အပိုင်း ၅၉
Viewers 33k

Chapter 59




အတန်းဖော်တစ်ယောက်ဆီက အရိုက်ခံရပြီး ဆေးရုံကို ပို့လိုက်တယ်...ထောင်ရွှမ်ကို ဘယ်တော့မှ အနိုင်ကျင့်တော့မှာမဟုတ်ဘူးလို့ ချီကျားကျစ်က သူ့ကို ကတိပေးထားတယ်မဟုတ်ဘူးလား...


အခြားအတန်းဖော်ဖြစ်နိုင်လား...


ချီရှင်းချန်၏စိတ်ထဲတွင် ရှုပ်ထွေးနေသည်။ သူ အကြိမ်ရေ အနည်းငယ် အသက်ပြင်းပြင်းရှူပြီး သူ့ကိုယ်သူ တည်ငြိမ်အောင် အားတင်းလိုက်သည်။ သူ၏နောက်ဆုံးမျှော်လင့်ချက်ကို ဆုပ်ကိုင်ထားရင်း သူက အန်းရန်ကိုပြောလိုက်၏။ 


"အစ်မအန်းရန် ကျွန်တော် ခဏသွားဦးမယ်...ကျွန်တော့် ပစ္စည်းတွေကို ဟိုတယ်ကို ပြန်ပို့ပေးပါ"


အန်းရန်က မေးလာသည်။

"ဘယ်သွားမလို့လဲ" 


"ဆေးရုံ"


ဖြစ်ပြီးနေပြီဆိုမှတော့ ရိုက်ကွင်းမှာထိုင်စောင့်နေတာက အသုံးမဝင်ဘူး...

သူက အမြန်ပြေးထွက်ပြီး ကားထဲသို့ ခုန်ဝင်ကာ လောင်ချင်ကို ရှန့်ယွီလျန်၏ ကားနောက်သို့ လိုက်ရန် ညွှန်ကြားခဲ့သည်။


နာရီဝက်အကြာတွင် ရှန့်ယွီလျန်က ပြည်သူ့ဆေးရုံအဝင်ပေါက်တွင် ရပ်လိုက်သည်။ချီရှင်းချန်လည်း ကားပေါ်မှ ဆင်းကာ ဆေးရုံ၏ ခြောက်လွှာသို့ လိုက်သွားခဲ့သည်။


ဆဌမထပ်ရှိ အဆောင်နံပါတ်လေးတွင် ကောင်လေးတစ်ယောက်သည် IV တန်းလန်းဖြင့် ကုတင်ပေါ်တွင် လဲလျောင်းနေသည်။ မျက်လုံးများက မှိတ်ထားပြီး သူ့အခြေအနေကို ရှင်းရှင်းလင်းလင်း မမြင်နိုင်ပေ။


ထောင်ထောင်က ကုတင်အစွန်းမှာ ထိုင်ရင်း မျက်လုံးတွေ နီရဲနေသည်။ သူမက ထောင်ရွှမ်ကဲ့သို့ ကျောင်းဝတ်စုံဝတ်ထားသည့် ကောင်လေးကို မေးနေသည်။


ပိုဆိုးသည်က လူနာဆောင်၏အလယ်မှာ တတိယလူက ရပ်နေ၏။


သူသည် အနက်ရောင် တီရှပ်အင်္ကျီ၊ ထိပ်မြင့် Martin ဘွတ်ဖိနပ်နှင့် သူ၏ အမှတ်အသား မီးခိုးရောင် ဆံပင်တို့ကို ဆင်မြန်းထားသည်။ချီရှင်းချန် သူ့နောက်ကျောကိုကြည့်ရုံနှငွ သူဘယ်သူလဲဆိုတာ ပြောနိုင်၏။


"အတန်းဖော်" 

ထောင်ထောင်၏ အသံက တုန်ယင်နေသည်။

"မင်းက ထောင်ရွှမ်ကို ဒီကို ပို့ပေးတဲ့သူလား"


"အစ်မ ဟုတ်ပါတယ်...ကျွန်တော်ပါ"


"သူဘာလို့ မေ့လဲတာလဲ သိလား"


ထိုမေးခွန်းကိုကြားသောအခါ ကောင်လေးက ဒေါသအလွန်ထွက်နေပုံရ၏။ သူက နှာခေါင်းရှုံပြီး ချီကျားကျစ်ကို လှည့်ကြည့်လိုက်သည်။


"သူက သူ့ကို ဘတ်စကတ်ဘောနဲ့ ရိုက်လိုက်လို့"


'သူက သူ့ကို ဘတ်စကတ်ဘောနဲ့ ရိုက်တယ်...'


ချီရှင်းချန်၏ ထင်ရှားသော ကြိုတင်သတိပေးချက်သည် အမှန်တကယ်ဖြစ်လာသည်။ သူက နေရာမှာတင် အေးခဲသွား၏။ သူ ရှောင်လွှဲခဲ့သည့် ဇာတ်ကွက်က ဘာကြောင့် ဆက်ဖြစ်လာလဲကို သူ တွေးပင် မတွေးရဲတော့ပေ။


ကျိုးယု "ဘက်ဂျက်ခရီးသွားကြမယ်"သို့ ဗြုန်းစားကြီး ဧည့်သည်အဖြစ် ရောက်ရှိလာသည့်အချိန်နှင့် တူသည်။ အကယ်၍ သူသာ ကျိုးယုကို ကြိုပြီး အရေးယူခြင်းမပြုပါက၊ ချီကျားယုတစ်ယောက် ရက်စက်ကြမ်းကြုတ်သော အမြောက်စာဇာတ်ကောင်အဖြစ်သို့ ပြောင်းလဲသွားပြီး ထောင်ထောင့်ကို ဒုက္ခရောက်စေမည်ဖြစ်သည်။


ဖြစ်နိုင်တာက...ဇာတ်ကြောင်းကိုမပြောင်းနိုင်တာများလား...


ချီရှင်းချန် စက္ကန့်အနည်းငယ်မျှ မှင်တက်နေချိန်တွင် ရှန့်ယွီလျန်က သူ့ရှေ့မှ လူနာဆောင်ထဲသို့ ဝင်သွားသည်။


သူ့အတန်းဖော် ချီကျားကျစ်ကို အပြစ်တင်နေသည်ကို မြင်လိုက်ရသောအခါ ရှန့်ယွီလျန်က မဖော်ရွေသောပုံစံသို့ပြောင်းသွားပြီး လက်ချာရိုက်လေသည်။


"မင်းက ငယ်ငယ်လေးရှိသေးတာကို မှန်ကန်တဲ့ အရာတွေကို မသင်ယူဘူး...လူတစ်ယောက်ကို ဘယ်လိုလုပ် ပေါ့ပေါ့တန်တန် ရိုက်နိုင်ရတာလဲ"



"ငါ သူ့ကိုမရိုက်ဘူး" 


ချီကျားကျစ်ရ သူ့ကိုယ်သူ ကျယ်လောင်စွာ ခုခံပြောဆိုသည်။ 

"ငါ ငါသူ့ကို ဘောလုံးနဲ့ ပစ်ရုံပစ်လိုက်တာ"


"အဲဒါ ဘာကိုဆိုလိုတာလဲ...မင်းက အဲဒါကို ပစ်ပေါက်လိုက်တဲ့သူပဲ...မင်းက အား မသုံးရင် ထောင်ရွမ်က ဘယ်လိုလုပ် မေ့လဲသွားမှာလဲ" ကျောင်းသားက ဟောက်လိုက်သည်။


"ပစ်တာနှင့် ပစ်ပေါက်တာက ဘာကွာလို့လဲ... မင်းဘယ်လိုပဲ ဖုံးကွယ်ဖို့ ကြိုးစားနေပါစေ ...ထောင်ရွှမ်က အဲ့ဒီမှာ လှဲနေရပြီ" 

ရှန့်ယွီလျန်က မျက်မှောင်ကြုတ်လိုက်သည်။ "မင်းအမှားလုပ်မိရင် ဝန်ခံရမယ်... မလိမ်နဲ့... လိမ်တဲ့ကလေးတွေက ပိုလို့တောင် မုန်းစရာကောင်းတယ်"


"… ငါလိမ်နေတာမဟုတ်ဘူး" 

ချီကျားကျစ် လက်သီးများ တင်းတင်းဆုပ်လိုက်ပြီး သူ၏လက်ဖျံရှိ သွေးကြောများ ဖောင်းကားလာသည်။

"ငါမမှားရင် ငါမမှားလို့ပဲ...ငါမလုပ်ခဲ့တာကို ဝန်ခံမှာမဟုတ်ဘူး...မင်းငါ့ကိုဘာလို့မယုံတာလဲ"


ချီကျားကျစ်က ဤစကားတွေကို အော်လိုက်ပေမဲ့ သူ့အသံမှာ အနည်းငယ် တုန်ယင်သွားသည်။


"မင်းက ကျောင်းယူနီဖောင်းမဝတ်ဘူး၊ ဆံပင်ဆေးဆိုးတယ်၊ ဆေးလိပ်သောက်တယ်၊ ရန်ဖြစ်တယ်၊ ပြိုင်ကား မောင်းတယ်... မင်းလိုလူတစ်ယောက်..."

ထိုကျောင်းသားက ခဏရပ်လိုက်၏။  


"မင်းလိုကျောင်းသားဆိုးကို ဘယ်သူယုံမှာလဲ"


"မင်း-" 

ချီကျားကျစ် ဒေါသထွက်လွန်း၍ သူ့ကိုယ်သူ မထိန်းနိုင်တော့ပေ။ လက်သီးကို မြှောက်ပြီး ထိုကျောင်းသားကို ရွယ်လိုက်သည်။


ထိုကျောင်းသား အလွန်ထိတ်လန့်သွားပြီး ခြေလှမ်းအနည်းငယ် ယိုင်သွားပြီး ထောင်ထောင်ကို ဝင်တိုက်လုနီးပါး ဖြစ်သွားသည်။ရှန့်ယွီလျန်က ၎င်းကိုမြင်ပြီး ချီကျားကျစ်နှင့်ထိုကျောင်းသားကြားထဲမှာ ဝင်ရပ်လိုက်သည်။


"ကျားကျစ်"


ချီကျားကျစ် ဘာကိုမှ ဂရုမသိုက်ဘဲ ရှေ့သို့ အပြေးတက်သွားခါနီးတွင် ထိုထက်ပို ပိုရင်းနှီးစရာ မရှိသော အသံကို ကြားလိုက်ရသည်။


လက်သီးကို နှိမ့်လိုက်ပြီး အသံ၏ ဦးတည်ရာဆီသို့ လှည့်ကြည့်လိုက်သည်။သူ့နှုတ်ခမ်းများက မျဉ်းဖြောင့်တစ်ခုကဲ့သို့ တင်းတင်းစေ့ထားသည်။ စက္ကန့်အနည်းငယ်ကြာပြီးနောက် သူက ခေါ်လိုက်၏။


 "ကော…"


အမွေးအားလုံးကိုဖြန့်ပြီး တိုက်ပွဲဝင်ရန် အဆင်သင့်ဖြစ်နေသော ကြောင်တစ်ကောင်ကဲ့သို့ပင် ၎င်း၏ပိုင်ရှင်ကိုမြင်သောအခါတွင် ၎င်း၏အမြီးကို နှိမ့်ချကာ ခြေသည်းများကို ပြန်လည်ရုပ်သိမ်းခဲ့သည်။ ၎င်းသည် ၎င်း၏ မကျေနပ်ချက်ကို ထုတ်ဖော်ရန်မြောင်ခနဲပြုလိုက်သည်။



ချီရှင်းချန်၏ နှလုံးသား တင်းကြပ်သွားသည်။


"ဒါရိုက်တာရှန့်...အစ်မထောင်ထောင်...ကျားကျစ်က ကျွန်တော့်ညီလေးပါ"


ချီရှင်းချန်က ချီကျားကျစ်ရှေ့မှာ ရပ်လိုက်ပြီး ကျောင်းသားဘက်သို့ လှည့်လိုက်သည်။ 

"ဆေးဖိုး ပေးပြီးပြီလား"


ထိုကျောင်းသားက တုန်လှုပ်နေတုန်းပင်။ချီကျားကျစ် ရပ်တန့်သွားသည်ကို မြင်လိုက်ရသဖြင့် ကြောက်ရွံ့ထိတ်လန့်စွာဖြင့် ရင်ဘတ်ကို ဖိလိုက်သည်။ 

"လူနာတင်ကားအတွက် ကျွန်တော် ပေးပြီးပါပြီ... ဒါပေမဲ့ IV drip နဲ့ ဆေးရုံခုတင်အတွက် ကျွန်တော် မပေးရသေးဘူး"


"ကျားကျစ်...ထောင်ရွှမ်အတွက် သွားပြီး ပေးလိုက်ပါ " 

ချီရှင်းချန်က အသံကိုနှိမ့်ကာဖြင့် အမိန့်ပေးသည်။


"ကော... ကောလည်း ကျွန်တော့်ကိုမယုံဘူးလား" 

ချီကျားကျစ် ထိတ်လန့်သွားသည်။


"သွား" 

ချီရှင်းချန်၏ လေသံက ပိုလေးလာသည်။


တစ်ဖက်ကျောင်းသား၏စကားကြောင့် အခန်းတွင်းရှိ မည်သူမျှ ချီကျားကျစ်ကို မယုံကြပေ။သူ သူ့ကို ရှင်းပြရန် ကြိုးစားပါက သူ့ညီလေးဘက်လိုက်သလိုဖြစ်လိမ့်မည်။


ထောင်ထောင်နှင့်ရှန့်ယွီလျန်က သူ့ကို ယုံကြလိမ့်မည်မဟုတ်ပေ။


သူ့အနေဖြင့် သက်သေကို ဦးစွာရှာပြီးမှ သတင်းကို ဖြည်းညှင်းစွာ ဖြန့်ရမည်။


သူ့အစ်ကိုက သူ့ကို ဆူသည်ကြားသောအခါ ချီကျားကျစ် အံကြိတ်ပြီး ပိုက်ဆံရှင်းရန် ထွက်သွားခဲ့၏။ချီရှင်းချန်က ကုတင်ဆီ လျှောက်သွားပြီး ထောင်ရွှမ်ကို ငုံ့ကြည့်လိုက်သည်။


၎င်းနောက် ချီရှင်းချန် ယခင်က သူ့ကို တစ်နေရာရာမှာ မြင်ဖူးသလိုမျိုး ရင်းနှီးနေသလိုခံစားလိုက်ရ၏။


... ဟုတ်တယ်...ဘက်ဂျက်ခရီးသွားကြမယ်က သူပြန်လာတဲ့နေ့မှာ ချီကျားကျစ် ကားနဲ့တိုက်မိလုနီးပါးဖြစ်ခဲ့တဲ့ ကောင်လေး မဟုတ်ဘူးလား...


… သူရှောင်နိုင်မယ်ထင်ခဲ့ပေမဲ့ ကံကြမ္မာက သူ့အတွက် အရာအားလုံးကို စီစဉ်ပေးပြီးသားဖြစ်နေ၏။


ယခု ကုတင်ပေါ်တွင် လဲလျောင်းနေသော ထောင်ရွှမ်က ကံကြမ္မာ၏ အကြီးမားဆုံးသော လှောင်ပြောင်မှုပင် ဖြစ်သည်။


ချီရှင်းချန်၏ မျက်နှာ မည်းမှောင်သွားသည်။ သူက သူ့အတွေးတွေကို မျိုသိပ်လိုက်ပြီး ထောင်ရွှမ်၏ အခြေအနေကို ဂရုတစိုက် စကြည့်လိုက်၏။


သူ့ခန္ဓာကိုယ်က ပိန်ပိန်ပါးပါးနှင့် မျက်နှာက ဖြူဖျော့နေသည်။ သူ၏ လက်များတွင် သိသိသာသာ နီမြန်းနေပြီး လူနာအင်္ကျီ၏ ဖွင့်ထားသော ကော်လာအောက်တွင် အနီဖုလေးများ တွေ့နိုင်သည်။


လွန်ခဲ့သောအချိန်အနည်းငယ်က ချီရှင်းချန် အရေပြားလေးဘက်နာ၏လက္ခဏာများကိုစစ်ဆေးခဲ့သည်။ သူမြင်လိုက်ရသည်က ထောင်ရွှမ်၏ရောဂါက ထကြွသည့်အဆင့်ကို ရောက်နေပြီဆိုသည်ကို ပြသနေ၏။


သူအသက်ပြင်းပြင်းရှူပြီး မတ်မတ်ရပ်လိုက်သည်။

"ကျောင်းသား... ဆေးရုံကို ပို့ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်...မင်းကို ကျောင်းပြန်ပို့ဖို့ ဒရိုင်ဘာခိုင်းလိုက်မယ်... ကုန်ကျစရိတ်အားလုံးကို သူပေးလိမ့်မယ်"


"မလိုပါဘူး" 

ထောင်ထောင် အနည်းငယ် ငြိမ်သက်သွားသည်။ "ရှင်းရှင်း ကိုယ့်ကိုကိုယ် ဒုက္ခမခံပါနဲ့...ဆေးဖိုးဝါးခ ငါပေးပါ့မယ်"


"ကျားကျစ်က ထောင်ရွှမ်ကို ထိသည်ဖြစ်စေမထိသည်ဖြစ်စေ... ဒါက သူ့ကြောင့်ဖြစ်တာပါ... ကျွန်တော် တာဝန်ယူသင့်ပါတယ်"


သူ့စကားတွေက မရေရာပေမဲ့ ချီကျားကျစ်က ထောင်ရွှမ်ကို ပစ်ပေါက်ခဲ့သည်ဟု သူလက်မခံကြောင်း ပြသနေ၏။


ရှန့်ယွီလျန်က ကျစ်ခနဲပြုလိုက်သည်။


ချီရှင်းချန်ု သူ့ကို လျစ်လျူရှုပြီး ဖုန်းခေါ်ရန်အတံခါးဆီ သွားလိုက်၏။ သူက လောင်ချင်ကို ကျောင်းသားကို ပြန်ပို့ပြီး ပိုက်ဆံပေးခိုင်းလိုက်သည်။တစ်လက်စတည်း သူက ကျောင်းသား၏နာမည်နှင့် နေရပ်လိပ်စာကိုလည်း တောင်းလိုက်သည်။ ငါးမိနစ်လောက်ကြာသောအခါ လောင်ချင် တက်လာပြီး ကျောင်းသားကို ခေါ်သွား၏။


ထောင်ထောင်၊ချီရှင်းချန် နှင့် ရှန့်ယွီလျန်တို့ ယသာလျှင် လူနာဆောင်ထဲတွင် ကျန်ခဲ့သည်။


"အစ်မထောင်ထောင်…" 

သူ သူ့ညီကိုယ်စား တောင်းပန်ချင်သည်။


ထောင်ထောင်က သူ့ကို ဖြတ်ပြောလိုက်သည်။ "အဆင်ပြေပါတယ်ရှင်းရှင်း... သူက မင်းညီမို့လို့ ငါက ဒီကိစ္စကို လိုက်မစုံစမ်းတော့ဘူး"


ထောင်ထောင်၏စကားကြားပြီးနောက် ချီရှင်းချန် စိတ်သက်သာရာရသွားသည်။ အနည်းဆုံး အကျပ်အတည်းက လောလောဆယ်အတွက် ပြီးသွားပြီဖြစ်၏။


သူက ရှန့်ယွီလျန်ကို တစ်ချက်ကြည့်လိုက်သည်။



ရှန့်ယွီလျန်၏ မျက်နှာပေါ်ရှိ သံသယနှင့် အထင်အမြင်သေးခြင်းမှာ ထင်ရှားသည်။


ရှန့်ယွီလျန်ကိုလည်း အပြစ်တင်၍ မရပေ။ သူ့အရွယ် လူတွေ၏အမြင်မှာ ချီကျားကျစ်က ကျောင်းသားဖြစ်သည်။ ဤကဲ့သို့ ၀တ်ဆင်ခြင်းသည် လူရမ်းကားတစ်ယောက်နှင့် ညီမျှသည်။


လူရမ်းကားကို ဘယ်သူယုံမှာလဲ...


ချီကျားကျစ် ပြန်လာပြီး ရှန််ယွီလျန်ကို ဒေါသထွက်မည်ကို တားဆီးရန်အတွက် သူက ချီကျားကျစ်ဆီကို စာတစ်စောင်ပို့ပြီး ဆေးရုံခပေးပြီးလျှင် အိမ်ပြန်ရန်ပြောလိုက်၏။


၎င်းနောက် သူ ပုဂ္ဂလိကဆေးရုံကို ဖုန်းခေါ်လိုက်သည်။ထောင်ရွှမ်ကိုပုဂ္ဂလိကဆေးရုံသို့ လွှဲပြောင်းပေးသည့်အချိန်၌ ဆေးစစ်မှုကပြုလုပ်ပြီးသွားပြီဖြစ်ပြီး လူနာစောင့်သူနာပြုကို ရွေးချယ်ကာ ဝင်ခွင့်လုပ်ငန်းစဉ်များ ပြီးစီးခဲ့သည်။ထိုအချိန်မှာ ညရှစ်နာရီထိုးနေပြီဖြစ်၏။


ကံကောင်းထောက်မစွာ၊ ထောင်ရွှမ်၏ အရေးကြီးသော လက္ခဏာများ တည်ငြိမ်နေကြောင်း ဆရာဝန်မှ စစ်ဆေးတွေ့ရှိခဲ့သည်။ ခဏလောက် အိပ်ယာပေါ်မှ အနားယူရန်ပဲ လိုအပ်၏။


ချီရှင်းချန် အလုပ်ရှုပ်နေသည်ကိုမြင်သောအခါ ရှန့်ယွီလျန်က ရိုက်ကွင်းနေရာကို ပြန်သွားခဲ့သည်။ အဓိကအမျိုးသမီးဇာတ်ဆောင်တစ်ယောက်အနေဖြင့် ထောင်ထောင်က ရိုက်ကူးရေး၏ အရေးတကြီးအခြေအနေကို နားလည်ခဲ့သည်။လုနာစောင့် မည်မျှ ကျွမ်းကျင်သည်ကို မြင်ပြီးနောက် သူမသည် ဟိုတယ်သို့ ပြန်သွားခဲ့သည်။


သူသည်ကို လေးနာရီထိုးပြီးကတည်းကရောက်နေခြင်းဖြစ်ပြီး ရောက်နေသည်မှာ လေးနာရီကျော်နေပြီဖြစ်သည်။ချီရှင်းချန် သူ့ချွေးတွေကို သုတ်လိုက်၏။ နောက်ဆုံးမှာ သူချီကျားကျစ်ကို မေးရန် အချိန်ရခဲ့သည်။ သူက ချီကျားကျစ်၏ နံပါတ်ကို ခေါ်လိုက်သည်။


"ကော" 

ဖုန်း၏အခြားတစ်ဖက်ရှိလူ၏အသံက အက်ကွဲနေသည်။


ချီရှင်းချန် အံ့အားသင့်သွားသည်။ 

"ကျားကျစ် မင်းအိမ်မှာရှိသေးလား... ငါမင်းကိုအခု လာတွေ့မလို့"


"မဟုတ်ဘူး... ငါ ဆေးရုံအပြင်မှာ"


"မင်းက လေးနာရီကျော်လောက် စောင့်နေတာလား"


"ဟုတ်…" 

ချီကျားကျစ်က ခဏရပ်လိုက်သည်။ 

"ကော...ငါ မလိမ်ပါဘူး"


သူ အချိန်အကြာကြီး စောင့်ဆိုင်းခဲ့ရသောကြောင့် လူငယ်လေးသည် သူ၏ နာကျည်းဝမ်းနည်းမှုကို မထိန်းထားနိုင်တော့ပေ။ သူ့အသံက တုန်ယင်သွားပြီး နောက်ဆုံးစကားကို ရှင်းရှင်းလင်းလင်း မကြားရပေ။

(မေတ္တာတွေပို့နေပါပြီဒီက)



ချီရှင်းချန် မျက်မှောင်ကြုတ်လိုက်သည်။ထောင်ရွှမ်ကို ကောင်းကောင်းဂရုစိုက်ပေးရန် လူနာစောင့်ကိုတောင်းဆိုပြီးနောက် ဆေးရုံမှ အမြန်ထွက်လာခဲ့သည်။


ချီကျားကျစ်၏ Lamborghini က လမ်းထောင့်တွင် ရပ်ထားသည်။သူ ကားတံခါးကိုဖွင့်လိုက်သည်။


ကားထဲက ပြာခွက်ထဲမှာ စီးကရက်ဖင်စီခံတွေနှင့် ပြည့်နေ၏။ နေရာ တစ်ခုလုံး မီးခိုးငွေ့များဖြင့် ပြည့်နေသည်။ချီရှင်းချန် သူ့ကိုယ်သူ နှစ်ကြိမ်လောက် လက်ဖြင့်ယက်ခပ်လိုက်သော်လည်း မီးခိုးတွေက လွှင့်ပြန့်မသွားပေ။ထိုအစား သူ ချောင်းဆိုးသွား၏။


ချီကျားကျစ် ချောင်းဆိုးသံကို ကြားလိုက်ရသည်။ သူက စီးကရက်ကို အမြန်မီးသတ်ပြီး ကားတွင်လေလည်ပတ်မှုစနစ်ကို ဖွင့်လိုက်၏။


မီးခိုးတွေ ပျံ့သွားပြီးနောက်၊ လူငယ်လေး၏ ဆံပင်တွေ ရှုပ်ပွနေပြီး သူ့မျက်လုံးတွေက သွေးတွေပေါက်ထွက်မတတ်နီရဲနေကာ သူ့မကျေနပ်မှုတွေကို ဖုံးကွယ်ရန် မေးစေ့ကို မော့ထားသည်အား ချီရှင်းချန် တွေ့လိုက်ရသည်။


ချီရှင်းချန် ရှေ့ခန်းဘေးခုံတွင် ဝင်ထိုင်လိုက်သည်။ 

"ကျားကျစ်"


"ငါ့ကို ဆက်ဆူပါ"


"ငါ မင်းကို မဆူပါဘူး" 

ချီရှင်းချန်က ညင်သာစွာ ပြောလိုက်သည်။

"ငါမင်းကိုယုံတယ်"


ချီကျားကျစ် အဆူခံရရန် ပြင်ဆင်ထားခဲ့သည်။ သို့သော်လည်း သူ စက္ကန့်အနည်းငယ်မျှ ကြောင်သွားခဲ့ရသည်။ သူက ချီရှင်းချန်၏ လက်မောင်းကို လှမ်းပြီးဆွဲလိုက်၏။ 


"ဒါဆို မင်းငါ့ကို ဆေးရုံကြေးဘာလို့ပေးခိုင်းတာလဲ"


"ငါက မင်းအစ်ကိုလေ... မင်းကို သက်သေမရှိဘဲ အကာအကွယ်ပေးဖို့ တယူသန်နေရင် သူတို့ ငါ့ကို ယုံမယ်ထင်လား... ငါ့ညီကို အကာအကွယ်ပေးတယ်လို့ပဲ ထင်ကြလိမ့်မယ်"


ချီကျားကျစ် စကားမပြောနိုင်ဖြစ်သွား၏။


သူက ခဏလောက် တုံ့ဆိုင်းသွားပြီး မေးလိုက်သည်။

"ကော...ငါ့ကို တကယ်ယုံတာလား"


"ဒါပေါ့... မဟုတ်ရင် မင်းကို တောင်းပန်ခိုင်းမှာပေါ့"


သူ ချီကျားကျစ်၏ ရှုပ်ပွနေသော ဆံပင်များကို ပွတ်သပ်ပေးလိုက်သည်။


"အသေးစိတ်ပြောပြ"


သူ့အစ်ကိုက သူ့ကို ယုံမှန်းသိသည်နှင့် ချီကျားကျစ်၏ စိတ်ခံစားချက်က ၃၆၀ ဒီဂရီ ပြောင်းသွား၏။သို့သော် သူ့အမူအရာက မောက်မာနေဆဲဖြစ်သည်။ 


"အဲဒီနေ့က ငါ သူ့ကိုကာကွယ်ပေးမယ်လို့ ကတိပေးခဲ့တယ်...ဒီနေ့လည်ခင်းမှာ ငါ ဘတ်စကတ်ဘောကစားနေချိန် သူက ဘတ်စကတ်ဘောကွင်းကို ဖြတ်သွားတယ်...သူ့မှာ သူငယ်ချင်းမရှိသလို ကစားစရာအဖော်လည်းမရှိလို့ သနားစရာကောင်းတယ်လို့ ခံစားရလို့ သူကို ငါနဲ့ကစားချင်လားလို့ မေးခဲ့တယ်...တစ်ချိန်တည်းမှာပဲ သူက ငါ့သူငယ်ချင်းဆိုတဲ့အကြောင်း နဲ့ သူ့ကိုမထိဖို့ သူများတွေကို သိစေချင်ခဲ့တာ"


"နောက်ဆုံးမှာ သူအဲဒီမှာရပ်နေပြီး ဘာမှပြန်မပြောဘူး...သူ ငါ့ကို စကားမပြောချင်လား ပြောချင်လား၊ သူလက်ခံလားမခံမခံလားဆိုတာ သေချာမသိတာမလို့ ဘောလုံးကို ပစ်လိုက်တယ်... ဘယ်သူသိမှာလဲ... သူက ကြွေရုပ်နဲ့လုပ်ထားသလိုပဲ ဘောလုံးထိလိုက်တာနဲ့လဲကျသွားလိမ့်မယ်လို့"


"ငါတကယ် အားမသုံးခဲ့ဘူး...ငါ ကျိန်ဆိုပါတယ်... ငါ သူ့ကို နာသွားမှာစိုးလို့ ဘောလုံးကို ဖြည်းဖြည်းလေး ပစ်လိုက်တာ"


ချီရှင်းချန် သက်ပြင်းချလိုက်သည်။ 


"ဒါဆို ဘယ်လိုဖြစ်သွားတာလဲ"


ချီကျားကျစ်၏ ရည်ရွယ်ချက်က ကောင်း၏။ထောင်ရွှမ်က သူအမှားလုပ်မိ၍ စိတ်မကောင်းနေခြင်းဖြစ်နိုင်သည်။


သို့သော်၊ ချီမိသားစုရှိ လူတိုင်းက ဇာတ်ကြောင်း၏ ထိန်းချုပ်မှုအောက်တွင် ရှိနေကြောင်းကိုလည်း သက်သေပြခဲ့သည်။မဟုတ်လျှင် ဤမျှလောက်တိုက်ဆိုင်မှုရှိမှာမဟုတ်ပေ။


"ကျားကျစ်" 


ချီရှင်းချန်က မေးလိုက်၏။

 "ထောင်ရွှမ်ကို ဆေးရုံပို့တဲ့ကောင်လေးက မင်းကို ရန်ငြိုးထားနေတာလား"


"ချိုက်ဟောက်" 

ချီကျားကျစ်၏ လေသံမှာ အထင်အမြင်သေးမှုအပြည့်ရှိသည်။


"အတန်းဖော်တစ်ယောက်ရဲ့ ဂိမ်းစက်ကို စာသင်ခန်းထဲမှာ သူ ခိုးသွားတာ မြင်လိုက်တယ်...ငါ့သူ့ကို ရိုက်လိုက်တယ်...ဒါပေမဲ့ ဂိမ်းစက်က အများကြီးမကုန်တာမလို ဘာမှမပြောခဲ့ဘူး... ဒီနေ့ ငါ့ကို ချောက်ချလိမ့်မယ်လို့ မမျှော်လင့်ထားဘူး...သူက တော်တော်မိုက်မဲပြီး ရွံရှာစရာကောင်းတယ်"


သူက ဆက်ပြီး ကျိန်ဆဲချင်ပေမဲ့ ချီရှင်းချန်က သူ့ကို အမြန်တားလိုက်ပြီး မေးလိုက်၏။

"ချိုက်ဟောက်ရဲ့ အဆင့်တွေက ဘယ်လိုလဲ"


"သူ့ အဆင့်တွေ ကောင်းပါတယ်...သူက ငါတို့ အတန်းရဲ့ ကျောင်းကောင်စီအဖွဲ့ဝင်...ဆရာတွေက သူ့ကို အရမ်း သဘောကျတယ်"


ဤသည်ကိုကြားသောအခါ ချီရှင်းချန် သဘောပေါက်သွား၏။


ချိုက်ဟောက်က ချီကျားကျစ်ကို မုန်းတီးပြီး ချိကျားကျစ်က တစ်စုံတစ်ဦးကို ရိုက်မိသည့်အတွက် တမင်တကာ မတရားစွပ်စွဲခဲ့သည်။



ယနေ့တင်မကဘဲ မနက်ဖြန် ကျောင်းက ဤဆိုးရွားသည့် အဖြစ်အပျက်ကို ကိုင်တွယ်ဖြေရှင်းသည့် အခါမှာလည်း ဆရာတွေက ကော်မတီဝင်၏ ထွက်ဆိုချက်ကို နားထောင်ရန် ရွေးချယ်ပြီး သူ့ညီလေးကို အပြစ်ပေးရန် ရွေးချယ်လိမ့်မည်ပင်။


ချီရှင်းချန် ခဏလောက်စဉ်းစားပြီးပြောလိုက်၏။ "ကျားကျစ် မနက်ဖြန် အတန်းတက်ရမယ်... မဟုတ်ရင် ဆရာတွေက မင်းမှာ အပြစ်ရှိတယ်လို့ ထင်

လိမ့်မယ်... ဒါ့အပြင် သူတို့က မင်းရဲ့အမှားတွေကို ဝန်ခံဖို့ အတင်းအကြပ် တွန်းအားပေးချင်ရင် ဒီနေ့လို ဆက်ဘူးခါငြင်းနေဖို့ လိုတယ်"


"ဘာလို့လဲဆိုတော့ မင်းဘာအမှားမှမလုပ်ထားတာကြောင့်မလို့ပဲ မင်းသိလား" 


ချီရှင်းချန်က ပြုံးပြီး ပြောလိုက်၏။

"မင်း ကောင်းကောင်းလုပ်ခဲ့တယ်"


.