အပိုင်း ၃၁ ( Genius Slacker 14 )
Viewers 10k

ယန်ကျင်းဇီသည် အခုတလော သူ့မိဘများနှင့် ရန်မဖြစ်ရုံသာမက စာကိုလည်း ကြိုးကြိုးစားစား လေ့လာနေသဖြင့် အဖေယန်နှင့်အမေယန်တို့သည် ဗီလာတွင် ပြန်လည်နေထိုင်ခဲ့ကြသည်။


အတူတူစနေကတည်းက ယန်ကျင်းဇီသည် အခွင့်ရသည့်အချိန်တိုင်း အဖေယန်နှင့်အမေယန်တို့ရှေ့တွင် ကျွမ်းကောင်းဟန်၏မကောင်းကြောင်းကို ပြောလေ့ရှိသည်။ ထို့အပြင် သူက အဖေယန်အား ကျွမ်းကောင်းဟန်၏ လှုပ်ရှားမှုများနှင့် အွန်လိုင်းသတင်းများကိုလည်း အာရုံစိုက်ရန် တောင်းဆိုခဲ့သည်။


မူလဇာတ်ကြောင်းတွင် ချန်အန်းရှိူ့ အဆောက်အဦးပေါ်မှ ခုန်ချသွားသည်မှာ သူ၏လိင်စိတ်တိမ်းညွတ်မှုကို ဖော်ထုတ်ခံရသော‌ အကြောင်းအရင်းတစ်ခုတည်းကြောင့် မဟုတ်ပေ။


သူ၏လိင်စိတ်ခံယူချက်ကို ဖော်ထုတ်ခံရခြင်း၊ ယန်ကျင်းဇီကို သူ လိုက်နှောင့်ယှက်သည့်သတင်းကိုပင် အလွတ်မပေးကြခြင်း၊ လူများစီမှ လှောင်ပြောင်ခြင်းကို အမြဲခံရခြင်း... ဤအကြောင်းအရာများအားလုံးက ချန်အန်းရှိူ့ကို စိတ်ဆင်းရဲစေသော်လည်း သူ့တွင် အခြားထွက်ပေါက်တစ်ခု မရှိတာတော့ မဟုတ်ခဲ့ချေ။


သူ့အဆင့်များအရ အခြားအထက်တန်းကျောင်းသို့ ပြောင်းရွှေ့ရန်မှာ အရမ်းလွယ်သည်။ သူ့ကို ဘယ်သူမှ မသိသော ကျောင်းတစ်ကျောင်းကို ရှာကာ အသစ်ပြန်စနိုင်သည်။


သူ့တွင် မိသားစုဝင်များနှင့်အိပ်မက်များရှိသောကြောင့် ဆန်ကုန်မြေလေးတစ်ကောင်အတွက်နှင့် သူ့ကိုယ်သူ တကယ်သတ်သေလိမ့်မည်မဟုတ်ပေ။


ကျွမ်းကောင်းဟန် အလွန်အကျွံလုပ်လွန်းသဖြင့်သာ သူက အဆောက်အဦးပေါ်မှ ‌ခုန်ချသွားခဲ့ခြင်းဖြစ်သည်။


ကျွမ်းကောင်းဟန်သည် ချန်အန်းရှိူ့ကိုသာမက အဖေချန်ကိုပါ မုန်းတီးသောကြောင့် အဖေချန်အား အသရေပျက်စေရန် စွဲချက်အချို့ကို လုပ်ကြံဖန်တီးခဲ့ပြီး ၎င်းတို့ကို အင်တာနက်ပေါ်တွင်ပင် တင်ခဲ့သည်။


သူက အဖေချန်သည် လာဘ်ငွေယူကာ လက်ဆောင်များကိုလည်း လက်ခံကြောင်း၊ အဖေချန်သည် သူ၏သားဖြစ်သူအား အခွင့်အရေးအားလုံးကို ပေးကြောင်း အစရှိသဖြင့် လုပ်ကြံပြောဆိုခဲ့၏။ သူက အကောင့်အတုအချို့ကိုလည်း မှတ်ပုံတင်ခဲ့ပြီး အမှတ် ၁ အထက်တန်းကျောင်းမှ ကျောင်းသားများအဖြစ် ဟန်ဆောင်ကာ အွန်လိုင်းသတင်းများကို အတည်ပြုလိုက်သေးသည်။


အကယ်၍သာ ပုံမှန်ဖြစ်ပြီး ထိုကဲ့သို့ ထုတ်ဖော်ပြောဆိုခြင်းမျိုး ဖြစ်ခဲ့လျှင် အဖေချန်အား စကားဝိုင်းကူပြောပေးရန် လူများစွာရှိရမည်ဖြစ်သော်လည်း ထိုအချိန်တွင် ချန်အန်းရှိူ့၏ကိစ္စများက ဖော်ထုတ်ခံလိုက်ရသည်။


အမှတ် ၁ အထက်တန်းကျောင်းမှ ကျောင်းသားများသည် ချန်အန်းရှိူ့ကို အရောင်အသွေးစုံသောအကြည့်များဖြင့် စတင်ကြည့်ရှုနေကြပြီဖြစ်ကာ အဖေချန်ကိုပင် လေးစားမှုလျော့ပါးသွားကြသည်- ချန်အန်းရှိူ့က သူ့ပုံစံနဲ့ မထင်ရဘူး၊ အဖေချန်ကရော အဲ့လိုမျိုးပဲလား?


ထို့အပြင် မူလပိုင်ရှင်သည် မီးထဲသို့ လောင်စာထည့်ကာ ချန်အန်းရှိူ့ သူ့စီက ပိုက်ဆံတောင်းသည်ဟု ဆိုရင်း... သူ့မိဘများထံ အဖေချန်အကြောင်း မကောင်းပြောခဲ့သည်။


အဖေယန်နှင့်အမေယန်တို့ကလည်း ကျောင်းကို ဖိအားပေးခဲ့ကာ အဖေချန်နှင့်အမေချန်တို့က အလုပ်မှထုတ်ပယ်ခြင်းခံလိုက်ရသည်။


ထို့နောက် အွန်လိုင်းအကြမ်းဖက်မှု ဖြစ်လာသည်။ အင်တာနက်ပေါ်တွင် ချန်အန်းရှိူ့၏ဓာတ်ပုံများသည် နေရာတိုင်း အတင်ခံခဲ့ရပြီး လူအချို့က ချန်မိသားစု၏အိမ်ကို ရှာတွေ့သွားသည်...


ချန်အန်းရှိူ့၏အဖိုးက အရမ်းစိတ်ဆိုးခဲ့သည်!


ဤကိစ္စများအားလုံး၏မူလရင်းမြစ်မှာ ချန်အန်းရှိူ့ဖြစ်ပြီး ချန်မိသားစုကလည်း သူ ယန်ကျင်းဇီကို နှောင့်ယှက်မိသဖြင့် သူတို့ အဆိုးဆုံးအခြေအနေနှင့် ရင်ဆိုင်ရမည်မှန်း သိခဲ့ကြ၏။ အဲ့လိုအခြေနေမျိုးမှာ ချန်အန်းရှိူ့ ဘယ်လောက်တောင် သူ့ကိုယ်သူ အပြစ်တင်နေခဲ့လိုက်မလဲ?


ဒါ့အပြင် အဖေချန်နဲ့အမေချန်က သူတို့သားကို အရမ်းချစ်တယ်ဆိုရင်တောင်မှ မိသားစုမှာ တစ်ခုခုမှားသွားရင် ချန်အန်းရှိူ့ကို သူတို့ အပြစ်မတင်ဘဲနေနိုင်ပါ့မလား? သူတို့ ချန်အန်းရှိူ့ကို အပြစ်မတင်ဘူးဆိုရင်တောင် ချန်မိသားစုရဲ့ဆွေမျိုးတွေက ချန်အန်းရှိူ့ကို အပြစ်မတင်ဘဲနေမလား?


ထိုအချိန်က ချန်အန်းရှိူ့၏အခြေ‌အနေကို တွေးမိရုံဖြင့် ယန်ကျင်းဇီသည် စိတ်မပူဘဲ မနေနိုင်ပေ။


ယခု သူ ချန်အန်းရှိူ့ကို ထိုအဖြစ်မျိုး ထပ်မကြုံစေချင်သည်မှာ သေချာသည်။


အဖေယန်နှင့်အမေယန်တို့သည် သားဖြစ်သူ၏အကြံပြုချက်များကို အလွန်‌အလေးထားကြပြီး အဖေယန်သည် ယခုအချိန်တွင် ကျွမ်းကောင်းဟန်ကို အမှန်တကယ် မုန်းတီးနေပြီဖြစ်၏။


သူသည် တကယ်ပင် ကျွမ်းကောင်းဟန်အား လူလွှတ်စောင့်ကြည့်စေသည်။


ထို့ကြောင့် နောက်နေ့မနက်စောစောတွင် အဖေယန်သည် မနေ့ညက လူတစ်ယောက် တင်ထားသောအကြောင်းကို ယန်ကျင်းဇီအား ပြောပြနိုင်ခဲ့သည်။


ယန်ကျင်းဇီက ချက်ချင်း ထခုန်လိုက်သည် : " အဖေ ကျွန်တော့်အတွက် ဒီပြဿနာကို ကူညီဖြေရှင်းပေးရမယ်! "


ယန်ကျင်းဇီသည် ကျွမ်းကောင်းဟန်ကို အမြဲတမ်း ကိုင်တွယ်ဖြေရှင်းချင်ခဲ့သော်လည်း သူသည် ဥပဒေအရ အရွယ်မရောက်သေးသူဖြစ်ပြီး သူ ပြစ်မှုမကျူးလွန်ချင်ပေ။ သူသည် ကျွမ်းကောင်းဟန်အတွက် ပြဿနာအနည်းငယ်သာ ရှာနိုင်သည်။


သူသည် ကျွမ်းကောင်းဟန်ထံမှ အမုန်းတရားများ လုံလုံလောက်လောက် ဆွဲထုတ်ကာ အဖေယန်အား မကူညီခိုင်းခင် ကျွမ်းကောင်းဟန် သူ့ကို တစ်ခုခုလုပ်မည်ကို စောင့်ရန် ရည်ရွယ်ထားခဲ့သော်လည်း ကျွမ်းကောင်းဟန်က အဖေချန်ကို ဒုက္ခပေးနေလိမ့်ဦးမည်ဟု သူ မမျှော်လင့်ထားပေ။


သို့သော် သူ ဆွဲထုတ်ထားသော အမုန်းတရားများမှာ အချည်းနှီးဖြစ်မသွားချေ။ ကျွမ်းကောင်းဟန်က အဖေချန်နှင့်အတူ သူ့ကိုပါ ဆွဲထည့်ပြီး သူ့ကို ဓားဖြင့်ထိုးခဲ့သည်။


ကျွမ်းကောင်းဟန်သည် ယန်ကျင်းဇီ မည်သူမည်ဝါဖြစ်ကြောင်းကို ကြေညာကာ သူက အမှတ် ၁ အထက်တန်းကျောင်းကို တက်ခွင့်ရရန်အတွက် ပိုက်ဆံဖြင့် လာဘ်ထိုးခဲ့ပြီးနောက် သိပ္ပံတန်းကို တက်ဖို့လည်း ပိုက်ဆံသုံးခဲ့သေးသည်၊ သူက ပိုက်ဆံအားကိုးဖြင့် သူ လုပ်ချင်တာလုပ်ကာ ကျောင်းတွင် အခြားသူများကို အနိုင်ကျင့်သည်ဟု ထု‌တ်ဖော်ပြောကြားခဲ့၏။


ယခုအချိန်တွင် အင်တာနက်ပေါ်၌ လူများစွာက အဖေချန်ကို ဆဲဆိုကြိမ်းမောင်းနေကြပြီး အလားတူပင် လူအများအပြားက သူ့ကို ဆဲဆိုကြိမ်းမောင်းနေကြသည်။


" ကျင်းဇီ စိတ်မပူနဲ့။ အဖေ ဒီကိစ္စကို ဂရုစိုက်လိုက်မယ်! " အဖေယန်က ဆိုသည်။ ဤအခိုက်အတန့်တွင် သူသည် ကျွမ်းကောင်းဟန်အား အလွန်မုန်းတီးခဲ့သည်။


ဒီကောင်လေးက သူ့သား စာသေချာမကျက်အောင် တမင်တကာလုပ်ရုံတောင်မကဘဲ အခု‌ သူ့သားကို အွန်လိုင်းပေါ်မှာတောင် သွားပုပ်လေလွင့်စွပ်စွဲနေသေးတယ်!


သူလည်း သတင်းကြားခါစဖြစ်ပေမယ့် ဤကိစ္စကို ဂရုစိုက်ရန် တစ်စုံတစ်ယောက်ကို ခိုင်းထားပြီးသားဖြစ်ကာ စိတ်ကျေနပ်လောက်အောင် ဖြေရှင်းပေးမည်မှာ သေချာသည်။


ဒါကိုစဉ်းစားရင်း အဖေယန်က သူ့ကိုယ်ပိုင်ဖြေရှင်းချက်ကို ချက်ချင်းပြောခဲ့ပြီး သူတို့ကုမ္ပဏီ၏ ပြည်သူ့ဆက်ဆံရေးအဖွဲ့က အလွန်အစွမ်းထက်ကာ ထိုသို့သောအသေးအမွှားကိစ္စလေးကို ဖြေရှင်းရန် အားထုတ်စရာပင်မလိုဟု ဆိုသည်။


" အဖေက တကယ်အံ့ဩစရာကောင်းတာပဲ! " ယန်ကျင်းဇီက မတ်တပ်ရပ်လိုက်ပြီး သူ့အဖေကို ပွေ့ဖက်ထားရင်း ချီးကျူးလိုက်သည်။


အဖေယန်သည် သူ့သားကို ဖက်ထားရင်း စိတ်နည်းနည်းလှုပ်ရှားလာသည် : " ဒါကဘာမှမဟုတ်ပါဘူး။ မင်း စာကြိုးစားဖို့ပဲလိုတယ်။ "


ယန်ကျင်းဇီက တန်းဖြေသည် : " အဖေ စိတ်မပူနဲ့။ ကျွန်တော် စာသေချာကျက်ပြီး ဒီစာသင်နှစ် နှစ်ဝက်ကုန်ရင် အခန်း ၁ ထဲ ဝင်ဖို့ ကြိုးစားမယ်။ "


အဖေယန်က ပိုစိတ်လှုပ်ရှားသွားသည်။


ယန်ကျင်းဇီက ဆက်ပြောပြန်သည် : " ကျွန်တော် ချန်အန်းရှိူ့နဲ့ တစ်ခုံတည်း အတူတူထိုင်ချင်တယ်! "


အဖေယန် : " ... " ဒီသားကို ကျွေးမွေးထားရတာ အလကားဖြစ်သွားပြီ။ သူ သိတာ အကုန်လုံးက တခြားသူရဲ့ ဂေါ်ဖီထုပ်ကို ငမ်းငမ်းတက်လိုချင်နေတာကြီးပဲ!


ဒါပေမယ့် သူ့သား လူမှားကြိုက်မိတုန်းက လမ်းလွဲသွားပြီး

လူကောင်းကိုကြိုက်မိသွားတဲ့အခါကျရင် သူ့သားက ထပ်ပြီး လမ်းမှန်ကိုပြန်လျှောက်နိုင်လိမ့်မယ်...‌ တွေးကြည့်လိုက်မယ်ဆိုရင် ချန်အန်းရှိူ့ကို ကြိုက်မိတာ အမှားမရှိဘူးမလား?


အကယ်၍ သူ့သားသာ တကယ်စာကြိုးစားမယ်ဆိုရင် သူ သူ့ကုမ္ပဏီကို မြန်မြန်လွှဲပေးနိုင်ပြီး သူ စောစောစီးစီး အနားယူနိုင်လိမ့်မယ်!


အဖေယန်သည် ရွှင်မြူးစွာတွေးကာ သားဖြစ်သူကို ကျောင်းသို့ ကိုယ်တိုင်ကိုယ်ကျ လိုက်ပို့ပြီး ကျောင်းအုပ်ကြီးနှင့် စကားပြောခဲ့သည်။


အလွန်တိုတောင်းသော အချိန်တိုတိုလေးအတွင်း ချန်အန်းရှိူ့ ရေးထားသော ရည်းစားစာ ကျောင်းတစ်ခွင်လုံး ပျံ့နှံ့သွားသည်မှာ ကျွမ်းကောင်းဟန်က အတန်းအသီးသီးသို့ ဓာတ်ပုံများကို ပို့ထားခဲ့၍ဖြစ်သည်။


ကျောင်းမှ ကျောင်းသားများသည် ပြည်တွင်းဖိုရမ်များအကြောင်း ဘာမှမသိကြသေးဘဲ ကျောင်းမှ ဆရာများပင် ဘာမှမသိကြပေ။


အထက်တန်းကျောင်းဆရာများသည် အလွန်အလုပ်များကာ အတင်းအဖျင်းကြည့်ရန် အချိန်သိပ်မရှိကြချေ။


ထို့အပြင် ကျွမ်းကောင်းဟန်သည် ရေတပ်ကိုပင် ဖိတ်ခေါ်ရန် ငွေကြေးသုံးစွဲခဲ့သော်လည်း တစ်ညတည်းသာ ကြာသေးပြီး ထိုမျှအထိဝေးဝေးလံလံရောက်အောင် ခရီးမပေါက်နိုင်။


ဟုတ်တာပေါ့၊ သိသည့်လူအနည်းငယ် ရှိ‌နေဆဲဖြစ်သည်။


ကျောင်းတွင် မနေသော ကျောင်းသားတစ်ယောက်သည် သူ နံနက်စာစားနေစဉ် သူ့မိဘများစီက ဤအကြောင်းကို သိလိုက်ရသည်။


ထိုအချိန်တွင် သူ ယန်ကျင်းဇီစီက အနိုင်ကျင့်ဖူးလားဟု သူ့မိဘများက သူ့ကို စိုးရိမ်တကြီး မေးခဲ့ကြသည်။


ကျောင်းသားက မေးခွန်းကို မဆိုင်းမတွ ငြင်းလိုက်သည်။


ပြောရမည်ဆိုလျှင် မူလပိုင်ရှင်သည် ကျောင်းတွင် ဂိုဏ်းတစ်ဂိုဏ်းဖွဲ့ထားသော်လည်း သူသည် ဘယ်သူ့ကိုမှ တကယ်မရိုက်ဖူးပေ။ ဘာပဲဖြစ်ဖြစ် သူလည်း အမှတ် ၁ အထက်တန်းကျောင်းမှ အထုတ်ခံရမည်ကို ကြောက်သည်လေ။


ယန်ကျင်းဇီက ကျောင်းမှာ တက်ခွင့်ရဖို့ ပိုက်ဆံပေးခဲ့သလားဟု ကျောင်းသား၏မိဘများက မေးပြန်သည်။


ဤအချိန်တွင် ကျောင်းသားက မဆိုင်းမတွ ဝန်ခံလိုက်သည် : " ဟုတ်တယ်! ကျောင်းကို ပိုက်ဆံနဲ့ဝယ်တာ သူ တစ်ယောက်တည်း မဟုတ်ဘူး။ အခြားကျောင်းသားတွေအများကြီးလည်း ကျောင်းထဲဝင်ဖို့ ပိုက်ဆံသုံးကြတယ်။ " သိပ္ပံအတန်းနှစ်ခန်း၊ အခန်း ၁၀ နှင့် အခန်း ၁၁၊ လစ်ဘရယ်အနုပညာအတန်းတို့မှ ကျောင်းသားများစွာသည် အတန်းများအားလုံးကို ပိုက်ဆံနှင့်ဝယ်ထားကြသည်!


ဒါကိုကြားတော့ သူ့မိဘများက ယန်ကျင်းဇီ သိပ္ပံအတန်းထဲဝင်ဖို့ ပိုက်ဆံပေးခဲ့သေးလားဟု ထပ်မေးကြသည်။


ကျောင်းသားက ထပ်မံဝန်ခံလိုက်သည် : " ဟုတ်တယ်! သူ ပိုက်ဆံနဲ့ဝယ်ခဲ့တာ! သူ့အဖေက ကျွန်တော်တို့အတွက် အဆောင်အဆောက်အဦးအသစ် ဆောက်ဖို့ ပိုက်ဆံလှူခဲ့ပြီး ကျွန်တော်တို့ရဲ့အဆောင်ခန်းအားလုံးမှာလည်း လေအေးပေးစက် တပ်ပေးခဲ့လို့ သူ သိပ္ပံတန်းထဲ ဝင်လို့ရသွားတယ်။ သူများတွေသိတဲ့အတိုင်း သိပ္ပံတန်းက ကျောင်းသားတွေက ဖိအားတွေအများကြီးအောက်မှာ စာသင်ရပြီးတော့ တခြားလူတွေ နားမလည်နိုင်လောက်တဲ့ အရာတွေအများကြီးကို သင်ရတယ်။ ယန်ကျင်းဇီက အဲ့အခန်းထဲတက်ပြီးနောက်ပိုင်းမှာ လိုက်လျောညီထွေ မနေနိုင်လောက်ဘူး။ ဘာပဲပြောပြော သူ့အဆင့်တွေကလည်း မကောင်းဘူး... သူ့အဖေက ပိုက်ဆံတွေအများကြီး သုံးလိုက်တာ သူ ဒီစာသင်နှစ်ဝက်အဆုံး အထုတ်မခံရခင် သူ အနည်းဆုံး သိပ္ပံတန်းထဲမှာ စာသင်နှစ်ဝက်တစ်ခုစာလောက်တော့ နေနိုင်လိမ့်မယ်။ ဒါပေမယ့် သူ သူ့ကိုယ်သူအတွက် ရည်းစားစာရေးလိုက်တဲ့နောက်ပိုင်း သူ သိပ္ပံတန်းကနေ ကန်ထုတ်ခံလိုက်ရပြီး အခုတော့ သူ အခန်း ၁၀ ကို ပြန်ရောက်သွားပြီ။ "


ကျောင်းသားသည် စကားပြောသောအခါ၌ စာနာစိတ်များ ပြည့်နှက်နေကာ အနည်းငယ်ပင် ဝမ်းနည်းနေသေးသည် : " အဲ့ဒီ့လေအေးပေးစက်တွေအများကြီးပါတဲ့ အဆောင်အဆောက်အဦးအသစ်ကြီးက ပိုက်ဆံသန်းချီကုန်မှာမလား? ဒါပေမယ့် သူက သိပ္ပံတန်းမှာ စာသင်နှစ်ဝက်ရဲ့ တစ်ဝက်ပဲ နေလိုက်ရတယ်! "


သူ့မိဘများ : " ... "


မိဘများသည် သူတို့၏ဆွေးနွေးခန်းကို ဆက်ပြောကာ ထပ်မေးပြန်သည် : " ဒါဆို မင်းရဲ့ကျောင်းက မစ္စတာချန်ကရော ကျောင်းသားတွေစီက ပိုက်ဆံကို သီးသန့်လက်ခံခဲ့သေးလား? "


" မဟုတ်ဘူး? ယန်ကျင်းဇီက အရမ်းချမ်းသာတယ် ဒါပေမယ့် မစ္စတာချန်က သူ့ကို မုန်းတယ်။ အစတုန်းက ယန်ကျင်းဇီ အခန်း ၁ ကနေ ထွက်မသွားချင်လို့ ပေကပ်နေပေမယ့် မစ္စတာချန်က သူ့ကို မောင်းထုတ်လိုက်တယ်လေ။ ဒီရက်တွေ နေ့ခင်းထမင်းစားချိန်မှာလည်း သူက ယန်ကျင်းဇီကို အပြစ်ရှာဖို့ အမြဲခေါ်တယ်။ " ကျောင်းသားက ထပ်ပြောခဲ့သည်။


မိဘများ : " ... " သူတို့ အင်တာနက်မှာ သတင်းများ ဖတ်မိသောအခါ ကျောင်းတွင် အတန်းဖော်များနှင့် ဆရာများစီက သူတို့ကလေး အနိုင်ကျင့်ခံရမှာကို သူတို့ တော်တော်စိတ်ပူခဲ့ကြသည်။ ဆရာချန်နှင့်ယန်ကျင်းဇီတို့က စိတ်တိုစရာကောင်းသည်ဟုလည်း သူတို့ ထင်ခဲ့ကြ၏။ ဒါပေမယ့် အခုတော့...


ဆရာချန်ကို မေ့လိုက်ပါဦး၊ သူက သာမန်ဆရာတစ်ယောက်ပဲ။ ပြီးတော့ ဒီယန်ကျင်းဇီ... သူတို့ ဒီယန်ကျင်းဇီကို ရုတ်တရက် အနည်းငယ် ကရုဏာသက်မိသွားကြသည်။


ဒီကလေးက ကံသိပ်မကောင်းဘူး။


အင်တာနက်ပေါ်ရှိ သတင်းများသည် ဆက်လက်၍ လှုပ်လှုပ်ရွရွဖြင့် ညစ်ညူးလာသော်လည်း မကြာမီတွင် တစ်ဖက်မှ တုံ့ပြန်ခဲ့သည်။


ကျွမ်းကောင်းဟန်သည် အနည်းငယ် ထက်မြက်သော်လည်း သူသည် အရွယ်မရောက်သေးသော ကလေးတစ်ဦးသာ ဖြစ်သည်။ သူ ကျောင်းတက်နေသည်မှာ ဆယ်နှစ်ကျော်ပြီ...


လူ့အဖွဲ့အစည်းနှင့် တစ်ခါမှ မထိတွေ့ဖူးသူတစ်ဦးမှာ ထိတ်လန့်စရာကောင်းသော ပူးပေါင်းကြံစည်မှုတစ်ခုကို ဖန်တီးလုပ်ကြံနိုင်စွမ်း ဘယ်လိုလုပ်ရှိပါ့မလဲ?


အထူးသဖြင့် ချန်မိသားစုဟာ သူတို့ကိုယ်သူတို့ ကြီးကြီးမားမား အမှားအယွင်းတွေ မလုပ်ခဲ့ဘဲ သူတို့က သူ့ကို ဘာကိုမှ ဖမ်းဆုပ်ခွင့်မပေးခဲ့ချေ။


အင်တာနက်ပေါ်တွင် အဖေယန်က တစ်စုံတစ်ဦးအား ပို့စ်အချို့ကို ရွေးချယ်ဖျက်ပစ်ခိုင်းလိုက်ပြီးနောက် တစ်ဖက်လူက ချန်မိသားစုအကြောင်း ရှင်းပြချက် ချက်ချင်းပေးခဲ့သည်။


အဖေချန်၊ အမေချန်နှင့် ချန်မိသားစု၏ဆွေမျိုးများ၏ အခြားသူများကလည်း ပို့စ်တင်ပြီး သူတို့က အခြားဆရာများနှင့် လက်ထပ်‌ထားသော ဆရာများဖြစ်သည်ဟု ဆိုသည်။ သူတို့က သူတို့ သင်ခဲ့သည့် ပြည်နယ်တွင်း ထိပ်တန်းစာမေးပွဲဆယ်ခုကို အောင်မြင်ခဲ့သော ကျောင်းသားများကိုလည်း ဖော်ထုတ်ပြောဆိုခဲ့သည်။ လူများစွာက အသံတိတ်သွားကြသည်။ ဟုတ်သားပဲ၊ လက်ထပ်ဖို့ ဆရာတစ်ယောက် ရှာလို့်မရဘူးလား?


ပြီးတော့ ဒီလူတွေကြားထဲမှာ ရာထူးအမြင့်ဆုံးက ဒုကျောင်းအုပ်ကြီး။ လူပေါင်းများစွာက စိုက်‌ကြည့်နေတဲ့ အမှတ် ၁ အထက်တန်းကျောင်းလို ကျောင်းမျိုးမှာ ဒုကျောင်းအုပ်တစ်ယောက်က ဘာလုပ်နိုင်မှာမို့လို့လဲ?


ယန်ကျင်းဇီနှင့်ပတ်သက်၍ အမှတ် ၁ အထက်တန်းကျောင်းက ကျောင်းသားများစွာကဲ့သို့ ယန်ကျင်းဇီသည် အမှတ် ၁ အထက်တန်းကျောင်းတွင် သူတို့လိုချင်သည်ထက် အမှတ်များနည်းနေသောကြောင့် သူ့မိသားစုက ဝင်ခွင့်ရဖို့ ပိုက်ဆံသုံးခဲ့သည်ဟူသော သဘောထားကြီးသော ရှင်းလင်းချက်တစ်ခုကို ပေးလာခဲ့သည်။ သူ သိပ္ပံတန်းကို ဝင်ခွင့်ရ‌သွားသော ကိစ္စအတွက်ကတော့ အဲ့ဒါက တကယ်ပဲ အဖေယန် ပိုက်ဆံပစ်သွင်းလိုက်၍ဖြစ်သော်လည်း ကံမကောင်းစွာဖြင့် ပိုက်ဆံသုံးလိုက်သည်က အသုံးမဝင်ဖြစ်သွားသည်။ ယန်ကျင်းဇီက စာမလိုက်နိုင်သဖြင့် သူ၏ပုံမှန်အတန်းသို့ ပြန်သွားခဲ့ရသည်။


ဤရှင်းလင်းချက်သည် စိတ်ရင်းကောင်းဖြင့် သဘောထားကြီးလှသည်။ ၎င်းကိုမြင်ပြီးနောက် အင်တာနက်အသုံးပြုသူများသည် ယခင်ပို့စ်၏ စစ်မှန်မှုကို သံသယရှိလာကြသည်။ ဒီအချိန်မှာ အဖေယန် ဖိတ်ခေါ်ထားတဲ့ ရေတပ်က ရောက်လာတယ်!


ဒါ့အပြင် အဖေယန်ကလည်း အရင်ပို့စ်တွေကို ပြန်တင်တဲ့ လူအများအပြားကို တရားစွဲခဲ့တယ်!


ထိုသူများကို တရားစွဲဆိုရခြင်းအတွက် အကြောင်းအရင်းမှာ သူ၏သားဖြစ်သူကို အသရေဖျက်မှုဖြစ်သည်။


အင်တာနက်အသုံးပြုသူများ : " ... " မစ္စတာယန်က တကယ်စိတ်ကြီးတာပဲ!


သို့ရာတွင် သူ ထိုသို့ပြုမူရဲခြင်းမှာ သူ့သားသည် သူ့အတန်းဖော်များကို အနိုင်ကျင့်သော မည်သည့်ကိစ္စကိုမှ မလုပ်ခဲ့ကြောင်း သက်သေပြလုနီးပါးပင်။


သေချာတာပေါ့၊ ယန်ကျင်းဇီနှင့်အဖေယန်ကို သံသယရှိသော လူအချို့က အမြဲရှိသည်။ သူတို့က ယန်ကျင်းဇီ၏အခြေအနေကို နားလည်ရန်အတွက် အမှတ် ၁ အထက်တန်းကျောင်း၏ ဖိုရမ်ကို သွားခြင်း သို့မဟုတ် အမှတ် ၁ အထက်တန်းကျောင်း၏ ကျောင်းသားများကိုပင် သွားရှာကြသည်။


အမှတ် ၁ အထက်တန်းကျောင်းမှ ကျောင်းသားတစ်ဦး : " ယန်ကျင်းဇီက... သူက အရမ်းသနားစရာကောင်းတယ်။ "


" သူက နေ့တိုင်း နေ့လယ်စာစားချိန်မှာ ဆရာ့စီက အမြဲ‌အခေါ်ခံရပြီး လေ့ကျင့်ခံရတယ်။ "


" ငွေတွေအများကြီးနဲ့ သိပ္ပံတန်းမှာ သူက စာသင်နှစ်ဝက်ရဲ့ တစ်ဝက်ပဲ နေလိုက်ရတယ်။ အခု သိပ္ပံတန်းကို ပြန်တက်ရဖို့အတွက်နဲ့ သူ PE အတန်းတွေကိုတောင် မတက်တော့ဘူး။ "


" အနိုင်ကျင့်တယ်? သူက ချန်အန်းရှိူ့ကိုပဲ အနိုင်ကျင့်ခဲ့တာ မဟုတ်ဘူးလား? မဟုတ်ဘူး၊ အဲ့ဒါက လူရိုက်တာမျိုး မဟုတ်ဘူး။ သူက ချန်အန်းရှိူ့ရဲ့လက်ရေးကို တုပပြီး သူ့အတွက်သူ ရည်းစားစာပြန်ရေးခဲ့တာ။ "


" သူ့မှာ ညီငယ်တစ်စုရှိပြီး ငါတို့အတန်းထဲက နွမ်းပါးတဲ့ ကျောင်းသားတွေက သူ့နောက်ကို တစ်နေကုန် လိုက်နေကြတယ်။ "


" အမှတ် ၁ အထက်တန်းကျောင်းဆိုတာ ဘာမှန်း မင်း သိတာပဲ။ ဒီမှာ ဘယ်လိုလုပ် တစ်ယောက်ယောက်က ကျောင်းသားတွေကို အနိုင်ကျင့်ရဲမလဲ။ သူ အဲ့ညီငယ်လေးတွေကို လက်ခံထားတာက သူ့ညီငယ်လေးတွေ သူ့ကို ချီးကျူးမြှောက်ပင့်ပြောဆိုနေတာတွေကို နားထောင်ရတာ ကြိုက်လို့လေ၊ ဟုတ်တယ်မလား? "


" သူက တကယ်ချမ်းသာတယ်။ သူ့ဖုန်းတွေ အသိမ်းခံရပေမယ့် သူ့မှာ အနည်းဆုံး အပိုဖုန်းဆယ်လုံး‌လောက်တော့ ရှိတယ်။ သူက အမြဲတမ်း ဆရာမစီကနေ ထွက်ပြေးနေတာ။ "


" အမှတ်တွေလား? အရင်က သူ့စာမေးပွဲအမှတ်တွေက တော်တော်ညံ့ပေမယ့် အခု သိပ္ပံတန်းက ထွက်လာတော့ သူ့အတန်းရဲ့ ထိပ်ဆုံးအယောက်နှစ်ရာထဲမှာ သူ ပါလာတယ်... "


...


အခြေအနေကိုရှာတွေ့သွားသူများ : " ... " မစ္စတာယန်က တခြားသူတွေကို အသရေဖျက်မှုနဲ့ တရားစွဲတာ မဆန်းတော့ပါဘူး။ သူ့သားက အရမ်းသနားစရာကောင်း‌နေပြီကို...


မစ္စတာယန်အတွက် ပိုဆိုးတယ်။ သန်းနဲ့ချီတဲ့ပိုက်ဆံတွေကို ရေထဲသွန်လိုက်ရသလိုပဲ!

____


Thanks for reading❣️

____