Chapter 69
ထိုအချိန်တွင် ပိုင်ရဲ့က ပရိသတ်နှင့် ထိတွေ့ဆက်ဆံရန် ရှေ့ဆုံးတန်းသို့ လျှောက်လာနေပြီဖြစ်သည်။ချီရှင်းချန် သူ့ကိုယ်သူတွေးလိုက်၏။ 'ပိုင်ရဲ့ ဒီကို လာမှာလား'
သူ့ဖုန်းကို ထုတ်လိုက်ပြီး အမှတ်တရအဖြစ် ဗီဒီယိုတစ်ခုကို မှတ်တမ်းတင်ချင်ခဲ့သည်။
နောက်ပိုင်းမှာ ကင်မရာထဲကနေ လူတစ်ယောက် လမ်းလျှောက်လာပြီး သူ့ရှေ့မှာ ရပ်နေသည်ကို သူတွေ့လိုက်ရသည်။ထို့နောက် ငုတ်တုတ်ထိုင်ကာ ရှေ့ဆုံးတန်းရှိ ပရိသတ်များကို လက်ပြနှုတ်ဆက်လေသည်။
သူ့ထိုင်ခုံရှေ့ကို ရောက်သည့်အခါ ပိုင်ရဲ့ မရယ်ဘဲ မနေနိုင်လိုက်။
"အားးး...ကောက ရယ်နေတယ်... ကောက တကယ်ရယ်နေတယ်"
"ကောက သူ့ရယ်သံနဲ့ ငါ့ကို သတ်နေတယ်...ငါ သေတော့မယ်"
"သားလေး ငါ့ကိုကြည့်...မားမားက မင်းကို စောင့်နေတာကြာပြီ"
"ယောကျာ်း...ကျွန်မ ရှင့်ကို တခြားမိန်းမတွေကို ရယ်ပြခွင့်မပြုဘူး...ယောက်ျားတွေဆိုရင်တောင်မရဘူးပဲ"
ရုတ်တရက် ချီရှင်းချန် အော်ဟစ်သံပင်လယ်ထဲတွင် ဖုံးလွှမ်းခံလိုက်ရသည်။ သူ ရှက်ရွံ့ကာ ဒေါသဖြစ်သွားသည်။
ပိုင်ရဲ့ ဘာကြောင့် ရယ်နေမှန်း သူ ခန့်မှန်းနိုင်သည် — ပိုင်ရဲက သူ၏မစ်ကီမောက်ဆံကုပ်ကို မြင်သွားခြင်းပင်။
စောစောက သူပြောပါတယ်... ဒီအူကြောင်ကြောင်အရာကို မဝတ်ဘူးလို့...ငါဒေါသထွက်တယ်...အရမ်းကြီး ဒေါသထွက်တယ်...ဒေါသထွက်တယ်လို့...
ဆံကုပ်ကို ဒေါသတကြီး ချွတ်ကာ ဖုန်းကို ပြန်ချလိုက်သော်လည်း ပါးစပ်က မရပ်မနား သီချင်းဆိုနေဆဲဖြစ်သည်။
အချစ်သီချင်း သီဆိုပြီးနောက်ပိုင်ရဲ့၏ ဖျော်ဖြေတင်ဆက်မှု ပြီးဆုံးသွားခဲ့သည်။ ပရိသတ်က သံပြိုင် အော်ကြသည်။
"ဝမ်းစမိုး...ဝမ်းစမိုး...ဝမ်းစမိုး"
(T/N–ပွဲတောင်းတာပါနော်)
ဤသည်က ပိုင်ရဲ့၏ တစ်ကိုယ်တော်ဖျော်ဖြေပွဲ မဟုတ်ပါချေ။ နောက် အဆိုတော်က မကြာခင် စင်ပေါ်တက်လာတော့မှာဖြစ်၍ ပိုင်ရဲ့ ပြန်မသွား၍မရပေ။
ချီရှင်းချန်က ထွက်ပြေးချင်ပေမဲ့ အားလွင်က ဖုန်းဆက်လာ၏။
"ရှင်းရှင်း...ဆယ်မိနစ်အတွင်း ကားရပ်နားရာကို လာခဲ့ပါ"
"ကောင်းပြီ"
သူက အန်းရန်နှင့်အတူ ချက်ချင်း ပြေးသွားခဲ့၏။ပိုင်ရဲ့၏ ကားမီးတွေက ပွင့်လာပြီး သူ သက်တောင့်သက်သာနှင့် ဝင်သွားခဲ့သည်။
ပိုင့ရဲ့က သူ့မိတ်ကပ်ကို မဖျက်ရသေးဘဲ စင်ပေါ်က ရှပ်အင်္ကျီအဖြူကို ၀တ်ထားဆဲဖြစ်၏။သူက သူ့ကို မော့ကြည့်လိုက်သည်။
ချီရှင်းချန်၏ဝိညာဉ်သည် ခိုးယူလုနီးပါးဖြစ်နေပြီဖြစ်သည်။
ခဏအကြာတွင် ပိုင်ရဲ့ကမေး၏။
"နှစ်ယောက်တည်းလား"
ချီရှင်းချန်က ခဏရပ်လိုက်သည်။
"ဟုတ်တယ်"
"မင်းအသံက ဘာဖြစ်နေတာလဲ... ဒရိုင်ဘာက ဘယ်မှာလဲ"
... အဲဒါကို သူ မေ့သွားပြီ...
လူတွေက လိမ်၍မရဘူးဟု ပြောကြသည်၊ လိမ်ညာမှုကို ဖုံးကွယ်ဖို့ မရေမတွက်နိုင်သည့် လိမ်ညာမှုတွေ လိုအပ်၏။ချီရှင်းချန် ဉာဏ်အလင်းဝင်ဟန်ဆောင်လိုက်သည်။
"အိုး... ဦးလေးချင်က ဗိုက်ဆာနေပြီလို့ပြောလို့ အရင်သွားစားခိုင်းလိုက်တယ်...ကျွန်တော့် အသံက အော်ထားလို့... ရေသောက်ပြီးရင် အဆင်ပြေသွားမှာ"
"…"
ပိုင်ရဲ့က သူ့ကို ယုံပြီး ရေပုလင်းကို ပစ်ပေးလိုက်သည်။
မနေ့က ချီရှင်းချန်က သူ့ကို ညစာကျွေးမည်ဟု ကတိပေးခဲ့သည်။မလာခင်ကတည်းက သူစားသောက်ဆိုင်ကို ရွေးပြီးသွားပြီဖြစ်၏။ သူက GPS ကိုဖွင့်ပြီး ယာဉ်မောင်းကို လွှဲပေးလိုက်သည်။
ယာဉ်မောင်းက GPS အတိုင်း မောင်း၏။ လမ်းမှာ ပိုင်ရဲ့ သူ့ခေါင်းထဲက တစ်ခုခုမေ့နေပုံပေါ်သည်ကို သတိထားမိလိုက်သည်။ပဟေဠိဖြစ်သွားပြီးမှ သူ "မစ်ကီမောက်စ် နားရွက်တွေ ဘယ်မှာလဲ" ဟု မေးလိုက်သည်။
ချီရှင်းချန် "သူတို့ကို လွှင့်ပစ်လိုက်ပြီ" ဟု ပြောတော့မည်ဖြစ်သော်လည်း ပိုင်ရဲ့ကဆိုလာသည်။
"မင်း သူတို့ကို ဝတ်ထားတာက ချစ်စရာလေး"
သူက ချစ်စရာလေးလို့ပြောတယ်...
ချီရှင်းချန် သူ့လက်ကို ကျောပိုးအိတ်ထဲကို တိတ်တဆိတ် ထည့်လိုက်သည်။
နှစ်မိနစ်အကြာတွင် ပိုင်ရဲ့ နောက်ကြည့်မှန်မှတစ်ဆင့် ဖန်ငယ်လေး၏ဦးခေါင်းပေါ်တွင် မစ်ကီမောက်စ်ဆံကုပ်ကို ပြန်လည်မြင်တွေ့လိုက်ရသည်။
ညစာစားပြီးသည်အထိ သူဝတ်ထားခဲ့၏။
ကံမကောင်းစွာပဲ ဤညလယ်စာက ချီရှင်းချန် စိတ်ကူးထားသည်နှင့် လုံးဝကို ကွဲပြားနေသည်။
သူတို့နှစ်ဦးအတွက်သာ သီးသန့်ဖြစ်မည်ဟု သူထင်ခဲ့သည်၊ ဖျော်ဖြေပွဲနှင့်ပတ်သက်သည့် ၎င်းတို့၏ခံစားချက်များကို တစ်ဦးတည်းပြောဆိုနိုင်ပြီး တစ်ယောက်ကိုတစ်ယောက် မြှောက်ပင့်ပြောဆိုနိုင်သည့် အမျိုးအစားဖြစ်သည်။
အဖြစ်မှန်က ဆန့်ကျင်ဘက်ဖြစ်ခဲ့၏။
ပိုင်ရဲ့၏ကားထဲမှာ ဝန်ထမ်းတွေ အများကြီးရှိသောကြောင့် သူတို့ကို မခေါ်ဖို့ရာမဖြစ်နိုင်ဘူးမဟုတ်ပါလော။
အန်းရန်လည်းသည်မှာရှိနေသဖြင့် သူမကိုအငတ်ထားရန်မဖြစ်နိုင်ပေ။
ထို့အပြင်၊ လူတိုင်းသည် အလုပ်များသောညအပြီးနောက် ဗိုက်ဆာနေကြသောကြောင့် သူနှင့်ယဉ်ကျေးရန် အချိန်မရှိကြပေ။
ထို့ကြောင့် နှစ်ယောက်အတွက် ညလယ်စာသည် လူများစွာအတွက်ညလယ်စာများစွာ ဖြစ်လာခဲ့သည်။ ဖျော်ဖြေပွဲနှင့်ပတ်သက်သည့် သူ၏ခံစားချက်တွေကို ဖော်ပြရန်နေရာမရှိသလို မြှောက်ပင့်ပေးစရာနေရာလည်းမရှိသောကြောင့် အားလုံးကို သူ့နှလုံးသားထဲမှာ သိမ်းဆည်းထားခဲ့ရ၏။
သူက ဆက်ပြီး ပြုံးပြနေလိုက်သည်။
ပိုင်ရဲ့က သူ ပင်ပန်းနေပြီဟု ထင်ပြီး ဖန်ငယ်လေးက မနက်ဖြန် ရုပ်ရှင်ရိုက်ရမည့်အကြောင်းကိုတွေးကာ အားလုံးကို ရပ်ခိုင်းလိုက်၏။
"ကောင်းပြီ...ပြဿနာရှာနေတာကို ရပ်လိုက်ပါ... ထုပ်ပိုးသိမ်းဆည်းပြီး ဟိုတယ်ကို ပြန်သွားကြ... ရှင်းရှင်း ဒရိုင်ဘာကို မင်းကို လာခေါ်စေချင်သလား...ဒါမှမဟုတ် ငါ့ကို ကားပါကင် ပြန်ပို့ပေးစေချင်သလား"
"ကော ကျွန်တော့်ကိုပို့ပေး"
ချီရှင်းချန် အလွန်အမင်းစဉ်းစားရန် စိတ်မ၀င်စားပေ။
"ကျွန်တော့်ကို အနီးအနားမှာချထားခဲ့လိုက်...ကျွန်တော့်တို့ကိုယ်ဘာသာကိုယ်သွားလို့ရတယ်"
ပိုင်ရဲ့ဤသည်ကို တကယ်မလုပ်နိုင်သည့်အတွက် သူ့ကို အားကစားကွင်း၏ ကားရပ်နားရာကို တိုက်ရိုက်ပို့လိုက်၏။
သို့သော် ထူးဆန်းသည်မှာ "စား"ရန်ထွက်သွားသော ဒါရိုင်ဘာက ပြန်မလာခဲ့ဘဲ ဖန်ငယ်လေး၏နာနီကားမှ ဒရိုင်ဘာထိုင်ခုံမှာ လွတ်နေသည်။
ပိုင်ရဲ့က မျက်မှောင်ကြုတ်ပြီးမေးလိုက်သည်။ "ကားသမားက ဘယ်သွားတာလဲ...ငါ့ကို အမှန်အတိုင်းပြောပါ"
"...သူ နောက်ခုံမှာ အိပ်နေတာ ဖြစ်နိုင်တယ်...ကျွန်တော် သူ့ကို နှိုးလိုက်မယ်"
ထိုစကားပြောနေချိန်မှာ ဖန်လေး၏ မျက်လုံးများက ဟိုကြည့်သည်ကြည့်ဖြစ်နေသည်။ပိုင်ရဲ့က သူနှင့်ပတ်သတ်ပြီး တစ်ခုခု မှားနေသည်ကို မြင်ပြီး အားလွင်ကိုမေးလိုက်၏။
"မင်း သူ့ကို လာကြိုတုန်းက ကားပေါ်မှာ ဒါရိုင်ဘာပါလား"
"...ငလူး ငါရူးတော့မယ်...မထိန်းထားချင်တော့ဘူး"
အားလွင်က ခေါင်းကိုကုတ်လိုက်သည်။
"ဒါရိုင်ဘာ မပါဘူး...ရှင်းရှင်း ကိုယ်တိုင် မောင်းလာတာ"
ပွဲဦးထွက်ခါစ ကြယ်ပွင့်လေးတစ်ယောက်က ရှူတင်ရှိနေချိန်တွင် လူတွေမှတ်မိသွားမည့် အန္တရာယ်ရှိနေသော်ငြားလည်း နှစ်နာရီ သုံးနာရီလောက် ကားမောင်းလာခဲ့သည်။
သူဆိုသည့် သီချင်းသုံးပုဒ်ကို နားထောင်ရန်အတွက်နှင့်...
ပိုင်ရဲ့၏ နှလုံးသားက ပျော့ပျောင်းသွားပြီး သူ့လေသံက မေးခွန်းထုတ်လိုသည်များမရှိတော့ပေ။
"အခုက အရမ်းနောက်ကျနေပြီ...ပြန်မောင်းဖို့ မလုံခြုံဘူး...ဒီမှာပဲ တစ်ညလုံးနေ၊ မနက်ဖြန်မနက် ပြန်ပို့ပေးဖို့ တစ်ယောက်ယောက်ကို ခိုင်းလိုက်မယ်"
"မဟုတ်ဘူး"
ချီရှင်းချန် အလျင်အမြန် ငြင်းလိုက်သည်။ "မနက်ဖြန် ဇာတ်ကွက်တွေအများကြီးရှိတယ်"
"ဒါရိုက်တာရှန့်ကို ဖုန်းဆက်ပြီး ခွင့်တိုင်လိုက်မယ်"
"ကျွန်တော် တကယ်မရ....."
သူ့စကားမဆုံးခင် ချီရှင်းချန်အသံက ရုတ်တရက် ရပ်သွား၏။ပိုင်ရဲ ခေါင်းငုံ့ကာ လက်ညိုးကို ကွေး၍ ချီရှင်းချန်၏ နဖူးကို ညင်သာစွာ ထောက်လိုက်သည်။
"ကိုယ့်စကားကိုနားထောင်ပါကွာ"
ပိုင်ရဲ့၏ အသံကတိုးပြီး နူးညံ့နေသည်။ "မင်းဆက်နေရင် ငါမင်းကို သီးသန့် ဖန်ခံစားခွင့်တွေပေးမယ်"
သူ့အတွက် သီးသန့်ဖြစ်တဲ့ ဖန်အကျိုးခံစားခွင့်တစ်ခု… အဲဒါက အရမ်းထူးခြားပြီး အရမ်းဆွဲဆောင်မှုရှိတဲ့ပုံပါပဲ...
ချီရှင်းချန် အောင်မြင်စွာ ပြုစားခံလိုက်ရပြီး "ဘာအကျိုးခံစားခွင့်လဲ"ဟု စိတ်အားထက်သန်စွာ မေးသည်။
"ဒီည မင်း ငါ့အခန်းရဲ့ တခြားအခန်းထဲမှာ နေရမယ်"
ချီရှင်းချန် ပိုင်ရဲ့နှင့် အတူမနေခဲ့ဖူးသည်မျိုးမဟုတ်ပေ။ "ဘက်ဂျက်ခရီးသွားကြမယ်" တွင် သူတို့ အတူတူအိပ်ခဲ့ဖူးကြသော်လည်း ထိုအချိန်က တစ်ယောက်နှင့်တစ်ယောက် မရင်းနှီးကြပေ။ ထို့အပြင် အခန်းတွင်း နေရာတိုင်းတွင် ကင်မရာများ ရှိနေသောကြောင့် တစ်ယာက်နှင့်တစ်ယောက် အဆက်အဆံမရှိဘဲ သီးခြားအိပ်စက်ခဲ့ကြသည်။
ယနေ့က မတူပေ။ သူတို့ နှစ်ယောက်ပဲ ရှိ၏။ချီရှင်းချန် ၀.၁ စက္ကန့်ကြာ တုံ့ဆိုင်းသွားပြီး သူ၏ သီးသန့် ဖန်အကျိုးခံစားခွင့်ကို ကျေကျေနပ်နပ် လက်ခံလိုက်သည်။
အားလွင်က အန်းရန်ကို သူတို့နှင့်ဟိုတယ်တစ်ခုတည်းတွင် အခန်းတစ်ခုရရန် ကူညီခဲ့သော်လည်း မတူညီသောထပ်တွင် ရှိနေသည်။အားလွင်က အန်းရန်ကို အခန်းဆီသို့ လိုက်ပို့ရန် တာဝန်ယူပြီး ချီရှင်းချန်က ပိုင်ရဲ့နောက်ကို နာခံမှုရှိရှိဖြင့် လိုက်သွားခဲ့သည်။
အခန်းထဲကို လှမ်းဝင်လိုက်သောအခါ ချီရှင်းချန်စိုးရိမ်သွား၏။
"ကျွန်တော်တို့ ဒီလိုထောင်ထောင် ထောင်ထောင်နဲ့ဝင်လာတော့ ပါပါရာဇီကဓာတ်ပုံရိုက်မိသွားမလားမသိဘူး"
"ရိုက်ပါစေပေါ့"
ပိုင်ရဲ့က သူ့နောက်ကနေ တံခါးကို ပိတ်လိုက်သည်။
"အခု မင်းငါ့ကိုလာတွေ့တာ လူတိုင်းသိတယ်... မင်းကိုဧည့်ခံရတာက ငါ့အတွက်ပုံမှန်ပဲ"
"... ကျွန်တော်က ကောကိုတွေ့ဖို့ ရောက်နေတာမဟုတ်ဘူးလေ... ဂီတပွဲတော်ကိုကြည့်ဖို့ ဒီကိုလာတဲ့ဟာ"
ချီရှင်းချန်က အသံတိုးတိုးဖြင့် ကန့်ကွက်လိုက်သည်။
ပိုင်ရဲ့က ရယ်ပြီး စကားမပြောပေ။
ဤအခန်းသည် S City ရှိ ပိုင်ရဲ့၏ယာယီနေထိုင်ရာဖြစ်ပြီး သူ့ဘဝ၏အရိပ်အယောင်များစွာမရှိပါချေ။သို့တိုင် ချီရှင်းချန်က ပတ်ဝန်းကျင်ကို စူးစူးစိုက်စိုက်ကြည့်နေဆဲဖြစ်ပြီး စိတ်ဝင်စားစရာအသေးစိတ်အချက်အချို့ကို တွေ့ရှိခဲ့သည်။
ဥပမာအားဖြင့်၊ အထက်တန်းလွှာမိသားစုမှ ကလေးတစ်ယောက်အနေဖြင့် ပိုင်ရဲ့သည် သူ့ကိုယ်သူ ပြုစုစောင့်ရှောက်နိုင်မှု ညံ့ဖျင်းသော်လည်း သူ့အခန်းသည် သန့်ရှင်းနေပြီး အဝတ်အစားနှင့် ခြေအိတ်များ ပတ်ပတ်လည်တွင် ပျံဝဲနေသည့် အရိပ်အယောင် လုံးဝမရှိပါချေ။
ဥပမာအားဖြင့် ပိုင်ရဲ့က မည်သည့်အသားအရေထိန်းသိမ်းမှုထုတ်ကုန်ကိုမျှ မသုံးခဲ့ပေ။ သွားပွတ်တံထည့်းရာ၊ လျှပ်စစ်သွားပွတ်တံ၊ မိတ်ကပ်ဖျက်ဆေးနှင့်တူသော ပုလင်းတစ်ပုလင်း၊ မျက်နှာသစ်ဆေးနှင့် မိတ်ကပ်သုံးဂွမ်းစတို့ကိုသာ ဘေစင်ပေါ်တွင်တွေ့ရသည်။၎င်းတို့ကလွဲ၍ တခြားဘာမှမရှိပေ။
"အိပ်ခန်းအကြီးထဲမှာ ငါ့ပစ္စည်းတွေ ပြည့်နေတယ်...မင်းဒီည အိပ်ခန်းအသေးမှာ နေလို့ရမလား"
ပိုင်ရဲ့က မေးသည်။
ချီရှင်းချန် ချက်ချင်း ခေါင်းညိတ်လိုက်သည်။ "ဟုတ်ကဲ့ ကိစ္စမရှိပါဘူး"
"ဒါဆို မင်းအရင်သွားကိုယ်လက်သန့်စင်ချေ... ငါက မျက်နှာကို သုတ်ရဦးမှာ... ပိုကြာတယ်"
ပိုင်ရဲ့က မိတ်ကပ်ဖျက်သည်ကို ရည်ညွှန်းနေမှန်း မသိခင် ချီရှင်းချန်က ခဏလောက် စဉ်းစားခဲ့ရသည်။ သူ မနေနိုင်ဘဲ နှုတ်ခမ်းကို တင်းတင်းစေ့ထားမိသည်။
"စကားမစပ်"
ပိုင်ရဲ့က သူ့ဆွယ်တာအင်္ကျီထူထူကို မေးငေါ့ပြသည်။
"ဒါကြီးဝတ်အိပ်ရတာ အဆင်မပြေမဖြစ်ဘူးလား... တီရှပ်တစ်ထည်ယူမလား"
သူပိုင်ရဲ့၏အင်္ကျီတစ်ထည်ကိုယူထားသဖြင့် ချီရှင်းချန် အနည်းငယ်ရှက်သွားပြီး ခေါင်းညိတ်လိုက်သည်။
ပိုင်ရဲ့က အဖြူရောင် လက်တိုအင်္ကျီကို လှမ်းပစ်လိုက်၏။ တကယ်တမ်းတွင် ယင်းက Gucci ကြောင်ခေါင်း ဒီဇိုင်းဖြစ်၏။ ကော်လာနှင့် လက်ပတ်များသည် ဟောင်းနွမ်းနေစေရန် တမင်လုပ်ထားသော်လည်း အရေးအကြောင်းများနှင့် ဝတ်ဆင်မှုအမှတ်အသားများကို ကြည့်လျှင် ပိုင်ရဲ့ ၎င်းကို တစ်ကြိမ်မှပင် မဝတ်ထားလောက်ပေ။
ချီရှင်းချန် အိတ်လေးကို အိပ်ခန်းထဲသို့ ပစ်ချလိုက်ပြီး သူ့အင်္ကျီလက်တိုနှင့် ရေချိုးခန်းထဲသို့ ဝင်သွားသည်။ သူ ရေချိုးလိုက်ပြီး ဆယ်မိနစ်မပြည့်ခင်မှာပင် အမြန်ထွက်လာခဲ့သည်။
ပိုင်ရဲ့က အခုမှ ဖုန်းပြောပြီးသွားခါစဖြစ်ပြီး သူ့ကိုမြင်သောအခါ သူက မျက်ခုံးပင့်ပြီးပြောလာ၏။ "ဒီဝတ်စုံက မင်းနဲ့ အရမ်းလိုက်တယ်"
"ကြောင်ခေါင်းလေးလား...ကျွန်တော်နဲ့ လိုက်ဖက်တယ်လား"
ချိရှင်းချန် ယုံရခက်နေသည်။
"အဟမ်း"
ပိုင်ရဲ့က အတည်ပြုပေးသည်။
"ဒီအင်္ကျီနဲ့ မင်းကြည့်ရတာ အရမ်းသန့်နေတယ်"
ချီရှင်းချန် တိတ်တိတ်လေးပဲ လက်ခံရုံတတ်နိုင်ခဲ့၏။ သို့သော် သူ အလွန်သိချင်နေခဲ့သည်။
"ဒီတီရှပ်က ကျွန်တော်နဲ့ကိုက်တယ်... ကောအတွက်ဆို တအားတိုနေလောက်တယ် မဟုတ်လား"
"အဲဒါကြောင့် ငါ မဝတ်တာလေ... ဒီလို...ဒီလိုချစ်စရာကောင်းတဲ့ ၀တ်စုံမျိုးကို ငါ မဝတ်ဘူး"
ချီရှင်းချန် ပို၍ပင် သိချင်သွားသည်။
"မဝတ်ရင်ဘာလို့ဝယ်လိုက်တာလဲ"
"မေမေက ဝယ်ခဲ့တာ... အဲဒါက ငါနဲ့ အဆင်မပြေဘူးဆိုတာ သိပြီးတဲ့ နောက်မှာ အခွင့်အရေးရရင် တခြား ကလေးလှလှလေးတွေကို ပေးဖို့ တောင်းဆိုခဲ့တယ်လေ"
ပိုင်ရဲ့ကသူ့ကို အမှန်အတိုင်း ပြောပြလိုက်၏။ "သူက လက်ဆောင်အဖြစ် တမင်တကာ ပေးခဲ့တာလို့ ငါ သံသယရှိတယ်... အခု ကွက်တိပဲ"
သူက ဖုန်းကိုချပြီး မတ်တပ်ရပ်လိုက်သည်။
"ငါ မင်းကို ပေးလိုက်မယ်"
ချီရှင်းချန် "ကလေးလှလှလေး" အဖြစ် သွယ်ဝိုက်သောအားဖြင့် ချီးကျူးခံခဲ့ရသည်။ ရောင်စုံတပ်ထားသော ကြောင်ခေါင်းသည် အလွန်လှပပြီး ချစ်ဖို့ကောင်းကြောင်း သူ ရုတ်တရက် ခံစားလိုက်ရသည်။
လောကမှာ ဒီလိုချစ်စရာကောင်းတဲ့ ၀တ်စုံလေး ဘယ်လိုလုပ်ရှိနိုင်ရတာလဲ...
သူခေါင်းငုံ့ပြီး မိုက်မဲစွာ ပြုံးနေသည်ကို မြင်သောအခါ ပိုင်ရဲ့ ဓာတ်ဆားရေပုလင်းကို ရှာလိုက်သည်။
"မင်း လာမယ် မသိတော့ နွားနို့ ကြိုမပြင်ထားမိဘူး...ဒါပဲ သောက်ထားလိုက်ဦး"
ထို့နောက် ပိုင်ရဲ့က ရေကန်ဆီသို့ လျှောက်သွားသည်။ချီရှင်းချန် သူ "နွားနို့ချစ်သူ" နှင့် အဘယ်ကြောင့်ပတ်သတ်နေရသည်ကို နားမလည်ပေ။ သူ ဓာတ်ဆားရေဘူးကို ဆေးကြောနေစဉ် ပိုင်ရဲ့ကို ကြည့်လိုက်သည်။
ထိုလူက မိတ်ကပ်ဖျက်ဆေးကို ဂွမ်းစပေါ်မှာ ဖြန်းပြီး သူ့မျက်နှာကို ပွတ်နေသည်ကိုတွေ့ရ၏။
ထို့နောက် ကြမ်းတမ်းစွာ ပွတ်တိုက်လေသည်။
ချီရှင်းချန် သူ၏ အရေပြားနှင့် ဂွမ်းစတိုက်သံကိုပင် ကြားနေရသည်။ သူ အမြန် ပြေးလိုက်သည်။ "ရပ်လိုက်"
ပိုင်ရဲ့ စိတ်ရှုပ်ထွေးသွားသည်။
"ကောက အသားအရေ ကောင်းတယ်ဆိုရင်တောင် ဒီလို ပွတ်လို့ မရဘူး"
ချီရှင်းချန် သူ့လက်ထဲမှ ဂွမ်းစကို ကိုင်လိုက်သည်။
"ကောကို ကျွန်တော်လုပ်ပေးမယ်"
သူကိုယ်တိုင်က မိတ်ကပ်ဖျက်နည်းကို မသိပေမဲ့ မကြာသေးခင်ကမှ မိတ်ကပ်ပညာရှင်၏ နည်းပညာတွေကို လေ့လာခဲ့ပြီး အများကြီး သင်ယူခဲ့သည်။
ပထမဆုံး မိတ်ကပ်ဖျက်ဆေးကို လက်ဖဝါးပေါ် လောင်းချပြီး အသာအယာ ပွတ်ပေးသည်။၎င်းနောက် သူက သူ့လက်တွေကိုဖွင့်ပြီး ပိုင်ရဲ့ပါးပြင်တွေပေါ်မှာ ဖိလိုက်သည်။
ထို့နောက် ထိုယောက်ျား၏ အရေပြား၏ အေးမြသော အပူချိန်ကို ခံစားလိုက်ရသည်။ မော့ကြည့်လိုက်သောအခါ ထိုလူနှင့်သူ ဘယ်လောက်နိးကပ်နေသည်ကို သိလိုက်ရ၏။
အလွန်ကိုနီးကပ်နေသဖြင့် ထိုလူ၏ နွေးထွေးသော အသက်ရှုသံကိုပင် ခံစားရနိုင်သည်။
နောက်တစ်ကြိမ် မကြည့်ဝံ့ဘဲ အဝေးကို အမြန်ကြည့်လိုက်သည်။ မိတ်ကပ်ဖျက်ဆေးကို လိမ်းပြီးနောက် သူ့လက်ဖဝါးပေါ်မှာ ရေအနည်းငယ်တင်ကာ သူ့ရှေ့ကယောကျာ်း၏မျက်နှာကို ထပ်မံပွတ်တိုက်ပေးသည်။
ဤအဆင့်ကို *emulsification ဟုခေါ်သည်ကို သူမသိပေ။ သူက သူများအတိုင်းလိုက်လုပ်ရုံသာဖြစ်၏။
(T/N–အရည်နှစ် အချင်းချင်းရောနှာပျံ့နှံ့သွားသော်လည်း တစ်ခုထဲကိုတစ်ခုပျော်ဝင်ခြင်းမရှိဘဲဆိုင်းနေသောအခြေအနေဖြစ်အောင်လုပ်ခြင်းဖြစ်စဥ်)
ပိုင်ရဲ့က ရုတ်တရက် ဆိုသည်။
"မင်း..."
"ပြီးခါနီးနေပါပြီဗျ"
"မဟုတ်ဘူး"
ပိုင်ရဲ့ ရယ်ရမလား ငိုရမှန်းမသိ။
"မင်း နှာခေါင်းသွေးယိုနေတာလား"
ချီရှင်းချန် အာစေးမိသွားသည်။
ချီရှင်းချန်:"???"
.
ချီရှင်းချန် ယနေ့တွင် သူ၏ ဂုဏ်သိက္ခာ အားလုံးကို ဆုံးရှုံးသွားပြီဟု ခံစားရသည်။
သူ ပိုင်ရဲ့ကို မိတ်ကပ်အမြန်ဖျက်ပေးပြီး အိပ်ခန်းအသေးဆီသို့ ပြန်လှည့်သွားခဲ့သည်။ သူ နှာခေါင်းကို တစ်ရှူးနှင့်အုပ်ပြီး မျက်နှာကျက်ကို စိုက်ကြည့်နေမိသည်။ ငိုချင်သော်လည်း မျက်ရည်ကမကျ။
ဘုရားရေ...တစ်ချိန်လုံး နှာခေါင်းသွေးလျှံနေတာတဲ့ ... သူ ပိုင်ရဲနဲ့ ဒီလောက်နီးကပ်နေတဲ့အခါကျမှ ဘာကြောင့် ဖြစ်ရတာလဲ...
ဘယ်လောက် ရုပ်ဆိုးပြီး ရှက်စရာကောင်းလိုက်မလဲ...
မြင်ကွင်းက အရမ်းလှလို့ သူကြည့်ကိုမကြည့်ဝံ့ဘူး...
ခဏကြာသောအခါ အိပ်ခန်းတံခါးကို ခေါက်သံကြားလိုက်ရသည်။ သူ မကြားချင်ဆုံးသော အသံက မေးလာသည်။
"ရှင်းရှင်း... မင်း နှာခေါင်းက သွေးတိတ်သွားပြီလား"
"သွေးတိတ်သွားပြီ"
ချီရှင်းချန်က အော်လိုက်၏။
"မင်း အဆင်မပြေရင် ဒီအတိုင်းဆက်မနေနဲ့... ငါ မင်းကိုဆေးရုံလိုက်ပို့မယ်"
"ကျွန်တော် တကယ်အဆင်ပြေပါတယ်... မနေ့ညက ဂျင်းပြုတ်ရည် အလွန်အကျွံသောက်မိတာကြောင့် ဖြစ်မယ်"
ဟုတ်တယ်...
ချီရှင်းချန် ဒေါသတကြီး တွေးနေမိသည်။ ဂျင်းပြုတ်ရည် ပန်းကန်လုံးကြောင့် ဖြစ်တာ...
တစ်ဖက်လူက သူ့ကြောင့် လှည့်စားခံရပြီး ဆက်မေးခွန်းမထုတ်တော့ခြင်းဖြစ်နိုင်၏။ အခန်းက တိတ်ဆိတ်သွားပြန်သည်။
ပိုင်ရဲ့ တကယ်ကို ဂရုမစိုက်သည်ကို မြင်လိုက်ရသောအခါ ချီရှင်းချန် နားမလည်နိုင်သော ဆုံးရှုံးမှုတစ်ခုကို ခံစားလိုက်ရ၏။ သူ့လက်နှစ်ဖက်ကို ခေါင်းနောက်မှာထားကာ မျက်နှာကျက်ကို ငေးကြောင်ကြောင် စိုက်ကြည့်နေမိသည်။
အချိန်အတော်ကြာပြီးနောက် တံခါးအပြင်ဘက်တွင် နောက်ထပ် အသံတစ်ခု ထွက်ပေါ်လာသည်။ သို့ပေမဲ့ ဤတစ်ကြိမ်မှာ ပိုင်ရဲ့က ဘာမှ မပြောခဲ့ပါချေ။ချီရှင်းချန် ထထိုင်လိုက်ပြီး တံခါးကို ကြည့်လိုက်သည်။
တံခါးအောက်မှာ ဘူးခပ်ပါးပါးတစ်လုံးနှင့် စာရွက်တစ်ရွက် ရှိနေ၏။ပိုင်ရဲ့က တံခါးပေါက်က အက်ကွဲကြောင်းကနေ ၎င်းတို့ကို ချသွားခြင်းဖြစ်မည်။
သူဆင်းပြီး ပစ္စည်းနှစ်ခုကို ကောက်ယူလိုက်သည်။ဘူးမှာ အအေးမိပျောက်ဆေးဖြစ်၏။ စာရွက်ပေါ်ရှိ လက်ရေးသည် ခိုင်မာပြတ်သားသည်။
[အိပ်ရာမဝင်ခင် ဆေးနှစ်လုံးသောက်ပါ...ကုတင်ဘေး စားပွဲပေါ်မှာ ရေရှိတယ်]
ပိုင်ရဲ့က မမေးပေမဲ့ "ဂျင်းပြုတ်ရည်" က အအေးမိခြင်းကြောင့်မှန်းခန့်မှန်းမိပြီး ဆေးရှာပေးခဲ့ခြင်းဖြစ်မည်။
ချီရှင်းချန် ပီတိဖြစ်ရခြင်း၏ အဓိပ္ပါယ်ကို ရုတ်တရက် သဘောပေါက်သွားသည်။
.
နောက်တစ်နေ့မနက်မှာ ပိုင်ရဲ့က ချီရှင်းချန်ကို ကိုယ်တိုင် ကားမောင်းမပြန်ရန် အခိုင်အမာပြောခဲ့
သည်။ သူ့ကို H City ကိုပြန်ပို့ရန် သူ့ကိုယ်ရေးကိုယ်တာ ဒရိုင်ဘာကိုခိုင်းခဲ့လေသည်။
ဤဂီတပွဲတော်ကို သွားရသည့် ခရီးစဉ်က သူ့ကို ယုံကြည်မှု အပြည့်ရှိသွားစေသလိုပင်။ နောက်ရက်အနည်းငယ်အတွင်းမှာ ချီရှင်းချန်စွမ်းဆောင်ရည်က အတော်လေး ကောင်းမွန်ခဲ့၏။ သူ NG လေးခုထက် မပိုခဲ့။
ရှန့်ယွီလျန် သူ့အတွက် လုံးဝ စိတ်ပူစရာ မလိုပေ။