အပိုင်း ၂၈ ( Genius Slacker 11 )
Viewers 10k

သူ့သားက တကယ်ဉာဏ်ကောင်းကြောင်းကို အဖေယန် လက်ခံယုံကြည်သွားအောင် ဆရာများ စည်းရုံးလိုက်ရသည်မှာ အချိန်အတော်ကြာသွားသည်။


ထို့နောက် ဆရာများ ထွက်သွားသောအခါ အဖေယန်က ယန်ကျင်းဇီအား ချက်ချင်းလှမ်းကြည့်လိုက်သည် : " ဒီကလေး၊ မင်းက တအားဉာဏ်ကောင်းတယ်ဆိုရင်လည်း အရင်က ဘာလို့ စာမကြိုးစားချင်ရတာတုန်း?! "


ယန်ကျင်းဇီ : " ... " ဒါက တကယ်ပဲ သားဖြစ်သူကို အလွန်ချစ်ခင်သည့် 'အင်မတန်အလိုလိုက်တတ်သော' အဖေယန်ပါပဲ။ ဆရာတွေပြောတာနဲ့ သူက တကယ်ယုံတယ်! အင်း၊ အဖေယန်တင် ယုံတာမဟုတ်ဘဲ အမေယန်ကလည်း ယုံသည်။


ဤအချိန်တွင် အမေယန်သည် ယန်ကျင်းဇီအား ကြင်နာစွာကြည့်သည် : " ကျင်းဇီ၊ မင်း ငယ်ငယ်ကလေးကတည်းက ဉာဏ်ကောင်းပြီး မင်းက စာမကျက်ချင်လို့သာ မင်းရဲ့အမှတ်တွေနည်းနေရတယ်လို့ အမေပြောခဲ့ပါတယ်! "


ယန်ကျင်းဇီက ပြောသည် : " ကျွမ်းကောင်းဟန်က ကျွန်တော် စာမေးပွဲမှာ ဘိတ်ချီးရရင်တောင် အနာဂတ်မှာ ကျွန်တော်က ကောင်းကောင်းနေနိုင်မှာလို့ ပြောခဲ့တယ်။ အဲ့တာကြောင့် ကျွန်တော် စာမကြိုးစားခဲ့တာ။ "


သူသည် သူ့မိဘများ၏ရှေ့တွင် ကျွမ်းကောင်းဟန်အား ကန်ထုတ်ရန် လုံ့လအပိုပင် သိမ်းမထားပေ။


သို့သော်ငြား ကျွမ်းကောင်းဟန်သည် ဤအိုးနှင့်ပတ်သက်၍ မှားယွင်းစွပ်စွဲခံရခြင်း မဟုတ်။


မူလပိုင်ရှင်သည် တကယ်တော့ လုံးဝမတုံးပေ။ သူ့ IQ သည် အနည်းဆုံး ပျမ်းမျှအဆင့်တွင်တော့ ရှိသည်။ ငယ်ငယ်တုန်းကလည်း သူသည် အလွန်ဉာဏ်ကောင်းခဲ့သည်။ သူ၏ဖျတ်လတ်တက်ကြွသောအကျင့်စရိုက်ကြောင့် သူ့တွင် သူငယ်ချင်းများစွာလည်း ရှိခဲ့သည်။ သူ မူလတန်းကျောင်းတက်နေစဉ်အတောအတွင်း သူသည် အနည်းငယ်ဆိုးသော်လည်း စာမေးပွဲမတိုင်ခင် စာလေးအနည်းငယ်ကြိုးစားကျက်ရုံသာလိုပြီး အမှတ်ကောင်းကောင်း ရနိုင်ခဲ့သည်။


ထို့ပြင် သူ၏ဉာဏ်ကောင်းမှုကြောင့် ဆရာက သူတို့ကို မသင်ရသေးသော ပုစ္ဆာများ သင်္ချာ‌စာမေးပွဲတွင် ပါလာသောအခါတွင် အခြားဘယ်သူမှ မဖြေရှင်းနိုင်သော်လည်း မူလပိုင်ရှင်က ဖြေရှင်းနိုင်သည်။


ဖြစ်နိုင်သည်က ထို့အတွက်ကြောင့် ကျွမ်းကောင်းဟန်သည် အနည်းငယ်မနာလိုဖြစ်ကာ သူသည် မူလပိုင်ရှင်အား ဆော့ကစားရန် တိုက်တွန်းပြီး စာဖတ်ခြင်းသည် အသုံးမဝင်ဘူး ဆိုသော အတွေးများကို တိုးပွားစေခဲ့သည်။


မူလပိုင်ရှင်ကိုယ်တိုင်က အပျော်မက်ကာ ကျွမ်းကောင်းဟန်၏လှုံ့ဆော်မှုက သူ့ကို အရူးအမူး အပျော်မက်စေခဲ့သည်။


နောက်ပိုင်း အထူးသဖြင့် အထက်တန်းကျောင်း တတိယနှစ် အပြီးတွင် ကျွမ်းကောင်းဟန်နှင့် ကောလိပ်အတူတက်နိုင်ရန် မူလပိုင်ရှင်ကလည်း ကြိုးစားချင်ခဲ့သည်။ သို့သော် ကျွမ်းကောင်းဟန်က ဘယ်လိုပဲဖြစ်ဖြစ် သူတို့က နိုင်ငံခြားထွက်မည်ဖြစ်၍ ဝင်ခွင့်စာမေးပွဲအတွက် သူတို့ ကြိုးစားနေရန် မလိုအပ်ဟု ပြောခဲ့သည်။ မူလပိုင်ရှင်ကိုယ်တိုင်က စာမကျက်ချင်သောကြောင့် သူက စာကျက်ခြင်းမှ ပျော်ပျော်ကြီး အနားယူလိုက်တော့သည်။


ဤအခိုက်အတန့်၌ ယန်ကျင်းဇီသည် အဖေယန်နှင့်အမေယန်တို့အား ဤအကြောင်းများကို ပြောပြကာ မီးလောင်ရာလေပင့်စေခဲ့သည်။


အဖေယန်နှင့်အမေယန်သည် ကျွမ်းကောင်းဟန်အား ခဏတွင်းချင်း ပိုမိုမုန်းတီးသွားပြီး အတိတ်ကို ပြန်မှတ်မိကြသွားသည်။


" မင်း ကလေးအရွယ်တုန်းက တကယ်ဉာဏ်ကောင်းခဲ့တာ။ မင်း နှစ်နှစ်၊သုံးနှစ်အရွယ်လောက်မှာ မင်းအမေက မင်းကို သီချင်းဆိုပြရင် မင်းက အကြိမ်ရေအနည်းငယ် နားထောင်ပြီးတာနဲ့ မင်းက သီချင်းကိုလိုက်ညည်းနေပြီ။ ပြီးတော့ ကကွက်လေးတွေတောင် လိုက်ကတတ်သေးတယ်။ " အဖေယန်က အတိတ်ကို ပြန်သတိရနေကာ သူ့မျက်နှာက ‌အပျော်များနှင့် ပြည့်နေသည်။


ယန်ကျင်းဇီ : " ... " သီချင်းသံနောက်လိုက်ပြီး သူ့တင်ပါးလုံးလေးတွေကို လှုပ်ယမ်းနေတဲ့ နှစ်နှစ်သား သို့မဟုတ် သုံးနှစ်သား အဲ့အရွယ်ကလေးလေးက‌လည်း လိမ္မာပါးနပ်မှုရဲ့သက်သေ ဖြစ်နိုင်တယ်ပေါ့?


" မင်းက ဆယ်လသားလောက်ပဲ ရှိသေးတယ်။ လူတွေကို မှတ်မိနိုင်နေပြီ။ မင်းရဲ့အမေက ဘယ်သူလဲလို့ မေးရင် မင်းက ငါ့ကို လက်ညိုးထိုးပြပြီး မေမေလို့ ခေါ်ခဲ့တာ! " အမေယန်၏ နူးညံ့သိမ်မွေ့သော အမူအရာမှာ အတိတ်ကို လွမ်းဆွတ်တမ်းတမှုအပြည့်ပင်။


ယန်ကျင်းဇီ : " ... "


ဒါက ပိုတောင် ပုံကြီးချဲ့ထားသေးတယ်! ကလေးတစ်ယောက်က ဆယ်လသားအရွယ်မှာ အရာအားလုံးကို မှတ်မိနိုင်နေပြီလေ! ‌အခြားတစ်နည်းပြောင်း‌ပြောရမယ်ဆိုရင် ဆယ်လသားကလေးက သူ့အမေကို မှတ်မိနေသင့်ပြီမဟုတ်ဘူးလား?


" ဒီကလေးက မူလတန်းကျောင်း ပထမတန်းမှာ အမှတ် ၁၀၀ အကြိမ်ပေါင်းများစွာ ရခဲ့တယ်! "


" အဲဒီတုန်းက သူ လက်မှတ်လည်း ရခဲ့တယ်လေ! "


" အလယ်တန်းကျောင်းမှာတုန်းကလည်း ဒီကလေးက အင်္ဂလိပ်စာနဲ့တရုတ်စာကို တခါမှ အလွတ်မကျက်ခဲ့တော့ အမြဲတမ်း စာမေးပွဲတွေမှာ တော်တော်ဆိုးဆိုးပဲ။ ဒါပေမယ့် သူက သင်္ချာမှာ တကယ့်ကို အမြဲတမ်း ကောင်းကောင်းဖြေနိုင်ခဲ့တာ။ "


" ဟုတ်တယ်၊ လအနည်းငယ်လောက် ကြိုးစားလိုက်တာနဲ့ သူက အမှတ် ၁ အထက်တန်းကျောင်းကို ဝင်ခွင့်ရခဲ့တယ်! "



ယန်ကျင်းဇီ : " ... " မူလပိုင်ရှင်က အမှတ် ၁ အထက်တန်းကျောင်းကို ‌အနောက်တံခါးကနေ ပိုက်ဆံသုံးပြီး ဝင်ခဲ့တာလေ! ဝင်ခွင့်ရတာက ပိုက်ဆံကြောင့်ပါဆို!


ထားလိုက်ပါတော့၊ အဖေယန်နှင့်အမေယန်တို့ အရမ်းယုံကြည်မှုရှိတာက သူ့အတွက် ကောင်းသည်။


သူက ဉာဏ်ကြီးရှင် ဖြစ်နိုင်တယ်!


စနေနေ့တွင် တရက်တာ စာလေ့လာပြီးနောက် တနင်္ဂနွေနေ့တွင် ယန်ကျင်းဇီသည် ယခင်နေ့၏ရလဒ်များကို တောင့်တင်းခိုင်မာလာစေရန် ဆရာများ၏စကားကို လိုက်နာခဲ့သည်။


သူသည် တနေ့တာလုံး သိပ္ပံမေးခွန်း အမျိုးအစား အမျိုးစုံကို လေ့လာခဲ့ပြီး တရုတ်ဘာသာရပ်တွင် စာစီစာကုံးရေးနည်းနှင့် စာဖတ်ခြင်း တတ်သိနားလည်နိုင်စွမ်းကို တိုးမြှင့်ခဲ့သည်။ အလယ်တွင် သူသည် အနားယူရန် ချန်အန်းရှိူ့နှင့် video chat ခေါ်ခဲ့သည်။


စာလေ့လာခြင်းသည် အလုပ်နှင့်အနားယူခြင်းတို့၏ ပေါင်းစပ်မှုဖြစ်သည်။ မင်း ပင်ပန်းလာရင် စိတ်အပန်းဖြေဖို့ မင်းရဲ့ချစ်သူကောင်လေးကို ရှာသင့်တယ်!


ယန်ကျင်းဇီတွင် ကောင်းမွန်သော အားလပ်ရက်များ ရှိခဲ့ပြီး ကျွမ်းကောင်းဟန်ကတော့ ကွဲပြားသည်။


ကျွမ်းကောင်းဟန်၏မိသားစုသည် အလွန်စည်းကမ်းတင်းကြပ်ပြီး သူကိုယ်တိုင်ကလည်း အလွန်ခေါင်းမာသည်။ သူက အရာအားလုံးတွင် ပထမ ဖြစ်ချင်သည်။ ထိုအကြောင်းကြောင့်သာမဟုတ်လျှင် သူ ချန်အန်းရှိူ့ကို မုန်းလိမ့်မည်မဟုတ်ပေ။


ထို့ကြောင့် ချန်အန်းရှိူ့ကို ဖြေရှင်းမည့် စိတ်ချရသော အကြံအစည်က မှားယွင်းသွားခဲ့သည်။


ဒါတင်မက ယန်ကျင်းဇီကလည်း သူနှင့် တကယ်လမ်းခွဲသွားခဲ့သည်။


ယခင်က ကျွမ်းကောင်းဟန်သည် အလေးအနက်မထားခဲ့ချေ။ ယန်ကျင်းဇီသည် ယခင်က သူနှင့် စကားများခဲ့ဖူးသော်လည်း မှားသည့်သူက ဘယ်သူပဲဖြစ်ပါစေ၊ အဆုံးမှာတော့ ယန်ကျင်းဇီက သူ့အမှားကို ဝန်ခံဖို့ အစပြုလာလိမ့်မည်။


ထို့အပြင် ယန်ကျင်းဇီမရှိဘဲနှင့် ကိစ္စကြီးကြီးမားမား ဖြစ်လိမ့်မည်လည်း မဟုတ်ဟု သူ ထင်ခဲ့သည်။


သို့သော် ယခုတစ်ကြိမ်တွင် ယန်ကျင်းဇီသည် သူ့အမှားကို ဝန်ခံခြင်းမရှိပေ။ ဒါတင်မကဘဲ ယန်ကျင်းဇီကပဲ နေရာတိုင်းမှာ သူ့ကို မျက်နှာပျက်စေတယ်!


ပိုဆိုးတာက သူ ယန်ကျင်းဇီမပါဘဲ ဘာမှတကယ်လုပ်လို့မရတာပဲ!


အစိုးရအရာရှိများအနေဖြင့် သူ့မိဘများက သူ့ကို စိတ်ကြိုက်သုံးစွဲနိုင်ရန် ပိုက်ဆံအများကြီး မပေးနိုင်ပေ။ သူသည် စားသောက်၊ကစားခဲ့ဖူးပြီး ၎င်းတို့အားလုံးကို ပေးဆောင်ရန် ယန်ကျင်းဇီက တာဝန်ယူခဲ့သည်။


အခု ယန်ကျင်းဇီမရှိလို့ သူ cram school* ကိုတောင် မတက်နိုင်တော့ဘူး!


စနေ၊တနင်္ဂနွေနေ့များတွင် သူသည် မြင်းစီးလေ့ကျင့်ရန် သို့မဟုတ် ဂေါက်ကစားရန်၊ သို့မဟုတ် အပန်းဖြေရန် တခုခုသွားလေ့ရှိသော်လည်း ယခုအခါ ယန်ကျင်းဇီက သူ၏အသင်းဝင်ခြင်းကို တိုက်ရိုက်ရပ်ပစ်လိုက်သည်။


ယန်ကျင်းဇီက အရမ်းအများကြီးလုပ်ခဲ့တာ!


ထို့အပြင် ယခင်အပတ်က သူ့တွင် ကျောင်း၌ ဆိုးရွားသောအချိန် ရှိခဲ့သည်။


အခန်း ၁ နှင့် အခန်း ၂ တို့က ပြိုင်ဆိုင်နေကြပြီး သူက သူငယ်ချင်းတစ်ယောက်အပေါ် သစ္စာဖောက်မှုကြောင့် အခန်း ၁ မှ အခန်း ၂ သို့ ရုတ်တရက်‌ ရောက်သွားခဲ့၏။ အခန်း ၂ မှ ကျောင်းသားများသည် သူ့ကို မဖော်ရွေကြပေ။


နောက်ပြီး ဒါက သူ၏အထင်မှားခြင်းလား သူ မသိ။ အခန်း ၂ မှ သင်္ချာဆရာသည် ဆရာချန်လောက် ‌အသင်အပြမကောင်းဟု သူ အမြဲခံစားရသည်။


ထို့အပြင် ယန်ကျင်းဇီသည် ချန်အန်းရှိူ့ကို သူ့ရှေ့တွင် နေ့တိုင်း လိုက်ဖမ်းနေသေးသဖြင့် သူ့ကို ပို၍ပင် စိတ်မသက်မသာ ဖြစ်စေသည်။


အခြားသူများသည် ချန်အန်းရှိူ့က ယန်ကျင်းဇီကို မကြိုက်ဟု ထင်သော်လည်း ချန်အန်းရှိူ့က ယန်ကျင်းဇီကို တကယ်ကြိုက်ကြောင်း သူ သိသည်—ချန်အန်းရှိူ့က ယန်ကျင်းဇီအတွက် သီးသန့်စုပေးထားတဲ့ မှတ်စုတွေကို သူလည်း ကူးခဲ့ဖူးသည်!


အဲ့ဒါက ဒီလူနှစ်ယောက် လူတိုင်းရဲ့ရှေ့မှာ တကယ်ကြီး ချစ်ပြနေကြတာ!


တနင်္လာနေ့တွင် ကျွမ်းကောင်းဟန် ကျောင်းသွားသောအခါ ကျွမ်းကောင်းဟန်သည် စိတ်အခြေအနေမကောင်းနေဆဲ ဖြစ်သည်။ သူနှင့်ကျောင်းအတူသွားသော ဖူးကျီးက ဒါကို သတိပြုမိပြီး ပြောခဲ့သည် : " ကောင်းဟန်၊ စိတ်မပူနဲ့။ ယန်ကျင်းဇီကို သင်ခန်းစာပေးဖို့ ငါ မင်းကို ကူညီမယ်! "


ဖူးကျီးသည် ယန်ကျင်းဇီကို သင်ခန်းစာပေးရန် စီစဉ်နေပြီး သူ့အား ရိုက်နှက်ချင်ခဲ့သည်။


ဒါက ကျောင်းထဲမှာ လုပ်မရဘဲ ကျောင်းပြင်ပ၌သာ လုပ်၍ရတာဖြစ်သည်။ တချိန်လုံး အပြင်ထွက်လေ့ရှိသော ယန်ကျင်းဇီက ယခုအခါတွင် သက်တော်စောင့်တစ်ဦးနှင့် ကားမောင်းသမားက သူ့ကို နေ့တိုင်း လာခေါ်နေပြီးနောက် သူက အိမ်ပြန်ရောက်သည်နှင့် အိမ်ထဲမှာပဲ နေနေတော့သည်!


သူ လုပ်​ဖို့ အခွင့်​အ​ရေး​တောင်​ ရှာမရ​ဘူး!


" မဖြစ်ဘူး၊ ငါတို့က နှစ်အတော်ကြာအောင် သူငယ်ချင်းတွေဖြစ်ခဲ့တာ။ " ဟု ကျွမ်းကောင်းဟန်က ဆိုသည်။


'နှစ်ပေါင်းများစွာ သူငယ်ချင်းတွေ' လို့ ထည့်ပြောတော့ ဖူးကျီးက ပိုဒေါသဖြစ်သွားသည် : " သူက ငါတို့ကို သူငယ်ချင်းတွေလို လုံးဝ မဆက်ဆံဘူး! "


သူတို့စကားပြောနေတုန်း ဇိမ်ခံမှန်လုံကားတစ်စီးက ကျောင်းရှေ့တွင် ရပ်သွားပြီး ကျောင်းယူနီဖောင်းဝတ်ထားသော ယန်ကျင်းဇီက သူ့ကျောင်းလွယ်အိတ်နှင့် ဇိမ်ခံမှန်လုံကားပေါ်မှ ဆင်းလာသည်။


သူ့မျက်နှာတွင် သဘာဝအတိုင်း မောက်မာပြီး မထီမဲ့မြင်ပြုသော အကြည့်ရှိနေကာ သူတို့ကို မြင်လိုက်ရသဖြင့် ဤအကြည့်က ပို၍ပင် ထင်ရှားလာခဲ့သည် : " ငါ မင်းတို့ကို ကျောင်းတံခါးမှာ တွေ့မယ်လို့ မမျှော်လင့်ထားဘူး... "


" ဟမ့်! " ယန်ကျင်းဇီက သူ့စေတနာကို ပြဖို့ ဒီမှာရှိနေသည်ဟု ထင်သော ဖူးကျီးက အေးစက်စွာ နှာမှုတ်လိုက်သည်။


ရလဒ်ကတော့ ယန်ကျင်းဇီက ဆက်ပြောသည် : " ငါ့ကံက အရမ်းဆိုးနေတာပဲ! "


ဖူးကျီးက ယန်ကျင်းဇီကို ကြည့်လိုက်သောအခါ သူ့မျက်လုံးများက မီးတောက်သွားသည်။


ယန်ကျင်းဇီက မရပ်ဘဲ ဆက်ပြောသည် : " စကားမစပ် ကျွမ်းကောင်းဟန်၊ မင်းက ဒုတိယနေရာကိုရဖို့အတွက် ကျူတိုရီရယ်မျိုးစုံကို အားကိုးခဲ့ပေမယ့် ဒီတစ်ခါတော့ ငါက မင်းရဲ့အတန်းတွေအတွက် ပိုက်ဆံမသုံးတော့ဘူး။ မင်း မင်းရဲ့အဆင့်လေးကို မြဲအောင် ထိန်းထားနိုင်ပါ့မလား? "


ယန်ကျင်းဇီက အလွန်ကျယ်လောင်စွာပြောခဲ့ပြီး သူ ပြောသည်ကို ကြားလိုက်ရသော သူ့ဘေးနားမှ လူတိုင်း အံ့ဩသွားခဲ့ကြသည်။


ကျွမ်းကောင်းဟန်ရဲ့ကျူရှင်အတန်း၊ ယန်ကျင်းဇီက သူ့အတွက် ပိုက်ဆံပေးထားတာလား?


အားလုံးက တည်ငြိမ်မှုမရှိသော ကျွမ်းကောင်းဟန်၏ မျက်လုံးများကို ကြည့်နေကြသည်။


ကျွမ်းကောင်းဟန်၏မျက်နှာမှာလည်း ရုပ်ဆိုးလာသည် : " မင်း မင်းရဲ့အဆင့်တွေကိုပဲ စိတ်ဝင်စားသင့်တယ်! "


ယန်ကျင်းဇီက ပြောခဲ့သည် : " ငါ့အဆင့်တွေက အရမ်းကောင်းတယ်။ မင်း စိတ်ပူနေစရာမလိုဘူး။ အခုကစပြီး ဒုတိယနေရာက မင်းနေရာ မဟုတ်တော့ဘူး။ အဲ့ဒါ ငါ့နေရာဖြစ်သွားပြီ။ "


အနားမှလူများ : " ... " ယန်ကျင်းဇီက ပိုပိုပြီး စိတ်ကြီးဝင်လာတာပဲ!


တပတ်လောက်စာကျက်ပြီးတာနဲ့ သူ ဒုတိယရမယ်လို့ သူ တွေးနေတာလား?


ယန်ကျင်းဇီ၏ညီငယ်များသည် ပို၍ပင် ရှက်ကြသေးသည် : လွန်ခဲ့တဲ့ရက်အနည်းငယ်ကမှ သူတို့ဘော့စ် အလယ်တန်းကျောင်းက စာအုပ်တစ်အုပ် ဖတ်နေတုန်းလေ!


ကျွမ်းကောင်းဟန်သည် ဒေါသထွက်လွန်း၍ ရယ်သာရယ်လိုက်သည် : " မင်း ဒီလောက်အရှက်မဲ့လိမ့်မယ်လို့ ငါ မထင်ထားဘူး။ "


" ငါ ဘယ်တုန်းက အရှက်မဲ့လို့လဲ? ငါက အမြဲတမ်း အမှန်တရားကိုပြောရတာပဲ ကြိုက်တယ်။ " ယန်ကျင်းဇီက ဆက်ပြောသည် : "‌ စောင့်နေလိုက် ကျွမ်းကောင်းဟန်။ မင်းကို ငါ့ရဲ့ခြေထောက်အောက်မှာ နင်းချေပစ်မှာ အနှေးနဲ့အမြန်ပဲ။ "


ယန်ကျင်းဇီသည် စကားပြောပြီးသွားသည်နှင့် ကျွမ်းကောင်းဟန်အား တမင်တကာရန်စသောအပြုံးတစ်ခု ပြုံးပြကာ ထွက်သွားသည်။


မကြာသေးမီက သူသည် ကျွမ်းကောင်းဟန်ကို တမင်ရည်ရွယ်၍ ဒေါသထွက်စေကာ ကျွမ်းကောင်းဟန်၏အမုန်းတရားကို ဆွဲထုတ်ခဲ့သည်။


ကျွမ်းကောင်းဟန်၏နည်းလမ်းများသည် အတော်လေးအန္တရာယ်ရှိသည်။ ချန်အန်းရှိူ့ကို တိုက်ခိုက်မည့် ကျွမ်းကောင်းဟန်၏လှည့်စားမှုများကို သူ အနည်းငယ်ကြောက်သည်။ ဤကိစ္စတွင် သူသည် အမုန်းတရားကို သူ့အပေါ် ဆွဲတင်ထားသင့်သည်။


ထိုသို့ပြုခြင်းသည် ကျွမ်းကောင်းဟန်ကို ဒေါသထွက်စေပြီး သူ့ဒေါသကြောင့် တခုခု အမှားလုပ်နိုင်သည်။


ကျွမ်းကောင်းဟန်ကို ဒုက္ခပေးခဲ့သော ယန်ကျင်းဇီသည် အခန်း ၁၀ သို့ ပျော်ရွှင်စွာ ရောက်ရှိသွားပြီး လာမည့်လပတ်စာမေးပွဲတွင် ပါဝင်ဖြေဆိုရန် အဆင်သင့်ဖြစ်နေ၏။


အမှတ် ၁ အထက်တန်းကျောင်း၏ ပုံမှန်စာမေးပွဲစာရွက်များသည် အနည်းငယ်ပိုခက်ကာ လပတ်စာမေးပွဲများက ပို၍ပင် မေးခွန်းလှည့်ထားတတ်သည်။


သို့သော် မေးခွန်းများစွာသည် ချန်အန်းရှိူ့ သူ့ကို ပေးထားသော လေ့ကျင့်ခန်းစာရွက်မှ မေးခွန်းများနှင့် ဆင်တူသည်။


ချန်အန်းရှိူ့က အရမ်းတိကျတာပဲ!


ယန်ကျင်းဇီသည် မေးခွန်းများကို ‌လျင်မြန်စွာ ဖြေဆိုခဲ့ပြီး အများစုကို သူ ချောမွေ့စွာ ဖြေနိုင်ခဲ့သည်။ မူလပိုင်ရှင် သေချာနားမထောင်ခဲ့သော ဗဟုသုတအချက်များ ပါ‌သည့် မေးခွန်းအချို့ကိုတော့ သူ ပြန်တွေးကြည့်ကာ မှန်းဆပြီး အဖြေတစ်ခုထွက်လာရန် ကြိုးစားခဲ့သည်။


ဒါတင်မကပဲ သူ စာမေးပွဲဖြေသောအခါ သူက အလွန်အရှက်ကင်းပြီး ချန်အန်းရှိူ့၏လက်ရေးကို ယူသုံးခဲ့သည်။


မူလပိုင်ရှင်၏လက်ရေးသည် အလွန်စုတ်ကာ ချန်အန်းရှိူ့၏လက်ရေးသည် သပ်သပ်ရပ်ရပ်ဖြစ်ပြီး စာမေးပွဲများအတွက် အထူးသင့်လျော်သည်!


ထို့ပြင် ဆရာများက ချန်အန်းရှိူ့၏အဖြေလွှာကို မြင်လျှင် အမှတ်ပေးနေရင်း သူတို့ နည်းနည်းတော့ သတိလျော့သွားနိုင်သည် ...အဟမ်း!


သိတဲ့အတိုင်းပဲ သူ့သိပ္ပံဘာသာက ပြဿနာမဟုတ်တော့ပေမယ့် တရုတ်စာစီစာကုံးမှာတော့ ပြဿနာကြီးကြီးမားမားတွေ ရှိနေဆဲပဲ!


ဘာသာရပ်တစ်ခုအတွက် စာမေးပွဲပြီးသွားသည်နှင့်တပြိုင်နက် ထိုဘာသာရပ်၏ဆရာက အဖြေလွှာများကို စတင်စစ်ဆေးလိမ့်မည်။


အဖြေလွှာများကို စစ်ဆေးသောအခါ ကျောင်းသားများ၏နာမည်များသည် ဒွိဟဖြစ်စေသော်လည်း တရုတ်စာဆရာများကို မဆိုထားနှင့်၊ ဆရာများစွာသည် သူတို့နှစ်သက်သောကျောင်းသားများ၏ စာရွက်များကို မှတ်မိနိုင်ကြသည်။


ထို့ပြင် ချန်အန်းရှိူ့၏တရုတ်စာအဖြေလွှာများသည် စံအဖြေများကဲ့သို့ အမြဲရေးထားသောကြောင့် တရုတ်စာဆရာများအားလုံးနီးပါးက သူ့အဖြေလွှာများကို ဖတ်ဖူးကြပြီး သူ့လက်ရေးကို သိကြသည်။


ယနေ့တွင် တရုတ်စာဆရာတစ်ဦးက ပြောခဲ့သည် : " ချန်အန်းရှိူ့က အရင်ကဖြစ်ရပ်တွေကြောင့် ထိခိုက်သွားတာလား? သူ ဒီတရုတ်စာမေးပွဲမှာ အမှတ်တွေ အများကြီးလျော့သွားပြီး သူ့အရေးအသားကလည်း သွေဖယ်သွားတယ်။ ဒီတစ်ခေါက် သူ တရုတ်စာမှာ အမှတ်နည်းနည်းပဲ ရတယ်။ တကယ်ဆိုရင် သူ ဒီတစ်ခေါက်မှာ ပထမနေရာ ရနိုင်သေးလားဆိုတာ ငါ မသိတော့ဘူး။ "


" မဖြစ်နိုင်ဘူးနော်? ငါ ချန်အန်းရှိူ့ရဲ့အဖြေလွှာကို ခုနကမှ စစ်ထားတာ။ အရင်ကလိုမျိုး အမှတ်ပြည့်ပဲ။ " နောက်ဆရာတစ်ယောက်က ပြောသည်။


" မင်း သေချာရဲ့လား? ငါ့မှာ သူ့အဖြေလွှာ ရှိတယ်။ ဒါက ချန်အန်းရှိူ့ရဲ့လက်ရေးဆိုတာ သေချာတယ်။ "


" ငါ့မှာ သူ့အဖြေလွှာ ရှိတယ်။ ချန်အန်းရှိူ့ရဲ့လက်ရေးနဲ့တင်မဟုတ်ဘဲ အမှတ်လျှော့စရာလည်းမရှိဘူး! ငါ သူ့ကို စာစီစာကုံးအတွက် အမှတ်တစ်မှတ်တောင် ပိုပေးလိုက်သေးတယ်။ "


" ဒါဆို... ဘာတွေဖြစ်နေတာလဲ? "


ဆရာနှစ် ယောက် က တယောက် ကိုတယောက် ကြည့် လိုက်ပြီး ရုတ် တရက် တခုခုကို သတိထားမိလိုက်ကြသည် ။


ချန်အန်းရှိူ့က အမှတ်အများကြီး လျော့သွားသည်ဟု ပြောခဲ့သော ဆရာက သူ့မျက်နှာတွင် အံ့ဩနေသောအမူအရာဖြင့် အဖြေလွှာအား သူ့လက်ထဲတွင် ကိုင်ထားခဲ့သည် : " မဖြစ်နိုင်ဘူး။ ဒါက ယန်ကျင်းဇီရဲ့အဖြေလွှာလား? သူက ကောင်းကောင်းဖြေနိုင်တယ်ပေါ့? နေဦး၊ ငါက ချန်အန်းရှိူ့လို့ ထင်ခဲ့တာ။ ငါ သူ့ကို စာစီစာကုံးမှာ အမှတ်နည်းနည်ပဲ လျှော့မိလိုက်တယ်! မဖြစ်ဘူး၊ ငါ အမှတ်ထပ်လျှော့ဦးမယ်! "


ဆရာက အဖြေလွှာကို ချက်ချင်းပြန်စစ်ကာ ရုတ်တရက် ဂိုဂျီဘယ်ရီ ( wolfberry ) လက်ဖက်ရည်ထဲတွင် စိမ်ထားသော အမေရိကန်ဂျင်ဆင်းကို တစိမ့်စိမ့် သောက်နေသည့် ဆရာလျိုက ဖြေးညှင်းစွာ ပြောလာသည် : " ယန်ကျင်းဇီက အခုမှ စာကျက်ချင်လာာတာ။ ငါတို့ သူ့ကို တွန်းအားပေးသင့်တယ်... အမှတ်တွေပြန်မလျှော့နဲ့။ "


ဒါက ယုတ္တိရှိသည်။


ယန်ကျင်းဇီ စာမေးပွဲကို အလွန်ကောင်းမွန်စွာ ဖြေနိုင်ခဲ့သည်က မလွယ်ကူပေ။ သူတို့ သူ့ကို အမှတ်များ ပိုပေးသင့်သည်။


နောက်ဆုံးမှာတော့ တရုတ်စာဆရာက ယန်ကျင်းဇီအား လွှတ်ပေးလိုက်ရန် ဆုံးဖြတ်ခဲ့သည်။


ယခုအချိန်တွင် အခြားသော ဆရာများတွင်လည်း ပြဿနာအနည်းငယ်ရှိနေသည်။

____

*cram school - သီးခြားရည်မှန်းချက်များ အောင်မြင်ရန်၊ အများအားဖြင့် အထက်တန်းကျောင်းများ၊ သို့မဟုတ် တက္ကသိုလ်များ၏ ဝင်ခွင့်စာမေးပွဲများကို အောင်ရန် ကျောင်းသားများကို လေ့ကျင့်ပေးသော အထူးပြုကျောင်းတစ်ခုဖြစ်သည်။ ( source - wiki )


____