အပိုင်း ၃၀ ( Genius Slacker 13 )
Viewers 10k

ယန်ကျင်းဇီသည် ချန်အန်းရှိူ့၏အောင်မြင်မှုများကို ကြည့်ရှုရန် လာခဲ့သည်။


အခုနောက်ပိုင်း သူ ချန်အန်းရှိူ့ကို အပူကပ်နေသော်လည်း ချန်အန်းရှိူ့သည် သူနှင့်ရင်းနှီးပြီးနောက် အမြဲတမ်း စာလေ့လာသည့်စိတ်အခြေအနေအဖြစ် လျင်မြန်စွာ ပြောင်းသွားလေ့ရှိသဖြင့် ချန်အန်းရှိူ့၏အဆင့်များ ကျသွားမည်မဟုတ်ကြောင်း သူ ယုံကြည်သည်။


ဒါပေမယ့် သူ့ရည်းစားလေးက တစ်တန်းလုံးမှာ ပထမနေရာကို ရထားသည်မို့ သူ တချက်လောက်တော့ လာကြည့်ရပေမည်။


သူကိုယ်တိုင်ကတော့... ယန်ကျင်းဇီက သူ ‌စာမေးပွဲမှာ ကောင်းကောင်းဖြေခဲ့တယ်လို့ အမြဲပြောလေ့ရှိသော်လည်း သူ ထိပ်ဆုံးအယောက်နှစ်ရာထဲ ဝင်လိမ့်မည်ဟုတော့ သူ မထင်ပေ။ သူ လုံးဝ တွေးမထား‌ခဲ့ဘူး။


ရလဒ်များထုတ်ပြန်ထားသောနေရာသို့ သူ ရောက်သောအခါ ယန်ကျင်းဇီသည် အဝေးမှ ချန်အန်းရှိူ့ကို လှမ်းမြင်ကာ သူ့မျက်ဝန်းများ တောက်ပလာသည် : " အန်းရှိူ့! "


ချန်အန်းရှိူ့သည် အသံကြောင့် လှည့်ကြည့်လိုက်ပြီး မသိစိတ်က ယန်ကျင်းဇီစီသို့ လျှောက်သွားချင်ခဲ့သော်လည်း ခြေတစ်လှမ်းလှမ်းပြီးနောက် ဒါက မှားနေမှန်း သူ သတိထားမိသွားကာ ပြန်လှည့်ထွက်သွားသည်။


သူ အခု တကယ်ပျော်နေသည်။


အရင်တုန်းက ယန်ကျင်းဇီသည် အခန်း ၁ ကို ပြန်ဝင်မည်ဟု ပြောခဲ့ဖူးသည်။ သူ ယန်ကျင်းဇီကို အမြဲအားပေးခဲ့သော်လည်း ယန်ကျင်းဇီ လုပ်နိုင်လိမ့်မည်ဟု သူ မထင်ခဲ့ပေ။ အဆုံးမှာတော့ ယန်ကျင်းဇီတွင် ညံ့ဖျင်းသောအခြေခံရှိပြီး သူက 'အနမ်း'အကြောင်းကို အမြဲတွေးနေလေ့ရှိသည်။ ထို့အပြင် သူက စာသင်ကြားသည့်အပေါ်လည်း လုံးဝအာရုံစိုက်ခြင်းမရှိချေ။


ထို့အတွက်ကြောင့် သူသည် အမှန်တကယ်ပင် အလွန်စိုးရိမ်နေခဲ့သည်။


သူ ယန်ကျင်းဇီကို သူနှင့်အတူတူ တက္ကသိုလ်တစ်ခုတည်း တက်ဖို့ မမျှော်လင့်ထားသော်လည်း ယန်ကျင်းဇီသာ သာမန်တက္ကသိုလ်တစ်ခုကိုပင် မတက်နိုင်ခဲ့လျှင် သူ့မိဘတွေက သူ့ကို နိုင်ငံခြားပို့ပစ်မှာမလား?


ယခင်က ယန်ကျင်းဇီသည် သူ အနာဂတ်မှာ နိုင်ငံခြားသွားမည့်အကြောင်း အမြဲပြောနေသည်ကို လူတိုင်း သိသည်!


သူ အနည်းငယ်စိတ်ပူပန်နေသဖြင့် သူ ယန်ကျင်းဇီအတွက် ဗဟုသုတအချက်များကို စုစည်းပြီး လေ့ကျင့်ခန်းအချို့ကိုလည်း ပြင်ဆင်ပေးခဲ့သည်။ သို့သော် သူ့အဖေက စနေ၊တနင်္ဂနွေနေ့များတွင် သူ အပြင်မထွက်အောင် သူ့ကို စောင့်ကြည့်နေသဖြင့် သူ ယန်ကျင်းဇီ ပုစ္ဆာများကို ဖြေရှင်းနေသည်အား မစောင့်ကြည့်နိုင်ခဲ့ပေ။ ယန်ကျင်းဇီ မည်မျှသင်ယူပြီးပြီမှန်း သူ မသိဘူး။


ရလဒ်ကတော့ ယန်ကျင်းဇီက သူ့ကို အံ့သြသွားစေတာပဲ!


ယခုလေးတင် ချန်အန်းရှိူ့သည် ပျော်လွန်း၍ ယန်ကျင်းဇီကို ပွေ့ဖက်ပေးရန် အပြေးအလွှားသွားခါနီးအထိ ဖြစ်သွားကာ သူတို့ဆက်ဆံရေးကို လူသိခံ၍မဖြစ်မှန်း သူ ရုတ်တရက် သတိရမိသွားသောကြောင့် သူ့ကိုယ်သူ ထိန်းပြီး အမြန်ထွက်လာခဲ့သည်။


အကယ်၍ သူ ယန်ကျင်းဇီနဲ့ ‌အတူထပ်ရှိနေဦးမည်ဆိုလျှင် သူ သူ့တည်ငြိမ်မှု ပျောက်သွားမှာကို ‌ကြောက်သည်။


ချန်အန်းရှိူ့သည် အိမ်သာသို့ တိုက်ရိုက်သွားလိုက်ပြီးနောက် သူ့ဖုန်းကိုထုတ်ကာ ယန်ကျင်းဇီစီ မက်ဆေ့ခ်ျတစ်စောင် ပို့ခဲ့သည်။


"ဂုဏ်ပြုစာရင်း"၏ရှေ့တွင် ထိုကျောင်းသားများသည် သူ ထွက်ပြေးသွားသည်အား စောင့်ကြည့်နေခဲ့ကြ၏။ သူတို့က သူ ယန်ကျင်းဇီမှ ပုန်းအောင်းရန်ကြိုးစားနေသည်ဟု ထင်ခဲ့နေကြသည်— ကြည့်ရတာ ချန်အန်းရှိူ့က ယန်ကျင်းဇီကို တကယ်ကြောက်ပုံပေါ်သည်။ ယန်ကျင်းဇီက သူ့ကို ခေါ်ရုံပဲရှိသေး၊ သူက ချက်ချင်းထွက်ပြေးသွားတယ်!


ယန်ကျင်းဇီ၏ညီငယ်များသည် တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ သူတို့၏ဘော့စ်အား အနည်းငယ်သနားနေကြသည်။


ချန်အန်းရှိူ့က သူတို့ဘော့စ်ကို အရမ်းကြောက်နေတော့ သူတို့ဘော့စ် ချန်အန်းရှိူ့ကို အမိဖမ်းဖို့က လွယ်မှာမဟုတ်ဘူး!


သူတို့ဘော့စ်က ပြုံးနေသေးသည်။ ဒါက... အတင်းလုပ်ပြုံးထားတာမလား?


ယန်ကျင်းဇီက အတင်းပြုံးပြတာမဟုတ်ဘဲ သူက ယခုအခါ၌ တကယ်ပျော်နေသည်။


ချန်အန်းရှိူ့က အရမ်းချစ်စရာကောင်းတယ်!


ခုနလေးတင် ချန်အန်းရှိူ့က သူ့ရင်ခွင်ထဲကို ပြေးဝင်ချင်နေခဲ့တာမလား? ချန်အန်းရှိူ့က အရမ်းရှက်နေတာ နှမြောစရာပဲ။


ယန်ကျင်းဇီသည် ဂုဏ်ပြုစာရင်းကို ပျော်ရွှင်စွာဖြင့် ကြည့်လိုက်သည်။


ချန်အန်းရှိူ့ရဲ့နာမည်က ပထမနေရာမှာ ချိတ်ထားတယ်၊ အရမ်းမိုက်တယ်!


ကျွမ်းကောင်းဟန်က ဆဋ္ဌမနေရာအထိ ကျသွားတယ်၊ ပိုတောင်ကောင်းသွားသေးတယ်!


ယန်ကျင်းဇီ ချန်အန်းရှိူ့၏နာမည်ကို ကြည့်လေလေ၊ သူ့ခံစားချက်များ ပိုကောင်းလာလေလေ။ ဤအချိန်တွင် ယန်ကျင်းဇီ၏ညီငယ်က ပြောခဲ့သည် : " ဘော့စ်က စာရင်းထဲမှာ ပါလာတယ်! ဘော့စ်က စာရင်းထဲမှာ ပါလာတယ်! "


ဤညီငယ်လေး၏ အသံသည် အံ့သြမှုကြောင့် ပြောင်းသွားသည်။


ယန်ကျင်းဇီသည် ထိုစကားကို ကြားပြီး မေးလိုက်သည် : " ဘယ်မှာလဲ? ဘယ်မှာလဲ? ငါ့ကိုပြ။ "


ကောင်ငယ်လေးများသည် ဂုဏ်ပြုစာရင်းအောက်က နာမည်ကို ထောက်ပြပြီး သူ့ကိုပြကာ ဝိုင်းပြောကြသည် : " ဘော့စ်၊ မင်း တကယ်ကြီး ၁၈၉ ရတယ်! " သူတို့ဘော့စ်၏စွမ်းဆောင်ရည်က သူတို့ထက် တကယ်ကြီး ပိုကောင်းသည်!


အိုး၊ သူတို့တွေထဲမှာ သူတို့ဘော့စ်ထက် အဆင့်ပိုကောင်းတဲ့သူ ရှိသေးတယ်။ ယွီလိမင်က ၇၀ ကျော်တယ်!


ယန်ကျင်းဇီက ထိပ်ဆုံးနှစ်ရာမှာ သူ့ကိုယ်သူ မြင်ရသည်ကို အံ့ဩသွားသော်လည်း သူ ပိုပျော်သွားတာတော့ ကျိန်းသေသည် : " ငါ ဒီတစ်ခေါက် စာမေးပွဲမှာ အရမ်းကောင်းကောင်းဖြေနိုင်ခဲ့တယ်လို့ ငါ မင်းတို့ကို ပြောခဲ့ပါတယ်။ ကံ‌မကောင်းစွာနဲ့ပဲ အဆင့်က နည်းနည်းနိမ့်နေတော့ ချန်အန်းရှိူ့နဲ့ နည်းနည်းဝေးနေသေးတယ်... ငါ ဆက်ကြိုးစားပြီး တစ်တန်းလုံးမှာ ဒုတိယနေရာဖြစ်လာအောင် ကြိုးပမ်းသွားမယ်! " 


" ဘော့စ်က အရမ်းကြိုးစားချင်စိတ်ကောင်းတာပဲ! "


" ဘော့စ်၊ မင်း လုပ်နိုင်တယ်! "


" ဘော့စ် ကြိုးစားထား!"



ယန်ကျင်းဇီ၏ညီငယ်လေးများက ယန်ကျင်းဇီကို အားပေးကြသည်။


ယန်ကျင်းဇီ၏ညီငယ်လေးများမဟုတ်သော ကျောင်းသားများသည် ယန်ကျင်းဇီ ကြီးကြီးကျယ်ကျယ် ပြောနေသည်ဟု ခံစားလိုက်ရသည်။


ခဏ၊ ယန်ကျင်းဇီက မလိုအပ်ဘဲ ကြီးကြီးကျယ်ကျယ် ပြောနေမှာမဟုတ်ဘူး။


သူတို့ထဲကတချို့ဆို ယန်ကျင်းဇီလောက်တောင် မတော်ဘူး!


ယန်ကျင်းဇီ အရင်တုန်းက အဆင့်ဆိုးဆိုးကြီးတွေ ရနေတာ၊ တကယ်က သူ ဟန်ဆောင်နေတာသက်သက် ဖြစ်နိုင်လား? အမှန်က သူ ဖွက်ထားပြီး သူတို့ကို ထိတ်လန့်သွားအောင်လုပ်ဖို့ စောင့်နေတာလား?


ဘယ်လိုအကြောင်းကြောင့်ပဲဖြစ်ပါစေ၊ ဤအချိန်တွင် လူတော်တော်များများ ယန်ကျင်းဇီကို ကြည့်သောအခါ သူတို့၏မျက်ဝန်းများထဲ၌ လေးစားမှုများ ရှိနေသည်။


ကျွမ်းကောင်းဟန်သာလျှင် လျင်မြန်စွာ ပေါက်ကွဲသွားသည်။


ပထမတော့ ယန်ကျင်းဇီ ချန်အန်းရှိူ့ကို နှုတ်ဆက်တာကို သူ မြင်တော့ ချန်အန်းရှိူ့က နောက်ပြန်လှည့်မကြည့်ဘဲ ထွက်သွားသောအခါ သူ အနည်းငယ် ဝမ်းသာသွားသည်။


ယခင်က သူ လုပ်ခဲ့သောအရာများသည် ချန်အန်းရှိူ့အပေါ်တွင် သက်ရောက်မှုမရှိခဲ့သော်လည်း ချန်အန်းရှိူ့သည် ယန်ကျင်းဇီအပေါ်တွင် ထင်မြင်ချက်တစ်ခုရှိမည်မှာ သေချာပြီး သူတို့နှစ်ယောက် လမ်းခွဲသွားနိုင်သည်။


အကယ်၍ သူသာ ချန်အန်းရှိူ့ဖြစ်ပြီး သူ့ချစ်သူက သူ့နောက်ကွယ်မှာ သူ့အကြောင်းတွေပြောနေတယ်လို့ တွေးကြည့်လိုက်မယ်ဆိုရင် သူ သူ့ချစ်သူကို သတ်ပစ်ချင်စိတ်ရှိနေမှာကိုတောင် သူ ကြောက်မိတယ်!


ဤရက်ပိုင်းများအတွင်း ယန်ကျင်းဇီသည် ချန်အန်းရှိူ့၏နောက်ကို လိုက်နေသော်လည်း ချန်အန်းရှိူ့က သူ့ကို လုံးဝဂရုမစိုက်ဘဲ သူတို့နှစ်ယောက် လမ်းခွဲခါနီးဖြစ်နေလောက်သည်။


သို့သော် ကျွမ်းကောင်းဟန်သည် ခဏတာမျှသာ ပျော်ရွှင်သွားပြီး ယန်ကျင်းဇီကိုသာ လူတိုင်းက အာရုံစိုက်နေကာ ဘယ်သူမှ သူ့ကို အာရုံမစိုက်ကြောင်း ချက်ချင်းဆိုသလို သူ သဘောပေါက်နားလည်သွားသည်။


" ယန်ကျင်းဇီ၊ မင်း စာခိုးချခဲ့တာလား? "


ကျွမ်းကောင်းဟန်သည် ယန်ကျင်းဇီကို ကြည့်လိုက်သည် : " အဆင့်အတုတစ်ခုရတာ စိတ်ဝင်စားဖို့ကောင်းလား? "


ယန်ကျင်းဇီ ကောင်းကောင်းလုပ်နိုင်မည်ဟု သူ မယုံပေ။ ယန်ကျင်းဇီ စာခိုးချခဲ့တာပဲဖြစ်ရမယ်!


အခြားသူများက ယန်ကျင်းဇီအကြောင်း အများကြီးမသိကြသော်လည်း သူက သိသည်။ ယန်ကျင်းဇီက သူ့သင်ခန်းစာများနှင့်ပတ်သက်လာလျှင် စိတ်ပါလက်ပါရှိသည့်အချိန်မှာ ဘယ်တုန်းကမှမရှိခဲ့ချေ။ ယန်ကျင်းဇီက စာအများကြီးမကျက်ဖူးဘူးလို့တောင် ပြောလို့ရတယ်!


" ငါ ဘယ်တုန်းက စာခိုးချလို့လဲ? မင်း ပါးစပ်ကိုဖွင့်လိုက်ရုံနဲ့ လူတွေကို လျှောက်စွပ်စွဲနေလို့မရဘူး။ " ယန်ကျင်းဇီက ဆက်ပြောသည် : " မင်း ပထမဆုံးလုပ်ရမှာက မင်းကိုယ်မင်း ဂရုစိုက်ဖို့ပဲ။ ကြည့်လေ၊ ငါ မင်းအတွက် ငှားပေးထားတဲ့ နာမည်ကြီးကျူရှင်ဆရာ မရှိတော့ မင်း နေရာတော်တော်များများကို ချက်ချင်းပြုတ်ကျသွားပြီ... ငါ မင်းကို ကျော်တက်ဖို့ သိပ်မကြာတော့ဘူး။ "


" မင်းက ငါ့ကိုလည်း ကျော်တက်ချင်တယ်ပေါ့? " ကျွမ်းကောင်းဟန်က လှောင်ရယ်ရယ်သည်။


" ဘာလို့ ငါက မင်းကို မကျော်နိုင်ရမှာလဲ? " ယန်ကျင်းဇီက အောင်ပွဲခံနေသယောင် ပျော်မြူးစွာပြုံးခဲ့သည် : " ငါက အမြဲတမ်း ထက်မြက်နေတော့ အရင်က စာမကြိုးစားခဲ့ရုံလေးကို။ "


ကျွမ်းကောင်းဟန်သည် ယန်ကျင်းဇီထံ၌ ထိုကဲ့သို့ ထူထဲသောမျက်နှာရှိမည်ဟု မမျှော်လင့်ထားပေ။


သူ ယန်ကျင်းဇီနှင့် အနိုင်မခံအရှူံးမပေး ပြိုင်ပြောသောအခါ သူ အသာစီးရနိုင်မည်မဟုတ်မှန်း သူ ကောင်းကောင်းသိသည်... ကျွမ်းကောင်းဟန် လှည့်ထွက်သွားသည်။


ယန်ကျင်းဇီက သူ ထွက်သွားတာကို စောင့်နေခဲ့ပြီး ဂုဏ်ပြုစာရင်းကို ဓာတ်ပုံရိုက်ရန် သူ့လက်ကိုင်ဖုန်းကို ထုတ်လိုက်သည်။


သူနဲ့ချန်အန်းရှိူ့က ပထမဆုံးအကြိမ် တူညီတဲ့ဘောင်အတွင်းမှာ ရှိနေတာ၊ အဲ့ဒါကြောင့် သူ ဓာတ်ပုံရိုက်ကိုရိုက်ထားရမယ်!


ဓာတ်ပုံရိုက်ပြီး‌သွားသောအခါ ယန်ကျင်းဇီသည် သူ့အဖေစီ ဓာတ်ပုံကိုပို့လိုက်၏။


တချိန်တည်းမှာပဲ ချန်အန်းရှိူ့ သူ့စီပို့ထားသော မက်ဆေ့ချ်ကိုလည်း သူ တွေ့သွားသည်။


ချန်အန်းရှိူ့ထံမှ မက်ဆေ့ခ်ျတစ်ခုသာ ရှိသည် : "နေ့ခင်း မင်းရဲ့ကာယချိန်မှာ စာဖတ်ခန်းကို လာခဲ့။"


ဒီမက်ဆေ့ခ်ျကိုမြင်လိုက်ရတော့ ယန်ကျင်းဇီရဲ့စိတ်က ပိုတောင်ကောင်းလာသေးတယ်!


မက်ဆေ့ခ်ျက အချက်အလက်များစွာကို ဖော်ပြနေသည်။


ပထမဆုံးအချက်က ချန်အန်းရှိူ့ သူ့အချိန်ဇယားကို သိသည်... ချန်အန်းရှိူ့က အခန်း ၁၀ မှ မဟုတ်သော်လည်း အခန်း ၁၀ မှ အချိန်ဇယားကို သိနေသည်။ အဲ့ဒါက သူ့အတွက် သီးသန့်ဖြစ်နေတာမို့လို့ သူက မှတ်ထားတာပဲ!


ဒုတိယအချက်ကတော့... ချန်အန်းရှိူ့က အတူတွေ့ဖို့ အစပြုခဲသည်။ ဒီတစ်ခါ သူက ချိန်းဆိုမှုတစ်ခုကို တိုက်ရိုက်ပြင်ဆင်ထားတာ... ဒါက သူ့ကို အနမ်း ၃၀၀ ကျော် ပေးဖို့မလား?


ယန်ကျင်းဇီ၏ညီငယ်များသည် သူတို့ဘော့စ်၏ ယုတ်မာသောအပြုံးသည် ယခုအခါ အနည်းငယ်... ရူးနှမ်းနေသယောင် ဖြစ်လာကြောင်း ရုတ်တရက် တွေ့သွားကြသည်။


" ယန်ကျင်းဇီ၊ မင်း မင်းရဲ့ဖုန်းကို ကျောင်းယူလာပြန်ပြီ! " ချန်အန်းရှိူ့၏အဒေါ်ဖြစ်သူ အသံက ထပ်မံထွက်ပေါ်လာသည်။


ယန်ကျင်းဇီ၏အမူအရာ ပြောင်းလဲသွားပြီးနောက် သူက ထွက်ပြေးသွားသည်။ သူက ပြေးနေရင်း သူ့ပုံမှန်ဖုန်းကို ဖွက်လိုက်ကာ အပိုဖုန်းကို ထုတ်လိုက်ပြီး သူ့လက်ထဲတွင် ကိုင်ထားလိုက်သည်။


အမှတ် ၁ အထက်တန်းကျောင်းတွင် မိုဘိုင်းလ်ဖုန်းများကို ခွင့်မပြုထားပေ။ ဖမ်းမိပါက သိမ်းသွားမည်ဖြစ်ပြီး ထို့နောက် ဆရာများက ဖုန်းများကိုလာယူရန် မိဘများထံ ဖုန်းဆက်အကြောင်းကြားမည်ဖြစ်သည်။


ဒါပေမယ့် သူ မကြောက်ဘူး။


ယန်ကျင်းဇီကို အခန်း ၁၀ စာသင်ခန်းထဲတွင် ဖမ်းမိခဲ့ပြီး ဆရာမက သူ့အပိုဖုန်းကို သိမ်းသွားသည်။


ထိုကဲ့သို့သော အပိုမိုဘိုင်းလ်ဖုန်းများစွာကို သူ ပြင်ဆင်ထားခဲ့သည်။ ဆရာမက ၎င်းတို့အားလုံးကို သိမ်းသွားသောအခါ သူ သူ့အဖေကို လာယူခိုင်းလိုက်မည်...


ဆရာမ ထွက်သွားသောအခါ ယန်ကျင်းဇီသည် ချန်အန်းရှိူ့အား စာပြန်ပို့ရန် သူ၏ပုံမှန်မိုဘိုင်းလ်ဖုန်းကို တည်ငြိမ်စွာဖြင့် အေးအေးဆေးဆေး ထုတ်ယူလိုက်သည်။


ယန်ကျင်းဇီ၏ညီငယ်များ : ဘော့စ်ကတော့ တကယ့်ဘော့စ်အစစ်ပါပဲ!


ယနေ့ အတန်းထဲတွင် ယန်ကျင်းဇီသည် ဘာသာရပ် အသီးသီးမှ ဆရာများစီက ချီးမွမ်းခြင်း ခံရသည်။


ကျောင်းသားကောင်းများ စာသေချာလုပ်လျှင် လူများသည် ပုံမှန်ဟု ယူ‌ဆသော်လည်း ကျောင်းသားဆိုးများ စာသေချာလုပ်လျှင်တော့ သူတို့က ထင်သည်မှာ အံ့ဩစရာကောင်းလိုက်တာနော်!


အခြားတစ်ဖက်မှာတော့ ယန်ကျင်းဇီက ချီးမွမ်းမှုများကို တည်ငြိမ်အေးဆေးစွာ လက်ခံရယူလိုက်ပြီးနောက် ပထမနှစ်ဖတ်စာအုပ်ကို စဖတ်တော့သည်။


မူလပိုင်ရှင်သည် ယခင်က စာလေ့လာရသည်ကို မကြိုက်ခဲ့သော်လည်း အဆုံးမှာတော့ မူလတန်းနှင့်အလယ်တန်းကို အကောင်းဆုံးကိုယ်ပိုင်ကျောင်းတွင် တက်ခဲ့သဖြင့် သူ၏အသိပညာများမှာ အခြေခိုင်နေဆဲဖြစ်သည်။


တတိယတန်းအထိ အင်္ဂလိပ်စာ မသင်ပေးသော သာမန်အစိုးရမူလတန်းကျောင်းများကို မမေ့သင့်ပေ။ ဆင်းရဲသော ဒေသများရှိ အချို့သောကျောင်းများတွင် ကျောင်းသားအနည်းငယ်သာ ရှိပြီး အင်္ဂလိပ်စာဆရာများကို မခန့်နိုင်သဖြင့် ထိုနေရာများမှ ကျောင်းသားများသည် မူလတန်းကျောင်းတွင် အင်္ဂလိပ်စာသင်ခန်းစာများကို မသင်ခဲ့ရချေ။


ယန်ကျင်းဇီကတော့ ကွဲပြားသည်။ သူ မူကြိုတက်နေသည့်အချိန်မှစ တချိန်လုံး သူ့တွင် နိုင်ငံခြားဆရာတစ်ယောက် ရှိခဲ့သည်။


စကားပြောလေ့ကျင့်မှုများစွာ လိုအပ်သောကြောင့် သူ့တွင် ပထမတန်းမှစ၍ နေ့စဉ်နေ့တိုင်း အင်္ဂလိပ်စာသင်တန်းချိန် ရှိခဲ့၏။ ဒါတင်မက သူ အင်္ဂလိပ်စာသင်တန်းတက်သည့် အကြိမ်တိုင်း လူအယောက်သုံးဆယ်သာရှိရမည့် အတန်းက မတူညီသောအင်္ဂလိပ်ဆရာသုံးဦးဖြင့် အတန်းသုံးတန်း ခွဲသွားမည်ဖြစ်သည်!


မူလပိုင်ရှင် အာရုံမစိုက်ခဲ့လျှင်တောင်မှ ဤနည်းဖြင့် သူက တစ်ခုခုတော့ သင်ယူနေခဲ့ဆဲဖြစ်သည်။ သူက အလယ်တန်းကျောင်း တတိယနှစ်တွင် အပိုအတန်းများကိုပင် တက်ခဲ့သေးသည်။


ယန်ကျင်းဇီသည် ယခုအခါ မူလတန်းနှင့်အလယ်တန်း အသိပညာများကို ပြန်လည်လေ့လာခြင်းအား ပြီးလုနီးပါးဖြစ်ကာ အထက်တန်းကျောင်းစာများကို စတင်လေ့လာတော့မည်ဖြစ်သည်။


သေချာတာပေါ့၊ သူက နေ့ခင်း PE အတန်းမှာ သူ ခွင့်ယူဖို့ ဆရာ့ကို မေးရန် မမေ့ပေ။ ထို့နောက် သူက စာဖတ်ခန်းကို တိတ်တိတ်လေး ပြေးသွားသည်။


ချန်အန်းရှိူ့ကဲ့သို့သော ကျောင်းသားကောင်းတစ်ယောက်အတွက် အတန်းချိန်တစ်ချိန်၊နှစ်ချိန်လောက် ပျက်ကွက်ခွင့်ယူရန် အတော်လေးလွယ်သည်။ ယန်ကျင်းဇီ ဝင်သွားသောအခါ၌ သူက ရောက်နေပြီဖြစ်၏။


သူ့ကိုမြင်သောအခါ ချန်အန်းရှိူ့က စကားမပြော‌ပေ။ သူ့ကို တိတ်တဆိတ်ကြည့်နေကာ ထိုမျက်ဝန်းများထဲတွင် ယန်ကျင်းဇီတစ်ယောက်တည်းသာ ရှိနေခဲ့သည်။


ယန်ကျင်းဇီက ရှေ့ကိုတိုးပြီး ချန်အန်းရှိူ့ကို နမ်းလိုက်သည် : " ကိုယ့်ကိုအားပေးဖို့ မင်း ကိုယ့်ကို ဒီကိုလာခိုင်းတာလား? "


ချန်အန်းရှိူ့ ခေါင်းညိတ်လိုက်သည်။


ယန်ကျင်းဇီသည် သူ့ရှေ့တွင်ထိုင်လိုက်ကာ သူ့နှုတ်ခမ်းကို လက်ညှိုးဖြင့်ထိုးပြသည် : " ကိုယ်စောင့်နေတယ်၊ လာ! "


ယန်ကျင်းဇီက တကယ်ချောတယ်... ချန်အန်းရှိူ့ သူ့ကို နမ်းလိုက်၏။


အနမ်းများစွာပေးပြီးနောက် ယန်ကျင်းဇီက ရုတ်တရက် ပြောလာသည် : " ကျစ်၊ ကိုယ် အကြိမ်ရေထားဖို့ မေ့သွားပုံရတယ်။ "


ချန်အန်းရှိူ့ : " ... "


" အစကနေ ပြန်ရေကြတာပေါ့။ "


ချန်အန်းရှိူ့သည် သူ့မျက်နှာကို အေးတိအေးစက်ပုံစံ ဆက်လက်ထိန်းသိမ်းထားလျှင်တောင်မှ သူသည် သူ့မျက်နှာနီရဲရဲကို မဖုံးကွယ်နိုင်ခဲ့ချေ။ သူက ယန်ကျင်းဇီကို မျက်စောင်းခဲလိုက်သည်။ " ငါ ရေထားတယ်။ ငါ နမ်းတာ ရှစ်ဆယ့်သုံးကြိမ် ရှိပြီ! "


တကယ်တော့ သူ မရေထားပေ။ ဒါပေမယ့် သူ နမ်းတာ တော်တော်များများနေပြီ။ အနမ်း ၁၀၀ ကျော်လောက်တော့ ရှိနေလောက်ပြီမလား?!


" အိုကေ " ယန်ကျင်းဇီ စိတ်ပျက်သွားဟန်ဆောင်ကာ ပြောလိုက်သည် : " ဒါဆို ဆက်နမ်းပါ။ "


ချန်အန်းရှိူ့ သူ့ကို စိုက်ကြည့်နေသောပုံစံက ချန်အန်းရှိူ့ သူ့ကို မျက်စိမှိတ်ပြနေသလိုပင်။


ထို့အပြင်... အမှန်တော့ ချန်အန်းရှိူ့က သူ့ကို အကြိမ်ပေါင်း တစ်ရာငါးဆယ့်သုံးကြိမ် နမ်းပြီးသွားပြီဖြစ်သည်။


သူတို့နမ်းနေသည့်အနမ်းမျိုးက နှုတ်ခမ်းချင်းထိကပ်သော အနမ်းမျိုးသာဖြစ်၏။ ထိုထက်ပိုရင်းနှီးသည့်အပြုအမူများကို သူတို့ မလုပ်ရသေးသော်လည်း ချန်အန်းရှိူ့၏ နောက်ဆုံးအနမ်းကို ရောက်လာသောအခါ ယန်ကျင်းဇီက သူ့နှုတ်ခမ်းကို ဖွင့်ပြီး ချန်အန်းရှိူ့ကို ပွေ့ဖက်လိုက်သည်...


ချန်အန်းရှိူ့ စာဖတ်ခန်းမှ ထွက်သွားသောအခါ သူ့မျက်နှာသည် ပြုံးပြုံးရွှင်ရွှင်နှင့် အားအပြည့်ဖြစ်နေခဲ့သည်။


သူသည် ယန်ကျင်းဇီ၏နောက်ထပ်စာလေ့လာမှုအစီအစဉ်အကြောင်းကို ယန်ကျင်းဇီနှင့် ဆွေးနွေးချင်ခဲ့ပြီး ထို့နောက် ယန်ကျင်းဇီ၏အဖြေလွှာများကိုလည်း တချက်လောက်ကြည့်ချင်ခဲ့၏။ သို့သော်ငြား အတန်းချိန်တစ်ချိန်ပြီးသွားသည့်အထိ ဘာမှမပြောလိုက်ရပေ။


ထားလိုက်ပါတော့၊ ပထမဆုံးအနေနဲ့ သူ ယန်ကျင်းဇီကို ကူညီပြီး နှစ်ဝက်စာသင်ကာလအတွက် သူတို့ရဲ့သင်ခန်းစာတွေကို စုစည်းပေးရမယ်။ ပြီးတော့ ယန်ကျင်းဇီအတွက် လေ့ကျင့်ခန်းပုစ္ဆာတွေကိုလည်း ထုတ်ပေးရမယ်!


ချန်အန်းရှိူ့သည် သန့်ရှင်းရေးလုပ်ရန် စာသင်ခန်းသို့ ပြန်သွားခဲ့ပြီး ယန်ကျင်းဇီက စာလေ့လာရန် စာသင်ခန်းသို့ ပြန်သွားခဲ့သည်။


ကာယပညာအတန်းကို သွားတက်သော အခန်း ၁၀ မှ ကျောင်းသားများ စာသင်ခန်းသို့ ပြန်ရောက်လာကြသောအခါ ယန်ကျင်းဇီ မျက်နှာနီနီနှင့် စာအုပ်တစ်အုပ်ဖတ်နေသည်ကို သူတို့ တွေ့လိုက်ရသည်။


" ဘော့စ် PE ချိန်ကနေ ခွင့်ယူသွားတယ်။ စာဖတ်ချင်လို့ အခန်းထဲပြန်သွားတာလား? " ယန်ကျင်းဇီ၏ညီငယ်တစ်ယောက်က မေးခဲ့သည်။


" ဟုတ်တယ်! " ယန်ကျင်းဇီက ဖြေလိုက်သည်။


" ဘော့စ်က တကယ်အလုပ်ကြိုးစားတာပဲ! " သူ့ဘော့စ်က စာဖတ်နေသော်လည်း နွေဦးအချစ်ထဲ ရောက်နေသလိုဖြစ်နေဆဲပုံပေါ်သည်မှာ အံ့ဩစရာကောင်းလှသည်။


" ဒါပေါ့၊ ချန်အန်းရှိူ့အတွက် ငါ ကြိုးစားရမယ်။ " ယန်ကျင်းဇီက ပြောလိုက်သည်။


ညီငယ်လေး : " ... " ချန်အန်းရှိူ့က သူ့ဘော့စ်ကို ဂရုမစိုက်တာ သိသာသည်... နောင်တွင် သူ့ဘော့စ်က အချစ်ကို ဆုံးရှုံးရလိမ့်မည်။ သူ ဘော့စ်ကို ဘယ်လိုနှစ်သိမ့်ရပါ့မလဲ?


စကားမစပ်၊ သူ့ဘော့စ်ရဲ့နှုတ်ခမ်းကို ကြည့်ရတာ... နည်းနည်းနီနေသလိုပဲ။ သူ ဒီနေ့ နေ့ခင်းတုန်းက ငရုတ်သီးစားခဲ့တာများလား?


ကျောင်းတွင် ယန်ကျင်းဇီ ကြိုးကြိုးစားစား စာလေ့လာနေစဉ် အဖေယန်သည် သူ့သား ပို့ထားသော ဖုန်းထဲမှ ဓာတ်ပုံများကို ကြည့်ကာ အလွန်အမင်း စိတ်လှုပ်ရှားနေရှာသည်။


သူ့သားက သူ့အတန်းရဲ့ ထိပ်ဆုံးအယောက်နှစ်ရာထဲ ၀င်သွားတယ်!


သူ့သားက တကယ့်ကို ဉာဏ်ကြီးရှင်ပဲ! သူ့သားကို နှောင့်နှေးစေတာ အားလုံးက ကျွမ်းကောင်းဟန်ရဲ့အပြစ်တွေပဲ!


အရင်တုန်းကတော့ တခြားသူတွေက သူတို့ရဲ့သားတွေကို ကြွားတဲ့အခါ အဖေယန်က တိတ်တိတ်လေး နားထောင်နေခဲ့ရပြီးမှ ကွဲပြားစွာ ပြောခဲ့ရသည် : " ငါ့ကလေးရဲ့အဆင့်တွေက သိပ်မကောင်းဘူး။ ကံကောင်းတာက ငါ့မှာ ပိုက်ဆံရှိတယ်။ " သူ့သားက သူများတွေနဲ့ ယှဉ်လို့မရ‌ရင်တောင် သူက သူများတွေထက် သာသည်။ မိုက်တယ်မလား?


ဒါပေမယ့် အခု သူလည်း သူ့သားကို ကြွားနိုင်ပြီ!


အဖေယန်က အရမ်းစိတ်လှုပ်ရှားနေသည်။ သူက ကြွားချင်သဖြင့် သူ့သူငယ်ချင်းတွေကိုလည်း တမင်တကာ ခေါ်လိုက်သေးသည်...


လက်ထောက်က ဝင်လာသောအခါတွင် အဖေယန်သည် ဂရုမစိုက်ဟန်ဆောင်ကာ ပြောလိုက်သည် : " ‌မနေ့က အမှတ် ၁ အထက်တန်းကျောင်းက လပတ်စာမေးပွဲ စစ်တယ်။ ငါ့သားက သူ စာမေးပွဲမှာ ကောင်းကောင်းဖြေခဲ့တယ်လို့ ငါ့ကို ပြောတယ်... " လာမေးလေ! လာမေး!


လက်ထောက်သည် လုံးဝနှုတ်ဆိတ်နေပြီး ဆက်လက် အစီရင်ခံနေသည်။


ဥက္ကဋ္ဌယန်ရဲ့သားက အဆင့်ကောင်းကောင်းတွေ မရဘူးဆိုတာ ဘယ်သူက မသိလို့လဲ? အဲ့ဒါကြောင့် သူ မပြောသင့်ဘူး။ အဲ့ဒါက ဥက္ကဋ္ဌယန်ကို စိတ်မပျော်တာပဲ ဖြစ်စေလိမ့်မယ်!


အဖေယန် : " ... "


အဖေယန်သည် မကြွားနိုင်လိုက်ပေ။ ဒါကိုတွေးပြီးသည်နှင့် သူက ဓာတ်ပုံကို တည်းဖြတ်လိုက်ပြီး သူ့သား၏နာမည်ကို ဝိုင်းလိုက်ကာ group chat တစ်ခုစီ ပို့လိုက်သည်။


ထို့နောက် ချက်ချင်းပင် သူက "ဆောရီး၊ ငါမှားပို့မိတာ" ဟု ပြောခဲ့သည်။


Group ထဲတွင် တုံ့ပြန်မှုတစ်ခုတောင် မရှိချေ။


အဖေယန် : " ... "


ခဏအကြာတွင် အဖေယန်၏သူငယ်ချင်းတစ်ဦးက ဆိုသည် : "လူအိုကြီးယန် စိတ်မကောင်းမဖြစ်နဲ့။ မင်းက ချမ်းသာတယ်။ မင်းရဲ့သား အဆင့်တွေမကောင်းတာကို မင်း မစိုးရိမ်သင့်ဘူး။"


အဖေယန် အံ့အားသင့်သွားသည် : "ငါက ဘာလို့ ဝမ်းနည်းရမှာလဲ! ငါ့သားက အတန်းရဲ့ ထိပ်ဆုံးအဆင့်နှစ်ရာထဲ ဝင်တယ်!"


အဖေယန်၏သူငယ်ချင်း : "ဒါက အတန်းရဲ့ ထိပ်ဆုံးအဆင့်နှစ်ရာလား? ငါက အဲ့ဒါကို တစ်တန်းလုံးစာလို့ ထင်လိုက်တာ ဟားဟား။ ဒါက တကယ့်ကို တိုးတက်မှုတစ်ခုပဲ!"


အဖေယန်က နောက်ဆုံးတော့ ကြွားနိုင်ခဲ့ပြီဖြစ်သည်။


ကြွားနေရင်း အဖေယန်သည် ပထမနေရာ၏နာမည်ကို တွေ့လိုက်ရသည်။


ချန်အန်းရှိူ့ရဲ့ အမှတ်တွေက တကယ်ကောင်းတယ်!


သူ့သား၏အမြင်က တော်တော်ကောင်းသည်။


လူအများစုက သူ့သားကို အထင်သေးတာ ဝမ်းနည်းစရာပဲ။


အဖေယန်သည် သူ့သားကို နေရာတကာတွင် ကြွားခဲ့ရုံသာမက ထိုည၌ သူသည် ယန်ကျင်းဇီကို ပိုက်ဆံတစ်သန်း တိုက်ရိုက်ဆုပေးလိုက်သည်။


ယန်ကျင်းဇီက ထိုပိုက်ဆံကို စုထား၏။


မူလပိုင်ရှင်သည် ပိုက်ဆံကို လက်လွတ်စပယ်သုံးစွဲသည်။ အဖေနှင့်အမေတို့ပေးသောမုန့်ဖိုးမှာ များနေပြီမှန်း ထင်ရှားသည်။ သို့သော်ငြား ရလဒ်ကတော့ သုံးစွဲရန် မလုံလောက်သေးသဖြင့် သူက အဖေနှင့်အမေတို့ထံမှ ပိုက်ဆံတောင်းရသည်။


သူ ဒါကို မလုပ်နိုင်ပေ။


သူ ပိုက်ဆံစုချင်ပြီး ကောလိပ်တက်သောအခါ သူ ကျောင်းနှင့်နီးသော‌ ‌အိမ်တစ်လုံးကို ဝယ်ပြီး ချန်အန်းရှိူ့နှင့် အတူနေမည်။


ဒါကိုစဉ်းစားရင်း ယန်ကျင်းဇီက သူ့အကောင့်လက်ကျန်ငွေကို ချန်အန်းရှိူ့စီ ပို့လိုက်ကာ ချန်အန်းရှိူ့အား သူ့အစီအစဉ်များကို ပြောပြခဲ့ပြီး တစ်ချိန်တည်းမှာပင် ချီးမွမ်းခံလောက်သော အမှတ်ယူလိုက်သည်။


ချန်အန်းရှိူ့ : " ... " သူ့ရည်းစားက တကယ်ကြီး အရမ်းချမ်းသာလွန်းတယ်!


ထို့အတူ...သူလည်း ကောလိပ်ဝင်ခွင့်စာမေးပွဲ မကြာမီရောက်လာပါစေလို့ ရုတ်တရက် မျှော်လင့်မိသည်!


မဟုတ်ဘူး၊ နှေးတာက ပိုကောင်းတယ်။ သူ့ရည်းစားရဲ့အဆင့်တွေက မတက်သေးဘူး!


ချန်အန်းရှိူ့သည် သူ၏မှတ်စုများကို ဆက်လက်စုစည်းခဲ့သည်။


အဖေချန် ဝင်လာသောအခါတွင် သူ့သားသည် ဤနှစ်ဝက်စာသင်ကာလနှင့်ပတ်သက်သော အခြေခံဗဟုသုတများကို ခွဲထုတ်နေသည်ကို တွေ့လိုက်ရသည်။


သူ့သားက ဤ‌အခြေခံဗဟုသုတများကို လုံးဝအသုံးမပြုပေ။ ဒါက ဘယ်သူ့အတွက်မှန်း ပြောစရာပင်လိုမနေ။


အဖေချန်၏နှလုံးသားသည် အလွန်ပင် တင်းကြပ်နေခဲ့သည်။


ဒါပေမယ့် ဘာမှမသိသော အမေချန်က : " အန်းရှိူ့၊ အခြေခံဗဟုသုတတွေက တကယ်အရေးကြီးတယ်။ မင်း မင်းရဲ့ခြေထောက်တွေကို မြေကြီးပေါ်မှာ မြဲမြဲချထားနိုင်ရင် နှစ်ကုန်စာမေးပွဲမှာ သေချာပေါက် မင်း ပိုပြီး‌ပြည့်စုံတဲ့အဖြေလွှာကို အပ်နိုင်လိမ့်မယ်။ "


" ဟုတ်တယ်။ " ချန်အန်းရှိူ့ ခေါင်းညိတ်လိုက်သည်။


အဖေချန် : ဟား ဟား!


ပိုပြည့်စုံတဲ့အဖြေကို အပ်နိုင်မှာ သူ့သား မဟုတ်ဘူး။ အဲ့လူက ယန်ကျင်းဇီပဲ!


အဖေချန်သည် သူ့ဂေါ်ဖီထုပ်ကို ဘယ်လိုကာကွယ်ရမလဲ စဉ်းစားရင်း သားဖြစ်သူ၏ကိစ္စများနှင့် ရုန်းကန်နေချိန်တွင် ပြည်တွင်းဝက်ဘ်ဆိုက်၌ ပို့စ်တစ်ခု ရုတ်တရက် ပေါ်လာသည်။


ဤပို့စ်သည် T မြို့ရှိ အမှတ် ၁ အထက်တန်းကျောင်းမှ အခွင့်အာဏာအလွဲသုံးစားလုပ်သော ငွေကြေးဆိုင်ရာလွှဲပြောင်းမှုအချို့ကို ဖော်ထုတ်ရန် ဖြစ်သည်။


T မြို့ရှိ အမှတ် ၁ အထက်တန်းကျောင်းမှ ဆရာအချို့သည် ကျောင်းသားများထံမှ ပိုက်ဆံယူကာ ထိုကျောင်းသားများကို မျက်နှာသာပေးသည်ဟု ပို့စ်တွင် ဖော်ပြထားသည်။


ပို့စ်တွင် မင်းမှာ ပိုက်ဆံရှိသရွေ့ T မြို့၏ အမှတ် ၁ အထက်တန်းကျောင်းကို ဝင်ဖို့ကိစ္စလောက် မပြောနှင့်၊ အမှတ် ၁ အထက်တန်းကျောင်း၏ လက်တွေ့စမ်းသပ်ခန်းတွင် ဝင်တက်ချင်လျှင်ပင် ပြဿနာမရှိဟုလည်း ဖော်ပြထားသေးသည်။


ပို့စ်က အဖေချန်ကိုပင် ပြည့်စုံရှင်းလင်းစွာ အမည်ဖော်ပြထားပြီး ထိုသူက အချို့သောကျောင်းသားများကို သီးသန့်ကျူရှင်သင်ပြသော်လည်း သူ့အတန်းတွင်တော့ ကျောင်းသားများကို သေချာမသင်ပြပေးဟု ဆိုသည်။


T မြို့သည် မြို့ကြီးတစ်မြို့ဖြစ်ပြီး အလွန်ချမ်းသာသောမြို့ကြီးတစ်မြို့လည်း ဖြစ်သည်။ ဤကဲ့သို့သောမြို့ကြီးတွင် လူများသည် ပညာရေးကို အလွန်အလေးပေးကြသည်။


T မြို့၊ အမှတ် ၁ အထက်တန်းကျောင်းသည် မရေမတွက်နိုင်သောမိဘများက သူတို့၏သားသမီးများအတွက် ချမှတ်ထားသောပန်းတိုင် ဖြစ်သည်။ မိဘများစွာအတွက် သူတို့၏သားသမီးများက အမှတ် ၁ အထက်တန်းကျောင်းတွင် တက်ရောက်ခွင့်ရသရွေ့ နောက်ပိုင်းတွင် ဘာမှစိုးရိမ်စရာမရှိတော့ပေ။


ရလဒ်အနေနဲ့ အခု ဒီကျောင်းမှာ တကယ်ပြဿနာရှိနေတာလား?


ဤပို့စ်ကို လူသိရှင်ကြားလွှင့်တင်ပြီးလျှင်ပြီးချင်း လူတော်တော်များများ၏အာရုံစိုက်မှုကို ဆွဲဆောင်နိုင်ခဲ့သည်။ ရေပန်းစားလာပြီးနောက် ပို့စ်က ချန်မိသားစုနှင့် အမှတ် ၁ အထက်တန်းကျောင်း သို့မဟုတ် အခြားအထက်တန်းကျောင်းများတွင် ဆရာအဖြစ် လုပ်ကိုင်နေသော၊ ပညာရေးဌာနတွင် အလုပ်လုပ်နေသော ချန်မိသားစု၏ အိမ်ထောင်ဖက်နှင့်ဆက်နွယ်၍ ဆွေမျိုးတော်စပ်သူများကဲ့သို့ 'အတွင်းလူများ' အများအပြားကိုလည်း ထုတ်ဖော်ပြခဲ့၏။


အဖေချန်သည် ကောင်းကင်ကို လက်တစ်ဖက်တည်းနှင့် ဖုံးလွှမ်းရန် ဤဆက်ဆံရေးအပေါ် အားကိုးကြောင်း အရိပ်အမြွက်ဖော်ပြလိုက်သေးသည်။


တကယ်တော့ ထိုသို့သောကိစ္စမျိုး မရှိပေ။


အဖေချန်နှင့်အမေချန်တို့အပြင် ချန်အန်းရှိူ့၏အဒေါ်နှင့်ဦးလေးတို့ ‌တစ်ကျောင်းတည်းတွင် အတူရှိနေကြသည်မှာ အမေချန်သည် ဘွဲ့ရပြီးနောက် သူ့အစ်မနှင့်အတူ ကျောင်းတစ်ကျောင်းတည်းတွင် စာသင်ပြရန် ရွေးချယ်ခဲ့သောကြောင့်ဖြစ်ပြီး ထို့နောက် သူတို့နှစ်ယောက်လုံး ကျောင်းတွင် အလုပ်လုပ်သောလူများနှင့် လက်ထပ်ခဲ့ရုံသာ ဖြစ်သည်!


ချန်မိသားစုထဲက အခြားသူများသည်လည်း အတူတူပင်။ မိသားစုထဲတွင် တစ်စုံတစ်ယောက်က ဆရာဖြစ်လျှင် အခြားမိသားစုဝင်တစ်ဦးသည်လည်း ဆရာဖြစ်လိမ့်မည်ဖြစ်ပြီး သူတို့က အိမ်‌ထောင်ပြုရန် ဆရာတစ်ယောက်ကို ရှာတွေ့လိမ့်မည်... သူတို့က မရည်ရွယ်ဘဲ ကွန်ရက်တစ်ခုကို တည်ဆောက်မိလာသည်။


သို့သော် ပို့စ်တင်သည့်သူက အရမ်းကျွမ်းကျင်သည်။ သူ့ပြောပုံက ချန်မိသားစုတွင် ပြဿနာတစ်ခုရှိနေသယောင် လူအများကို ခံစားရစေခဲ့သည်။


ဒါတင်မကဘဲ ပို့စ်တင်သည့်သူက တိကျသောဥပမာတစ်ခုကိုပင် ပေးလာသည်။


ဥပမာအနေဖြင့် အသုံးခံရသောသူက သေချာပေါက် ယန်ကျင်းဇီပဲပေါ့။


ယန်ကျင်းဇီ၏အမှတ်တွေက ဆိုးရွားလွန်းပေမယ့် သူက အမှတ် ၁ အထက်တန်းကျောင်းမှာ စာသင်နိုင်ခဲ့ပြီး အရင်က အခန်း ၁ မှာတောင် တက်ခဲ့တာ!


ဒီနေရာမှာ ပြဿနာတစ်ခု ရှိကိုရှိလိမ့်မယ်!


ဤပို့စ်ကိုတင်ခဲ့သောသူက တစ်ဝက်တစ်ပျက်အမှန်တရားများနှင့် တစ်ဝက်တစ်ပျက်စိတ်ကူးယဉ်အယူအဆများစွာကို ဖန်တီးခဲ့ပြီး လူတိုင်း စိုးရိမ်ပူပန်သော ပညာရေးကိစ္စ ပါဝင်ပက်သတ်နေသောကြောင့် ပို့စ်က နာမည်ကြီးလာခဲ့သည်!


ဒါတင်မကသေးဘဲ သူတို့ ဘာဖြစ်သွားမှန်း မသိသေးသော်လည်း ပို့စ်ကို အာရုံစိုက်နေသော အွန်လိုင်းမီဒီယာတချို့ သို့မဟုတ် တစ်စုံတစ်ခု ရှိနေခဲ့၏။ ပို့စ်က ညတွင်းချင်း နေရာအနှံ့ ပျံ့နှံ့သွားခဲ့လေသည်။