Chapter 61
"ရှင်းရှင်း ထတော့"
"ရှင်းရှင်း ရှင်းရှင်း"
အလုပ်သွားချိန်ရောက်သောအခါ အန်းရန်သည် ခါတိုင်းကဲ့သို့ သူ့ကိုနှိုးရန် အပေါ်ထပ်သို့ သွားခဲ့သည်။ သူမ အချိန်အတော်ကြာအောင် တံခါးခေါက်နေသော်လည်း တုံ့ပြန်မှု မရှိခဲ့ပေ။
ချီရှင်းချန်က အအိပ်ဆတ်သူဖြစ်ပြီး နေ့စဉ် တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ် တံခါးခေါက်ပြီးနောက် သူမအတွက် တံခါးဖွင့်ပေးတတ်သည်။ အန်းရန် သူမစောင့်ဆိုင်းနေချိန်တွင် ပို၍ပို၍စိုးရိမ်လာသည်။ ရိုက်ကူးရေးထိခိုက်မှာကို သူမကြောက်သည့်အတွက် တံခါးဖွင့်ရန် သော့ကတ်ကို ပွတ်ဆွဲလိုက်၏။
အိပ်ခန်းဆီသို့ တည့်တည့်သွားလိုက်ချိန်တွင် ကုတင်ပေါ်တွင် အဖုအဖောင်းတစ်ခု ရှိနေသည်ကို တွေ့လိုက်ရသည်။သူမ နှိုးတော့မည်လူက စောင်အောက်မှာ သူ့ကိုယ်သူ နစ်မြုပ်နေခဲ့ခြင်းဖြစ်၏။
သူမအသံကို မကြားရသည်က မဆန်းပါချေ။
အန်းရန် သူ့ကို ခြောက်မိမှာစိုး၍ သူ့ဘေးမှာ ထိုင်ချလိုက်ပြီး "ရှင်းရှင်း" ဟု တိုးတိုးလေး ခေါ်လိုက်သာ်။
တုံ့ပြန်မှု မရှိခဲ့ပေ။
"ရှင်းရှင်း... မထရင် ဒါရိုက်တာရှန့်က နင့်ကို ဆူလိမ့်မယ်"
နောက်ဆုံးတွင် တစ်ဖက်လူက တုံ့ပြန်ခဲ့သည်။ "ဟင်…"
'မဟုတ်ဘူး၊ ဒီအသံက အရမ်းအားနည်းနေတယ်'
အန်းရန် တစ်ခုခုမှားနေပြီဟု ခံစားလိုက်ရ၏။ချီရှင်းချန်က ကိုယ်လုံးတီးအိပ်လေ့မရှိသည့်အတွက် သူမဝမ်းသာမိသည်။သူမ စောင်ကို ဂရုတစိုက် မလိုက်သည်။
စောင်အောက်မှလူကိုတွေ့သောအခါ သူမ လန့်သွားသည်။
ချီရှင်းချန်က သူ့ကိုယ်သူ ပွေ့ဖက်ကာ ဘောလုံးလေးကဲ့သို့ ကွေးနေသည်။ သူ့မျက်နှာက နီရဲနေပြီး နှုတ်ခမ်းတွေ ဖြူဖျော့နေ၏။ အနီးကပ်ကြည့်လိုက်သောအခါ သူ့တစ်ကိုယ်လုံး အနည်းငယ် တုန်ယင်နေပြီး ချည်သားညဝတ်အင်္ကျီနောက်ကျောက ချွေးတွေနှင့်ရွှဲနေသည်ကို တွေ့လိုက်ရသည်။
အန်းရန် သူ့နဖူးကိုထိရန် လက်လှမ်းလိုက်သည်...
ပူကျစ်နေရောပဲ...
သူ့မှာ အဖျားရှိနေသည်။
အန်းရန် သူ့ကို အသာတွန်းလိုက်သည်။
"ရှင်းရှင်း ထ... ငါ လောင်ချင်ကို နင့်ကို ဆေးရုံကို ခေါ်သွားခိုင်းလိုက်မယ်"
"… ရပါတယ်"
ချီရှင်းချန် သူနေမကောင်းမှန်း သိပါ၏။မဟုတ်ပါက သူ ဤမျှအေးနေမည်မဟုတ်ပေ။
"ဆေးသောက်ပြီးရင် အဆင်ပြေသွားမှာပါ"
"မဟုတ်ဘူး...နင်ဆလိုင်းချိတ်ရမယ်"
အန်းရန်က ဗီရိုထဲက အင်္ကျီတစ်ထည်ကို ဆွဲထုတ်ပြီး သူ့ကို ဝတ်ပေးတော့မည်ပြုသည်။
ချီရှင်းချန် သူ့လျှာဖျားကို ကိုက်လိုက်သည်။ နာကျင်မှုက မူးဝေခြင်းကို သက်သာစေသည်။ လက်နှစ်ဖက်ဖြင့် ထောက်၍ ထထိုင်ကာ တားလိုက်သည်။
"မဟုတ်ဘူး...အဲဒါက တကယ်ကို မလိုအပ်ပါဘူး...ကျွန်တော် ဒီနေ့ ရိုက်ကူးရေးတွေ အားလုံးရှိတယ်...အစ်မအန်းရန် သာမိုမီတာနဲ့ အဖျားကျဆေး ယူလာခဲ့လား"
"ငါယူလာခဲ့တယ် ဒါပေမဲ့..."
"ကျေးဇူးပြုပြီး ယူပေးပါဦး"
"အိုက်ရား နင်ကတကယ်ကိုပဲ..."
အန်းရန် ဒေါသထွက်လွန်း၍ ခြေဆောင့်လိုက်သာ့။ သို့သော် ချီရှင်းချန်က လုံးဝ မတုန်မလှုပ်ဖြစ်နေသည်ကို သူမတွေ့လိုက်ရသောအခါတွင် သူမ အံကြိတ်ကာ သူမ၏ ဆေးပုံးကို ယူရန် အခန်းသို့ ပြန်သွားခဲ့သည်။
သူမအခန်းက ၁၄ လွှာမှာဖြစ်၏။ သူမပြန်တက်လာသောအခါ ချီရှင်းချန် သူ့အဝတ်အစားများ ကို လဲပြီးနေပြီဖြစ်သည်။
သူမလက်ထဲမှ ဆေးပုံးကို ယူကာ သာမိုမီတာကို ကျွမ်းကျင်စွာဖွင့်ကာ သူ့လက်ဖဝါးအောက်တွင် ထည့်လိုက်သည်။ထို့နောက် အဖျားပျောက်ကပ်ခွာကို ထုတ်ကာ နဖူးပေါ်တွင် ကပ်ထားလိုက်သည်။
"အစ်မ အန်းရန် ကျေးဇူးပြုပြီး ရေနွေးနွေးတစ်ခွက်ရေပူတစ်ခွက်ထည့်လာပေးပါဦး"
ရေနွေးနွေးက ဆေးသောက်ရန်ဖြစ်ပြီး ရေပူက ချွေးထွက်စေရန်ဖြစ်သည်။အန်းရန် သူပြောသည့်အတိုင်း ရေယူရန် ရေစင်ဆီသို့ သွားခဲ့သည်။
ချီရှင်းချန်က ဤအချိန်ကို အသုံးချပြီး အအေးမိဆေးနှင့် အဖျားကျဆေးကို ရှာဖွေခဲ့သည်။ ရေနွေးနွေးလေးရပြီးနောက် မေးကိုမော့လိုက်ပြီး ဆေးရှစ်လုံးကို တစ်ပြိုင်နက် မျိုချလိုက်သည်။
ထိုသည်တွေအားလုံးလုပ်ပြီးနောက် ခွက်ကိုကိုင်ပြီး ရေနွေးကို ဖြည်းဖြည်းချင်း သောက်လိုက်၏။
ခွက်တစ်ဝက်ကျော်သောက်ပြီးနောက် အအေးဓာတ်က အတော်လေးကို ပျောက်သွားသည်။ သူက အန်းရန် မျက်မှောင်ကြုတ်ပြီး နှုတ်ခမ်းစူနေသည်ကို ကြည့်ပြီး ဟာသလုပ်လိုက်သည်။
"ဘာတွေ စိတ်ပူနေတာလဲ...ရေနွေးများများသောက်တာက ရောဂါအားလုံးကို ပျောက်စေတယ် မဟုတ်လား...ကျွန်တော် မကြာခင် နေကောင်းသွားမှာပါ"
အန်းရန် "ရေနွေးများများသောက်"ဟူသောဟာသကြောင့် ကျယ်လောင်စွာ ရယ်မောမမလိုက်၏။ သို့သော် ရယ်မောပြီးနောက် သူမ သူ့အတွက် ပို၍ပင် ဝမ်းနည်းလာသည်။
"ရှင်းရှင်း နင်ငယ်ငယ်တုန်းက နင့်ကိုဘယ်သူမှ ဂရုမစိုက်ခဲ့ဘူးလား"
"… ဟုတ်ကဲ့"
ချီရှင်းချန် ခဏရပ်လိုက်သည်။
"ဒါပေမဲ့ သူတို့က ကျွန်တော့်ကို အမှီအခိုကင်းကင်း နေတတ်စေချင်ကြတယ်...ဒါကြောင့် ငယ်ငယ်တုန်းက ကိုယ့်ကိုယ်ကို ဂရုစိုက်တတ်လာခဲ့တယ်"
သားသမီးတွေ နေမကောင်းတဲ့အခါ ကိုယ့်ကိုကိုယ် ပြုစုခိုင်းတဲ့ မိဘတွေ ဘယ်လိုလုပ်ရှိနိုင်မလဲ...အဲဒါက တာဝန်မဲ့လွန်းတယ်...
အန်းရန် ဒေါသထွက်သွားသည်။
သို့သော်သူမက သူမနေရာကိုသူမ သိသည်။ သူမက ချီရှင်းချန်၏လက်ထောက်မျှသာဖြစ်သည်။ သူမ့အနေဖြင့် သူများ၏ မိသားစုကိစ္စများတွင် ဝင်ရောက်စွက်ဖက်ရမည့် အနေအထားမရှိသည့်အပြင် သူများ၏ မိဘများကို ဝေဖန်ရန်လည်း အရည်အချင်းမပြည့်မီပေ။ သူမ မျက်မှောင်ကြုတ်ပြီး သုန်မှုန်နေတော့သည်။
"ကောင်းပြီ နောက်တစ်ခွက်သွားယူပေးပါဦးနော်"
ချီရှင်းချန်က ပြုံးပြီး ချော့လိုက်သည်။
အန်းရန်က ရေနွေးနောက်တစ်ခွက် သွားယူခဲ့သည်။ချီရှင်းချန်က သာမိုမီတာကို ထုတ်ကာ အကြိမ်အနည်းငယ် ခါယမ်းလိုက်သည်။
၃၈.၅ ဒီဂရီ၊ မဆိုးပါဘူး...
၎င်းသည် အလယ်အလတ် အပူချိန်ဖြစ်ပြီး စနစ်တကျ ကိုင်တွယ်ပါက အဖျား လျင်မြန်စွာ သက်သာသွားမည်ဖြစ်သည်။
နောက်ထပ် ရေနွေးတစ်ခွက်သောက်ပြီးနောက် သူ့တစ်ကိုယ်လုံး ပူနွေးလုနီးပါး ဖြစ်သွားသည်။ ရေချိုးရန် အမြန်သွားလိုက်၏။သူအန်းရန်ကိုဆွဲပြီးရိုက်ကွင်းရောက့လိုက်သောအခါ ကျန်အဖွဲ့သားများက ရောက်နေပြီဖြစ်သည်။
ရှန့်ယွီလျန်က ပစ္စည်းကိရိယာများကို ချိန်ညှိရင်း သူ့ကို နောက်ပြောင်ခဲ့သည်။
"ရှောင်ချီ မင်းဒီနေ့နောက်ကျတယ်...အိုး မင်းကဘာလို့ဒီလောက်ဖြူဖျော့နေတာလဲ"
"မနေ့ညက အိပ်မက်ဆိုးမက်ခဲ့တယ်"
ချီရှင်းချန်က လိမ်ညာလိုက်သည်။
"မိတ်ကပ်လိမ်းလိုက်ရင် အဆင်ပြေသွားမှာပါ... အခုပဲ မိတ်ကပ်ဆရာ ရှာတော့မယ်"
မိတ်ကပ်သည် အမှန်ပင် အာရှရှိ မှော်ပညာကြီးလေးပါးထဲမှ တစ်ခုဖြစ်သည်။ အနည်းငယ် ထိလိုက်သည်နှင့် သူ့မျက်နှာက ချက်ချင်းပင် ယခင်အခြေအနေသို့ ပြန်သွားခဲ့သည်။ တစ်မနက်လုံး ရိုက်ကူးပြီးနောက်၊ သူ၏ ခြေလှမ်းများ အနည်းငယ်တုန်ယင်နေသည့်အချက်မှလွဲ၍ ဇာတ်ဝင်ခန်းအားလုံး ပြီးပြည့်စုံသွားခဲ့သည်။
နေ့လည်ပိုင်းတွင် နောက်ကျသည့်အတွက် တောင်းပန်ရန်အတွက် ကျောက်ပုဇွန်နှင့် အသုပ် ပွဲ20 ကျော်ကို အဖွဲ့သားများအတွက် မှာယူခဲ့သည်။ထို့နောက် နို့တစ်ပုလင်းယူကာ အနားယူရန် ကားပေါ်သို့ ပြန်သွားခဲ့သည်။
တစ်မနက်လုံး အကြိတ်အနယ်ရိုက်ကူးရေးအပြီးတွင် သူအားကုန်လုနီးပါး ဖြစ်နေသည်။ သူ ထိုင်ခုံကို မှီ၍ အနားယူကာ တစ်ရေးတစ်မောအိပ်ကြီး နေ့ခင်းဘက်တွင် ပိုတက်ကြွလာစေရန် ကြိုးစားသည်။
သို့သော် မနေ့ညက မြင်ကွင်းက သူ့မျက်စိရှေ့တွင် ပြန်မြင်ယောင်လာသည်။
["22ရက်နေ့ မင်းကို ဇာတ်ညွှန်းအကြောင်းပြောပြီးတော့ သူက ငါ့နေရာကို ခဏလာခဲ့တယ်"
"မီဒီယာက သိရင် ငါတို့ကိုယ်တိုင် ရှင်းပြနိုင်မှာ မဟုတ်ဘူး"
"ကံကောင်းလို့ပေါ့ မင်းရှိနေတယ်"
ကံကောင်းလို့ မင်းရှိနေတယ်...]]
ချီရှင်းချန် မရယ်ဘဲမနေနိုင်။အန်းရန်၏ ခွဲခြမ်းစိတ်ဖြာမှုသည် အလွန်တိကျသည်။
သူက ရှေ့တက်ရှင်းလင်းရန် ကူညီပေးခဲ့ပြီး နောက်ဆုံးတွင် ပိုင်ရဲ နှင့် ထောင်ထောင်တို့အတွက် အဖြည့်ခံဖြစ်ခဲ့သည်။
ချီရှင်းချန် အဝတ်တစ်ထည်ကို ဆွဲယူလိုက်ပြီး ခေါင်းကို အုပ်လိုက်သည်။ နေရောင်ခြည်က သူ့မျက်လုံးများ မခံနိုင်လောက်အောင် တောက်ပလွန်းနေ၏။
ဒါဆို ပိုင်ရဲ့က ထောင်ထောင်ရဲ့နေရာကို ဘာလို့သွားတာလဲ...
ထောင်ထောင်နဲ့ ဇာတ်ကြောင်းပြောဖို့လား...
ထောင်ထောင်က ပရော်ဖက်ရှင်နယ် မင်းသမီးတစ်ဦးဖြစ်သည်။ သူမ သူ့ကို မလိုအပ်ပါချေ။
မိတ်ဆွေဟောင်းတစ်ယောက်ဆီ လိုက်လည်ဖို့လား...
ညနက်သန်းခေါင်မှာ မင်းသမီးတစ်ယောက်အခန်းကို သွားသည်က မသင့်လျော်သလို မလုံခြုံပါချေ။
ဒါမှမဟုတ် အင်တာနက်သုံးစွဲသူတွေပြောသလိုပဲ ထောင်ထောင်ကို သွားတွေ့ပြီး...နူးနှပ်ဖို့လား...
အမှန်တွင် ၎င်းကို တွေးကြည့်သည့်အခါ ယင်းက ထိပ်တန်းနာမည်ကြီးတစ်ယောက်အတွက် ဓာတ်ပုံခိုးရိုက်ခံရမည်ကို စွန့်စားပြီး မင်းသမီးတစ်ယောက်၏ အခန်းကို ရောက်သွားခဲ့ရသည်အသင့်လျော်ဆုံး အကြောင်းပြချက်ဖြစ်ပုံရ၏။
ထို့အပြင် ဤအရာက အစစ်အမှန်ကမ္ဘာမဟုတ်ပေ။ဤဝတ္ထုက မယ်ရီစူးဇာတ်ကွက်တွေနှင့် ပြည့်နှက်နေသည့် ဝတ္ထုဖြစ်၏။ဝတ္ထုထဲတွင် ပိုင်ရဲ့က ထောင်ထောင်နှင့် ပိုပို၍ နီးစပ်လာသင့်သည်။
သူက ဤကိစ္စတွင် မပါဝင်သင့်သော အပြင်လူဖြစ်သည်။
၎င်းကိုတွေးပြီးနောက် ချီရှင်းချန် သူ၏အစာမရှိသောဗိုက်က နာကျင်လာသည်ကို ရုတ်တရက် ခံစားလိုက်ရ၏။ အင်္ကျီပေါ်မှာ လှဲချလိုက်ပြီး နို့ပုလင်းကိုဖွင့်လိုက်သည်။
သူမသောက်ခင်မှာ ဖုန်းကမြည်လာ၏။
[ပိုင်က WeChat မက်ဆေ့ခ်ျတစ်စောင်ပို့လိုက်သည်]
ချီရှင်းချန် သူ့ဖုန်းပေါ်ရှိ ဖန်သားပြင်ကို ကြည့်ရင်း လက်သီးများကို ဆုပ်ထားသည်။ပလပ်စတစ် ပုလင်းက ဖျစ်ညစ်ခံထားရ၏။
သူ့ခြေထောက်တွေ စိုစွတ်နေသည်ကို ခံစားရသည့်အခါမှ နို့ပုလင်းကို ညှစ်လိုက်မိမှန်း သတိထားမိလိုက်သည်။ သူ့ဘောင်းဘီကို သုတ်ရန် တစ်ရှူးတစ်ခုကို အမြန်ရှာလိုက်၏။
"ရှင်းရှင်း"
အန်းရန်က စက္ကူခွက်နှင့် ကားထဲသို့ ဝင်လာသည်။
"နင် ကျောင်ပုစွန်မစားတာကို ငါတွေ့တယ်...အဲဒါနဲ့ နံဘေးက ကုန်စုံဆိုင်ကို သွားပြီး အူဒုံဝယ်လိုက်တယ်...ပူနေသေးတယ်...နည်းနည်းစားလိုက်နော်"
"ကောင်းပါပြီ"
ချီရှင်းချန် တစ်ရှူးနှင့် ဖုန်းကို ပစ်ချလိုက်သည်။ "ကျေးဇူးတင်ပါတယ်ကျဲ"
တစ်ဖက်တွင် ရိုက်ကူးရေးပြီးဆုံးသွားသော ပိုင်ရဲ့တစ်ယောက် စာပြန်ခြင်းမရှိသည်ကို မြင်သောအခါ မျက်မှောင်ကြုတ်သွားခဲ့သည်။
ဤရက်ပိုင်းမှာ သူ့ဖန်လေးက မက်ဆေ့ခ်ျတွေ ပို့ရန်နေနေသာသာ သူ့စာတွေကို စာပြန်သည်က ပိုပို နှေးကွေးလာ၏။
ဘာတွေ ဖြစ်နေတာလဲ...
.
အူဒုံမှ ပြုလုပ်ထားသော ဟင်းရည်ပူပူက သူ၏ဟောင်းဟောင်းဖြစ်နေသောဗိုက်ကို သက်တောင့်သက်သာဖြစ်စေသည်။
အစာစားပြီးနောက် အန်းရန်က ချီရှင်းချန်၏အပူချိန်ကိုစစ်ဆေးပြီး ကျေနပ်စွာဆို၏။
"မဆိုးဘူး...ပုံမှန်ပြန်ဖြစ်နေပြီ...ရှင်းရှင်း မနေ့ညက ဘယ်လိုလုပ် အဖျားတက်သွားတာလဲ"
သူလည်းမသိပေ။
"စောင်ခြုံထားလို့လည်း ဖြစ်နိုင်တယ်"
"နောက်တစ်ခါ နေမကောင်းရင် ဖုန်းဆက်လိုက်... စောစောစီးစီး ဆေးသောက်ရအောင်"
ချီရှင်းချန်က ခေါင်းညိတ်လိုက်ပြီး သူ့စိတ်ထဲမှာ အတွေးတစ်ခု ပေါ်လာ၏။
သူမှာ အေးဂျင့်မရှိသေးပေ။အန်းရန်က ဤနယ်ပယ်ထဲ ဝင်သည်က မကြာသေးပေမဲ့ မမျှော်လင့်ထားသည့် အခြေအနေတွေကို အလွန်သတိထားကာ သတိရှိခဲ့သည်။ ဂရုတစိုက်စောင့်ကြည့်ပြီးနောက်၊ သူမက ဇာတ်ကြောင်းတွင် ပါဝင်ပတ်သက်ပုံမရဘဲ လွတ်လပ်စွာအသုံးပြုနိုင်သော လူတစ်ယောက်ဖြစ်နိုင်သည်။
ဤသည်က သူ့အတွက် အသင့်တော်ဆုံးနည်းလမ်းပင်။နာမည်ကြီးအေးဂျင့်တစ်ဦးဖြစ်ပါက ဇာတ်လိုက်နှင့် အဆက်အစပ်ရှိနိုင်ပြီး ဇာတ်ကြောင်းက လိုအပ်သည့်အခါတွင် ခုန်ထွက်ပြီးသူ့ကိုသစ္စာဖောက်နိုင်သည်။ သူ ယင်းကို သည်းမခံနိုင်ပေ။
သူက အန်းရန်ကို အေးဂျင့်တစ်ဦးအဖြစ် ပြောင်းလဲရန် ဖြစ်နိုင်ချေကို အသေအချာ စဉ်းစားခဲ့သည်။ မကြာခင်မှာပဲ အန်းရန်က သူ့ကို ပုခုံးပေါ်တင်ပြီး သူ့အား လက်တွေ့ကို ပြန်ဆွဲခေါ်လိုက်၏။
"ရှင်းရှင်း နင့်ဖုန်းမြည်နေတယ်"
ပိုင်ရဲ့က သူ မက်ဆေ့ခ်ျကို ပြန်မဖြေတာကြောင့် အဲဒီအကြောင်းမေးဖို့ ဖုန်းခေါ်တာ ဖြစ်နိုင်လား...
ချီရှင်းချန် တုံ့ဆိုင်းသွားသည်။
"ရှင်းရှင်း မကြားဘူးလား"
"အိုး ကြားတယ်"
သူ ဖုန်းကို မကျေမနပ် ကောက်ကိုင်လိုက်သည်။
… သူနာပြုဆီက ဖုန်းခေါ်တာ ...
ထောင်ရွှမ် နိုးလာပြီဖြစ်ကြောင်း သူနာပြုက ပြောပြသည်။ နေ့လည်စာစားနားချိန်ဖြစ်၍ ချီရှင်းချန် ထောင်ထောင်ကို အမြန်အကြောင်းကြားလိုက်သည်။
လောင်ချင်က သူတို့ကို ဆေးရုံ မောင်းပို့သည်။ လူနာဆောင်ထဲကို ရောက်သွားသည်နှင့် သူနာပြုက ထောင်ရွှမ်ကို ညင်သာစွာ ဖျောင်းဖျနေသည်အားကြားလိုက်ရ၏။
"မင်းမစားရင် မင်းခန္ဓာကိုယ်က ဖြည်းဖြည်းချင်းမှ ပြန်ကောင်းလာလိမ့်မယ်...အတန်းအများကြီး လွတ်သွားလိမ့်မယ်"
"ထောင်ရွှမ် နင် မစားပြန်ဘူးလား"
ထောင်ထောင်က သူမ၏ အင်္ကျီကို ချွတ်လိုက်ပြီး ကုတင်ဆီသို့ အမြန်လျှောက်သွားလိုက်သည်။
ထောင်ရွှမ်က ကုတင်ကိုမှီပြီး ရှေ့တည့်တည့်ကို ကြည့်နေသည်။ သူဘာတွေတွေးနေလဲ ဘယ်သူမှမသိပေ။
ထောင်ထောင်၏အသံကိုကြားသော သူ့ထိုင်နေသည့်ပုံစံပြောင်းသွားပြီး သူ့အစ်မဆီကို လှည့်ကြည့်လိုက်၏။
"ကျွန်မ လုပ်လိုက်ပါ့မယ်"
ထောင်ထောင်က သူနာပြုထံမှ ထမင်းဘူးကို ယူလိုက်သည်။
"ထောင်ရွှမ် ရုပ်ရှင်ရိုက်နေချိန်မှာ ငါ့ကို စိတ်အနှောင့်အယှက်ဖြစ်အောင်မလုပ်ဖို့ ငါတို့သဘောတူခဲ့တယ် မဟုတ်လား"
"… ဟုတ်"
"ဒါဆို နေ့လယ်စာ စား...ခန္ဓာကိုယ်ကို ကောင်းကောင်း ဂရုစိုက်ပြီး အာဟာရ လုံလုံလောက်လောက် ရှိပါစေ... အဲဒါမှ အစားထိုးစရာကျောက်ကပ်ရတဲ့အထိ စောင့်နိုင်မှာ မဟုတ်ဘူးလား"
၎င်းကိုကြားသောအခါ ချီရှင်းချန်၏စိတ်တို့အေးစက်သွားရသည်။ယမန်နေ့က ထောင်ရွှမ်၏ ရုပ်ပိုင်းဆိုင်ရာစစ်ဆေးမှုသည် အစီရင်ခံစာရရှိရန် ၂၄ နာရီ လိုအပ်သည်။ ရောဂါရှာဖွေမှုရလဒ်ကို သူမမြင်ရသေးပေ။
ထောင်ရွှမ်၏ရောဂါက ထကြွသည့်အဆင့်သို့ရောက်ရှိနေပြီဟု သူခန့်မှန်းခဲ့သော်လည်း ကျောက်ကပ်အစားထိုးကုသမှုလိုအပ်သည့်အဆင့်သို့ရောက်နေပြီဟု သူမထင်ထားခဲ့ပေ။
အရေးပြားလေးဘက်နာရောဂါက ပိုဆိုးလာသောအခါ လူနာသည် ပြင်းထန်သော အာရုံယောင်ချောက်ချားမှုများနှင့် သတ်သေချင်စိတ်များ ရှိလိမ့်မည်။ ယခုဆိုလျှင် ထောင်ရွှမ်၏ စိတ်အခြေအနေ 80% မတည်မငြိမ်ဖြစ်နေသည်။
မျှော်လင့်ထားသည့်အတိုင်း ထောင်ရွှမ်က ခေါင်းငုံ့ကာဆိုလိုက်သည်။
"ကျဲ...ငါ မစောင့်ချင်တော့ဘူး"
"ရှောင်ရွှမ် နင်ဘာတွေပြောနေတာလဲ"
ထောင်ထောင်က ခေါင်းမာမာဖြင့် ဆန်ပြုတ်တစ်ဇွန်းကို ခပ်လိုက်ပြီး သူ့ပါးစပ်ထဲသို့ ခွံ့လိုက်သည်။
"ကျောက်ကပ် အစားထိုးမှုကိုမလိုချင်ဘူး လို့ပြောနေတာ"
ပန်းကန်လုံးကိုင်ထားသည့် ထောင်ထောင်၏ လက်က တုန်ယင်သွား၏။ သူစိမ်းတစ်ယောက်ဖြစ်သော ချီရှင်းချန်ပင် ကြားရအဆင်မပြေပေ။ သူမ ယခုအချိန်တွင် မည်မျှ ခံစားနေရမည်ကို တွေးကြည့်နိုင်သည်။
ယခုအချိန်တွင် အပြင်လူများ ရှိနေသည်က အဆင်မပြေပေ။ချီရှင်းချန် သူနာပြုကို ခေါ်ပြီး သူတို့ နှစ်ယောက် လူနာဆောင်အပြင်ဘက် ခုံတန်းလျားမှာ ထိုင်ပြီး စောင့်ဆိုင်းနေခဲ့ကြသည်။
မိနစ် 20 အကြာမှာ ထောင်ထောင်က ထမင်းဘူးအလွတ်တစ်လုံးနှင့် ထွက်လာပြီး ချီရှင်းချန်ကိုဆို၏။
"တောင်းပန်ပါတယ် ငါ ကိုယ့်ကိုကိုယ် ရယ်စရာဖြစ်စေခဲ့တယ်"
"ရပါတယ် အစ်မထောင်ထောင်..."
ချီရှင်းချန်ပ ခေတ္တရပ်လိုက်သည်။
"ထောင်ရွှမ် အဆင်ပြေရဲ့လား"
"သူအဆင်ပြေပါတယ်"
"ဒါဆို ကျွန်တော် သူ့ကိုစကားနည်းနည်းပြောချင်လို့ အဆင်ပြေလား"
ထောင်ထောင် အံ့သြသွားသည်။၎င်းနောက် သူပြောချင်သည်ကို သဘောပေါက်ပြီး ခေါင်းညိတ် သဘောတူလိုက်၏။
သို့သော် ချီရှင်းချန်တွင်မည်သည့်မျှော်လင့်ချက်မှ ရှိမနေပေ။
ယခင်က ထောင်ရွှမ်က ချီကျားကျစ်၏ အပြစ်ကင်းစမှုကို သက်သေပြနိုင်လိမ့်မည်ဟု သူမျှော်လင့်ခဲ့သည်။ယခု တခြားနည်းကိုသုံးသည်က ပိုကောင်းသည်ဟု သူခံစားရ၏။
ထောင်ရွှမ်ကို စိတ်လှုပ်ရှားအောင်မလုပ်မိစေရန် သူ အသာအယာ ဝင်ထိုင်လိုက်သည်။ သူက အပနောက့ကို မှီကာ အလွန်ပွင့်လင်းသော ကိုယ်ဟန်အနေအထားကို ထိန်းသိမ်းထားသည်။
"ရှောင်ရွှမ် ငါကချီကျားကျစ်ရဲ့အစ်ကို... လမ်းမှာတွေ့ဖူးတာမှတ်မိလား"
ထောင်ရွှမ်က ပြတင်းပေါက်အပြင်ကို လှမ်းကြည့်နေသည်။
"မင်းအစ်မနဲ့ငါကလည်း သူငယ်ချင်းတွေမို့လို့ ကျားကျစ်ကို မင်းနဲ့ ကျောင်းမှာ မကြာခဏကစားပေးဖို့ ခိုင်းခဲ့တယ်... မင်း ဘယ်လိုနေလဲ"
ထောင်ရွှမ်က ပြတင်းပေါက်အပြင်ဘက်ကို လှမ်းကြည့်နေဆဲဖြစ်သည်။
ထောင်ရွှမ်က သူ့အတွေးတွေကို မတုံ့ပြန်သည့ကိုတွေ့သောအခါ ချီရှင်းချန် ပိုပါးနပ်နည်းလမ်းကို ပြောင်းပြီး လိုရင်းကို ချက်ချင်းသွားလိုက်၏။
"မနေ့က မင်း မေ့လဲမသွားခင် ချီကျားကျစ်က မင်းကို ဘောလုံးနဲ့ ပစ်လိုက်တယ်... မင်း ထိခိုက်သွားသေးလား"
ထောင်ရွှမ် နောက်ဆုံးမှာ လှုပ်သွားသည်။
သူက ပြတင်းပေါက်ဆီသို့ ခေါင်းလှည့်ကာ ပါးစပ်ကို ဖွင့်လိုက်သည်။
"အင်အား ပိုသုံးသင့်တယ်"
အင်အားပိုသုံးရင် သူ့ကို သေအောင်ပစ်ပေါက်လိမ့်မယ်...
ချီရှင်းချန်: "…"
"ရှောင်ရွှမ်... မင်းတစ်ခုခုလိုရင် မင်းရဲ့အစ်မ ဒါမှမဟုတ် ငါ့ကို ရှာလို့ရတယ် ...မင်းရဲ့အနားယူမှုကို ငါမနှောင့်ယှက်တော့ဘူး...ပြန်ကောင်းအောင်ကြိုးစားပါ"
ချီရှင်းချန် သူ၏နားထင်များကို နှိပ်ရင်း လူနာဆောင်ထဲမှ ထွက်လာခဲ့သည်။
ထောင်ထောင်က ရုပ်ရှင်ရိုက်ရန် ဇာတ်ကွက်တစ်ခုရှိနေသဖြင့်လထောင်ရွှမ် အစားချော့စားခိုင်းပြီးသည်နှင့် ရိုက်ကွင်းကို ပြန်သွားခဲ့၏။
ချီရှင်းချန် တစ်ယောက်တည်း ပြန်လာခဲ့သည်။ အပြန်လမ်းမှာ သူ WeChat ကိုဖွင့်ပြီး ချီကျားကျစ်၏ အခြေအနေကို မေးချင်ခဲ့သည်။
အချိန်အတော်ကြာ ရှာဖွေပြီးနောက်တွင် သူ၏ အဆက်အသွယ်စာရင်းတွင် "ဘုရင်" ဟုခေါ်သော သံသယမျိုးစိတ်တစ်ခုကို တွေ့ရှိခဲ့သည်။ သူစူးစမ်းကြည့်လိုက်သည်။
[ကျားကျစ်?]
ဘုရင် : [အဲဒါ ငါပဲ... ငါ့ပရိုဖိုင်ပုံပြောင်းရင် ငါ့ကို မမှတ်မိဘူးလား..James ကို ပြန်ပြောင်းပေးမယ်]
ရှင်းရှင်း: [အဆင်ပြေပါတယ်...ဒီနေ့ ဆရာတွေက မင်းကို ခေါ်သေးလား]
ဘုရင်: [သူတို့လုပ်ခဲ့တယ်... ငါ မင်းစကားကို နားထောင်ပြီး ဝန်ခံဖို့ ငြင်းခဲ့တယ်...ဒေါသအရမ်းထွက်ကုန်ကြတယ်]
ချိယီရှင်းချန် နောက်ဆုံးတွင် အနည်းငယ် စိတ်သက်သာရာ ရသွားသည်။ သူစာရိုက်လိုက်၏။
[ထောင်ရွှမ်က အဆင်မပြေဘူး...ဒီနေ့ အခင်းဖြစ်ပွားတဲ့နေရာက ကျောင်းသားတွေကို ဆက်သွယ်ပြီး မင်းအတွက် သက်သေခံခိုင်းဖို့ အချိန်တစ်ခုရှာပါ]
ဘုရင်: [ကောင်းပြီ...ထောင်ရွှမ်က ဘာဖြစ်နေတာလဲ]
"…"
ချီရှင်းချန် သက်ပြင်းချလိုက်သည်။
ဒီကလေးမိုက်...သူ့နာမည်တောင် မရှင်းရသေးတာကို သူများ ဖြစ်ပျက်ခဲ့တာတွေကို မှတ်မိနေသေးတယ်...
သူ "ည၏မက်မွန်" ထဲသို့မကူးပြောင်းမီက ချီမိသားစုက သေရန်ထိုက်တန်သည်ဟု သူခံစားခဲ့ရသည်။
ကူးပြောင်းပြီးနောက်၊ ချီမိသားစုက ဇာတ်ကြောင်းမှ ခြယ်လှယ်ထားသော ရုပ်သေးရုပ်မျှသာဖြစ်ကြောင်း တွေ့ရှိခဲ့သည်။ တကယ်တမ်းတွင် လူတိုင်းမှာ နူးညံ့ကြင်နာတတ်သည့်နှလုံးသားရှိကြ၏။
ချီရှင်းချန် ထောင်ရွှမ်၏ အခြေအနေကို အတိုချုံး ရှင်းပြသည်။ချီကျားကျစ်က ထောင်ရွှမ်ကို ထပ်သွားမစွတော့ဘူးဟု ချက်ချင်းပြောလာသည်။ချီရှင်းချန် ပို၍ပင်ဆိုးလာသလို ခံစားရ၏။
နောက်တစ်ကြိမ် ရှိလာလိမ့်မည်ဟု သူထင်နေမိသည်။
.
ငါးပြတိုက်ကိုပြန်ရောက်သောအခါ ဇာတ်ဝင်ခန်းက ရိုက်ပြီးသွားပြီဖြစ်သည်။ရှန့်ယွီလျန်က ချီရှင်းချန်ကိုပြောသည်။
"အဝတ်အစားလဲပြီး အဆင်သင့်လုပ်ချေ... မင်းရဲ့အလှည့်ပဲ... စကားမစပ် ရှောင်ချီ
...ညပိုင်း ဘယ်သူ့ကိုမှ အပြင်ထွက်ဖို့မဖိတ်နဲ့နော်"
ချီရှင်းချန်က သိလိုစွာမေးသည်။
"ညပိုင်းအခန်းရှိလို့လား"
"ညပိုင်းအခန်းတွေ မရှိဘူး"
ရှန့်ယွီလျန်က ပြုံးပြသည်။
"ထောင်ထောင့်ရဲ့မောင်လေး သတိရလာပြီး ကျန်းမာရေးကောင်းတယ်လို့ ကြားတယ်... အခုတလော ငါတို့ စိတ်တအားဖိစီးနေကြတာလေ... ညစာစားဖို့ အပြင်ထွက်ပြီး အနားယူကြရအောင်"