Chapter 153
စိတ်အနှောင့်အယှက်ဖြစ်ရသော မစ္စပိုင်ကိုရင်ဆိုင်ရသည်မှာ လင်းရွှမ် အတော်လေး ဒေါသထွက်ရသည်။ သူ့အတွက်ကတော့ ဉာဏ်ရည်မမီ၊လူလိုနားမလည်သည့် မိန်းမမျိုးနှင့် ဆက်ဆံရခြင်းက အချိန်ဖြုန်းခြင်းပင်။ သို့သော်လည်း ပိုင်ရွှင်း နှင့် ပူးပေါင်းဆောင်ရွက်လိုခြင်းကြောင့် ပိုင်ရွှယ် ကို ကြမ်းတမ်းစွာပြောဆိုပြီး မဖယ်ချနိုင်ခဲ့ပေ။ ထို့ကြောင့် လင်းယောင်ယောင်ကို နောက်လာမည့် အရောင်းအဝယ်ကိစ္စတွင် အတူခေါ်သွားရန် ရည်ရွယ်ထားသည်။ သူ၏ယောင်ယောင်သည် အပြင်ပိုင်းရော အတွင်းစိတ်ပါ ထိုမိန်းမမျိုးနှင့် ဘယ်လိုယှဉ်ယှဉ် ယှဉ်နိုင်သူပင်။ ထိုအခါ ထိုမိန်းမကလည်း သူနှင့်အဝေးကို ရောက်သွားပေလိမ့်မည်။
လင်းယောင်ယောင် နားလည်မှု မလွဲစေရန်အတွက် သူ ခဏမျှ တုံ့ဆိုင်းသွားသော်လည်း အခြေအနေကို အသေအချာ ရှင်းပြခဲ့သည်။သို့သော်၊သူမကမူ ဤကိစ္စကို အလွန်ဒေါသထွက်ခဲ့သည်။
"အို သူကများ ငါ့ချစ်သူကို လုချင်နေတာပေါ့လေ…ပိုင်ရွှယ်မကလို့ ဟယ်ရွှယ်ဆိုလည်း ဂရုမစိုက်ဘူး...ကိုယ့်နေရာကိုယ်သိအောင်တော့ ဆုံးမရမှာပဲ"
("ပိုင်" သည် အဖြူရောင်ဖြစ်ပြီး "ဟယ်" သည် အနက်ရောင်ဖြစ်သည်။)
လင်းရွှမ် စကားထဲမှာ ပိုင်ရွှယ်အပေါ် မနှစ်မြို့ပုံပေါက်နေသည့်အတွက် သူမ ကြိတ်ပျော်မိလေသည်။ သို့သော် အပေါ်ယံကတော့ သူ့ကို မျက်စောင်းထိုးလျက်
"သူမကို ကယ်ဖို့ ဘယ်သူက ခိုင်းလို့လဲ… ရှင်ရဲ့ လက်အောက်ငယ်သားတပည့်တွေကို ခိုင်းလိုက်လို့ မရတာလား…ကောင်မလေးကို သွားမဆွဲဆောင်ရင် ရှင် သေသွားမှာမလို့လား"
လင်းယောင်ယောင် က သူ့ကို တစ်ကယ်စိတ်မဆိုးမှန်း လင်းရွှမ် သိသည်။ ကောင်မလေးက သဝန်တိုဖြစ်နေခြင်းဖြစ်၍ သူလည်း ပျော်မိလေသည်။
"ဟုတ်တယ်၊ ဟုတ်တယ် ကိုယ့်အမှားပါ…နောက်တစ်ခါ ဒီလိုအခြေအနေမျိုးရောက်ရင် တခြားလူတွေကို ခိုင်းမယ်လို့ ကတိပေးတယ်"
နောက်သုံးရက်တွင်၊ ညသိမ်းငှက်တပ်ဖွဲ့မှ အစားအသောက်ကုထုံးပညာရှင်များသည် ဇာ့ခ်အသားနှင့် ပင်လယ်သားရဲအသားများ ဖြည့်စွက်အစားအစာများကို တစ်သုတ်ပြီးတစ်သုတ် ပြုလုပ်ရန် အချိန်ပိုဆင်းခဲ့သည်။ ညသိမ်းငှက်တပ်ဖွဲ့ သည် လူပေါင်း 30 ကျော်ကို အစားအသောက်ကုထုံးပညာရှင်များကို ခေါ်လာခဲ့ခြင်းဖြစ်သည်။ ကံကောင်းသည်က၊ အညစ်အကြေးများကို ဖယ်ရှားရာတွင်ကူညီရန် စစ်သည်များစွာရှိနေသည်။ ထပ်တလဲလဲ အလုပ်တစ်ခုတည်းကိုသာ လုပ်ရသည့် ကိစ္စများစွာကိုတော့ စက်ရုပ်လက်ထောက်များထံ မျက်နှာလွှဲထားနိုင်သည်။
လင်းယောင်ယောင် သည် တန်ဖိုးကြီးသော ဖြည့်စွက်အစားအစာများ ထုတ်လုပ်ရန် တာဝန်ယူထားရ၍ ပျားကဲ့သို့ပင် အလုပ်များလျက်ရှိသည်။ ယနေ့တွင် သူမ ပြုလုပ်ခဲ့သော ဖြည့်စွက်အစားအစာ၏ အမြင့်ဆုံးအဆင့်မှာ အဆင့်-6ဖြစ်ပြီး ကျွမ်းကျင်သော အစားအသောက် ကုထုံးပညာရှင်တစ်ဦးမှသာ ပြုလုပ်နိုင်သည့် အဆင့်ဖြစ်သည်။ လေ့ကျင့်ခြင်းသည် အကောင်းဆုံးဆရာဖြစ်၏။ မရေမတွက်နိုင်သော အဆင့်မြင့်ပါဝင်ပစ္စည်းများဖြင့် လေ့ကျင့်ပြီးနောက်မှသာ လက်ရှိအဆင့်သို့ ရောက်ရှိသွားခြင်းပင်။ ဆေးဝါးပညာရပ်ကို ကျွမ်းကျင်ပြီး အစားအသောက်ကုထုံးနှင့် အကျွမ်းတဝင်ရှိသော ချမ့်ယောင် သည် သူမအား ကူညီပေးခဲ့သည်။
လင်းယောင်ယောင် သည် ဘေးထွက်ဆိုးကျိုးမရှိဘဲ ဆေးဝါးအဖြစ် အသုံးပြုနိုင်သော ဆေးဖက်ဝင် ဟင်းရည်ကို တီထွင်ခဲ့သည်။ တစ်ခုကို ခွန်အားပြန်လည်ရရှိရန်နှင့် စွမ်းအားအဆင့်မြှင့်တင်မှုပြုလုပ်ရန် အဓိကပါဝင်ပစ္စည်းများအဖြစ် ဇာ့ခ်ဘုရင်မ အသားနှင့် အဆင့်မြင့်ဇာ့ခ်အသားများကို အသုံးပြုခဲ့သည်။ တစ်ခုမှာ အဓိကပါဝင်ပစ္စည်းအဖြစ် ပင်လယ်သားရဲအသားကိုအသုံးပြု၍ သက်လုံပြန်လည်ကောင်းမွန်ခြင်းနှင့် မြှင့်တင်ပေးသည့်ဆေးတစ်မျိုး ဖြစ်သည်။
ချိုက်ယူဟုန် သည် သူမသာ အရှိန်အဟုန်ပြင်းစွာ ကျွမ်းကျင်လာသည်ကို သိပါက၊ သူ အံ့အားသင့်ပြီး ရှက်သွားမည်မှာ သေချာသည်။အလုပ်သင်က သူ သင်ပေးစရာမလိုဘဲ သူ့ကို အမှီလိုက်နေမှန်းသာ သိလျှင် အတော်ပင် အံ့သြသွားပေလိမ့်မည်။ထို့အပြင် သူမသည် သူ့ထံမှ အတွေ့အကြုံအချို့ကို ကိုးကားခြင်းမှလွဲ၍ တခြားဘာမှ မသင်ယူခဲ့ရချေ။
လင်းရွှမ် သည် အကြီးစားပင်လယ်သားရဲများကို ဆက်လက်ရှာဖွေရန် အဖွဲ့တစ်ဖွဲ့ကို ကိုယ်တိုင်ဦးဆောင်ခဲ့သည်။ အကယ်၍ လူသားမျိုးနွယ်၏ အဓိကကျူးကျော်သူဖြစ်သည့် တာဇာကြယ်ပွင့်မဟာမိတ်အစိုးရကို ဖြုတ်ချနိုင်ခဲ့ပါက၊ အရွယ်ရောက်အဆင့် ဇာ့ခ် အသားမွေးမြူရေး အခြေစိုက်စခန်းကို တည်ဆောက်ရန်အတွက် တာဇာကြယ်ပွင့်နယ်မြေ၏ တစ်စိတ်တစ်ပိုင်းကို ရယူနိုင်မည်ဖြစ်သည်။ ပင်လယ်သားရဲများ ပေါများသော ဤတောရိုင်း ဟွမ်ဟိုင်ဂြိုလ်သည် သူ၏ ပစ်မှတ်များထဲမှ တစ်ခုဖြစ်သည်။
စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန်အတွက် အရွယ်မရောက်သေးသော ပင်လယ်သားရဲအချို့ကို သုတေသနအတွက် အရှင်သခင်အင်ပါယာသို့ ပြန်လည်ခေါ်ဆောင်လာရမည်ဖြစ်ည်။ သို့သော်လည်း အရွယ်မရောက်သေးသည့် သားရဲအများစုကို ပင်လယ်ထဲသို့ ပြန်ထားခဲ့သည်။
လင်းရွှမ် ပြန်ရောက်ပြီး လေးရက်မြောက်နေ့မှာ သူ၏ လူယုံ 50နှင့် ဝေ့လင်း ၏ လူယုံ10ယောက်အပြင် ဖြည့်စွက်စာများ ထည့်ထားသည့် အာကာသခလုတ်ကို ယူလာကာ ဟယ်လင်ဆီသို့ အမြန်ဆုံး လှည့်ကင်းအာကာသယာဉ်အသေးစားဖြင့် ခရီးနှင်ခဲ့ကြ၏။ယခုတစ်ခါတွင် ဝေ့လင်းသည် သူတို့နှင့်အတူ မလိုက်လာဘဲ ပင်မအာကာသယာဉ်ပေါ်တွင်သာ ကျန်ရစ်ခဲ့သည်။
လင်းရွှမ် တို့အဖွဲ့သည် ဟယ်လင် ဆီကို အချိန်ခဏလေးနှင့် ရောက်သွားပြီးနောက် ပိုင်ရွှင်း ပေးပို့သည့် ကားပျံပေါ် တက်သွားခဲ့သည်။ ဟယ်လင်၏ အဓိကမြို့ကို ရောက်ရှိလာပြီးနောက်တွင် ပျံသန်းဖို့ မဖြစ်နိုင်တော့ဘဲ အကန့်အသတ်မရှိ လူသွားလမ်းသာ ရှိတော့သည်။ ကားအပြင်ဘက်ရှိ၊ နေရာတိုင်းလိုလိုတွင် လူစည်ကားနေပြီး ရှုပ်ထွေးသည့်လမ်းများနှင့် တည်ဆောက်ထားသော နည်းပညာမြင့်အဆောက်အအုံများ ရှိနေကြသည်။ မြို့တော်အပြင်ဘက်က ဘာမှမရှိသော ဟင်းလင်ပြင်ကြီးနှင့် ကြမ်းတမ်းသော ပတ်ဝန်းကျင်သာ မဟုတ်ပါက၊ မြို့တော်ကြီး၏ သွက်လက်တက်ကြွအသက်ဝင်မှုသည် အဝေးရောက်ကြယ်တစ်ပွင့်ဟုပင် ထင်ရမည်မဟုတ်ပေ။
လင်းယောင်ယောင် သည် ဟယ်လင်သို့ ရောက်ချိန်အထိ အခြားမရင်းနှီးသော ကြယ်ပွင့်နယ်ပယ်များသို့ သွားခဲ့သည့် အတွေ့အကြုံ များများစားစား မရှိခဲ့ချေ။ ပျမ်းမျှအရပ် 180 စင်တီမီတာ သို့မဟုတ် ထို့ထက်ပိုမြင့်သော တာဇာ မိန်းမများကို သူမ အရှင်လတ်လတ် တွေ့ခဲ့ရသည်။ အချို့က အရပ် 190 စင်တီမီတာထက် ပိုမြင့်ပြီး ကြမ်းတမ်းခက်ထန်သည့် ပုံစံများဖြစ်သည်။ သူတို့ခေါင်းထိပ်မှာ လူများစွာသည် ချွန်ထက်သော ဇာ့ခ်အင်တာနာတိုင် နှစ်ခုစီပါရှိသည်။တာဇာသွေး ပိုများသရွေ့၊ မိန်းကလေးများက ပိုအရပ်ရှည်ပြီး ကြံ့ခိုင်လာကာ၊ ယောက်ျားလေးတွေဆိုလျှင်လည်း လူကောင် ပိုထွားလာပြီး ကြမ်းတမ်းလာကြသည်။
မျက်စိနောက်စရာ မဖြစ်စေရန်အတွက် လင်းရွှမ် တို့အဖွဲ့သည် သူတို့ကိုယ်သူတို့ တာဇာနံအဖြစ် ပြောင်းလဲရန်အတွက် အထူးရေမွှေးများ ဖြန်းရသည်။လင်းရွှမ်၏ အရပ်အမြင့် 196cm သည် တာဇာ များကြားတွင် လမ်းလျှောက်သောအခါ မပုလွန်းပေ။ သူ၏ သွယ်လျသောရုပ်ပုံသဏ္ဍာန်ကိုလည်း သူ့ခန္ဓာကိုယ်ထဲတွင် တာဇာသွေးအတော်လေး နည်းပါးနေသည်ဟု ဖြည့်တွေးပေးလို့ရ၏။တခြား စစ်သည်အများစုကလည်း ထို့အတူပင်။ဤအဖွဲ့ထဲတွင် တစ်ခုတည်းသော ချွင်းချက်မှာ လင်းယောင်ယောင် ဖြစ်သည်။ အရပ် 168 စင်တီမီတာနှင့် ပိန်လှီသော ခန္ဓာကိုယ်ကြောင်း သူမသည် လူသားမျိုးနွယ်ဖြစ်ကြောင်း ထင်ရှားလှသည်။ ကံကောင်းစွာနှင့်၊အမြန်ကားပေါ်မှ ဆင်းပြီးနောက် ပိုင်ရွှင်း၏နေရာကို အမြန်သွားလိုက်ကြသည်။ လင်းရွှမ် သည် သူမကို ဦးထုပ်ကြီးကြီးတစ်လုံးဆောင်းစေကာ အင်္ကျီရှည်ကြီးကို ဝတ်ခိုင်းပြီး စစ်သည်များကြားတွင် သူမကို သတိမပြုမိအောင် ထားပေး၏။
ထို့နောက် လင်းယောင်ယောင် သည် ဟယ်လင်ရှိ အမြင့်ဆုံး အဆောက်အအုံ၏ အပေါ်ထပ်ရှိ ပင်မဧည့်ခန်းသို့ လင်းရွှမ် နောက်မှ လိုက်သွားခဲ့သည်။ တံခါးဝသို့ မရောက်မီ၊ ရင်သပ်ရှုမောဖွယ် အနီရောင်စကတ်တိုကို ဝတ်ဆင်ထားသော ရင်သပ်ရှုမောဖွယ် အလှတရားတစ်ယောက် ထွက်လာသည်။ဤအမျိုးသမီး၏ အရပ်အမြင့်က 178cm ရှိပြီး ရှေ့ကိုယ်လုံးက ဖောင်းဖောင်းလေးဖြစ်နေကာ ကျော်ဘက်က ကုန်းကုန်းကလေးဖြစ်နေသဖြင့် အတော်လေး မျက်စိကျစရာပင်။ တာဇာမျိုးနွယ်စုမှ အရပ်ရှည်ပြီး သန်မာသော အမျိုးသမီးများလိုမဟုတ်ဘဲ သူမသည် တစ်ကယ်ကို ချစ်စရာကောင်းသည်။
သူမက ချစ်စရာကောင်းသော အသံဖြင့် "အစ်ကိုလင်း…နောက်ဆုံးတော့ ပြန်လာပြီပဲ..ရှောင်ရွှယ်က အစ်ကို့ကို စောင့်နေတာကြာပြီ..."
ပိုင်ရွှယ် နောက်မှာ ပိုင်ရွှင်း ရှိသဖြင့် ချန်ပင်း နှင့် လင်းရွှမ် ရှေ့မှာရပ်နေသော အခြားသူများက ရှောင်ထွက်သွားသည်။
လင်းရွှမ် အနားမှာနေသည့် လင်းယောင်ယောင် က သူမ၏ ကုတ်အင်္ကျီရှည်ကို ချွတ်လိုက်ပြီး အာကာသခလုတ်ထဲကို ထည့်လိုက်၏။ ထိုအချိန်တွင်၊ သူမကို ပိုင်ရွှယ် ယခုမှမြင်သွားသည်။လင်းရွှမ်နှင့်အတူ ဘေးချင်းကပ်ရှိနေပြီး လက်ကိုင်ထားကြသည်။ထိုမှသာ လင်းရွှမ် မှာ ချစ်သူရှိသည်ဟု ပြောခဲ့သည်ကို သူမ ရုတ်တရက် သတိရလိုက်မိသည်။
လင်းရွှမ်၏ချစ်သူလေးသည် ချောမောလှပကာ ရွှေရောင်ဆံပင်ရှည်နှင့် သေးသွယ်သော မိန်းကလေးဖြစ်ကြောင်း သူမ မြင်သည်။ထိုကောင်မလေးကိုမြင်မှ သူမ၏ အလှမှာ တောက်ပသည့် လမင်းကြီးဘေးမှ ပိုးစုန်းကြူးတစ်ကောင်လို ရုတ်ခြည်း အရောင်မှိန်သွားခဲ့သည်။
လင်းယောင်ယောင် ၏ နှုတ်ခမ်းများ တွန့်ကွေးသွားပြီး ပြုံးလိုက်သည်။
"မစ္စရဲ့အစ်ကိုက နင့်နောက်မှာရှိတယ်မလား... ငါ့အစ်ကိုကြီးကို "အစ်ကို"လို့ မခေါ်နဲ့...ငါ့မှာလည်း နင့်လိုအရမ်းချောတဲ့ညီမလေး မရှိဘူး"
လင်းယောင်ယောင် ၏ ခန္ဓာကိုယ်သည် တာဇာမျိုးနွယ်စု၏ အထူးရေမွှေးနံ့ရနံရနေသည်။ ပိုင်မိသားစုမှ မိသားစုဝင်များသည် အနံ့ခံနိုင်ပြီး ဖြစ်ကာ လင်းယောင်ယောင်သည် လူသားမိန်းကလေးစစ်စစ် ဖြစ်ကြောင်း ပြသနေသည်။ မိန်းကလေး၏ မျက်နှာသည် သပ်ရပ်လှပပြီး သူမ၏ ခန္ဓာကိုယ်မှာ မွှေးကြိုင်သော အနံ့ရှိသည်။ သူမကြောင့် တာဇာမျိုးနွယ်သွေးပါသော အမျိုးသားများသည် စိတ်အားထက်သန်စိတ် ဖြစ်လာရကာ သူမကိုသာ စိုက်ကြည့်နေကြ၏။
ပိုင်ရွှယ် သည် ငယ်ငယ်လေးကတည်းက ချီးကျူးခြင်းကို ခံခဲ့ရသူပင်။ ပိုင်ရွှင်း က သူမကို မင်းသမီးလေးလို လုံးလုံး ပုံသွင်းထားခဲ့၏။ သို့သော်၊ လင်းယောင်ယောင် ၏ လှပပြီး သန့်စင်သည့် မျက်နှာလေးကို မြင်လိုက်ရသောအခါ သူမ မနာလိုဖြစ်မိသည်။ လင်းယောင်ယောင် ၏ ချစ်စဖွယ်အသံလေးနှင့် စူးရှတောက်ပသော အကြည့်များက စွဲမက်ဖွယ်အတိပင်။သို့သော်၊သူမစကား ဆုံးပြီးသည့်နောက်မှာတော့ ပိုင်ရွှယ် က ဆွဲဆောင်မှုအရှိဆုံး အပြုံးဖြင့်
"နင်က မစ္စတာလင်း ရဲ့ညီမလား"
ပိုင်ရွှယ်၏နောက်မှ ပိုင်ရွှင်း သည်လည်း လူသားတစ်ဦးကဲ့သို့ပင် ဖြစ်နေသည်။ သူ့မျက်နှာသည် နူးညံ့ပြီး ချောမောနေကာ သူ့မျက်လုံးတွေက လင်းယောင်ယောင် ကိုသာ သည်းကြီးမည်းကြီး စိုက်ကြည့်နေတော့သည်။ သူက လင်းရွှမ် ကို ကြည့်လိုက်ရာ သူ့မျက်လုံးတွေက မေးခွန်းထုတ်စရာ ဖြစ်နေသည်။
"မစ္စတာလင်း ဒါက..."
လင်းရွှမ် ၏ နှလုံးသားမှာ တုန်လှုပ်သွားပြီး မျက်လုံးများက အေးစက်သွားသည်။ ပိုင်ရွှင်း မျက်လုံးထဲမှ လင်းယောင်ယောင် ကို စိတ်ဝင်တစား ဖြစ်နေကြောင်းတွေ့လိုက်ရသည်။ မူလက သူသည် မစ္စပိုင်ကို ဖယ်ချရန် လင်းယောင်ယောင် ကို ခေါ်ခြင်းဖြစ်သည်။သို့သော်၊ယခုတော့ သူ၏ ယောင်ယောင်ကို လိုချင်သူတွေ ပေါနေရ၏။
ပိုင်ရွှယ် ကို မကြည့်ဘဲ သူက အေးစက်သော မျက်လုံးများဖြင့် ပိုင်ရွှင်း ကို တိုက်ရိုက်ကြည့်ကာ လေးနက်သော အသံဖြင့် ပြောသည်။
"ဒါက ငါ့ညီမ လင်းယောင်ယောင် ပါ...သူမက ငါ့ရဲ့ စေ့စပ်ထားသူပါ"
ယခုက သူမသည် စေ့စပ်ထားသူမဟုတ်ဟုဆိုကာ လင်းရွှမ် နှင့် ငြင်းခုံရမည့်အချိန်မဟုတ်ကြောင်း လင်းယောင်ယောင် သိသည်။ ထိုသို့သော နာမည်မျိုးသည် လင်းရွှမ်ကို မက်မောသော မိန်းမများအား နောက်ဆုတ်သွားစေနိုင်လျှင် သူမကို ဒုက္ခများကြားထဲမှ ကယ်တင်နိုင်မည်ဖြစ်သည်။
ပိုင်မောင်နှမများ၏ မျက်နှာတွေက သိပ်မကောင်းပေ။ ပိုင်ရွှင်း မျက်လုံးများထဲတွင် စိတ်ပျက်လက်ပျက်ဖြစ်နေသော အရိပ်အယောင်မျှသာ ရှိနေသော်လည်း ပိုင်ရွှယ် က
"မောင်နှမ ဆိုတော့ ဘယ်လို အတူတူ နေနိုင်မှာလဲ"
လင်းရွှမ် က အေးစက်စွာပြောလိုက်သည်။
"ယောင်ယောင် က ငါ့မွေးစားညီအစ်မ ဆိုတော့ ငါတို့က မောင်နှမအရင်းတွေ မဟုတ်ဘူး"
လင်းယောင်ယောင် က ပြုံးပြီး ဆက်ပြောလိုက်သည်။
"အစ်ကိုရွှမ် နဲ့ ကျွန်မကြားက ဆက်ဆံရေးက သီးသန့်ကိစ္စပါ… ဒီနေ့ပြောမယ့် အကြောင်းအရာနဲ့ မဆိုင်ပါဘူး"
ပိုင်ရွှင်း က သူ့မျက်နှာကို ပြင်လိုက်ပြီး ပိုင်ရွှယ် ကို ဝင်ငေါက်လိုက်သည်။
"ရှောင်ရွှယ်...မရိုင်းနဲ့"
ပိုင်ရွှယ် ဘယ်လောက်ပဲ ဆန္ဒရှိပါစေ ၊သူ့အစ်ကိုကြီး၏ အလုပ်ကိစ္စကို မစွက်ဖက်ရဲပေ။ သူမသည် လင်းယောင်ယောင် ကို မုန်းတီးမှုဖြင့်သာ စိုက်ကြည့်နေနိုင်သည်။
ပိုင်ရွှင်း သည် လင်းမောင်နှမများကို တစ်ဖန်ပြန်ကြည့်ကာ သူ့မျက်လုံးများက ပုံမှန်ပြန်ဖြစ်သွားသည်။ "ဟုတ်ပါတယ်…ဒီနေ့ပြောမယ့်ကိစ္စက စီးပွားရေးကိစ္စပါ"
ထို့နောက် နှစ်ဖက်သား ပင်မခန်းမထဲကို ဝင်ပြီး အမိန့်ချပြီးနောက်မှာ ပိုင်ရွှင်း က စပြောလာသည်။
“မြွေဟင်းချိုနဲ့ ရတနာလေးပါး အပါအဝင် အရင်က မစ္စတာလင်းနဲ့ ကျွန်တော် ရောင်းဝယ်ခဲ့တဲ့ ဖြည့်စွက်အစားအစာတွေက အရသာရှိပြီး ကုသရာမှာလည်း ကောင်းပါတယ်... များများရနိုင်ရင်ပိုကောင်းတယ်... မစ္စတာလင်း က ကျွန်တော့်ကို မှော်ဆန်တဲ့ ဖြည့်စွက်အစာတွေကို ဖန်တီးပေးတဲ့ အစားအသောက်ကုထုံးပညာရှင်ကို ပေးတယ်ဆိုပါစို့…ဒါဆိုရင် အရောင်းအဝယ်က ကျွန်တော်တို့ သဘောတူပြီးသား ပမာဏထက် နှစ်ဆပေးမယ်"
လင်းရွှမ် က ပေါ့ပေါ့ပါးပါး ပြုံးလိုက်သည်။
"မရပါဘူး… အစားအသောက်ကုထုံးပညာရှင်တွေက ကျွန်တော့်အတွက် အရမ်းအရေးကြီးတယ်...သူတို့ကိုပေးဖို့ မဖြစ်နိုင်ဘူး"
ဟယ်လင်အတွက်၊ အထူးသဖြင့် Anti-တာဇာကြယ်ပွင့်မဟာမိတ် အစိုးရ၏ အဖွဲ့အစည်းအတွက်၊ အဆင့်မြင့်အစားအစာကုထုံးပညာရှင်သည် အမှန်တစ်ကယ်ပင် အရေးကြီးလွန်းလှသည်။ဆေးဖက်ဝင်ပစ္စည်းများ မည်မျှပင် ရှားပါးနေပါစေ၊ မွေးမြူရန် နည်းလမ်း အမြဲရှိသည်။ အခက်ခဲဆုံးအချက်မှာ သူတို့တွင် ဆေးဝါးကျွမ်းကျင်သူများနှင့် အစားအသောက်ကုထုံး ပညာရှင်များ အလုံအလောက် မရှိခြင်းပင်ဖြစ်သည်။
လင်းယောင်ယောင် ၏ သရုပ်မှန်ကို ဖော်ထုတ်လိုက်လျှင် ပိုင်ရွှင်း သည် သူမကို လုယူကာ ရန်သူ ဖြစ်လာမည်ကို လင်းရွှမ် စိုးရိမ်နေသည်။သို့သော်လည်း ပူးပေါင်းဆောင်ရွက်မှုအတွက် ရိုးသားမှုကို ပြသဖို့လိုသေးသည်။
"ဒီပူးပေါင်းဆောင်ရွက်မှုက ချောချောမွေ့မွေ့ဖြစ်သွားရင်...ခင်ဗျားကို ပေးမယ့်အစား ကုထုံးပညာရှင်အချို့ကို လေ့ကျင့်ပေးနိုင်ပါတယ်"
သူတို့သည် အရှင်သခင် အင်ပါယာမှဖြစ်ကြောင်းကို လင်းရွှမ် ဖုံးကွယ်ထားခြင်းမရှိပေ။ သူသည် အရှင်သခင် အင်ပါယာက ဘယ်လိုရောက်လာသလဲ၊ သူ့မှာ ဘာကဒ်တွေရှိလဲ ဆိုသည်ကမူ ပိုင်ရွှင်း၏ ဉာဏ်ရည်အပေါ်မှာ မူတည်သည်။
ပိုင်ရွှင်း သည် စီးပွားရေးသမားတစ်ဦးဖြစ်သောကြောင့် အရောင်းအ၀ယ်ကိစ္စအသေးစိတ်ကို စတင်ဆွေးနွေးခဲ့သည်။ လင်းရွှမ် က ထိုကိစ္စများကို ကောင်းကောင်းမလုပ်နိုင်သည့်အတွက် ချန်ပင်း အား ကိစ္စအားလုံးကို ပေးလိုက်သည်။ထိုအတောအတွင်း သူသည် လင်းယောင်ယောင် ၏လက်ကို ကိုင်ကာ နှုတ်ခမ်းပေါ်တင်၍ နမ်းလိုက်သည်။ ထို့နောက် သူက
“ပျင်းနေပြီလား”
လင်းယောင်ယောင် သည် လင်းရွှမ် ၏ ပုခုံးပေါ် ခေါင်းကို ထောက်လိုက်သည်။
"အင်း၊ နည်းနည်းတော့ ပျင်းလာတယ်… ခဏလောက် မျက်စိမှိတ်ထားလိုက်မယ်..."
သူမသည် ရက်အနည်းငယ်ကြာသည်အထိ ဖြည့်စွက်အစားအစာများပြုလုပ်ရန် အလုပ်များနေသောကြောင့် အနားယူချိန်မရှိခဲ့။ ယခုမူ၊ အနည်းငယ် ပင်ပန်းနွမ်းနယ်သလိုဖြစ်ကာ အိပ်ငိုက်လာရ၏။
လင်းရွှမ် သည် သူမ၏ ပျော့ပျောင်းသောဆံပင်များကိုထိကာ ခါးကိုတင်းကျပ်စွာ ဆုပ်ကိုင်ထားသည်။ ထို့နောက် သူမကို နှစ်သိမ့်ပေးကာ နွေးထွေးစွာ ပြောလိုက်၏။
“သွားအိပ်လေ"
ပိုင်ရွှယ် မြင်ကွင်းကို ကြည့်ရင်း ဆုပ်ထားသော လက်သီးကြောင့် လက်သည်းများက လက်ဖဝါးအသားထဲသို့ စူးဝင်လုနီးပါး ဖြစ်နေရသည်။ယခုမူ လင်းရွှမ်သည် လူတိုင်းကို ရက်စက်ကြမ်းကြုတ်ပြီး အေးစက်ခြင်းမရှိကြောင်း မြင်လိုက်ရတော့သည်။ ဤလူကို နူးညံ့သိမ်မွေ့အောင် လုပ်နိုင်သူတစ်ယောက်ရှိနေ၏။
xxxxx