Chapter 52
ဖျော်ဖြေပွဲအပြီးတွင် ချီရှင်းချန် ကျေနပ်အားရမှုမရှိပါဘဲ တစ်စုံတစ်ရာ ပျောက်ဆုံးနေသလို ခံစားခဲ့ရသည်။
ထောင်ထောင်က ရေထဲမှထွက်လာပြီး ဘယ်လိုနေလဲဟု ရှန့်ယွီလျန်ကိုမေးလိုက်သည်။
ရှန့်ယွီလျန်က လေးမိနစ်နီးပါး ရေအောက် ရိုက်ကူးမှုကို နှစ်ကြိမ်တိတိ ဂရုထားပြီး ကြည့်ရှုခဲ့သည်။ သိသာသည်က၊ သူ အလွန်ကြီး မကျေနပ်ပေ။
"မလုံလောက်ဘူး...ထောင်ထောင် မင်းရဲ့ လှုပ်ရှားမှုတွေက မပျော့ပျောင်းဘူး၊ မလှဘူး"
မပျော့ပျောင်းဘူး၊ မလှဘူး…
ချီရှင်းချန် ရုတ်တရက် သဘောပေါက်သွား၏။
မလုံလောက်ဘူးဟု သူခံစားရသည်က အံ့သြစရာမရှိပါချေ။ထောင်ထောင် ကခုန်ခြင်းကို တစ်ခါမှ မသင်ယူခဲ့ဖူးသဖြင့် ခန္ဓာကိုယ်က တောင့်တင်းနေခဲ့သည်။ ဖျော်ဖြေတင်ဆက်မှုတွင် ကကွက်များစွာမရှိသော်လည်း အဓိကအားဖြင့် ဝေလငါးဖြူများနှင့် အပြန်အလှန်တုံ့ပြန်ရန်မှာ အက၏နူးညံ့သိမ်မွေ့ပြီး လှပသောပုံစံမရှိသောကြောင့် ဖျော်ဖြေမှုတစ်ခုလုံးကို ဆွဲဆောင်မှုနည်းပါးသွားစေသည်။
"ဒါဆို ကျွန်မထပ်လုပ်မယ်"
ထောင်ထောင်က ပြောသည်။
"ရေထဲမှာပထမဆုံးအကြိမ် ရိုက်ကူးတာမလို့နေမယ် ...ကျွန်မခန္ဓာကိုယ်က တောင့်တင်းနေတယ်...ကျွန်မ ထပ်လုပ်ပါရစေ"
ရှန့်ယွီလျန်က ခေါင်းညိတ်ပြပြီး ရေအောက်ကင်မရာကို ဒုတိယအကြိမ် ပြင်ဆင်သည်။
ကံမကောင်းစွာဖြင့် ဒုတိယအကြိမ်သည် ပထမအကြိမ်နှင့် ကွဲပြားခြင်းမရှိခဲ့ပေ။
ချီရှင်းချန်၏ ရေအောက်ဝန်ခံချက်နှင့် ထောင်ထောင်၏ ရေအောက်အကသည် ဇာတ်ဝင်ခန်းနှစ်ခု ဆက်တိုက်ဖြစ်သည်။ရှန့်ယွီလျန် စိုးရိမ်တကြီး ဆံပင်ကိုဆွဲလိုက်သည်။
"ဘာလုပ်ရမလဲ... မင်းကိုသင်ပေးဖို့ ရေအောက်အကသမားကို ငှားရမလား"
"ဒါရိုက်တာရှန့်"
ထောင်ထောင်က ဟောဟဲလိုက်နေသည်။
"ကျွန်မ လုပ်နိုင်သေးတယ်"
"မဟုတ်ဘူး မင်း ပင်ပန်းနေပြီ...ငါ ရေအောက် အကသမားကို ရှာတာ ပိုကောင်းမယ်..."
ရှန့်ယွီလျန်က ပြောပြောဆိုဆို သူ့သူငယ်ချင်းကို ဆက်သွယ်ရန် ဖုန်းကို ထုတ်လိုက်သည်။
"ဒါရိုက်တာ ရှန့်"
ချီရှင်းချန်က မတ်တပ်ထရပ်လိုက်သည်။
"မလိုပါဘူး...ကျွန်တော် စမ်းကြည့်ပါရစေ"
ရှန့်ယွီလျန် ဆွံ့အသွား၏။
"...မင်းလား"
ရှန့်ယွီလျန်၏ မယုံကြည်နိုင်ဖြစ်နေသောအမူအရာကိုကြည့်ရင်း ချီရှင်းချန်က ပရိသတ်ထိုင်ခုံမှ ခုန်ဆင်းလိုက်သည်။
"ကျွန်တော်က ကျွမ်းဘားပညာကို သိတယ်...အစ်မထောင်ထောင်က ကျွမ်းဘာပညာနဲ့ပတ်သတ်ပြီး စိန်ခေါ်မှုအရှိဆုံးအရာက ပျော့ပျောင်းမှုစွမ်းရည်တွေဆိုတာကိုသိတယ် နောက်ပြီး ကျွန်တော်က ကုမ္ပဏီမှာ သင်တန်းသား တစ်နှစ်လုပ်ထားတော့ အကမှာအခြေခံရှိတယ်...တစ်ခါလောက် ကြိုးစား ကြည့်ရအောင်"
ရေအောက်အကသမားကိုရှာရသည်က သာမန်အကသမားကိုရှာသည်ထက် ပိုခက်၏။ချီရှင်းချန်ကို ဘာကြောင့် မကြိုးစားခိုင်းရမှာလဲ... ဒါရိုက်တာရှန်းက တုံံ့ဆိုင်းမှုတချို့ဖြင့် မယုံတစ်ဝက် ယုံတစ်ဝက် သဘောတူလိုက်သည်။
ချီရှင်းချန်၏ ဖျော်ဖြေမှု အကျိုးသက်ရောက်မှုရဒ်ကို စောင့်ကြည့်ရန်အတွက် ရေအောက်ကင်မရာကို ဖယ်ရှားခဲ့ခြင်း မရှိသည့်အပြင် ဒါရိုက်တာ၏ မော်နီတာကိုလည်း မပိတ်ခဲ့ပေ။ချီရှင်းချန်နှင့် လေ့ကျင့်ရေးဆရာက ရေကန်ဘေးတွင် ရပ်ကာ ရေကာမျက်မှန်များတပ်လိုက်ကြသည်။
ထို့နောက် ချီရှင်းချန်က သူ့အင်္ကျီကို ချွတ်လိုက်ပြီး သူ၏ ကြံ့ခိုင်သော ခန္ဓာကိုယ်နှင့် သန်မာသော လက်မောင်းများကို ပေါ်လွင်စေလိုက်သည်။
စာအုပ်ထဲသို့ ကူးပြောင်းပြီးနောက် သူ၏ ကျွမ်းဘားစွမ်းရည်များကိုပြန်ရယူရန်အတွက် လေ့ကျင့်မှုကို မရပ်တန့်ခဲ့ပေ။ နဂိုခန္ဓာကိုယ်၏ ပါးလွှာပြီး အားနည်းသည့် ခန္ဓာကိုယ်ကို သူက ခါးလိုင်း တောင့်တောင့်နှင့် ချောမွေ့သော ကျောပြင်ရသည်အထိ လေ့ကျင့်ပေးခဲ့၏။
သူ၏ ဗိုက်တွင် ဗိုက်ကြွက်သားများ မသိမသာရှိနေပြီး ၎င်းပေါ်တွင် ခပ်တိမ်တိမ် ရင်အုပ်လိုင်းတစ်ခုကို ပုံဖော်ထားသည်။ သူသည် ယောက်ျားတစ်ယောက်၏ အလှကို ပိုင်ဆိုင်ထားသော်လည်း သူ၏ ပိန်သွယ်သော ခန္ဓာကိုယ်ကြောင့် ငယ်ရွယ်နုပျိုမှုကို မဆုံးရှုံးခဲ့ပေ။
လူမြင်ကွင်းမှာ ချောမောသည့် ယောက်ျားလေး အဝတ်အစားချွတ်သည်ကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်၍ဖြစ်မည်၊ လေ့ကျင့်ရေးဆရာမ၏ ပါးတွေ ချက်ချင်းနီရဲသွားသည်။
အားကစားရုံရှိ အမျိုးသမီးများအားလုံး စိတ်အခြေအနေကောင်းမနေကြပေ။ သူတို့မျက်နှာတွေ နီရဲနေပြီး မျက်လုံးတွေက ဆာလောင်နေသည့် ဝံပုလွေတွေလိုပါပင်။
ချီရှင်းချန်က သတိမထားမိပဲ သူ့အဖော်နှင့် အကြည့်ချင်းဖလှယ်ကာ ခေါင်းညိတ်ပြသည်။
ထို့နောက်တွင် Celine Dion ၏ ဩရှသော အသံစူးစူးက ပွဲ့ကြည့်ရုံ၏ လမ်းကြောင်းအရပ်ရပ်မှ ဖြည်းညှင်းစွာ ထွက်ပေါ်လာသည်။ချီရှင်းချန် ရေကန်ထဲသို့ ခုန်ဆင်းကာ သူ့ကို စောင့်နေသော ဝေလငါးဖြူဆီသို့ ကူးခတ်သွားသည်။
"Every night in my dreams,I see you I feel you....."
သူက ဝေလငါးဖြူ၏ခေါင်းပေါ် လက်တင်ပြီး ပင်လယ်ကို ဖြတ်ကာ ဦးဆောင်ကူးခတ်သွားလိုက်၏။
"That is how I know you go on....."
သူက ဝေလငါးဖြူ၏ ဆူးတောင်များကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ကာ တစ်ပတ်လည်၍ ၎င်းနှင့်အတူ ခုန်ချလိုက်သည်။
"Near far wherever you are,I believe that the heart does go on....."
သူက ဝေလငါးဖြူကို သူ့ခြေထောက်များနှင့် ရစ်ပတ်ကာ အောက်သို့ငုံ့ထိုးဆင်းကာ လက်နှစ်ဖက်ကို ဖြန့်လိုက်သည်။
"Once more, you open the door....."
"And you are here in my heart And my heart will go on and on....."
သူနှင့် ဝေလငါးဖြူက နဖူးချင်းထိကပ်ကာ မျက်လုံးများမှိတ်၍ နှုတ်ခမ်းထောင့်စွန်းများပေါ်ဝယ် အပြုံးရိပ်တင်ကာ အချင်းချင်း တင်းတင်းကြပ်ကြပ် ဖက်ထားကြသည်။
လေ့ကျင့်ရေးဆရာမအပါအဝင် အားကစားရုံအတွင်းရှိ လူတိုင်း အံ့အားသင့်သွားကြသည်။
ထိုအချိန်တွင် သူက ချီရှင်းချန်မဟုတ်သလို လူသားဝေလငါးအကသမားလည်း မဟုတ်ပေ။
သူက မကောင်းဆိုးဝါး မာယာရှင်ရေသူတစ်ပါး၊ အချစ်ရေသူ မင်းသားတစ်ပါး၊ နက်နဲသောပင်လယ်၌ အနှစ်တစ်ထောင်အိပ်စက်ပြီးနောက် နောက်ဆုံးတွင် နိုးထလာခဲ့သည့် နတ်ဘုရားဖြစ်သည်။
သူက ဘုရင်တစ်ပါးဖြစ်သည်။
သူက ဝေလငါးဖြူ၏အုပ်စိုးသည့်ရှင်ဘုရင်၊ ပင်လယ်ကိုအုပ်စိုးသူဖြစ်သည်။
"ဟင့် ရွှတ် ရွှတ်…"
(ရှိုက်သံ😁)
"My Heart Will Go On" ကို ဤဇာတ်ဝင်ခန်းနှင့်တွဲဖက်ထားသည်က အလွန်ကို အံဩမှင်သက်စရာကောင်းလွန်းခဲ့သည်။ကောင်မလေးတစ်ယောက်၏ တိုးဖွသော ငိုရှိုက်သံက တစ်နေရာရာမှ ထွက်ပေါ်လာသည်။
ထိုမှသာ ပွဲကြည့်ရုံအတွင်းရှိလူများသည် ဖျော်ဖြေပွဲထဲကနေ အသိစိတ်များပြန်လည်ဝင်ရောက်လာကြသည်။
ရှန့်ယွီလျန်က အလျင်စလိုပြောလိုက်သည်။
"မြန်မြန် မြန်မြန်...ရှောင်ချီကို ထုတ်ပေးလိုက်... အသက်မအောင့်ထားစေနဲ့တော့"
လူတိုင်းသည် ၎င်းတို့၏ ရေသူမင်းသားကို ဆယ်ယူရန် လုံးပန်းနေကြသည်။ရှန့်ယွီလျန်လည်း သွားချင်ပေမဲ့ သူ့ဖုန်းမှာ လွတ်သွားသော ဖုန်းခေါ်ဆိုမှု နှစ်ကြိမ်ရှိနေသည်ကို တွေ့လိုက်ရသည်။
၎င်းတို့သည် ပိုင်ရဲ့ထံမှဖြစ်သည်။
ထို့အပြင် မက်ဆေ့ချ် နှစ်ခု-
[ကျွန်တော့်ရဲ့သီချင်းအသစ်အတွက် MVယူဖို့ ပိုင်ရှာဆိပ်ကမ်းကိုရောက်နေတယ်...ခင်ဗျားကို ဝင်တွေ့မလို့... ရိုက်ကူးရေးနေရာက ဘယ်မှာလဲ]
[မလိုတော့ဘူး ...တွေ့ပြီ... လုပ်စရာရှိတာလုပ်]
ဖုန်းခေါ်ဆိုမှုများနှင့် WeChat မက်ဆေ့ချ်များသည် လွန်ခဲ့သော မိနစ်နှစ်ဆယ်ကဖြစ်သည်။
သေချာသည်ပင်၊ ပိုင်ရဲ့က ပိုင်ရှာဆိပ်ကမ်းဝေလငါးပွဲကြည့်ရုံ အဝင်ဝမှာ သူ့ဂျာကင်အင်္ကျီကိုကိုင်ပြီး ရပ်နေသည်။သူ့အကြည့်တွေက အခုလေးတင် လေ့ကျင့်ရေးကွင်းထဲက ဆယ်ထုတ်ခံထားရသော ရေသူမင်းသားလေးဆီမှာ သံမှိုစွဲသလိုမြဲနေ၏။
"အဲဒါ…"
ရှန့်ယွီလျန်က လော့စပီကာကိုမြှောက်လိုက်သည်။
"ဒီနေ့ နေ့လည်က အနားပေးလိုက်မယ်... ငါ့သူငယ်ချင်းက ဒီမှာ ဆိုတော့ သူနဲ့ ထမင်းသွားစားလိုက်ဦးမယ်...အားလုံးပဲ ပြန်သွားပြီး အနားယူကြပါ...ရှောင်ချီက ထောင်ထောင်ကို အကကို သင်ပေးဖို့တာဝန်ယူလိမ့်မယ်...ရှောင်ချီ ဒီည ဇာတ်ဝင်ခန်း လေ့ကျင့်ဖို့ ငါ့အခန်းထဲကို လာဖို့ မမေ့နဲ့"
၎င်းကိုကြားသောအခါ ပိုင်ရဲ့၏အကြည့်က ရှန့်ယွီလျန်ဘက်ကို လှည့်သွား၏။သူက မျက်ခုံးပင့်လိုက်သည်။
"ဘယ်ဇာတ်ဝင်ခန်းလဲ"
"ဖွင့်ပြောတဲ့ဇာတ်ဝင်ခန်း... ရှောင်ချီက ကလေးပဲရှိသေးတော့ ဘာမှ မသိဘူး"
လေ့ကျင့်မယ်...
မင်းကို ဘယ်သူကလိုလို့လဲ...
"ခင်ဗျား အနားယူလိုက်"
ပိုင်ရဲ့က မျက်လွှာချလိုက်ပြီး ဆိုသည်။၎င်းနောက် သူက သူ့မျက်ခွံတွေကို ပင့်လိုက်သည့်အခါဝယ် သူ့မျက်လုံးထောင့်စွန်းများက ပျံတက်မယောင်ယောင်ပင်။
"ကျွန်တော် သူ့ကိုအဖော်ပြုပေးလိုက်မယ်"
ရှန့်ယွီလျန် သူ့ဖုန်းကို ချထားလိုက်ပြီး အပြင်ကိုကြည့်ရန် သူ့လည်ပင်းကို ဆန့်လိုက်သည်။
.....
ထိုစဥ်တုန်းက ရုပ်ရှင်အဖွဲ့သားတွေဟာ ပေကျင်းခန်းမကို တစ်လပဲ ငှားခဲ့သည်။အဓိကဇာတ်ကွက်များကို တစ်လအတွင်း ရိုက်ကူးပြီးစီးရန်အတွက် လူတိုင်း အချိန်ပိုလုပ်ခဲ့ကြသည်။ နေ့စဥ် မိုးလင်းမှ ညနေအထိ ဆယ်နာရီကျော် မနားတမ်း အလုပ်လုပ်ခဲ့ကြသည်။
ရှန့်ယွီလျန် ရုပ်ရှင်အဖွဲ့သားအားလုံးကို တစ်နေ့တာနားရက်ပေးရလောက်အောင် သဘောကောင်းနေကြောင်းကြားသောအခါ ခန်းမတစ်ခုလုံး ဩဘာပေးသံများ ထွက်ပေါ်လာသည်။
ရေထဲမှ တွားထွက်လာသော ရေသူမင်းသားလေးက မြေပြင်ပေါ်တွင် ဒူးထောက်လျက်ရှိနေသည်။ နားရွက်တွေက ရေစိုနေသဖြင့် ဘာမှ မကြားရပေ။ သူက ပတ်ပတ်လည်ကို ကြောင်တောင်တောင် ကြည့်လိုက်သည်။
ထို့နောက် လွန်ခဲ့သည့် တစ်ပတ်ခန့်က သူနှင့် ဗီဒီယိုကောလ် ပြောခဲ့သော လူတစ်ယောက်က သူ့ဆီသို့ လျင်မြန်စွာ လျှောက်လာနေသည်ကို တွေ့လိုက်ရသည်။
သူက သူ၏ကိုယ်လုံးတီးဖြစ်နေသော အပေါ်ပိုင်းကို ဦးစွာ ကြည့်လိုက်ပြီးနောက် လှည့်ကာ သူ့ဂျာကင်ကို ပုခုံးပေါ် ခြုံပေးလိုက်သည်။ပြီးနောက် သူက လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်ကာ ဆိုသည်။
"ထ"
ထိုမှသာ ချီရှင်းချန် သူက 'ကိုယ်လုံးတီး' ဖြစ်နေဆဲဖြစ်ကြောင်း သတိရလိုက်သည်။ သူက ဂျာကင်အကျီကို အမြန်ဝတ်လိုက်ပြီး ပိုင်ရဲ့၏လက်ကို လှမ်းဆွဲလိုက။
ထိုလက်သည် ပူနွေးခြောက်သွေ့နေကာ ရေမှထွက်လာသော အအေးဓာတ်ကို သက်သာစေသည်။ပိုင်ရဲ့က သူ့ကို အလွယ်တကူ အနားဆွဲခေါ်ကာ ခေါင်းငုံ့ပြီး အင်္ကျီကြယ်သီးတပ်ပေးနေလေ၏။
ချီရှင်းချန်၏ လက်များနှင့် ခြေထောက်များသည် ရှည်လျားသော်လည်း ပိုင်ရဲ့၏ အရပ်နှင့် မယှဉ်နိုင်ပေ။ ဂျာကင်အင်္ကျီကို ဝတ်လိုက်သည့်အခါ လူကြီး၏အဝတ်အစားကို ခိုး၀တ်ထားသည့် ကလေးတစ်ယောက်လိုပါပင်။အင်္ကျီလက်များသက သူ့လက်များကို လုံးလုံးဖုံးအုပ်ထားကာ လည်ပင်းနှင့်ညှပ်ရိုးများကို လှစ်ဟထားသည်။
"ခုဏက ပြရတာအားမရသေးဘူးလား"
ပိုင်ရဲ့က သူဘာဖြစ်နေမှန်း မသိပေမဲ့ သူက လက်ဆန့်ပြီး သူ့အတွက် ထိပ်ဆုံးကြယ်သီးကို တပ်ပေးလိုက်သည်။
ချီရှင်းချန်: "…"
သူ ခေါင်းခါလိုက်သည်။ ပထမဆုံးအနေဖြင့် သူ့နားရွက်ထဲက ရေတွေကိုထုတ်ပစ်ချင်ပြီး... ဒုတိယအနေဖြင့် သူ့ရှေ့က အရာအားလုံးက အစစ်အမှန်ဖြစ်ပြီး ရေဖိအားကြောင့် ဖြစ်ပေါ်လာသည့် သူ့စိတ်ကူးယဥ်ပုံရိပ်မဟုတ်ကြောင်း အတည်ပြုလိုခြင်းဖြစ်၏။
ပိုင်ရဲ့ ရောက်လာသည်က ရုတ်ချည်းဆန်သည်။ ထိုအချိန်တွင် ရှန့်ယွီလျန်၏ သူငယ်ချင်းမှာ မည်သူဖြစ်သည်ကို အဖွဲ့သားများ သိရှိသွားခဲ့သည်။ ချက်ချင်းဆိုသလိုပင် ဒုတိယအချီ ဩဘာသံများ ထွက်ပေါ်လာသည်။
ထိုမြင်ကွင်းက ကိုယ်လုံးတီးနှင့်လူတစ်ယောက်ကို မြင်ရသည်ထက်ပင် ပိုမိုက်၏။
"ပိုင်ရဲ့ အားးးး... ရှင့်ကို သဘောကျနေတာကြာပြီ!...လက်မှတ်ပေးလို့ရမလား"
"ရေး...ရဲ့ကောကို လက်တွေ့ဘဝမှာ မြင်ဖူးရပြီး... ဒါရိုက်တာရှန့် ဘာလို့ သူ့ကို စောစောမလာခိုင်းတာလဲ...ရှင့်ကိုမုန်းတယ်"
"ပေါင်ပေ့... မင်းရဲ့ရုပ်ရှင်အသစ်က ဘယ်တော့ထွက်မှာလဲ မားမားဖန်တွေ စောင့်နေတာကြာပြီ"
"ရဲ့ကော...မင်းရဲ့မျက်နှာက တကယ့်လက်တွေ့ဘဝမှာ သေးသေးလေးပဲ... တီဗီမှာထက် အများကြီး သေးသေးလေးနော်... ငါ့ရည်းစားက မင်းကို နေ့တိုင်းကြည့်နေတာ အံ့သြစရာမရှိဘူးပဲ"
လူအုပ်စုကြီးတစ်စုသည် အလုပ်ကိုလက်ထဲမှချကာ အလျင်စလို၍ ပိုင်ရဲ့ကို အလယ်မှာထား၍ ဝိုင်းကာ ကျွတ်ကျွတ်ညံအောင်ပြောဆိုကာ မေးခွန်းများမေးကြသည်။ ရေသူမင်းသားလေးသည် သူ၏မျက်နှာသာရမှုချက်ချင်းဆုံးရှုံးသွားပြီး မကျေနပ်သဖြင့် နှာမှုတ်လိုက်သည်။
ထောင်ထောင်ကလည်း လျှောက်လာပြီး အပြုံးတစ်ခုနှင့် ပြောလိုက်သည်။
"ရဲ့ကော ရောက်နေတာပဲ"
"ဟုတ်တယ်"
ပိုင်ရဲ့က ထောင်ထောင်ကို ခေါင်းညိတ်ပြလိုက်ပြီး ချီရှင်းချန်ကို တိုးတိုးလေးပြော၏။
"ကားဆီပြန်သွားပြီး ငါ့ကိုစောင့်နေ"
သူ့ကို ကားပေါ်မှာ စောင့်နေခိုင်းတာလား...ပြီးရင် ဒါရိုက်တာရှန့်နဲ့ ညစာစားမှာ မဟုတ်ဘူးလား..သူ့ကိုဘာလို့စောင့်နေခိုင်းတာလဲ...
ချီရှင်းချန် ဘာကြောင့်မှန်းမသိပေမဲ့ ပတ်ဝန်းကျင်မှာ လူတွေများလွန်းပြီး မေးရန် အဆင်မပြေသည့်အတွက် သူနာခံပြီး ထွက်သွားရုံသာ တတ်နိုင်ခဲ့သည်။
အန်းရန်ကလည်း ရုပ်ရုပ်သဲသဲဖြစ်မှုကိုကြည့်ရန် လူအုပ်ထဲသို့ တိုးဝင်လာခဲ့သည်။ချီရှင်းချန်က သူမ၏ ကျောပိုးအိတ်ကို ဆွဲလိုက်ပြီး ပြောလိုက်၏။
"ပြန်ကြရအောင် အစ်မအန်းရန်"
"ငါက ပိုင်ရဲ့ရဲ့ ညဥ့်ကောင်းကင်လေ...ငါ လက်မှတ်ယူတာ စောင့်ပေးဦးဟာ"
အန်းရန်က သူ့ကို လှည့်ပင် မကြည့်ပေ။မိန်းမယူပြီးနောက် အမေဖြစ်သူကို မေ့သွားသလိုမျိုး သူ့မျက်နှာမှာ အကျည်းတန်သည့် အမူအရာတွေ ရှိနေ၏။
ချီရှင်းချန် နာနီကားထဲသို့ တစ်ယောက်တည်း ၀င်ရန်မှတပါး ရွေးချယ်စရာမရှိပေ။
ဒါရိုင်ဘာ လောင်ချင်က ပြတင်းပေါက်မှာ ဆေးလိပ်သောက်နေသည်။ သူ့ကိုမြင်သောအခါ သူက ချက်ချင်း စီးကရက်ကို မီးငြိမ်းလိုက်ပြီး မေး၏။
"အန်းရန် ဘယ်မှာလဲ"
"ပိုင်ရဲ့ ရိုက်ကွင်းကိုရောက်နေတာ... သူ(မ)က လက်မှတ်ထိုးခိုင်းဖို့ စောင့်နေတယ်"
"ပိုင်ရဲ့... အိုး"
လောင်ချင်က နဖူးကို ပုတ်လိုက်သည်။
"ငါ့သမီးလည်း သူ့ကို သဘောကျတယ်...ရှင်းချန် အန်းရန်လည်း ပြန်မရောက်သေးဘူးဆိုတော့ ငါ့ကို ခဏစောင့်
ထိုသို့ဖြင့် ကားသော့ကို ဆွဲထုတ်ပြီး တစ်ချိုးတည်းထွက်သွား၏။
ချီရှင်းချန်မှာ အလှတရားကို ခံစားရန် တစ်ယောက်တည်း ကျန်ခဲ့သည်။
ချီးရှင်းချန် ဝန်းထမ်းများကို ပြောင်းသင့်သလားဟု စတင်စဉ်းစားလာမိသည်။
ကံကောင်းထောက်မစွာဖြင့် သူတို့နှစ်ဦးသည် ပို၍ အသိစိတ်ရှိခဲ့ကြသည်။ ဆယ်မိနစ်လောက်ကြာသောအခါ နှစ်ယောက်သား စကားစမြည်ပြောရင်း ရယ်မောပြီးပြန်လာကြသည်။
လောင်ချင်က လက်မှတ်ကို ခေါက်ပြီး သူ့ပိုက်ဆံအိတ်ထဲမှာ ထည့်လိုက်၏။ သူက ချီရှင်းချန်၏ကိုမေးသည်။
"ရှင်းရှင်း... ငါတို့အရင်စားမလား ဒါမှမဟုတ် ဟိုတယ်ပြန်မလား"
"ကျွန်တော်ကအခုကျ ဦးလေးရဲ့ ရှင်းရှင်းဖြစ်သွားပြီလား"
ချီရှင်းချန်က သူ့ကို စိုက်ကြည့်နေသည်။
လောင်ချင်က တဟီးဟီး ရယ်လိုက်သည်။
"ဒီမှာ အနားယူရအောင်"
ချီရှင်းချန် ခဏလောက် စဉ်းစားလိုက်၏။
"ကျွန်တော်က တစ်ယောက်ယောက်ကိုစောင့်နေတာ"
လောင်ချင်တို့နှစ်ယောက်သား ဘယ်သူစောင့်နေမှန်း မသိကြ။မည်သို့ပင်ဖြစ်စေ နေ့ခင်းဘက်ဆို ဘာမှလုပ်စရာမရှိသဖြင့် ထိုမှာထိုင်ပြီး စကားစမြည်ပြောဖြစ်ကြသည်။
အန်းရန်က သူမ၏idol ကိုတွေ့ခဲ့ရသဖြင့် စိတ်လှုပ်ရှားနေတုန်းပင်။ သူမက ချီရှင်းချန်ကိုဆွဲပြီး ပိုင်ရဲ့က "ဘက်ဂျက်ခရီးသွား" ၏ရိုက်ကူးရေးနောက်ကွယ်တွင်မည်ကဲ့သို့ဖြစ်နေသည်ကိုသူမအားပြောပြရန်တောင်းဆိုခဲ့သည်။
"အဲဒါက TV မှာတွေ့တဲ့ပုံနဲ့အတူတူပါပဲ"
ချီရှင်းချန်က ပျင်းရိစွာပြောသည်။
"သူ့မှာ အပြင်ပန်းပုံရယ်လို့မရှိဘူး"
"ဝါး... ဒါဆို ငါ သူ့ကို ပိုကြိုက်တယ်"
အန်းရန်က ဝမ်းသာအားရ ပြော၏။
"idol အစစ်တစ်ယောက်ရဲ့ ဖန်ဖြစ်ရတာ အရမ်းကောင်းတယ်...ဟင်း ငါ သူ့ကို ဘယ်တော့မှပြန်တွေ့မယ် မသိဘူး...နှစ်နဲ့ချီကြာနိုင်တယ်"
မိနစ်နှစ်ဆယ်အကြာတွင် နာနီကား၏ တံခါးခေါက်သံထွက်ပေါ်လာသည်။ချီရှင်းချန်က မတ်မတ်ထထိုင်လိုက်သည်။
"ဦးလေးချီ တံခါးဖွင့်ပေးလိုက်ပါ"
တံခါးပွင့်လာပြီး ဦးထုပ်ဆောင်းထားသည့် လူတစ်ယောက် ဝင်လာ၏။အန်းရန်၏ ပါးစပ်ဟောင်းလောင်း ပွင့်သွားသည်။
"ဝှက်သယ်ဖက်...ဘယ်တုန်းက ဒီလောက်ကြီး မြန်မြန်ဆန်ဆန် ဖြစ်သွားတာလဲ"
ပိုင်ရဲ့က ဦးထုပ်ကို ချွတ်လိုက်ပြီး လက်ကို ဝှေ့ယမ်းကာ နှုတ်ဆက်လိုက်သည်။ စားသောက်ဆိုင်တစ်ခု၏အမည်ကို လောင်ချင် အားပြောပြပြီး ထိုနေရာသို့ ကားကိုမောင်းခိုင်းသည်။
ချီရှင်းချန် အနည်းငယ် စိတ်ရှုပ်ထွေးသွားသည်။ "ဘယ်သွားနေကြတာလဲ"
"ငါကျွေးမှာ"
ပိုင်ရဲ့က သူ့ဘေးမှာ ဝင်ထိုင်လိုက်၏။
ပိုင်ရဲ့ ရှန့်ယွီလျန်၏အလုပ်ကို လာလည်ခြင်းဖြစ်သဖြင့် ရှန့်ယွီလျန်က ပိုင်ရဲ့ကို ထမင်းကျွေးသည်က ပုံမှန်ပါပင်။သို့ပေမဲ့ ချီရှင်းချန်ကိုသူနှင့်အတူခေါ်သွားသည်က မတူပေ။အကြောင်းမှာ ရှန့်ယွီလျန်က ချီရှင်းချန်ကို နေ့လည်ခင်းမှာ ထောင်ထောင်ကိုအကသင်ပေးခိုင်းထားသည့်အတွက်ဖြစ်၏။
ရှန့်ယွီလျန် နှင့် ချီရှင်းချန်၏ အဆင့်အတန်း နှင့် ရင်းနှီးမှုသည် ထမင်းစားပွဲတစ်ခုတည်းတွင် အတူတူပေါ်လာရန် အရည်အချင်းမပြည့်မီသည်မှာ ထင်ရှားလေသည်။
ပိုင်ရဲ့က သူ့ကို ခေါ်သွားခြင်နေသည်။ပိုင်ရဲ့က သူ့ကို တံတားတွေဆောက်ပေးပြီး ဆက်ဆံရေးထိန်းသိမ်းရန် ကူညီပေးနေသည်ကို ချီရှင်းချန် သိ၏။
"ကျေးဇူးတင်ပါတယ်"
ချီရှင်းချန်က တိုးတိုးလေးပြောလိုက်သည်။
"အင်း...မင်းအေးနေသေးလား"
"မအေးတော့ပါဘူး... ခင်ဗျားရဲ့ဂျာကင်ပြန်ပေးရ မလား"
သူ့ဂျာကင်၏နေရာ အများစုက ရေစိုသွား၏။ ကားပေါ်ရောက်ပြီးနောက် နေပူလှမ်းရန် ပြတင်းပေါက်မှာ ချိတ်ထားခဲ့သည်။ခြောက်လုနီးပါးဖြစ်နေလေပြီ။
"မင်းဝတ်ထားလိုက်ပါ"
ပိုင်ရဲ့က သူ့ကော်လာကို တစ်ချက်ကြည့်လိုက်သည်။
"ငါ တစ်ရေးအိပ်လိုက်ဦးမယ်"
ထို့နောက် ပိုင်ရဲ့မျက်လုံးမှိတ်လိုက်သည်။ချီရှင်းချန် သူ့ခေါင်းကို လှည့်ကြည့်လိုက်သောအခါ သူ့မျက်လုံးအောက်က ခပ်ရေးရေးအမည်းကွင်းတွေနှင့် မျက်တောင်မွေးများ၏ အရိပ်ကို မြင်လိုက်ရသည်။
ကားက တိတ်ဆိတ်သွား၏။ချီရှင်းချန်က လောင်ချင်ကို ဖြေးဖြေး မှန်မှန်မောင်းရန် အချက်ပြလိုက်ပြီး ဓာတ်ပုံရိုက်လိုသော အန်းရန်ကို တားလိုက်သည်။သူလည်း သူ၏ စွမ်းအင်ကို ပြန်လည်ဖြည့်တင်းရန် မျက်လုံးတွေကို မှိတ်ထားလိုက်သည်။
စားသောက်ဆိုင်က ပိုင်ရှာဆိပ်ကမ်းနှင့်မဝေးပါချေ။မကြာခင်မှာ သူနိုးလာ၏။ အန်းရန် နှင့် လောင်ချင်တို့ကို ထမင်းစားရန် လွှတ်လိုက်ပြီး သူက ပိုင်ရဲ့နှင့် အပေါ်ထပ်သို့ လိုက်သွားခဲ့သည်။
ဤသည်မှာ ရှေးဟောင်းအပြင်အဆင်နှင့် သီးသန့်စားသောက်ဆိုင်ဖြစ်သည်။ ၎င်းသည် တစ်ရက်လျှင် သတ်မှတ်ထားသော စားပွဲအရေအတွက်ကိုသာ ဆောင်ရွက်ပေးသည်။ အထက်တန်းလွှာတွေ အတူတူထမင်းစားရန် အလွန်သင့်တော်၏။
စားပွဲထိုးက သူတို့ကို သီးသန့်ခန်းထဲကို ခေါ်သွားသည်။ရှန့်ယွီလျန်က ဟင်းပွဲတွေကို မှာထားပြီးသားဖြစ်၏။ဖုန့်ချင်းယွမ်က ရှန့်ယွီလျန်နှင့် ကောင်းမွန်သော ဆက်ဆံရေးရှိသောကြောင့် သဘာဝကျစွာပင် သူလည်း ရှိနေသည်။ အံ့သြစရာကောင်းသည်
က ထောင်ထောင်လည်းရှိနေ၏။
ချီရှင်းချန်က ထိုနေရာတွင် ရှိနေနိုင်သောကြောင့် သူမကို မဖိတ်ပါက ရှက်ရွံ့သွားလိမ့်မည်။
"ငါစုံစမ်းကြည့်ပြိးသား... ဒီနေရာက ကင်မရာတွေ မရှိဘူး...စိတ်မပူဘဲ စားလို့ရတယ်"
ရှန့်ယွီလျန်ကပြောသည်။
"လာထိုင်"
ချီရှင်းချန် နှင့် ပိုင်ရဲ့က ဘေးချင်းကပ်ရပ်ထိုင်လိုက်သည်။