Chapter 57
အခြားကြယ်အလင်းတန်းညီအစ်မများထံမှ သတိပေးခံရပြီးနောက်၊တိုက်ပွဲဝင်နေသောဖန်များအားလုံးသည် လိမ္မာသောကလေးများအဖြစ်သို့ ပြောင်းလဲသွားကြသည်။
[ပြီးရင် ဖော်မတ်ကို ပေါင်းကြည့်ရအောင်...' သမိုင်းမှာ အလျင်မြန်ဆုံး မျက်နှာဖြတ်ရိုက်ခံရသောရှုရှန့် ၊ငါးမိနစ်တောင် မကြာဘူး' လို့ ရေးတင်လိုက်ရအောင်]
ကြယ်အလင်းတန်းများ: ဟုတ်ပြီ။
ထို့ကြောင့် အမျိုးမျိုးသောမီဒီယာများ၏ Weibo ပို့စ်များအပြင် ၎င်းတို့၏ချန်နယ်များကို မပိတ်ရသေးသော တိုက်ရိုက်ထုတ်လွှင့်သည့်ပလက်ဖောင်းများအောက်တွင် ဤကောလာဟလသည် ပျံ့နှံ့သွားခဲ့သည်။
[သမိုင်းတွင် အလျင်မြန်ဆုံး မျက်နှာဖြတ်ရိုက်ခံရသောရှုရှန့်၊ငါးမိနစ်တောင်မကြာဘူး]
.
နေ့လည် ၃ နာရီတွင် အဖွဲ့လိုက်အင်တာဗျူး ပြီးဆုံးသွားခဲ့သည်။ မီဒီယာများသည် လက်ဗလာဖြင့် လာကာ ကုန်အပြည့်ဖြင့်ပြန်သွားကြပြီး စကားစမြည်ပြောကာ ရယ်မောနေကြသည်။
ယင်းက ရိုက်ကူးရေးအဖွဲ့သားတွေ၏တင်းမာသောလေထုအခြေအနေနှင့် လုံးဝကွဲပြားနေသည်။
ဒါရိုက်တာရှန့်က မပြုံးချင်ပြုံးချင်ပြုံးကာ ဖုန့်ချင်းယွမ်၊ထောင်ထောင်တို့နှင့်အတူ မီဒီယာများကို လိုက်ပို့လိုက်သည်။ သူ့နားနေခန်းကို ပြန်ရန် မစောင့်နိုင်တော့ဘဲ "ရှုရှန့်နဲ့ချီရှင်းချန်နေခဲ့...ကျန်တဲ့သူတွေ ငါးပြတိုက်ကို ပြန်သွားကြ" ဟု တိုက်ရိုက် အမိန့်ပေးခဲ့သည်။
ထောင်ထောင်က ချီရှင်းချန်ကို မျက်စိမှိတ်ပြကာ ကျန်အဖွဲ့သားများနှင့်အတူ ထွက်ခွာသွားခဲ့သည်။
ငှက်ဥယျာဥ် ဖျော်ဖြေရေးကွင်းတံခါး၏ ပိတ်သွားသည်။
"ကလန်-"
ရှန့်ယွီလျန်က ထိုင်ခုံကို ကန်ချလိုက်သည် ။
"အဖွဲ့လိုက်အင်တာဗျူးမစခင်မှာ အချင်းချင်းငြင်းခုံမနေဖို့ ပြောခဲ့တယ်...မင်းဘာတွေတွေးနေတာလဲဟမ်...မီဒီယာတွေ အများကြီးရှေ့မှာ ကိုယ့်ကိုကိုယ် အရူးလုပ်ရအောင်ထိ ဘယ်လောက်ထိ မုန်းတီးနာကျည်းစရာတွေရှိနေလို့လဲ"
ရှန့်ယွီလျန်၏ မျက်နှာမှာ ဒေါသကြောင့် နီရဲနေသည်။ သူက ရှုရှန့်ကို လက်ညှိုးထိုးပြီးပြော၏။
"လာ...မင်းဘာတွေးနေလဲ အရင်ပြော"
ရှန့်ယွီလျန် လူတွေကို လိုက်ပို့နေချိန်မှာ ရှုရှန့် Weibo ကို တစ်ချက်ကြည့်လိုက်သည်။ကြယ်အလင်းတန်းများ၏ စုစည်းမှုပုံစံက အလွန်မှော်ဆန်သည်။ ပွဲကြည့်သူများစွာက ၎င်းတို့နှင့်ပူးပေါင်းကာ Weibo နှင့် ကျည်ဆန်စခရင်များတွင် "အမြန်ဆုံး ပါးဖြတ်ရိုက်ခံရသောရှုရှန့်" ဟု တင်ခဲ့ကြသည်။
သူ၏ပင်မစာမျက်နှာကို ရောက်လာပြီး ထိုမှတ်ချက်တွေအဖြည့်ဖြည့်ပေးခဲ့ကြသည့် anti-fanတွေပင် ရှိခဲ့၏။
(T/N— anti–fan/hater/black fan=တစ်စုံတစ်ဦး သို့မဟုတ် တစ်စုံတစ်ခုကို မကြိုက်သူ၊မုန်းတီးသူ)
သပ်သပ်ရပ်ရပ်နှင့် မျက်စိဖမ်းစားဖွယ်ရာကောင်းသော စကားလုံးများကို မြင်လိုက်ရသောအခါ ရှုရှန့်တစ်ကိုယ်လူံး အရှက်တရားနှင့် အရှက်ရမှုတို့ဖြင့် လွှမ်းသွားသည်။
လက်သီးတွေကို တင်းတင်းဆုပ်ထားရင်း ထိုစကားတွေက သူ့စိတ်ထဲမှာ ဆက်တိုက်ပေါ်လာနေခဲ့သည်။ရှန့်ယွီလျန်၏စကားကို လုံးဝနားမထောင်နိုင်ခဲ့ပေ။
သူ့ကိုထိုသို့မြင်သောအခါ ရှန့်ယွီလျန် ပို၍ပင် ဒေါသဖြစ်သွားသည်။သို့ပေမဲ့ သူက ဒါရိုက်တာတစ်ယောက်ဖြစ်ပြီး ယခုလို ဆူပူကြိမ်းမောင်းသည်က သူ့ ကန့်သတ်ချက်ကိုရောက်နေပြီဖြစ်သည်။သူ သည်ထက်ပိုပြီး ပြောစရာ အနေအထား မရှိတော့ပေ။
သူက ချီရှင်းချန်ကို ထပ်မံလက်ညိုးထိုးသည်။ "အဲဒီကြက်တူရွေးတွေက ဘယ်ကရောက်လာတာလဲ...ငါ့ကို ရှင်းရှင်းလင်းလင်း ရှင်းပြ"
နောက်ဆုံးမှာ ဤကိစ္စက ချီရှင်းချန်နှင့် ဘာမှ မဆိုင်ပါချေ။ အကယ်၍ ကြက်တူရွေးများက အဖွဲ့လိုက်အင်တာဗျူးတွင် သူဌေးထံ ရောက်လာရုံသာပါက၊ ၎င်းသည် အပြုသဘောဆောင်ပြီး ကျော်ကြားသည့် အကျိုးသက်ရောက်မှု ရှိပေလိမ့်မည်။ရှန့်ယွီလျန်က ချီရှင်းချန်ကို ကျေးဇူးတင်ရမည်ဖြစ်သည်။
ရလဒ်အနေဖြင့် ရှုရှန့်က ပါဝင်လာခဲ့ပြီး "သမုဒ္ဒရာနှလုံးသား" က ဒုတိယအမျိုးသားဇာတ်ဆောင်၏အရှုပ်တော်ပုံတွေက အရှိန်မြင့်လာခဲ့ကာ အပြုသဘောဆောင်သည့် လူသိရှင်ကြားဖြစ်မှုက အပျက်သဘောဆောင်သည့်လူသိရှင်ကြားဖြစ်မှု ဖြစ်သွားခဲ့၏။
ယင်းက သေအောင် ရွံမုန်းစရာကောင်းလေသည်။
ရှန့်ယွီလျန် ချီရှင်းချန် ဒေါသထွက်နေမှန်း သိသောကြောင့် သူ့လေသံက သိပ်ပြီးကြမ်းတမ်းသည်မဟုတ်ပေ။
ချီရှင်းချန်လည်း သူ့ကိုယ်သူ ဒေါသထွက်နေမှန်း သိသည်။သူက ဒေါသထွက်နေသောငြား ကောင်းကောင်းရှင်းပြလိုက်၏။
"ပိုင်ရှာဆိပ်ကမ်းအဏ္ဏဝါရေအောက်ကမ္ဘာက ကျွန်တော်ပိုင်တာပါ.. ရုပ်ရှင်ရိုက်ကွင်းကို ထိခိုက်မှာ ကြောက်လို့ ကျွန်တော် ဒီမှာရှိနေတယ်လို့ ဝန်ထမ်းတွေကို မပြောခဲ့ပါဘူး...ငှက်လေ့ကျင့်ရေးဆရာတွေနဲ့ ကြက်တူရွေးတွေ ဘာကြောင့် ရောက်လာမှန်း ကျွန်တော် တကယ်မသိဘူး"
ရှန့်ယွီလျန် :"..."
ရှန့်ယွီလျန် အကြိမ်အနည်းငယ် အသက်ပြင်းပြင်းရှူပြီး နောက်ဆုံးတွင် တည်ငြိမ်သွားသည်။ သူက စီးကရက်တစ်လိပ် မီးညှိလိုက်သည်။
"ငါ မင်းကို ဆက်ဒေါသထွက်လို့ မရတော့ဘူး... အနှေးနဲ့အမြန် ငါ ဒေါသနဲ့ သေလိမ့်မယ်...အခု မင်းကို ရာဇသံ ပေးမယ်...ဒီနေ့ကနေစပြီး နောက်ထပ် အရှုပ်အရှင်းတွေကို မဖန်တီးနဲ့... မဟုတ်ရင် ငါ ရင်းနှီးမြှုပ်နှံသူတွေနဲ့ ဆွေးနွေးရလိမ့်မယ်...မင်းကိုငှားတာထက် ငါပိုက်ဆံအဆုံးရှုံးခံပြီး ပြန်ရိုက်ဖို့ သရုပ်ဆောင်တွေရှာရတာကို ပိုကြိုက်တယ်...နားလည်လား"
ချီရှင်းချန်က မဖြေ။ ဤစကားတွေက သူ့အတွက် ရည်ရွယ်ခြင်းမဟုတ်ပေ။ရှန့်ယွီလျန်က ရှုရှန့်၏ နာမည်ဂုဏ်သတင်းကို စိတ်ပူပြီး သူ့ကို အဆင်ပြေအောင် ထည့်ပြောလိုက်ခြင်းဖြစ်သည်။
သေချာသည်ပင်၊ဒါရိုက်တာရှန့်က ထပ်ပြောလိုက်သည်။
"နားလည်လား ရှုရှန့်"
ရှုရှန့် ၏နဖူးပေါ်ရှိ သွေးကြောများ ပေါက်ထွက်မတတ်ဖြစ်နေသည်။ အချိန်အတော်ကြာပြီးနောက် သူ့လည်ချောင်းမှ စကားတစ်ခွန်းကို ညှစ်ထုတ်လိုက်သည်။
"ဟုတ်"
"ငါမေးနေတယ် မင်းနားလည်လား"
"… ကျွန်တော်နားလည်ပါတယ်"
ရှုရှန့်၏ မျက်လုံးများသည် မျက်လုံးအိမ်များမှ ထွက်ကျလုမတတ်ဖြစ်နေသည်။
"ဒါပေမဲ့ ရှောင်ရှုမင်းရဲ့ပုံရိပ်က တော်တော်ကို လျော့ကျသွားပြီ..."
အချိန်အတော်ကြာပြီးနောက် ရှန့်ယွီလျန်က တက်ပြောသည်။
"ဒီည မင်းရဲ့ဇာတ်ကွက်တွေကို ပြင်ဖို့ ဇာတ်ညွှန်းဆရာကို ငါသွားတွေ့မယ်...ဂရုစိုက်ပါ"
.
သာမန်လူတိုင်း ရှန့်ယွီလျန် ဘာကိုဆိုလိုသည်ကို "ဇာတ်ကွက်များကို ပြင်ဆင်ခြင်း" ဖြင့် ပြောနိုင်သည်။
ရှုရှန့်၏ အခန်းများကို ဖြတ်တောက်ပစ်မည်ဟု ဆိုလိုခြင်း ဖြစ်သည်။
ရှုရှန့် ပြင်းပြင်းထန်ထန် အံကြိတ်လိုက်မိသည်။
သို့သော် ရှန့်ယွီလျန်က ဇာတ်ညွှန်းရေးဆရာကြီးနှင့် ဖုန်းဖြင့် ဆွေးနွေးနေပြီဖြစ်သည်။သူ့ကို သူ့ကိုယ်သူ ခုခံကာကွယ်ရန် အခွင့်အရေး မပေးခဲ့ပေ။အခြေအနေက နောက်ပြန်လှည့်၍မရတော့သည်ကို မြင်လိုက်ရသောအခါ ရှုရှန့် တစ်ယောက်တည်း ထွက်သွားတော့၏။
ချီရှင်းချန် နေ့ခင်းဘက်တွင် နောက်ထပ် ဇာတ်ဝင်ခန်းနှစ်ခု ကျန်သေးသည်။ သူက ရှန့်ယွီလျန်ဖုန်းပြောနေသည်ကို ပြီးအောင် စောင့်ပြီးမှ နှစ်ယောက်အတူတူ ပေကျင်းခန်းမဆီသို့သွားခဲ့သည်။
ရှန့်ယွီလျန်က လမ်းလျှောက်ရင်းနှင့်ပြောလေသည်။
"မင်းကို အလျဉ်းသင့်သလို ဇာတ်ကွက်တွေ ထပ်ပေးမယ်... ကျန်တဲ့ဟာကို ဇာတ်လိုက်မင်းသားနဲ့မင်းသမီးကို ခွဲပေးမှာ...မင်းရဲ့အခန်းတွေကို အလျင်စလိုလုပ်ရလိမ့်မယ်...အရင်ကလောက် အေးအေးဆေးဆေးနေလို့မရဘူး...မင်းရဲ့အခြေအနေကိုထိန်းထား... မသိတာတစ်ခုခုရှိရင် ငါ့ ဒါမှမဟုတ်ချင်းယွမ်ကိုရှာ"
"ကောင်းပါပြီ ဒါရိုက်တာရှန့်... ကျေးဇူးတင်ပါတယ်"
ချီရှင်းချန်က ခဏလောက် စဉ်းစားလိုက်၏။
"ဒီတစ်ခေါက်မှာ ကျွန်တော်လည်း အကြောင်းအရင်းတွေထဲမှာ တစ်စိတ်တစ်ပိုင်းပါပါတယ်...ခင်ဗျားကို ဒုက္ခပေးမိလို့ တောင်းပန်ပါတယ်"
"ရပါတယ်"
"တမင် ဖုံးကွယ်ထားလို့ ကျွန်တော့်ကို အပြစ်မတင်ဘူးလား"
"ဘာလို့ အပြစ်တင်ရမှာလဲ"
ဒါရိုက်တာရှန့်က ပေါ့ပေါ့ပါးပါး ပြုံးလိုက်သည်။ "မင်းက သရုပ်ဆောင်တစ်ယောက်ဖြစ်ပြီး ငါက ဒါရိုက်တာပဲလေ... မင်းအလုပ်တွေကို အချိန်မီပြီးအောင်လုပ်၊ ဒုက္ခမပေးနဲ့...ကျန်တာအားလုံး ငါနဲ့ဘာမှမဆိုင်ဘူး"
"ဒါ့အပြင် ရှောင်ပိုင်က မင်းမှာ အကျင့်စရိုက်ကောင်းရှိတယ်လို့ ပြောခဲ့တယ်...သူက လိမ္မာတဲ့ကလေးတစ်ယောက်ပါ...မင်းလည်း လိမ္မာတဲ့ကလေးတစ်ယောက်လို့ ငါယုံကြည်တယ်"
ပိုင်ရဲ့က ဒါရိုက်တာရှန့်ကို သူ့မှာ အကျင့်စရိုက်ကောင်းရှိတယ်လို့ပြောတယ်...
ဆိုတော့ ပိုင်ရဲ့က သူ့ကို နောက်ကွယ်ကနေ အကာအကွယ်ပေးခဲ့တာပေါ့...
ချီရှင်း ထိုစကားကိုကြားသောအခါ မပြုံးဘဲ မနေနိုင်။
ပိုင်ရဲ့က သူ့ကို တခြားသူတွေဆီ ချီးကျူးဝံ့မှတော့ သူ့ကို အများကြီး ယုံကြည်ခြင်းဖြစ်ရမည်ဆိုသည်ကို သူ သဘောပေါက်သွား၏။
သို့ပေမဲ့ သူကမူ ပိုင်ရဲ့ကို သူ၏အထောက်အထားအမှန်ကိုပင် မပြောဝံ့ပေ။
... "ည၏မက်မွန်" ကို ရေးသားသူက အမျိုးသားဇာတ်ဆောင်ကို အဘယ်ကြောင့် ဤမျှကောင်းရမည်ဟု သတ်မှတ်ထားခဲ့သနည်း။ချီရှင်းချန် တွေးလိုက်မိသည်။
ကောင်းလွန်း၍ သူ အချိန်တွေကို ရပ်တန့်ပြီး ပိုင်ရဲ့နှင့် ခင်မင်ရင်းနှီးသည့် ဆက်ဆံရေးကို ထိန်းသိမ်းထားချင်မိသည်အထိ။
ကောင်းလွန်း၍… သူနောက်လာမည့်ဇာတ်ကွက်ကိုပင် မတွေးချင်တော့သည်အထိ...
ချီရှင်းချန် နှာရှုပ်လိုက်သည်။
ကံမကောင်းစွာပဲ ဤကမ္ဘာပေါ်ရှိအရာများက တစ်စုံတစ်ယောက်၏ထိန်းချုပ်မှုအောက်တွင်ရှိနေသည်။သူက သူတပါးရေးသောစာအုပ်ထဲတွင် နေထိုင်နေသည်ကို ထည့်ပြောစရာပင်မလိုပေ။သူက အခြားသူ၏ ထိန်းချုပ်မှုအောက်တွင်ရှိနေပြီး အချိန်မရွေး သေဆုံးနိုင်ခြေရှိသည်။
အကယ်၍ သူ့မှာ နောင်တွင်ပိုင်ရဲ့၏ ဆန့်ကျင်ဘက်ဘက်တွင် ရှိနေရမည့်ကံကြမ္မာရှိနေပါက၊ သူ သူတို့၏ ဆက်ဆံရေး ကောင်းမွန်နေသေးချိန်တွင် ဤခင်မင်ရင်းနှီးမှုကို အတတ်နိုင်ဆုံး မြတ်နိုးတန်းဖိုးထားလိုပါ၏။
ချီရှင်းချန် နှာခေါင်းအတွင်းမှ ချဉ်စူးလာသောခံစားချက်ကို ဖိနှိပ်ပြီး ဖုန်းကိုထုတ်ကာဘေးနားသို့ လျှောက်သွား၍ ပိုင်ရဲ့ကိုခေါ်လိုက်သည်။
"ဟဲလို"
"အမ်း"
တစ်ဖက်ရှိ ပိုင်ရဲ့၏အသံက အနည်းငယ်ကျယ်နေသည်။ သူ ပင်လယ်ကမ်းစပ်မှာ ရှိနေခြင်းဖြစ်နိုင်၏။
"မင်းငါ့ကိုဘာလို့ခေါ်တာလဲ"
"ကျွန်တော် ကိုယ့်ဘာကိုယ် အညံ့ခံဖို့ရောက်လာတာပါ"
ပိုင်ရဲ့က ကင်မရာမင်းကို ရပ်ရန် အချက်ပြလိုက်သည်။
"ဘာကိစ္စလဲ"
"ပိုင်ရှာဆိပ်ကမ်းအဏ္ဏဝဝါရေအောက်ကမ္ဘာက ကျွန်တော်ပိုင်တာပါ"
ဤစကားက တော်ရုံရှက်စရာကောင်းသော စကားမဟုတ်ပေ။ချီရှင်းချန်က ခဏရပ်လိုက်သည်။
"ကျွန်တော် ကောကို မပြောပြထားခဲ့ဘူး...တောင်းပန်ပါတယ်"
ပိုင်ရဲ့က သူ ဘာ့ကြောင့် ယခုလိုပြောမှန်း မသိသည့်အတွက် ချက်ချင်းပြန်မဖြေပေ။
ထိုအချိန်တွင် အနားယူရန် ရပ်နေသော ကင်မရာမင်းက Weibo ကို ဖွင့်လ်ုက်သည်။ပိုင်ရဲ့၏စူးရှသောမျက်လုံးများက #ပင်လယ်ကိုပိုင်စိုးသူ ချီရှင်းချန်နှင့် #သမိုင်းတွင် အမြန်ဆုံးမျက်နှာဖြတ်ရိုက်ခံရသောရှုရှန့် ဟူသည့် # hashtag နှစ်ခုကိုတွေ့လိုက်ရသည်။
၎င်းက မကြာသေးမီကမှ အသစ်တက်လာခြင်းဖြစ်လောက်ပြီး ဆွေးနွေးမှုနှုန်း လျင်မြန်စွာ မြင့်တက်လာခဲ့သည်။ပိုင်ရဲ့က ၎င်းကို တစ်ချက်ကြည့်လိုက်ပြီး ဖန်ငယ်လေး၏ ရည်ရွယ်ချက်ကို အမြန်ရှာဖွေတွေ့ရှိခဲ့၏။
"အင်း... ငါတွေ့တယ်"
ပိုင်ရဲ့ကပြောလိုက်သည်။
"အဆင်ပြေပါတယ်...မင်းမှာလည်း ငါ့ကို မပြောရတဲ့ အကြောင်းပြချက်တွေ ရှိမှာပဲ...မင်းရဲ့ ဆုံးဖြတ်ချက်ကို ငါလေးစားပါတယ်"
"...တကယ်လား"
ချီရှင်းချန် မယုံနိုင်ဖြစ်နေသည်။
"တကယ်...ငါ မင်းကို ဘယ်တုန်းက လိမ်ခဲ့ဖူးလို့လဲ"
၎င်းကိုကြားသောအခါ ဖုန်း၏တစ်ဖက်က အသံတိတ်သွား၏။ပိုင်ရဲ့က သူ့ကို ဆက်ပြီး စိတ်ရှုပ်မခံစေချင်သောကြောင့် အကြောင်းအရာကို ပြောင်းလိုက်သည်။
"မင်းရဲ့ Ocean Worldက ပျော်စရာကောင်းလား... ငါ မရောက်ဖူးဘူး"
"ပျော်စရာကောင်းတယ်"
ချီရှင်းချန်က ၎င်းအတွက် ပြင်ဆင်ထားခဲ့သည်။ "ကော အချိန်ရရင် ကျွန်တော် ကောကိုလည်ဖို့လိုက်ပို့ပေးမယ်"
"ကောင်းပြီ... တခြားသူတွေကော...တခြား ဘယ်သူတွေ သိသေးလဲ"
ပိုင်ရဲ့က ဖုန့်ချင်းယွမ်နှင့် တခြားသူတွေကို ရည်ညွှန်းနေခြင်းဖြစ်၏။သူတို့အနေဖြင့် ရိုက်ကူးပြီးနောက် တစ်နေ့တွင် အတူလည်ရန် ရွေးချယ်နိုင်သည်။သူကလည်း အဖွဲ့သားများကို တစ်နပ်လောက် ဖိတ်ကျွေးပြီး သူ့ဖန်ပေါက်စလေးကိုမျက်နှာကောင်းရစေမည်ဖြစ်သည်။
"မရှိဘူး"
ချီရှင်းချန်က ပြောသည်။
"ကျွန်တော့်ဘက်ကစပြောခဲ့တာ... ဒါရိုက်တာရှန့်ကလွဲရင် ကောတစ်ယောက်တည်းပဲ"
ပိုင်ရဲ့:"..."
ဆိုသောအခါ တစ်ဖက်က သူ့ကိုပဲ မပြောခဲ့သည်မဟုတ်ဘဲ ဘယ်သူ့ကိုမှ မပြောခဲ့ခြင်းဖြစ်နေသည်။သူ့အထောက်အထားကို ဖော်ထုတ်ပြီးနောက်တွင် တစ်ဖက်သားက ပထမဆုံးစဉ်းစားမိသည်မှာ သူ့ထံ အပြေးအလွှား တောင်းပန်ရန်ဖြစ်သည်။
... ဘယ်လောက်တောင် သူဒေါသထွက်မှာ ကြောက်တာလဲ...
ပိုင်ရဲ့၏ နှလုံးသားထိပ်က အပ်တစ်ချောင်းနှင့် ညင်သာစွာ ထိုးထွင်းခံလိုက်ရသလို ခံစားရ၏။ နာကျင်ပြီး ယားယံလေသည်။ပိုင်ရဲ့ လေသံ ပျော့သွား၏။
"ကောင်းပြီ... နှစ်ရက်အတွင်း ရိုက်ကူးရေးပြီးမယ်...တစ်ည စောပြီးရင် မင်းကို ငါလာကြည့်မယ်"
ချီရှင်းချန်: "ရက်ဆား"
.
ရှုရှန့် နှင့် အခြားသူများ၏ ဇာတ်ဝင်ခန်းများ ပြောင်းလဲသွားသော်လည်း ထုတ်လုပ်သူများက ဆောင်းရာသီအားလပ်ရက်အတွက် အလျင်စလို လုပ်ဆောင်နေကြသောကြောင့် ဇာတ်ကားတင်သွင်းမှုကို မနှောင့်နှေးနိုင်ပေ။ ဒါရိုက်တာရှန့် နှင့် အယ်ဒီတာချုပ်တို့သည် ကြမ်းတမ်းသော ဇာတ်ကွက်အသစ်ကို ဖော်ထုတ်ရန် တစ်ညလုံး မအိပ်ဘဲနေခဲ့ကြသည်။
ချီရှင်းချန်က နောက်ထပ်သုံးရက်အကြာအတွက် ဇာတ်ကွက်များ ပိုရလာပြီး အဆိုပါ အပိုသုံးရက်ကို မူလနောက်ဆုံးသတ်မှတ်ရက်မတိုင်မီ အပြီးသတ်ရမည်ဖြစ်သည်။ အချိန်က တင်းကျပ်ပြီး အလုပ်က အရေးကြီးနေ၏။
မပြည့်စုံသော ဇာတ်ညွှန်းကို ကြည့်ကာ ဦးရေပြား ထုံကျင်သွားသလို သူ ခံစားရသည်။
သူက ပါရမီရှင်တစ်ယောက်မဟုတ်သလို အတွေ့အကြုံလည်း သိပ်မရှိခဲ့ပါချေ။ လွန်ခဲ့သည့်အချိန်က ရိုက်ကူးပြီးစီးခဲ့သော ဇာတ်ဝင်ခန်းများသည် သူညဥ့်နက်သည်ထိ လေ့ကျင့်ကာ ပြီးသွားခဲ့သည်။ ယခု သူ့မှာ အချိန်သိပ်မရှိမှန်း သိသာ၏။
ပိုင်ရဲ့ ပြောသလိုပဲ ဇာတ်ညွှန်းဖတ်ရန် အချိန်အပိုင်းအစတိုင်းကို သူသုံးရုံသာတတ်နိုင်ခဲ့၏။
မနက်ခင်းတွင် သူ့လိုင်းများနှင့်အတူ ပေကျင်းခန်းမထဲသို လှမ်းဝင်လိုက်သည်။
"ရို့ ရို့ ရို့"
အဖွဲ့သားများအားလုံး လက်ထဲကအလုပ်တွေချလိုက်ကြသည်။
"ဘော့စ်ရှင်းရှင်း ရောက်ပြီပဲ"
"ဘာကိုဘော့စ်ရှင်းရှင်း..."
ချီရှင်းချန်၏ မျက်နှာမှာ ပူထူသွားသည်။
"အသံက ဂေါ်ဇီလာရောင်းနေတဲ့အတိုင်းပဲ...ကျွန်တော့်ကို ရှင်းရှင်းလို့ပဲ ခေါ်သင့်တယ်"
"မှန်တယ်...ခေါ်လို့မကောင်းဘူး...ဘော့စ်ချီကော ဘယ်လိုလဲ...ကြားရတာ ပိုကောင်းတယ်... မင်းဘယ်လိုထင်လဲ"
အဖွဲ့သားတွေက ရယ်ကြ၏။
"ရှူးရှူးရှူး...ကျွန်တော့်ကို မရယ်ကြပါနဲ့ ... နေ့ခင်းလက်ဖက်ရည်ဝယ်တိုက်မယ် ဟုတ်ပြီလား"
အဖွဲ့သားများက သူနှင့်ရင်းနှီးပြီးသားဖြစ်ပြီး တွန့်ဆုတ်ဟန်ဆောင်သည်။
"ဒါဆို ငါတို့က လက်ခံဖို့ပဲ ရွေးရတော့မှာပေါ့ ဟားဟား"
ရိုက်ကူးရေးဝန်ထမ်းများ၏ အလုပ်က ရှုပ်ထွေးပြီး လေးလံ၏။အချိန်ဇယားတွေပြည့်ကျပ်နေသောသူတို့အလုပ်ထဲမှာ လုပ်စရာ အသစ်တစ်ခုခုရှာတွေ့သည်က ခဏတာပျော်ရန်အတွက် လုံလောက်လေသည်။
အဖွဲ့သားတွေက အတော်လေး ပျော်နေကြသည်၊ သို့ပေမဲ့ ကင်မရာမင်း၊ ဇာတ်ညွှန်းရေးဆရာနှင့်အလင်းအမှောင်အဖွဲ့သားတွေက လုံးဝမပျော်ပေ။
ဇာတ်ဝင်ခန်းတစ်ခုတွင် ကြီးမားသောပြောင်းလဲမှုတစ်ခုတည်းကပင် ရိုက်ညွှန်းနှင့် အလင်းရောင်ကို ပြန်လည်ဒီဇိုင်းထုတ်ရန် လိုအပ်လေသည်။ဤမျှလောက်များပြားသော ဇာတ်ဝင်ခန်းများဆိုလျှင် ပြောစရာပင်မလိုတော့။
ဤလူတွေဟာ မနေ့ညက မအိပ်ခဲ့ကြရသဖြင့် ခဏလောက် မငိုက်ဘဲနေနိုင်ကြမည်မဟုတ်ပေ။ သူတို့၏ မျက်နှာများသည် အိုးဖင်ကဲ့သို့ မည်းနက်ကာ နာကြည်းမှုများ ပြည့်နှက်နေသည်။
သိပ်မကြာခင်မှာပဲ ယနေ့အတွက် သရုပ်ဆောင်တွေ အားလုံးရောက်လာ၏။ ပထမဆုံးဇာတ်ဝင်ခန်းက ရှုရှန့်နှင့်ထောင်ထောင်တို့၏ အခန်းဖြစ်သည်။စိတ်ခံစားမှုဆိုင်ရာ အပိုင်းကို ဖြတ်တောက်ခဲ့ပြီး ဇာတ်ကွက်အသစ်တစ်ခုဖြစ်သည်။
ကင်မရာမင်းခေါင်းဆောင်က သူ့အတွေးများကို မဖုံးကွယ်နိုင်သော ခက်ထန်သော လူတစ်ယောက်ဖြစ်သည်။ ဒါရိုက်တာရှန့်က အသစ်ပေးသော ရိုက်ညွှန်းကို သူကြည့်လိုက်သည်။သူ့မျက်လုံးများက ရိုက်ညွှန်းကပုံအတိုင်း ကင်မရာ၏ အနေအထားကို ပြောင်းလဲကာ သူ့ဘေးနားရှိ ကင်မရာမင်းအား အော်ပြောလိုက်သည်။
"ချန်ဇီ...ဖျံကိုအစာကျွေးရတဲ့ scene1မှာ ရှင်းရှင်းက NG တော်တော်များများလုပ်ခဲ့တာ မှတ်မိသေးလား... နောက်တော့ တစ်ယောက်ယောက်က ရှင်းရှင်းကို ငါးတွေကို ဖြုန်းတီးတာလျော့ဖို့ ပြောခဲ့တယ်လေ"
ကင်မရာမင်းက သူလည်ချောင်းကို ညှစ်လိုက်ပြီး အသံကိုတုပကာဆိုသည်။
"ဒီငါးပြတိုက်ကို မင်းမိသားစုက ပိုင်တာမဟုတ်ဘူးကွ"
သူ တုပပြောသည်ကတော်လွန်း၍ ချန်ဇီ မရယ်မိအောင်မနည်းအောင့်ထားရ၏။
"ကျွန်တော်မှတ်မိတယ်"
"နောက်ဆုံးကျတော့ —"
ကင်မရာမင်းခေါင်းဆောင်က သံရှည်စွဲကာ ဖိပြောလိုက်သည်။
"ငါးပြတိုက်က ရှင်းရှင်း တကယ်ပိုင်တာ... ရယ်စရာလို့ မထင်ဘူးလား"
"ဟားဟားဟားဟားဟားဟားဟား...ရယ်ရတယ်...ရယ်ရတယ်"
ရှုရှန့် ၏မျက်နှာက တောင့်တင်းသွားပြီး သူ့လက်ထဲရှိ ဇာတ်ညွှန်းအသစ်ကို ဆုတ်ဖြဲလုနီးပါးဖြစ်နေသည်။
ချီရှင်းချန် ခေါင်းငုံ့ထားလိုက်သည်။ သူကြားလိုက်ပေမဲ့ ရှုရှန့်၏နောက်ဆုံးလက်ကျန်ဂုဏ်သိက္ခာအတွက် မကြားချင်ယောင်ဆောင်နေရပေမည်။
အန်းရန်ကလည်း သူ့လိုပင်၊ရှုရှန့်ကိုကျောပေးကာ ဖုန်းဆော့နေသော်လည်း တကယ်တမ်းတွင် သူမက ဟာသကို နားထောင်နေခြင်းဖြစ်သည်။
စာပိုဒ်တစ်ပိုဒ်ကို နားထောင်ပြီးနောက် သူမ ပါးစပ်ကို အုပ်ကာ ဖုန်းဆီသို့ အာရုံပြန်လှည့်လိုကက်သည်။
"အကျယ်ကြီး မရယ်နဲ့"
ချီရှင်းချန်က အသံကိုနှိမ့်ကာ သတိပေးသည်။
"သိပါတယ်... ဟမ်..."
"အမ်"
ချီရှင်းချန် သူမမျက်နှာမှာ မေးခွန်းအမှတ်အသားပေါင်းများစွာ ဆက်တိုက်ပေါ်နေသည်ကို တွေ့ပြီးမေးလိုက်သည်။
"ဘာဖြစ်တာလဲ... မီဒီယာတွေက မနေ့က ကျွန်တော့်ရဲ့ အင်တာဗျူးကို ရှေ့
နောက် အဆက်အစပ်မရှိအောင်ဖြတ်ခဲ့တာလား"
"မဟုတ်ဘူး…"
အန်းရန်က ခေါင်းယမ်းပြီး မျက်မှောင်ကြုတ်လိုက်သည်။
"ဒါဆို ဘာလဲ"
"ရှင်းရှင်း..."
အန်းက သူ့ဘက်လှည့်ပြီး စက္ကန့်အနည်းငယ်လောက် တုံ့ဆိုင်းသွား၏။
"ပိုင်ရဲ့ရဲ့ အရှုပ်တော်ပုံ ဖော်ထုတ်ခံလိုက်ရပြီး ခေါင်းကြီးပိုင်းရောက်နေတယ်"