Chapter 60
ချီကျားကျစ် သူ့အစ်ကိုဆီက အချော့ခံရသောကြောင့်ပျော်နေသည်။ သူက လေချွန်ပြီး ချီရှင်းချန်ကို ဟိုတယ်ကို ပြန်လိုက်ပို့၏။
သူက ကားထဲက မထွက်ခင် ချီရှင်းချန်ကိုမေးလိုက်သည်။
"ထောင်ရွှမ်က ဘာဖြစ်နေတာလဲ...ငါ သူ့ကို ပြုစုဖို့ ဆေးရုံသွားဖို့လိုလား"
"မင်းကလား"
ချီရှင်းချန်က မျက်ခုံးပင့်လိုက်သည်။
"မေ့လိုက်ပါ...ဘယ်သူက ဘယ်သူ့ကို ပြုစုပေးမယ်ဆိုတာ မသေချာဘူး... သူနာပြုတစ်ယောက်ငှားပြီးပြီ... အဲဒါကို မင်း စိတ်ပူနေစရာ မလိုပါဘူး...စကားမစပ် - "
ချီရှင်းချန်က ခဏရပ်လိုက်သည်။
"သူ့ရောဂါက သူ့ကို အာရုံတွေထုံထိုင်းစေပြီး အာရုံမစိုက်နိုင်ဖြစ်စေတယ်...သူ ကိုယ့်ကိုကိုယ် သတ်သေသွားလိမ့်မယ်... သူ့ကိုတွေ့ချင်ရင် မင်းသူ့ကိုကောင်းကောင်းဆက်ဆံရမယ်"
"ဟုတ် ဟုတ် ဟုတ်"
ချီကျားကျစ်က အားတက်သရော ခေါင်းညိတ်သည်။
ချီရှင်းချန် ကားပေါ်မှ ဆင်းကာ ဟိုတယ်သို့ ပြန်လာခဲ့သည်။ အပေါ်ထပ်တက်ရင်း ထောင်ရွှမ် နိုးလာသည်နှင့် သူ့ကို အကြောင်းကြားရန် သူနာပြုအားပြောခဲ့သည်။
အခန်းကတ်ဖြင့်တံခါးကိုဖွင့်လိုက်သောအခါ အန်းရန် အိပ်ပျော်လုဆဲဆဲဖြစ်၏။သူမက ထပြီးမေးသည်။
"ညစာစားပြီးပြီလား"
"မစားရသေးဘူး"
"အသုပ်လုပ်ထားတယ်... လာစားလှဲ့"
ချီရှင်းချန် နေ့ခင်းတစ်ခင်းလုံး မောပန်းနွမ်းနယ်နေပြီး ဗိုက်ဆာလွန်း၍ အစာအိမ်ကကြုံ့နေသည်။ ဆိုဖာပေါ်ထိုင်ချလိုက်ပြီး ပန်းကန်ကို ကောက်ကိုင်လိုက်ပြီး စားတော့သည်။
စားပြီး တစ်ဝက်လောက်မှာ အန်းရန်က စကားစမြည်ပြောသည်။
"ပိုင်ရဲ့ရဲ့ အရှုပ်တော်ပုံက မီးသေသွားပြီ"
"… ဟုတ်ကဲ့"
ချီရှင်းချန်က မျက်တောင်ခတ်လိုက်သည်။
"သူ တုံ့ပြန်ခဲ့သလား"
"ဟင့်အင်...သူက တုံ့ပြန်ရတာ မကြိုက်ဘူး...မင်း ဘာမှ မပြောရင်တောင် သူက ဘာမှ ရှင်းပြမှာ မဟုတ်ဘူး"
ယင်းက အမှန်ပင်။သူ့idol၏ ပင်ကိုယ်စရိုက်က ထိုသို့ပင်။ သူက အခြေအမြစ်မရှိသော ကောလဟာလများကို ဘယ်တော့မှ စိတ်ထဲထည့်မည်မဟုတ်ပေ။
သူက ထိပ်တန်းနာမည်ကြီးမဖြစ်ခင်က အဆိုတော်၊ ရက်ပ်ပါ၊ အကသမားနှင့်သီချင်းရေးဆရာဖြစ်ခဲ့၏။
သူက အများသူငှာ အမြင်နှင့် အရှုပ်တော်ပုံတွေနှင့်မဟုတ်ဘဲ သူလက်ရာတွေနှင့် ပရိသတ်တွေကို ဆွဲဆောင်ခဲ့ခြင်းဖြစ်သည်။ သူ့အနေဖြင့် သိပ်ဂရုစိုက်စရာ မလိုပေ။
ချီရှင်းချန် မဖြေ။အန်းရန်က ထပ်မေးသည်။
"ပိုင်ရဲ့က နင့်ကို ဆက်သွယ်ခဲ့သေးလား"
"မဆက်သွယ်ဘူး... မသိဘူး"
ချီရှင်းချန် ရုတ်တရက် အစာစားရန် စိတ်ဝင်စားမှု ပျောက်ဆုံးသွားသည်။သး ပန်းကန်ပြားကို ချလိုက်သည်။
"နေ့လည်က အရမ်းအလုပ်များလို့ ဖုန်းကိုမစစ်မိဘူး"
ထို့နောက် သူထပြီး ရေချိုးခန်းထဲဝင်၍ ရေခေါင်းကိုဖွင့်လိုက်သည်။ ငါးမိနစ်လောက်ကြာသောအခါ တံခါးပိတ်သံကြားရ၏။အန်းရန် ထွက်သွားလေပြီ။
ရေချိုးကန်ဘေးမှာ ငုတ်တုတ်ထိုင်ပြီး ရေက တစ်လက်မချင်းတက်လာသည်ကို ကြည့်နေလိုက်၏။
သူ အန်းရန်ကို ခုနကပြောခဲ့သည်က အမှန်ပါပင်။ နေ့ခင်းဘက်တွင် သူ ထောင်ရွှမ်ကိစ္စနှင့် အလုပ်များနေပြီး သူ့ဖုန်းမှ မက်ဆေ့ချ်များကို ဂရုမစိုက်မိခဲ့ပေ။
ပိုင်ရဲ့က သူ့ကို ဆက်သွယ်မှာလား...
ကောလာဟလတွေကို ချေပရန် ကူညီပေးခဲ့သည်ကို တွေ့ပြီး ယဉ်ကျေးစွာ ကျေးဇူးတင်လောက်သည်။
အဲဒီအပြင် သူရှင်းပြလိမ့်လေမလား...
ချီရှင်းချန် ရေချိုးကန်ပြည့်ခါနီးအထိ ဒူးကို ဖက်ကာထိုင်နေခဲ့သည်။ထို့နောက် ရေထဲဝင်စိမ်ပြီး ဖုန်းကိုထုတ်လိုက်၏။
သူ Weibo ကိုဖွင့်လိုက်သည်။ များပြားလွန်းသော မက်ဆေ့ချ်များသည် သူ့ဖုန်းကို အေးခဲလုနီးပါး ဖြစ်သွားစေသည်။
အများစုမှာ သီးသန့်မက်ဆေ့ချ်များ ဖြစ်သည်။ အနည်းငယ်နှိပ်ကြည့်လိုက်သည်။
[အားးး... ငါတကယ် ရင်ထဲထိတယ်... ရှင်းရှင်း ငါ ကတိပေးပါတယ်... ငါ နင့်ကို ပိုပြီးကောင်းကောင်းဆက်ဆံပါ့မယ် လောင်ကုန်း]
[မနေ့ညက ကြယ်တွေ သော့ခတ်ခံလိုက်ရတယ်... သော့ကို ငါမျိုချလိုက်တယ်... သာယာပျော်ရွှင်သော အိမ်ထောင်ရေးလေးဖြစ်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်]
[ပိုင်ရဲ့ရဲ့ ကောလဟာလတွေကို ချေပဖို့ ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်...အားလုံးအကောင်းဆုံးဖြစ်ပါစေလို့ဆုတောင်းပါတယ်]
[ဟိုတယ်မှာ မင်းတို့နှစ်ယောက် ဘာလုပ်ခဲ့လဲ ငါသိချင်တယ်...တကယ်ပဲ ဇာတ်ကွက်လေ့ကျင့်တာတင်ပဲလား... ဟီးဟီး]
ချီရှင်းချန် ဖန်သားပြင်ကို ကြည့်ပြီး ရယ်ရမလား ငိုရမလား မသိ။ ကောလဟာလတွေကို ငြင်းဆိုလိုက်ခြင်းက သူတို့cp၏ဖန်တွေအတွက် ပွဲတော်ကြီးဖြစ်လာလိမ့်မည်ဟု သူ မမျှော်လင့်ထားပါချေ။
သူ ခေတ်စားနေသောစာရင်းကို နှိပ်လိုက်သည်။ အန်းရန်ပြောခဲ့သလိုပဲ ပိုင်ရဲ့၏ အရှုပ်တော်ပုံဟာ စာရင်း၏အောက်ဆုံးကို ရောက်သွားခဲ့သည်။ နောက်ဆုံးမှာ သူ့အထောက်အထားတွေက ယုံစရာကောင်းလွန်းသည်မဟုတ်ပါလော။ မုန်တိုင်းက မနက်ဖြန်မနက်မှာ ပြီးသွားနိုင်လောက်၏။
သူက Weibo ကို ပိတ်လိုက်သည်။ သူ၏လက်ချောင်းက WeChat ရှိ လူစိမ်းပုံလေးပေါ်တွင် ပျံဝဲနေသည်။ သူ အကြာကြီး တုံ့ဆိုင်းနေသည်။
အဆုံးတွင် သူ့လက်ချောင်းကို ဖိချလိုက်သည်။ပိုင်ရဲ့၏ပရိုဖိုင်ဘေးတွင် မဖတ်ရသေးသော မက်ဆေ့ချ်နှစ်ခုရှိကြောင်း ညွှန်ပြနေသည့် အနီရောင်အဝိုင်းတစ်ခုရှိသည်။
အသက်ပြင်းပြင်းရှူပြီး သူတို့ကို နှိပ်လိုက်သည်။
ပထမဆုံး မက်ဆေ့ချ်မှာ ပိုင်: [ကောလဟာလတွေကို ချေပဖို့ ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်... ထပ်မလုပ်ပါနဲ့... အမုန်းပွားခံရဖို့ လွယ်တယ်]
ဒုတိယ မက်ဆေ့ချ်မှာပိုင်: [ငါ မင်းကို ညလယ်စာ ယူလာပေးတယ်...ဟိုတယ်အနောက်တံခါးကို လာခဲ့]
ညလယ်စာ...
ချီရှင်းချန်၏ မျက်လုံးများ ပြူးကျယ်သွားသည်။ ဖုန်းကို သူ့မျက်နှာဆီကပ်ကြည့်လိုက်သည်။
ပထမမက်ဆေ့ချ်ကို နေ့လယ်တွင် ပေးပို့ခဲ့သည်။ ဒုတိယ မက်ဆေ့ချ်က... လွန်ခဲ့တဲ့ နာရီဝက်က!!!
ပိုင်ရဲ့ ထွက်သွားပြီလား...
ချီရှင်းချန် ထိတ်လန့်တုန်လှုပ်စွာဖြင့် စာရိုက်လိုက်သည်။
[တောင်းပန်ပါတယ် ကျွန်တော်ပြန်ရောက်တာ နောက်ကျတယ်...အခုမှမြင်တယ်]
"ဒွီ—"
စာပြန်သည်က အလွန်မြန်၏။
[အဆင်ပြေပါတယ်... ငါတစ်ရေးတစ်မောအိပ်လိုက်တယ်]
"တစ်ရေးတစ်မောအိပ်" ဆိုလိုတာက... ပိုင်ရဲ့က အောက်ထပ်မှာ ရှိနေတုန်းပဲ....
သူ မသွားသေးဘူးးး...
ချီရှင်းချန် ခုန်ထွက်လိုက်ပြီး သူ့ခန္ဓာကိုယ်မှ ရေများကို အလျင်အမြန်သုတ်လိုက်သည်။ သူ့အင်္ကျီနှင့် ဘောင်းဘီကို အမြန်ဝတ်ပြီး ညှပ်ဖိနပ်တစ်ရံကို ၀တ်ကာ အောက်ထပ်ကို ပြေးသွားခဲ့၏။
ပါပါရာဇီတွေဆီက ထပ်ပြီး ဓာတ်ပုံရိုက်ခံရမှာကို ကြောက်သည့်ပိုင်ရဲက ဤတစ်ခေါက်မှာ နာနီကားကို အနောက်တံခါးမှာ ရပ်ထားသည်။ချီရှင်းချန် သူ၏ပစ်မှတ်ကို တွေ့ရှိပြီး မျောက်ဝံတစ်ကောင်ကဲ့သို့ ခုန်ဝင်ခဲ့သည် —
ပိုင်ရဲ့က သူ့လက်ကို လှမ်းဖမ်းလိုက်သည်။ "အရှိန်လျှော့... မင်းဘာလို့ အမြဲတမ်း ပျာယာခတ်နေတာလဲ"
"ကျွန်တော်...ကျွန်တော်ကောအကြာကြီးစောင့်ရမှာစိုးလို့ပါ"
ချီရှင်းချန်၏ အဖြေက ယခင်နေ့နှင့် အတူတူပါပင်။
"ရတယ်...ဆယ်နာရီထိုးတဲ့အထိစောင့်မယ်...အဲဒီမတိုင်ခင် ငါထွက်သွားမှာမဟုတ်ဘူး"
ပိုင်ရဲ့ ပြောနေရင်း ဖန်လေး၏ဆံပင်တစ်ဝက်လောက်က ရေစိုနေမှန်း သူသတိထားမိလိုက်သည်။ အောက်ကိုငုံ့ကြည့်လိုက်သောအခါ ဤလူက ညှပ်ဖိနပ်တစ်ရံဝတ်ထားသည်ကို တွေ့လိုက်ရ၏။ စိုစွတ်နေသည့် ခြေချောင်းလုံးလုံးလေးတွေက တွန့်ရှုံ့နေပြီး သူ့ခြေဖမိုးပေါ်မှာ ပုံမှန်မဟုတ်သော အနီရောင် အမှတ်အသားတစ်ခု ရှိနေသည်။
ပိုင်ရဲ့၏ လေသံက ပျော်မနေ။
"ဘယ်လိုဖြစ်သွားတာလဲ"
သူက အခုနက မတရားအလျင်လိုနေပြီး တစ်ခုခုကို မတော်တဆ ဝင်တိုက်မိခဲ့ခြင်းဖြစ်မည်။ချီရှင်းချန်က သူ့ခြေထောက်ကို ပြန်ရုတ်ပြီး ညာလိုက်သည်။
"ဖိနပ်က ခြေထောက်နဲ့ မကိုက်ဘူး... ရပါတယ်... မနက်ဖြန် အသစ်တစ်ရံပြောင်းလိုက်မယ်"
ပိုင်ရဲ့က နှာမှုတ်လိုက်သည်။
သို့သော် အနီရောင်သာရှိပြီး သွေးထွက်ခြင်းမရှိပေ။ပိုင်ရဲ့ ဆက်မစုံစမ်းတော့။ ရှေ့ခုံမှ ထမင်းဘူးကို ကောက်ယူပြီး သူ့အား ပေးလိုက်သည်။
"ဒီစားသောက်ဆိုင်ရဲ့ ငါးဆန်ပြုတ်က ကောင်းတယ်... မင်းအတွက် ငါ တစ်ပွဲပါဆယ်ယူလာတာ... အခုအေးသွားလောက်တယ်...ပြန်သွားပြီး မစားခင် လက်ထောက်ကိုနွှေးခိုင်း"
"… ရပါတယ်"
ပိုင်ရဲ့က ထမင်းဘူးကို ချက်ချင်းဖွင့်လိုက်သည်။ "အဲလိုဆို ပူလွန်းသွားလိမ့်မယ်...ဒီည အသုတ်စားထားတာ...ဒါနဲ့ ဗိုက်ဖြည့်လိုက်မယ်"
ပိုင်ရဲ့ မူလက ညလယ်စာပေးပြီးသည်နှင့် ပြန်ရန် စီစဉ်ထားပေမဲ့ ဖန်လေးက သူ့ကားထဲမှာ စပြီး စားသောက်နေသည်။ သူထွက်သွား၍ မရတော့ပေ။ ထိုင်ခုံမှာ ပြန်ထိုင်ပြီး သူ့စားနေသည့်ပုံစံကို ရှုစားနေလိုက်သည်။
ခဏလောက်ကြာအောင် ရှုစားပြီးနောက် ဤလူက ပန်းကန်ကို ကြည့်နေပေမဲ့ တကယ်တမ်းတွင် သူ့ကို တစ်မိနစ်တစ်ခါ နှစ်မိနစ်တစ်ခါတိုင်း ခိုးကြည့်နေမှန်း သတိထားမိလိုက်သည်။ တစ်ခုခု ပြောချင်နေပုံရသော်လည်း မပြောရဲဟန်။
"ငါ့ကို တစ်ခုခုမေးချင်လို့လား"
ပိုင်ရဲ့ ရိပ်မိသွား၏။
ချီရှင်းချန်: "…"
သူဘယ်လိုလုပ်သိသွားတာလဲ...
သေချာပေါက် ချီရှင်းချန် မေးချင်သည်ပင်။ထိန်းထားရလွန်း၍ သေတော့မည်။ သူ ပါးစပ်ကို ဖွင့်လိုက်သည် ... သို့သော် သူ စကားမပြောမီတွင် ရုတ်တရက် ထိတ်လန့်သွားသည်။
ပိုင်ရဲ့၏အဖြေက သူလိုချင်သည့်အဖြေမဟုတ်မှာကို သူကြောက်၏။
စကားလုံးတွေက သူ့လျှာဖျားမှာ ရောက်နေပေမဲ့ အကြောင်းအရာကို ချက်ခြင်းပြောင်းလိုက်သည်။ "ကော မနက်ဖြန် ရိုက်ကူးရေးပြီးလောက်ပြီ မဟုတ်လား"
ပိုင်ရဲ့က ဆိုသည်။
"အင်း...မနက်ဖြန်မနက် ပြီးမှာ...နေ့လည်ခင်းအပြီးသတ်မယ် ...ငါမကျေနပ်တာရှိရင် သဘက်ခါပြန်ရိုက်မယ်"
"ဒီတစ်ခါ သီချင်းအသစ်နဲ့ သီချင်းဗီဒီယိုပုံစံက ဘယ်လိုလဲ"
လက်စသတ်တော့ ဖန်လေးက သူ့ကို ဇာတ်လမ်းစပွိုင်းခိုင်းဖို့ ချီတုံချတုံဖြစ်နေတာကိုး...
ပိုင်ရဲ့က ပြုံးလိုက်သည်။
"ဒါက...ငါ မင်းကို အခု မပြောနိုင်ဘူး"
ချီရှင်းချန် ဝမ်းနည်းသည့်အမူအရာနှင့် ဆက်ပြီးစားရန် သူ့ခေါင်းကို ငုံ့လိုက်၏။ နောက်ဆုံးဆန်စေ့ကို ဖြည်းညှင်းစွာ ခြစ်ထုတ်စားပြီးနောက် ပါးစပ်ကို သုတ်လိုက်သည်။
"စားလို့ကောင်းတယ်...အဲဒါဆို ကျွန်တော်သွားတော့မယ်"
ပိုင်ရဲ့က ရယ်သည်။
"မင်းဘာလို့ Fast food(အမြန်ပြင်စားစရာ) စားသောက်ဆိုင်မှာ ရောက်နေသလို ပြုမူနေတာလဲ...မင်းရဲ့စားစရာကို မြန်မြန်ပြီးအောင်စားပြီး မြန်မြန်ထွက်သွားမယ်ပေါ့"
ချီရှင်းချန်က သူ့အောက်နှုတ်ခမ်းကို ကိုက်ပြီး မေးလိုက်သည်။
"ဒါဆို ကျွန်တော်က ဘာပြောရမှာလဲ"
ပိုင်ရဲ့ ဖန်လေး၏ လေသံမှာ ထူးဆန်းသည်ဟု ခံစားလိုက်ရသည်။ သူ သိပ်ပျော်ပုံမပေါ်ပေ။
သီချင်းအသစ်ကို မစပွိုင်းလို့ စိတ်ဆိုးနေတာလား...
ပိုင်ရဲ့က လက်ဆန့်ပြီး ချီရှင်းချန်၏ မေးစေ့ကို လက်ညှိုးဖြင့်ပင့်ကိုင်လိုက်၏။ သူ့လက်မက နှုတ်ခမ်းထောင့်ကို ညင်သာစွာ ပွတ်သပ်ကာ ကျန်နေသော အရည်များကို သုတ်ပေးလိုက်သည်။
"ထူးခြားတဲ့ အကြောင်းပြချက်တွေကြောင့် ငါတကယ် မပြောနိုင်ဘူး"
ပိုင်ရဲ့က ပြောသည်။
"ခဏစောင့်ပေးလို့ရမလား"
သူ့လက်ချောင်းတွေက နွေးထွေး၏။ချီရှင်းချန်၏ အာရုံများသည် ပိုင်ရဲ့ထိတွေ့လိုက်သည့်နေရာကို ချက်ခြင်း စူးစိုက်မိနေသည်။သူ သူ့လက်ချောင်းထိပ်ပေါ်ရှိ မျဉ်းကြောင်းများ၏ ဦးတည်ရာကိုပင် ရှင်းရှင်းလင်းလင်း ခံစားနေရသည်။
ချီရှင်းချန် အပူလောင်သွားလိုမျိုး တံခါးကို ဘန်းခနဲ တွန်းဖွင့်လိုက်၏။
"ညလယ်စာအတွက်ကျေးဇူးတင်ပါတယ်...ကျွန်တော်...ကျွန်တော်သွားတော့မယ်"
.
ဓာတ်လှေကားတံခါးပွင့်သွားသည့်တိုင် ချီရှင်းချန်၏နှုတ်ခမ်းတို့ ပူနွေးနေဆဲဖြစ်သည်။ ခေါင်းငုံ့ကာ အခန်းဆီသို့ အမြန်လျှောက်သွားလိုက်သည်။ယင်းက သူ့ဆီသို့ လျှောက်လာနေသော တစ်စုံတစ်ယောက်အား တိုက်မိလုနီးပါးဖြစ်သွားစေသည်။
"တောင်းပန်ပါတယ် တောင်းပန်ပါတယ်…"
သူ အမြန်တောင်းပန်လိုက်၏။ မော့ကြည့်လိုက်သောအခါ အသိအကျွမ်းတစ်ယောက်ကို တွေ့လိုက်ရသည်။
"အစ်မထောင်ထောင်.... ဒါရိုက်တာရှန့်ကို ရှာနေတာလား"
"ဟုတ်တယ်...ငါ သူ့ကို သီချင်းစစ်ခိုင်းမလို့"
ထောင်ထောင်က သူ့ကို သေသေချာချာကြည့်၏။ "ရှင်းရှင်း... မင်း ဖျားနေတာလား...မင်းမျက်နှာက အရမ်းနီနေတယ်"
"လေတိုက်လို့ပါ အဆင်ပြေ ပါတယ်...ကျဲက အချိန်ကိုက် ရောက်လာတာပဲ...ကျွန်တော် ကျဲကို လာတွေ့မလို့ပဲ"
ကိစ္စက ပိုအရေးကြီးသည်။ချီရှင်းချန် သူ့ခေါင်းထဲမှာ ရှုပ်ထွေးနေသည်များကို ဖယ်လိုက်ပြီး ချီကျားကျစ်၏ စကားတွေကို ပြန်ပြောပြလိုက်သည်။
ထောင်ထောင်က ခေါင်းညိတ်လိုက်သည်။
"ရှောင်ရွှမ်ရဲ့ ကျန်းမာရေးက အမြဲတမ်း ညံ့နေတာ ငါသိပါတယ်...မင်းညီလေးကို ငါ အပြစ်မတင်ပါဘူး...ရပါတယ်"
သူမ ထိုသို့ပြောသော်လည်း ချီရှင်းချန် သူမ၏လေသံက အလွန်ဝန်လေးနေကြောင်းကို ပြောနိုင်သည်။
အမှန်တွင် ယခု သက်သေမှမရှိသည်ပင်၊သူပြောသမျှက စကားချည်းသက်သက်သာ။
ယခုပြဿနာကို ဖြေရှင်းရန် အမြန်ဆုံးနည်းလမ်းမှာ ထောင်ရွှမ်နိုးလာသည်အထိစောင့်ပြီး သူ့ကိုမေးရန်ဖြစ်သည်။ ထိုမှသာ အမှန်တရား ပေါ်လာမည်ပင်။
သို့မဟုတ် ကွင်းမှာရှိနေသည့် ကျောင်းသားတွေဆီက အထောက်အထားတွေ စုဆောင်း၍ရသည်။မည်သို့ပင်ဖြစ်စေ ချီကျားကျစ်က ဘာအမှားမှ မလုပ်ခဲ့ပါချေ။ အနှေးနဲ့အမြန်ဆိုသလို နားလည်မှုလွဲသည်က ပြေလည်သွားပါလိမ့်မည်။
"အစ်မထောင်ထောင်"
ချီရှင်းချန် စိတ်ရင်းဖြင့်ပြောလိုက်သည်။
"ကျွန်တော်ကို ရက်အနည်းငယ် ပေးပါ...ကျဲနဲ့ ထောင်ရွှမ်ကို သေချာပေါက် ရှင်းလင်းချက်ပေးပါ့မယ်"
"အိုကေ...ရိုက်ကူးရေးက အရေးကြီးတယ်...ကိုယ့်ကိုကိုယ် အတင်းမဖိအားမပေးပါနဲ့... စကားမစပ် ရှင်းရှင်း"
ထောင်ထောင်က ခဏရပ်လိုက်သည်။
" ငါမင်းကိုကျေးဇူးတင်စရာတစ်ခုရှိတယ်"
"ရပါတယ်"
ချီရှင်းချန်က သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။ "ပုဂ္ဂလိကဆေးရုံရဲ့ ဒါရိုက်တာကို ကျွန်တော် သိတယ်...သူတို့က ထောင်ရွှမ်ကို ကောင်းကောင်း ပြုစုပေးမှာပါ"
"...အဲဒါကလည်းတစ်ခု... ဒါပေမဲ့ ငါပြောချင်တာတစ်ခုသက်သက်ရှိတယ်"
ချီရှင်းချန်၏ မျက်လုံးများ ကြောင်တောင်တောင်ဖြစ်သွားသည်။ အကောင်းဆုံးပုဂ္ဂလိကဆေးရုံကို ဆက်သွယ်ရန်ကူညီပေးသည့်အတွက် ထောင်ထောင်က သူ့ကို ကျေးဇူးတင်ချင်သည်ဟု သူထင်ခဲ့၏။ထိုသည်မှလွဲ၍ သူထောင်ထောင်ကို ကူညီပေးထားသည့်အရာ တစ်ခုမှရှိပုံမရပေ။
"ဘာကိုလဲ"
ထောင်ထောင်: "Weiboက အဖြစ်အပျက်နဲ့ ပတ်သက်ပြီး ရဲ့ကောကို ကောလဟာလတွေကို ချေပဖို့ ကူညီတဲ့အတွက် ကျေးဇူးတင်ပါတယ်"
သူ ပိုင်ရဲ့ကိုကူညီပေးခဲ့တာထောင်ထောင်နဲ့ဘာဆိုင်လို့လဲ...
ချီရှင်းချန် ပို၍ပင် စိတ်ရှုပ်ထွေးသွားသည်။
"အင်း...ပြောဖို့မေ့သွားတယ်"
သူနားမလည်ဖြစ်နေသည်ကိုမြင်သောအခါ ထောင်ထောင်က ရှင်းပြသည်။
"22ရက်နေ့က ရဲ့ကောက မင်းကို ဇာတ်ညွှန်းရှင်းပြပြီးတာနဲ့ ငါ့နေရာကို ခဏလာခဲ့တယ်"
ထောင်ထောင်က အသံကို လျှော့လိုက်သည်။
"မီဒီယာတွေသိသွားရင် ငါတို့ကိုယ်တိုင်ရှင်းပြနိုင်မှာမဟုတ်ဘူး...ကံကောင်းလို့ပေါ့ မင်းရှိနေတယ်"
....
စာရေးသူမှာ ပြောစရာရှိတယ်:ဒါကို ဖတ်ပြီးရင် မင်းတို့ စိတ်တိုနေမယ်ဆိုတာငါသိတယ်...ဒါပေမဲ့ မပူပါနဲ့...ဒါက အချိုလေးပါ...