အပိုင်း ၂၉ ( Genius Slacker 12 )
Viewers 10k

သင်္ချာဆရာများသည် အဖြေလွှာများကို အမှတ်ခြစ်နေကြပြီဖြစ်ကာ သူတို့ အမှတ်ခြစ်နေကြရင်း ဆရာတစ်ယောက်က အံ့ဩနေသည် : " ဒီတစ်ခါ အဖြေလွှာတွေအကုန် ရောကုန်တာလား? ဘယ်လိုလုပ်ပြီး ချန်အန်းရှိူ့ရဲ့အဖြေလွှာက ပုံမှန်အတန်းစာရွက်တွေကြားထဲ ရောက်နေတာလဲ? "


" ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ၊ ဒါက စာမေးပွဲကြီးမဟုတ်တော့ ခုံတွေပြန်စီထားတာမျိုး မရှိဘူးလေ။ " နောက်သင်္ချာဆရာတစ်ဦးက ဆိုသည်။


သူတို့ကျောင်း၏ နှစ်ဝက်‌စာမေးပွဲများနှင့် ဖိုင်နယ်စာမေးပွဲများသည် ကျောင်းသားများအား မတူညီသောအတန်းများတွင် စာမေးပွဲဖြေဆိုရန် စီစဉ်သည်။ သို့သော် ဤကဲ့သို့သော ပုံမှန်လပတ်စာမေးပွဲများတွင် ထိုသို့မလုပ်ချေ။


" ဒါပေမယ့် ဒါက ချန်အန်းရှိူ့ရဲ့အဖြေလွှာအစစ်ပဲ... ချန်အန်းရှိူ့က အရမ်းအံ့ဩဖို့ကောင်းတယ်။ သူက သုံးနေကျ ပြဿနာဖြေရှင်းနည်းကို မသုံးဘဲ ဒီလိုမျိုး နောက်တစ်ခုနဲ့ ဖြေသွားတယ်! " သင်္ချာဆရာက ပြောခဲ့သည်။


ထိုစကားကိုကြားပြီးနောက် ဆရာများက သွားကြည့်ကြသည်။


သင်္ချာအဖြေလွှာပေါ်မှ လက်ရေးသည် အမှန်ပင် ချန်အန်းရှိူ့ထံမှ ဖြစ်သော်လည်း သူတို့ အနည်းငယ် ထူးဆန်းနေသည် — multiple-choice မေးခွန်းမှာ သူက အဖြေနှစ်ခုတောင် မှားဖြေထားတယ်!


နောက်ပိုင်း မေးခွန်းအပုဒ်ကြီးများအားလုံးကို မှန်သော်လည်း မေးခွန်းအပုဒ်ကြီးနှစ်ခုသည် သူတို့ သင်ပေးထားသည်ထက် ကွဲပြားစွာ ဖြေရှင်းခံထားရသည်။


" ချန်အန်းရှိူ့ အရင်က ပြိုင်ပွဲတစ်ခုဝင်ပြိုင်လိုက်သေးတယ်မလား? သူ ခက်တဲ့ပုစ္ဆာတွေကိုပဲ အာရုံစိုက်လိုက်လို့ အခြေခံတွေကို မေ့သွားပြီး မှားဖြေမိတာ ဖြစ်နိုင်လား? ကျန်တာကတော့... သူ မတူတဲ့ဖြေရှင်းနည်းကို သုံးချင်လို့များလား? " အဖြေလွှာကို အမှတ်ခြစ်နေသော ဆရာက အနည်းငယ် စိတ်ရှုပ်ထွေးနေသည်။ " လူအိုကြီးချန်း၊ မင်း ဒါကို ဂရုစိုက်ရမယ်။ ပုံမှန်ဆိုရင် မင်းရဲ့ကိုယ်ပိုင်မေးခွန်းတွေကို တွက်နေရင်း တခြားပုစ္ဆာဖြေရှင်းနည်းတွေကို စမ်းသပ်လို့ရတယ်။ စာမေးပွဲဖြေရင်တော့ ပိုစိတ်ချရတဲ့ပုစ္ဆာဖြေရှင်းနည်းကို သုံးတာက ပိုကောင်းတယ်။ "


အဖေချန်သည်လည်း အဖြေလွှာများကို ‌ဖတ်ကြည့်သော ဆရာများထဲတွင် ပါဝင်သည်။ ဤအဖြေလွှာကို သူ မြင်သောအခါ အချစ်ရေးကြောင့်များ သူ့သားက စာမေးပွဲကျပြီလားဟု တွေးမိကာ သူ့နှလုံးက ရုတ်တရက် အခုန်မြန်လာသည်။ သို့သော် သူ အဖြေလွှာများကို ထပ်ခါထပ်ခါ ကြည့်လိုက်သောအခါ သူ အကြောင်းအရင်းကို သိသွားခဲ့သည်။


ဒါပေမယ့် အကြောင်းအရင်းကလည်း တုန်လှုပ်စရာကောင်းလွန်းလှ‌သည်။


အဖေချန်က ပြောလိုက်သည် : " ဒါက အန်းရှိူ့ရဲ့အဖြေလွှာ မဟုတ်ဘူး။ "


" တကယ်လား? " အဖြေလွှာကို စစ်နေသော ဆရာက ပြောခဲ့သည်။


အဖေချန်က မေးသည် : " ဘယ်သူ အခန်း ၁ နဲ့ အခန်း ၂ က အဖြေလွှာတွေကို စစ်ပြီးပြီလဲ? "


မကြာခင်မှာပဲ ဆရာတစ်ယောက်က သူ အခန်း ၁ နှင့် အခန်း ၂ တို့အတွက် အဖြေလွှာများကို စစ်ဆေးပြီးပြီဟု ပြောလာခဲ့သည်။ အဖေချန်က လှန်လှောကြည့်လိုက်ပြီး သူ့သား၏အဖြေလွှာကို အမှတ်မခြစ်ရသေးသည်ကို ရှာတွေ့သွားသည်။ သူသည် အခြားဆရာတစ်ယောက်ကို ချက်ချင်းစစ်ပေးရန် တောင်းဆိုခဲ့သည်။


အဖြေလွှာများသည် အမြန်စစ်ဆေးခံလိုက်ရကာ အမှတ်ပြည့် ဖြစ်၏။


အဖေချန်သည် သင်္ချာဆရာတစ်ယောက် ဖြစ်ပြီး အမှတ် ၁ အထက်တန်းကျောင်းတွင် အတော်ဆုံးသင်္ချာဆရာ ဖြစ်သည်။ သူသည် သင်္ချာဘာသာရပ်ကို အမှန်တကယ် နှစ်သက်သောကြောင့် ချန်အန်းရှိူ့ ငယ်စဉ်ကတည်းကပင် သူသည် ကြိုးကြိုးစားစားဖြင့် ချန်အန်းရှိူ့၏ ယုတ္တိတွေးခေါ်မှုကို ပျိုးထောင်ပေးခဲ့သည်။


ချန်အန်းရှိူ့သည် တရုတ်စာလုံးအားလုံးကိုပင် မမှတ်မိသေးဘဲ အဖေချန်နှင့်အတူ သင်္ချာပုစ္ဆာမျိုးစုံကို စတင်တွက်ချက်နေပြီဖြစ်သည်။ တကယ်တော့ သူသည် အလယ်တန်း တတိယနှစ် တက်နေစဉ်တွင် အထက်တန်းကျောင်းသားစီနီယာတစ်ဦး၏အဆင့်တွင် ရှိနေခဲ့ပြီး သူ သင်္ချာဘာသာရပ်ကို လေ့လာခဲ့သော နှစ်နှစ်တာကာလအတွင်း သူသည် သင်္ချာ၏ ယှဉ်ပြိုင်မှုကဏ္ဍကို သင်ယူခဲ့၏။


သင်္ချာစာမေးပွဲတွင် အမှတ်ပြည့်ရခြင်းသည် သူ့အတွက် အထူးအဆန်းမဟုတ်ပေ။


သူတို့ရှေ့မှ အဖြေလွှာစာရွက်သည် ချန်အန်းရှိူ့ ပိုင်မှန်း သံသယဖြစ်စရာမရှိ။


တခြားအဖြေလွှာကို ဘယ်သူပိုင်သလဲ ဆိုတာကတော့...


" အဲ့အဖြေလွှာက ယန်ကျင်းဇီစီကလား? "


" အရင်စာမေးပွဲတွေတုန်းက မေးခွန်းအပုဒ်ကြီးတွေကို ယန်ကျင်းဇီက အမြဲတမ်း ကျော်ချသွားပေမယ့် ဒီတစ်ခါတော့ သူက အကုန်လုံးကို ဖြေခဲ့တယ်ပေါ့? "


" ယန်ကျင်းဇီရဲ့အမှတ်တွေ အရမ်းကောင်းတယ်ဆိုရင် သူက ဘာလို့ အရင်စာမေးပွဲတွေတုန်းက အကြိမ်တိုင်း ဘိတ်ချီးဖြစ်နေတာလဲ? "



လူတိုင်း အဖြေရှာမတွေ့ကြပေ။


ဒါပေမယ့် တစ်ခုတော့ သေချာသည်။ ယန်ကျင်းဇီက ဤတစ်ကြိမ်တွင် သင်္ချာဘာသာရပ်၌ အလွန်ကောင်းမွန်သောအလုပ်ကို ဆောင်ရွက်ခဲ့သည်။


တရုတ်စာဆရာများ၊ သင်္ချာဆရာများနှင့် နှိုင်းယှဉ်ပါက အခြားဆရာများသည် ယန်ကျင်းဇီ၏အဖြေလွှာများကို ချန်အန်းရှိူ့၏အဖြေလွှာများဟု အထင်မမှားခဲ့ကြချေ။


ဘာကြောင့်လဲဆိုတော့ တရုတ်စာဆရာနှင့် သင်္ချာဆရာက အခြားဆရာများအား သူတို့ အမှတ်ခြစ်နေစဉ် ကြုံတွေ့ခဲ့ရသော အခြေအနေကို ပြောပြပြီးသွား၍ ဖြစ်သည်။


ဆရာများသည် 'အချင်းချင်းထံမှ သင်ယူခြင်း' ဟူသော စိတ်ဆန္ဒရှိနေ‌ကြဆဲဖြစ်၏။ သို့သော် ထိုသို့ဆိုလျှင်တောင်မှ ယန်ကျင်းဇီ၏အဖြေလွှာများကို ဆရာများမှ ယူဆောင်သွားကာ ဖြန့်ဝေနေဆဲပင်။


ကျောင်းသားဆိုးလေးက ရုတ်တရက် အမှတ်ကောင်းကောင်းများကို ရသွားခြင်းသည် တကယ်အံ့ဩစရာကောင်းလွန်းလှသည်။


" ယန်ကျင်းဇီက မဆိုးပါဘူး။ သူက ရူပဗေဒဘာသာရပ်မှာ တော်တော်ထူးချွန်တယ်။ သူ အထက်တန်းကျောင်းမှာ ရူပဗေဒကို သေသေချာချာ မလုပ်ခဲ့တာ သိသာတယ်။ အဲ့တာကြောင့် သူက ရူပဗေဒပုစ္ဆာတွေကို အလယ်တန်းကျောင်းကအသိပညာကို သုံးပြီး ဖြေရှင်းခဲ့တယ်။ "


" သူက ဓာတုဗေဒ ဘာသာရပ်မှာလည်း ကောင်းကောင်းလုပ်ခဲ့ပါတယ်။ ဒါပေမယ့် ဒီမေးခွန်းက ဘာအကြောင်း ရေးထားတာလဲ? ဒီလက်တွေ့စမ်းသပ်ချက်ကို သူ ပြီးခဲ့တဲ့စာသင်နှစ်ဝက်မှာ လုပ်ခဲ့တယ်လေ။ သူ လုံးဝနားမထောင်ခဲ့ဘူးလား? လက်တွေ့စမ်းသပ်ချက်တစ်ခုလုံးကို ရွှီးရေးသွားတယ်။ "


" အခန်း ၁၀ မှာတောင် သူက အင်္ဂလိပ်စာနောက်ဆုံးမေးခွန်းကို မှားဖြေတဲ့ တစ်ဦးတည်းသောသူပဲ။ "



ယန်ကျင်းဇီ၏အဖြေလွှာတွင် ပြဿနာများစွာ ရှိသေးသည်။ အချို့မှာ ဆရာများကို ဖတ်ရခက်စေသော ကိုးရိုးကားယားအမှားများ ဖြစ်သည်။


ဒါတောင်မှ သူက စာမေးပွဲတွင် ကောင်းမွန်စွာဖြေဆိုနိုင်ခဲ့သည်။


ယခင်အတိတ်မှာတုန်းက စာမေးပွဲစာရွက်များပေါ်တွင် ကွက်လပ်ကြီးများ အမြဲရှိနေခဲ့ပြီး ယန်ကျင်းဇီက စာမေးပွဲဖြေချိန်အတွင်း အမြဲအိပ်လေ့ရှိသည်။ ယခုတော့ ဘာသာရပ်တစ်ခုချင်းစီ၏ ရလဒ်များက တော်တော်လေး ကောင်းမွန်သည်။


ဤလပတ်စာမေးပွဲသည် မကြာသေးမီက သင်ကြားခဲ့ရသော တစုံတခုကိုသာ အခြေခံထားပြီး စစ်မေးကာ အသိပညာများစွာ မပါဝင်သော်လည်း ဤကဲ့သို့အဆင့်တစ်ခု သူ ရနိုင်သည် ဟူသော အချက်က သူ အသုံးမကျသူ မဟုတ်ကြောင်း ပြသနေသည်။


စာမေးပွဲအပြီးတွင် ဆရာများက အမှတ်များကို ဖြည့်သွင်းပြီး အမှတ်များကို အဆင့်သတ်မှတ်သည်။


အဆင့်စာရင်း ထွက်လာသောအခါ ဆရာများက ထပ်ပြီး စိတ်ရှုပ်ထွေးသွားကြသည်။


ဆရာတစ်ယောက်က ပြောသည် : " အကယ်၍ ယန်ကျင်းဇီက ကြိုးစားပြီး အခန်း ၁ ကို ဝင်ချင်သေးတယ်ဆိုရင်တော့ အဲ့ဒါက ဖြစ်နိုင်သေးတယ်... "


အတန်းတစ်တန်းတွင် ကျောင်းသား ၈၀၀ ခန့် ရှိပြီး သိပ္ပံကျောင်းသား ၅၀၀ ကျော် ရှိသည်။ ကျောင်းသားတွေထဲမှာ ယန်ကျင်းဇီက အဆင့် ၁၈၉!


မယုံနိုင်စရာပဲ!


မင်းတို့သိတဲ့အတိုင်း သူ အခန်း ၁ မှ ထွက်သွားတာ တစ်ပတ်လောက်သာ ရှိသေးကာ ပြီးခဲ့သည့်လက သူ့အဆင့်သည် နောက်ဆုံးဖြစ်သည်။


" ဒါဆို ဒီယန်ကျင်းဇီက ဉာဏ်ကြီးရှင် ဖြစ်နေတာလား? "


" သူ ဒါကို တစ်ပတ်အတွင်း သင်ယူနိုင်တယ်။ အကယ်၍ သူ ကြိုးစားမယ်ဆိုရင် ချန်အန်းရှိူ့နဲ့ ပြိုင်နိုင်မှာလား? "


" ချမ်းသာတဲ့မိသားစုက ကလေးတွေ ဘာတွေးလဲ ငါ တကယ်နားမလည်နိုင်ဘူး။ ဒီ IQ နဲ့ သူက အမြဲတမ်း ဘိတ်ချီးဖြစ်နေတာ၊ သူ မျက်နှာမလိုချင်ဘူးလား? "



ထိုအချိန်တွင် တစုံတဦးက ပြောလာသည် : " သူက ချမ်းသာတယ်။ သူ့မျက်နှာကို ဂရုမစိုက်ဘူး။ တစ်တန်းလုံးမှာ ဘိတ်ချီးရတယ်ဆိုရင်တောင်မှ သူ့မှာ နောက်လိုက်ငယ်တွေ အုပ်စုလိုက် ရှိသေးတယ်။ "


တကယ်ကျိူးကြောင်းဆီလျော်တယ်ဟ!


ယန်ကျင်းဇီသည် စာမေးပွဲတွင် ရလဒ်ကောင်း ရခဲ့သော်လည်း သူက စာခိုးချခဲ့သည် သို့မဟုတ် စာမေးပွဲစာရွက်ကို ကြိုသိသည်ဟု ဆရာတစ်ယောက်မှ မထင်ခဲ့ကြပေ။


ဤစာမေးပွဲတွင် ဘာသာရပ်တစ်ခုစီအတွက် စာမေးပွဲစာရွက်များကို သက်ဆိုင်ရာဆရာများက စီမံထားသဖြင့် ယန်ကျင်းဇီသည် ဘာသာရပ်တစ်ခုအတွက် စာမေးပွဲစာရွက်များကို ရယူနိုင်သည်ဆိုလျှင်တောင်မှ ဘာသာရပ်အားလုံးအတွက် စာမေးပွဲစာရွက်အားလုံးကို သူ ရနိုင်မည်မဟုတ်ပေ။


စာခိုးချဖို့အတွက်ကျတော့လည်း... သူက အခန်း ၁၀ မှ ဖြစ်သည်။


သူ့လက်ရှိအမှတ်တွေနဲ့ဆိုရင် သူ ကျန်တဲ့သူ့အတန်းဖော်တွေကို အထင်သေးလို့‌တောင်ရနေပြီ!


ဟုတ်တာပေါ့၊ ပိုအရေးကြီးတာက ယန်ကျင်းဇီ အဖြေများကို မှားဖြေပုံနှင့် မေးခွန်းများကို ဖြေဆိုပုံတို့သည် ခိုးချထားခြင်းမဟုတ်ကြောင်း သိသာနေသည်။


သူသည် လတ်တလော ဗဟုသုတအချက်အလက်များကို သင်ယူနိုင်ခဲ့သော်လည်း အခြေခံအုတ်မြစ်သည် ဆိုးရွားလွန်းသဖြင့် သူသည် အခြေခံမေးခွန်းများတွင် အမှားလုပ်ခဲ့သည်။


အဖေချန်သည် ယန်ကျင်းဇီ၏အဖြေလွှာများကို ကြည့်ကာ သူ့စိတ်များ ရှုပ်ထွေးနေသည်။


သူသည် ယခင်က ယန်ကျင်းဇီအပေါ်၌ လွန်စွာ အားထုတ်ခဲ့သော်လည်း ယန်ကျင်းဇီ၏အဆင့်များမှာ တိုးတက်မလာခဲ့ချေ။ ယခု... တစ်ပတ်အတွင်းမှာပဲ သူ့အဆင့်က အရမ်းတိုးတက်လာတာလား?


" ဒီကလေးကို ကြည့်ရတာ သူ အခန်း ၁ ကို တက်ဖို့ စိတ်ပိုင်းဖြတ်ထားပုံရတယ်။ လူအိုကြီးချန်၊ မင်းရဲ့‌တရုတ်ဂေါ်ဖီထုပ်ကို ဝက်တစ်ကောင်က ပစ်မှတ်ထားနေတယ်.... " တရုတ်စာသင်သော ဆရာလျိုက ဖန်ပုလင်းကို ကိုင်ထားခဲ့ပြီး အဖေချန်အား သက်ပြင်းတစ်ချက်ချရင်း ကြည့်လာသည်။


အဖေချန်က သူ့လုပ်ဖော်ကိုင်ဖက်ကို ရုတ်တရက် လှမ်းကြည့်လိုက်သည်။


ဆရာလျိုက ထပ်ပြောခဲ့သည် : " မင်းမှာ နည်းလမ်းရှိရင် မင်း မင်းရဲ့ဂေါ်ဖီထုပ်ကို မြန်မြန်ဖွက်ထားလိုက်တော့။ "


အဖေချန်သည် အမူအရာကင်းမဲ့နေသည်။ သူလည်း သူ့ဂေါ်ဖီထုပ်ကို ဖွက်ထားချင်ပေမယ့် သူ့ဂေါ်ဖီထုပ်က ခြေတံရှည်ရှည်တွေ ရှိနေပြီး အမြဲတမ်း ထွက်ပြေးချင်နေတာ!


လပတ်စာမေးပွဲ ဖြေဆိုသောညတွင် ယန်ကျင်းဇီ အိမ်ပြန်ရောက်သောအခါ သူ အလွန်စိတ်ကောင်းဝင်နေခဲ့သည်။


အဖေယန်နှင့်အမေယန်တို့ အိမ်တွင် စောင့်နေသည်မှာ အတော်ကြာပြီဖြစ်သည်။ သူ့သားကို တွေ့တော့ သူက ချက်ချင်းမေးလိုက်သည် : " ကျင်းဇီ စာမေးပွဲအခြေအနေ ဘယ်လိုလဲ? "


ယန်ကျင်းဇီက ဖြေခဲ့သည် : " ကျွန်တော် စာမေးပွဲမှာ ကောင်းကောင်းဖြေခဲ့တယ်။ ကျွန်တော် ဒီအရှိန်ကို ဆက်ထိန်းထားနိုင်မယ်ဆိုရင် အနှေးနဲ့အမြန် ကျွန်တော် ဒုတိယနေရာကို ရလိမ့်မယ်လို့ ကျွန်တော် ထင်တယ်။ "


အဖေယန်နှင့်အမေယန်တို့သည် သူတို့၏သားဖြစ်သူအား ဉာဏ်ကြီးရှင်တစ်ယောက်အဖြစ် အသိအမှတ်ပြုခဲ့ပြီး သူတို့ သူ့ကို ချီးကျူးသောအခါတွင် လုံးဝ ရှက်ရွံ့ခြင်း မရှိခဲ့ကြသော်လည်း ယခု သူတို့၏သားဖြစ်သူက ထိုကဲ့သို့ပြောသည်ကို ကြားလိုက်ရရာ သူတို့ ဘာကြောင့်မှန်းမသိဘဲ အပြစ်ရှိသလို ခံစားရသည်။


သူတို့သားလေးရဲ့ ကိုယ့်ကိုယ်ကိုယုံကြည်မှုက အရမ်းကောင်းလွန်းနေလား?


ကလေးက စာမေးပွဲမှာ တော်ရုံတန်ရုံ အမှတ်တွေ ရခဲ့မယ်ဆိုရင် ဝမ်းနည်းသွားမှာမဟုတ်လား?


အဖေယန်သည် သူ့သား အလွန်စိတ်ဓာတ်ကျသွားမည်ကို စိုးရိမ်သွားပြီး ချက်ချင်းပြောလိုက်သည် : " အဖေ မင်းကို ယုံတယ်! ဒါပေမယ့် မင်း အရမ်းကြီး အလုပ်ကြိုးစားစရာမလိုပါဘူး။ အဖေတို့က ချမ်းသာတယ်။ အဖေတို့က အဆင့်တွေနဲ့ပတ်သက်ပြီး ဂရုမစိုက်ဘူး။ "


ယန်ကျင်းဇီ : " ... " မူလပိုင်ရှင်က အရမ်းအလိုလိုက်ခံထားရတာပဲ!


ထိုည၌ ယန်ကျင်းဇီသည် သူ့ချစ်သူကောင်လေးနှင့် တိတ်တဆိတ် video chat ခေါ်ခဲ့သည်။


Video chat ခေါ်နေစဉ်အတောအတွင်း သူက ကင်မရာကို မကြာခဏ နှုတ်ခမ်းစူပြီး ပြောသည် : " အန်းရှိူ့၊ ကိုယ် ဒီစာမေးပွဲအတွက် အရမ်းကြိုးစားခဲ့တယ်။ ကိုယ့်အဆင့်တွေ တက်လာရင် မင်း ကိုယ့်ကို ဆုပေးလို့ရမလား? "


" မင်း ဘာဆုလိုချင်လဲ? " ချန်အန်းရှိူ့က မေးခဲ့သည်။


" ကိုယ် အဆင့်တစ်ဆင့်တိုးရင် မင်း ကိုယ့်ကို တစ်ခါနမ်းရမယ်။ အကယ်၍ ကိုယ် အဆင့်တစ်ရာတိုးခဲ့မယ်ဆိုရင် မင်း ကိုယ့်ကို အကြိမ်တစ်ရာ နမ်းရမယ်။ " ယန်ကျင်းဇီက ဖြေလိုက်သည်။


ချန်အန်းရှိူ့ : " ... " နေရာတိုင်းလိုလိုမှာ အနမ်းတွေကို ပါဝင်ပတ်သက်‌ခိုင်းနေတာကို သူ့ကောင်လေးက ရပ်နိုင်ပါ့မလား?


" ကိုယ် ဒီဆုလေးကိုတောင် မရဘူးဆိုရင် ကိုယ့်မှာ စာကျက်ဖို့ မိုတီရှိတော့မှာမဟုတ်ဘူး။ " ယန်ကျင်းဇီက ဆက်ပြောခဲ့သည်။


" ကောင်းပြီ။ " ချန်အန်းရှိူ့က သဘောတူလိုက်သည်။


ယန်ကျင်းဇီ : " ဒါဆို ဒါကို အတည်ပြုလိုက်ပြီနော်။ အရင်ကထက် ကိုယ် အဆင့်နေရာနည်းနည်း‌ပိုတိုးလာတဲ့အကြိမ်တိုင်း မင်း ကိုယ့်ကို အနမ်းလေးတွေ ပေးရမယ်။ "


ချန်အန်းရှိူ့ ခေါင်းညိတ်ပြီး သ‌ဘောတူလိုက်သည်။ အတန်းတွင် စုစုပေါင်း လူရာဂဏန်းမျှသာ ရှိပြီး အများဆုံး အနမ်းအကြိမ်ရာဂဏန်း အုပ်စုအတွဲလိုက်အထိသာ ပေါင်းထည့်ရမည်မှာ သေချာသဖြင့် သဘောတူရန် အဆင်ပြေသည်။


ယန်ကျင်းဇီသည် ချန်အန်းရှိူ့နှင့် သူ့ video chat အား အဆုံးသတ်လိုက်ပြီး ချက်ချင်း စာစ‌ကျက်တော့သည်။ ချန်အန်းရှိူ့ကတော့... သူက သူ့အဖေစီ သွားခဲ့သည်။


" အဖေ၊ ယန်ကျင်းဇီရဲ့အဆင့်? "


အဖေချန်၏မျက်နှာသည် အေးစက်နေပြီး မပြောချင်ခဲ့ပေ : " မင်း မနက်ဖြန် သိရလိမ့်မယ်။ "


ချန်အန်းရှိူ့က ခေါင်းညိတ်ပြပြီး အခန်းထဲသို့ ပြန်ဝင်လာခဲ့သည်။


သူ့အဖေရဲ့သဘောထားအရ... ယန်ကျင်းဇီ စာမေးပွဲတွင် ကောင်းကောင်းဖြေခဲ့လိမ့်မည်။


ယန်ကျင်းဇီက စာမေးပွဲမှာ ကောင်းကောင်းဖြေခဲ့ရုံသာမက သူက အရမ်းကောင်းကောင်းကို ဖြေခဲ့တာလေ!

ဘိတ်ချီးက ရုတ်တရက်ကြီး ထိပ်ဆုံးနှစ်ရာကို ဝင်သွားပြီ!


အမှတ် ၁ အထက်တန်းကျောင်းတွင် များသောအားဖြင့် စာမေးပွဲများစွာရှိပြီး ကျောင်းရှိ ကျောင်းသားအားလုံး၏ အဆင့်များကို လူသိရှင်ကြား ထုတ်ပြန်မည် မဟုတ်သော်လည်း ထိပ်ဆုံးအယောက်နှစ်ရာကိုတော့ လူသိရှင်ကြား ထုတ်ပြန်လိမ့်မည်။


အဆုံးမှာတော့ ဒါက ဂုဏ်ကျက်သရေ ဖြစ်သည်။


အမှတ် ၁ အထက်တန်းကျောင်းတွင် လစ်ဘရယ်အနုပညာပဲဖြစ်ဖြစ်၊ သိပ္ပံပညာပဲဖြစ်ဖြစ် သင် ထိပ်ဆုံးအယောက်နှစ်ရာကို ဝင်နိုင်သရွေ့ အဓိကတက္ကသိုလ်ကြီးများတွင် သင် တက်ရောက်နိုင်ပြီဆိုသည်ကို လူတိုင်း သိကြသည်။


ဘယ်လိုပဲဖြစ်ဖြစ် ယနေ့ ထိပ်ဆုံးအယောက်နှစ်ရာ ဂုဏ်ပြုစာရင်းမှာတော့ လူတိုင်းကို မယုံနိုင်လောက်အောင် ခံစားရစေသော ပုဂ္ဂိုလ်တစ်ယောက် ရှိနေသည်။


ယန်ကျင်းဇီက တကယ်ပဲ ထိပ်ဆုံးနှစ်ရာကို ရောက်လာတာလား? သူတို့ စိတ်အာရုံချောက်ခြားနေတာများလား?


" ကျောင်းမှာ ယန်ကျင်းဇီ နှစ်ယောက် ရှိတာလား? "


" ယန်ကျင်းဇီက အမြဲတမ်း နောက်ဆုံးပဲလို့ ငါ ကြားခဲ့တယ်... "


" ဘာတွေဖြစ်နေတာလဲ? အကယ်၍ သူ တိုးတက်နိုင်တယ်ဆိုရင်တောင်မှ အောက်ဆုံးကနေ ထိပ်ဆုံးနှစ်ရာအထိ ရုတ်တရက် တက်မလာနိုင်လောက်ဘူးမလား? "



လက်ရေးနှင့်ရေးထားသော ဂုဏ်ပြုစာရင်းကို ထုတ်ပြန်ပြီးသည်နှင့်တပြိုင်နက် ထိုအကြောင်းကို ပြောနေကြသော လူအုပ်အား ဆွဲဆောင်ခဲ့ပြီး ထို့နောက် ချန်အန်းရှိူ့ ရောက်လာသည်ကို သူတို့ တွေ့လိုက်ရသည်။


ချန်အန်းရှိူ့သည် ကျွမ်းကောင်းဟန်၏ရလဒ်များကို ကြည့်ရန် ဤနေရာသို့ ရောက်လာခြင်းဖြစ်သည်။ ယန်ကျင်းဇီသည် သူ့ရှေ့တွင် ကျွမ်းကောင်းဟန်၏မကောင်းကြောင်းကို အမြဲပြောလေ့ရှိသည်။ ဒါက သူ့ကို ကျွမ်းကောင်းဟန်အား ရလဒ်ဆိုးဆိုး ရစေချင်ခဲ့သည်။


‌သူ စာရင်းကို ကြည့်လိုက်သောအခါ ကျွမ်းကောင်းဟန်က အမှန်တကယ် စာမေးပွဲရလဒ်ဆိုးနေသည်ကို သူ တွေ့လိုက်ရ၏။


သူက နေရာတော်တော်များများကိုတောင်မှ တခါတည်း ပြုတ်ကျသွားပြီး ဒီတစ်ခါမှာ သူက ဆဋ္ဌမနေရာကိုသာ ရခဲ့သည်။


တကယ်တော့ စာမေးပွဲသာ မေးခွန်းနယ်ပယ် နည်းနည်းလေးပိုကျယ်ပြန့်ခဲ့မယ်ဆိုရင် ကျွမ်းကောင်းဟန်က နေရာတော်တော်များများကို ကျဆင်းသွားမှာမဟုတ်ပေမယ့် လပတ်စာမေးပွဲက နောက်ဆုံးလ၏သင်ခန်းစာအကြောင်းအရာကိုသာ စစ်ဆေးသည်။


လွန်ခဲ့သောတစ်ပတ်က ကျွမ်းကောင်းဟန်သည် ချန်အန်းရှိူ့ကို သင်ခန်းစာပေးချင်နေခဲ့ပြီး သူ့စာလေ့လာမှု‌အပေါ် သိပ်အာရုံမစိုက်ခဲ့ပေ။ ဤအပတ်တွင် သူသည် အခြေအနေအလွန်မကောင်းဘဲ စာမေးပွဲများမဖြေခင် သူ အားနည်းသောနေရာများအတွက် ပြန်သင်ပေးမည့် ကျူရှင်ဆရာကလည်း မရှိသေးသည်ကို ထည့်ပြောစရာပင်မလို...


ဆဋ္ဌမနေရာကို ရတာက တကယ့်ကို ပုံမှန်ပါပဲ။


ချန်အန်းရှိူ့သည် ကျွမ်းကောင်းဟန် ဆဋ္ဌမနေရာကိုသာ ရရှိခဲ့သည်ကို မြင်ပြီး အနည်းငယ်ပျော်ရွှင်သွားသည်။ သူ ထွက်သွားခါနီး သူ ယန်ကျင်းဇီ၏နာမည်ကို သူ ကြားလိုက်သည်။


သူ အံ့အားသင့်သွားပြီးနောက် စာရင်း၏အဆုံးနားတွင် သူ ယန်ကျင်းဇီ၏နာမည်ကို ရှာတွေ့သွားသည်။


ယန်ကျင်းဇီက တကယ်ကြီး ထိပ်ဆုံးအယောက်နှစ်ရာထဲ ဝင်လာတာလား?!


အနီးရှိလူများသည် ချန်အန်းရှိူ့ ယန်ကျင်းဇီ၏နာမည်ကို စိုက်ကြည့်နေသည်ကို တွေ့သွားကြသည်။


ယန်ကျင်းဇီက ရုတ်တရက် စာမေးပွဲကို အရမ်းကောင်းကောင်းဖြေခဲ့သည်။ ချန်အန်းရှိူ့ အရမ်းဒေါသထွက်သွားတာလား?


ချန်အန်းရှိူ့ ဒေါသအရမ်းထွက်နေလိမ့်မည်ဟု လူတိုင်း ထင်နေကြသော်လည်း တကယ်တော့...


ယခုအခါ၌ ချန်အန်းရှိူ့ အတွေးအနည်းငယ်များနေသည်။ ယန်ကျင်းဇီသည် စာမေးပွဲတွင် အလွန်ကောင်းမွန်စွာ ဖြေဆိုခဲ့ပြီး သူ့အဆင့်ကို ၃၀၀ ကျော် မြှင့်တင်ခဲ့သည်။ အဲ့ဒါဆို... သူ ယန်ကျင်းဇီကို အကြိမ် ၃၀၀ နမ်းရမယ်ပေါ့?!


ချန်အန်းရှိူ့ သူ့အနမ်းများကို ယန်ကျင်းဇီစီသို့ မည်သည့်အချိန်တွင် မည်သို့ခွဲပေးရမည်အား စတင်စဉ်းစားနေစဉ် ကျွမ်းကောင်းဟန်လည်း ရောက်လာခဲ့သည်။


ကျွမ်းကောင်းဟန် ရောက်ရှိလာသည်နှင့်တပြိုင်နက် သူ့အဆင့်များ ဆုတ်ယုတ်သွားသည်ကို တွေ့လိုက်ရသည်။ သူသည် ခဏတာ စိတ်မသက်မသာခံစားရပြီး သူ့မျက်နှာပျက်သွားသည်ဟု ခံစားလိုက်ရ၏။


လူတိုင်းက သူ့စွမ်းဆောင်ရည် ကျဆင်းသွားတာကို တွေ့ရင် သူ့ကို ဝိုင်းရယ်ကြလိမ့်မယ်!


ဒါ‌ကိုတွေးရင်း သူ သူ့ပတ်ဝန်းကျင်က လူများကို လှည့်ကြည့်လိုက်သည်။ ထိုအခါမှသာလျှင် ဘယ်သူမှ သူ့ကို သတိမပြုမိမှန်း သူ သတိထားမိသွားသည်။


ယန်ကျင်းဇီ၏ရလဒ်များသည် အံ့ဩဖွယ်ကောင်းသည်။ ကျွမ်းကောင်းဟန်ကို အာရုံစိုက်ဖို့ ဘယ်သူ့မှာ အချိန်ရှိလို့လဲ?


ထို့ကြောင့် ကျွမ်းကောင်းဟန်ကို မည်သူမျှ အမှန်တကယ် မရယ်မောခဲ့ချေ။


ဒါပေမယ့် လျစ်လျူရှူခံရတာက ပိုလို့တောင် စိတ်မသက်မသာဖြစ်စေသည်။ အထူးသဖြင့် ယန်ကျင်းဇီက ချက်ချင်း အများကြီးတိုးတက်လာတဲ့အခါမှာပေါ့!


ကျွမ်းကောင်းဟန်သည် သူ့လက်သီးများကို တိတ်တဆိတ် ဆုပ်လိုက်ပြီး ဤအချိန်တွင် ညီငယ်တစ်စုနှင့်အတူ လမ်းလျှောက်နေသော ယန်ကျင်းဇီသည်လည်း ရောက်လာခဲ့သည်။