အခန်း၁၅၄
Viewers 12k

Chapter 154


(ဝမ်တန်ဖက်ထုပ်)


လင်းယောင်ယောင် မှိန်းခနဲ အိပ်ပျော်သွားသည်။ လင်းရွှမ် သည် သူ့ရင်ဘတ်ပေါ် ခေါင်းတင်စေလျက် ပေါင်ပေါ်ထိုင်စေကာ အနေအထားကို ပြောင်းလဲလိုက်သော်လည်း သူမ မနိုးလာသေးပေ။


 ဆွေးနွေးစရာရှိသည့်အခါ လင်းရွှမ် သည် တစ်ခါတစ်လေ သူ့ ထင်မြင်ချက်ပေးရာတွင် စကားကို တိုတိုတုတ်တုတ်သာ ပြောပြီး တမင်တကာ အသံကို လျှော့ထားသည်။သူ စိတ်မဆိုးအောင်

 တခြားလူတွေကလည်း စကားပြောသည့်အခါ လေသံကိုလျှော့ပြောဖို့ အစွမ်းကုန် ကြိုးစားကြသည်။


 အိမ်ရှင်အနေနှင့် ပိုင်ရွှင်း က ဧည့်ဝတ်ပြုလိုက်သည်။


"မစ္စလင်း အတွက် သီးခြားနားနေခန်းတစ်ခု ထားရမယ်ထင်တယ်...ကျွန်တော် ကြိုမသိတဲ့အတွက် တောင်းပန်ပါတယ်"


လင်းရွှမ် သူ့ကို ခေါင်းခါပြလိုက်သည်။


ပိုင်ရွှယ်သည် လင်းရွှမ် က ကောင်မလေးကို  အတော်ပင် ချစ်နေကြောင်းမြင်နေရသော်လည်း အခုထိ မယုံနိုင်သေးချေ။သူမ မနာလိုဖြစ်စွာ တိုးတိုးလေးပြောလိုက်သည်။


 "သူမက ဒီလောက်တောင် အိပ်ရတာ အရမ်းကြိုက်နေတာ…အိမ်မှာနေတာ ပိုမကောင်းဘူးလား"


သူမ စကားဆုံးသည်နှင့် လင်းရွှမ် က ချက်ချင်း အေးစက်စက်နှင့် သူမကိုကြည့်နေလေသည်။ သူ့မျက်လုံးများက အေးစက်နေသဖြင့် ပိုင်ရွှယ် သည် နောက်ကျောအထိ အေးစက်နေသလို ဖြစ်လေသည်။ သူမ၏ အစ်ကိုကြီး ပိုင်ရွှင်းလို စကားများများစားစားမပြောဘဲ အနေအေးသူကတောင် သူမကို အေးစက်စက်ဖြင့် သတိပေးနေသလိုမျိုးကြည့်နေလေသည်။


ပိုင်ရွှင်း ၏ လူယုံတော်နှင့် လက်အောက်ငယ်သားများသည်လည်း ပိုင်ရွှယ် အား စာနာစိတ်ဖြင့် လင်းရွှမ်ကိုရံဖန်ရံခါ စိုက်ကြည့်ကြသည်။ လင်းယောင်ယောင် ကို ရံဖန်ရံခါကြည့်နေသည့် သူတို့၏ အကြည့်များသည်လည်း မီးဟုန်းဟုန်း တောက်လောင်နေ၏။ ဖြူစင်သော အသွင်အပြင်ရှိသော ဤကဲ့သို့ ဖြူစင်သော မိန်းကလေးသည်  ဟယ်လင်မှာ မပြောနှင့်၊လူသားများနေထိုင်ရာ ဘယ်ဂြိုလ်မှာမဆို ကောင်းကင်ဘုံက နတ်သမီးမှန်း လူတိုင်းသိကြမည်သာ။ လင်းရွှမ် ထံမှ တစ်စုံတစ်ယောက်အား လုယူရန် မဖြစ်နိုင်ကြောင်း သူတို့ သိထားသော်လည်း မနေနိုင်သဖြင့် ကြည့်မိလေသည်။ တစ်ဖန်၊မာနကြီးသည့် မစ္စပိုင် ကို ပြန်ကြည့်လိုက်သည့်အခါ သူမက မစ္စလင်းလောက် မချောမောကြောင်း ရိပ်မိသွားကြလေသည်။


ပိုင်ရွှယ် သည် တိတ်တိတ်နေနေသော်လည်း ရှိနေကြသော လူများ၏ သဘောထားကို ‌သဘောပါက်သည်။ထို့ကြောင့် ၊ချက်ချင်းပင် သူမသည် လင်းယောင်ယောင် ကို ပို၍ပို၍ စိတ်ဆိုးလာရသည်။ ဤမိန်းမ၏ ရုပ်ရည်ကြောင့်ပင် သူမထံမှ မဲများလျော့သွားရလေပြီ။တစ်ပြိုင်တည်းပင်၊ သူမသည် လင်းရွှမ် ကို လိုချင်ရုံသာမက လင်းယောင်ယောင် ကိုလည်း ဖယ်ရှားပစ်ချင်ခဲ့သည်။ဆိုးညစ်ယုတ်မာသည့် အတွေးတွေက အချိန်နှင့်အမျှ ပေါ်လာကြသော်လည်း မျက်နှာပေါ်မှာ မထင်ဟပ်လာကြပေ။ထိုအစား သူမမျက်လုံးများကိုမှိတ်ပြီး နှလုံးသားထဲမှာ မြိုသိပ်ထားလိုက်၏။


 ငါးနှင့် နဂါးများ ရောနှောနေသည့် ဟယ်လင်တွင်၊ အထူးသဖြင့် သွေးသန့်စင်သော အမျိုးသမီးများအတွက် လူတစ်ဦးကို ပျောက်ကွယ်သွားအောင် ပြုလုပ်ရန်မှာ လွယ်ကူလွန်းလှသည်။  လင်းယောင်ယောင် သည် လင်းရွှမ် အနားမှ ထွက်ခွာသွားသရွေ့ သူမမှာ အခွင့်အရေးရှိလာပေလိမ့်မည်။


 ဆွေးနွေးမှုအပြီးတွင် ပိုင်ရွှင်း က သူ့လူများအား လင်းရွှမ် လိုအပ်သော အရင်းအမြစ်များကို ပြင်ဆင်ပေးရန် တောင်းဆိုခဲ့သည်။  မနက်ဖြန်ကျလျှင် ပစ္စည်းများ ပို့ပေးဖို့လည်း သဘောတူခဲ့၏။


လင်းရွှမ် တို့အဖွဲ့သည် ဟယ်လင်၏ အဓိကမြို့ကြီးမှာ တစ်ရက်လောက်နေဖို့ လိုအပ်သဖြင့်  ပိုင်ရွှင်း က သူတို့ကို နေစရာနေရာပေးမည်ဟု စိတ်အားထက်သန်စွာ ကမ်းလှမ်းခဲ့သော်လည်း လင်းရွှမ် က ငြင်းဆိုခဲ့၏။ ယင်းအစား၊ သူတို့သည် ဟယ်လင်တွင် အကျော်ကြားဆုံးနှင့် ဈေးအကြီးဆုံးဟိုတယ်ဖြစ်သည့် အခြားသော စီးပွားရေးလုပ်ငန်းပိုင်ရှင်ကြီးများ ပိုင်ဆိုင်သော အခြားဇိမ်ခံဟိုတယ်ကို ရွေးချယ်ခဲ့သည်။ထိုဟိုတယ်၏ စီးပွားရေးအင်အားစုသည် ဟယ်လင်၏ တရားဝင်ခေါင်းဆောင် ဘရမ်မိသားစုမှ သက်ဆိုင်သည်။ ပိုင်ရွှင်း ၏ မှောင်ခိုဈေးကွက် အင်အားစုနှင့် ယှဉ်လျှင် ဘရမ်တို့၏ အင်အားသည် အခြေခံအားဖြင့် တူညီပေသည်။


ဘရမ်မိသားစုသည် တာဇာကြယ်ပွင့်မဟာမိတ် အစိုးရကို မဆန့်ကျင်သော်လည်း လူမျိုးရေးတန်းတူညီမျှမှုကို ထောက်ခံကာ အဆင့်မြင့်သိပ္ပံနှင့် နည်းပညာများကို ကိုယ်တိုင်သုတေသနပြုရန် ကတိပြုထားသည်။ထို့အတွက်ကြောင့် တာဇာကြယ်ပွင့်မဟာမိတ် သည် ဟယ်လင်ကို ထိန်းချုပ်နိုင်ခြင်း မရှိပေ။


လင်းရွှမ် ၏ လှုပ်ရှားမှုသည် အလွန်ထင်ရှားသည်။ ပိုင်မိသားစုသာမက ဘယ်သူမဆို ပူးပေါင်းဆောင်ရွက်နိုင်သည့်အတွက် ပိုင်မောင်နှမတွေအနေနှင့် ရိုးသားဖို့ လိုပေသည်။


လင်းရွှမ် သည် အိပ်ငိုက်နေသော လင်းယောင်ယောင် ကို ပွေ့ဖက်လိုက်ပြီး အမြန်ကားပေါ်တက်လိုက်သည်။ထိုအခါ လင်းယောင်ယောင် သည် နိုးလာပြီးနောက် သူမ အနည်းငယ် ရှက်သွားရကာ မေးလိုက်သည်။


 "အာ... အစ်ကိုကြီးကို နှောင့်ယှက်သလိုဖြစ်သွားလား"


သူမသည် လွန်ခဲ့သည့် ရက်အနည်းငယ်က အဆင့်မြင့် ဖြည့်စွက်စာများ ထုတ်လုပ်ရန် အပြေးအလွှား လုပ်နေသောကြောင့် ပင်ပန်းနွယ်နယ်နေခဲ့၍ မထင်မှတ်ဘဲ အိပ်ပျော်သွားခဲ့ခြင်းဖြစ်သည်။လုံလောက်သည့် အနားယူမှုလည်း မရှိသဖြင့် စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာပါ ပင်ပန်းနေရလေသည်။ထို့အပြင် သူမကို လင်းရွှမ် က သူ့ရင်ခွင်ထဲမှာ


ထည့်ထားကာ


ဖက်ထားသဖြင့် သူမ အတော်လေး သက်တောင့်သက်သာရှိခဲ့သည်။လင်းရွှမ် သည် ခေါင်းငုံ့ကာ သူမ၏ နီရဲနေသော ချစ်စဖွယ် မျက်နှာလေးကို နမ်းလိုက်သည်။


"မဟုတ်ဘူး၊ မင်းက ကိုယ့်အတွက် ပျော်ရွှင်မှုတွေ အများကြီး ပေးခဲ့ပါတယ်"


လင်းယောင်ယောင် မရှိလျှင် တခြားသူတွေနှင့် စကားပြောရသည်က ပျင်းဖို့ကောင်းနိုင်၏။ သို့သော် သူမကိုပိုင်ဆိုင်ထားရ၍ ယောက်ျားအားလုံးက သူ့ကို မနာလိုကြကြောင်း ရုတ်တရက် ခံစားလိုက်ရပြီးနောက် သူမကိုပိုင်ဆိုင်ခြင်းသည် တန်ဖိုးရှိလှသလို ခံစားလိုက်ရသည်။


 "အဲ့ဒါကိုလေ ပိုင်ရွှယ် က ရည်ရွယ်ချက်ရှိရှိ ချစ်ပြနေတယ်လို့ ထင်နေမှာ… သူမ ညီမလေးကို သေလောက်အောင် မုန်းနေလိမ့်မယ်"


လင်းရွှမ် ၏ မျက်လုံးများ မှေးကျဉ်းသွားသည်။ ပိုင်ရွှယ်ကဲ့သို့သော မိန်းမမျိုးသည် အတွေးများကို မဖုံးကွယ်တတ်သဖြင့် သူမကို စိတ်ပူစရာ မရှိချေ။ကြောက်စရာကောင်းသည်က သူ့အစ်ကိုပိုင်ရွှင်း ကမူ အတော်လေး လျှို့ဝှက်တတ်သူပင်။


လင်းရွှမ် အမှားလုပ်မိခဲ့သည်။ ထူးချွန်ပြောင်မြောက်သော အရည်အချင်းများရှိပြီး ချောမောလှပသည့် ရုပ်ရည်သွင်ပြင်ရှိသော လူသားအမျိုးသမီးစစ်စစ်သည် တာဇာယောက်ျားလေးများအတွက် ခံနိုင်ရည်မရှိလောက်အောင်ပင် ဆွဲဆောင်နိုင်လိမ့်မည်ဟု သူ မခန့်မှန်းမိခဲ့ပေ။


 "အဲ့ဒီ မိန်းမက အမြင်ကျဉ်းတယ်…သူမ မကျေနပ်တာ အသေအချာပဲဆိုတော့  မင်း ကိုယ့်နောက်ကို အမြဲလိုက်လာရမယ်"


 "ညီမလေးတို့ စစ်သည်တွေက ညဒီမှာ အားလုံး ရှိနေကြပြီကို ညီမလေး သူ့ကို မကြောက်ဘူး…ဒါပေမယ့် အစ်ကိုကြီးနောက်ကို ညီမလေးရဲ့ ပြိုင်ဘက်တွေ မသိပဲ လိုက်လာမှာစိုးလို့ အစ်ကိုကြီးနောက်ကို လိုက်ဖို့ လိုတယ်"


လင်းရွှမ် ပြုံးလိုက်သည်။  သူ့အား ပြိုင်ဘက်များ ခေါ်ဆောင်လာသူမှာ သူမကိုယ်တိုင်ပင်ဖြစ်သည်။


ထို့နောက် လင်းရွှမ် တို့အဖွဲ့သည်  ဟိုတယ်သို့ သွားကြသည်။ ချန်ပင်း မှလွဲ၍ ကျန်စစ်သည်များကို ဟယ်လင်၏ အဓိကမြို့အား စူးစမ်းလေ့လာရန်နှင့် ရင်းနှီးစေရန် လင်းရွှမ် က အပြင်မှာထားခဲ့၏။ ထိုစစ်သည်တို့ကို လူခြောက်အုပ်စု ခွဲထားပြီး အုပ်စုတစ်ခုစီတွင် ဝေ့လင်း၏ လူယုံတစ်ဦးစီ ရှိသည်။


ချန်ပင်း မှာ ပိုအရေးကြီးသည့် တာဝန်တစ်ခုရှိ၏။ သူတို့ ဟိုတယ်နောက်ကွယ်က တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းဆောင်ရွက်ဖို့အကြောင်း ဆွေးနွေးနိုင်မလားဆိုသည်ကို လေ့လာဖို့ ဖြစ်လေသည်။အကြောင်းမှာ ညသိမ်းငှက်တပ်ဖွဲ့ နှင့် အရှင်သခင် အင်ပါယာတစ်ခုလုံးသည်လည်း နောက်ဆုံးပေါ် သိပ္ပံသုတေသနနည်းပညာကို အရေးတကြီး လိုအပ်နေခြင်းကြောင့်ဖြစ်သည်။


လင်းရွှမ် သည် ဟိုတယ်၏ အပေါ်ဆုံးထပ်ရှိ ဇိမ်ခံအခန်းထဲတွင် နေထိုင်ခဲ့ပြီး လုလင်းက သူ့အားအချိန်မရွေး စောင့်ကြည့် သတင်းပို့ရန် တာဝန်ရှိသည်။ လင်းယောင်ယောင် သည် တစ်မနက်လုံး အိပ်ပျော်နေသောကြောင့် ယခု သူမသည် ဟိုတယ်၏ သက်တောင့်သက်သာရှိသော ကုတင်ပေါ်တွင် အိပ်မပျော်တော့ပေ။ သူမလည်း ပျင်းနေတာကြောင့် ဟိုတယ်ခန်းထဲမှ မီးဖိုချောင်ကို သွား၍ လင်းရွှမ် အတွက် လတ်ဆတ်ပြီးအရသာရှိသော ဟင်းလျာတစ်ခုခုလုပ်ရန် စဉ်းစားနေမိသည်။


 ဤကြယ်ပွင့်ကွင်းပြင်တွင် စားနပ်ရိက္ခာရှားပါးလာပြီး လူအများစုသည် အသက်မွေးဝမ်းကြောင်းအတွက် အာဟာရဖျော်ရည်များကို မှီခိုအားထားကြသည်။ အရသာရှိသည့် အစားအသောက် ဆိုသည်မှာ လုံးဝမရှိချေ။သို့သော်လည်း အဆင့်အမြင့်ဆုံး အထက်တန်းလွှာအသိုင်းအဝိုင်းများသည် အတုပြုလုပ်ထားသော လတ်ဆတ်သည့် အစားအစာများကို စားသုံးနိုင်သော်လည်း စျေးနှုန်းမှာ အလွန်မြင့်မားသည်။တာဇာကြယ်ပွင့်ကွင်းပြင်သည် အရင်းအမြစ်များ ညံ့ဖျင်းကာ စိုက်ပျိုးနိုင်သော အစားအစာ အမျိုးအစားများမှာလည်း အကန့်အသတ်ရှိသည်။ ထို့ကြောင့် သူတို့အတွက် အစားအသောက်ပြင်ဆင်ရာမှာ သုံးစရာပစ္စည်းကလည်း ရှားပါးလှသည်။


ထို့ကြောင့်၊ အပေါ်ထပ် ဇိမ်ခံအခန်းတွင် ကျယ်ဝန်းပြီး တောက်ပသော မီးဖိုချောင်ကို တပ်ဆင်ထားသော်လည်း မီးဖိုချောင်သုံးပစ္စည်းများသည် အလွန်ရိုးစင်းသည်။


ကံကောင်းစွာ၊ လင်းယောင်ယောင် ၏ အာကာသခလုတ်ထဲတွင်၊ အသုံးများသော ပါဝင်ပစ္စည်းများ၊ အသုံးများသောမီးဖိုချောင်သုံးပစ္စည်းများနှင့် ဟင်းခတ်အမွှေးအကြိုင်များ။ပါလာသည်။ ထို့အပြင်၊ စက်ရုပ်မီးဖိုချောင်အကူနှစ်ဦးအပါအဝင် လိုအပ်သည့်အရာအားလုံးကို ရနိုင်သည်။


 သူမ ခဏစဉ်းစားပြီး အရသာများစွာရှိသော ဝမ်တန် ဖက်ထုပ်ပြုလုပ်ရန် စီစဉ်ခဲ့သည်။ ယခုတစ်ကြိမ်တွင် သူမသည် ဇာ့ခ်အသားနှင့် ပင်လယ်သားရဲအသားများကို ဖြည့်စွက်စာအဖြစ် မသုံးတော့ပေ။ ဇာ့ခ်အသားနှင့် ပင်လယ်သားရဲအသားများသည် အရသာရှိပြီး အကျိုးကျေးဇူးများစွာ ရှိသော်လည်း သူမ အလွန်အကျွံစားခဲ့ပြီးဖြစ်သည်။  ထို့ကြောင့် ရိုးအီနေရကာ တခြားတစ်မျိုး ပြောင်းလဲရန် လိုအပ်သည်။


ပထမဦးစွာ သူမ ဟင်းချိုအရည်အဖြစ် အရိုးများကို အနှစ်ရအောင် စတင်ပြုတ်ခဲ့သည်။ ထို့နောက် သူမသည် ဂျုံမှုန့်များကို နယ်၍နှပ်ထားလိုက်ပြီး  စက်ရုပ်များကို ဖက်ထုပ်များ လိပ်ခိုင်းခဲ့သည်။ ဝမ်တန် အတွက် အထဲက အစာမှာ လတ်ဆတ်သော ဝက်ခြေထောက်အသားဖြစ်ပြီး ပုဇွန်အချို့လည်း ပါသည်။ထို့နောက် ကြက်သွန်မြိတ်နှင့် ဥအမျိုးမျိုး၊ ဝက်သား၊ ဂေါ်ဖီထုပ်၊တရုတ်နံနံ၊ဝက်သားမုန်လာဥနီတို့ဖြင့် ဖက်ထုပ်လုပ်လိုက်သည်။


ယခုတစ်ကြိမ်တွင် လိုက်ပါလာသော စစ်သည်များကို ကျွေးရန် များစွာ ပြုလုပ်ခဲ့သည်။ ထို့ကြောင့် ချန်ပင်း သည် ဘရမ် မိသားစုဝင်တစ်ယောက်က လင်းရွှမ်အား စကားပြောရန်တောင်းဆိုသောအခါ လင်းယောင်ယောင် သည် ချစ်စဖွယ်ကောင်းသော ဝမ်တန်ဖက်ထုပ်များကို ထားခဲ့ပြီး ထွက်ဧည့်ခံရန် တွန့်ဆုတ်နေခဲ့သည်။


 ကလေးမလေးသည် ပန်းရောင်ခါးစည်းကို ၀တ်ဆင်ထားပြီး အလုပ်များသောကြောင့် သူမ၏ လှပသော မျက်နှာမှာ နီရဲနေရသည်။  သူမမျက်နှာမှာလည်း ဂျုံမှုန့်များဖြင့် စွန်းထင်းနေခဲ့သည်။ သူမ ခေါင်းမော့ပြီး လင်းရွှမ် ကို ရှက်ကိုးရှက်ကန်းနှင့်ကြည့်လိုက်သည်။


  "အင်း အစ်ကိုကြီး သွားတော့…ဘာပဲဖြစ်ဖြစ် အစ်ကိုကြီးပြောချင်တာကို ညီမလေး နားမလည်ဘူး... ဒီမှာနေမယ် အစ်ကိုကြီးပြန်လာတာကိုပဲ စောင့်နေမယ်"


 စားဖိုမှူးတစ်ယောက်ဆိုသည်မှာ ချက်ပြုတ်နေရင်းတန်းလန်း တစ်ဝက်တစ်ပျက်ထွက်သွားဖို့ မလွယ်ကူလှပေ။


လင်းရွှမ် က သူမမျက်နှာပေါ်ရှိ ဂျုံမှုန့်ကို သေချာသုတ်လိုက်၍ သူ ရုတ်တရက် စိတ်ပြောင်းသွားသည်။  


"ဒီကိုလာခိုင်းလိုက်မယ်"


လင်းယောင်ယောင် ဘေးကင်းရေးအတွက် သူမ တစ်ယောက်တည်း ချန်ထားခဲ့ပြီး ဘယ်သူ့ကိုမှ တွေ့ဆုံဖို့မဖြစ်နိုင်ပေ။ ကံကောင်းထောက်မစွာ၊ သူမ ပြုလုပ်သော ဝမ်တန်ဖက်ထုပ်များသည် တာဇာများအတွက် အသစ်အဆန်းဖြစ်ပြီး အရသာရှိမည်ဖြစ်သည်။ အနိမ့်ဆုံးအဆင့်ပါဝင်ပစ္စည်းများကိုလည်း အသုံးပြုထားသောကြောင့် အရန်ကုသမှု အကျိုးသက်ရောက်မှုမှာ အလွန်ထူးခြားမှုမရှိပေ။ ဖြစ်နိုင်လျှင် တစ်ဖက်နှင့် သူမကို လုံးဝမတွေ့စေချင်ပေ။ ညစာမစားမီ စေ့စပ်ညှိနှိုင်းမှုကို အဆုံးသတ်နိုင်လျှင် ပိုကောင်းသည်။ နောက်တစ်ကြိမ် တရားဝင်တွေ့ဆုံပွဲအတွက်လည်း သူတစ်ယောက်တည်း လာမည်ဟုတွေးထား၏။


လင်းရွှမ် သည် သူတို့နှင့် ပူးပေါင်းဆောင်ရွက်လိုကြောင်း ဘရမ်မိသားစုဘက်မှ ကြားသိခဲ့သော်လည်း  လူကိုယ်တိုင် လာရောက်ရန် ဆန္ဒမရှိခဲ့ဘဲ သူ့ဆီလာဖို့ ဖိတ်ခေါ်ခံရ၏။ သူတို့ ပထမတော့ လင်းရွှမ် ကို အနည်းငယ် မကျေမနပ်ဖြစ်ခဲ့ကြသည်။သို့သော်၊ လက်အောက်ငယ်သားများက လင်းရွှမ်တို့အဖွဲ့သည် အရှင်သခင်အင်ပါယာထဲက လူသားမျိုးနွယ်ဖြစ်ကြောင်း ပြောလာကြသည်။ထို့အပြင်၊ ပိုင်မိသားစုနှင့် ပူးပေါင်းဆောင်ရွက်နေပြီဟုလည်း သိရသည်။


ဘရမ်များ စိတ်မသက်မသာဖြစ်သွားရပြီး ဤလူသားမျိုးနွယ်များမှာ အလွန်အစွမ်းထက်သဖြင့် မနှစ်မြို့သော်လည်း သူတို့ ဘာဆေးရောင်းလိုမှန်း သိချင်သဖြင့် ကြည့်ရှုရန် ဆုံးဖြတ်ခဲ့ကြသည်။ ဘရမ်မိသားစုသည် သိပ္ပံနှင့်နည်းပညာဖြင့် တိုင်းပြည်တစ်ခုအား ကယ်တင်ခြင်းကို ထောက်ခံအားပေးပြီး လူမျိုးရေးတန်းတူညီမျှမှုကို ထောက်ခံအားပေးခဲ့သည်။သူတို့သည် တာဇာကြယ်ပွင့်မဟာမိတ် အစိုးရကို မဆန့်ကျင်သော်လည်း တာဇာကြယ်ပွင့်မဟာမိတ် တော်ဝင်မိသားစု၏ အဓိကတိုက်ပွဲမူဝါဒကို သဘောမတူကြချေ။အကယ်၍ စစ်ပွဲတစ်ခုသည် အသုံးဝင်သည်ဟု ဆိုလာပါက၊ ယခုလို တာဇာများသည် အရင်းအမြစ်ကုန်ခန်းပြီး လူဦးရေကျဆင်းသွားမည်မဟုတ်ပေ။ ထို့ကြောင့် လူသားမျိုးနွယ်နှင့် ပူးပေါင်းခြင်းက ပိုကောင်းသလို ထင်မိသည်။


သို့သော်၊ ယခု ရောက်လာသည့် လူသားမျိုးနွယ်သည် စားစရာအနည်းငယ်သာ ပါလာသည်ဆိုပါက၊ ပူးပေါင်းဆောင်ရွက်ဖို့ ဘရမ်မိသားစုနှင့်  မထိုက်တန်ပေ။ ဘရမ်မိသားစုသည် နောက်ဆုံးပေါ် ဆေးဖက်ဝင်ပစ္စည်းများနှင့် အစားအစာ စိုက်ပျိုးနည်းပညာကို တီထွင်ခဲ့သည်။ သို့ဖြစ်၍၊သူတို့ မကြာမီ စားနပ်ရိက္ခာများ ဖူလုံလာပြီး ပိုလျှံသည်အထိပင် ဖြစ်လာတော့မည်ဖြစ်သည်။ အရသာကို အာမမခံနိုင်သော်ငြား၊ အစားအသောက်ထဲမှာရှိသည့် အညစ်အကြေးများကိုတောင် ဖယ်ရှားပစ်နိုင်သည်။


လင်းရွှမ် နှင့် ညှိနှိုင်းရန် ရောက်လာသော ဘရမ်မိသားစု၏ တာဝန်ခံမှာ သခင်လေး ဂျက်စတင်ဘရမ် ဖြစ်သည်။ သူသည် လူသားမျိုးနွယ်တစ်ဝက်နှင့် တာဇာ သွေးတစ်ဝက်ဖြစ်သည်။ သူ့ပုံပန်းသဏ္ဍာန်က ပိုလူသားဆန်သော်လည်း သူ့ခေါင်းပေါ်မှာ ဇာ့ခ်ဦးချို(အင်တာနာ)တစ်ခုရှိသည်။


သူ့တွင် အင်းဆက်ပိုးမွှားလိုမျိုး ဦးချို တစ်ခုသာရှိသော်လည်း၊ အင်းဆက်ဦးချိုနှစ်ခုရှိသည့် တာဇာ တို့နှင့် နှိုင်းယှဉ်ပါက ပိုမိုစူးရှသောအနံ့ရှိသည်။  သူ့မှာ ထူးထူးခြားခြား စိတ်ခံစားမှု စွမ်းရည်လည်း ရှိသည်။ အကယ်၍ လူတစ်ယောက်သည် သူ့ထံသို့ ဆိုးသွမ်းသော ရည်ရွယ်ချက်ဖြင့် လာပါက၊ အရင်ရိပ်မိသွားမည်ဖြစ်၏။


ဂျက်စတင်ဘရမ် သည် ဤလူ့ခေါင်းဆောင် တည်းခိုရာ ဇိမ်ခံခန်းထဲသို့ ၀င်သွားသောအခါ သူ့ခေါင်းပေါ်ရှိ ဦးချိုဖြင့် တစ်ဖက်သား၏ အကောင်းအဆိုး အကြံအစည်များကို ခံစားရမည်ဟု မျှော်လင့်ထားခဲ့၏။ သို့သော် ထူးခြားသော ရနံ့တစ်ခုကိုသာ အရင်ခံစားမိသွားသည်။သူ တံတွေးကို မသိစိတ်ထဲကပါ မြိုချလိုက်မိ၏။ သူ၏ ဇာ့ခ်အင်တာနာသည် လှုပ်ခါပြီး ယိမ်းနွဲ့သွားကာ မီးဖိုချောင်ဘက်မှ ရနံ့ထွက်လာခြင်းဖြစ်ကြောင်း လျင်မြန်စွာ သိလိုက်ရသည်။  


အစားအသောက်အနံ့လား....


လင်းရွှမ် က လင်းယောင်ယောင် အား ဧည့်သည်များကို မကြိုဆိုစေချင်တာကြောင့် မီးဖိုချောင်တံခါးကို ပိတ်ပြီး လေဝင်လေထွက် ကောင်းမွန်သည့် စနစ်ကို ဖွင့်လိုက်သည်။ မထင်မှတ်ဘဲ၊ ဘရမ် မိသားစုမှ သခင်လေးသည် ခွေးနှုတ်သီးထက်ပင် ပိုကောင်း‌သော နှာခေါင်းရှိနေလေသည်။


 ဂျက်စတင် သည် အမည်မသိရနံ့ကြောင့် လန့်သွားကာ ပူးပေါင်းဆောင်ရွက်မှုအကြောင်းပြောဖို့ စိတ်မဝင်စားတော့ဘဲ


"မင်းရဲ့မီးဖိုချောင်ထဲမှာ ငါတို့နဲ့ပူးပေါင်းဆောင်ရွက်တဲ့အခါ ချောမွေ့အောင်လို့ မင်းရဲ့ရိုးသားမှုကိုပြဖို့ တစ်ခုခုပြင်ဆင်နေသလား...ဒါဆို ငါအရင်စားကြည့်မယ်...ကြည့်လည်း ကြည့်ချင်တယ်"


ထို့နောက် သူက မီးဖိုချောင်ဘက်ကို တိုက်ရိုက် လျှောက်သွားသည်။


လင်းရွှမ်: '...နေဦး'


လင်းရွှမ် ၏ အကြီးမားဆုံး ‌ထုတ်ကုန်သည် အမှန်ပင် အစားအစာဖြစ်သည်။  အတိအကျပြောရလျှင် ညသိမ်းငှက်တပ်ဖွဲ့ဝင်များသည် ဖြည့်စွက်အစားအစာများပြုလုပ်ရန် ကျွမ်းကျင်မှုရှိနေကြလေသည်။ သူတို့သည် ပါဝင်ပစ္စည်းများကို  အတော်ကောင်းအောင် ချက်တတ်နေရကာ ကောင်းမွန်သောအကျိုးသက်ရောက်မှုလည်း ပြသနိုင်သည်။ထိုဆွဲဆောင်ချက်က ညသိမ်းငှက်တပ်ဖွဲ့ နှင့်ပိုင်မိသားစုကြား ပူးပေါင်းဆောင်ရွက်မှုအတွက် ညှိနှိုင်းပေးရာမှာ အသုံးချသည့် ကဒ်တစ်ခု ဖြစ်သော်လည်း ဘရမ် မိသားစုအတွက်မူ အလွန်ဆွဲဆောင်မှု ရှိမည်မဟုတ်ပေ။  ဘရမ် မိသားစုတွင် အဆင့်မြင့်နည်းပညာသုံး စက်ကိရိယာများ ရှိပြီး ပိုင်မိသားစုကဲ့သို့ အစားအစာ မရှားပါးလှပေ။သူတို့မှာ အဆင့်နိမ့် ဖြည့်စွက် အစားအစာနှင့် ဆေးဝါးများရရှိရန် လမ်းကြောင်းတစ်ခုလည်း ရှိထားသည်။


ဘရမ်မိသားစုနှင့် ပူးပေါင်းဆောင်ရွက်ရန် လင်းရွှမ် အသုံးပြုရန် ရည်ရွယ်ထားသည့် အပေးအယူပစ္စည်းမှာ ဖြည့်စွက်ကုထုံးများထက် ပိုတန်ဖိုးကြီးပြီး ရှားပါးသည့် ဆေးဟင်းချိုဖြစ်သည်။ ထိုဟင်းချိုမှာ ဆေးအာနိသင်ရှိသော်လည်း ဘေးထွက်ဆိုးကျိုးမရှိပေ။ပိုင်မိသားစု၏ မောင်နှမတွေအပေါ်  စိတ်ဆိုးသွားသဖြင့်  ပိုင်မိသားစုကို ဤဆေးဖက်ဝင်ဟင်းချိုအား မပေးချင်တော့ပေ။ပိုင်မိသားစုနှင့် လိုက်ဖက်ညီသော အခြားအဖော်ကို သူ ရှာချင်သည်။  


 သူသည် မနက်ခင်းက ပိုင်မောင်နှမများနှင့်တွေ့ဆုံပြီးနောက် သင်ခန်းစာရခဲ့သဖြင့် ဖြည့်စွက်စာချက်ပြုတ်နေသော လင်းယောင်ယောင် ကို မိတ်ဆက်မပေးချင်ခဲ့ပေ။ သူမ ရောက်လာပါက သူ့အတွက်  ပြိုင်ဘက်များတိုးလာနိုင်သည်။ယခုဆို ဂျက်စတင်သည်လည်း မီးဖိုချောင်မှာ အစားအသောက််များ ချက်နေသည်ကို ရိပ်မိသွားရလေပြီ။ သို့မဟုတ်လည်း၊ဤပူးပေါင်းဆောင်ရွက်မှုကို ဆွေးနွေးနိုင်မှာ မဟုတ်ပေ။


သို့သော် လင်းရွှမ်က မီးဖိုချောင်တံခါးရှေ့မှာ အမြန်ရပ်လိုက်ပြီး


 "အထဲမှာ ညစာပြင်နေတဲ့ ငါ လက်မထပ်ရသေးတဲ့ မိန်းကလေးရှိတယ်… သူမက အရမ်းရှက်တတ်တော့ အပြင်လူတွေနဲ့ တွေ့ရတာကို မကြိုက်ဘူး...ခဏနေကျရင် စက်ရုပ်ကို စားစရာတွေ လာပို့ခိုင်းလိမ့်မယ်"


ဂျက်စတင် သည် သူ၏ ပြင်းထန်သော ခံစစ်နှင့် နိုးနိုးကြားကြားရှိသော ခံစားချက်များကို ခံစားနိုင်သည်။ ထို့ကြောင့် မီးဖိုချောင်ထဲက လူကို ပိုလို့တောင် သိချင်လာရ၏။သို့သော်လည်း၊ လင်းရွှမ် ထံမှ ငြိုငြင်မှုကို မခံစားရသည့်အပြင်၊ ဤလူသားတွင် အလွန်အစွမ်းထက်ပြီး နားမလည်နိုင်သော အရိပ်အယောင်ရှိကြောင်း သတိပြုမိသည်။


ဂျက်စတင် သည် ဤပူးပေါင်းဆောင်ရွက်မှုကို ချက်ချင်းစိတ်ဝင်စားလာခဲ့၍ ဧည့်ခန်းရှိ ဆိုဖာပေါ် ပြန်ထိုင်ကာ


 "မင်း ဘယ်လို ပူးပေါင်းဆောင်ရွက်မှုမျိုးကို ပြောချင်တာလဲဆိုတာ သိချင်လိုက်တာ"


ထိုအခါ၊ လင်းရွှမ် သည် ဇာ့ခ်အသားနှင့် SS အဆင့် အောက်ရှိ ပင်လယ်သားရဲ အသားများဖြင့် ပြုလုပ်ထားသော ဖြည့်စွက်ဆေး ဟင်းချိုများကို ထုတ်ယူခဲ့သည်။ ထိုဟင်းလျာများသည် စိတ်ပိုင်းဆိုင်ရာနယ်ပယ် ပြန်လည်ကောင်းမွန်ခြင်း၊ရေတိုစွမ်းအားတိုးတက်မှုနှင့် ရုပ်ပိုင်းဆိုင်ရာပြန်လည်ကောင်းမွန်ခြင်း စသည့်အကျိုးသက်ရောက်မှုများရှိသည်။





xxxxxx