အပိုင်း ၆၄
Viewers 28k

Chapter 64




ကျောင်းတံခါးမှ ထွက်လာပြီး လမ်းနှစ်လမ်းကို ဖြတ်ကူးပြီးနောက် အဝေးထောင့်တစ်နေရာတွင် ရပ်ထားသည့် နာနီဗင်ကားကို တွေ့လိုက်ရသည်။


ချီရှင်းချန် ကားထဲသို့ ခုန်ဝင်ကာ maskကို ချွတ်ကာ အသက်ရှူသွင်းလိုက်သည်။ 


"ပါပါရာဇီနဲ့ တိုးသေးလား"


"မတိုးဘူး...ဒီမှာ တော်တော်လုံခြုံတယ်"

အန်းရန်က ဆိုသည်။


"ကောင်းပြီ ဒီမှာ ခဏစောင့်ရအောင်"


နာရီဝက်လောက်ကြာသောအခါ ချီကျားကျစ်က ကားနားကို ခိုးကြောင်ခိုးဝှက်ကပ်လာပြီး အပြင်ဘက်ကနေ "ကော" ဟုတိုးတိုးလေးခေါ်သည်။


ချီရှင်းချန်: "ဦးလေးချင် သူ့ကို တံခါးဖွင့်ပေးလိုက်"


ချီကျားကျစ်က ကားထဲသို့ ဆက်လက် ခိုးကြောင်ခိုးဝှက်ဝင်လာခဲ့သည်။ချီရှင်းချန် သူ့ကို ဘာလို့ ရွာထဲဝင်လာတဲ့ ဂျပန်နယ်ချဲ့တစ်ယောက်လိုလုပ်နေတာလဲဟု မေးမိတော့မလိုဖြစ်သွားသည်။


ချီကျားကျစ်က လက်နှစ်ဖက်ကိုဖွင့်ပြီး သူ့ကိုပွေ့ဖက်လိုက်သည်။ 

"ငလူး... ကော ဒါက အရမ်းမိုက်တယ်ဗျာ"


"... ငါ့ကို အရင်လွှတ်"


ချီကျားကျစ်က သူ့ကို နှစ်ကြိမ် လှုပ်ယမ်းလိုက်၏။ချီရှင်းချန် ခေါင်းမူးသွား၏။ 

"ရခဲ့ပြီလား"


"ဟုတ်တယ်... အစကနေ အဆုံး မှတ်တမ်းတင်ခဲ့တယ်"


"ငါသင်ပေးတဲ့အတိုင်း မင်းလုပ်ခဲ့တာလား"


"အတိအကျပဲ" 

ချီကျားကျစ်က လည်ဆွဲကို ချီရှင်းချန်ကို ပေးလိုက်သည်။


လည်ဆွဲထဲတွင် ယနေ့နံနက်က ချီရှင်းချန် ဝယ်ခဲ့သော အပ်ပေါက်အရွယ်ကင်မရာပါသည်။ ၎င်းကို ရွေးချယ်ထားသော ပလေယာနှင့် ချိန်ကိုက်လှုပ်ရှားနိုင်သည် သို့မဟုတ် စက်တွင်း၌ သိမ်းဆည်းထားနိုင်သည်။


ဗီဒီယိုကို ဒေါင်းလုဒ်ဆွဲပြီး အစမှအဆုံး ကြည့်ရှုလိုက်သည်။သူက ပြုံးလိုက်၏။

"အရမ်းကောင်းတယ်...ဒီလောက်ဆို လုံလောက်ပြီ"


"စကားမစပ်" 

ချီရှင်းချန်က မေးလိုက်သည်။

"မင်း ချိုက်ဟောက်ကို ဘယ်လိုကိုင်တွယ်ခဲ့တာလဲ"


"ဒီကောင်က တကယ် ယောက်ျားနဲ့ကို မတူဘူး"


ချီကျားကျစ်က သူ့လျှာဖျားကို အာခေါင်နှင့်ကပ်ကာ ရယ်မောလိုက်သည်။


"သူ ကြောက်လွန်းလို့ ကြက်သေသေသွားတာဗျ သိလား...တကယ်ကြီး ကျောက်ရုပ်ကြီးလိုပဲ... သူက မြေကြီးပေါ်ထိုင်ပြီး ငါ့ခြေထောက်ကို ဖက်ပြီး ဗီဒီယိုဖိုင်ကို ကျောင်းကိုမပို့ဖို့ တောင်းပန်တယ်… သူက ဆွဲကြိုးကို လုရင်လု ဒါမှမဟုတ် ငါနဲ့ ရန်ဖြစ်မယ်လို့ ထင်ခဲ့တာ...အလကားပါ"


ချီရှင်းချန်က သူ့ဆံပင်တွေကို ပွတ်သပ်လိုက်သည်။ 

"ဒါဆို မင်းက သူ့ကို ပေးမှာလား"


"... ငါအဲဒါကို မစဉ်းစားရသေးဘူး"


"ကောင်းပြီ...ငါဒီည မင်းကို ဗီဒီယိုကော်ပီ ပို့ပေးမယ်... မင်းစဉ်းစားပြီးရင် သုံးလို့ရတယ်... ဒါပေမဲ့"


ချီရှင်းချန်က ခေတ္တရပ်လိုက်သည်။

"အချက်နှစ်ချက်ကို သတိရပါ...ပထမအချက်က အလွန်အကျွံမလုပ်နဲ့...ထိုက်သင့်တဲ့ ပြစ်ဒဏ်ကို ခံပါစေ၊ မကောင်းမှု တစ်စုံတစ်ရာကို မလုပ်နဲ့... ဒုတိယအနေနဲ့ သူ့ကို အရင်အချိန်တွေကလို ဒီအတိုင်း မထားခဲ့နဲ့ ... လက်ရှိမှာ သူက သူခိုးပေါက်စဖြစ်နေပြီး သူ့အတန်းဖော်တွေကို မဟုတ်တမ်းတရားသွားပုတ်လေလွင့်ပြောတယ်...နောင် သူ လူ့ဘောင်ထဲ ဝင်ရောက်လာတဲ့အခါ၊ သူခိုးတို့လူလိမ်တို့ ဖြစ်လာနိုင်တယ်... မင်းက သူ့ကို ကြင်နာမှုနဲ့ မတားခဲ့နိုင်ဘူး... အဲဒီအစား သူက မင်းကို ထိခိုက်စေခဲ့တယ် ဟုတ်တယ်နော်"


ချီကျားကျစ်က မိနစ်အနည်းငယ်လောက် ငြိမ်သက်စွာတွေးပြီး ခေါင်းညိတ်ကာဆို၏။


"မှတ်ထားပါ့မယ် ကော... ပြီးခဲ့တဲ့ အခေါက် တုန်းက အစ်မယွီကျီးပြောတုန်းက မယုံခဲ့ပေမဲ့ ဒီတစ်ခေါက် မင်းတကယ် ပြောင်းလဲသွားတာကို တွေ့လိုက်ရတယ်"



"...လွန်ခဲ့တဲ့ နှစ်လလောက်က ခေါင်းခိုက်မိသွားလို့ဖြစ်နိုင်တယ်...အဲဒါက ငါ့ကို အသိဝင်လာစေတယ်... သေခါနီးအချိန်မှာ လူတွေက အရာတော်တော်များများကို မြင်နိုင်တယ်လို့ မပြောကြဘူးလား" 

ချီရှင်းချန်က နှာခေါင်းကို ပွတ်သပ်လိုက်သည်။


"ဘာပဲဖြစ်ဖြစ် မင်းကအမြဲတမ်း ငါ့အချစ်ဆုံးကောပါပဲ"

ချီကျားကျစ်က သူ့ကို နောက်တစ်ကြိမ် ပွေ့ဖက်လိုက်ပြီး နှာရှုပ်လိုက်သည်။ 

"ငါ့ကိုကူညီပေးတာကျေးဇူးတင်ပါတယ်"


သူ၏အမွှေးထူခေါင်းလေးက ချီရှင်းချန်၏ နားရွက်နားတွင် ရှိနေသည်။ချီရှင်းချန် သူ၏ နှာသံအက်အက်ကို ကြားရနိုင်လေသည်။


အမှန်တွင် ထောင်ရွှမ်၏ အဖြစ်အပျက်အပြီးနောက်မှာ သူက စိတ်အနှောက်အယှက်အဖြစ်ဆုံး ဖြစ်ခဲ့ရသည်။


မတရားစွပ်စွဲခံခဲ့ရပြီး အထင်လွဲခံရသည်။ သူ့အစ်ကိုကလွဲလို့ တခြားဘယ်သူမှ သူ့ကို မယုံခဲ့ကြပေ။ရှန့်ယွီလျန်ရဲ့ Weibo မှာ စကားနဲ့ဆဲရေးစော်ကားခံရတာကို သူမြင်တဲ့အခါ ဘယ်လောက်တောင် ဝမ်းနည်းနေမလဲ...


အခုအချိန်အထိ သည်းခံနေခဲ့ရတယ်... သူ ဘယ်လောက် စိတ်ပူနေလိုက်မလဲ...


ချီရှင်းချန် မျက်လွှာချပြီး သူ့ဆံပင်တွေကို ပွတ်သပ်လိုက်သည်။


ငါ မင်းရဲ့အပြစ်ကင်းမှုကို သေချာပေါက်ဖော်ထုတ်ပေးပါ့မယ်...


.


ချီကျားကျစ်ကို ယခုအခြေအနေမှာ ကျောင်းလိုက်ပို့ရသည်က အဆင်မပြေသည့်အတွက် ညီအစ်ကိုနှစ်ယောက်ကို နေရာမှာတင် လမ်းခွဲလိုက်သည်။ချီရှင်းချန်က ပြည်သူ့လုံခြုံရေးဗျူရိုသို့သွားခဲ့ပြီး ချီကျားကျစ်က နေ့လည်စာစားရန် ကျောင်းပြန်တက်ခဲ့သည်။


ချီရှင်းချန် တစ်မနက်လုံး မစားမသောက်ထားသဖြင့် အနည်းငယ်မူးဝေနေခဲ့သည်။ ကံကောင်းထောက်မစွာ အန်းရန် သူ့ကို စောင့်ရင်း အဆာပြေမုန့်တွေ ဝယ်ထားခဲ့၏။ ဗိုက်ဖြည့်ပြီးနောက် ဗျူရိုချုပ်ရုံးသို့ တန်းတန်းမတ်မတ်သွားခဲ့သည်။


ရုပ်ပိုင်းဆိုင်ရာ စစ်ဆေးမှု အစီရင်ခံစာအပြည့်အစုံက ယမန်နေ့ ညနေ ၅ နာရီတွင် ထွက်လာခဲ့သည်။ ညစာစားပွဲ ချိန်းထားသောကြောင့် ချီကျားကျစ် ဤမနက်မှပဲ ၎င်းကို ရခဲ့ပြီး ကင်မရာကို ဝယ်တုန်းက ပြည်သူ့လုံခြုံရေးဗျူရိုကို ပို့ပေးခဲ့သည်။


ဗျူရိုအကြီးအကဲကို ကျေးဇူးတင်စကားဆိုကာ ဖိုင်အိတ်နှစ်လုံးကို ပြန်ယူကာ ရိုက်ကွင်းပြန်ခဲ့သည်။


နေ့လယ်စာစားရန် အချိန်မီ ငါးပြတိုက်ကိုပြန်ရောက်ခဲ့သည်။ချီရှင်းချန်က ဒါရိုက်တာ၏ နားနေခန်းကို လျှောက်သွားပြီး တံခါးခေါက်လိုက်သည်။ 

"ဒါရိုက်တာရှန့်...ကျွန်တော်ရှောင်ချီပါ...စားပြီးပြီလား"


"စားပြီးပြီ" 

ရှန့်ယွီလျန်က ပြောသည်။ 

"ဝင်ခဲ့လေ"


သူတံခါးကို တွန်းဖွင့်ပြီး ဝင်လိုက်သည်။ရှန့်ယွီလျန်က ရိုက်ညွှန်းကိုဖတ်နေသည်။ချီရှင်းချန်က ဖိုင်အိတ်နှစ်လုံးနှင့် စာရွက်တစ်ရွက်ကို စားပွဲပေါ်တင်လိုက်သည်။ 


"ဒါရိုက်တာရှန့်...ကျွန်တော် ခင်ဗျားနဲ့စကားပြောချင်တယ်"


"Weibo ကအဖြစ်အပျက်ကြောင့် ဟုတ်တယ်မလား" 

ဒါရိုက်တာရှန့်က စိတ်ရှင်းရှင်းနှင့်ပြောလိုက်သည်။


"ဘယ်သူလုပ်တယ်ဆိုတာ ငါ့ မပြောခဲ့ပါဘူး... အင်တာနက်သုံးစွဲသူတွေရဲ့ မှန်းဆချက်တွေက ထည့်တွက်မှာမဟုတ်ဘူးလေ... ဒီညမှ ဆွေးနွေးကြရအောင်"


ရှန့်ယွီလျန်စိတ်ထဲမှာ ချီကျားကျစ်က တရားခံအစစ်အမှန်ပါပင်။ Weibo မှာ ပို့စ်တင်သည့်အခါ ချီကျားကျစ်၏ နာမည်ကို တိုက်ရိုက်ဖော်ပြခြင်း မရှိခဲ့သည်ကပင် ချီရှင်းချန်ကို မျက်နှာအများကြီးပေးရာကျနေပြီ ဖြစ်သည်။



နာမည်ကို ဖော်ပြခြင်းမရှိဘဲ အင်တာနက်သုံးစွဲသူများ မှန်းဆနိုင်ခဲ့သည်။ အများစုက အင်တာနက်မှာ ချီကျားကျစ်ကို ကြိမ်းမောင်းကြသည်။ယင်းက လက်တွေ့ဘဝအပေါ် သက်ရောက်မှုရှိမည်မဟုတ်ပေ။အင်တာနက်နှင့် ဝေးဝေးနေရုံနှင့်ရ၏။


"အွန်လိုင်းအကြမ်းဖက်မှုက ဘယ်လောက်ပြင်းထန်လဲဆိုတာ ခင်ဗျားမသိဘူးလား...ကျောင်းတွင်းအကြမ်းဖက်မှုထက် ပိုသာနေတာတော့ မဟုတ်ဘူး"


ချီရှင်းချန်က ရှန့်ယွီလျန်၏ အတွေးများကို နားလည်သည်။ အသက်ငါးဆယ်ကျော် အမျိုးသားတစ်ယောက်က အင်တာနက်ပေါ်မှာ အချိန်အများကြီးမဖြုန်းပေ။ အွန်လိုင်းအကြမ်းဖက်မှုအကြောင်းကို သူသိပ်မသိသည်က သာမာန်ပါပင်။


သူ ပြတ်ပြတ်သားသား ငြင်းဆိုခဲ့သည်။ 

"ဒီနေ့ညအထိ မစောင့်နိုင်တော့ဘူး...ကျွန်တော် ခင်ဗျားနဲ့ အခုစကားပြောချင်တယ်"


ရှန့်ယွီလျန်က မနက်ပိုင်းတွင် အလုပ်နားထားသဖြင့် နေ့လည်ပိုင်းတွင် အလွန်အလုပ်များနေခဲ့သည်။သူ ပါးစပ်ကိုဖွင့်ပြီး ငြင်းချင်သည်။


သို့သော် ချီရှင်းချန်၏ ခိုင်မာသောမျက်လုံးများကို မြင်သောအခါ၊ သူက စိတ်မရှည်စွာဖြင့်ပြောလိုက်၏။

"ကောင်းပြီ ကောင်းပြီ... ဆက်လုပ်ပါ"


ချီရှင်းချန်က လည်ချောင်းကို ရှင်းပြီး စားပွဲပေါ်ရှိ အရာများကို ညွှန်ပြလိုက်သည်။


"ဒီနှစ်ခုက ထောင်ရွှမ်ရဲ့ ဆေးဘက်ဆိုင်ရာအစီရင်ခံစာနဲ့ မြူနီစီပယ်ပြည်သူ့လုံခြုံရေးဗျူရိုက ထုတ်ပြန်တဲ့ ဒဏ်ရာအကဲဖြတ်ချက်အစီရင်ခံစာပါ...ထောင်ရွှမ်မှာ ပြင်ပဒဏ်ရာမရှိဘူးဆိုတာကို အတည်ပြုနိုင်ပါတယ်"


"ဟမ်" 

ရှန့်ယွီလျန် တခဏမျှ တုံ့ဆိုင်းသွားပြီး အစီရင်ခံစာကို ဖွင့်ကြည့်လိုက်သည်။


"ဒီစာတမ်းက အခင်းဖြစ်ပွားရာနေရာမှာ ရှိနေခဲ့ပြီး ဖြစ်စဉ်တစ်ခုလုံးကို မျက်မြင်တွေ့ရှိခဲ့တဲ့ တခြားကျောင်းသားတွေရဲ့ သက်သေခံချက်ပါ"


ရှန့်ယွီလျန်က သက်သေခံချက်များကို ဆွဲထုတ်လိုက်သည်။ ၎င်းတွင် ရေးသားထားသည်က–

[X လ X ရက်Xနှစ် တွင် ချီကျားကျစ်က ထောင်ရွှမ်အား ဘတ်စကတ်ဘောဖြင့် ရည်ရွယ်ချက်ရှိရှိ မထိခိုက်စေခဲ့ကြောင်း သက်သေခံရန် ကျွန်ပ် မိမိသဘောအလျောက် ဝန်ခံပါသည်။]


အောက်တွင် လက်မှတ်များနှင့် လက်ဗွေများ တန်းစီထားသည်။ချီရှင်းချန်ကဆို၏။

"သူတို့ လက်မှတ်တွေထိုးနေတဲ့ ဗီဒီယိုကိုလည်း မှတ်တမ်းတင်ထားပါတယ်... အတုအပပြုလုပ်ထားတာ မရှိပါဘူး"


ဤစာရွက်စာတမ်းများသည် ဤထက်ပို၍စစ်မှန်၍မရနိုင်တော့ပါချေ။ရှန်ယွီလျန်၏မျက်နှာမှာ ထိတ်လန့်မှုအပြည့်နှင့်။ ရေအနည်းငယ်သောက်ပြီးနောက် သူကပြောလိုက်သည်။


"ထောင်ရွှမ်ရဲ့အတန်းထဲက ကျောင်းကောင်စီအဖွဲ့ဝင် ချိုက်မျိုးရိုးနဲ့ ကလေးက မင်းညီက ထောင်ရွှမ်ကို တမင်လုပ်တာလို့ အတော်လေးသေချာနေတယ်...ဖြစ်နိုင်မလား...."


"ဖြစ်နိုင်မလား…"

သူက သူ့စကားမဆုံးသေးသော်လည်း ချီရှင်းချန် သူသံသယရှိနေဆဲဖြစ်ကြောင်း ပြောနိုင်သည်။


စင်စစ်အားဖြင့် မျက်မြင်သက်သေတွေ အားလုံးက မငြင်းသာအောင်ခိုင်မာနေသည်။ ထို့အပြင်၊ ချိုက်ဟောက်က ဆရာများနှင့် ကျောင်းသားများ၏ ယုံကြည်စိတ်ချရသော ကျောင်းကောင်စီဝင်ဖြစ်သည်။ သူ လိမ်နေခြင်းမဖြစ်နိုင်ပေ။ယင်းက သူ့အတွက် ဘာကောင်းကျိုးမှမရှိပေ။


"ဒါဆို ဒီဗီဒီယိုလေးကို တစ်ချက်ကြည့်လိုက်ပါဦး" 

ချီရှင်းချန်က လောလောလတ်လတ် အသစ်ရရှိထားသော ဗီဒီယိုကို ရှန့်ယွီလျန်ဆီသို့ တွန်းပို့ပေးလိုက်သည်။


ရှန့်ယွီလျန်က ဗီဒီယိုကို ဖွင့်လိုက်၏။ချိုက်ဟောက်၏ ကျောင်းဝတ်စုံရှေ့တွင် သူ့ပိုက်ဆံအိတ်ကို လျှို့ဝှက်ဝှက်ထားပြီး ချီကျားကျစ်ကို စော်ကားပြောဆိုနေသည့် လုပ်ရပ်များက သူ့ရှေ့တွင် ထင်ရှားစွာ ပေါ်လွင်နေသည်။


"ကျားကျစ်က သူ့ကိုလက်ပူးလက်ကြပ်ဖမ်းမိတာ ဒါ ဒုတိယအကြိမ် ဖြစ်နေပြီ..." 


ချီရှင်းချန်၏ မျက်နှာက အလွန်အေးစက်သွားသည်။ 

"ပြောဖို့မေ့သွားတယ်... ပထမတစ်ခေါက်က ကျားကျစ်က သူ့ကို သူ့ကိုယ်သူ လေးစားမှု မပျက်စီးစေချင်ဘူး...ဒါကြောင့် သင်ခန်းစာတစ်ခုပေးပြီး ဆရာတွေကို မပြောခဲ့ဘူး...အဲဒီနေ့ကနေစပြီး ချိုက်ဟောက်က ချီကျားကျစ်ကို အမြဲမုန်းတီးခဲ့တယ်...ဒီလို ကျောင်းကောင်စီဝင်က ယုံကြည်ထိုက်တယ်လို့ ထင်ပါသလား"


"ဘန်း" 


ရှန့်ယွီလျန်၏လက်ထဲက လက်ဖက်ရည်ခွက်က စားပွဲပေါ်ကို ပြုတ်ကျပြီး လက်ဖက်ရည်က စားပွဲတစ်ခုလုံး ဖိတ်စင်သွားသည်။


ချီရှင်းချန်က အထောက်အထားအားလုံးကို အမြန်ကောက်ယူပြီး တစ်ရှူးတစ်ခုကို ရှာကာ စားပွဲကို သုတ်လိုက်သည်။


"... ဟင်း ငါ Weibo ပို့စ်ကို အခု ဖျက်လိုက်ပါ့မယ်...စိတ်မြန်လွန်းသွားတယ်...တောင်းပန်ပါတယ် ရှောင်ချီ"


ရှန့်ယွီလျန်က သက်ပြင်းချလိုက်ပြီး ဖုန်းကိုထုတ်လိုက်သည်။ 


"ငါလည်း ဘာဖြစ်သွားလဲမသိဘူး... ဒီမနက်မှာပဲ ထောင်ထောင်က IV အပ်ကို သူ့ဘာသာသူဆွဲထုတ်ပြီး ထောင်ရွှမ်ကိုတွေ့ဖို့ ကျင်းအန်ကို ပြေးသွားတာကိုတွေ့လိုက်ရတယ်...သူ့ကြည့်ရတာ အရမ်းဝမ်းနည်း၊ ဒေါသဖြစ်ပြီး စိတ်ပူနေတဲ့ပုံ...ငါ ဒေါသတအားထွက်ပြီး Weibo မှာ တင်လိုက်မိတယ်... မင်းသိလား ငါဒီပစ္စည်းကို ဘယ်လိုသုံးရမှန်းမသိဘူး... အဲဒါကို အဖြေရှာဖို့ အကြိမ်ရေတချို့ ကြိုးစားခဲ့ရတယ်"


"နေပါဦး" 

ချီရှင်းချန်က သူ့ကိုတာလိုက်သည်။

"Weibo ပို့စ်ကို ဖျက်ဖို့ မလိုပါဘူး"


ရှန့်ယွီလျန် စိတ်ရှုပ်ထွေး သွားသည်။ 

"မဖျက်ရင် ကောလာဟလတွေ ပေါ်လာမှာ မဟုတ်ဘူးလား"


"ခင်ဗျားလိုအပ်တာက" 

ချီရှင်းချန်က သေချာပြောလိုက်၏။

"ကျွန်တော့်ညီကို လူသိရှင်ကြား တောင်းပန်ဖို့"


ရှန့်ယွီလျန်က သူပြောသည်ကို မကြားလိုက်သလိုမျိုး ကြောင်အ၍နေသည်။


ချီရှင်းချန်က ဆက်လက်ပြီး ပြောလိုက်သည်။

" လင်းရှောင်နဲ့ ခင်ဗျားရဲ့လက်အောက်မှာ သရုပ်ဆောင်တဲ့ မင်းသားတစ်ယောက်အနေနဲ့ ခင်ဗျားကို လေးစားတယ်၊ သဘောကျတယ်၊ခင်ဗျားရဲ့ လမ်းညွှန်မှုနဲ့ ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်... ဒါပေမဲ့ ချီကျားကျစ်ရဲ့အစ်ကိုအနေနဲ့ ကျားကျစ် တရားခံမဟုတ်ကြောင်း ခိုင်လုံတဲ့သက်သေမပြနိုင်ခဲ့တဲ့အတွက် စိတ်မကောင်းဖြစ်ရပါတယ်"


"ကျားကျစ်က တကယ်တော့ ကျောင်းသားကောင်းတစ်ယောက်မဟုတ်ပေမဲ့ လူကောင်းတစ်ယောက်ပါ... အခု သက်သေ အထောက်အထားတွေကလည်း ပေါ်လာပြီဆိုတော့ သူ့ကို လူသိရှင်ကြား တောင်းပန်စာ တင်ပေးပါ"


ရှန့်ယွီလျန်က ပြူးကျယ်သော မျက်လုံးများဖြင့် ချီရှင်းချန်ကို စိုက်ကြည့်နေသည်။ချီရှင်းချန်ကလည်း မျက်တောင်မခတ်ဘဲ သူ့ကို စိုက်ကြည့်နေ၏။ နှစ်ယောက်သား တိတ်ဆိတ်စွာ မျက်နှာချင်းဆိုင်နေကြသည်။


အချိန်အတော်ကြာပြီးနောက် အခန်းထဲတွင် လေးလံသော အသက်ရှုသံများကို ကြားရလာသည်။


ရှန့်ယွီလျန်က သိသိသာသာ ဒေါသထွက်သွားသည်။

"ရှောင်ချီ ငါမှားသွားတယ်လို့ ပြောထားပြီးသား... လွန်မလာနဲ့"


"ခင်ဗျားကသာလွန်တဲ့သူပဲ... လူသိရှင်ကြား မတောင်းပန်ရင် အချက်အလက်အားလုံးကို အွန်လိုင်းမှာ တင်လိုက်မယ်...ဒီအချက်အလက်တွေက တရားဝင် ထုတ်ပြန်ထားတာ... အင်တာနက်သုံးစွဲသူတွေက ကျွန်တော့်ကိုယုံမလား ခင်ဗျားကိုယုံမလားဆိုတာ ခင်ဗျားဆုံးဖြတ်နိုင်မှာပါ"


ရှန့်ယွီလျန်: "…"


"ပြီးတော့ ပေကျင်းခန်းမကို ပြန်ယူမယ်၊ရုပ်ရှင်ရိုက်ဖို့ နေရာအဖြစ် မငှားတော့ဘူး... ရိုက်ကွင်းကို ထပ်ပြီးပြောင်းလဲဖို့ လိုအပ်တဲ့ အချိန်နဲ့ ကုန်ကျစရိတ်ကို ခင်ဗျားထည့်စဉ်းစားလို့ရတယ်"


"မင်း မင်း..." 

ရှန့်ယွီလျန်က ကျယ်လောင်စွာ ဟိန်းဟောက်လိုက်သည်။ 


"ငါက အရင်သူဌေးနဲ့ စာချုပ်ချုပ်ထားတာ... မင်းက အဲဒါကို ချိုးဖောက်နေတာ"



"အဆင်ပြေပါတယ်" 


ချီရှင်းချန်က ယခုလို ရက်ရောခဲသည်။ 

"စာချုပ်ကို ချိုးဖောက်ရရင်လည်း ကျွန်တော်တတ်နိုင်တယ်"


"....."


ရှန့်ယွီလျန် သူ့မှာသာ နှလုံးရောဂါရှိနေလျှင် နေရာမှာတင် ပွဲချင်းပြီး သေဆုံးသွားလိမ့်မည်ဆိုသည်ကို သံသယမရှိပေ။


အဖွဲ့ထဲတွင် နာခံမှုအရှိဆုံးနှင့် အသက်အငယ်ဆုံး မင်းသားသည် အမှန်တကယ် ခွဲရအခက်ခဲဆုံး အခွံမာသီးဖြစ်နေသည်ကို သူ မယုံနိုင်ပေ။


"...ရှောင်ချီ" 


သူ ဒေါသထွက်လွန်း၍ ခေါင်းတွေပင်ကိုက်လာသည်။

"မင်းကလည်း 'သမုဒ္ဒရာနှလုံးသား' ရဲ့ တစ်စိတ်တစ်ပိုင်းပဲ...အဲဒါ အဆုံးသတ်သွားတာကို မြင်ချင်လား ဒါမှမဟုတ် ရုပ်ရှင်မရိုက်ချင်တော့ဘူးလား"


ဤစကားက ခြိမ်းခြောက်မှု အရိပ်အမြွက်တို့ပြနေ၏။


ချီရှင်းချန်က ပခုံးတွန့်လိုက်သည်။ 


"ကျွန်တော် ဂရုမစိုက်ဘူး...အဖွဲ့သားတစ်ဦးကို မုဒိမ်းကျင့်ဖို့ ကြိုးစားတဲ့အကျဥ်းသားပါတဲ့ တီဗီစီးရီးတစ်ခုရှိတယ်...ထုတ်လွှင့်ချိန်မှာ ဘယ်လိုဖြစ်မလဲဆိုတာ ဘယ်သူသိမလဲ"


ရှုရှန့်၏ အမှုသည် အထောက်အထား စုဆောင်းနေဆဲ ဖြစ်သည်။ စီရင်ချက်ချသည်ဖြစ်စေ၊ မချရသည်ဖြစ်စေ သတင်း၏ သက်ရောက်မှုမှာ ကြီးမားသည်။


ရှုရှန့်က နာမည်ပျက်သွားပြီး ချီရှင်းချန် ထွက်သွားလျှင် "သမုဒ္ဒရာနှလုံးသား" ဇာတ်ကားက လူပြန်ရွေးပြီး ပြန်လည်ရိုက်ကူးရလိမ့်မည်ပင်။ မင်းသားက စာချုပ်ဖောက်ဖျက်သည့်ဒဏ်ကြေးနှင့် နာမည်ဂုဏ်သတင်းကို ပေးဆောင်ရန်သာ ရှိသည်။


ရင်းနှီးမြှုပ်နှံသူများနှင့် ဒါရိုက်တာများက အနစ်နာဆုံးသူများဖြစ်မည်။


ချီရှင်းချန် ယခုအချိန်တွင် သူအနည်းငယ် ရန်လိုနေမိကြောင်း သတိထားမိလိုက်သည်။ရှန့်ယွီလျန်က အသက်အရွယ်ကြီးရင့်ပြီး အဆင့်အတန်းမြင့်မားသည်။ ကလေးတစ်ယောက်ကို တောင်းပန်ရန်က သူ့အတွက် တကယ်ကို ခက်ခဲ၏။

(ရှိတယ် အဲဒီလို...လူကြီးဖြစ်တာနဲ့ ကိုယ့်ကိုကိုယ်မှန်တယ်ထင်တဲ့လူတွေ)


အရင်းရှင်များက အမြတ်အစွန်းနောက်ကို လိုက်ခြင်းသည် သာမန်ဖြစ်သည်။ချီရှင်းချန် ခဏလောက်စဉ်းစားပြီး နောက်တစ်လှမ်းပြန်ဆုတ်ပေးလိုက်၏။ 


"ဒီလိုဆိုရင်ရော...ခင်ဗျားတောင်းပန်ရင် ရှုရှန့် ရဲ့ ပြစ်ဒဏ်ကို တူညီတဲ့စီရင်ချက်နဲ့ တခြားရာဇ၀တ်မှုအဖြစ် ပြောင်းလဲဖို့ တစ်ယောက်ယောက်ကို ကျွန်တော်ခိုင်းလိုက်မယ်...ဒါက အစ်မထောင်ထောင် နဲ့ ခင်ဗျားအတွက် ကောင်းလိမ့်မယ်... ဒီတစ်ခါတော့ အတူတူ အနိုင်ရလိုက်ကြရအောင်...နှစ်ဘက်လုံးwin-winပဲလေ... ဘယ်လိုလဲ"


......


ရှန့်ယွီလျန်မှာ ချီရှင်းချန်ကို ငြင်းဆိုရန် အကြောင်းမရှိပေ၊ အဘယ်ကြောင့်ဆိုသော် ရှုရှန့် လွှမ်းမိုးမှုမှာ ဆိုးရွားလွန်းပြီး ပြန်လည်ရိုက်ကူးရန် ကုန်ကျစရိတ်မှာ အလွန်မြင့်မားသောကြောင့် ဖြစ်သည်။


မင်းသမီးတစ်ယောက်အနေဖြင့် သူမကိုယ်သူမ ကာကွယ်ရန် တရားဝင်လက်နက်သုံးသည်က သဘာဝပါပင်။ သို့သော်လည်း လူ့အဖွဲ့အစည်းသည် အမျိုးသမီးများအပေါ် အမြဲတစေ ဘက်လိုက်မှု ရှိခဲ့သည်။ အချိန်တိုလေးအတွင်းမှာ ထောင်ထောင်နှင့်ပတ်သက်သည့် ကောလာဟလတွေ ပျံ့နှံ့လာမှာ သေချာပေသည်။


ထိုအချိန်တွင် ထောင်ထောင်၏ပုံရိပ်နှင့် သူမပါဝင်သရုပ်ဆောင်ထားသည့် "သမုဒ္ဒရာနှလုံးသား" ၏ အဆင့်သတ်မှတ်ချက်များသည် ကျိန်းသေပေါက်ကျဆင်းသွားမည်ဖြစ်သည်။


ချီရှင်းချန်က ထောင်ရွှမ်၏ ID ကတ်မပါဘဲ ဒဏ်ရာအကဲဖြတ်ချက်ကို နှစ်နာရီအတွင်း ထုတ်ပေးနိုင်သည်။ ဤနယ်ပယ်မှာ သူလုပ်နိုင်သည်ဆိုခြင်းကို သက်သေပြရန် လုံလောက်လေသည်။


အဆုံးတွင် ရှန့်ယွီလျန်က သက်ပြင်းချလိုက်ပြီး ညှိနှိုင်းပေးသည်။


ချီရှင်းချန်လည်း ထွက်မသွားချင်ပါချေ။"သမုဒ္ဒရာနှ

လုံးသား" ဇာတ်ကားက သူ၏ပထမဆုံးဇာတ်ကားဖြစ်ပြီး အမှတ်တရဖြစ်ခဲ့သည်။


ထို့အပြင် အင်တာနက်စီးရီးအဖြစ်တီဗီပေါ်တွင် ထုတ်လွှင့်ခွင့်ရခြင်းကို စွန့်လွှတ်လိုခြင်းမရှိပေ။ သူ၏ကျော်ကြားမှုမှာ အလွန်နိမ့်ပါးပြီး တီဗီတွင် မျက်နှာပြရရန် လိုအပ်သည်။



Win-win အခြေအနေဖြစ်ခဲ့သည်။