အပိုင်း ၆၅
Viewers 28k

Chapter 65




ရှန့်ယွီလျန်က ရိုးသားသောလူဖြစ်ပြီး ၎င်းကို ရှုရှန့် နှင့် ချီရှင်းချန်တို့ကို ပြစ်တင်ရှုတ်ချပုံမှ မြင်တွေ့နိုင်သည်။ထို့ကြောင့် Weibo မှာ တောင်းပန်စာတင်ပြီး ပိတ်လိုက်သည်နှင့် သူလုပ်စရာရှိသည်ကို ဆက်လက်ရိုက်ကူးခဲ့၏။


ချီရှင်းချန် သူအဝတ်အစားလဲနေချိန်မှာ ချီကျားကျစ်ထံ မက်ဆေ့ချ်ပို့လိုက်သည်။

[ကျားကျစ်...ရှန့်ယွီလျန်ရဲ့ Weibo ကိုကြည့်လိုက်]


ငါးမိနစ်လောက်ကြာခဲ့သည်။

 ဘုရင်:[!]


ဘုရင်: [ကော အခုတလော ဘာလိုသေးလဲ]


ချီမိသားစုက ဘာများ မှားနေလဲ...

 ချီရှင်းချန် ခဏတာ ဆွံ့အသွား၏။

 [ငါ့ကို လက်ဆောင်မဝယ်ပေးနဲ့...ဒေါသထွက်မှာနော်]


ဘုရင်: [အိုကေ ဒါဆို(ဝမ်းနည်း) ကျေးဇူးတင်ပါတယ်ကော]


ရှင်းရှင်း: [ရပါတယ်...အတန်းကို အာရုံစိုက်ပါ]


ချီကျားကျစ်နှင့် စကားပြောပြီးသည့်အခါ သူ့ရင်ဘတ်ထဲက ကျောက်တုံးကြီးကို မလိုက်သလိုမျိုး နေရပိုအဆင်ပြေသွားသည်။သူ့အဝတ်အစားတွေလဲပြီးနောက် ယနေ့ ပိုင်ရဲ့နှင့် မဆက်သွယ်ရသေးဘူးဆိုသည်ကို သတိရသွား၏။


မနေ့ညက သူ သူ့ကို ဆက်သွယ်မည်ဟု ကတိပေးခဲ့သာ်။ ရက်စွဲကိုကြည့်ကာ ပိုင်ရဲ့၏ပရိုဖိုင်ပုံကို နှိပ်လိုက်သည်။


ရှင်းရှင်း:[ဒီနေ့ ရိုက်ကူးရေးပြီးသွားပြီလား]


ပိုင်: [အင်း... ငါ အခု လေဆိပ်မှာ ရောက်နေတယ်]


လေဆိပ်လား...

[ဘယ်သွားမလို့လဲ?]


ပိုင်: [S City...သဘက်ခါ တုန်ချန်ဂီတပွဲတော်အတွက်]


တုန်ချန်TV သည် တရုတ်နိုင်ငံရှိ အဓိက ဗီဒီယိုပလက်ဖောင်း သုံးခုထဲမှ တစ်ခုဖြစ်သည်။ နှစ်စဉ်ကျင်းပမြဲဖြစ်သော တုန်ချန်ဂီတပွဲတော်သည် နိုင်ငံတစ်ဝှမ်းရှိ ပရိသတ်များ မျှော်လင့်စောင့်စားနေသည့် ပွဲကြီးတစ်ပွဲဖြစ်သည်။


ချီရှင်းချန် သူ့နဖူးသူ ပုတ်လိုက်သည်။ဤအကြောင်းကို သူတကယ် မေ့သွားခဲ့သည်။


သို့သော် ပိုင်ရဲ့ ထိုကဲ့သို့သော ဂီတပွဲတော်များကို တက်ရောက်ခဲသည်။ ဒီတစ်ခေါက် သူဘာလို့သွားတာလဲ...


သီချင်းအသစ်ထွက်ဖို့လည်း အချိန်မကျသေးပါဘူး...


"…အိုး" 

ထို့နောက် "ည၏မက်မွန်"ထဲတွင် အမျိုးသမီးဇာတ်လိုက်က ဇာတ်ကားရိုက်ကူးပြီးသောအခါ၊ အမျိုးသားဇာတ်လိုက်က တုန်ချန်TV တွင် ရသစုံရှိုးတစ်ခု ရိုက်ကူးနေကြောင်း သူ သတိရသွားသည်။


Timeline အရ ထောင်ထောင်က တစ်လခွဲအတွင်း ရိုက်ကူးရေး ပြီးဆုံးမည်ဖြစ်သည်။ထို့နောက် ပိုင်ရဲ့က တုန်ချန်နှင့် ဆက်သွယ်မိခဲ့ခြင်းဖြစ်မည်။တုန်ချန်ကို ထောက်ခံသည်က သူ့အတွက် ပုံမှန်ပါပင်။


ချီရှင်းချန် သိချင်မိသည်။

[သီချင်းဘယ်နှစ်ပုဒ်ဆိုမှာလဲ]


ပိုင်: [သီချင်းသုံးပုဒ်]


သီချင်းသုံးပုဒ်… 

ချီရှင်းချန်: [နောက်ဆုံး?]


ပိူင်ရဲ့: [ဟုတ်တယ်...နောက်ဆုံး]


ပိုင်ရဲ့: [အချိန်ကျပြီ...ငါ လေယာဉ်ပေါ်တက်တော့မယ်]


ရှင်းရှင်း: [ကောင်းပြီ...သွားလမ်းသာလို့လာလမ်းဖြောင့်ပါစေ]



ရှင်းရှင်း: [ကီဒါဘဲတစ်ကောင်က(keda duck) လက်ကိုင်ပုဝါကို ဝှေ့ယမ်းပြနေသည့် GIF]


မက်ဆေ့ပို့ပြီးနောက်၊ ချီရှင်းချန် သူ့ဖုန်းကိုကိုင်ကာ ဖျံလေ့ကျင့်ရေးကွင်းဆီသို့ လျှောက်သွားခဲ့သည်။


သုံးပုဒ်...



အကုန်လုံးပေါင်းလိုက်ရင် ဖျော်ဖြေပွဲလေးတစ်ခု ဖြစ်သွားမယ်...


သူ့စိတ်ထဲက တွန်းအားကို မထိန်းနိုင်။ သဘက်ခါအတွက် အချိန်ဇယားကို သူရှာကြည့်ခဲ့သည်။


ညအခန်းများ မရှိခဲ့ပေ။


သူ့ကိုယ်သူ မထိန်းနိုင်။ လက်မှတ်ရောင်းသည့်အက်ပ်ကို သူဖွင့်လိုက်သည်။


"ရှင်းရှင်း" 

အန်းရန်က ပြေးလာ၏။

"စက်တွေ အားလုံး နေရာယူထားပြီးပြီ... လမ်းလျှောက်တဲ့အခါ ဖုန်းနဲ့ မကစားပါနဲ့...မလဲအောင် သတိထားပါ"


"အမ် အင်း"


အန်းရန် သူက ဝတ်ကျေတန်းကျေဖြေနေကြောင်းကို မြင်သည်။ သူမ မေးစေ့ကိုမော့ကာ "ဘာကြည့်နေတာလဲ" ဟု မေးသည်။


"တုန်ချန်ဂီတပွဲတော်အတွက် လက်မှတ်ဝယ်နေတာ..."


အန်းရန်က နှုတ်ခမ်းစူလိုက်သည်။ 

"ကံဆိုးတဲ့သတင်းတစ်ခု ပြောပြပါရစေ... မနေ့က လက်မှတ်တွေ ကုန်သွားပြီ"


ချီရှင်းချန်: "…"


သူ ရင်နာသွား၏။


သို့ပေမဲ့ သူက လွယ်လွယ်နှင့် လက်လျော့မည့်သူ မဟုတ်ပါချေ။ လက်မှတ်တွေ မဝယ်နိုင်လျှင်ပင် Weibo မှာ စျေးနှုန်းကြီးမြင့်စွာပေးပြီး ရနိုင်၏။ သူ လက်မှတ်ရောင်းသည့်အက်ပ်မှထွက်ပြီး Weibo ကိုဖွင့်လိုက်သည်။


ဇာတ်ညွှန်းစာရေးက "မြန်မြန်လုပ် ရှင်းရှင်း...မင်းတစ်ယောက်ပဲ ကျန်တော့တယ်" ဟု အော်လိုက်သည်။


"ဟုတ်...လာပြီ"


သူ အော်ဟစ်နေရင်း တစ်ညလုံးတမ်းတမိတယ် အကောင့်ကို နှိပ်ပြီး လျှပ်စီးလက်သည့်အလျင်ဖြင့်ပို့စ်တင်ခဲ့သည်-


[တုန်ချန်ဂီတပွဲတော် Area A အတွက် လက်မှတ်များကို နှစ်ဆဈေးဖြင့် ဝယ်ယူမည်။ ပထမတန်း ညှိနှိုင်း။]


တင်ပြီးနောက်တွင် သူသည် သူ၏ဖုန်းကို အန်းရန်ဆီသို့ ပစ်ပေးပြီး လက်ရန်းပေါ်တွင် လက်နှင့်ထောက်ကာ ဖျံလေ့ကျင့်ရေးကွင်းထဲသို့ ခုန်ဆင်းခဲ့သည်။


နေ့ခင်းဘက် တာဝန်က သူ မကျေနပ်သည့် အပိုင်းတွေကို ပြန်ရိုက်ရန်ပင်။ချီရှင်းချန်အနေဖြင့် စာသားများကို ရွတ်ဆိုရန် မလိုအပ်ပေ။သူ့အတွက် လွယ်ကူခဲ့၏။


နှစ်နာရီနှင့် ခြောက်ခန်းကြာရိုက့ကူးပြီးနောက်၊ ကြားဖြတ်နားချိန်ဖြစ်သည်။ သူ့အတွက် မျက်နှာသုတ်ပုဝါအစိုကို သွားပြင်ဆင်ရန် အန်းရန်ကို လက်ပြလိုက်သည်။ ချွေးပါးပါးတစ်လွှာက သူ့လည်ပင်းကို ဖုံးလွှမ်းနေသည်။


သို့သော် အန်းရန်ကမသွားပေ။သူမက သူ့နံဘေးကို ခုန်ဆင်းလိုက်ပြီးဆိုသည်။

"ရှင်းရှင်း...နင် ဘယ်လိုဖြစ်လို့ လက်မှတ်တွေ ဒီလိုကြီး ရဲရဲတင်းတင်း တောင်းရတာလဲ"


ချီရှင်းချန်: "???"


တုန်ရီနေသော လက်များဖြင့် Weibo အက်ပ်ကို ဖွင့်လိုက်သည်။


— — ချီရှင်းချန်:တုန်ချန်ဂီတပွဲတော် Area A အတွက် လက်မှတ်များကို နှစ်ဆဈေးဖြင့် ဝယ်ယူမည်။ ပထမတန်း ညှိနှိုင်း။


.


ချီရှင်းချန် ၏အမြင်အာရုံသည် မည်းမှောင်လာပြီး မူးလဲလုနီးပါးဖြစ်သွားခဲ့သည်။


သူက အခုနက အစိုးရိမ်ကြီးနေပြီး အကောင့်ပြောင်းသည့် ခလုတ်နှိပ်သည်က အောင်မြင်သလားမအောင်မြင်သလား မစစ်ဆေးမိခဲ့ပေ။


"ထောင်ပေါင်းများစွာသော ပရိသတ်တွေက တုန်ချန်ရဲ့ တရားဝင် Weibo အကောင့်ကို နင့်အတွက် မန်းရှင်းခေါ်ထားကြတယ်" 


အန်းရန်က မျှော်လင့်ချက်မဲ့စွာ ကြည့်နေသည်။ "နင့်ကို ကဲ့ရဲ့တဲ့သူတွေ အများကြီးရှိမယ်ထင်တယ်"


"ဒါဆို မြန်မြန် ဖျက်လိုက်မယ်"


"ကောင်းပြီ...အဲဒါကို အရင်ဖျက်လိုက်...ပြီးရင်ရှင်းပြလိုက်…ငါက ငါ့ရဲ့အကောင့်မှာ လက်မှတ်တွေဝယ်ဖို့ ကြိုးစားနေရင်းကနေ အကောင့်မှားပြီး မတော်တဆပြောင်းမိသွားတယ်လို့"


ချီရှင်းချန် ငိုချင်သော်လည်း မျက်ရည်များထွက်မလာ။ ဤသည် လိမ်သည်မဟုတ်...


အမှန်ပင်။


သူ Weibo ပို့စ်ကို အမြန်ဖျက်လိုက်ပြီး အန်းရန်၏ ညွှန်ကြားချက်အတိုင်း ပြန်တင်ခဲ့သည်။ ဆယ်မိနစ်အကြာတွင် မှတ်ချက်ပေါင်း ၄၀ ကျော် ရရှိခဲ့သည်။


[ဟားဟားဟား...အရမ်းချစ်စရာကောင်းတယ်... သူက တကယ် အကောင့်မှားပြီး ပြောင်းခဲ့တယ်]


[တုန်ချန်TV ရဲ့တရားဝင် Weibo အမြန်လေး... တစ်စုံတစ်ယောက်က လက်မှတ်တွေလိုအပ်နေတယ်]


[အမ်းးးး ချီတိတိက ပင်လယ်ဘုရင်ရဲ့နာမည်ကြီးမှုက မီးသေးသွားတော့ ထပ်ပြီး ပွဲရှာဖို့ အခွင့်အလမ်းရှာနေတာလား]


[နင် လိမ်တဲ့အကြောင်း ပြောနေရင် ဒါကတကယ် YJJCနော်... ပိုင်ရဲ့ကို ဖိတ်ကြားဖို့ မလွယ်ကူခဲ့ဘူး... တုန်ချန်ကို လွှတ်ထားလို့မရဘူးလား]


ဆယ်မိနစ်အတွင်း မုန်းတီးသူအများအပြား ပေါ်လာသဖြင့် အသူရာမည်မျှနောက်လိုက်လာမည်ကို တွေးကြည့်နိုင်သည်။


အရေးအကြီးဆုံးက အင်တာနက်အသုံးပြုသူတော်တော်များများက ပိုင်ရဲ့ကိုဆွဲထည့်သည့်အချက်ပါပင်၊ယင်းက သူ့ကို စိတ်မသက်မသာဖြစ်စေသည့။


မေ့လိုက်ပါ...သူလည်း အဲဒါကို မကြည့်ဖြစ်ဘူး... Weibo ကိုပိတ်ပြီး ရိုက်ကူးရေးပြန်လုပ်ခဲ့၏။


အလုပ်ပြီးသောအခါ သူ ငှက်ကုလားအုတ်တစ်ကောင်ထံမှ ဥပမာယူခဲ့ပြီး "နားမထောင်နဲ့၊ မမေးနဲ့၊ ဂရုမစိုက်နဲ့" ဟူသော မူဝါဒကို လက်ခံကျင့်သုံးခဲ့သည်။


ညစာစားရန် ဟိုတယ်သို့ပြန်လာပြီးနောက် ချိုက်ဟောက်၏ဗီဒီယိုကော်ပီကို ချီကျားကျစ်ဆီသို့ သူကတိပြုထားသည့်အတိုင်း ပို့ခဲ့သည်။


ပို့ပြီးသည့်နှင့် ဖုန်းကိုချပြီး ဆက်စားခဲ့၏။ မမျှော်လင့်ဘဲ ချီကျားကျစ် ဖုန်းဆက်လာသည်။

"ကော ငါ မင်းကို ခေါ်ဖို့ ပြင်နေတာ"


"ဘာဖြစ်လို့လဲ"


"မင်းအခန်းမှာ Coastal Plaza(ကမ်းခြေပလာဇာ) မျက်နှာမူတဲ့ ပြတင်းပေါက်ရှိလား"


ရေကူးကန်သည် ပိုင်ရှာဆိပ်ကမ်းကိုမျက်နှာမူထားပြီး Coastal Plaza ကအခြားတစ်ဖက်တွင်ရှိသည်။ ၎င်းသည် အလတ်စား ခရီးသွားဆွဲဆောင်မှုတစ်ခုအဖြစ် သတ်မှတ်ခံရပြီး တစ်ချိန်တည်းတွင် ၎င်းသည် ပိုင်ရှာဆိပ်ကမ်းအနီး နေထိုင်သူများအတွက် ပြောင်းရွှေ့နေထိုင်ရန် နေရာတစ်ခု ပေးထားသည်။


ထိပ်တန်းအခန်းများတွင် သဘာဝအတိုင်း ဘေးနှစ်ဖက်တွင် ပြတင်းပေါက်များရှိသည်။ ရှိကြောင်း ချီရှင်းချန်က ပြောလိုက်သည်။ချီကျားကျစ်ကပြော၏။

 "ကော ပြတင်းပေါက်ကိုသွားပါ"


ချီရှင်းချန် သူဘာတွေလုပ်နေလဲမသိ။ သူက သူ၏ တူများကို ချလိုက်ပြီး ကမ်းခြေပလာဇာကို မျက်နှာမူထားသည့် ပြတင်းပေါက်ကို ဖွင့်လိုက်သည်။


"ကော အပြင်ကိုကြည့်... ဘာမြင်လဲ"


ချီရှင်းချန် ခဏလောက် စောင့်ကြည့်လိုက်သည်။ "လူတွေအများကြီးပြေးနေတာ၊ အစာစားနေတာ၊ ခွေးတွေ လမ်းလျှောက်တာတွေ"



"အောက်ကို ငုံ့မကြည့်နဲ့...အပေါ်ကိုမော့ကြည့်"


မော့ကြည့်ရမယ်...


ချီရှင်းချန် မော့ကြည့်လိုက်သည်။


အနီရောင် မိုးပျံပူဖောင်း နှစ်လုံးက ကောင်းကင်၏အစွန်းတစ်ဖက်ကနေ ဖြည်းညှင်းစွာ လွင့်မျောနေသည်ကို သူမြင်လိုက်ရ၏။ ၎င်းတို့တွင် ကြီးမားသော မီးမောင်းများ ပါရှိပြီးမိုးပျံပူဖောင်တစ်ခုစီတွင် အနီရောင်စာတန်းတခု ချိတ်ဆွဲထားသည်။


ပထမဆုံးစာတန်းပုံ: [ချီးရှင်းချန်က စောက်ရမ်းချောတယ် ]


ဒုတိယစာတန်း:[ချီရှင်းချန်က အရမ်းမိုက်တယ်]


ထို့နောက်တွင် ချက်ချင်းပဲ မီးမောင်းများက အတောက်ပသော အလင်းရောင်တစ်ခုအဖြစ် ရုတ်တရက် ထွက်ပေါ်လာပြီး မရေမတွက်နိုင်သော နှင်းဆီပန်းပွင့်များက မီးပုံးပျံများမှ ကြွေကျလာသည်။


ကမ်းခြေပလာဇာရှိ လူများ အံ့ဩသွားကြသည်။ ဓာတ်ပုံနှင့် ဗီဒီယိုများ ရိုက်ရန် ဖုန်းများကို ထုတ်ယူခဲ့ကြသည်။


ချီရှင်းချန်: "…"


ထိုညတွင် ချီကျားကျစ် မြို့တော်၏ ကျန်းမာရေးနှင့် လုံခြုံရေးစည်းမျဥ်းများကို ချိုးဖောက်သည့်အတွက် ကမ်းခြေရဲစခန်းမှ ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံခဲ့ရသည်။တစ်နာရီကြာ နှုတ်ဖြင့် ပြစ်တင်ရှုတ်ချခံခဲ့ရကာ ဒဏ်ငွေ ယွမ် ၅၀၀၀ ကိုလည်း ဒဏ်ရိုက်ခံခဲ့ရပြီး ပြည်သူ့ဝန်ဆောင်မှုကို သုံးရက်ကြာ ထမ်းဆောင်ခဲ့ရ၏။


...........


"ကော ငါပြောတာကိုနားထောင်ဦး"


ချီရှင်းချန်:"ပါးစပ်ပိတ်"


"အဲ့ဒါက သူ့ကောကို supportပေးတုန်းကအဲဒီလိုလုပ်ခဲ့တာလို့ ငါ့အတန်းဖော်ကပြောတယ်"


"သူ့ကော..."


ချီရှင်းချန်၏မျက်နှာမှာ အမူအရာမဲ့နေသည်။

"သူ့ကောက သူ့ idol... အစ်ကိုအစစ်မဟုတ်ဘူး"


ချီကျားကျစ် "..."


ချီကျားကျစ်: "သူ(မ)က ဘာလို့ idolကို ကောလို့ခေါ်တာလဲ...ဟို သူ့ကို အသိအမှတ်ပြုလို့လား"


"သူ့ကို အသိအမှတ်ပြုလားမပြုလား မသိပေမဲ့ အခု မင်းကို ငါ့ညီအဖြစ် အသိအမှတ်မပြုချင်ဘူး"


ချီကျားကျစ်: "အမ်"


ချီရှင်းချန် ရှုပ်ပွနေသော ဆံပင်များကို ပွတ်သပ်ကာ ဖုန်းချလိုက်သည်။ဤကောင်လေးကို ခဏလောက် လျစ်လျူရှုထားရန် ဆုံးဖြတ်လိုက်၏။


သဘာဝအတိုင်း အိပ်သည်နှင့် ယှဉ်လျှင် မနေ့ညက ဒေါသကြောင့် မူးမေ့လဲသွားသည်ဟု သူယုံကြည်၏။အကောင့်မှားပြီးတင်သည့်အပြင် သူ့ညီဆီက supportခံရသည်။နှစ်ခါသေရခြင်းပင်။


အားး...


အဖြစ်မှန်ကို မရင်ဆိုင်ဘဲ မူးလဲသွားရင်ပိုကောင်းမည်။


အန်းရန်ကိုပင် မျက်နှာမပြချင်ပေ။ မနက်ခင်း သွားပြေးမည်ဟု အန်းရန်ဆီ မက်ဆေ့ခ်ျပို့လိုက်ပြီးနောက်ရေကူးကန်ထဲ ခုန်ချလိုက်သည်။


မနက်စောစော ရေကူးကန်၏ အေးမြသည့်ရေက နောက်ဆုံးမှာ သူ့အရှက်ကို အနည်းငယ် လျော့ပါးသွားစေ၏။ သူက ရေကန်ကို မှီပြီး မျက်နှာကို သုတ်လိုက်သည်။ရိုက်ကူးရေးအဖွဲ့မှ တစ်လခွဲကြာ အဝေးရောက်နေသော ထုတ်လုပ်သူခေါင်းဆောင်က ရေချိုးဝတ်စုံဖြင့် ရောက်လာခဲ့သည်။


သူ့ကိုမြင်သောအခါ ထုတ်လုပ်သူခေါင်းဆောင်က ရယ်၏။ 

"ဟားဟားဟား…"


"အေးအေးဆေးဆေးလုပ်ပါ... ကျွန်တော် ရိုက်ကွင်းကိုသွားလိုက်ဦးမယ်" 

ချီရှင်းချန် အခင်းဖြစ်ပွားရာနေရာမှ အမြန်ထွက်ပြေးလာခဲ့သည်။


ပြန်သွား၍ ရေချိုး၊အဝတ်အစားလဲပြီး ကားထဲဝင်လိုက်သည်။အန်းရန်က ဆင်းမလာသေးပေ။ချီရှင်းချန် သူ့ထိုင်ခုံမှာ ထိုင်ပြီး ပတ်ပတ်လည်ကို လှမ်းကြည့်လိုက်သည်။


ချက်ခြင်းပင်၊ လောင်ချင်၏လက်ထဲတွင် သတင်းစာအနည်းငယ်ကို သူတွေ့လိုက်ရသည်။ သတင်းစာများတွင် ရိုက်နှိပ်ထားသော ပုံများသည် အလွန်ရင်းနှီးနေသည်။


"ဦးလေးချင်" 

 ချီရှင်းချန်က မေးလိုက်သည်။

"ဘာလို့ သတင်းစာတွေ ဒီလောက်အများကြီးဝယ်တာလဲ"


လေင်ချင်: "အိုး... အမျိုးသားရေးကိစ္စတွေကို အာရုံစိုက်ချင်တယ်"


ချီတုံချတုံပြန်ဖြေမှုကြောင့် ချီရှင်းချန် တစ်ခုခုမှားနေပြီဟု ခံစားလိုက်ရသည်။ ထပြီး အဝတ်အစားလဲဟန်ဆောင်လိုက်သည်။


ထို့နောက် လျင်မြန်သော တုံ့ပြန်မှုဖြင့် သတင်းစာကို လုယူခဲ့သည်။


သေချာသည်ပင်၊ မြို့သတင်းသတင်းစာ၏ လူမှုသတင်းကဏ္ဍမှာ စာမျက်နှာတစ်ဝက်သည် မနေ့က ကမ်းခြေပလာဇာမှာ ဖြစ်ပျက်ခဲ့သည့် ထူးဆန်းသောအရာတွေကို ရည်ညွှန်းထား၏။


နောက်မနက်ခင်းသတင်းစာကလည်း ထိုအတိုင်းပင်။


နောက်ဘဝသတင်းစာကလည်း ထိုအတူပင်။


နောက် Metropolis News Express မှာလည်း အလားတူပါပင်။


မိုးပျံပူဖောင်းများ၊ မျက်စိဖမ်းစားဖွယ်စာတန်းနှစ်ခုနှင့် နှင်းဆီပွင့်ချပ်များကို စိတ်ကူးနိုင်သလောက်ကြီးသော ဖောင့်ဖြင့် သတင်းစာပေါ်တွင် ရိုက်နှိပ်ထားသည်။



ယင်းကတစ်ခုလျှင် 50 ဆင့်ရှိပြီး ဈေးနှုန်းလည်း သက်သာသည်။ မနက်စာစားရန် သို့မဟုတ် မနက်ပိုင်း လေ့ကျင့်ခန်းလုပ်ရန် ထွက်လာသူတွေက ဝယ်ပြီး သူတို့မိသားစုဆီ ယူသွားကြသည်။


တိုတိုပြောရလျှင် H City မှာရှိသည့် နိုင်ငံသား လေးပုံတစ်ပုံက သူ့ကို သိပြီးသားဖြစ်ကုန်သည်။


ချီရှင်းချန် နောက်ဆုံးတွင် ထွက်ပြေးခြင်းသည် အသုံးမဝင်ကြောင်း နားလည်ခဲ့သည်။ သူအချိန်ကိုကြည့်လိုက်၏။ ခုနစ်နာရီထိုးနေပြီဖြစ်၏။ သူက လောင်ချင်ကိုခေါ်လိုက်သည်။


"အန်ကယ်ချင်...ရေဒီယိုဖွင့်ပြီး H City ချန်နယ်ကိုပြောင်းပေးပါ"


လောင်ချင် ဖွင့်လိုက်သောအခါ ချိုမြိန်သည့် အမျိုးသမီးအသံ ထွက်လာ၏။ 

"မနေ့က တချို့မြို့သူမြို့သားတွေက ချီရှင်းချန် လို့အမည်ရတဲ့ နာမည်ကျော်တစ်ဦးကို မိုးပျံပူပေါင်းတွေ၊ ဆိုင်းဘုတ်တွေချိတ်ဆွဲပြီး ပန်းပွင့်ချပ်တွေကို ဖြန့်ကြဲခြင်းဖြင့် သူတို့ရဲ့ချစ်ခြင်းမေတ္တာကို ဖော်ပြခဲ့ကြပါတယ်... ဒီနေရာမှာ မြို့တော်ကောင်စီကိုယ်စား၊ ဒီလူတွေလိုမဟုတ်ဘဲ နာမည်ကြီးတွေနောက် လိုက်တဲ့အခါ ဆင်ခြင်တုံတရားရှိဖို့ လူတိုင်းကို သတိပေးချင်ပါတယ်ရှင်"


"..." 

ချီရှင်းချန် အသက်ပြင်းပြင်းရှူလိုက်သည်။


"ဘက်ဂျက်ခရီးသွားကြမယ်" ဇာတ်ကားရိုက်ကူးစဉ်တွင် ပိုင်ရဲ့ကို လူမှုကွန်ရက်တွင် ပါဝင်လာမည်ဟု သူကအရွှန်းဖောက်ပြောဆိုခဲ့သော်လည်း ၎င်းတွင် ပထမဆုံးပါဝင်မည့်သူက သူဖြစ်မည်ဟု မမျှော်လင့်ထားပေ။


ခက်ခဲလွန်းတယ်... သူ့အတွက် အရမ်းခက်ခဲတယ်...


Weibo သည် သဘာဝဘေးအန္တရာယ်တစ်ခု ဖြစ်လာနိုင်ဖွယ်ရှိသည်။ နောက်ဆုံးတွင် မနေ့က ကမ်းခြေပလာဇာမှာ လူတွေ အများကြီးရှိခဲ့သည်မဟုတ်ပါလော။တစ်စုံတစ်ယောက်က ၎င်းကို မလွဲဧကန် အွန်လိုင်းပေါ်တွင်တင်ခဲ့သည်။


သူ ဆယ်နာရီကျော်ကြာ မထိခဲ့သော Weibo အက်ပ်ကို ဖွင့်လိုက်သည်။ သူ ရှန့်ယွီလျန် တောင်းပန်စာတင်ထားသည်ကို အရင်ဆုံးကြည့်လိုက်၏။


ရှန့်ယွီလျန် လူသိရှင်ကြား တောင်းပန်ရမည်ဟုခြိမ်းခြောက်ခံရကြောင်း သံသယရှိသူ အနည်းငယ်မျှ ရှိသော်လည်း လူအများစု၏ မှတ်ချက်များသည် ဆင်ခြင်တုံတရားရှိနေကြဆဲဖြစ်သည်။


[မနေ့က ငါညီလေးချီကျားကျစ်ကို ကြိမ်းမောင်းခဲ့တယ်...ငါ သူ့ကို တောင်းပန်ပါတယ်...သူမြင်နိုင်မယ်လို့ မျှော်လင့်ပါတယ်]


[ကျွန်တော်က ချီကျားကျစ်ရဲ့ အတန်းဖော်ပါ... မနေ့ နေ့လယ်က ကျောင်းက စစ်ဆေးပြီး...သူ့မှာ ထောင်ရွှမ်ကို ထိခိုက်စေလိုတဲ့ ရည်ရွယ်ချက် မရှိတဲ့အကြောင်းတွေ့ခဲ့တယ်]


[အသုံးအနှုန်းကနေ ဒီ Weibo ပို့စ်ကို စိတ်လိုလက်ရ တင်ခဲ့တာကို တွေ့နိုင်တယ်...လူတချို့က ပူးပေါင်းကြံစည်မှုသီအိုရီတွေဘာတွေပြောတာ ရပ်တန့်သင့်တယ်... သူက အထက်တန်းကျောင်းသားလေးပဲလေ... မင်းတို့ကိုသူဘာလုပ်ခဲ့လို့လဲ]


[အားးး... အခု အထက်တန်းကျောင်းသားတွေအကုန်လုံးက ဒီလောက်ချောနေကြပြီလား..ယသူတို့ ဘာစားပြီးကြီးလာခဲ့လဲ...awsl!]

(T/N–awsl=Ai Wo Si Le=အား ငါတော့ သေပါပြီ)


မှတ်ချက်များကိုမြင်သောအခါ ချီရှင်းချန် အနည်းငယ် စိတ်သက်သာရာရသွားသည်။ မူရင်းဇာတ်လမ်းတွင် အာရုံကြောများ ယိုယွင်းပျက်စီးကာ မိမိကိုယ်ကိုယ် သတ်သေသလိုဖြစ်ခဲ့သော သူ၏ညီဖြစ်သူသည် အနည်းဆုံး အသက်ရှင်နေထိုင်နိုင်ခဲ့သည်။


ထို့နောက် ခေတ်စားနေသော ရှာဖွေမှုများကို ဖွင့်ခဲ့သည်။ သူ့စိတ်က လျှင်မြန်စွာ ပြောင်းလဲသွားသည်။ သူ့ညီ၏အသက်ကို သူ့လက်နှင့်အဆုံးသတ်နိုင်ရန် သူဆန္ဒရှိခဲ့၏။


ယေဘုယျအားဖြင့်၊ဆယ်လီပေါက်စများအတွက် ခေတ်စားနေသော ရှာဖွေမှုစာရင်းတွင် ပါဝင်ရခြင်းသည် အလွန်အထင်ကြီးစရာကောင်းသည်။ချီရှင်းချန်က ထူးခြားသည် —


စာရင်း၏အလယ်တွင်၊ "စောက်ရမ်းချောတဲ့ချီရှင်းချန်" နှင့် "ပန်းတွေဝေနေတဲ့ချီရှင်းချန်" ဟူသော စကားလုံးများကို တစ်ခုနှင့်တစ်ခု သပ်သပ်ရပ်ရပ် ကပ်လျက်နေရာချထားသည်။



၎င်းကို နှိပ်လိုက်သည်။


[ဒါက တစ်နှစ်တာ ပေါကြောင်ကြောင်အနိုင်ဆုံးသတင်းအတွက် လျှောက်ထားဖို့ လုံလောက်လား]


[တစ်နှစ်တာအတွက် မလုံလောက်ပေမဲ့ တစ်လတာအတွက် သေချာပေါက် လုံလောက်တယ်]


[23333 စောက်ရမ်းချောတဲ့ချီရှင်းချန် ...ငါ bannerကိုစခရင်ရှော့ရိုက်ပြီး လော့ခ်စခရင်အဖြစ်သုံးလိုက်ပြီ]

(T/N-23333=Lol)


[ချီရှင်းချန်

ရဲ့ဓာတ်ပုံကိုမြင်ပြီးတဲ့နောက်၊ ဖြတ်သွားဖြတ်လာတွေက "စောက်ရမ်းချောတာ"မှန်တယ်လို့ သဘောတူကြတယ် (သွားရည်ယို)]


(ရှာဖွေမှုစာရင်းမှာ)ဘယ်သူအပေါ်ရောက်ပြီး ဘယ်သူကအောက်ရောက်သွားသည့်နှင့်ပတ်သတ်၍ မကျေမနပ်ဖြစ်နေသည့် ပရိသတ်တွေပင် ရှိခဲ့၏။ အချင်းချင်း ရန်ဖြစ်ကြပြီး သူတို့အားပေးသည့်လူကို ထိပ်ဆုံးအထိ တွန်းပို့ရန် ကြိုးစားနေကြ၏။