အပိုင်း ၄၉
Viewers 26k

Chapter 49




တိုက်ဆိုင်စွာပင်၊ သူကလည်း ကျောင်းတွင်းအကြမ်းဖက်မှုအကြောင်း ချီကျားကျစ်နှင့် စကားပြောချင်ခဲ့သည်။ ပထမအချက် ကျောင်းတွင်အကြမ်းဖက်မှုမှာ မှားယွင်းသည်။ ဒုတိယအချက်မှာ သူ့အနေဖြင့် ထောင်ထောင်၏မောင်လေးနှင့် ပဋိပက္ခမဖြစ်အောင် ရှောင်နိုင်လျှင် အကောင်းဆုံးဖြစ်လိမ့်မည်ပင်။


"ကျားကျစ်" 


ချီရှင်းချန် သူဝမ်းကွဲ၏အဆင်မပြေသော အကျင့်စရိုက်ကြောင့် တိုက်ရိုက် မပြောနိုင်ဖြစ်နေသည်။

"အစမ်းစာမေးပွဲ ရလဒ်က ဘယ်လိုနေလဲ" 


တူများကို စီနေသော ချီကျားကျစ်၏လက် ရပ်တန့်သွားသည်။


ကောင်းပြီ၊ အဲဒါက အဆင်မပြေလောက်ဘူး...

ချီရှင်းချန်က အကြောင်းအရာ ပြောင်းလိုက်၏။


 "အခုတလော ဆရာတွေက မင်းကိုမိဘခေါ်ခိုင်းသေးလား"


ချီကျားကျစ်: "…"


ကောင်းပြီ၊ ကျောင်းတွင်းလူဆိုးကတော့ လူဆိုးပါပဲ...


"မင်းက ဘွဲ့ရတော့မယ်... မင်းရဲ့ အတန်းဖော်တွေနဲ့တည့်အောင် ပေါင်းသင်းပြီး အထင်မြင်ကောင်းတွေ ချန်ထားခဲ့စမ်းပါ... မင်းတို့က တစ်ယောက်ကို တစ်ယောက် အနာဂတ်မှာ မတွေ့ရတော့ဘူးမလား" 

ချီရှင်းချန်က လိုရင်းသို့ တည့်တည့်သွားခဲ့သည်။ 


"မင်းမှာ ထောင်ရွှမ်လို့ခေါ်တဲ့ အတန်းဖော်ရှိလား... သူက ငါ့သူငယ်ချင်းရဲ့မောင်လေး... မင်းတို့ချင်း ပိုပြီး အပေါင်းအသင်းလို့ရတယ်"



"ထောင်ရွှမ်…"


ချီကျားကျစ်က မျက်မှောင်ကြုတ်လိုက်ပြီး သူ မမှတ်မိခင်မှာ ခဏလောက် စဉ်းစားလိုက်ရသည်။ 


"အိုး အဲလိုလူ ရှိတယ်... ကော စိတ်မပူပါနဲ့...မင်းသူ့ကိုသိတယ်ဆိုမှတော့ ငါသူ့ကိုဂရုစိုက်ပေးပါ့မယ်...သူကနည်းနည်းလေးထူးဆန်းနေပေမဲ့လည်းပေါ့..."


"ထူးဆန်းတာလား... သူက ဘာထူးဆန်းလို့လဲ"


"သူက အမြဲတမ်း သောက်ကျိုးနဲမျက်နှာသေကြီးနဲ့ဗျာ...ဂိမ်းတွေ၊ ဘတ်စကတ်ဘောတွေလည်း မကစားတတ်ဘူး...သူနဲ့ စကားပြောတဲ့သူတိုင်းကို လျစ်လျူရှုထားတယ်..." 


ချီကျားကျစ်က ဒေါသတကြီးဖြင့် သူ့ဦးထိပ်ကဆံပင်ကို ပွတ်လိုက်သည်။ 

"သူက အရမ်းအားနည်းပြီး အလွယ်တကူ အမှောက်သိပ်လို့ရတာကြောင့်သာမဟုတ်ရင် သူက ဘော့စ်ဖြစ်နေမယ်ထင်တယ်"


လေ့ကျင့်ခန်းလုပ်ရတာ မကြိုက်ဘူး၊ လူတွေနဲ့ ဝေးဝေးနေပြီး အားနည်းတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတယ်... ချီရှင်းချန် "ည၏မက်မွန်" က ဇာတ်ကွက်ကို ပြန်တွေးလိုက်မိသည်။


လက်ရှိအချိန်တွင် ထောင်ရွှမ်က အရေပြားလေးဖက်နာရောဂါခံစားနေရပြီဖြစ်ဖွယ်ရှိသည်။ သို့သော် အစောပိုင်းအဆင့်တွင် သူ၏အခြေအနေက ပိုဆိုးမလာဘဲ ပုံမှန်အတိုင်း စာကျက်ကာ အတန်းတက်နိုင်သေးသည်။


ထောင်ရွှမ်က သူ၏ ဆေးမှတ်တမ်းကို ဖုံးကွယ်ပြီး အတန်းဖော်များကို မပြောရန် ရွေးချယ်ခဲ့သည်။ထို့ကြောင့် သူ သူ၏အတန်းဖော်များနှင့် သာမန်ကာလျှံကာ စကားမပြောနိုင်တော့ပေ။ချီရှင်းချန် အတွင်းစိတ်ကနေ သက်ပြင်းတစ်ချက်ချကာ ဖြည်းညှင်းစွာပြောလိုက်သည်။


"ကျားကျစ်...ထောင်ရွှမ်မှာ ဒီလိုလုပ်ဖို့ သူ့ကိုယ်ပိုင် အကြောင်းပြချက် ရှိကောင်းရှိနိုင်တယ်...သူက အတန်းဖော်တွေနဲ့ မရင်းနှီးတဲ့အတွက်နဲ့ သူ့ကို မုန်းလို့မရဘူး၊ နားလည်လား"


"ဒါပေမဲ့ သူက သူ့ပါးစပ်ကိုပိတ်ပြီး ကြီးကျယ်သလိုမြင်မြတ်သလိုကြီး လုပ်နေတဲ့အချိန်ဆို သူက အရမ်းစိတ်အနှောင့်အယှက်ဖြစ်စရာကောင်းတယ်"


"မင်းက သူများတွေကိုစကားသွားပြောတာနဲ့ပဲ တဖက်လူက ပြန်တုံ့ပြန်ရမယ်လို့တော့ မပြောနဲ့လေ... အဲဒါ စိတ်အနှောက်အယှက်ဖြစ်စရာမကောင်းဘူးလား" 

ချီရှင်းချန်က ပြန်ပက်လိုက်သည်။


ချီကျားကျစ် နင်သွားသည်။


"ကောင်းပြီ" 


ချီရှင်းချန်က သူ့လက်ကို စားပွဲပေါ်တင်ပြီး ချီကျားကျစ်၏ ခေါင်းကို ပွတ်သပ်လိုက်သည်။

"လူတိုင်းရဲ့ ပင်ကိုစရိုက်မှာ အကြောင်းပြချက်တွေ ရှိတယ်... မင်းနားမလည်ရင် သူ့ကို လေးစားဖို့ ကြိုးစားပါ"


ချီကျားကျစ်: "…"


ချီကျားကျစ်၏ အိပ်ငိုက်နေသော မျက်လုံးများ ရုတ်တရက် ပြူးကျယ်သွားသည်။ 


"ကော...မင်း ငါ့ခေါင်းကို ကိုင်နေတာလား...မင်း ငါ့ခေါင်းကို ဘယ်လိုထိရဲတာလဲ... ဌာနမှူးတောင် မထိရဲဘူး"


ရုပ်မြင်သံကြားဒရာမာတွေမှာ အစ်ကိုကြီးတစ်ယောက်က သူ့ညီလေးရဲ့ခေါင်းကို ထိတာ ပုံမှန်ပဲမဟုတ်ဘူးလား...ချီကျားကျစ်က တခြားသူတွေသူ့ဆံပင်ကို ထိတာကို မုန်းတာများဖြစ်မလား...


ချီရှင်းချန် တောင်းပန်ရန် ပါးစပ်ကို ဖွင့်လိုက်သော်လည်း ချီကျားကျစ် သူ့ကို ထိရ လွယ်ကူစေရန် ရှေ့သို့ အနည်းငယ် ကုန်းထားသည်ကို တွေ့လိုက်ရသည်။သူက ခေါင်းငုံ့ပြီး သံပခြုပ်ကောင်ကို ဖွင့်ဟန်ဆောင်နေ၏။


"…"

ချိရှင်းချန် မထိန်းနိုင်ဘဲ ရယ်မောကာ သူ့ခေါင်းကို ထပ်ပွတ်ပေးလိုက်သည်။


.


ချီရှင်းချန်၏ ထပ်ခါတလဲလဲသတိပေးချက်များအောက်တွင်၊ ချီကျားကျစ်က ထောင်ရွှမ်အား အနိုင်ကျင့်ခြင်းမပြုတော့ကြောင်း ကတိပြုခဲ့သောကြောင့် သူ ကျေနပ်သွားသည်။ 


ညစာစားပြီးနောက်၊ ချီကျားကျစ်ကို သူ့ကို ဟိုတယ်ပြန်ပို့ခိုင်းခဲ့သည်။ချီကျားကျစ်က သူ၏ ပြိုင်ကားကို ဘီးတပ်ကုလားထိုင်အဖြစ် ပြောင်းလဲလိုက်သည်။မိနစ်နှစ်ဆယ်ခရီးသည် မိနစ်လေးဆယ်ကျော်ကြာခဲ့၏။

(သူလေးအရှိန်လျော့မောင်းလိုက်တာပါ)


ဟိုတယ်ကိုရောက်သည့်အခါမှာ ချီကျားကျစ်က ဗူးထဲက စီးကရက်တစ်လိပ်ကို ထုတ်ပြီး မျက်လုံးတွေကို မှေးစင်းထားလိုက်လေသည်။ 


"ကော ငါ့ကိုစောင့်..."


"ဘာလို့ ဆေးလိပ်သောက်နေတာလဲ" 

ချီရှင်းချန်က လက်ဆန့်ပြီး စီးကရက်ကို ဆွဲယူလိုက်သည်။


ချီကျားကျစ်: "... ကော မင်းငါ့စီးကရက်ကို ဘယ်လို လုပ်သိမ်းရဲတာလဲ... ဌာနမှူးတောင် မသိမ်းရဲဘူး"


ချီရှင်းချန်က သူ့စရိုက်ကို နားလည်သွားပြီဖြစ်သည်။ သူနှင့် ခဏလောက် စကားစမြည်ပြောပြီး သူ ထွက်သွားသည်ကို ကြည့်နေခဲ့သည်။


ထို့နောက် သူအပေါ်ထပ်သို့ ဓာတ်လှေကားနှင့် တက်လာခဲ့သည်။အန်းရန်က သူ့အခန်းကို သပ်သပ်ရပ်ရပ်ဖြစ်အောင် လုပ်ထားပြီးသားဖြစ်၏။ တံခါးဖွင့်သံကြားသောအခါ သူမက သူ့ကို ချက်ချင်းတားလိုက်သည်။ 

"ရပ်...အိပ်ခန်းထဲကို မသွားနဲ့...အရင်သွား ရေချိုး...ရေချိုးကန်နဲ့ ရနံ့ဆီကို ပြင်ဆင်ထားပြီးပြီ... အနံ့ပျောက်အောင် နာရီဝက်လောက် စိမ်နေလိုက်"


ချီရှင်းချန်: "???"


"နင်က ရှန်းရှန်းနဲ့ တနေကုန် တတွဲတွဲနေတာ...နင့်ကိုယ်က ငါးညှီနံ့နဲ့ ပိုးသတ်ဆေးနံ့တွေထွက်နေပြီ" ဟုအန်းရန်မှ ရှင်းပြသည်။ 

"ထောင်ထောင်ကျဲရဲ့ လက်ထောက်က ငါ့ကို ရနံ့ဆီတစ်မျိုးနဲ့ မိတ်ဆက်ပေးတယ်...ကောင်းတယ်။ စမ်းကြည့်"


ချီရှင်းချန် သူ့အင်္ကျီလက်များကို နမ်းကြည့်လိုက်သည်။ တကယ်ကို ငါးညှီနံ့ရှိနေခဲ့သည်။သူက ထိုကဲ့သို့သောပတ်ဝန်းကျင်မှာ အမြဲရှိနေခဲ့သည်။အန်းရန်ကသာ မပြောလျှင် သူ သတိထားမိမှာ မဟုတ်ပေ။


အခုပဲ သူ ချီကားကျစ်နှင့် လေလုံသည့် ပြိုင်ကားထဲမှာ ကြာကြာနေခဲ့သည်။ချီကျားကျစ်က တစ်ခွန်းမှ မညည်းညူခဲ့ပေ။


ချီရှင်းချန် သူ့ဖုန်းကို စင်ပေါ်တင်လိုက်ပြီး သူ့အဝတ်အစားတွေကို ချွတ်ကာ ရေချိုးကန်ထဲကို ဝင်လိုက်သည်။ သူ အိပ်ပျော်ခါနီးမှာပဲ သူ့ဖုန်းက နှစ်ကြိမ်တုန်ခါသွား၏။


သူ မလှုပ်ချင်ပေ။ သူ ပျင်းရိစွာ ကြည့်လိုက်ချိန်မှာ ပိုင်ရဲ့က သူ့ကို မက်ဆေ့ခ်ျ ပို့ထားသည်ကို တွေ့လိုက်ရ၏။


သူထထိုင်ပြီး လက်ကို မျက်နှာသုတ်ပုဝါနှင့်သုတ်လိုက်ပြီး စာကိုဖွင့်ဖတ်လိုက်သည်။


ပိုင်: [ဟိုတယ်မှာလား]


ယခင်စာတိုကို ချီရှင်းချန်မှ ပေးပို့ထားခဲ့ခြင်းသည်။ သူရိုက်ကူးရေးပြီးသွားပြီဟု တစ်ဖက်လူကိုပြောခဲ့ခြင်းဖြစ်သည်။ မက်ဆေ့ချ်နှစ်ခုကြားတွင် ထမင်းစားချိန်ခြားနေခဲ့သည်။


ချီရှင်းချန် သူ့ကိုယ်သူ တွေးနေမိသည်။ ဖျော်ဖြေရေးနယ်ပယ်မှာ အတူတူရှိကြသူတွေ အများကြီးရှိသည်ဆိုသည်က အံ့သြစရာမဟုတ်ပေမဲ့ လူအနည်းငယ်ကသာ အဆုံးထိသွားနိုင်ကြ၏။


စကားစမြည်ပြောဆိုခြင်း၏ ထိရောက်မှုအပေါ်အခြေခံ၍ သူလုပ်ခဲ့လျှင်ပင်၊ သူတို့သည် လအနည်းငယ်အတွင်း လမ်းခွဲဖြစ်ကြလိမ့်မည်ဖြစ်သည်။ပိုင်ရဲ့၏နှလုံးသားကို သူမသိမ်းပိုက်သေးကြောင်းကိုကား ထည့်ပြောစရာပင်မလိုပေ။


… မဟုတ်ဘူး၊ အဲဒါ မမှန်ဘူး... တစ်စုံတစ်ယောက်ကို လိုက်ပိုးတဲ့ ခံစားချက်ကို ပြုစုပျိုးထောင်ဖို့ ပိုင်ရဲ့ကို ရှာနေတာ မဟုတ်လား...သူဘာကြောင့် ဒီလောက်အထိ ကြိုတွေးနေရတာလဲ...


ချီရှင်းချန် ခေါင်းယမ်းလိုက်သည်။ 

[ကျွန်တော်တို့ရောက်ပြီ... အခုက ရေချိုးကန်ထဲမှာ]


သူကစကားပြောရင်းနှင့် ရနံ့ဆီပုလင်းကို အပြစ်ရှိစိတ်အနည်းငယ်ဖြင့် ကိုင်လိုက်သည်။ဓာတ်ပုံရိုက်လိုက်ပြီး သူလိမ်နေခြင်းမဟုတ်ဘူးဆိုသည်ကို သက်သေပြရန် ပိုင်ရဲ့ဆီကို ပို့လိုက်၏။



ပိုင်ရဲ့၏ အကြည့်တွေက ပုလင်းကိုင်ထားသည့် လက်ချောင်းတွေပေါ် ကျရောက်သွားသည်။


ယင်းတို့က ဖြူဖွေးပြီး လုံးဝိုင်း၏။ရေချိုးကန်ထဲမှာ အကြာကြီးရှိနေခဲ့သောကြောင့် သူ့လက်ချောင်းတွေက အရေတွန့်နေသည်။ မက်ဆေ့ချ်ကို အကြောင်းပြန်ရန် သူ့လက်များကို အထူးတလည် သုတ်ထားသည်မှာ ထင်ရှားသည်။


ပိုင်ရဲ့၏ မှတ်ချက်:[ချစ်စရာကောင်းတယ်]


ရှင်းရှင်းက နားမလည်: […]


ထိုအခါမှ ပိုင်ရဲ့ ရနံ့ဆီများကို တွေ့လိုက်ရသည်။ သူက ခေါင်းစဉ်ပြောင်းလိုက်သည်။ 

[ဒါက ငါ အရင်တစ်ခေါက်ကရခဲ့တဲ့ရနံ့ပဲလား]


သူအရင်တစ်ခေါက်ကရခဲ့တဲ့ရနံ့...


အရင်တစ်ခေါက်က သူရခဲ့တဲ့ရနံ့က ခေါင်းလျှော်ရည်ပါလို့ သူမရှင်းပြခဲ့ဘူးလား... သူဘာလို့အဲဒါမကျော်နိုင်ရတာလဲ...


ဒါမှမဟုတ် ပိုင်ရဲ့ကအနံ့ကို တကယ်ကြိုက်တာလား...


ချီရှင်းချန် ရေထဲတွင်မြုပ်နေသော သိုးထိန်းခွေးလေးကို ကြည့်လိုက်သည်။ဤအခိုက်အတန့်တွင် ဖုန်းခေါ်ဆိုမှုတစ်ခုက စကားဝိုင်းကို အနှောင့်အယှက်ပေးလာလေသည်။


ယင်းက ချီယွမ်ရှောင်ဖြစ်သည်။ချီရှင်းချန်က ကောက်ကိုင်လိုက်သည်။ 

"ကော"


"…"

ချီယွမ်ရှောင်၏မူလက သူ့ကိုဆူလိုသော ရည်ရွယ်ချက် ချက်ချင်း ပျောက်သွားသည်။ "ကောင်းပြီ... Weiboကအဖြစ်အပျက်အကြောင်း ပြောပါဦး"


ချီယွမ်ရှောင်က အလုပ်တွေရှုပ်နေပြီး ဆိုရှယ်မီဒီယာကို မကြည့်ဖြစ်လုနီးပါးပါပင်။ မနက်ခင်းက သူ့အလုပ်အများဆုံးအချိန်ဖြစ်သောကြောင့် ချီရှင်းချန်ု အဖြစ်ပြီးနောက် ချက်ချင်း သူ့ကိုတန်းမခေါ်ခဲ့ပေ။ထိုအစား ချန်နော်ရာကို တိုက်ရိုက်ဖုန်းဆက်ခဲ့၏။


ချီရှင်းချန်မှာ ဖြစ်ကြောင်းကုန်စင် ထပ်ပြောပြရန်ကလွဲ ရွေးချယ်စရာမရှိတော့ပေ။ချီယွမ်ရှောင်က ၎င်းကိုကြားသောအခါမေးလာ၏။


"ချန်နော်ရာက ဒီလိုအသေးအမွှားကိစ္စကို တစ်ရက်တည်းနဲ့ မလုပ်နိုင်ဘူးလား"


ချီရှင်းချန်: "…"


"နောက်တစ်ခါ သူ့ကိုမရှာနဲ့၊ ငါ့ကိုပဲ ရှာ ...ဝက်တွေက လူ့ပြဿနာတွေကို မဖြေရှင်းနိုင်ဘူး" 

ချီယွမ်ရှောင်က ခဏရပ်လိုက်သည်။ 

"ဒီည ကောင်းကောင်း အိပ်ပြီး မနက်ဖြန် မနက်မှာ စောင့်ကြည့်နေလိုက်"


ချီရှင်းချန် သူ့အစ်ကို၏ ရိုင်းစိုင်းမှု(မဆဲဆိုဘဲ)ကို အသုံးမပြုဘဲ လူများကို ဆူပူကြိမ်းမောင်းသည့် စွမ်းရည်ကို ချီးကျူးလိုက်မိသည်။ ညွှန်ကြားချက်များရရှိပြီးနောက် Weibo ကို နာခံမှုဖြင့် ပိတ်ခဲ့သည်။သူသည် မှန်ရှေ့၌ မနက်ဖြန်၏ ဇာတ်ဝင်ခန်းကို ဆက်လက်လေ့ကျင့်ပြီး ပိုင်ရဲ့ နှင့် အိပ်ရာဝင်သည်အထိ စကားစမြည်ပြောခဲ့သည်။


ချီရှင်းချန်က မီးကိုပိတ်ပြီး မက်ဆေ့ခ်ျပို့လိုက်သည်။

[ကောင်းသောညပါဗျ]


ပိုင်ရဲ့ : [ကောင်းသောညပါ ...အိပ်မက်လှလှမက်ပါစေ]


ပိုင်ရဲ့၏ ကောင်းချီးတွေကြောင့် ချီရှင်းချန်တစ်ယောက် တကယ်ပဲ ကောင်းကောင်းအိပ်ပျော်ခဲ့၏။စိတ်ကောင်းဝင်နေလျက်ရှိပြီး အိပ်ယာမှထကာ အဝတ်အစားကိုဝတ်၍ သိုးထိန်းငယ်လေးရေမွှေးကို နှစ်ကြိမ်ဖိကာစွတ်လိုက်သည်။


ကျန်ရေမွှေးများသည် လာမည့်လလယ်အထိသာ ကျန်ရှိတော့မည်ဟု ခန့်မှန်းထားသည်။ သူက Taobao မှာ နောက်ထပ်ပုလင်းကူဝယ်ပေးရန် အန်းရန်ကိုပြောလိုက်သည်။


အန်းရန်က ထုတ်ကုန်ကို ကျွမ်းကျင်စွာ ရှာတွေ့ပြီး မေးလေ၏။

"ဘယ်နှစ်မီလီလီတာ လိုချင်လဲ" 


"အကြီးဆုံး"


"အဲလောက် မလိုပါဘူးဟယ်...ငါ့ အတွေ့အကြုံအရ နှုတ်ခမ်းနီနဲ့ ရေမွှေးလိုဟာတွေက ဘာမဆို တစ်လလောက်အထိသာ လတ်ဆတ်ကြတာ...ဟန်းနီးမွန်းကာလ ကုန်တာနဲ့ ဖုန်ပေပေဘာပေပေ ထောင့်ကို လွှင့်ပစ်လိုက်ကြတာပဲ ... ဒါမှမဟုတ် အဲဒါအတွက် ထူးထူးခြားခြား ခံစားချက်ရှိလို့လား"


ချိီရှင်းချန်က ဖိနပ်စီးနေခြင်းကိုရပ်လိုက်ပြီး နားရွက်ဖျားကို ပွတ်သပ်လိုက်သည်။ 

"ကျွန်တော် ကျဲဆီက ဝယ်လိုက်မယ်...ကျွန်တော် ပိုက်ဆံမပေးမှာမျိုးမဟုတ်ဘူး"


"ကောင်းပြီ" 

အန်ရန်က မျက်လုံးများမှေးကျဥ်းလျက် ကျီစယ်လိုစွာပြုံးလိုက်သည်။


ထို့နောက် သူမက ရုတ်တရက်ထအော်သည်။ "ရှင်းရှင်း...Weibo ကို ကြည့်လိုက်...ဖန့်တိကနင့်ကိုမန်းရှင်းထားတယ်"


ကောလုပ်ပြီးသွားပြီလား...

ချီရှင်းချန် သူ့ဖိနပ်ကို ချက်ချင်းဝတ်ပြီး Weibo ကို ဖွင့်လိုက်သည်။


[— — ဖန့်တိမီဒီယာ: မနေ့ က၊ ကျွန်ုပ်တို့ ကုမ္ပဏီ၏ ဘလော့ဂါသည် အနုပညာရှင်တစ်ဦး၏ အေးဂျင့်ထံမှ ငွေလက်ခံပြီး မသင့်လျော်သော မှတ်ချက်များ တင်ခဲ့ရာ မစ္စတာချီရှင်းချန် ၏ ဂုဏ်သိက္ခာကို များစွာထိခိုက်စေခဲ့သည်။ ဤအတွက် ကျွန်ုပ်တို့ စိတ်ရင်းမှန်ဖြင့် တောင်းပန်ပြီး ဝန်ထမ်းဖွဲ့စည်းပုံကို ပြုပြင်ပြောင်းလဲ၍အကောင့်၏ ကန့်သတ်ချက်နှင့် ထိန်းချုပ်မှုများကို အားကောင်းစေမည်ဖြစ်သည်။ နားလည်ပေးနိုင်မည်ဟု မျှော်လင့်ပါသည်။]]


၎င်းကိုမြင်သောအခါ ချီရှင်းချန် အတော်လေး အံ့သြသွားခဲ့၏။ချီယွမ်ရှောင်၏ ကိုင်တွယ်ဖြေရှင်းပုံသည် ဘလော့ဂါအား ပို့စ်ကို ဖျက်ရန် အတင်းအကြပ် ခိုင်းစေခြင်းဖြစ်သည်ဟု သူထင်ခဲ့သည်။ ဘလော့ဂါက ပို့စ်ကို ဖျက်လိုက်သရွေ့ ဖန့်တိမီဒီယာအနေဖြင့် စာချုပ်ကို ဖောက်ဖျက်မိပြီး ငွေပြန်ပေးရမည်သာမက ဒဏ်ကြေးလည်း ပေးဆောင်ရမည်ဖြစ်ပြီး ဝယ်သူကိုလည်း စော်ကားမိသလိုဖြစ်သွားနိုင်သည်။


သို့သော် ချီယွမ်ရှောင်က ဤမျှ ရက်စက်ကြမ်းကြုတ်သူ ဖြစ်လိမ့်မည်ဟု သူမမျှော်လင့်ထားပေ။သူက "အနုပညာရှင်တစ်ဦး၏ အေးဂျင့်" ဟူ၍ပင် ထောက်ပြခဲ့သည်။


ချီရှင်းချန် လူအများ၏ တုံ့ပြန်မှုကို ကြည့်ရှုရန် မှတ်ချက်ကဏ္ဍကို နှိပ်ခဲ့သည်။


ထို့နောက် ချီယွမ်ရှောင်က ရက်စက်သည်ထက် ပိုကြောင်း သူတွေ့ရှိခဲ့လေသည်။


မှတ်ချက်အပိုင်းတွင် အင်တာနက်အသုံးပြုသူအများအပြားသည် ရှုရှန့်အား ၎င်းတို့၏ဓားများဖြင့် ချိန်ရွယ်ထားကြပြီး မျိုးရိုးနာမည်ရှုနှင့်အနုပညာရှင်က ချီရှင်းချန်အား အသရေဖျက်ရန်ငွေပေးဆောင်သူဖြစ်သည်ဟုဆိုကြသည်။


သူတို့အားလုံးက တစ်ညီတစ်ညွတ်တည်းပြောနေကြသည်။ ဤနောက်ကွယ်မှာ တစ်ယောက်ယောက်ရှိနေမှန်း ထင်ရှား၏။


တစ်ချိန်တည်းမှာပင်၊ ဟိုတယ်၏ ၃၄ လွှာရှိ Executive suite တွင် ရှုရှန့်၏အေးဂျင့်နှင့် ရှုရှန့်တို့သည် စားပွဲ၌ထိုင်နေကြသည်။ မနက်စာက အေးစက်နေပြီး ပြာခွက်ထဲမှာ စီးကရက်ဖင်စီခံတွေ ပြည့်နေ၏။


"မင်းကို ပြဿနာမရှာဖို့ ငါပြောခဲ့တယ်...အခု မင်းဒုက္ခရောက်နေပြီမလား" 


အေးဂျင့်က လိုက်ကာတွေဆွဲချလိုက်သည်။ "သူဌေးက ငါ့ကိုခေါ်ပြီး ငေါက်တယ်"


ရှုရှန့်၏မျက်နှာက နီရဲလာသည်။ 

"ပါးစပ်ပိတ်ထား"


"မင်းပြောတော့ သူက တတိယအမျိုးသားဇာတ်ဆောင်ဖြစ်ပြီး မင်းက ဒုတိယမြောက်အမျိုးသားဇာတ်ဆောင်... သူက မင်းကို နှိမ်နှင်းဖို့ အရည်အချင်းမရှိဘူး၊ မင်းရဲ့ပွဲတွေကို ခိုးယူဖို့ အရည်အချင်းမပြည့်မီဘူးဆို...မင်းဘာလို့ သူ့ကို ပစ်မှတ်ထားနေတာလဲ"


"ကျုပ် ခင်ဗျားကို စကားတွေ ရပ်ဖို့ ပြောနေတယ်"


ရှုရှန့်က ရုတ်တရက် ထရပ်လိုက်ပြီး သူ့နဖူးပေါ်က သွေးကြောတွေ ဖောင်းကားနေသည်။သူ၏ရုတ်တရက် လှုပ်ရှားမှုကြောင့် စားပွဲက ရွှေ့သွားသည်၊ ဖက်ထုပ်ပေါင်းနှင့် ဆန်ပြုတ်များ ကြမ်းပြင်ပေါ်တွင် လွင့်ကျသွား၏။ 

"ခင်ဗျားက သောက်နားကန်းနေလားဟမ်"



အေးဂျင့်သည် သူ၏ ရက်စက်သော မျက်နှာကြောင့် စက္ကန့်အနည်းငယ်မျှ အံ့အားသင့်သွားသည်။


သူသည် ဤသူဌေး၏သားကို နှစ်နှစ်ကျော် ပြုစုစောင့်ရှောက်ပေနေခဲ့သည်။ရှုရှန့်က စိတ်တိုလွယ်မှန်း သူသိသော်လည်း ယနေ့ကဲ့သို့ ဒေါသတကြီးဖြစ်နေသည်က အတော်ရှားလေသည်။


"သူက လေးနက်ဟန်ဆောင်နေတာကို ကျုပ် သည်းမခံနိုင်ဘူး... ဒါရိုက်တာရှန့်က ထောင်ထောင့်ရှေ့မှာ သူ့ကို ချီးကျူးတာကို သည်းမခံနိုင်ဘူး... ကျုပ် သူ့ကို ပြဿနာရှာချင်ရုံပဲ... ပြီးတော့… "


"ပြီးတော့ဘာလဲ"


"ပြီးတော့…"


ရှုရှန့်က "ပြီးတော့" ဟု နှစ်ကြိမ်ပြောသော်လည်း သူ့စကားကို ဆုံးအောင်မပြောခဲ့ပေ။


ခဏလောက် သူ့မျက်လုံးတွေ ကြည်ရှ

င်းသွားပြီး သူ့ထုံးစံအတိုင်း မာနကြီးပြီး ကြီးစိုးသည့်ပုံစံကို ပြန်ရောက်သွား၏။


"မဟုတ်ဘူး...ချီရှင်းချန်က ဒီအဖြစ်အပျက်ကို ဖောင်းပွအောင်လုပ်ပြီး ကျုပ်ကို တမင်တကာ ပုတ်ခတ်ပြောဆိုဖို့ ညွှန်ကြားထားတာလို့ ပြောထားတဲ့ ကြေညာချက်ကို ထုတ်ပေးပါ"