘက်တွင် စစ်သည်များရှိကြောင်း သတိရှိနေသေးသည်။ကံကောင်းသည်က၊တိုက်ပွဲပြင်းထန်နေသဖြင့် တိုက်ပွဲမဝင်ရသော တခြားထိန်းချုပ်ရေးပိုင်းဆိုင်ရာ လုပ်သူများသည် လောလောဆယ် အလုပ်များနေကြ၍ သူမတို့ကို ဂရုစိုက်နိုင်မှာမဟုတ်ပေ။ထို့ကြောင့် ကပ္ပတိန်ခန်းကို သွားနေခိုက် လမ်းမှာ ဘယ်သူမှ မတွေ့ရချေ။
သူမသည် လင်းရွှမ်၏ ကပ္ပတိန်အခန်းသို့ ရောက်သောအခါ နူးညံအိစက်သော မွေ့ရာပေါ်ရောက်နေသလို ခံစားလိုက်ရသည်။ထို့ကြောင့် သူမ ဘေးနားကခေါင်းအုံးကို ဆွဲယူလိုက်ပြီး သူ့ရင်ဘတ်ဆီကို ထုရိုက်လိုက်၏။
"အခုက ဘယ်အချိန်မလို့လဲ...ရှင် တစ်ကယ်ပဲ…"
လင်းရွှမ်က သူမ ထုရိုက်လိုက်သော ခေါင်းအုံးကို ဖမ်းဆုပ်ထားလျက်
"ကိုယ် နည်းနည်း စိတ်တိုသွားမိတယ်…ကိုယ့်ကိုယ်ကို တည်ငြိမ်အောင်လုပ်ဖို့လည်း အချိန်မရှိဘူးလေ…ဒါကြောင့် ကိုယ့်ကို စိတ်ပိုင်းဆိုင်ရာ လမ်းညွှန်မှုလေး လုပ်ပေးစေချင်တယ်…ဒီတော့ တိတ်ဆိတ်ငြိမ်သက်ပြီး အေးအေးဆေးဆေးရှိတဲ့နေရာက သင့်တော်မယ်ထင်တယ်လေ"
သူမကို အချိန်အကြာကြီး တောင့်တခဲ့ရသော်လည်း အခွင့်ကောင်းကို လျစ်လျူရှုဖို့... သူမဟာ သူပိုင် ရတနာဖြစ်ပြီး အကောင်းဆုံးအရာတွေနှင့်သာ ထိုက်တန်သူဖြစ်၍ သူ့ကို စိတ်လိုလက်ရနှင့် လက်ခံသည့်အချိန်အထိ စောင့်ရပေမည်။ ထို့အပြင် B အဆင့် သာရှိသော မိန်းကလေး၏ ကိုယ်လုံးကိုယ်ပေါက်မှာလည်း ဆိုးရွားနေသေးသဖြင့် သူမကို ပြုစုပျိုးထောင်ဖို့ လိုအပ်နေသေးသည်။
လင်းရွှမ် ၏ ရှင်းပြချက်ကို ကြားလိုက်ရသောအခါ လင်းယောင်ယောင် အလွန်ရှက်သွားကာ နားရွက်တွေ နီရဲလာရ၏။
လင်းရွှမ် သည် အခြားစစ်မြေပြင်တွင် ရက်အတော်ကြာ တိုက်ပွဲဝင်ခဲ့သည်။ သူသည် တစ်နေ့လျှင် တစ်နာရီ ၊ နှစ်နာရီမျှသာ ခေတ္တအနားယူခွင့်ရသည်။ ယခု သူသည် ယိလန် သို့ အလျင်အမြန်ရောက်လာရသဖြင့်၊ မီးခိုးရောင်ဝံပုလွေတပ်ဖွဲ့ ၏ အခြား လက်ရွေးစင်မဟုတ်သော အဖွဲ့များဆီသို့ နောက်ဆက်တွဲ မပြီးဆုံးသေးသည့် အလုပ်များကို ထားခဲ့ရသည်။ ယိလန် ဒုက္ခရောက်နေပြီဆို၍ သူမနှင့်တွေ့ဖို့ ယိလန်ဆီ အပြေးသွားခဲ့ရသည်။
ယခုလောလောဆယ်၊ လင်းရွှမ် ၏ စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာနယ်ပယ်တို့မှာ အလွန်တင်းမာနေရသည်။ သူသည် အစားအစာအတွက် အာဟာရ ဖျော်ရည်များကို အားကိုးပြီးသာ နေထိုင်ခဲ့ရသည်။သူ တစ်နေ့လျှင် အာဟာရ ဖျော်ရည်ဘယ်လောက် သောက်ထားမှန်းတောင် ဘယ်သူမှ မသိပေ။ ယခု ခေတ္တခဏ အနားယူလိုက်လျှင် ဆက်ပြီး တိုက်ပွဲဝင်ဖို့ အခြေအနေ ပိုကောင်းလာနိုင်၏။သို့သော် သူသည် ပြုပြင်ရန်နှင့် စွမ်းအင်ဖြည့်ရန်သာ လိုအပ်သည့် တိုက်လေယာဉ်မဟုတ်သော လူသားတစ်ဦးဖြစ်သည်။ထို့ကြောင့်လည်း၊ သူ့တစ်ကိုယ်ကောင်းဆန်သည့် ဆန္ဒတွေကို မချုပ်တည်းနိုင်ဘဲ လင်းယောင်ယောင် ကို နှောင့်ယှက်ခဲ့မိသည်။
ကောင်မလေး၏ သွယ်လျသည့်ပုခုံးတွေကို ကိုင်ထားပြီး လေးနက်စွာ တောင်းပန်လိုက်၏။
"တောင်းပန်ပါတယ်... မင်းကို ကြောက်စေမိပြီ"
xxxxx