ယန်ကျင်းဇီသည် ရိုးရိုးချမ်းသာရုံတင်မဟုတ်ဘဲ ကျိကျိတက်ချမ်းသာလေရာ ငွေကုန်မည်ကို လုံးဝမကြောက်ပေ။
တစ်နာရီ ယွမ် ၅၀၀ ပေးရသော ဆရာတစ်ဦးကို မဆိုထားနှင့်၊ သူ့အဖေက သူ့အတွက် တစ်နာရီ ယွမ် ၁၀၀၀ တန် ဆရာတစ်ဦးကိုပင် ငှားပေးရန် ဆန္ဒရှိသည်။
မည်သို့ပင်ဆိုစေကာမူ ဒါက အဆောက်အဦးလှူဒါန်းခြင်းထက်တော့ စျေးသက်သာသည်လေ။
ယန်ကျင်းဇီသည် ထိုင်ချလိုက်ပြီး စာစလေ့လာခဲ့သည်။ သူသည် ဆရာ့အား သူ့ကို စာသင်ခွင့်မပေးဘဲ စာအုပ်ကို သူ့ဘာသာသူ ဖတ်ပြီး ရံဖန်ရံခါ သူ နားမလည်သည့်တခုခုကို ကြုံရသည့်အခါမှသာ ဆရာကို မေးသည်။
အစကတော့ ဆရာသည် ယန်ကျင်းဇီ စာသင်ချင်သည်ဟု ပြောသည့်အခါ၌ အပျော်သက်သက်ဟုသာ ထင်ခဲ့သည်။
မကြာခဏ သူ ကျွမ်းကောင်းဟန်ကို စာသင်ပေးသောအခါ ကျွမ်းကောင်းဟန်က ယန်ကျင်းဇီကို ထည့်ပြောလေ့ရှိသည်။ ကျွမ်းကောင်းဟန်၏ပါးစပ်ထဲတွင် ယန်ကျင်းဇီသည် စာသင်ချင်စိတ်မရှိဘဲ တုံးအကာ အမှတ်များကလည်း အလွန်နည်းသည်။
ဒါပေမယ့် အခုတော့... သူ့ရှေ့၌ရှိသော ယန်ကျင်းဇီသည် အလွန်အလေးအနက်ထား စာလေ့လာနေပြီး မေးခွန်းများကိုလည်း ဖြေရှင်းနိုင်သည်!
ဆရာတစ်ယောက်အနေဖြင့် စာသင်ကြား၍မရနိုင်သော ကျောင်းသားများနှင့် တွေ့ကြုံရမည်အား သူ အကြောက်ဆုံးဖြစ်သော်လည်း ယန်ကျင်းဇီသည် ချက်ချင်းစာသင်ကြားပေးနိုင်သော ကျောင်းသားမျိုးဖြစ်သည်။
ဒီလိုကျောင်းသားနှင့်တွေ့ပြီး ဒီလိုကျောင်းသားကို စာသင်ပေးရတာ အရမ်းမိုက်တယ်လို့ သူ ခံစားရသည်!
သူတို့ထဲက တစ်ယောက်သည် စိတ်ပါလက်ပါ စာလေ့လာပြီး နောက်တစ်ယောက်ကလည်း စိတ်ပါလက်ပါ စာသင်ပေးကာ မျက်စိတမှိတ်အတွင်း အချိန်နှစ်နာရီ ကုန်ဆုံးသွားလေသည်။
ယန်ကျင်းဇီသည် ဆရာ့အား နှုတ်ဆက်ပြီးနောက် သူ ခဏခဏ သွားလေ့ရှိသော ကလပ်များသို့ သွားခဲ့သည်။
ယခင်က သူသည် ကျွမ်းကောင်းဟန်နှင့်ဖူးကျီးတို့ မှာသမျှအား သူ့အကောင့်ထဲတွင် စာရင်းထည့်တွက်ရန် လူများကို ပြောထားခဲ့ဖူးသည်။
အခု... ဟုတ်တာပေါ့၊ ဒီအပြုအစုကို ဒီလူနှစ်ယောက်ကို မပေးနိုင်တော့ဘူး!
နောက်တစ်နေ့တွင် ယန်ကျင်းဇီသည် အလယ်တန်းကျောင်းသုံးဖတ်စာအုပ်များပါသောလွယ်အိတ်ကို လွယ်ပြီး ကျောင်းသို့ နံနက်စောစော သွားခဲ့သည်။ ယနေ့တွင် သူသည် ချန်အန်းရှိူ့၏အတန်းသို့ မသွားခဲ့ဘဲ စာဖတ်ခန်းထဲတွင် တွေ့ရန် ချန်အန်းရှိူ့နှင့် ချိန်းဆိုထားခဲ့၏။
စာဖတ်ခန်းသည် စာကြည့်တိုက်နှင့် မျက်နှာချင်းဆိုင်ဖြစ်သည်။ အခန်းသည် သေးငယ်ပြီး စားပွဲနှင့်ကုလားထိုင်များ၊ အချို့သော သတင်းစာနှင့်မဂ္ဂဇင်းများ ရှိသည်။
ကောလိပ်တွင် ဤကဲ့သိုသောနေရာမျိုးသည် အရမ်းနာမည်ကြီးသော်လည်း အထက်တန်းကျောင်းမှာတော့... မည်သူကမျှ တစ်နှစ်မှတစ်ခါပင်မလာကြဘဲ တနှစ်ပတ်လုံး တံခါးပိတ်ထားရသည်။
အဆုံးမှာတော့ လူများက စာကြည့်တိုက်မှာ စာအုပ်များ ငှားသွားခဲ့ရင်တောင်မှ စာဖတ်ခန်းထဲ၌ ထိုင်ကာ စာမဖတ်ကြဘဲ စာအုပ်ငှားသည့်လူကလည်း တကယ်ဆိုလျှင် အနည်းငယ်သာရှိသည့်အကြောင်းအား ထည့်တွေးစရာပင်မလိုချေ။
အမှတ် ၁ အထက်တန်းကျောင်း၏ စာဖတ်ခန်းသည် တနှစ်ပတ်လုံး လူသူကင်းမဲ့နေပြီး ချန်အန်းရှိူ့တွင် စာဖတ်ခန်းသော့ ရှိသည်။
အမှတ် ၁ အထက်တန်းကျောင်းတွင် လှုပ်ရှားမှုအချို့ကို စီစဉ်သော ကျောင်းသားသမဂ္ဂတစ်ခု ရှိ၏။ သူသည် ကျောင်းသားသမဂ္ဂ၏ဥက္ကဋ္ဌ ဖြစ်သည်။ သူ အစည်းအဝေးနေရာတစ်နေရာအတွက် ကျောင်းကို လျှောက်ထားသောအခါ ကျောင်းက သူ့အား စာဖတ်ခန်းသော့ကို ပေးခဲ့သည်။
ယခုချိန်၌ သူတို့နှစ်ယောက်သည် စာဖတ်ခန်းထဲတွင် နံနက်စာအတူစားနေကြသည်။
" ကိုယ်တို့ကဒီလိုမျိုးဖြစ်နေကြတာ။ ဒါက ကိုယ်တို့နှစ်ယောက် အချစ်ဇာတ်ခင်းနေတာနဲ့ မတူဘူးလား? " ယန်ကျင်းဇီသည် ချန်အန်းရှိူ့အား ခပ်ပြုံးပြုံး ကြည့်လိုက်သည်။
ချန်အန်းရှိူ့က ယန်ကျင်းဇီကို မျက်စောင်းခဲလိုက်ကာ ပြောလိုက်သည်။ " ဒါက အချစ်ဇာတ်မဟုတ်ဘူး။ "
" ဟုတ်တယ်၊ ကိုယ်တို့မှာ လေးနက်တဲ့ဆက်ဆံရေး ရှိတယ်။ အချစ်ဇာတ်မဟုတ်ဘူး။ " ယန်ကျင်းဇီက ပြန်ဖြေလိုက်ရင်း သစ်သီးတစ်စိတ်ကို ခက်ရင်းတစ်ချောင်းနှင့် လှမ်းခွံ့သည်။
ချန်အန်ရှိူ့က သူ့ပါးစပ်ကိုဖွင့်ပြီး စားလိုက်သည်။
သူ့အန်းရှိူ့က အရမ်းချစ်စရာကောင်းတယ်!
ယန်ကျင်းဇီက ပြောခဲ့သည် : " အချစ်လေး၊ ကိုယ် မင်းအတွက် မနက်စာ အထူးတလည်သယ်လာကတည်းက မင်း ကိုယ့်ကို ချစ်အနမ်းလေးတစ်ပွင့်လောက် ပေးသင့်တယ်မလား? "
ချန်အန်းရှိူ့သည် သူ၏ချောမောသောချစ်သူကို ကြည့်ကာ သူ သွေးဆောင်ခံလိုက်ရသည်ဟု ခံစားခဲ့ရသည်...
အဲ့ဒါဆိုလည်း သူ့ကိုနမ်းလိုက်ရုံပဲပေါ့!
နံနက်စာစားပြီးနောက် နှစ်ယောက်သား စာဖတ်ခန်းထဲတွင် အတူတူ စာလေ့လာကြသည်။
" မင်းမသိတာတခုခုရှိရင် ငါ့ကိုမေးနော်။ " ချန်အန်းရှိူ့က ယန်ကျင်းဇီကို ပြောသည်။
" ကောင်းပြီ! " ယန်ကျင်းဇီက ခေါင်းညိတ်လိုက်သည်။ ခဏအကြာတွင် သူသည် ချန်အန်းရှိူ့အား မေးခွန်းများကို မေးသည်။
ချန်အန်းရှိူ့က သူ့ကို သေသေချာချာ ရှင်းပြသည်။
ယန်ကျင်းဇီက ထပ်ပြောပြန်သည် : " ကိုယ့်ရဲ့အချစ်လေးကို ကျေးဇူးအများကြီးတင်ပါတယ်။ ကျေးဇူးတင်တဲ့အနေနဲ့ ကိုယ် မင်းကို ချစ်အနမ်းလေးတစ်ပွင့်လောက် ပေးပါရစေ! "
ချန်အန်းရှိူ့က သူ့ကို မတားခဲ့ပေ။
နမ်းရုံပဲလေ!
တစ်နာရီအတွင်း သူတို့နှစ်ယောက်သား အကြိမ်ပေါင်းများစွာ နမ်းခဲ့ကြပြီးနောက် ယန်ကျင်းဇီသည် အလယ်တန်းကျောင်းဖတ်စာအုပ်ကို ဖတ်ရန် အခန်း ၁၀ သို့ လန်းဆန်းတက်ကြွစွာ သွားခဲ့သည်။ ချန်အန်းရှိူ့သည် ခေါင်းငုံ့ကာ အခန်း ၁ သို့ ခြေလှမ်းကျဲကြီးများနှင့် လျှောက်သွားသည်။
နံနက်ခင်း အတန်းချိန်လေးချိန်အတွင်း ယန်ကျင်းဇီသည် အလွန်အကျိုးရှိခဲ့သည်။ သူသည် အလယ်တန်းကျောင်းမှ ဗဟုသုတများစွာကို သင်ယူခဲ့ပြီး ဆရာ့ထံမှ လက်ချာအချို့ကိုလည်း နားထောင်ခဲ့သည်။
နံနက်ခင်း အတန်းချိန်လေးချိန်အတွင်း ချန်အန်းရှိူ့၏ လုပ်ရည်ကိုင်ရည်ကလည်း အလွန်မြင့်တက်ခဲ့ကာ သူ ယခင်က မဖြေရှင်းခဲ့ဖူးသော ရူပဗေဒပုစ္ဆာတစ်ပုဒ်ကိုပင် တွက်ဖို့ အချိန်ယူခဲ့၏။
နေ့လယ်ခင်းတွင်...
ချန်အန်းရှိူ့သည် ကန်တင်းထဲဝင်ပြီး ယန်ကျင်းဇီစီသို့ တိုက်ရိုက်လျှောက်သွားခဲ့သည် : " ငါ့အဖေက မင်းကို ခေါ်လာခိုင်းတယ်။ "
ယန်ကျင်းဇီ၏ညီငယ်လေးများ : ဘော့စ်က အချစ်အတွက် ထပ်ပြီး အနစ်နာခံတော့မယ်!
မနေ့က အိမ်သာထဲတွင် ယန်ကျင်းဇီ ချန်အန်းရှိူ့အား 'ပိတ်ဆို့'ထားသည်ကို မြင်ခဲ့သူများ : ချန်အန်းရှိူ့က လက်တုံ့ပြန်တော့မယ်!
ဘာပဲဖြစ်ဖြစ် ယန်ကျင်းဇီကတော့ အဖေချန်နှင့်အမေချန်တို့နှင့်အတူ နေ့လယ်စာစားခွင့် ရခဲ့လေသည်။
သူ မမျှော်လင့်ထားသည့် တစ်ခုတည်းသောကိစ္စက အမေချန်သည် ဩဝါဒခြွေရခြင်းအပေါ် အလွန်စွဲလမ်းနေခြင်းပင်။ မနေ့က သူ(မ)ပြောသမျှအားလုံးကို ယနေ့တွင်လည်း သူ(မ)က ဆက်ပြောနေနိုင်သေးသည်။
ယန်ကျင်းဇီ : " ... "
အဖေချန်နဲ့ချန်အန်းရှိူ့ တနေ့လုံး အမူအရာတွေအရမ်းကင်းမဲ့နေတာ ဘာကြောင့်မှန်း သူ သိသွားပြီထင်တယ်!
သူတို့တွေက တနေ့လုံး သူတို့ရဲ့မျက်နှာတွေမှာ ဘာအမူအရာမှမထားတာ၊ ဒါက အမေချန် သူတို့အကြောင်း တချိန်လုံး ပြောနေတာကို တားဆီးဖို့မလား?
သေချာတာပေါ့၊ အမှန်က တခြားအကြောင်းအရင်းလည်း ဖြစ်နိုင်သည်။ ယောက်ျားဖြစ်သူနှင့်သားဖြစ်သူက စကားအလွန်နည်းလွန်းသဖြင့် အမေချန်က အခြားသူများနှင့် တွေ့ဆုံရသောအခါ စကားပြောရသည်ကို နှစ်သက်နေခြင်းလည်း ဖြစ်နိုင်သည်။
ယန်ကျင်းဇီက သူ့ထမင်းကို အမြန်ပြီးအောင်စားလိုက်ပြီး အမေချန်ကို ကြည့်လိုက်သည် : " ဆရာမ ထမင်းအရင်စားသင့်တယ်။ ပြီးရင် ကျွန်တော့်မှာ ဆရာမကို မေးစရာတစ်ခု ရှိတယ်။ "
အမေချန်သည် ချန်အန်းရှိူ့အား အံ့အားသင့်စွာ ကြည့်လိုက်သည်။ ယန်ကျင်းဇီ...သူ့မှာ သူ(မ)ကို မေးစရာရှိတယ်တဲ့လား?
ယန်ကျင်းဇီတွင် အမေချန်ကိုမေးရန်အတွက် အကြောင်းအရာတစ်ခုလည်း တကယ်ထွက်လာခဲ့သည်။
အဖေချန်နှင့်အမေချန်တို့နှစ်ဦးစလုံးသည် လူများကို ပညာသင်ကြားပေးရခြင်းနှင့် သွန်သင်ဆုံးမရခြင်းအား နှစ်သက်ကြသည်။ သူတို့က သူ့မေခွန်းများကို ချက်ချင်းဖြေပေးကြ၏။ အခြားသူများအားလုံး ထမင်းစားပြီးချိန်၌ သူတို့က စကားပြောနေကြဆဲ...
ကျောင်းမှကျောင်းသားများ : ဒီတစ်ခါ ဆရာချန်က ယန်ကျင်းဇီကို ဆူတဲ့အချိန်က နည်းနည်းပိုကြာတာပဲ!
သို့သော် ကျောင်းမှဆရာများကတော့ အခြားအရာတစ်ခုကို သိရှိသွားခဲ့သည် — ယန်ကျင်းဇီက တကယ်ကြီး လေးလေးနက်နက်နဲ့ စာစလေ့လာနေပြီ!
သူက ဟန်ဆောင်နေတာလား ဒါမှမဟုတ် တကယ်ဉာဏ်ကောင်းတာလား သူတို့မသိဘူး။ ဒါပေမယ့် သူတို့ သူနဲ့ စကားပြောတဲ့အခါမှာ သူ့ကြည့်ရတာ တကယ်အားလုံးကိုနားလည်တဲ့ပုံပေါ်တယ်?
ယန်ကျင်းဇီက အရာအားလုံးကို တကယ်နားလည်သည်။
ဤရက်ပိုင်းများအတွင်း အလယ်တန်းကျောင်းသင်ရိုးညွှန်းတမ်းကို ပြန်သင်နေတုန်း သူသည် မကြာသေးမီက ဆရာ သင်ပေးထားသော သင်ခန်းစာများကို နားထောင်ခဲ့သည်။
အခြေခံက အရေးကြီးသော်လည်း ကျောင်းစာမေးပွဲ၏အကြောင်းအရာများသည် မကြာသေးမီက သင်ကြားခဲ့သော ထိုသင်ခန်းစာများ ဖြစ်နေဆဲပင်။ စာမေးပွဲများတွင် အမှတ်ကောင်းကောင်း ရချင်လျှင် မကြာသေးမီကမှ သင်ယူခဲ့သော အသိပညာများက အလွန်အရေးကြီးသည်။
တိုက်တိုက်ဆိုင်ဆိုင် နောက်တနင်္လာနေ့က လပတ်စာမေးပွဲ ဖြေရမယ့်နေ့ပဲ!
အချိန်ကျလာရင် သူ ကောင်းကောင်းမွန်မွန် ဆောင်ရွက်ရမယ်!
သောကြာနေ့ နေ့လယ်စာစားချိန်၊ 'သင်ခန်းစာများ'အတွက် ချန်အန်းရှိူ့စီမှ ယန်ကျင်းဇီ အခေါ်မခံရသေးသောအချိန်ကို အခွင့်ကောင်းယူပြီး ယန်ကျင်းဇီ၏ညီငယ်လေးက မေးခဲ့သည် : " ဘော့စ်၊ မနက်ဖြန် ငါတို့ ဘတ်စကက်ဘော သွားဆော့ကြမလား ဒါမှမဟုတ် ရေခဲစကိတ်သွားစီးကြမလား? "
" မဟုတ်ဘူး၊ ငါ အိမ်မှာ စာကျက်ချင်တယ်။ " ယန်ကျင်းဇီက ပြောခဲ့သည်။
ယန်ကျင်းဇီ၏ညီငယ်လေးများ : " ... "
ယွီလိမင်က မေး၏ : " ဘော့စ် အတည်ကြီးလား? "
" ဒါပေါ့၊ ငါ အတည်ပြောနေတာ! " ယန်ကျင်းဇီက ပြောလိုက်သည် : " ငါပြောပြီးပြီလေ။ ငါ အခန်း ၁ ကို ပြန်သွားချင်တယ်! "
ယွီလိမင် : " ... " အခန်း ၁ ကို ဝင်ဖို့က တကယ်ကြီး အဲ့လောက်မလွယ်ဘူး ဘော့စ်ရေ!
သူတို့ရဲ့ခေါင်းတွေကို ညှစ်ထုတ်ပြီး အမှတ် ၁ အထက်တန်းကျောင်းမှာ တက်ချင်ပေမယ့် မဝင်နိုင်သေးတဲ့ ကျောင်းသားတွေ တမြို့လုံးမှာ ဘယ်နှယောက်တောင် ရှိနေမလဲ? သူတို့ရဲ့ အမှတ် ၁ အထက်တန်းကျောင်းက ကျောင်းသားတွေအကုန်လုံး သူတို့ရဲ့ခေါင်းတွေကို ညှစ်ထုတ်ပြီး အခန်း ၂ ကို ဝင်ချင်ကြတယ်၊ ဒါပေမယ့် သူတို့ မဝင်နိုင်သေးဘူး...
" ဘော့စ်၊ မင်း အခန်း ၁ ကို ဝင်ချင်တာ ချန်အန်းရှိူ့အတွက်လား? " ယန်ကျင်းဇီနှင့် ကောင်းမွန်သောဆက်ဆံရေး ရှိသည့် ကျောင်းသားတစ်ယောက်က မေးခဲ့သည်။
ယန်ကျင်းဇီက ပြန်ဖြေလိုက်သည် : " ဟုတ်တယ်။ ချန်အန်းရှိူ့က ငါ့ကို အရမ်းချစ်တယ်။ သူ့ကို တစ်ယောက်တည်းနေခိုင်းရမှာကို ငါ မခံစားနိုင်ဘူး။ "
ယန်ကျင်းဇီ၏ညီငယ်များ : ဘော့စ်က တကယ်ကြွားရဲတာပဲ!
ယန်ကျင်းဇီ၏ညီငယ်များ မဟုတ်သော အခြားကျောင်းသားများ : ယန်ကျင်းဇီက ပြောရဲလိုက်တာ!
ဖြစ်ရပ်မှန်များ မည်သို့ပင်ရှိစေကာမူ ယန်ကျင်းဇီက ပွင့်ပွင့်လင်းလင်း ပြောဆိုလေလေ၊ ယုံကြည်သူများက ပိုပိုနည်းလာလေလေ ဖြစ်ကာ သူက နောက်ပြောင်နေသည်ဟုသာ တွေးလာကြတော့သည်။
အကယ်၍ ချန်အန်းရှိူ့နဲ့ယန်ကျင်းဇီတို့မှာ တကယ်ပဲတခုခုရှိနေမယ်ဆိုရင် ယန်ကျင်းဇီက ပြောင်ပြောင်တင်းတင်း ပြောနေပါ့မလား? ချန်အန်းရှိူ့က ယန်ကျင်းဇီကို ဆရာချန်စီ ခေါ်သွားရဲပါ့မလား? သူတို့ ရူးနေကြပြီပဲ!
လူတိုင်းက ယန်ကျင်းဇီအား မကောင်းပြောဆိုလိုက်ကာ ယန်ကျင်းဇီက ပေါက်ကရများ ပြောနေသည်ဟု ခံစားလိုက်ရပြီးနောက် ချန်အန်းရှိူ့ ရောက်လာသည်ကို သူတို့ တွေ့လိုက်ရသည်။
ချန်အန်းရှိူ့သည် အေးစက်သောမျက်နှာနှင့် ယန်ကျင်းဇီထံသို့ ရောက်ရှိလာပြီး ဆရာများ ထမင်းစားသောနေရာသို့ ယန်ကျင်းဇီကို နောက်ထပ်တစ်ခါ ထပ်ခေါ်ခဲ့သည်။
သူက ဒီမှာ! သူက ဒီမှာ! ချန်အန်းရှိူ့က ဒီမှာ ထပ်ရောက်နေပြန်ပြီ!
ယန်ကျင်းဇီ၏ညီငယ်များသည် သူတို့၏ဘော့စ်ဖြစ်သူက အလွန်မှားယွင်းသောစကားလုံးများကို လုပ်ကြံပြောဆိုခဲ့ကြောင်း ခံစားမိသည်။
ချန်အန်းရှိူ့ သူ့ကို ဆက်ဆံတဲ့ အေးတိအေးစက်ပုံစံက ဘယ်မှာ သူ့ကိုချစ်တဲ့ပုံ ပေါ်နေလို့လဲ?
ယန်ကျင်းဇီက အတ္တဆန်နေရုံဖြစ်သည်။
သောကြာနေ့ နောက်ဆုံးအတန်းပြီးဆုံးချိန်တွင် ယန်ကျင်းဇီသည် အပြင်ထွက်ရန် အလျင်မလိုခဲ့ပေ။ သူ ဘာကြောင့် ထွက်မသွားသေးမှန်း ကောင်ငယ်လေးများက သူ့ကို မေးသောအခါ သူက ထပ်ပြောပြန်သည် : " ငါ ချန်အန်းရှိူ့နဲ့ ချိန်းထားတာရှိတယ်။ သူလာမှာမို့လို့ ငါ မပြန်သေးတာ။ "
" ဘော့စ်၊ ချန်အန်းရှိူ့က မင်းကို ဘာလို့လာတွေ့တာလဲ? သူက မင်းနဲ့ ဘာလုပ်မှာလဲ? " ညီငယ်လေးက မေးခဲ့သည်။
" အားလပ်ရက်တွေ ရောက်တော့မယ်ဆိုတော့ သူ ငါ့ကို နှစ်ရက်တောင် မတွေ့ရမှာလေ။ အဲ့တာကြောင့် သူက ငါ့ကို လာတွေ့တာ။ " ယန်ကျင်းဇီက ဆိုခဲ့သည်။ " တကယ်တော့ သူက ငါ့ကို အရမ်းချစ်တယ်! " သူက ပိုပိုပြီး ဝန်ခံလေလေ၊ အတည်မှတ်သည့်လူများက ပိုပိုပြီး နည်းလာလေလေမှန်း ယန်ကျင်းဇီလည်း သိထားသဖြင့် သူက ထိုသို့ ရိုးရိုးရှင်းရှင်း ပြောခဲ့လေသည်။
သေချာတာကတော့ သူ့စကားကို ဘယ်သူမှ မယုံကြချေ။
သာမန်ကျောင်းသားများက သူ ပေါက်ကရများသာ ပြောနေသည်ဟု ထင်သည်။
အခြားတဖက်တွင်မူ သူ၏ညီငယ်လေးများက သူတို့၏ဘော့စ်ဖြစ်သူသည် ချန်အန်းရှိူ့ကို ချစ်မိပြီးနောက် သူ့ကိုယ်သူ နှစ်သိမ့်ပေးနေသည်ဟု ခံစားခဲ့ရသည်...
ချန်အန်းရှိူ့က အရမ်းကောင်းတယ်။ သူက ဘယ်လိုလုပ် ယန်ကျင်းဇီစီကို လာပါ့မလဲ?
ဤကဲ့သို့တွေးနေရင်း ချန်အန်းရှိူ့ရောက်လာသည်ကို သူတို့ တွေ့လိုက်ရသည်။
ချန်အန်းရှိူ့ တကယ်ရောက်လာတာလား? ရှိနေသောလူများသည် အနည်းငယ် ထိတ်လန့်သွားကာ ထို့နောက် ယန်ကျင်းဇီက ချက်ချင်း မတ်တပ်ထရပ်ပြီး ပြောလိုက်သည်ကို သူတို့ တွေ့လိုက်သည် : " အန်းရှိူ့! "
ချန်အန်းရှိူ့သည် ယန်ကျင်းဇီကို တွေ့ရသောအခါ အလွန်ပျော်ရွှင်သွားသော်လည်း ပတ်ပတ်လည်တွင် လူအုပ်ကြီးရှိနေသည်...
ထို့အပြင် ယန်ကျင်းဇီ၊ ဤလူသည် သူကိုယ်တိုင် သူတို့နှစ်ယောက်ချစ်နေကြောင်းကို သူ့မိဘများ သိ၍မဖြစ်ဟု ရှင်းရှင်းလင်းလင်း ပြောခဲ့ပေမယ့် သူက အရမ်းရဲတင်းကာ သူ့ကို သူ့ဖုန်းနှင့်သာ ဆက်သွယ်ရန်ကိုလည်း ငြင်းဆန်ခဲ့သည်။ သူက နံနက်စာနှင့်နေ့လယ်စာကို အတူစားရုံတင်မကဘဲ သူနှင့် တိတ်တဆိတ်တွေ့ဆုံဖို့လည်း ဖိတ်သေးသည်။ အခြားသူများ သူတို့၏ဆက်ဆံရေးကို သိသွားမည်ကို ချန်အန်းရှိူ့ တကယ်စိုးရိမ်မိသည်။
သူတို့သည် အရွယ်ရောက်ပြီးသူများ မဟုတ်ကြသေးဘဲ ငွေကြေးအရင်းအနှီးများလည်း မရှိချေ။ သူ့မိဘများက အဆင်ပြေပြီး ဘာမှမလုပ်နိုင်သော်လည်း ယန်ကျင်းဇီ၏မိဘများက အလွန်ချမ်းသာသည်။ သူနှင့်ယန်ကျင်းဇီကို ခွဲထုတ်ဖို့ သူတို့အတွက် တကယ်ကို ရိုးရှင်းလွန်းလှသည်။
နောက်ပြီး သူက ယန်ကျင်းဇီနှင့် မခွဲခွာချင်ပေ။
ချန်အန်းရှိူ့သည် ယန်ကျင်းဇီအား မေးခွန်းစာရွက်အထပ်ကြီးတစ်ထပ်ကို အမူအရာမဲ့စွာ ပေးလိုက်သည် : " မင်း ဒီမေးခွန်းစာရွက်တွေအားလုံးကို စနေ၊တနင်္ဂနွေမှာ ဖြေထား၊ တနင်္လာနေ့ရောက်ရင် ငါ စစ်ပေးမယ်။ "
လာမည့်လပတ်စာမေးပွဲများတွင် အပြတ်အသတ်အမှတ်များကောင်းအောင်ဖြေဆိုချင်သည်ဟု ယန်ကျင်းဇီက ပြောခဲ့သောကြောင့် သူသည် မကြာသေးမီက သူတို့ သင်ခဲ့သော အရေးကြီးသည့်ဗဟုသုတများအားလုံးကို စုစည်းပြီး ထိုဗဟုသုတအချက်အလက်များအတွက် သက်ဆိုင်ရာမေးခွန်းများကို ရှာဖွေကာ ကူးယူခဲ့သည်။ အခြေခံအားဖြင့် ဗဟုသုတအချက်အလက်များနှင့် မေးခွန်းများကို နားလည်သရွေ့ စာမေးပွဲရလဒ်များသည် အလွန်ဆိုးရွားမည်မဟုတ်ပေ။
" နားမလည်ရင်ရော? " ယန်ကျင်းဇီက သူ့မျက်နှာပေါ်ကအပြုံးနှင့်အတူ မေးသည်။
ချန်အန်းရှိူ့က သူ့ကို ခဏလောက် စိုက်ကြည့်ပြီး လှည့်ထွက်သွားသည်။
ယန်ကျင်းဇီ၏ညီငယ်လေးများ : " ... " ချန်အန်းရှိူ့ရဲ့မျက်လုံးအကြည့်ကြီးက... သူတို့ဘော့စ်ကို ခြိမ်းခြောက်နေတာလား?
အိုက်ယား၊ ချန်အန်းရှိူ့ လာတာကို သူတို့ တွေ့တုန်းက ချန်အန်းရှိူ့က သူတို့ရဲ့ဘော့စ်ကို တကယ်လာတွေ့တာလားလို့ တွေးမိလိုက်သေး။ အခု ကြည့်ရတာ... ချန်အန်းရှိူ့က သူတို့ဘော့စ်ကို ပိုကောင်းတဲ့ကျောင်းပိတ်ရက်တွေ မရှိစေချင်တဲ့ပုံပဲ!
ချန်အန်းရှိူ့ ထွက်ခွာသွားသည်ကို ကြည့်ရင်း သူ့တွင် ကောင်းမွန်သောအဆင့်တစ်ခု ရှိသည်ဟု ထင်သော ညီငယ်လေးတစ်ယောက်က ပြောခဲ့သည် : " ဘော့စ် ဒီခေါင်းစဉ်တွေကို နားမလည်ရင် ကျွန်တော့်ကို လာရှာ၊ ကျွန်တော် သင်ပေးမယ်! "
" မင်းရဲ့ဘော့စ်က ဆရာတွေချို့တဲ့နေတယ်လို့ မင်း ထင်လား? " ယန်ကျင်းဇီက မေးလိုက်သည်။
ညီငယ်လေးက စကားပြောရပ်လိုက်တော့သည်။
ချမ်းသာသောသူများနှင့် သူတို့သည် ကမ္ဘာတစ်ခုတည်းတွင် နေနေကြသည်မဟုတ်ပေ။ ပြောကြသည်က သူတို့ဘော့စ် အလယ်တန်းကျောင်း တတိယနှစ် တက်နေစဉ်တွင် သူသည် အမှတ် ၁ အထက်တန်းကျောင်းကို ဝင်ခွင့်ရရန် လအနည်းငယ်ခန့် ကျောင်းခွင့်ယူလိုက်ပြီးနောက် သူ့တစ်ယောက်တည်းကို စာသင်ပေးရန် ဘာသာရပ်ပေါင်းစုံမှ ဆရာများကို ငှားရမ်းခဲ့သည်ဟူ၍။
ယန်ကျင်းဇီသည် စာရွက်များကို သိမ်းလိုက်ပြီး ထွက်လာခဲ့သည်။ လမ်းတဝက်အရောက်တွင် သူသည် သူ့ဖုန်းကို ထုတ်ပြီး တစ်ချက်ကြည့်လိုက်သည်။
သူ့ဖုန်းတွင် ချန်အန်းရှိူ့ထံမှ မက်ဆေ့တစ်စောင် ရောက်နေခဲ့သည် : "မင်း နားမလည်တဲ့တခုခုရှိရင် ငါ့ကို မေးလို့ရတယ်။"
ယန်ကျင်းဇီက ရယ်လိုက်ကာ သို့သော်ငြား ဤအချိန်တွင် ချန်အန်းရှိူ့၏အဒေါ်ဖြစ်သူထံမှ ဒေါသသံကို ရုတ်တရက် ကြားလိုက်ရသည် : " ယန်ကျင်းဇီ! မိုဘိုင်းလ်ဖုန်းတွေကို ကျောင်းမှာ ခွင့်မပြုထားဘူး! "
ယန်ကျင်းဇီ ထွက်ပြေးရတော့သည်။
ဤကျောင်းပိတ်ရက်များတွင်တော့ ယန်ကျင်းဇီက သူ့အတွက် ချန်အန်းရှိူ့ စုပေးထားသော ဗဟုသုတအချက်အလက်များကို ယူပြီး နောက်ဆက်တွဲသင်ခန်းစာများကို အလွန်အလေးအနက်ထား သင်ယူရန်အတွက် ဆရာများအားလုံးကို အိမ်ခေါ်ခဲ့သည်။
ချန်အန်းရှိူ့ သူ့အတွက် စုစည်းပေးထားသော 'အချစ်၏အကြောင်းအရာများ' ကြောင့် သူ၏သင်ယူခြင်းအတွက် စိတ်အားထက်သန်မှုမှာ မထင်မှတ်ထားလောက်သည့်အထိ မြင့်မားလာပြီး ဘာသာရပ်တစ်ခုချင်းစီမှ မကြာသေးမီက သင်ယူခဲ့သော အရာအားလုံးကို နားလည်ရန် သူ့အတွက် စနေနေ့ တစ်ရက်သာ ကြာခဲ့သည်!
ညနေပိုင်းတွင် အဖေယန်နှင့်အမေယန် ပြန်လာသောအခါ ယန်ကျင်းဇီက ဆရာများကို ပြန်လွှတ်နေချိန်ဖြစ်နေသည်။
ဤဆရာများ ထွက်သွားသောအခါ သူတို့၏အမူအရာများက ရှုပ်ထွေးနေခဲ့သည်။
အဖေယန်က ဆရာအများစုကို ဖိတ်ခေါ်ထားခဲ့ခြင်း ဖြစ်သည်။
အဖေယန်က သူတို့ကို ဖိတ်ခေါ်သောအခါ သူက သူတို့ကို သူ့သားက ဉာဏ်မကောင်းဘဲ အနည်းငယ် ဆိုးသွမ်းကြောင်းကို အထူးတလည်ပြောပြထားပြီး သူက သူတို့ သူ့သားကို ပိုဂရုစိုက်လိမ့်မည်ဟု မျှော်လင့်ခဲ့သည်။
စာကြိုးစားကျက်ရမည်ကို ငြင်းဆိုမည့် ဉာဏ်တုံးတုံးကျောင်းသားတစ်ယောက်ကို ရင်ဆိုင်ဖို့ သူတို့က အဆင်သင့်ပြင်ထားခဲ့သည်။
ရလဒ်ကတော့...
သူတို့တကယ်သင်ပေးရတဲ့လူက ဉာဏ်ကြီးရှင်ပဲ!
သူတို့က ဉာဏ်ကောင်းသောကျောင်းသားများစွာနှင့် ကြုံတွေ့ခဲ့ဖူးသော်လည်း ယန်ကျင်းဇီလောက် ဉာဏ်ကောင်းသူကို တခါမှ မတွေ့ဖူးသေးချေ။
ပထမတော့ ယန်ကျင်းဇီက ဤအရာများကို ဟိုးအချိန်အကြာကြီးကတည်းက သင်ယူခဲ့ပြီး တမင်သက်သက် သူတို့ကို လှည့်စားသည်ဟု သူတို့ ထင်လိုက်ကြသေးသော်လည်း အဖြစ်အပျက်များက မဟုတ်ကြောင်း သက်သေပြခဲ့သည်။
ယန်ကျင်းဇီက သူတို့ကို မမေ့နိုင်လောက်သောစွမ်းရည်ကို နေရာမှာတင် ပြသခဲ့သေးသည်။ သူတို့ ဖတ်ပြသည်ကို နားထောင်ပြီးသည်နှင့် အစိမ်းသက်သက် ဂန္တဝင်တရုတ်စာတမ်းတိုများကို သူက ပြန်ရွတ်ပြနိုင်သည်!
သူ့ဘာသာသူဖတ်မည့်အစား သူ ဘာကြောင့် နားထောင်ခဲ့တာလဲ ဆိုသည်ကတော့... အချို့သောစကားလုံးများကို ယန်ကျင်းဇီက မမှတ်မိပေ...
အဖေယန်သည် သူ ဝင်လာလာချင်း ဆရာများ၏မျက်နှာများမှ ထူးဆန်းသောအမူအရာများကို မြင်လိုက်ရကာ သူ့နှလုံးသားထဲတွင် ရုတ်တရက် 'ဒုတ်ခနဲ' မြည်သွားသည်ကို သူ ခံစားလိုက်ရ၏ — သူ့သားက ပြဿနာရှာလိုက်ပြန်တာတော့ မဟုတ်ပါဘူးနော်?
" ဆရာ၊ ဒီကလေးက မလိမ္မာဘူးမလား? တောင်းပန်ပါတယ်။ သူက အသက်ငယ်သေးတော့ နည်းနည်း ဆိုးနေတာ။ " အဖေယန်က ပြောလိုက်သည်။
ဆရာများ : " ... " မစ္စတာယန်၊ အဲ့လောက်ကြီးနေတဲ့ကလေးကို မင်းက သူက အသက်ငယ်သေးတယ်လို့ ပြောတယ်၊ မင်း မရှက်ဘူးလား? ဆယ်ကျော်သက်တစ်ယောက်ကို ဖော်ပြဖို့ 'ဆိုးတယ်' ဆိုတဲ့စကားလုံးကိုလည်း သုံးလိုက်တယ်လား?
" မစ္စတာယန်၊ ယန်ကျင်းဇီက မလိမ္မာတာ မဟုတ်ပါဘူး။ " ဆရာတစ်ဦးက ပြောခဲ့သည်။
" ဒါဆို ဒီကလေးက စာသင်ဖို့ အရမ်းတုံးလွန်းနေတာလား? " အဖေယန်က မေးသည်။
" အဲ့လိုမဟုတ်... " ဆရာက ဘာပြောရမလဲ မသိတော့ပေ။
ဤအချိန်တွင် ယန်ကျင်းဇီအား ဂန္တဝင်တရုတ်စာတမ်းကို ရွတ်ပြခိုင်းသော ဘာသာစကားဆရာက ရုတ်တရက် အော်ခေါ်ခဲ့သည်။ " မစ္စတာယန်! "
အဖေယန်သည် တုန်လှုပ်ခြောက်ခြားသွားကာ ဆရာ့ကို ကြည့်လိုက်သည် : " ဆရာ ကျွန်တော့်ကို ပြောပြလိုက်ပါတော့! "
ဒါဟာ အဖြစ်ဆိုးပါပဲ။ အဖေယန်သည် စီးပွားရေးနယ်ပယ်တွင် ကျင်လည်နေသည်မှာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်၏။ သူက ဘာကိုမှ မကြောက်သော်လည်း ဆရာများတော့ မပါပေ။
သူ့သားသည် ကလေးဘဝကတည်းက ပြဿနာရှာနေခဲ့သည်။ သူ့မိဘအဖြစ် သူသည် ကျောင်းမှ အမြဲအခေါ်ခံရကာ အမြဲတမ်း သင်ပြခံရပြီး တဖြေးဖြေးနှင့် သူ ဆရာများကို ကြောက်စပြုလာသည်။
အကယ်၍ သူ မကြောက်ဘူးဆိုရင်တောင်မှ သူ့သားက ဆုံးမခံရဦးမည်။ သူ ဘယ်လိုလုပ် ဆရာတွေကို ဆန့်ကျင်ရဲပါ့မလဲ?
ယောက်ျားတစ်ယောက်က သူ့သားကို လိုက်ချောင်းနေသည်ဆိုသည့် အချက်ကြောင့် သူ အရမ်းအံ့ဩမသွားခဲ့ဘူးဆိုလျှင် သူ ဆရာတစ်ယောက်ကို အော်ပင်အော်ရဲလိမ့်မည် မဟုတ်ချေ... ယခင်က သူသည် ဆရာချန်ထံမှ သွန်သင်ဆုံးမခံရဖူးသည်။
" မစ္စတာယန်၊ ကျွန်တော်ထင်တာ ခင်ဗျား ခင်ဗျားရဲ့သားကို ပိုဂရုစိုက်သင့်တယ်။ ပိုက်ဆံရှာရလို့ အလုပ်ရှုပ်နေတာနဲ့ပဲ ခင်ဗျား ခင်ဗျားရဲ့သားကို လျစ်လျူရှူထားလို့မဖြစ်ဘူး! အခုလိုမျိုးဆိုရင် ခင်ဗျား သူ့ကို နှောင့်နှေးစေလိမ့်မယ်! " တရုတ်စာဆရာသည် အဖေယန်အား ဝမ်းနည်းစွာ ကြည့်သည်။
အဖေယန်က နားမလည်ပေ။ သူက သူ့သားကို အမြဲတမ်း စိုးရိမ်ပူပန်နေခဲ့သည်။ သူက သူ့သားကို ဘာလို့ နှောင့်နှေးစေရမှာလဲ?
သူ ဒါကို စဉ်းစားနေရင်း ဆရာက ဆက်ပြောသည်အား သူ ကြားလိုက်ရသည် : " ခင်ဗျားရဲ့သားက ဉာဏ်ကြီးရှင်ပဲ! သူသာ စာသေသေချာချာလုပ်မယ်ဆိုရင် တိုင်းပြည်ရဲ့အကောင်းဆုံးတက္ကသိုလ်ကိုတောင် သူ ရွေးနိုင်တယ်! "
အဖေယန်က ထပ်မံအံ့ဩသွားပြန်သည်။ သူ့မှာ နားပြဿနာ ရှိနေတာများလား? သူ မှားကြားလိုက်တာမလား?
ဒါပေမယ့် သူ အမှားမလုပ်မိသည်မှာ သေချာသွားခြင်းက အခြားဆရာများကလည်း ချက်ချင်းလိုက်ပြောကြ၍ဖြစ်သည် : " မစ္စတာယန်၊ ယန်ကျင်းဇီက တကယ်ဉာဏ်ကောင်းတယ်။ "
" သူ စာကျက်ချင်စိတ်ရှိနေသရွေ့ သူ့အဆင့်တွေကလည်း မြန်မြန်တက်သွားမှာ သေချာတယ်။ "
" သူက ဉာဏ်ကြီးရှင်ပဲ! "
" မစ္စတာယန်၊ ခင်ဗျား ခင်ဗျားရဲ့ကလေးကို အာရုံမစိုက်တာမျိုး မလုပ်ပါနဲ့တော့။ အကယ်၍ ခင်ဗျားသာ သူ့ကို စောစောစီးစီး စာသင်ပေးခဲ့ရင် သူက လူငယ်သင်တန်းတွေမှာပါ သွားတက်နိုင်ခဲ့မှာ။ "
…
အဖေယန်က ဆွံ့အသွားသည်။ ဒီလူတွေ ပြောနေတဲ့သူက တကယ်ပဲ သူ့သားလား?
တကယ်တော့ သူ့သား ငယ်ငယ်တုန်းက သူလည်း သူ့သားက ဉာဏ်ကောင်းသည်၊ ကမ္ဘာပေါ်တွင် ဉာဏ်အကောင်းဆုံးဖြစ်ပြီး အနာဂတ်ဆိုသည်က သေချာပေါက် ရှိလိမ့်မည်ဟု ထင်ခဲ့ဖူးသည်။ သို့သော် သူ့သား မူလတန်းကျောင်းတက်ကတည်းက သူ ဒီလိုအိပ်မက်မျိုး ထပ်မမက်တော့ပေ။
ဒါပေမယ့် အခု... သူ ဘာလို့ ထပ်ပြီး စိတ်ကူးတွေစယဉ်နေမိပြန်တာလဲ?