အပိုင်း ၆၇
Viewers 28k

Chapter 67



တဝေက လူဖြူမော်ဒယ်ဖြစ်၏။ သူက အရပ် ၁.၉ မီတာနီးပါးရှိပြီး ထွားကျိုင်းသော အသွင်အပြင်ရှိသည်။


သူက အတော်လေးအတွေ့အကြုံရှိပုံပေါ။ ကင်မရာကို မျက်နှာမူပြီးနောက် ရှပ်အင်္ကျီကို ရုတ်တရက် ချွတ်လိုက်ပြီး သန်မာသော ကြွက်သားများကို ပေါ်လွင်စေသည်။


သူက ရေမွှေးကို ငုံ့ကာ ကောက်ယူပြီး ရေချိုးကန်ဘက်သို့ ခြေလှမ်းလှမ်းလိုက်သည်။ သူက ကုန်ပစ္စည်းကိုပြသရန် ရေချိုးကန်၏အစွန်းတွင် ဦးစွာထိုင်ပြီးနောက် ရေချိုးကန်ထဲတွင် ကိုယ်လုံးတီးဖြင့် လှဲနေလိုက်သည်။ သူ၏ ဝမ်းဗိုက်ကြွက်သားတွေက စိုစွတ်နေပြီး အတော်လေးဆက်စီကျနေ၏။


တဝေ၏ပြသမှုက ပရော်ဖက်ရှင်နယ်အရှိဆုံးဖြစ်သည်မှာ သေချာလေသည်။ သူ၏ နက်ရှိုင်းသော မျက်နှာအသွင်အပြင်နှင့် ဆွဲဆောင်မှုရှိသည့်ခန္ဓာကိုယ်နှင့် တွဲပြီး အမျိုးသမီးသုံးစွဲသူ အများအပြားကို ၎င်းအတွက်ပိုက်ဆံသုံးရန် ဆွဲဆောင်နိုင်ဖို့ရာလုံလောက်၏။



"နောက်တစ်ယောက် မစ္စတာဝေ"


ဝေချင်က ခေါင်းအသာညိတ်သည်။တဝေက သူ့ရေမွှေးကို ပေးချင်ပေမဲ့ ငြင်းပြီး နောက်ထပ်တစ်ပုလင်းကို ကောက်ယူလိုက်၏။


သူ၏အပြုအမူကြောင့် ဝေချင် ပို၍တသီးတသန့်ဆန်သည်ကို တွေ့နိုင်သည်။ ထုတ်ကုန်ကိုဖော်ပြရာမှာ သူက တဝေ နှင့် လုံးဝကွဲပြားသည်။ သူ့အဝတ်အစားတွေကို မချွတ်ဘဲ ရေမွှေးပုလင်းနှင့် ရေချိုးကန်ထဲမှာ ကပြခဲ့သည်။


ပထမတော့ ငြိမ်သက်သည်၊ နောက်ပိုင်းမှာ ပြင်းပြလှိုက်ဖိုသည်၊ထို့နောက် ပြန်ငြိမ်သက်သွားသည်။မာယာရှင်ရေသူ၏ နိုးထခြင်း၊ လှုပ်ရှားခြင်း၊၎င်းနောက် ပြန်လည်အိပ်စက်ခြင်းဖြစ်စဉ်တစ်ခုလုံးနှင့် တူသည်။


နောက်ဆုံးမှာ သူ့အဝတ်အစားတွေက အနည်းငယ်စိုနေပေမဲ့ သူ ဂရုမစိုက်ပေ။ သူက အပြုံးနဲ့ ရေမွှေးပုလင်းကို ကိုင်ထားခဲ့သည်။ဤရတနာကို သူရှာတွေ့ပြီဖြစ်၍ သူ့ခန္ဓာကိုယ်ပေါ်ရှိ အကြေးခွံတွေကို စိတ်ပူစရာမလိုပေ။


စွမ်းဆောင်ရည်ပိုင်းဖြစ်စေ သို့မဟုတ် နည်းပညာဆိုင်ရာ အကြောင်းအရာများဖြစ်စေ ၎င်း၏ ဒီဇိုင်းသည် ပြီးပြည့်စုံမှုနှင့် နီးစပ်နေသည်။


ချီရှင်းချန် မျက်မှောင်ကြုတ်လိုက်သည်။


အန်းရန်က သူ့ခံစားချက်တွေကို ခံစားသိပြီး အသံတိုးတိုးဖြင့်နှစ်သိမ့်၏။

"စိတ်မလှုပ်ရှားပါနဲ့...အကောင်းဆုံးလုပ်ပါ"


သူမက ထိုသို့ပြောပေမဲ့ ချီရှင်းချန် သူ့မှာ ဘာမျှော်လင့်ချက်မှ မရှိဘူးဆိုသည်ကို သိ၏။ဝေချင်က ကျော်ကြားပြီး အစွမ်းထက်သည်။


"ကောင်းပြီ... အကောင်းဆုံးလုပ်မယ်"


"အကောင်းဆုံးလုပ်" ဆိုသည်ကို သူဘယ်တုန်းကမှ မကြိုက်ခဲ့ပေ။


Camille က သူ့ကို အမြန်လက်ညှိုးထိုးပြ၏။ချီရှင်းချန်က အသက်ပြင်းပြင်းရှူပြီး မာယာရှင်ရေသူ၏ လက္ခဏာများကို တွေးတောလိုက်သည်။


မာယာရှင်ရေသူက တစ်ခါတစ်ရံ အပြစ်ကင်းပြီး တစ်ခါတစ်ရံ ဆိုးသွမ်းသည်။ ဖြူစင်ပြီး ဆွဲဆောင်မှုအပြည့်ရှိသည်။ ကြိုတင်မှန်းဆ၍မရပေမဲ့ အနားကို မချဉ်းကပ်သွားဘဲလည်းမနေနိုင်ဖြစ်စေသည်။


သူက သူ့ရေမွှေးကို အဖြူရောင်လမ်းအလယ်မှာ ထားခဲ့ပြီး အစမှတ်ကို ပြန်သွားကာ ဒါရိုက်တာကို စ၍ရပြီဖြစ်ကြောင်းလက်ဟန်ပြလိုက်သည်။


Camille က ချီရှင်းချန်၏ စွမ်းဆောင်ရည်ကို ကင်မရာမှတဆင့် စောင့်ကြည့်ခဲ့သည်။ သူက အေးအေးဆေးဆေး လမ်းလျှောက်ပြီး လမ်းအလယ်မှ ရေမွှေးကို ကောက်ယူလိုက်သည်။ကလေးတစ်ယောက်ကဲ့သို့ စူးစမ်းချင်စိတ်ဖြင့် ခဏတာ ကစားကာ ရတနာတစ်ခုလို ဆုပ်ကိုင်ပြီး ရှေ့သို့ ဆက်လျှောက်ခဲ့သည်။


Camille က ဒါရိုက်တာကို တိုးတိုးမေးလိုက်သည်။ "အဆင်ပြေလား"


"ချီရဲ့ ထိန်းချုပ်မှု နဲ့ ကင်မရာ အာရုံခံစားမှုက ကောင်းပေမဲ့ ဝေလောက်တော့ ကောင်းတယ် မထင်ဘူး"


"အင်း…"

Camille က မသေချာပုံရသည်။

"သူကအဲဒီထက်ပိုတယ်လို့ ကျွန်မခံစားရတယ်"


သူမထိုစကားပြောပြီးသည့်နောက်၊ချီရှင်းချန်က ကင်မရာကို နောက်ကျောပေးကာ ရေချိုးကန်ဆီသို့ လျှောက်သွားနေပြီဖြစ်သည်။


တခြားနှစ်ယောက်လိုပဲ ရေချိုးကန်ထဲကို ရေမွှေးထည့်တော့မည်ဟု လူတိုင်းက တွေးလိုက်ချိန်မှာပဲ-


သူက ဘယ်လက်ကို မြှောက်လိုက်ပြီး ရုတ်တရက် လွှတ်ချလိုက်သည်။ လေးလံသော ရေမွှေးပုလင်းက ကြမ်းပြင်ပေါ်သို့ ကျသွားသည်။ အရည်များနှင့် ဖန်အမှုန်အမွှားများသည် နေရာအနှံ့ ပြန့်ကျဲနေသည်။


ထို့နောက် ပြန်လှည့်ကာ ကင်မရာကို တိုက်ရိုက်ကြည့်ကာ ပြုံးလိုက်သည်။ သူ့အသားအရည်က နှင်းဖြူရောင်၊ နှုတ်ခမ်းကနီရဲနေပြီး ကျီးကန်းအမွေးလို အနက်ရောင် မျက်တောင်တွေက ပယင်းမျက်လုံးများ၏တစ်ဝက် ဖုံးအုပ်ထား၏။


သူ့မျက်တောင်များမှ အလင်းများ ဖြာထွက်လာပြီး သူက လျှို့ဝှက်ဆန်းကြယ်ပြီး ကလူမြူတတ်ပုံရသည်။


လက်ရှိသူသည် လွန်ခဲ့သော စက္ကန့်အနည်းငယ်က နုံအပြီး အပြစ်ကင်းသော သူနှင့် လုံးဝခြားနားသော လူတစ်ယောက်ဖြစ်သည်။


အေးစက်သောအလင်းရောင်အောက်တွင် သူ့အပြုံးများက ရင်ခုန်စိတ်လှုပ်ရှားစရာကောင်း၏။ Camille ခဏတာ မှင်တက်သွားသည်။


သူမ မတုံ့ပြန်ခင်မှာ ချီရှင်းချန်က ရေချိုးကန်၏အစွန်းကို နင်းပြီး မွှေးရနံ့တစ်ခုနှင့်အတူ ရေချိုးကန်ထဲကို ခုန်ဆင်းသွား၏။


အပြစ်ကင်းစင်သော ထိုလူငယ်၊ ဆွဲဆောင်မှုရှိသော ထိုလူငယ်လေးသည် စက္ကန့်ပိုင်းအတွင်း သူမ၏မြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့သည်။


သူပိုင်သင့်ပိုင်ထိုက်သောအရပ်သို့ ပြန်လေ၏။


အစစ်နှင့်အတုကို ခွဲခြား၍မရသော ပုံသဏ္ဌန်တစ်ခုနှင့် ရုပ်ရှင်တစ်ပိုင်းသာ ကျန်ရစ်ခဲ့သည်။


အားလုံးက စိတ်ပျက်လက်ပျက် သက်ပြင်းချမိခြင်း မထိန်းလိုက်နိုင်။ အဆုံးမှာ အန်းရန်က ပထမဆုံး တုံ့ပြန်ခဲ့ဓ။


သူမက သူမ၏ပေါင်ကို ရိုက်လိုက်သည်။ 

"ဘုရားရေ...ရေနစ်နေတယ်လို့တော့ မပြောနဲ့"


သူမက အမြန်ပြေးသွား၏။


ချီရှင်းချန်က ရေချိုးကန်အောက်ခြေတွင် သူ့လက်နှစ်ဖက်ကို ထောက်ထားသည်။ သူ့အဆုတ်တွေ ပေါက်ကွဲတော့မည်။အန်းရန်က သူ့ကို ဆွဲမလိုက်ပြီး သူလတ်ဆတ်သည့်လေကို ခပ်မြန်မြန် ရှူလိုက်ရ၏။ သူ ပဟေဠိဖြစ်သွားသည်။ 

"ကဒ်လို့ ပြောလိုက်တယ်လား...ဘာလို့မကြားရတာလဲ"


"...ဒါက audition တစ်ခုလေ... တရားဝင်ရိုက်တာမဟုတ်ဘူး...ဘာကဒ်လဲ" 


အန်းရန် အတွေ့အကြုံမရှိသော အသစ်စက်စက်လေးကို ကူညီပေးခဲ့ပြီး ဂရုတစိုက် သတိပေးခဲ့သည်။ 

"ဖန်ကွဲစတွေကို သတိထား"


ချီရှင်းချန်က ဖန်ကွဲစများကို ကျော်လျှောက်သွားသည်။ လက်တစ်ဖက်က သူ့ကို ရေချိုးသုတ်ပုဝါ ပေးလာ၏။ သူယူ၍ မော့ကြည့်လိုက်ရာ Camille ပါပင်။


"ကိုယ့်ကိုကိုယ် သေချာသုတ်ပါ...တရုတ်ပြည်မှာ ညက အရမ်းအေးတယ်"


Camille အတွက်လက်ထောက်က ဘာသာပြန်ပေးသည်။

"ရေမွှေးကို ဘာလို့ လွှင့်ပစ်လိုက်တာလဲလို့ မေးလို့ရမလား"


"ပင်လယ်နတ်ဆိုးကို ပြင်ပကဘယ်အရာကမှ ထိန်းချုပ်နိုင်မှာ မဟုတ်ဘူး..." 


ချီရှင်းချန်က ချက်ချင်းပြောသည်။ 

"ပင်လယ်တစ်ခုလုံးကို သူပိုင်တယ်...ပင်လယ်အောက်ခြေက မှော်သေတ္တာကို သူ ထိန်းချုပ်ချင်နေတယ်ဆိုလည်း...သူလုပ်ချင်တာမှန်သမျှ လုပ်နိုင်တယ်"


Camille က ခေါင်းညိတ်ပြပြီး သရုပ်ဆောင် သုံးယောက်ကို စတူဒီယိုထဲက လိုက်ပို့ရန် လက်ထောက်ကို ခိုင်းလိုက်၏။


ကားပေါ်မတက်ခင်မှာ အန်းရန်ကဘမနေနိုင်ဘဲ လက်ထောက်ကို မျက်စိမှိပြပြီးမေးလိုက်သည်။

"Miss Camille က ကျွန်မတို့ရဲ့ စွမ်းဆောင်ရည်ကို ကျေနပ်ပါသလား...ကျွန်မတို့ ရွေးချယ်ခံရမယ်လို့ ရှင်ထင်လား"


လက်ထောက်က ဗျူရိုကရေစီလေသံနှင့်ပြော၏။ "မန်နေဂျာက ဘာကိုဆိုလိုမှန်း မှန်းလို့မရပါဘူး... ရွေးချယ်ခံရသည်ဖြစ်စေ၊ မရွေးချယ်သည်ဖြစ်စေ မင်းတို့ကို အမြန်ဆုံးအကြောင်းကြားမှာပါ"


"အိုကေ... ဒုက္ခပေးမိလို့ တောင်းပန်ပါတယ်။ ကျေးဇူးတင်ပါတယ်"



အန်းရန်က လက်ထောက်ကို ကျေးဇူးတင်ပြီး ကားတံခါးကို ပိတ်လိုက်၏။ သူမ၏ မျက်နှာငယ်လေးက လျင်မြန်စွာညှိုးကျသွားသည်။ ခဏနေသောအခါ ဘရန်းငယ်လေးတစ်ခု၏ထောက်ခံမှုကို လုယူချင်နေသည့် ဝေချင်၏ မိုက်မဲသော စိတ်ကူးကို သူမ ညည်းညူလေသည်။ နောက်အခိုက်အတန့်မှာ ကုန်ပစ္စည်းမန်နေဂျာက ပြင်သစ်လူမျိုးဖြစ်သည်က ကံကောင်းသည်ဆိုကာ သက်ပြင်းချ၏။သူတို့က ထောက်ခံသူများကို ရွေးချယ်သောအခါ ပို၍နာမည်ကြီးသူများ မဟုတ်ဘဲ ပိုသင့်လျော်သောသူများကို ရှာရန် နှစ်သက်သည်။


သူမ သူ့ကို ငြီးတွား၍ပြီးသောအခါ ချီရှင်းချန်က တောင်တစ်လုံးကဲ့သို့ပင် မလှုပ်မယှက်ရှိနေကြောင်း သူမ သတိထားမိလိုက်သည်။ ကားပေါ်ကနေ စောင်တစ်ထည်ကို ဆွဲယူပြီး သူ့ခြေထောက်တွေကို ခြုံပေးလိုက်၏။

"အေးနေလား...ငါကြိုသိခဲ့ရင် အဝတ်အစားတွေ ထပ်ယူလာခဲ့ပါတယ်"


"အဆင်ပြေပါတယ်... မအေးပါဘူး"


"ဘာလို့စိတ်မကောင်းတာလဲ"


"ကျဲပဲပြောတာ...အကောင်းဆုံးလုပ်ရင်ရပြီဆိုပြီး" 

ချီရှင်းချန်က မျက်ခုံးပင့်လိုက်သည်။ 

"ကျွန်တော် အကောင်းဆုံး လုပ်ပြီးသွားပြီ...ကျန်တာတွေကတော့ Après အလိုအတိုင်းပါပဲ"


"…"

အန်းရန် ဆို့နင့်သွားသည်။ 


"ရှင်းရှင်း နင့်ရဲ့ စိတ်ဓာတ်က အသက်နဲ့ လုံးဝ မလိုက်ဖက်ဘူး... ဒါပေမဲ့ ဒီနေ့ နင့်ရဲ့ စွမ်းဆောင်ရည်က တကယ်ကို အံ့သြစရာကောင်းတယ်... နင်ရွေးချယ်ခံရဖို့ ဖြစ်နိုင်ခြေက အနည်းဆုံး 50% လို့ ငါထင်တယ်...စိတ်မကောင်းစရာက ရေမွှေးပုလင်းကို တဝေ နဲ့ ဝေချင်တို့က ပြန်ယူသွားလို့ရပေမဲ့ ငါတို့ဟာက အပိုင်းပိုင်းအစိတ်စိတ် ကွဲသွားတာပဲ"


ဓာတ်ခွဲခန်းမှ နောက်ဆုံးပေါ်ရေမွှေး၏ ပထမအသုတ်သည် အမှန်တကယ်ပင် ပြန်ယူရကျိုးနပ်လေသည်။ချီရှင်းချန် မနေနိုင်ဘဲ ရယ်လိုက်သည်။


သို့ပေမဲ့ စိတ်မကောင်းစရာဟု သူ မခံစားရပေ။


ပိုင်ရဲ့ ဘာကြိုက်လဲ သူသိသည်။


.


ဟိုတယ်သို့ပြန်ရောက်ပြီး ရေချိုးပြီးနောက်၊ချီရှင်းချန် သူတကယ်လှည့်စားခံလိုက်ရကြောင်း သိလိုက်ရသည်။ သူ့နှာခေါင်းက အနည်းငယ် မွန်နေပြီး ခေါင်းမူးနေသည်။


မနက်ဖြန် ရိုက်ကူးရေးကို မထိခိုက်စေချင်သောကြောင့် အန်းရန်ကို ဆေးပို့ပေးရန် ဖုန်းဆက်လိုက်၏။


အန်းရန်က ဂျင်းအနည်းငယ်ကို ဝယ်ပြီး ရေခဲသေတ္တာထဲ ထည့်ထားသည်။ချီရှင်းချန် ဆေးသောက်ပြီးနောက် သူမက ဂျင်းပြုတ်ရည်ကို ထုတ်ကာ ကုတင်ဘေးစားပွဲပေါ် တင်လိုက်သည်။ "ပူတုန်းလေး သောက်"


ချီရှင်းချန်: "…"


"မြန်မြန်လုပ်... အေးရင် အကျိုးသက်ရောက်မှာ မဟုတ်ဘူး"


"... ဂျင်းပြုတ်ရည်အရသာကို မကြိုက်ဘူး"


အန်းရန် ချီရှင်းချန် မကြိုက်သောအရာကို တွေ့ရှိခဲသောကြောင့် သူမချက်ချင်း စိတ်လှုပ်ရှားလာသည်။ ကုလားထိုင်ကိုဆွဲကာ ကုတင်ရှေ့တွင်ထိုင်လိုက်သည်။ 

"သောက်ရမယ်...မဟုတ်ရင် မနက်ဖြန်ဆို ပိုဆိုးလိမ့်မယ်"


"မနက်ဖြန်" ဟုပြောသောအခါ ချီရှင်းချန် စိတ်ဓာတ်ကျသွားသည်။ ပန်းကန်ကို ကောက်ယူပြီး ဟင်းရည်ကို ပါးစပ်ထဲသို့ တစ်ငုံချင်းလောင်ထည့်သည်။


အန်းရန်က သူ့ဖုန်းကို စစ်ရင်း သူ့ကို စောင့်ကြည့်နေသည်။ ခဏအကြာတွင် သူမက ထအော်၏။


ချီရှင်းချန် ပန်းကန်လုံး ပြုတ်ကျလုမတတ်။ သူ အံ့သြသွား၏။ 

"ဘာကြည့်နေတာလဲ"


"ရဲ့ကော...ရဲ့ကောက နင့်ကိုမန်းရှင်းခေါ်ထားတယ်... မြန်မြန်Weibo ပေါ်တက်"



ပိုင်ရဲ့က သူ့ကိုဘာလို့မန်းရှင်းခေါ်တာလဲ...

ချီရှင်းရှန် ရှက်ပြီး တစ်နေကုန် မကိုင်ရသော Weibo ကို အမြန်ဖွင့်လိုက်သည်။


ရှင်းလင်းနေသော ပင်မစာမျက်နှာ၏ ထိပ်တွင်-


— — ပိုင်ရဲ့: ချီရှင်းချန် ဈေးနှုန်းကို ဆွေးနွေးကြည့်ရအောင်။


[ရုပ်ပုံ]


ပုံမှာ တုန်ချန်ဂီတပွဲတော်အတွက် ဖြတ်ထားသော ဆင်ဆာအုပ်ထားသည့်လက်မှတ်နှစ်စောင်ဖြစ်သည်။ချီရှင်းချန်၏ နှလုံးက တစ်စက္ကန့်ကို အကြိမ် 80 နှုန်းနှင့် ခုန်လာ၏။

(😳)


နဖူးတွင် ချွေးအလွှာပါး ပေါ်လာသည်။အာနိသင်က ဂျင်းပြုတ်ရည်ထက် ပိုမြန်၏။


သူလက်မှတ်တောင်းတယ်ဆိုတာ ဘယ်တုန်းက သိသွားတာလဲ...


ဘယ်သူ့ကို ကြည့်ချင်တာမှန်းရော သူသိလား...


ချီရှင်းချန် စိတ်ထဲမှာ မေးခွန်းတွေ အများကြီး ထွက်လာသည်။ သူက ပိုင်ရဲ့၏ WeChat ကို အမြန်ရှာပြီး လက်မကို ကီးဘုတ်ပေါ်မှာ တင်လိုက်သည်။


နောက်တစ်စက္ကန့်တွင် အခန်းထဲတွင် လူတစ်ဦးရှိနေသည်ကို သတိရသွားသည်။


သူက ဂျင်းပြုတ်ရည်ပန်းကန်ကို ကိုင်ပြီး တစ်ကျိုက်တည်း ကုန်အောင်သောက်လိုက်သည်။ "ပြီးပြီ အစ်မအန်းရန်...ပြန်လို့ရပြီ"


အန်းရန်: "???"


ကြိတ်ဆုံကျောက်မှ လွတ်တာနဲ့ မြည်းကို သတ်ရောလား...နင်က လယ်ထွန်ပြီးနွားသတ် ဘုရားပြီး ငြမ်းဖျက်လုပ်နေတာလား...


သူမ စိတ်ဆိုးနေသည်ကိုမြင်တော့ ချီရှင်းချန်က သူမကို ချော့ရန် ကြိုးစားခဲ့၏။

"တွေ့လား...လက်မှတ်နှစ်စောင် ရှိတယ်...ကျဲကို တစ်စောင်ပေးမှာ"

 

အန်းရန်က နောက်ဆုံးတွင် ကျေနပ်သွားပြီး စိတ်ငြိမ်သက်စွာ ထွက်ခွာသွားခဲ့သည်။


သူမ တံခါးကို လုံးဝပိတ်လိုက်သောအခါ၊ ချီရှင်းချန် စောင်အောက်ထဲ တိုးဝင်လိုက်ပြီး လက်မနှင့်စာရိုက်လိုက်သည်။ 

[လက်မှတ်တွေက ကျွန်တော့်အတွက် တကယ်ပဲလား!]


ပိုင်: [အင်း...ဟုတ်တယ် ]


ရှင်းရှင်း: [ဘယ်အတန်းလဲ!]


ပိုင် : [ညှိနှုင်းလို့ရတယ်]


ရှင်းရှင်း: [ဘေးလား ဒါမှမဟုတ် အလယ်လား... ကျွန်တော့်ကိုပြလို့ရမလား!]


ပိုင်ရဲ့က သူ့နားထင်တွေကို ပွတ်သပ်လိုက်၏။ [မင်းက ဘာလို့ အာမေဋိတ် အမှတ်အသားတွေ အများကြီး ရိုက်နေတာလဲ]


ထိုမှသာ ချီရှင်းချန် သူ၏ ပထမဆုံးစာကြောင်းသုံးကြောင်းစလုံး အာမေဋိတ်အမှတ်အသားများဖြင့် ဆုံးထားသည်ကို သတိထားမိလိုက်သည်။


သူ စိတ်လှုပ်ရှားနေသည်။သို့ပေမဲ့ ဤသည်က သူ့အပြစ်မဟုတ်ပေ။


လက်မှတ်တွေ ပေးသည့် ပိုင်ရဲ့၏ အမှားဖြစ်၏။


ချီရှင်းချန်: [အာမေဍိတ် အမှတ်အသားတွေက ရိုက်ရတာ လွယ်တယ်]


ပိုင်: [ရုပ်ပုံ]


ပိုင့: [ဘေးပိုင်း No. 12.13. အလယ်ဗဟို အနေအထားက မျက်စိကျစရာကောင်း လွန်းတယ်... မင်းကို မှတ်မိသွားကြမှာကို ငါစိုးတယ်]


"12.13..." 

ချီရှင်းချန် ထိုင်ခုံနံပါတ်ကို ဖတ်ပြီး စောင်ကို ဝမ်းသာအားရ ကန်ထုတ်လိုက်သည်။


S City အားကစားကွင်း၏ ထိုင်ခုံအစီအစဉ်ကို လက်မှတ်ရောင်းသည့်အက်ပ်တွင် သူမြင်ဖူးသည်။ပိုင်ရဲ့က ထိုင်ခုံနံပါတ်ကို သေချာရွေးထားခြင်းဖြစ်၏။ ၎င်းသည် စင်မြင့်တစ်ခုလုံးကိုမျက်ကွယ်များမပါဘဲ ရှင်းရှင်းလင်းလင်းမြင်ရပြီး အာရုံစိုက်မှုကို အလွန်အမင်း မဆွဲဆောင်နိုင်သော နေရာတစ်ခုဖြစ်သည်။



ချီရှင်းချန် နောက်ပြန်လှည့်ကာ လဲလျောင်းသော အနေအထားသို့ ပြောင်းလိုက်သည်။

[ကျွန်တော့်ဆီ ပို့ပေးလို့ရမလား!]


အာမေဋိတ် အမှတ်အသားတွေ ဆက်လာပြန်သည်။ဖန်ငယ်လေးက စိတ်ကောင်းဝင်နေပုံရသည်။ပိုင်ရဲ့လည်း စိတ်ကောင်းဝင်နေသည်။

[အခြေအနေတွေကို သဘောမတူရသေးဘဲ ငါဘာလို့ မင်းဆီပို့ရမှာလဲ?]


အခြေအနေတွေ ... အိုး၊ အဲဒါက "ပထမတန်းက ညှိနှိုင်းလို့ရ"ဆိုတာကိုပြောတာပဲ...

ချီရှင်းချန်က ရက်ရောစွာပြောသည်။

[ပြော ဘယ်လောက်လဲ!]


ပိုင် : [နှစ်ဆလုပ်စရာမလိုပါဘူး...ပိုက်ဆံမလိုချင်ဘူး]


ရှင်းရှင်း: [ဒါဆို ဘာလိုချင်တာလဲ!]


ပိုင်ရဲ့ ခဏလောက်စဉ်းစားပြီး: [မနက်ဖြန် အခမ်းအနားပြီးရင် မင်း ငါ့ကို ညစာကျွေးရမယ်]


ဤစာကြောင်းကို ပေးပို့ပြီးနောက် ပိုင်ရဲ့ ချက်စ်အင်တာဖေ့စ်ကနေထွက်ပြီး တခြားတစ်ခုပြောင်းကာ တုန်ချန်၏ လက်ထောက်မန်နေဂျာထံမှ မေးခွန်းအချို့ကို ပြန်လည်ဖြေကြားခဲ့သည်။


ငါးမိနစ်လောက်ကြာပြီးနောက် သူပြန်ပြောင်းလိုက်သောအခါ ဖန်ငယ်လေးက ဘာမှပြန်မဖြေထားပေ။


စာပို့ရင်း အိပ်ပျော်သွားတာလား...


တစ်ဖက်တွင်မူ ညချီရှင်းချန်က အိပ်မပျော်ရုံတင်မကဘဲ သူသည်ည အိပ်စရာပင် မလိုတော့လောက်အောင် စိတ်လှုပ်ရှားနေခဲ့သည်။


ပိုင်ရဲ့ရဲ့သီချင်းသုံးပုဒ်ကို နားထောင်ပြီး ပိုင်ရဲ့ကို ညစာကျွေးရဦးမယ်...


အိုးမိုင်ဂေါ့...လောကကြီးမှာ ဒီလောက်ကောင်းတဲ့အရာ ဘယ်လိုရှိနိုင်မှာလဲ...


ချီရှင်းချန် ပြန်ငြိမ်သက်သွားပြီး စာရိုက်ခဲ့သည်။

[အိုကေ!]


ပိုင် : [မနက်ဖြန် မင်းမရောက်လာခင် အားလွင်ကိုပြောလိုက်... လက်မှတ်လာပို့ပေးလိမ့်မယ်]


ဆုံမည့်နေရာကို အပြီးသတ်သတ်မှတ်ပြီးနောက် ပိုင်ရဲ့ အလုပ်သွားလုပ်ခဲ့သည်။ချီရှင်းချန် သူ့လက်မှတ်ကို အချိန်အကြာကြီး စိုက်ကြည့်ရင်း ရုတ်တရက် တစ်ခုခုကို သဘောပေါက်သွားသည်။


တကယ်တမ်းတွင် ပိုင်ရဲ့က Weibo မှာ တင်စရာမလိုပါချေ။ သီးသန့်ပေးပို့ခြင်းနှင့် Weibo တွင် ပေးပို့ခြင်းကြားတွင် ကွာခြားမှုမရှိပါချေ။


ပိုင်ရဲ့ သူက အခြေအနေကို အခွင့်ကောင်းယူနေခြင်းမဟုတ်ကြောင်း haterများကို အသိပေးရန် သူ့ကို တမင်တကာ မန်းရှင်းခေါ် ခဲ့သည်။


အဓိကဇာတ်ကောင်က လက်မှတ်ကို ဖော်ရွေသောလေသံဖြင့် ပေးပို့ခဲ့သည်။ haterများ ဘာလုပ်နိုင်မည်နည်း။


သူတို့လက်ခံရုံသာနိုင်ခဲ့သည်။


ချီရှင်းချန် ပိုင်ရဲ့၏ Weibo မှတ်ချက်ကဏ္ဍကို ဖွင့်လိုက်သည်။


[ချီရှင်းချန်...မင်းလက်မှတ်ရသွားပြီနော်]


[အားးး...ရဲ့ကောက ရှင်းရှင်းအပေါ် အရမ်းကောင်းတာပဲ...အချစ်စစ်မဟုတ်ဘူးလို့ ဘယ်သူပြောဝံ့လဲ... ကျိုရဲ့ရှင်းချန်အလံက ဘယ်တော့မှ ပြုတ်ကျမှာမဟုတ်ဘူး]


[ညသန်းခေါင်မှာ ခွေးသတ်တာ သည်းမခံနိုင်စရာပဲ(မီးဖိုချောင်သုံးဓား)]


[CPဖန်များ ... ကျေးဇူးပြု၍ ပုတ်စော်နံနေတဲ့ မြေအောက်အကျဥ်းတိုက်ထဲသို့ ပြန်သွားကြပါ...ထပ် ထွက်လာပြန်ပြီ]


CP ဖန်များကို haterများက ဆန့်ကျင်ခြင်းသည် ပုံမှန်ပင်ဖြစ်သည်။ချီရှင်းချန် ညစ်ညမ်းသော စကားလုံးများကို ကျော်သွားခဲ့သည်။ အများစုက သူ့ကို ဂုဏ်ပြုကြ၏။ကြယ်အလင်းတန်းများ၏ မှတ်ချက်များသည် ၎င်းတို့၏ ခင်မင်ရင်းနှီးမှု ထာဝရတည်မြဲပါစေ

ကြောင်း ဆန္ဒပြုထားကြသည်။



သူ၏လက်မှတ်တောင်းထားသည့်အောက်ရှိ မှတ်ချက်များမှာလည်း အလားတူပင်ဖြစ်သည်။


ချီရှင်းချန် ရင်ခုန်သံလှိုင်းတံပိုးတွေထလွန်း၍ စောင်ကို တင်းတင်းကြပ်ကြပ် ပတ်ထားပြီး ခေါင်းကိုသာ ချန်ထားလိုက်သည်။ သူ့ပါးစပ်ကို ဖြီးထားသည်မှာလည်း သူ့နားရွက်ကို ရောက်လုနီးပါးပင်။