အပိုင်း ၆၈
Viewers 27k

Chapter 68




ချီရှင်းချန်၏နေရာရှိ ပျော်ရွှင်စရာ အငွေ့အသက်တွေနှင့် ဆန့်ကျင်ဘက်၊ ရှုရှန့်၏အဖေ ရှုချန်လင်းက H City ထိန်းသိမ်းရေးစင်တာရှိ ခုံတန်းလျားမှာ ထိုင်နေသည့် သားဖြစ်သူကို ကြည့်လိုက်၏။ ဒေါသထွက်လွန်း၍ လက်တွေတုန်ပြီး သူ့မျက်နှာက ဝက်အသည်းရောင်ပြောင်းသွားသည်။


"အဲ့တုန်းက မင်းဘာတွေတွေးနေတာလဲ ငါ့ကိုပြောစမ်း...မိန်းမတွေ အများကြီးရှိတယ်...တခြားတစ်ယောက်ယောက်ကိုပဲ ရွေးလို့မရဘူးလား...မင်းသမီးကို ဘာကြောင့် အနိုင်ကျင့်ရတာလဲ"


ရှုရှန့်က သူ၏တံတောင်ဆစ်များကို ဒူးပေါ်တင်ကာ ဆံပင်နက်နက်ထဲသို့ လက်ချောင်းများကို ထိုးဖောက်လိုက်သည်။ သုံးရက်ကြာ ချုပ်နှောင်ခံထားရခြင်းကြောင့် ကိုယ်အလေးချိန် အများအပြား ကျဆင်းသွားပြီး မုတ်ဆိတ်မွှေးငုတ်စိများက မိုးရွာပြီးနောက်ထွက်လာသည့် မျှစ်စို့များကဲ့သို့ပေါက်နေသည်။


သူ့အသံက အတော်လေးကြမ်းရှနေသည်။

"မသိဘူး...အဲဒီနေ့က နည်းနည်းပဲသောက်ခဲ့တာ...ကျုပ် မလုပ်ချင်ဘူး... ဒါပေမဲ့ ထိန်းလို့မရဘူး"


သားဖြစ်သူ၏ ချီတုံချတုံပုံစံကို ကြည့်ပြီး ရှုချန်လင်း သူ့ကို ကန်ပစ်လိုက်သည်။ 

"ယီးသရမ်းတာကို မထိန်းနိုင်ရင်တောင် မင်းပါးစပ်သရမ်းတာကိုတော့ ထိန်းနိုင်ရမယ်လေ...မင်းဘယ်သူကို စော်ကားခဲ့တာလဲ"


"မသိဘူး...ကျုပ်ဘာမှမသိဘူး" 

ရှုရှန့် ကြမ်းပြင်ပေါ်သို့ ကန်ချခံခဲ့ရသည်။ သူ့ဗိုက်ကို တင်းတင်းဆုပ်ထားရင်း မျက်နှာက နာကျင်မှုကြောင့် ရှုံ့မဲ့နေသည်။ 


"ကျုပ် သူ့ကို မုဒိမ်းကျင့်ဖို့ ကြိုးစားတာက ဘာကြောင့် လိမ်လည်မှု ဖြစ်လာတာလဲ...ဘာကြောင့် ထောင်ဒဏ် ငါးနှစ် ဖြစ်သွားရတာလဲ…"


သူထရန် ရုန်းကန်ရင်း ရှုချန်လင်း၏ခြေထောက်ကို ပွေ့ဖက်လိုက်သည်။ 

"အဖေ ကယ်ပါဦး... ကျုပ် ထောင်ထဲငါးနှစ်လောက် မနေချင်ဘူး...မနေချင်ဘူး"


မုဒိမ်းမှုကျူးလွန်ရန် ကြိုးပမ်းမှုအား မုဒိမ်းမှုအဖြစ် စီရင်ချက်ချမှတ်ပြီး မုဒိမ်းမှုပြီးမြောက်သည့် ပြစ်ဒဏ်ထက် ပိုမိုပေါ့ပါးသည်။ရှုရှန့်၏ ကိစ္စက မဆိုးရွားပါချေ။ပုံမှန်ဆို ထောင်ဒဏ် တစ်နှစ်ကျော် ချမှတ်ခံရပြီး တစ်နှစ်ခွဲ ဆိုင်းငံ့ခံထားရမှာဖြစ်သည်။ သူ့အဖေ၏ အဆက်အသွယ်တချို့ဖြင့်ဆိုလျှင် သူ ထောင်ထဲသွားနေစရာ မလိုပေ။


သို့ပေမဲ့ အကြောင်းတစ်ခုခုကြောင့် သူ ငွေကြေးလိမ်လည်မှုနှင့် မနေ့က တရားစွဲဆိုခံခဲ့ရပြီး ယင်းက ကြီးမားသည့် ငွေကြေးလိမ်လည်မှုတစ်ခုဖြစ်၏။ သူ၏ စီရင်ချက်သည် ရုတ်တရက် ငါးနှစ် ဖြစ်သွားသည်။


သူ့အဖေက သူ့အဆက်အသွယ်တွေကို အသုံးချနိုင်လျှင်ပင် ထောင်ကျသည်ကို ရှောင်နိုင်မှာမဟုတ်ပေ။


ထောင်ကထွက်လာပါက ဖျော်ဖြေရေးနယ်ပယ်မှာ နေရာရှိတော့မှာမဟုတ်ချေ။


နှပ်ချေးတွေ မျက်ရည်တွေနှင့် ငိုနေသည့် သူ့သားကို ကြည့်ပြီး ရှုချန်လင်း သူ့ကို ပိုကောင်းလာရန်မျှော်လင့်မိသည်။သို့ပေမဲ့ နောက်ဆုံးမှာ သူ့ကို ထပ်မကန်ဘဲ မနေနိုင်တော့ပေ။


"မင်းလက်ကိုလွှတ်ပြီး လူလို မတ်တပ်ရပ်လိုက်စမ်း" ဟု သူကအေးစက်စွာပြောလိုက်သည်။


ရှုရှန့်က ငယ်ငယ်လေးကတည်းက သူ့အဖေ၏ မျက်နှာထားထင်းထင်းကို ကြောက်၏။ သူ့မျက်ရည်တွေကို သုတ်လိုက်ပြီး ခုံတန်းလျားဘေးမှာ ကူကယ်ရာမဲ့ ရပ်နေလိုက်သည်။


ရှုချန်လင်း သူ့ကို တိတ်တိတ်နေရန် အချက်ပြလိုက်ပြီး နံပါတ်တစ်တွဲကို ခေါ်လိုက်သည်။ 


"အကြီးအကဲကျန်း ကွေ့ပတ်မနေကြရအောင်...ရှုရှန့် ရဲ့ စွဲချက်တွေကို ဘယ်သူက ပြောင်းချင်တယ်ဆိုတာ ပြောပြလို့ရမလား"


"ငါ မင်းကို မပြောနိုင်ဘူးလို့ပြောခဲ့တယ် မဟုတ်ဘူးလား...အစ်ကို ငါ့အတွက် အခက်တွေ့အောင် မလုပ်ပါနဲ့... သူ့ကိုတွေ့ဖို့ ထိန်းသိမ်းရေးစခန်းထဲကို ဝင်ခွင့်ပြုလိုက်တာကတင် လုံလောက်နေပြီ... ငါ့ကို ခက်ခဲအောင် မလုပ်ပါနဲ့ ဟုတ်ပြီလား"



"အကြီးအကဲကျန်း... ငါ မင်းကို အခက်တွေ့အောင် လုပ်နေတာမဟုတ်ဘူး...အကြောင်းတရားနဲ့ သက်ရောက်မှုကို မသိရင် ရှုရှန့် ရဲ့ ပြစ်ဒဏ်ကို ဘယ်လိုလျှော့ချရမှန်းတောင် မသိတော့ဘူး...ငါက ငါတို့ရဲ့မြို့တော်ဝန်နဲ့ နှစ်ပေါင်းများစွာ မိတ်ဆွေဖြစ်ခဲ့တယ်...ပြီးတော့ နှစ်စဉ်နှစ်တိုင်း သူဆီကိုသွားလည်ဖို့ ပြည်နယ်များစွာကို ဖြတ်ကျော်သွားခဲ့တယ်...မင်းဘယ်လိုထင်လဲ … "


ရှုချန်လင်းက အခြားပြည်နယ်မှ ဖြစ်သော်လည်း စီးပွားရေး ဆက်ဆံမှုများကြောင့် H City ရှိ အထက်အရာရှိများနှင့် အမြဲတမ်း ကောင်းမွန်သော ဆက်ဆံရေးရှိသည်။ နောက်ဆုံးမှာ အကြီးအကဲကျန်း ၎င်းကို သည်းမခံနိုင်တော့ဘဲ ချီတုံချတုံနှင့်ပြောလိုက်၏။

"မင်းကို ဘယ်သူလဲဆိုတာ ငါ သေချာ မပြောနိုင်ဘူး...ဘာပဲဖြစ်ဖြစ်၊ နောင်မှာ အဲဒီချီကို မနှောင့်ယှက်နဲ့...ငါဒီမှာလုပ်စရာရှိလို့ ငါအရင်ဖုန်းချလိုက်မယ်..."


ထို့နောက် အကြီးအကဲကျန်းက သူ့ဖုန်းကို အမြန်ပိတ်လိုက်သည်။ရှုချန်လင်း သူ့ဖုန်းကိုကိုင်ပြီး ငြိမ်နေလိုက်သည်။


"မျိုးရိုးနာမည်ချီ..." 


သူတို့ စကားဝိုင်းကိုကြားသော ရှုရှန့်ကရေရွတ်လိုက်၏။

"အဖွဲ့ထဲမှာ ချီဆိုတဲ့ မျိုးရိုးနာမည်ကတစ်ယောက်ပဲရှိတယ်... သူပဲဖြစ်ရမယ်၊ ချီရှင်းချန်ပဲ ဖြစ်ရမယ်"


.


ညအစောကြီး ထွက်ရန်အတွက် ချီရှင်းချန်တစ်ယောက် နေ့ခင်းဘက်မှာ သူ့ကို စစ်နတ်ဘုရားကဝင်ပူးထားသလိုပါပင်။သူ့နှာခေါင်းကို တစ်ရှူးနှင့် ခဏခဏ သုတ်ပြီး ဇာတ်ကွက်တစ်ခုပြီးတစ်ခု ရိုက်ကူးခဲ့သည်။


နောက်ဆုံးမှာ သူ့တာဝန်ပြီးသွားသည့်အခါ နာနီကားဆီ ပြေးသွားခဲ့သည်။ လောင်ချင်က အသက်ကြီးပြီဖြစ်၍ ညဉ့်နက်မှ အိပ်ပါက သူ့အတွက် သွေးတိုးလွယ်သည်။သူ သူ့ကိုအနားယူရန် ဟိုတယ်သို့ ပြန်ပို့ထားခဲ့သည်။ ယခု သူနှင့် အန်းရန်နှစ်ယောက်တည်း ကားထဲမှာ ရှိ၏။


အန်းရန် စိုးရိမ်တကြီးကြည့်ရင်း မေးလိုက်သည်။

"ရှင်းရှင်း တကယ်ကြီး နင်ကိုယ်တိုင် နှစ်နာရီလောက် ကားမောင်းနိုင်လို့လား"


S City သည် H City နှင့် မဝေးပါချေ။ အဝေးပြေးလမ်းမကြီးပေါ် ကမောင်းလျှင် သုံးနာရီအတွင်းရောက်နိုင်သည်။


အများပြည်သူသယ်ယူပို့ဆောင်ရေးနှင့်သွားမည်ဆိုပါက ၎င်းတို့ မီဒီယာနှင့် တိုးမိသွားနိုင်သည်၊ ယင်းမှာ အလွန်ပင် ဒုက္ခဖြစ်ရသည်။ ထို့ကြောင့် အန်းရန်ကို သူ့ဘာသာသူ ကားမောင်းပို့ရန် ဆုံးဖြတ်လိုက်သည်။


အစစ်အမှန်ကမ္ဘာတွင် သူက ဆက်ကပ်အဖွဲ့ ဇာတ်ပစ္စည်းသယ်ယူရာတွင် အသုံးပြုသည့် ဗင်ကားကို မောင်းနှင်ခဲ့ဖူးသည်။ မူလပိုင်ရှင်ကလည်း ကားမောင်းတတ်သောကြောင့် ကားခလုတ်များကို ရင်းနှီးသည်။ 


"ကိစ္စမရှိပါဘူး... စဉ်းစားပါရစေဦး"


"ဒါပေမဲ့ နင်ကဆေးသောက်ထားတာလေ... မူးနောက်နောက်ဖြစ်ပြီး အာရုံမစိုက်နိုင်ဖြစ်ရင်ရော"


"... ကျဲမှာ ဒီလိုပြောဖို့ သတ္တိရှိတယ်ပေါ့"

ချီရှင်းချန် သူ့နှလုံးသားကို ဓားနှင့်ထိုးခံရသလို ခံစားရသည်။


"ဂျင်းပြုတ်ရည်က အအေးမိတာကို မောင်းထုတ်နိုင်တယ်လို့ ကျဲ ကျွန်တော့်ကို လိမ်ခဲ့တယ်... အကုန်လုံးက တတ်ယောင်ကားတွေ...ကျွန်တော် အအေးမိနေတုန်းပဲ"


အန်းရန် လည်ပင်းကျုံ့သွားပြီး ညည်းညူရင်း ကော်ဖီသွားဝယ်ရင်းခဲ့သည်။ ကော်ဖီသောက်ပြီးသည်နှင့် ခရီးဆက်ကြ၏။ သုံးနာရီကြာပြီးနောက် S City အားကစားကွင်းသို့ လုံခြုံစွာရောက်ရှိခဲ့သည်။



တစ်စုံတစ်ယောက်က သူ့လိုင်စင်နံပါတ်ကို မှတ်မိမှာကို ကြောက်သဖြင့် ချီရှင်းချန် ကားကို ထောင့်မှာ ရပ်လိုက်ပြီး အားလွင်ကို အကြောင်းကြားလိုက်သည်။


ဆယ်မိနစ်လောက်ကြာသောအခါ အားလွင် ကားထဲဝင်လာပြီး အံ့ဩတကြီးဆိုသည်။

"ဝိုး ရှင်းရှင်း...မင်း ဒီကို တစ်ယောက်တည်း မောင်းလာလား...မိုက်လိုက်တာ...ဘော့စ်က မင်းအတွက် ကားပါကင်နေရာ ချန်ထားတယ်... နောက်ကျောဘက်က ဝန်ထမ်းနေရာကို မောင်းလို့ရတယ်"


ချီရှင်းချန် သူ့ညွှန်ကြားချက်အတိုင်း ဝန်ထမ်းဧရိယာကို မောင်းလာပြီး ပိုင်ရဲ့၏ဗင်ကားနှင့် ဘေးချင်းကပ်ရပ် ရပ်လိုက်၏။


ဂီတပွဲတော် စသည်မှာ နာရီဝက်ကြာပြီဖြစ်ပြီး ပိုင်ရန်ဖျော်ဖြေရန် အချိန်အတော်ကြာလိုနေသေးသည်။ချီရှင်းချန် စပ်စုပြီးမေးကြည့်လိုက်၏။


"ရဲ့ကော စင်နောက်မှာ ပြင်ဆင်နေတာလား" 


အားလွင်: "ဟုတ်တယ်...ငါထွက်လာတုန်းက စတိုင်လစ်က ပြင်ဆင်ပေးမလို့လုပ်နေပြီ"


"နေ့ခင်းတုန်းက သူအလုပ်များနေလား"


"အယ်လ်ဘမ်အသစ်က နောက်ဆုံးအဆင့်ကို ရောက်နေပြီ ...မင်းသိလား သူကမကျေနပ်ရင် နောက်တစ်ခေါက် ထပ်ပြောင်းမှာ...နေ့ခင်းပိုင်းမှာထုတ်လုပ်ရေးမှူးနဲ့ အစီအစဉ် နှစ်ကြိမ်ပြောင်းခဲ့တယ်…"


၎င်းကိုပြောရင်း အားလွင် ချီရှင်းချန်၏ အဓိပ္ပါယ်ကို နားလည်သွားသည်။ 

"ရှင်းရှင်း...ဘော့စ်ကိုတွေ့ချင်လား"


ချီရှင်းချန်: "ကြည့်ဖို့မလို....."


"ငါ့မှာ အလုပ်ပါမစ်ရှိတယ်"

အားလွင်က ကားပေါ်မှ အရင်ထွက်လိုက်သည်။ "ငါ မင်းကို ခေါ်သွားပေးမယ်"


ပါးစပ်က မလိုဘူးဟု မပြောပေမဲ့ ချီရှင်းချန်၏ ခြေထောက်တွေက အားလွင်နောက်က လိုက်ဆင်းသွား၏။


"အစ်မ အန်းရန် အရင်ဝင်သွားလိုက်ပါ... ခဏနေမှ ကျွန်တော်လာရှာမယ်"


သူတို့ စင်နောက်ကို လျှောက်သွားရင်း သူက အားလွင်ကို ပိုင်ရဲ့အား သူတစ်ယောက်တည်း မောင်းလာသည်ကို မပြောရန် တောင်းဆိုလိုက်၏။


အားလွင်က ခေါင်းညိတ်ပြပြီး ၎င်းနောက် ပိုင်ရဲ့၏သီးသန့်နားနေခန်းသို့သွားကာ တံခါးကိုတွန်းဖွင့်လိုက်သည်။ 

"ဒန် ဒန့် ဒန်... ဒီမှာဘယ်သူပါလာလဲကြည့်"


၎င်းကိုကြားသောအခါ အားလုံး တံခါးဆီကို လှည့်ကြည့်လိုက်ကြ၏။ချီရှင်း၏ပါးပြင်များး ၎င်းတို့ စိုက်ကြည့်ခံရရာမှ ပူလာသည်။ သူ့အကြည့်တွေက အလိုအလျောက် စစ်ထုတ်ရှာဖွေပြီး နောက်ဆုံးမှာ မိတ်ကပ်ပြင် မှန်ရှေ့မှာ ရပ်သွားသည်။


ယင်းက သူအတွေ့ချင်ဆုံးလူဖြစ်၏။


"ဝင်ခဲ့လေ" 

ပိုင်ရဲ့က ပြောလိုက်သည်။

"အားလွင်...ရှင်းရှင်းကို ခွေးခြေရှာပေးလိုက်ဦး"


ချီရှင်းချန်က ပိုင့ရဲ့၏နောက်သို့ လျှောက်သွားပြီး အားလွင်က ခွေးခြေခုံတစ်လုံးဆွဲလာသည်။


"အခုမှရောက်တာလား" 

ပိုင်ရဲ့က မေး၏။


ချီရှင်းချန် ထိုင်ချလိုက်ပြီး ခေါင်းညိတ်လိုက်သည်။


ရှောင်မန်က မိတ်ကပ်မှန်ပေါ်ကနေ သူ့ကိုကြည့်ကာဆိုသည်။

"ရှင်းရှင်း မင်းရဲ့ဆံပင်ကို အထူးတလည်လုပ်ခဲ့တာလား...စတိုင်လစ်ရဲ့ အရည်အချင်းက သာမန်ပဲ"



ချီရှင်းချန်း၏ ပါးပြင်တွေက ပိုပူလာ၏။ပိုင်ရဲ့က အကူအညီမဲ့စွာ ပြောလိုက်၏။

"ရှောင်မန် သူရှက်နေတယ်...သူ့ကို မနှောင့်ယှက်နဲ့"



ပိုင်ရဲ့က တခြားသူတွေရှေ့မှာ သူ့ကို အကာအကွယ်ပေးနေသည်ကို ကြားသောအခါ ချီရှင်းချန် အကြောင်းပြချက်မရှိဘဲ ပျော်ရွှင်နေခဲ့သည်။ သူ့လက်တွေက ဒူးပေါ် လျှောကျပြီး ပြောရမည့် အကြောင်းအရာကို ရှာရန် ကြိုးစားလိုက်၏။ 

"ပွဲမစခင် သုံးနာရီလောက်လိုသေးတယ်ဆို"


"နီးပါးပဲ... မင်းဒီကို ဘယ်လိုလာတာလဲ"


"လောင်ချင်က မောင်းပို့တာ" 

ချီရှင်းချန်က လိမ်ညာခဲ့သည်။


အားလွင်က သူ့ကို မသိမသားလှမ်းကြည့်နေကာ သူ့ကိုရင်တုန်ပြီး သေအောင်လုပ်နေသည်။ တကယ်တမ်းတွင် ချီရှင်းချန်သည် ပိုင်ရဲ့က သူ့ကို မဆူအောင်ယခုလိုပြောခဲ့ခြင်းဖြစ်သည်။အနုပညာရှင်တစ်ယောက်အနေဖြင့် ဖျော်ဖြေပွဲကြည့်ရန် သုံးနာရီကြာ အရှိန်ပြင်းပြင်းနှင့် ကားမောင်းရသည်က ယုတ္တိမတန်ပါချေ။


ပိုင်ရဲ့က ဘာကိုမှ မသင်္ကာမဖြစ်ပေ။ ခဏကြာ စကားစမြည်ပြောပြီးနောက်၊ ချီရှင်းချန် လူတိုင်း၏အလုပ်ကို ထိခိုက်စေမည်ကို ကြောက်သောကြောင့် သူထပြီး ထွက်သွားခဲ့သည်။


သူ သူ့ထိုင်ခုံကိုတွေ့သောအခါ၊အန်းရန်က စိတ်ဝင်တစားနှင့် ကြည့်နေပြီဖြစ်သည်။ချီရှင်းချန်က လူတွေမှတ်မိမှာကို ကြောက်သည့်အတွက် သူ့ဟူဒီက ခေါင်းစွပ်ကို ၀တ်ပြီးမေးလိုက်သည်။


 "အစ်မ အန်းရန် ပစ္စည်းတွေ ယူလာလား"


"ဟုတ်တယ်... နင့်ရဲ့တောင်းဆိုချက်အရ ငါယူလာပေးတယ်...စိတ်မပူနဲ့"


အန်းရန်က ယုံကြည်စိတ်ချရ၏။ချီရှင်းချန်က အများကြီးမမေးဘဲ ဖျော်ဖြေမှုကို အလေးအနက်ထားပြီး ကြည့်ရှုခဲ့၏။


ပိုင်ရဲ့အတွက် သူရောက်လာခြင်းဖြစ်ပေမဲ့ အခြားအနုပညာရှင်တွေ၏ ဖျော်ဖြေမှုတွေကိုလည်း လျစ်လျူမရှုသင့်ပါချေ။


တုန်ချန်၏အစီအစဉ်က အလွန်ကောင်းသည်။ ဖျော်ဖြေပွဲတစ်ခုလုံးမှာ ရှူးထပေါက်သည့်လူမရှ်သလောက်ပါချေ။ဖျော်ဖြေပွဲ၏ဒုတိယပိုင်းမှာ သူနှင့်ရင်းနှီးသည့် မျက်နှာတစ်ခုကို တွေ့လိုက်ရ၏။


ဝေချင်၊ မနေ့က သူမြင်ခဲ့သည့်သူပင်။


သို့သော်၊ သူက တုန်ချန်TV မှ အနုပညာရှင်တစ်ဦးဖြစ်သောကြောင့် ဤနေရာတွင် ပေါ်လာရခြင်းမှာ သင့်လျော်လေသည်။ချီရှင်းချန် သူ့နှာခေါင်းကို ပွတ်သပ်ပြီး မျက်နှာကို အုပ်ရန် လက်ကို မြှောက်လိုက်သည်။


ပရိသတ်နှင့် ထိတွေ့ဆက်ဆံရန် စင်မြင့်ရှေ့သို့ လာသောအခါ ဝေချင်၏ မျက်လုံးများက သူ့ဆီမှာ ခဏရပ်ပြီးမှ အဝေးသို့ ထွက်သွားလေသည်။ သူ့ကို မြင်သည်လား မမြင်သည်လား မသိရပေ။


ဝေချင်ပြီးနောက် ပိုင်ရဲ့အလှည့်ရောက်ရန် ဖျော်ဖြေမှု နှစ်ခုပဲ ကျန်တော့သည်။ချီရှင်းချန် ကြိုပြီး စိတ်မလှုပ်ရှားဘဲ မနေနိုင်ပေ။


"အစ်မ အန်းရန် မြန်မြန်ပစ္စည်းတွေထုတ်လိုက်"


အန်းရန်က သူမ၏အိတ်ကိုဖွင့်ကာ နဖူးစည်းနှစ်ခု၊ နက်ပြာရောင်အလင်းချောင်းနှစ်ချောင်းကို ထုတ်ယူလိုက်သည် — ပိုင်ရဲ့၏အားပေးမှုအရောင်မှာ နက်ပြာရောင်ဖြစ်ပြီး၊ စတစ်ကာတစ်ခုနှင့် မီးလင်းနေသော မစ်ကီမောက် စကုပ်နှစ်ခုဖြစ်သည်။


သူ့ရှေ့က အရာတွေကို မြင်ပြီးချီရှင်းချန် အတော်လေးကျေနပ်သွား၏။ ဆံကုပ်ကိုမြင်သောအခါ သူက ချက်ချင်း ငြင်းဆန်သည့် အကြည့်ဖြင့် ပြောလိုက်သည်။

"ဒါကို ကျွန်တော်မဝတ်ဘူး"


"ဒါပေမဲ့ ကျန်တာတွေက အလင်းလုံးဝမရှိဘူးလေ...ရဲ့ကောက မင်းကို မှတ်မိမှာမဟုတ်ဘူး" 

အန်းရန်က သူမ၏ နှုတ်ခမ်းများကို တွန့်ကွေးလိုက်သည်။


ချီရှင်းချန် သိပ်ပြီး ထင်ထင်ရှားရှားမပြရဲပေ။ထို့ကြောင့် သူအလင်းပါသည့်အရာမယူခဲ့ခြင်းဖြစ်၏။ညဥ့်ကောင်းကင်တိုင်းမှာ အလင်းချောင်းတစ်ချောင်းစီ ရှိကြသည်။ သူ့ကို သည်မှာတွေ့သွားရန် မလွယ်ဘူးဟု ထင်ရ၏။



ချီရှင်းချန် ခဏတုံ့ဆိုင်းသွားသည်။အန်းရန်က ၎င်းကိုမြင်ပြီး ဖြောင့်ဖြလိုက်၏။

"မင်း သီချင်းသုံးပုဒ်ပဲ ဝတ်ရမှာ...ရှက်စရာမဟုတ်ဘူး...အဆင်ပြေတယ်"


ချီရှင်းချန် ဆံကုပ်ကို တွန့်ဆုတ်စွာဖြင့် ခေါင်းပေါ်စွပ်လိုက်သည်။


အန်းရန်က အသေးငယ်ဆုံး ပိုင်ရဲ့၏ကာတွန်းပုံစတစ်ကာကို ဆုတ်ဖြဲကာ သူမ၏ ရင်ဘတ်ကိုဖိထားရင်း ချီရှင်းချန်၏ ဘယ်ဘက်ပါးပြင်ပေါ်တွင် ကပ်လိုက်သည်။

တောင်းပန်ပါတယ် ချီရှင်းချန်...


ရှင်းရှင်းက ချစ်စရာကောင်းလွန်းတယ်...


ဒီလိုဖြူစင်ပြီး နုပျိုတဲ့အသားအရေ... ဒီလိုတလက်လက်တောက်ပနေတဲ့ ခွေးမျက်လုံးလေးတွေ...ချောမွေ့သပ်ရပ်တဲ့ဆံမြိတ်လေးနဲ့... မစ်ကီမောက်ဆံကုပ်ကို ဝတ်လိုက်တဲ့အခါ...


သူဘယ်လောက်တောင်ချစ်ဖို့ကောင်းလိုက်သလဲဆိုရင် ငါသွေးအန်တော့မယ်...


ပိုင်ရဲ့ ..အဲဲဒီဝက်ခွာကြီး... ရှင်းရှင်းကို ကောင်းကောင်း ဆက်ဆံရမယ်...မဟုတ်ရင် ရှင့်ကို ခွင့်မလွှတ်ဘူး ...ရွှတ် ရွှတ် ရွှတ်...


ချီရှင်းချန်က သူမဘာတွေးနေမှန်း မသိပေ။အလင်းချောင်းများနှင့် ဆော့ကစားရန် အာရုံစိုက်နေခဲ့သည်။ နှစ်ယောက်စလုံး ပြီးသွားသည့်အခါ ပွဲတင်ဆက်သူက ကြေငြာရန် ထွက်လာပြီး ခန်းမထဲက မီးရောင်တွေ မှိန်သွားခဲ့၏။


ခန်းမတစ်ခုလုံးသည် ချက်ချင်းပင် နက်ပြာရောင်ပင်လယ်ကြီးနှင့် လင်းထိန်သွားကာ တခဲနက်အားပေးသံများထွက်လာ၏။


"ပိုင်ရဲ့ ပိုင်ရဲ့ ပိုင်ရဲ့"


ဤမြင်ကွင်းကို အကြိမ်ပေါင်း မရေတွက်နိုင်အောင် မြင်ဖူးသော်လည်း ချီရှင်းချန် သူ့သွေးများဆူပွက်လာသလို မခံစားရဘဲမနေနိုင်ပေ။ သူက ညဥ့်ကောင်းကင်များအားလုံးနှင့် အတူတူရောကာအော်လိုက်၏။


 "ပိုင်ရဲ့ ပိုင်ရဲ့ ပိုင်ရဲ့"


အစီအစဥ်တင်ဆက်သူ၏အသံသည် ပျော်ရွှင်ခြင်းလှိုင်းလုံးများတွင် နစ်မြုပ်သွားခဲ့သည်။ ညဥ့်ကောင်းကင်များကြောင့် သူ သိသိသာသာ တုန်လှုပ်သွားသည်။ သူက ရယ်ပြီး ဟာသလုပ်လိုက်၏။


"လူတိုင်းက ဒီလောက်စိတ်လှုပ်ရှားနေမှတော့ ကျွန်တော် တုန်လှုပ်မနေတော့ဘူး... နောက်ထပ် ဖိတ်ခေါ်လိုက်ကြရအောင် ပိုင်— ရဲ့—"


ပဏာမတီးလုံးကို တီးခတ်လိုက်သည်၊ ဓာတ်လှေကားက တဖြေးဖြေးမြင့်တက်လာပြီး စင်မြင့်အလယ်ရှိ လူကို အလင်းတန်းတစ်စုက ရိုက်ခတ်သွားသည်။


သူ၏ ရှပ်အင်္ကျီအဖြူ၊ အနက်ရောင် ဘောင်းဘီနှင့် ဆံချည်မျှင်တို့သည် ကော်မာပုံသဏ္ဍာန်အဖြစ်သို့ လွင့်ပျံသွားသည်။ ပရိသတ်ကို မျက်နှာမူပြီး ပထမဆုံး ကကွက်ကို စလှုပ်ရှားလေ၏။


စတိုင်က သန့်ရှင်းသပ်ရပ်ပြီး သူ၏ထူးခြားသည့်ဖျော်ဖြေတင်ဆက်မှုနှင့်သန်မာသည့် စင်မြင့်ကိုထိန်းချုပ်မှုတို့ကအတူတွဲပါ၏။ပရိသတ်ကို ပြောပြရမည်ဆိုပါက— ဤအချိန်ကစပြီး စင်မြင့်ကို သူက လွှဲပြောင်းယူလိုက်ပြီပင်။


ပိုင်ရဲ့၏တိုက်ရိုက်ထုတ်လွှင်မှုကို မမြင်ဖူးသည့် ဖြတ်သွားဖြတ်လာတွေ အပါအဝင် ညဥ့်ကောင်းကင်တစ်ခုလုံး ရူးသွပ်သွားခဲ့သည်။ အော်သံများကြောင့် ချီရှင်းချန်၏ နားစည်များ စုတ်ပြဲလုနီးပါး ဖြစ်နေသည်။


စူးရှသောအော်သံများကို သည်းခံရင်း သူ ပိုင်ရဲ့၏ ဖျော်ဖြေမှုကို မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေခဲ့သည်။ စက္ကန့်သုံးဆယ်ကြာပြီးနောက်တွင် ကံမကောင်းစွာဖြင့် သူ မထိန်းနိုင်ဘဲ သီချင်းလိုက်ဆိုကာ အော်ဟစ်ခဲ့သည်-


"အရှုံးမပေးလိုက်ပါနဲ့... အားးးးးး ...ကိုယ် ဒီမှာရှိနေသေးတာမလို့!!!"


အန်းရန်က သူ့ထက်ပင် ပိုစိတ်လှုပ်ရှားသေးသည်။ မိန်းကလေး၏အသံက ယောက်ျားလေးများထက် စူးရှသည်ဟူသောအချက်ကို အားကိုး၍ သူမက ပို၍ပင် ကျယ်လောင်စွာ သီဆိုခဲ့သည်။


တစ်ခဏတာအတွင်း သူတို့နှစ်ဦးသည် အကျယ်လောင်ဆုံးအသံရှိသူက ည၏အကောင်းဆုံးညဥ့်ကောင်းကင်တေးသံရှင်ဖြစ်မည့်အတိုင်း အချင်းချင်းပြိုင်ဆိုင်နေကြသည်။


အကသီချင်းနှစ်ပုဒ် သီဆိုပြီးနောက် တတိယသီချင်းက လေးတွဲ့တွဲ့အချစ်သီချင်းအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ချီရှင်းချန် နှင့် အန်းရန် နောက်ဆုံးတွင် ရပ်တန့်သွားနိုင်သည်။


နှစ်ယောက်လုံး ရေသန့်ဘူးကို လှမ်းယူလိုက်သည်။


လူကြီးလူကောင်းချီရှင်းချန်ကပြောလိုက်သည်။


 "ဒီပုလင်းက ကျဲအတွက်ပါ"


"ဘာရယ်"

အန်းရန်၏ အသံက ပြာနေသည်။ 

"နင်အသံဝင်နေတယ်... ငါနားမလည်ဘူး"


ချီရှင်းချန်

သူ့လည်ချောင်းကို ပွတ်ပြီး နောက်ရေပုလင်းကိုဖွင့်ရန် လှည့်လိုက်၏။ အနောက်ဘက်က ကောင်မလေးက သူ့မျက်နှာတစ်ဝက်လောက်ကို မြင်ပြီးမေးလာလေသည်။


"ဟေး...နင့်နာမည်ဘယ်လိုခေါ်လဲ..."


ချီရှင်းချန်: "!!!"


သူ မကြားချင်ယောင်ဆောင်ကာ ချက်ချင်းပြန်လှည့်လိုက်သည်။