Chapter 155
(ပိုင်ရွှင်းနှင့်တိုက်ခိုက်မှု)
ဂျက်စတင် သည် SS အဆင့် စိတ်ပိုင်းဆိုင်ရာ စွမ်းအားနှင့် ကိုယ်လုံးကိုယ်ပေါက်ရှိသူဖြစ်သည်။ မကြာမီ၊ဤဖြည့်စွက်ဆေးဖက်ဝင်ဟင်းချိုများကို မြည်းစမ်းကြည့်ပြီးနောက် သူ့မျက်လုံးများက ချက်ချင်းတောက်ပလာရသည်။အရသာက ကောင်းမွန်သလို အကျိုးသက်ရောက်မှုကလည်း အတော် ကောင်းသည်။ အချိန်တိုအတွင်း ခွန်အားတိုးစေသော အာနိသင်ရှိသော်လည်း စားသုံးပြီးပါက လူကိုချုံးချုံးကျစေသည့် ဆေးဟင်းရည်မှလွဲ၍ ကျန်ဟင်းလျာများမှာ ခန္ဓာကိုယ်အတွက် ဘေးထွက်ဆိုးကျိုးမရှိပေ။သူတို့ ဘရမ်မိသားစု၏ အရည်အချင်းနှင့် မဆိုထားဘိ၊မည်သို့ပင် အချိန်ကြာကြာယူပါစေ၊ယခုလိုမှော်ဆန်သည့် ဖြည့်စွက်ဆေး ဟင်းရည်ကို သူတို့ လုပ်နိုင်မှာမဟုတ်ေပ။သေချာသည်က ဤပူးပေါင်းဆောင်ရွက်မှုကို ညှိနှိုင်းရတော့မည်။
စောစောက မထီမဲ့မြင်ဟန် ရှိနေသည့် သူ့မျက်နှာအမူအရာက ချက်ချင်းလေးနက်လာသည်။
"မင်း ဒီဆေးဖက်ဝင်ဟင်းချိုကိုပြပြီး ပိုင်မိသားစုနဲ့ ပူးပေါင်းခဲ့တာလား"
လင်းရွှမ် : "လောလောဆယ်တော့ မဟုတ်သေးပါဘူး…ဒါပေမယ့် ဘရမ် မိသားစုက ပူးပေါင်းဆောင်ရွက်ဖို့ ဆန္ဒမရှိဘူးဆိုရင်တော့ ဖြစ်နိုင်ပါတယ်"
"ရှိတယ်…ငါတို့ဘက်က ပူးပေါင်းဆောင်ရွက်ဖို့ ဆန္ဒရှိတယ်"
ထိုအချိန်တွင် လင်းယောင်ယောင် သည် ဝမ်တန်ဖက်ထုပ်မျိုးစုံကို ချက်ပြုတ်ပြီးသွားခဲ့ပြီဖြစ်သည်။ အခန်းတွင်းရှိ လူအနည်းငယ်စာ စားနိုင်လောက်အောင် ချက်ပြုတ်ထားသည်။ ချက်ပြုတ်ပြီးနောက် စက်ရုပ်အား ဝမ်တန်ပန်းကန်းသေးသေး (ပန်းကန်လုံးတစ်ခုလျှင် ခြောက်ခု)၊ဖက်ထုပ်ဟင်းချိုသေးငါးပန်းကန် (ပန်းကန်လုံးတစ်ခုစီတွင် အရသာအမျိုးမျိုးရှိသော ဖက်ထုပ်ခြောက်ခုစီ)၊ ဖက်ထုပ်ကြော်ပန်းကန်ကြီးတစ်ပွဲ၊ ဟင်းခတ်အမွှေးအကြိုင်များဖြင့် ပေါင်းထားသော ဖက်ထုပ်တစ်ပန်းကန်..စသည်တို့ကို အပေးခိုင်းလိုက်၏။
လင်းရွှမ်၊ ချန်ပင်း၊ လုလင်း တို့အပြင် ဧည့်သည် ဂျက်စတင် နှင့် သူ့လူယုံတို့ အသီးသီးအတွက် တစ်ခုစီ ဝေစုခွဲထားခြင်းပင်။သူမ အတူတူ အပြင်ထွက်စားချင်သော်လည်း သူမပါထွက်လာလျှင် အပြင်မှစစ်သည်များပါ ရှိနေ၍ အယောက် 60 စာ ကျွေးရမည်ဖြစ်၏။ ထို့ကြောင့် ဝမ်တန်ပန်းကန်သေးသေးလေးတစ်ပွဲကိုသာ တစ်ယောက်တည်း မီးဖိုချောင်ထဲမှာ စားလိုက်သည်။
ဖက်ထုပ်လုပ်ခြင်းကဲ့သို့ ထပ်တလဲလဲအလုပ်မျိုးသည် စက်ရုပ်ထံသို့ မျက်နှာလွှဲထား၍ရသော်လည်း လင်းရွှမ်သည် သူမကို အပြင်မထွက်စေချင်ပေ။ သူမကြောင့် သူ့မှာ အချစ်ပြိုင်ဖက်များ ပေါ်လာမည်ကို စိုးရိမ်ကြောင်း ပြောထားသည်။ သူမကလည်း သူစိမ်းများနှင့် တွေ့ရသည်ကို သိပ်မကြိုက်သည့်အတွက် ဖက်ထုပ်လုပ်ရခြင်းကသာ စိတ်အေးလက်အေးရှိပေသည်။
ဂျက်စတင် သည် အရသာမျိုးစုံရှိသော ဝမ်တန်ဖက်ထုပ်မျိုးစုံကို စားပြီးနောက် သူအလွန်အံ့သြသွားခဲ့သည်။ ငယ်စဉ်ကတည်းက သူသည် ကောင်းကောင်းစားခဲ့ရသည်။ သို့သော်၊ ထိုကဲ့သို့ အရသာရှိသော သရေစာမုန့်များကို တစ်ခါမျှ မစားဖူးပေ။
အဆိုပါ သရေစာများ၏ စွမ်းအင်နှင့် ကုထုံးအာနိသင်သည် ဖြည့်စွက်ဆေးများထက် အဆပေါင်းများစွာ နည်းပါးသော်လည်း လတ်ဆတ်စွာ ပြင်ဆင်ထားသောကြောင့်၊ တစ်ကယ်ကို အရသာရှိလှသည်။သူက စိတ်လှုပ်ရှားစွာနှင့် ပြောလိုက်သည်။
"ဒါက ငါတို့ရဲ့ ပူးပေါင်းဆောင်ရွက်တဲ့အထဲမှာ ပါမှာလား"
လင်းရွှမ် က ခေါင်းခါလိုက်ပြီး
"နောက်ဆက်တွဲ ကုထုံးအစားအစာက ပိုင်မိသားစုနဲ့ ကျွန်တော်တို့ရဲ့ လုပ်ငန်းပါ…ပိုင်မိသားစုအတွက် ပံ့ပိုးပေးတဲ့ပစ္စည်းအများစုဟာ သိမ်းဆည်းရလွယ်ကူပြီး လတ်ဆတ်တဲ့ အစားအစာ အနည်းငယ်ပါပဲ…ကျွန်တော့် အချစ်ကလေးကို နေ့တိုင်း မီးဖိုချောင်ထဲမှာပဲ မထားချင်ဘူးလေ"
ထိုအခါမှ၊ လင်းရွှမ် က ဘာကြောင့် မီးဖိုချောင်ကို မသွားစေချင်သလဲဆိုသည်ကို ဂျက်စတင် ရုတ်တရက် နားလည်သွားသည်။ အကယ်၍ သူ့တွင် ဟင်းချက်ကျွမ်းကျင်သော စေ့စပ်ထားသူ မိန်းမပျိုရှိပါကလည်း သူမကို ဖွက်ထားချင်ပေလိမ့်မည်။ထိုအခါမျိုးမှာ သူကလည်း သူမကို အလုပ်များစွာ လုပ်စေချင်မှာမဟုတ်ပေ။လင်းရွှမ် သည် ဟယ်လင်သို့ ပထမဆုံးအကြိမ် ရောက်လာခြင်းဖြစ်ကြောင်း သူ သိထားခဲ့သည်။ သူသည် သူ၏နောက်ခံ ဘက်ဂရောင်းကို မြှင့်တင်ရန်နှင့် သူတို့အဖွဲ့က လျင်မြန်စွာ ဟန်ချက်ညီစေရန် မိသားစုနှစ်ခုနှင့် ပူးပေါင်းရန် ရွေးချယ်ခဲ့သည်။ သူတို့ ဘရမ်မိသားစုနှင့် ယခုလို ပူးပေါင်းဆောင်ရွက်ပါက၊ တစ်နေ့မှာ ရန်သူတွေ မဖြစ်စေဖို့အတွက်လည်း အာမခံပေးနိုင်မည်ဖြစ်သည်။
ဂျက်စတင်: "မင်း ငါတို့ကို ဖြည့်စွက်စာတွေ အချိန်အကြာကြီး မပေးနိုင်ရင်လည်း ကိစ္စမရှိပါဘူး... ဒါပေမယ့် မင်းငါ့ကို ဝမ်တန်ဖက်ထုပ်လို့ ခေါ်တဲ့ ဒီအစားအစာတွေ ပေးနိုင်မယ်လို့ ငါမျှော်လင့်ပါတယ်... ငါ့မှာ မိသားစုဝင်တွေ အများကြီးရှိပြီး ငါ့ရဲ့ စေ့စပ်ထားတဲ့သူနဲ့လည်း ငယ်ငယ်ကတည်းက ကြီးပြင်းလာကြတာ... ငါ စားဖူးတဲ့ အစားအစာတွေကို သူတို့နဲ့လည်း အတူစားချင်မိတယ်...ငါကလည်း မင်းကို ကျေနပ်လောက်တဲ့ လက်ဆောင်တစ်ခု ပြန်ပေးမယ်လေ"
လင်းရွှမ် သည် ခဏ ညည်းတွားပြီး နောက် သဘောတူလိုက်သည်။
လင်းယောင်ယောင် သည် ဝမ်တန် ဖက်ထုပ်များစွာကို ပြုလုပ်ခဲ့သော်လည်း အခြားစစ်သည်များပါ ရှိနေသဖြင့် စစ်သည်နှစ်ယောက်မှာ ဖက်ထုပ်တစ်ခုကို ဝေမျှစားကြရလေသည်။
လင်းရွှမ် သည် ယခုတစ်ကြိမ်တွင် ဆေးဖက်ဝင်ဟင်းချိုများစွာကို ယူဆောင်လာခြင်း မရှိသော်လည်း ပူးပေါင်းဆောင်ရွက်ရာတွင် ရိုးသားမှုကိုပြသရန်အတွက် ဂျက်စတင် သည် သူတို့အား တာဇာကြယ်ပွင့်မဟာမိတ် ၏ သိပ္ပံနည်းကျသုတေသနနှင့် အရပ်ဘက်အဆင့်ဆိုင်ရာ အချက်အလက်အများအပြားကို တိုက်ရိုက်လွှဲပြောင်းပေးခဲ့သည်။ ပိုမိုအဆင့်မြင့်သော နည်းပညာများ ဖလှယ်ရန်အတွက် နောက်တစ်ကြိမ်တွင် အရန်ဆေးရည်များ နှင့် အရန်ဆေး ဟင်းချိုထုတ်လုပ်မှု နည်းပညာကို စောင့်ဆိုင်းရမည်ဖြစ်သည်။
တစ်နေ့တည်းတွင် အောင်မြင်သော ပူးပေါင်းဆောင်ရွက်မှု နှစ်ခုပြီးနောက်၊ လင်းရွှမ် သည်လည်း ဂျက်စတင် အပေါ် ပိုမို အထင်ကြီးလာခဲ့သည်။
ချက်ချင်း ပိုင်မိသားစုသည် လင်းရွှမ် နှင့် ဘရမ်မိသားစုတို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သတင်းကို အမြန်သိလိုက်ရသည်။ပိုင်ရွှယ် သည် လင်းယောင်ယောင် ကို လင်းရွှမ် ထံမှ မည်သို့ ဆွဲထုတ်ရမည်ကို တွေးတောကြံဆနေသည်။
"အစ်ကို… လင်းယောင်ယောင် ကို အဝေးကို ပထုတ်ပြီး အဲ့ဒီကိစ္စကို ဘရမ် တွေကို အပြစ်တင်ကြမယ်လေ...မကောင်းဘူးလား"
ပိုင်ရွှင်း က ဒေါသတကြီးဖြင့်ဆိုလာသည်။
"နင်လေ.... လင်းရွှမ် က နင် မရင့်ကျက်လို့ ငါတို့မိသားစုကို မယုံကြည်တော့ဘူး...ဒါကြောင့် ပူးပေါင်းဆောင်ရွက်ဖို့ ဘရမ် တွေကို ရွေးချယ်လိုက်တာ"
ပိုင်ရွှယ် လည်း စိတ်ဆိုးသွား၏။
"လင်းယောင်ယောင် ကို လုံးဝ မမက်မောဘူးလို့ အစ်ကို ပြောရဲသလား...သူမခန္ဓာကိုယ်ပေါ်က သန့်စင်တဲ့ ရောင်ဝါကို မခံစားရဘူးလား... သူမကို အစ်ကို့ အပိုင်အဖြစ် တောင်းဆိုဖို့ မစဉ်းစားခဲ့ဘူးလား… သူမရဲ့ အနံ့ က အရမ်း ကောင်းတယ်မလား... သူမရဲ့ အသွေး ကလည်း အရမ်း သန့်စင်တယ်... သူမ ဆိုရင် အရည်အချင်း အရှိဆုံး ကလေး ကို မွေးဖွား ပေးနိုင်မှာ သေချာတယ် .."
ပိုင်ရွှင်း က အသက်ပြင်းပြင်းရှူပြီး အေးအေးဆေးဆေးပြောလိုက်သည်။
"ဟုတ်တယ်...ငါက အဲဒီမိန်းကလေးကို ကြိုက်တယ်…ဒါပေမယ့် တာဇာမျိုးနွယ်ယောက်ျားက ဖြူစင်တဲ့ လူသားမျိုးနွယ် မိန်းမကို သွားပြီးတော့ ပတ်သတ်ချင်တာသဘာဝပဲ...သူမက အရမ်းဖြူစင်ပြီး ချိုမြိန်တယ် ဆိုတော့ အတိုင်းထက်အလွန်ပေါ့...ဒါေပမယ့် လောကကြီးမှာ ကိုယ်ကြိုက်တယ်ဆိုတာနဲ့ ဘယ်အရာကိုမှ အလကားမရနိုင်ဘူးလေ…ကိုယ်ကြိုက်တဲ့ ပစ္စည်းတစ်ချို့ ညစ်ပတ်တဲ့နည်းနဲ့ ပိုင်ဆိုင်ရအောင် လုပ်ရင်လည်း ပိုင်သာပိုင်ရမယ်၊စိတ်ထဲမှာ ပျော်ရွင်မှာမဟုတ်ဘူး...ငါတို့အဖေနဲ့အမေလိုပဲ နာကြည်းစရာကောင်းတဲ့ စုံတွဲတွေ ဖြစ်လာကြလိမ့်မယ်...နင် သူမကို အထင်သေးနေရင် နောက်တစ်ခါ ပူးပေါင်းဆောင်ရွက်မှုအကြောင်း ပြောရင် ငါ နင့်ကို ထပ်မခေါ်သွားတော့ဘူး"
ပိုင်ရွှယ် က အေးစက်စွာ ဟစ်အော်လိုက်သည်။
"ဘာပဲဖြစ်ဖြစ် အစ်ကို သူမကို ကြိုက်တယ်မလား...ဒါပေမယ့် မသွားရဲဘူးလေ....အစ်ကို တစ်သက်လုံး နောင်တရဖို့ ဒုတိယဦးလေးလို စောင့်နေရမယ်"
ပိုင်ရွှယ် သည် ပိုင်ရွှင်း ၏စကားကိုနားမထောင်သော်လည်း အချိန်အတော်ကြာ တိတ်ဆိတ်နေခဲ့သည်။ သူ့ဒုတိယဦးလေး၏ အထီးကျန်မှုကို ပြန်သတိရပြီး မူလဆုံးဖြတ်ချက်က သိပ်မခိုင်မာတော့ချေ။ထို့နောက် မျက်လုံးမှိတ်ထားပြီး သီးသန့်ဆက်သွယ်ရေးနံပါတ်ကို ခေါ်ကာ အမိန့်အနည်းငယ်ပေးလိုက်သည်။
နောက်တစ်နေ့သည်လင်းရွှမ် နှင့် ပိုင်ရွှင်း တို့ ကုန်ပစ္စည်းဖလှယ်ရန် သဘောတူထားသည့် နေ့ဖြစ်သည်။
ယခုတစ်ကြိမ်တွင် ပိုင်ရွှင်း သည် လုံလောက်သော လက်နက်ခဲယမ်းများအပါအဝင် လူတစ်ရာဆန့် အာကာသယာဉ်ငယ် ၁၀ စင်းကို လင်းရွှမ်အား ပေးဆောင်ရန် သဘောတူခဲ့သည်။
လင်းရွှမ် သည် D-အဆင့် မှ SS အဆင့်အထိ ဇာ့ခ်အသားနှင့် ပင်လယ်သားရဲ ဖြည့်စွက် အစားအစာ တန်ချိန် နှစ်ထောင်ကျော်ကို ပိုင်ရွှင်းထံသို့ပေးခဲ့ရသည်။
စစ်ဘက်ဆိုင်ရာ အာကာသယာဉ်များနှင့် ခဲယမ်းမီးကျောက်များသည် လင်းရွှမ် တပ်ဖွဲ့များ၏ ဟာ့ဒ်ဝဲလ်ဖွဲ့စည်းမှုကို မြှင့်တင်နိုင်ပြီး တိုက်ခိုက်ရေးစွမ်းရည်ကိုလည်း မြှင့်တင်ပေးနိုင်သည်။
ပိုင်ရွှင်း ကွပ်ကဲမှုအောက်မှာ ရှိသည့် အထက်တန်းစား တပ်ဖွဲ့ဝင် 100,000 အတွက် ဖြည့်စွက် အစားအစာ အရေအတွက်မှာလုံလောက်သည်။ ဖြည့်စွက်အစားအစာများကို နပ်တိုင်း စားရန်မလိုအပ်ပေ။ စိတ်ရောကိုယ်ပါ စိတ်ပါလက်ပါရှိမှသာ စားနိုင်သည်။ ထိုဖြည့်စွက်အစားအစာများသည် ပိုင်ရွှင်း၏ တပ်ဖွဲ့များ၏ တိုက်ခိုက်ရေး စွမ်းအားကိုလည်း များစွာ မြှင့်တင်ပေးနိုင်သည်။
ထို့ကြောင့် ယင်းကို နှစ်ဦးနှစ်ဖက် အကျိုးရှိသော ပူးပေါင်းဆောင်ရွက်မှုအဖြစ် မှတ်ယူနိုင်သည်။ ပို့ဆောင်မည့်နေရာအား မြို့အပြင်ဘက်ရှိ အာကာသဆိပ်ကမ်းကို ရွေးချယ်ထားသည်။အာကာသစခန်းသို့ မရောက်မီတွင် လင်းယောင်ယောင် အနည်းငယ် စိတ်ပူသွားသည်။
"တို့ဘက်မှာ ဟိုဖက်လောက် စွမ်းဆောင်ရည်မကောင်းတဲ့ ကင်းလှည့် အာကာသယာဉ်ငယ်တစ်စင်းပဲ ရှိတယ်… တစ်ဖက်က စာချုပ်ကို ဖောက်ဖျက်ပြီး ပို့ဖို့ လွှတ်ထားတဲ့ အာကာသယာဉ်တွေက သေနတ်နဲ့တိုက်လာရင် ညီမလေးတို့ ဘာလုပ်ကြမလဲ"
လင်းရွှမ် သည် လင်းယောင်ယောင် ၏ခေါင်းကိုထိကာ တည်ငြိမ်စွာပြောခဲ့သည် "ကိုယ်တို့တစ်ကယ် တိုက်ဖြစ်ကြရင် နည်းလမ်းတစ်ခုပဲရှိတယ်"
လင်းယောင်ယောင် သည် ဘာကိုမှရှင်းရှင်းလင်းလင်း မသိရသေးသောကြောင့် သူ့ကို မေးခွန်းထုတ်သည့် အမူအရာဖြင့် ကြည့်လိုက်သည်။
လင်းရွှမ် : "168 က SSS+ အဆင့်ကို ရောက်နေပြီဆိုတာ မင်းမေ့နေတာလား…ကိုယ်က ခံစစ်အဖုံးကို ဖယ်လိုက်မယ်...ပြီးနောက် အချိန်ခဏဆွဲထားချိန်မှာ လုလင်းက ပင်မအာကာသယာဥ်က ဦးလေးဝေ့နဲ့ လီနန်ကို ဆက်သွယ်ပြီး ပင်မတိုက်ပွဲဝင်သင်္ဘောရယ် 168 ကိုခေါ်ရမယ်…ပြီးရင် အသင့်ဖြစ်ပြီလေ"
ညသိမ်းငှက်တပ်ဖွဲ့ ၏ ပင်မအာကာသယာဥ်သည် ကင်းလှည့် အာကာသယာဉ်ထက် အဆပေါင်း ရာနှင့်ချီ၍ အရွယ်အစားကြီးမားသည်။ ၎င်း(ပင်မ အာကာသယာဥ်)၏ ပစ်ခတ်မှုစွမ်းအားမှာ မလုံလောက်သော်လည်း စနစ်များသည် တာဇာအာကာသယာဥ်များထက် အနည်းငယ်သာလွန်သည်။ထို့ကြောင့်၊ ကာကွယ်ရေး စွမ်းအားက လုံလောက်နေကာ အာကာသယာဉ် အသေး ဆယ်စင်းလောက်ကိုတော့ အလွယ်တကူယှဉ်နိုင်ပေသည်။
"ဟုတ်တယ်၊ ညီမလေးတို့မှာ 168 ရှိသေးတာပဲ"
သူမ မူလက ထိုသို့သော အခြေအနေမျိုးသာ ဖြစ်သင့်သည်ဟု ထင်ခဲ့သော်လည်း လက်တွေ့တွင် ဖြစ်မလာပေ။
သို့သော်လည်း လင်းရွှမ် ၏ အဖွဲ့လိုက် ကင်းလှည့် အာကာသယာဉ်သည် သဘောတူညီထားသည့် ဆိပ်ကမ်းအပြင်ဘက်သို့ ရောက်ရှိလာသောအခါ၊ ပိုင်ရွှင်း သည် သူတို့ဘက်မှ အာကာသယာဉ်အားလုံး၏ စွမ်းဆောင်ရည်ကို သရုပ်ပြသခဲ့သည်။
ရုတ်တရက်ကြီး အင်အားလာပြနေသဖြင့် ဗီဒီယိုခေါ်ဆိုမှုပြုလုပ်နေစဉ် လင်းရွှမ်၏ မျက်လုံးများသည် တင်းမာနေခဲ့သည်။
"မစ္စတာပိုင်က ဘာကိုဆိုလိုတာလဲ"
ပိုင်ရွှင်း ၏ နူးညံ့ချောမောသော မျက်နှာသည် အနည်းငယ်သာ ပြုံးနေ၏။
"မစ္စတာလင်းက သနားစရာပဲ…ငါမင်းကို မသေစေချင်ဘူး…ရိုးရိုးသားသားပြောရရင် မင်းကိုပေးရမယ့် ရာနဲ့ချီတဲ့ အာကာသယာဉ်အသေးစားတွေ ပေးထားရင်တောင် မင်းက တာဇာကြယ်ပွင့်မဟာမိတ် အစိုးရစစ်တပ်က ဘီလီယံချီတဲ့ အာကာသယာဉ်တွေကို မတိုက်နိုင်ဘူး"
တာဇာကြယ်ပွင့်မဟာမိတ် အစိုးရကို ဖြုတ်ချရန် အလွန်လွယ်ကူပါက ပိုင်ရွှင်း ၏နောက်ကွယ်မှ အစိုးရဆန့်ကျင်ရေးအဖွဲ့အစည်းသည် နှစ်ပေါင်းများစွာ ငြိမ်ခံနေမည်မဟုတ်ပေ။ သို့ဖြစ်၍၊ပိုင်ရွှင်းတို့ အဖွဲ့သည် နယ်နိမိတ်အတွင်းရှိ သယံဇာတအချို့ကို သိမ်းယူကာ လျှို့ဝှက်စွာ ဖွံ့ဖြိုးတိုးတက်လာစေရန်သာ သတ္တိရှိရှိ လုပ်ရဲကြသည်။
လင်းရွှမ် က အေးစက်စွာ ဟစ်အော်လိုက်ပြီး "ငါတို့ မသေရအောင် မင်းက စာနာသင့်တယ်မလား"
"မစ္စတာလင်း တစ်ကယ်စိတ်ဝင်စားတယ်ဆိုရင် ပိုင်မိသားစုနဲ့ ပိုပြီး ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်နိုင်တယ်... ဥပမာ၊ တစ်ချိန်တည်းမှာ ငါတို့ နှစ်ဖက်စလုံးက တပ်တွေ အတူတူစေလွှတ်လိုက်မယ်...ပိုင်မိသားစုက ခြွင်းချက်မရှိ အကန့်အသတ်မရှိ စစ်ရေးအရ ပံ့ပိုးပေးမယ်…မင်းက ငါတို့လိုအပ်တာကို ဖြည့်ဆည်းပေးဖို့ပဲလိုတယ် ဥပမာ ဖြည့်စွက်စာ...”
သူက ပြောနေရင်းနှင့် လင်းရွှမ် နောက်ကွယ်က စိတ်လှုပ်ရှားနေသည့် လင်းယောင်ယောင် ကို နူးညံ့စွာ ပြုံးကာ
"ပိုင်ရွှင်း က မြင်မြင်ချင်း မစ္စလင်းကို ချစ်မိသွားပြီ… မစ္စလင်းနဲ့ လက်ထပ်နိုင်ရင် ငါတို့က မိသားစုတစ်ခု ဖြစ်လာမှာ…ဒါဆို မင်းတို့ဘက်ကိုလည်း စစ်ဘက်ဆိုင်ရာ လက်နက်တွေလည်း ထောက်ပံ့ပေးမှာပေါ့"
လင်းယောင်ယောင် သည် ပိုင်ရွှင်း စကား၏ ပထမပိုင်းကို ကြားလိုက်သောအခါ ထိုသူသည် တစ်ဖက်သားကို အထင်အမြင်သေးတတ်သူဖြစ်ကြောင်း ခံစားလိုက်ရသည်။မကြာမီ၊ ပိုင်ရွှင်းက သူမအား ချစ်ရေးဆိုလာသောအခါဝယ် ရယ်ချင်စိတ်ဖြစ်လာရလေသည်။ ဤလူသည် ယဉ်ကျေးသိမ်မွေ့သော လူကြီးလူကောင်း တစ်ယောက်နှင့်တူသော်လည်း သူ၏အပြုအမူတို့သည် ကြယ်ပင်လယ်ဓားပြများနှင့် ပိုတူသည်။ လင်းရွှမ် ၏ရှေ့တွင်၊ သူသည် အာကာသယာဉ်ဆယ်စင်းကို နေရာယူထားကာ ခြိမ်းခြောက်ဟန်ပြ၍ ကမ်းလှမ်းမှုပြုနေသော်လည်း သဘောမတူပါက အရှင်လွှတ်ထားမည်မဟုတ်ပေ။ဤအရှက်မဲ့သည့် သူ့အပြုအမူက သူ့ညီမ ပိုင်ရွှယ် နှင့် အတူတူပင်။သို့သော်၊အစ်ကိုဖြစ်သူက ညီမဖြစ်သူထက် အနည်းငယ်ပိုကြမ်းရမ်းသည်။
လင်းရွှမ် ၏ မျက်နှာသည် ချက်ချင်းပင် အိုးဖင်ကဲ့သို့ မည်းမှောင်လာပြီး "အဓိပ္ပါယ်မရှိဘူး… လင်းယောင်ယောင် က ငါ့ရဲ့ စေ့စပ်ထားသူပါ…ငါ့ဘဝရဲ့ ချစ်ခြင်းမေတ္တာ ကိစ္စက မင်းနဲ့ စေ့စပ်ညှိနှိုင်းတဲ့ ကိစ္စမှာ လုံးဝ မပါဘူး"
ပိုင်ရွှင်း ၏ မျက်လုံးများက လင်းယောင်ယောင် ကို စိုက်ကြည့်နေသည်။
"မစ္စလင်းကို နောက်ကျမှတွေ့တာ သိပ်နှမြောစရာကောင်းတာပဲ...မင်းကိုယ့်ကို မကြိုက်မှန်း ကိုယ်သိတယ်...ကိုယ်က အရှက်မဲ့တဲ့ လူကြမ်းတစ်ယောက်လို့တောင် ထင်နေတာမလား...မင်းကိုယ်ကို အခွင့်အရေးပေးဖို့ ဆန္ဒရှိမယ််ဆိုရင် ကိုယ် အကောင်းဆုံး ကြိုးစားနိုင်တယ်… တစ်လအတွင်းမှာ မင်းကိုယ့်ကို မချစ်နိုင်ရင် ကိုယ် အရှုံးပေးပြီး ခြွင်းချက်မရှိ ညီလေးလင်း လိုအပ်တဲ့ စစ်ရေးအကူအညီတွေ ပေးမယ် ဘယ်လိုလဲ"
သူမ လင်းရွှမ်ကို တစ်ချက်ကြည့်လိုက်သည်။ လင်းရွှမ်၏အမူအရာမှာ အနည်းငယ်ပျော့ပျောင်းသွားကာ သူမ ခေါင်းကိုပွတ်သပ်၍ ပြောလာ၏။
"မင်းပြောချင်တာကိုပဲပြောလိုက်"
ယခုအချိန်မှာ လုလင်း သည် လင်းရွှမ်ဆီက အရိပ်အမြွက်ရခဲ့ပြီးဖြစ်၍ ပင်မအာကာသယာဥ်ကို ချက်ချင်းဆက်သွယ်နေပြီဖြစ်သည်။ယခုလုပ်ရမှာက အချိန် ခဏလောက် ဆွဲထားရမည်ဖြစ်သည်။
"အရင်က ရှင့်အတွက် ကျွန်မမှာ ဘာခံစားချက်မရှိခဲ့ဘူး...ရှင့်ညီမရဲ့ ဦးနှောက်က သိပ်မကောင်းဘူးလို့ပဲ ထင်ခဲ့တယ်...သူမက တခြားသူတွေရဲ့ ပစ္စည်းကိုလည်းအရမ်းလိုချင်တပ်မက်နေတာပဲ…... အခု ကျွန်မသိလိုက်ရတာက သူမ အဲ့ဒီလိုဖြစ်နေတာက ရှင့်အပြစ်လည်းမကင်းဘူးဆိုတာပဲ...မောင်နှမ နှစ်ယောက်လုံး တစ်ပုံစံတည်း...ကျွန်မအစ်ကိုက ရှင့်ညီမကို ကယ်တင်ပြီး ပိုင်မိသားစုနဲ့ ပူးပေါင်းဖို့ ရွေးချယ်ခဲ့တယ်...ရှင်ကအခုလို သစ္စာဖောက်ပြီး ကျေးဇူးဆပ်လိုက်တာ ဆိုတော့ ရှင် အရှက်မဲ့ပြီး ညစ်ပတ်တာပဲ.. ကျွန်မကို မေးနေစရာတောင်မလိုဘူး... ကိုယ့်ကိုကိုယ်မေးကြည့်၊ အဲ့ဒီလိုလူနဲ့ ရှင်လည်း နေချင်သလား"
ပိုင်ရွှင်း ၏ မျက်နှာမှာတင်းမာသွားပြီး ဒေါသတကြီးဖြင့် သက်ပြင်းချကာ စကားရပ်လိုက်၍ ဘေးသို့ ထွက်ခွာသွားသည်။ သူ၏နည်းလမ်းများသည် ဂုဏ်သိက္ခာမဲ့ကြောင်း သူလည်း သိ၏။ သို့ပါသော်ငြား၊ တစ်သက်လုံးနောင်တရမည့်အစား စက်ဆုပ်ရွံရှာဖွယ်ကောင်းသည့်လူပဲ ဖြစ်ချင်မိ၏။
လင်းယောင်ယောင် သည် လင်းရွှမ် တစ်ယောက် အန္တရာယ်နှင့်ရင်ဆိုင်ရချိန်တွင် လုံးဝမကာကွယ်နိုင်သဖြင့် သူမ စိတ်ထဲက ဘယ်လိုနေနေ သင့်လျော်သော ရွေးချယ်မှုကိုသာ ရွေးချယ်မည်ဖြစ်သည်။ မကြာမီ ပိုင်ရွှင်း ဘေးနားရှိ လူယုံက ရှေ့သို့ရောက်လာပြီး
"ဝိုင်ကောင်းကောင်းတစ်ခွက် သောက်နေတုန်းမှာ တခြားဟင်းက ဘယ်လောက်ကောင်းကောင်း မစားသင့်ဘူး...ဝိုင်ဆိုတာ သိပ်တန်ဖိုးရှိလို့လေ....မင်းတို့ဘက်က ဝိုင်ကို ငြင်းလိုက်တယ်ဆိုတော့လည်း....."
ထို့နောက် လူယုံက သူ့လက်ကို မြှောက်လိုက်ရာ သူတို့ဖက်က မူလ အာကာသယာဉ်ဆယ်စင်း၏ နောက်တွင် ရာနှင့်ချီသော မောင်းသူမဲ့ တိုက်ပွဲဝင်ဒရုန်းများ ပေါ်လာပြီး သူမတို့ကို စက်ဝိုင်းပုံပုံစံဖြင့် ဝန်းရံထားလိုက်သည်။ သူတို့သည် လင်းရွှမ် ၏ ကင်းလှည့်အာကာသယာဥ်ကိုလည်း တင်းတင်းကြပ်ကြပ် လူအင်အားများနှင့်ပါ ဝိုင်းထားကြသည်။
လင်းရွှမ် သည် မကြောက်မရွံ့ဘဲ လုလင်း ဘက်ကို ပေါ့ပေါ့တန်တန် ကြည့်နေခဲ့သည်။ ပိုင်ရွှင်းသည် လင်းရွှမ် အလွန်ငြိမ်သက်နေသည်ကို မြင်သောအခါ 'သူတို့က ဘာကို အားကိုးနေကြတာလဲ' ဟုတွေးပြီး သူ့စိတ်ထဲတွင် အံ့သြစပြုနေပြီဖြစ်သည်။ ခဏကြာတော့မှ ပိုင်ရွှင်း အဖြေကို သိသွားရ၏။ အကြောင်းမှာ၊သူ၏ အာကာသယာဉ် အသေးများနှင့် တိုက်လေယာဉ်များ အထက်ရှိ လေဟာနယ်သည် ရုတ်တရက် တုန်လှုပ်သွားသည်။ ပုံမှန်မဟုတ်သော ပိုးပေါက်စုပ်ဝဲ ပေါ်လာတော့မည့် လက္ခဏာဖြစ်သော လေများက တဝုန်းဝုန်းတိုက်ကာ လှိုင်းထန်လာသည်။ ပိုးပေါက်စုပ်ဝဲ ၏ ပြင်းအားမှ၊ အမည်မသိ ဧရာမ အကောင် တစ်ကောင် ထွက်လာတော့မလို ရုန်းခါနေသည်။
ပိုင်ရွှင်း ၏ မထီမဲ့မြင်အမူအရာသည် ထိတ်လန့်တကြားဖြစ်နေသည့်ပုံစံ ပြောင်းလဲသွားသည်။ယခုက မတော်တဆမှုတစ်ခုလား သို့မဟုတ် လင်းရွှမ် နှင့် ပတ်သက်မှုရှိမရှိဆိုသည်ကို သူ,မသိသေးပေ။ထို့နောက် သူသည် သေးငယ်သော အာကာသယာဉ်များနှင့် တိုက်လေယာဉ်များအားလုံးကို ဝေးဝေးနေရန် အမြန်အမိန့်ပေးလိုက်သည်။
xxxxxx