အပိုင်း ၅၁
Viewers 38k

Chapter 51



ချီရှင်းချန် မသိစိတ်ကနေ ဖုန်းကိုင်လိုက်မိသည်။


ခုနစ်နှစ်ကြာအောင် သူကြည့်နေခဲ့သော သူ့idol၏ မျက်နှာက ရုတ်တရက် ပေါ်လာသည်။


စူးရှသော မျက်ခုံးများ၊အနည်းငယ်ကော့တက်နေသော မျက်လုံးထောင့်စွန်းများ၊နှာတံမြင့်မြင့်၊ နှာတံဘေးဘက်ရှိ မှဲ့သေးသေးလေးနှင့်မေးရိုးချွန်ချွန်…


ချီရှင်းချန် ရုတ်တရက်နိုးလာပြီး သူဘာလုပ်နေမှန်း သတိပြုမိလိုက်သည်။


သူက ပိုင်ရဲ့နဲ့ ဗီဒီယိုကောလ်ပြောနေတယ်!!!


တစ်ဖက်မှာ ပိုင်ရဲ့ကလည်း သူ့ကို သေချာကြည့်နေ၏။


သူ့ဆံပင်တွေက ရှုပ်ပွနေပြီး မျက်လုံးတွေက နီရဲရောင်ရမ်းနေကာ မျက်ခွံတွေက ပို၍ပင် မို့နေသည်။ သုတ်ရန်အချိန်မရှိလိုက်သော သူ့မျက်လုံးအောက်က ရေစက်အချို့လည်း ရှိနေသည်။


ပိုင်ရဲ့ ချက်ချင်း မျက်မှောင်ကြုတ်သွားသည် ။ "မင်းကို ဘယ်သူက အနိုင်ကျင့်တာလဲ"


"မဟုတ်ဘူး...မဟုတ်ဘူး" 

ချီရှင်းချန်က အမြန်ရှင်းပြသည်။ 

"ဘယ်သူမှ ကျွန်တော့်ကို အနိုင်ကျင့်တာ မဟုတ်ဘူး"


"ဒါရိုက်တာက မင်းကို ငေါက်ခဲ့တာလား ဒါမှမဟုတ် ရှုရှန့်က ထပ်ပြီး ဒုက္ခပေးခဲ့တာလား"


"မဟုတ်ဘူး တကယ်" 


ချီရှင်းချန် စိတ်ရှုပ်ထွေးသွားသော်လည်း ပိုင်ရဲ့၏ အထိန်းအကွပ်မဲ့သော မှန်းဆချက်များအား ရပ်တန့်ရန်အတွက် သူအမှန်အတိုင်းပြောရုံသာတတ်နိုင်ခဲ့သည်။

"ဒီနေ့ ငိုရတဲ့ ဇာတ်ဝင်ခန်းကို ရိုက်ထားတာ"


ပိုင်ရဲ့ အံ့သြသွားသည်။ 

"ဘယ်နှစ်ကြိမ်ထိ မင်းငိုခဲ့လဲ"


"တစ်ကြိမ်... တစ်ကြိမ်ပါဗျာ"


ချီရှင်းချန်း နေ့ခင်းတစ်ခင်းလုံး ငိုခဲ့သည်ဟု ပြောရန် အလွန်ရှက်မိလေသည်။


"တစ်ခန်းရိုက်ပြီး ဒီလောက်ထိငိုတယ်ပေါ့" 

ပိုင်ရဲ့က စလိုက်သည်။

"ဒါဆို နောက်ကျရင် ငါ မင်းကို မစရဲတော့ဘူး"


ချီရှင်းချန်က "မင်းကို မစရဲဘူး" ဆိုသည့် အဓိပ္ပါယ်ကို တွေးနေ၏။


ခဏအကြာမှာ က သူ့ကို ငိုအောင်လုပ်မိမှာကို ကြောက်နေမှန်း သိလိုက်ရသည်။


"ကျွန်...ကျွန်တော်က ငိုတတ်တဲ့လူမျိုး မဟုတ်ဘူး" 

ချီရှင်းချန် ရှက်ဒေါသဖြစ်ခဲ့ရသည်။ 

"ဒီတစ်ခါ ကျွန်တော်က ရှန်းရှန်း ဆုံးသွားလို့ ငိုတာ"


"ရှန်းရှန်း ဆုံးသွားပြီ" ဟုပြောသည့်အခါ သူ့ရင်ဘက်က ဆောင့်ခုန်သွား၏။


"အင်းပါ" 

ပိုင်ရဲ့ကပြောသည်။ 

"မင်းက ငိုရတာမကြိုက်ပါဘူး"


"ကျွန်တော့်ကိုမယုံတာလား"


"ငါ မင်းကို ယုံပါတယ်...အဲဒါကြောင့်....." 

ပိုင်ရဲ့က ခဏရပ်လိုက်၏။ 

"အခု မငိုနဲ့တော့...ထပြီး မျက်နှာသစ်လိုက် အိုကေ"


ချီရှင်းချန် တစ်ခဏမျှ ကြောင်နေပြီနောက် နောက်ဆုံးတွင် သူနားလည်သွားသည်။


လက်စသတ်သောအခါ လည့်ပတ်ကွေ့ပတ်ပြီး အများကြီးပြောနေသည်က တစ်ဖက်က သူ့ကို ဆက်မငိုမိအောင် ချော့ချင်သည့်အတွက်ဖြစ်နေသည်။


ချီရှင်းချန် သူ့နှုတ်ခမ်းပေါ်ရှိ အပြုံးကို ဖုံးကွယ်ရန် ခေါင်းညိမ့်လိုက်သည်။ 

"ဟုတ်"


"ပြီးရင် အပြင်သွားကြရအောင်... ငါတို့ အဲဒီရောက်တုန်း တစ်ခုခုစားကြမယ်"


ချီရှင်းချန်က ခေါင်းညိတ်လိုက်သည်။


ဗီဒီယိုခေါ်ဆိုမှု ပြီးဆုံးသောအခါတွင် သူစခရင်ရှော့ရိုက်ရန် မေ့သွားသည်ကို သူအမှတ်ရလိုက်သည်။ အားးး...


QAQ...



ချီရှင်းချန်က ပိုင်ရဲ့၏အချော့ ခံခဲ့ရသော်လည်း ချီမသားစု၏ ပင်မအိမ်တော်ရှိ လူများက စိုးရိမ်နေဆဲ ဖြစ်သည်။


ညနေခင်းမှာ ချီယွီကျီးက အချိုပွဲ ချက်ပြုတ်နေရင်း ရေရွတ်လေသည်။

 "ရှင်းရှင်းက ဒီတစ်ခေါက် အတော်လေး ခံစားခဲ့ရတာ... လျော်ကြေးပေးဖို့ ဘာဝယ်ရင်ကောင်းမလဲ"


ချီယွမ်ရှောင်က အချိုပွဲများကို ကျွမ်းကျင်လိမ္မာစွာ ဖြတ်ကျော်ကာ ခဏလောက်စဉ်းစားပြီးဆိုသည်။


"ရွက်လှေဝယ်ကြရင်ရော...ပိုင်ရှာဆိပ်ကမ်းမှာ ရွက်လှေဆိပ်ကမ်းတစ်ခု ရှိနေတော့ အတော် ဖြစ်သွားတာပေါ့...ငါတို့ အဲဒီနေရာမှာ ဆိုက်ကပ်လို့ရတယ်"


"အင်း မဆိုးဘူး"


ချီယွီကျီးက အစ်ကိုဖြစ်သူ၏ အကြံပြုချက်ကို အလွန်ကျေနပ်နေသည်။ သူမကထိုင်ချလိုက်ပြီးပြောလိုက်၏။


"ဒီလိုဆိုရင်ရော အစ်ကိုကြီး...ငါ ရှင်းရှင်း အတွက် ရွက်လှေဝယ်လိုက်မယ်...အစ်ကိုကြီးက ရွက်လှေနောက်တွဲတစ်စီးရှာပြီး ပင်လယ်လိုင်စင်လျှောက်ဖို့ သူ့ကိုကူညီပေးလိုက် အိုကေ"


ချီယွမ်ရှောင် တိုးတိုးလေး ရယ်မောလိုက်သည်။


သူ့ညီမက သူ့ဆီကအမှတ်ကို ခိုးယူကာ ရှင်းရှင်းကို သူမအပေါ် ပိုအကြွေးတင်စေချင်သောကြောင့် ယခုလိုပြောမှန်းသူသိသည်။၎င်းကို သူက ဂရုမစိုက်ဘဲ ပြုံးပြီး သဘောတူလိုက်၏။


ပွဲမှပြန်လာသော အဖေချီတစ်ယောက် သားနှင့်သမီး လက်ဆောင်ရွေးပြီးပြီဟု ကြားသောအခါ အလွန်စိတ်မချမ်းသာဖြစ်သွားသည်။


ဖခင်တစ်ယောက်အနေဖြင့် သားဖြစ်သူ ပိုနှစ်သက်ပြီး ပိုပျော်ရွှင်စေရနမအတွက် သူ့သားကို ပိုကောင်းသည့်လက်ဆောင်တစ်ခု ပေးသင့်၏။


သူသည် စာကြည့်ခန်းသို့ ပြန်သွားပြီး ဦးနှောက်ခြောက်အောင် စဥ်းစားခဲ့သည်။ အချိန်အတော်ကြာပြီးနောက် နောက်ဆုံးတွင် အကြံကောင်းတစ်ခုရလာပြီး သူ့လက်ထောက်ကို ခေါ်လိုက်သည်။ 


"မနက်ဖြန် တောင်အာဖရိကကို သွားမဲ့ လမ်းကြောင်း လျှောက်လိုက်...ငါ စစ်ဆေးဖို့ အဲဒီကို သွားချင်တယ်"


..........


အမျိုးသားဇာတ်ဆောင်နှင့် သူ့idol၏တူညီသောမျက်နှာများက အလွန်မှော်ဆန်သည်ဟု ဆိုရမည်ဖြစ်သည်။ ဗီဒီယိုကောလ်အပြီးတွင် ချီရှင်းချန် ခါးမနာတော့သလို သူ၏နောက်ကျောလည်း မနာတော့ပေ။ ပဉ္စမထပ်ကို တက်ရန် ခွန်အားတောင် မလိုခဲ့။ အကျိုးသက်ရောက်မှုသည် ဝိုင်ပုလင်းအသစ်သုံးပုလင်းကို ချလိုက်သည်နှင့် နှိုင်းယှဉ်နိုင်သည်။


ရှန့်ယွီလျန်က သူ့ကို နေ့ခင်းဘက် အနားယူခွင့် ပေးထားပေမဲ့ ယင်းက ရိုက်ကူးရေး တိုးတက်မှုကို နှောင့်နှေးစေခဲ့သည်။သူက အန်းရန်ကိုဖုန်းဆက်ပြီး အဖွဲ့သားတွေအတွက် ညလယ်စာမှာရန် ဟိုတယ်၏စားသောက်ဆိုင်ကို သွားချင်ခဲ့၏။


ဟိုတယ်၏စားသောက်ဆိုင်က ပထမထပ်မှာ ရှိလေသည့။ သူဝင်လိုက်သည်နှင့် စားသောက်ဆိုင်အဝင်ဝတွင် ထိုင်နေသော ရှုရှန့်ကို တွေ့လိုက်ရသည်။


သူ့မျက်လုံးများက နီမြန်းနေကာ သူ့မျက်နှာက မည်းမှောင်နေသည်။ဆံပင်တွေက ညစ်ပတ်နေပြီး သူ့နဖူးမှာ အဆီတွေပြန်နေသည်။


ရှုရှန့်က ၀တ်စားဆင်ယင်ရခြင်းကို နှစ်သက်သူတစ်ဦးဖြစ်သည်။ချီရှင်းချန် သူနှင့် ပထမဆုံးစတွေ့သည့်နေ့ကို ပြန်မတွေးမိဘဲမနေနိုင်ပေ။သူသည် ဘရန်းဒတ် ပေါ့ပေါ့ပါးပါးဝတ်စုံနှင့်ပြောင်လက်နေသော Valentino ဖိနပ်ကို ၀တ်ဆင်ထားသည်။


ယခုမူ သူ့ဖိနပ်ပေါ်ရှိ ဟင်းရွက်ဟင်းချို အနည်းငယ်က ခဲနေပြီဆိုသည်ကိုပင် သူ သတိမထားမိပေ။


"... ရှန့် နည်းနည်းလောက်တော့စားပါကွာ... မစားမသောက်ဘဲနေလို့ ပြဿနာက ပြေလည်မှာ မဟုတ်ဘူး... မင်းငတ်ရင် လူတွေက မင်းကို ရယ်ကြလိမ့်မယ်" 

ရှုရှန့်၏ အေးဂျင့်က သူ့ဘေးမှာ ထိုင်ပြီးဖြောင့်ဖြနေသည်။ 

"ပြီးတော့လည်း ငါ့လက်အောက်မှာ အနုပညာရှင်အများကြီး ရှိတယ်... ငါ မားကတ်တင်းဝယ်နေတာ ဘယ်သူ့အတွက်လို့ ဘယ်သူကသေချာသိနိုင်မှာလဲ"



ရှုရှန့်က ဘာမှ မပြော။ သူ မော့ကြည့်လိုက်သောအခါ ချီရှင်းချန်၏ မျက်လုံးတွေကို တွေ့လိုက်ရသည်။


တကယ်တမ်းတွင် ချီရှင်းချန်သည် ရှုရှန့်က သူ့ကို ဘာကြောင့် ဤမျှလောက် ဆန့်ကျင်နေသည်ကို နားမလည်ပေ။အများဆုံး သူရှုရှန့်ကို ပထမဆုံးစတွေ့တုန်းက အရှက်ကွဲစေခဲ့ပေမဲ့ သူ့ကို တကယ်ဒုက္ခမပေးဖူးပါချေ။


"ည၏မက်မွန်" က ဦးနှောက်မဲ့သောဝတ္ထုဖြစ်လျှင်ပင် ဗီလိန်က သူနှင့်သေသည်အထိ တိုက်ခိုက်ရအောင် မိုက်မဲမနေသင့်ပေ။


ချီရှင်းချန် ၎င်းကို မမြင်ချင်ယောင်ဆောင်လိုက်သည်။ သူက အန်းရန်ကို တစ်ဖက်ခြမ်းကနေ ဆွဲခေါ်လိုက်ပြီး အရှေ့ကောင်တာရှေ့ကို သွားလိုက်သည်။


ရှုရှန့်က အေးစက်သောအကြည့်ဖြင့် သူ့နောက်ကျောကို ကြည့်နေသည်။


........


ရှုရှန့်၏ အေးဂျင့်ပြောသည့်အတိုင်းပင် ၎င်းတို့သည် ကောက်ကျစ်သော နည်းဗျူဟာများကိုသုံးနေခဲ့သည်။ဖန့်တိမီဒီယာမှပုံနှစ်ပုံ ထွက်ရှိပြီးနောက်ရှုရှန့်နှင့် ၎င်း၏အေဂျင်စီက တစ်စုံတစ်ရာ တုံ့ပြန်ခြင်း သို့မဟုတ် ရှင်းလင်းခြင်း မရှိခဲ့ပေ။ ဖရဲခင်းစိုက်ရာမှာ(ပွဲရှာ) တစ်ခါမှ မပါဝင်ခဲ့ဖူးသလိုပါပင်။


နံနက်စောစောတွင် ရိုက်ကူးရေး ဝန်ထမ်းများက တစ်နေ့တာအတွက် လိုအပ်သောပစ္စည်းများကို တပ်ဆင်ကြပြီး ရံဖန်ရံခါ တိုးတိုးတိုးတိုးပြောနေကြသည်။


"ဟေ့ ဒါရိုက်တာရှန့်က ရှုရှန့်ကို လိုချင်နေသေးတယ်လို့ မင်းထင်လား...စာချုပ်ဖျက်သိမ်းပြီး သရုပ်ဆောင်ပြောင်းမှာလားမသိဘူးနော်"


"ဟေ့ ငါ့အစ်ကို မင်းနားမလည်ဘူးလား...ရှုရှန့်က သိက္ခာမဲ့တဲ့အရာတစ်ခုခု ပြုလုပ်ခဲ့တာလေ...သူ့ရဲ့အကျင့်စရိုက်ကြောင့် သေချာပေါက် ဝေဖန်ခံရမှာ... ဒါပေမဲ့ သူ့လုပ်ဖော်ကိုင်ဖက်တွေရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတဲ့ အရာတွေ အများကြီးရှိတယ်...အိမ်တွင်းအကြမ်းဖက်မှုနဲ့ဖောက်ပြန်မှုတွေလိုမဟုတ်ဘူး...ဒီဟာက ဆိုးရွာတဲ့အမည်းစက်တစ်ခုမဟုတ်ဘူးလေ... မကြာခင် ပြီးသွားမှာပဲ"


"… အခုခင်ဗျား ပြောနေတာက အမှန်ဖြစ်ပုံရတယ်...ဒါပေမဲ့ ကျွန်တော်သာ ရှုရှန့်ဆိုရင် ဒါရိုက်တာရှန့်ဆီကိုသွားပြီး ထွက်ဖို့ပြောလိုက်မယ်...ဘယ်လောက် ရှက်စရာကောင်းလိုက်မလဲ...အကြီးအကျယ် ရုတ်ရုတ်သဲသဲ ဖြစ်သွားလိမ့်မယ်"


"နုတ်ထွက်မှာလား... ရုပ်ရှင်တစ်ကားမှာ ဒုတိယအမျိုးသားဇာတ်ဆောင်ရောရဖို့ဆိုတာ လွယ်တယ်လို့ထင်လား...ဟေး ရပ် ရပ် သူလာနေပြီ"


ရှုရှန့်က ခဏရပ်ပြီးနောက် ရိုက်ကွင်းထဲသို့ ဆက်လျှောက်သွားခဲ့သည်။


မည်သို့ပင်ဖြစ်စေ သူ့ဂုဏ်သတင်းက သူ့အနာဂတ်လောက် အရေးမကြီးပါချေ။ "သမုဒ္ဒရာနှလုံးသား" တွင် ဒုတိယအမျိုးသားဇာတ်ဆောင်နေရာရရှိရန် သူမည်မျှကြိုးစားအားထုတ်ခဲ့သည်ကို ဘုရားသခင်သာသိတော်မူမည်။


ထို့အပြင် ရိုက်ကူးရေးအဖွဲ့ထဲတွင် သူနှစ်သက်သော နတ်ဘုရားမလည်း ရှိသေးသည်။


ကုမ္ပဏီ နှင့် သူ၏အေးဂျင့်ထံမှ သတိပေးခြင်းခံရသော်လည်း ရှုရှန့်သည် နောက်တစ်ပတ်အတွက် ချီရှင်းချန် နှင့် စကားမပြောဖြစ်ခဲ့ပေ။ သူသည် ရိုက်ကူးခြင်းနှင့် မိတ်ကပ်လိမ်းခြင်းအတွက် အချိန်ဇယားလွှဲဆွဲစေခဲ့ပြီး ချီရှင်းချန်နှင့် အဆက်အသွယ်အားလုံးကို လုံးဝရှောင်ရှားခဲ့သည်။


တိုက်ဆိုင်စွာပင်၊ သူတို့နှစ်ဦး တွဲရိုက်ရသည့် ဇာတ်ဝင်ခန်းမျိုး မရှိခဲ့ပေ။ချီရှင်းချန်က သူနှင့်ဝေးဝေးနေရသည်ကို ပျော်ရွှင်နေပြီး သူ့ကိုယ်ပိုင်ဇာတ်ညွှန်းကို တွေးတောနေခဲ့သည်။ သူအားသောအခါ ရှန်းရှန်းကို သွားရောက်ပွတ်သပ်ပေးတတ်သည်။



တစ်ချိန်တည်းမှာပဲ လင်းရှောင်၏ဇာတ်ဝင်ခန်းတွေက ပိုကောင်းလာသည်။


ရှန်းရှန်းထွက်ခွာသွားခြင်းကြောင့် လင်းရှောင် တောရိုင်းတိရိစ္ဆာန်များကို ကာကွယ်ရန် အရေးကြီးကြောင်း နားလည်ခဲ့သည်။ တိုက်ဆိုင်စွာပင်၊ ကျိယန်က ဝေလငါးဖြူအတွက် စတင်ပြေးလွားနေရသည်။ ချစ်ခြင်းမေတ္တာနှင့်သူ့ကိုယ်ပိုင်အိမ်မက်တွေကြောင့် ကျိယန်နား တနေကုန် ကပ်နေရရန် အခွင့်အရေးကို ရှာခဲ့၏။


ယနေ့မှာ ကျိယန်က သူမအလုပ်ပြီးသွား၍ အဝတ်လဲပြီး အဝတ်လဲခန်းထဲက ထွက်လာလေသည်။


"ဘန်း" 

လင်းရှောင် သူမ၏ လွယ်အိတ်ကို လက်တစ်ဖက်ဖြင့် ဆွဲထားပြီး အခြားတစ်ဖက်နှင့် နံရံကို ထောက်ကာ အဝတ်လဲခန်းတံခါးနှင့် နံရံကြားတွင် ကျိယန်ကို ဖမ်းထားသည်။


"... လန့်သွားတာပဲဟယ်" 

ကျိယန်က သူ့ရင်ဘတ်ကို ပုတ်လိုက်သည်။ 

"လင်းရှောင် အမျိုးသမီးအ၀တ်လဲခန်းမှာ ဘာလုပ်နေတာလဲ"


"ဒါပေါ့ အစ်မကျိကိုရှာဖို့ ကျွန်တော်ရောက်နေတာလေ" 

လင်းရှောင်က ပြောလိုက်၏။ 

"အိမ်ပြန်မှာလား...အစ်မကို လိုက်ပို့ပေးမယ်"


"နင်ရဲ့ ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်နော်...ဒါပေမဲ့ ငါ ဒီနေ့ တစ်ယောက်ယောက်နဲ့ ချိန်းထားတာရှိတယ်" 

ကျိယန်က သူ့လက်မောင်းအောက်မှ ရုန်းထွက်ပြီး အမြန်ထွက်သွားခဲ့သည်။


ပေကျင်းခန်းမ၏နောက်တွင် ရှည်လျားသော စင်္ကြံတစ်ခုရှိသည်။ ဘယ်ဘက်ရှိ ဒုတိယတံခါးမှ ထွက်ပြီးပါက ပိုင်ရှာဆိပ်ကမ်းရေအောင်ကမ္ဘာ၏ အလှဆုံးနေရာဖြစ်သည့် ရေအောက်ကမ္ဘာကြည့်လှိုဏ်ခေါင်းသို့ ရောက်သွားမည်ဖြစ်၏။


ဥမင်လိုဏ်ခေါင်းကို ၃၆၀ ဒီဂရီ ဖောက်ထွင်းမြင်ရသော မှန်ဖြင့် ပြုလုပ်ထားသည်။ ဖန်၏အခြားတစ်ဖက်တွင် အပြာရောင်ပင်လယ်ရေနှင့် လွတ်လွတ်လပ်လပ်ကူးခတ်နေသော ပင်လယ်ရေနေသတ္တဝါများရှိသည်။


အလင်းသည် ပင်လယ်ရေကိုဖြတ်ကာ ကြမ်းပြင်ထက်ဝယ် တောက်ပနေပြီး နီလာကဲ့သို့သော လှိုင်းလုံးကြီးများကို ပေါ်လွင်စေသည်။လင်းရှောင်က ကျိယန်ကို အမှီလိုက်သည်။ 

"အစ်မဘယ်သူနဲ့တွေ့မှာတာလဲ... အဲဒီဇီဝဗေဒပညာရှင်လား"


"ကလေးကကလေးနေရာနေ... ဘာလို့ မေးခွန်းတွေ အများကြီးမေးနေတာလဲ" 

ကျိယန် သူ့ကို လျစ်လျူရှုပြီး ဆက်လျှောက်သွား၏။ 

"မြန်မြန်ပြန်သွား...မနက်ဖြန်မနက် လေ့ကျင့်စရာရှိသေးတယ်"


"ကလေး" ဟူသော စကားကိုကြားသော လင်းရှောင်၏ သွေးများက သူ့ဦးနှောက်သို့ ဆောင့်တိုးသွားသည်။ သူက ရှေ့ကို လှမ်းပြီး ကျိယန်၏ လက်မောင်းကို လှမ်းဆွဲလိုက်သည်။


အားထည့်ဆွဲ၍ သူမကို သူ့ရင်ခွင်ထဲ တိုက်ရိုက်ဆွဲသွင်းလိုက်သည်။


"ကျိယန်" 

လင်းရှောင်က အံကြိတ်ကာဆိုလိုက်သည်။ 


"ကျွန်တော်က ကလေးမဟုတ်တော့ဘူး... ကျွန်တော် အသက်က 18 နှစ်... နိုင်ငံသားအခွင့်အရေး အပြည့်ရှိတဲ့သူတစ်ယောက်ပါ... ကျွန်တော်က ကျွန်တော် အခုလုပ်နေတာတွေကို ကောင်းကောင်းသိပြီး ကျွန်တော်အစ်မအပေါ် ဘယ်လိုခံစားနေရလဲဆိုတာကိုလည်း ကောင်းကောင်းကြီးကို သိပါတယ်"


"အစ်မ ကျွန်တော့်တစ်ချက်လောက်လှည့်ကြည့်ပေးလို့ရမလား" 

သူက အောက်ကိုငုံ့ပြီး ကျိယန်မျက်လုံးတွေကို 

တည့်တည့်စိုက်ကြည့်သည်။ 


"အစ်မကျိ ...ကျွန်တော် ကြိုက်..."


"ကဒ် ကဒ် ကဒ် "

ရှန့်ယွီလျန်က ခါးထောက်ကာဆိုသည်။

"ရှောင်ချီ ဒီကိုလာ"


ချီရှင်းချန် ဒိတ်ခနဲဖြစ်သွား၏။ သွားပြီ၊ သွားပြီ... ဒါရိုက်တာရှန့်က ဒီဇာတ်ဝင်ခန်းကို ထပ်ပြီး မကျေနပ်ပြန်ဘူး...



သူ ဦးညွှတ်ပြီး ထောင်ထောင်ကို တောင်းပန်ပြီးနောက် ရှန့်ယွီလျန်ဆီသို့ ပြေးသွားခဲ့သည်။


"ရှောင်ချီ...မင်းက တခြားနေရာတွေမှာ အဆင်ပြေပေမဲ့ ဝန်ခံတာက ပျင်းစရာကြီး...မင်းက မင်းအစ်မမဟုတ်ဘဲ မင်းကြိုက်နေတဲ့မိန်းကလေးနဲ့မျက်နှာချင်းဆိုင်နေရတာလေ...မင်းရဲ့အမူအရာက ကြင်နာယုယနေရုံတင်မကဘူး၊ မင်းရဲ့မျက်လုံးတွေကလည်း ချစ်ခြင်းမေတ္တာတွေနဲ့ တောက်လောင်နေရမယ်"


ရှန့်ယွီလျန်က ရှင်းပြသည်။

"အချစ်ဆိုတာ ဘာလဲ မင်းသိလား...မင်းရဲ့နှလုံးသားနဲ့ဆင်ခြင်တုံတရားကို ပူလောင်ပြင်းပြစွာနဲ့ တဟုန်ထိုး တောက်လောင်စေတဲ့အရာ...မင်းကို ရူးသွားစေလုနီးပါး လောင်မြိုက်ပစ်မှာကွနားလည်လား"


"ကျွန်တော် ထပ်ကြိုးစားပါ့မယ်"

ချီရှင်းချန်က နားလည်တစ်ဝက်မလည်တစ်ဝက်နှင့် ခေါင်းညိတ်လိုက်သည်။


ရှန့်ယွီလျန်၏နှလုံးသား အေးစက်သွားသလိုခံစားလိုက်ရသည်။


"… မေ့လိုက်ပါ" 

ရှန့်ယွီလျန် သက်ပြင်းချလိုက်သည်။

"ဒီနေ့ ရုပ်ရှင်မရိုက်ဘဲနေရအောင်... ဒီည ငါ့အခန်းထဲ လာခဲ့၊ ငါ ကိုယ်တိုင် မင်းကို သင်ပေးမယ်"


ချီရှင်းချန် :"..."


"အင်း... အများကြီး မစဉ်းစားနဲ့...ငါမင်းနဲ့မအိပ်ဘူး...မင်းနဲ့လေ့ကျင့်မလို့"


ရှန့်ယွီလျန်က ရှင်းပြပြီးနောက် သူ့ကို တွန်းထုတ်လိုက်သည်။ 


"ဟိုဘက်ကိုသွား တွေးကြည့်၊ လမ်းမပိတ်စေနဲ့...လာခဲ့ နောက်တစ်ခုက ထောင်ထောင် ရဲ့ ဝေလငါးနဲ့ ကခုန်ခြင်းပဲ...အဆင်သင့်ဖြစ်ပြီလား"


ရှန်းရှန်း၏ သေဆုံးခြင်းကဲ့သို့ပင် ဝေလငါးနှင့်အတူ ကခုန်ခြင်းသည် ဒရာမာ၏ဟိုက်လိုက်များထဲမှ တစ်ခုဖြစ်သည်။ ဒရာမာ၏အမည် သမုဒ္ဒရာနှလုံးသားကို ဝေလငါးဖြင့် ကခုန်ခြင်းထဲမှ ယူထားခြင်းဖြစ်သည်။


တစ်ချိန်တည်းမှာပင် ဝေလငါးနှင့် ကခုန်ခြင်းသည် ဒရာမာ၏ ပထမဆုံးဇာတ်ဝင်ခန်းဖြစ်သည်။ထောင်ထောင်က အစောပိုင်းအဆင့်တွင် ကောင်းကောင်းမသင်နိုင်ခဲ့သောကြောင့် ယနေ့အထိ နောက်ကျနေခဲ့ရသည်။


ရှန့်ယွီလျန်၏မေးခွန်းကိုကြားသောအခါ ထောင်ထောင်က သူမ၏ ၀တ်စုံကို ပြောင်းပြီးနေပြီဖြစ်ပြီး "အိုကေ" ဟုလက်ဟန်အမူအရာဖြင့် ပြုလုပ်ခဲ့သည်။


ချီရှင်းချန်က သူတို့ ဤနာမည်ကြီး ဇာတ်ဝင်ခန်းကို ရိုက်ကူးတော့မှာကို မြင်သောအခါ ပရိသတ်ထဲမှာ အမြန်ဝင်ထိုင်လိုက်သည်။


"ည၏မက်မွန်" ၏ မူရင်းစာသားတွင် ဤဇာတ်ဝင်ခန်းသည် ထောင်ထောင်၏ အသက်မွေးဝမ်းကြောင်း၏ အုတ်မြစ်ဖြစ်ခဲ့သည်။


ရှန့်ယွီလျန်က သူမ၏ စွမ်းဆောင်ရည်ကြောင့် အံ့အားသင့်သွားပြီး သူမအတွက် အပိုင်းတိုတစ်ခု ဖြတ်တောက်လိုက်သည်။


ထွက်လာပြီးသည်နှင့် ချက်ချင်း အင်တာနက်မှာ ပျံ့နှံ့သွားလိမ့်မည်။


ချီကျားကျစ်က ထောင်ရွှမ်နှင့် ရန်မဖြစ်ရန် ကတိပေးခဲ့သောကြောင့် ချီကျားကျစ် ကျောင်းတွင်းဆူပူမှုကြောင့် အလုယက်ခံရပြီး ထောင်ရွှမ်ကားတိုက်ခံရပြီးသေသွားသည့်ဇာတ်ကွက်လည်း ပျောက်ကွယ်သွားမည်ဖြစ်သည်။


သူ့ညီလေးက အန္တရာယ် ကင်းသွားပြီဖြစ်ရာ ချီရှင်းချန် အများကြီးစိတ်အေးလက်အေးဖြစ်သွားခဲ့သည်။ဝေလငါးတွေနှင့်လူတွေအတူတူကခုန်သည်ကို သူ တကယ် ကြည့်ချင်နေခဲ့သည်။


နောက်ဆုံးတွင် အနုပညာက ဘုံသဘောဖြစ်ပြီး ဆက်ကပ်သမား နှင့် ငါးပြတိုက်ဖျော်ဖြေသူများသည် များစွာကွာခြားမှုမရှိပါချေ။


ဝေလငါးနှင့်ကခုန်ခြင်းကို သရုပ်ဆောင်သူက နှစ်ယောက်ဖြစ်ပြီး တစ်ယောက်က ထောင်ထောင်ဖြစ်ပြီး အခြားတစ်ယောက်က ပိုင်ရှာဆိပ်ကမ်းအဏ္ဏဝါရေအောက်ကမ္ဘာ၏ ဝေလငါးဖြူ လေ့ကျင့်ရေးဆရာမ ဖြစ်သည်။


ကိရိယာတန်ဆာပလာအားလုံး အဆင်သင့်ဖြစ်ပြီဖြစ်၏။ ဝေလငါးဖြူနှစ်ကောင်သည် လေ့ကျင့်ရေးဆရာမ၏ ညွှန်ကြားချက်အရ ရေထဲတွင် မတ်တတ်ရပ်နေလေသည်။



နောက်ခံတီးလုံးသံနှင့်အတူ ထောင်ထောင် နှင့် လေ့ကျင့်ရေးဆရာမ အတူတူ ရေထဲသို့ ခုန်ဆင်းခဲ့ကြသည်။


"သမုဒ္ဒရာနှလုံးသား" အတွက် ရွေးချယ်ထားသော နောက်ခံတေးဂီတသည် "Titanic" ရုပ်ရှင်၏ ဇာတ်ဝင်သီချင်း "My Heart Will Go On"ဖြစ်သည်။


ထောင်ထောင် နှင့်လေ့ကျင့်ရေးဆရာမတို့သည် ဝေလငါးဖြူတစ်ကောင်စီကို ဦးဆောင်ကာ တေးဂီတ၏ စည်းချက်အတိုင်း ကပြကြသည်။


"ဆိုတော့ ဒီလိုကိုး…"


ချီရှင်းချန် ၎င်းတို့၏ လှုပ်ရှားမှုများကို ဂရုတစိုက် စောင့်

ကြည့်ခဲ့ပြီး ဝေလငါးဖြူနှစ်ကောင်ကို လေ့ကျင့်ရေးဆရာမှ လမ်းညွှန်ထားကြောင်း တွေ့ရှိခဲ့သည်။ထောင်ထောင်က ဝေလငါးဖြူများကို ညွှန်ကြားရန် မလိုအပ််ပေ။ သူမက လှုပ်ရှားမှုများကို ပြီးပြည့်စုံစေရန်သာ လိုအပ်ပြီး အသက်ရှုရန် ရေထဲမှထွက်လာသောအခါ သူမ၏ဝေလငါးဖြူကို အစာကျွေးရသည်။