အခန်း(၈၃)
Viewers 12k

အခန်း(၈၃)《 King Kong ရှစ်ယောက် 》


Author: Drunken Light Song

Source: Jostena M

Editor: Dragon

Translator: オタク


ကျန့်ယွင်နှင့် တခြားသူများသည် ဆင်းပြီးကြသည်နှင့် မှတ်ပုံတင်ရုံးသို့သွားခဲ့ကြလေ၏။ ရွှီဖုန့်ယင်းသည် သူတို့နှင့် ကောင်းမွန်သော ဆက်ဆံရေးရှိလိုသောကြောင့် သူမသည် သူတို့နှင့် တချိန်လုံးလိုက်သွားလေ၏။ 


အမှန်တကယ်တမ်းတွင် မှတ်ပုံတင်ရုံးသည် နှစ်ထပ်တိုက်တစ်လုံး၌ တည်ထားခြင်းဖြစ်၏။ ပထမထပ်သည် ပစ္စည်းများကို ပေးချေပြီး ရေတွက်သည့်နေရာဖြစ်ပြီး ဒုတိယထပ်ကတော့ မှတ်ပုံတင်စီမံခန့်ခွဲသည့် နေရာဖြစ်ပါသည်။


အဆောက်အဦးငယ်လေးထဲ၌ လူတချို့သည် စကားစမြည်ပြောနေကြ၏။ သူတို့ဝင်လာသည်ကိုမြင်ပြီး တစ်ချက်ကြည့်လိုက်ပြီး ပေါ့ပေါ့ပါးပါး ပြောလာလေ၏။


 “ဒီကိုလာပြီး ပစ္စည်းတွေ လာပေးကြ” 


သို့သော်လည်း ကျန့်ယွင်နှင့်အခြားသူများသည် ခေါင်းမထောင်ဘဲ အပေါ်ထပ်သို့တက်ရန် လှေကားဆီသို့ တည့်တည့်သွားရန်သာ ပြင်ဆင်နေကြလေသည်။


“အာ အာ၊ မင်းတို့ဘာလုပ်နေကြတာလဲ။ မကြားဘူးလား။ ငါမင်းတို့ကို ပစ္စည်းတွေလာပေးစေချင်တယ်လေ ”


ကျန့်ယွင်သည် သူတို့အား အမှန်တကယ် လျစ်လျူရှုနေသည်ကို ထိုလူများတွေ့လိုက်သောအခါ သူတို့ဒေါသထွက်သွားကြလေ၏။


၎င်းကို ရွှီဖုန့်ယင်း မြင်လိုက်ပြီး ကျန့်ယွင်ရှေ့၌ အလျင်စလိုရပ်တားလိုက်ပြီး တိုးတိုးလေးပြောလိုက်၏။


“သူတို့တွေက အခြေစိုက်စခန်းခေါင်းဆောင်ရဲ့ ဆွေမျိုးသားချင်းတွေလေ။ သူတို့ကို မစော်ကားတာ ပိုကောင်းတယ်။ အခြေစိုက်စခန်းမှာ စည်းမျဥ်းစည်းကမ်းတွေ ရှိပြီး ပစ္စည်းတွေကို ပေးသင့်တယ်”


သို့သော်လည်း ကျန့်ယွင်နှင့်တခြားသူများသည် ပေးလိုစိတ်မရှိသည့်အတိုင်း ရပ်နေကြဆဲဖြစ်လေ၏။ ရွှီဖုန့်ယင်းသည် ဆက်ပြီး


 “ရှင်တို့အတွက် အဆင်မပြေရင် ကျွန်မကပဲ ပေးလိုက်ပါရစေ။ ရှင်တို့ကယ်ဆယ်ခဲ့တဲ့ ကျေးဇူးတရားက အစားအစာဆယ်ကျင်းထက်တော့ ပိုတန်ပါတယ်။ ကျွန်မရိက္ခာတွေကို အခုပဲ သွားယူလိုက်မယ်။ ကျေးဇူးပြုပြီး သူတို့ကို စိတ်မဆိုးပါနဲ့”


ရွှီဖုန့်ယင်းသည် ပြောပြီးသည်နှင့် ထွက်သွားခဲ့လေ၏။ တစ်ဖက်တွင် သူမသည် သူတို့၏ခွန်အားကို တန်ဖိုးထားကာ သူတို့နှင့် မိတ်ဖွဲ့လိုခဲ့၏။ တစ်ဖက်တွင်မူ သူမသည် သူတို့၏အကူအညီကို အမှန်တကယ် အသိအမှတ်ပြုတန်ဖိုးထားခဲ့သည်။ သို့မဟုတ်ပါက သူမသည် ဖုတ်ကောင်ပါးစပ်ထဲတွင် သေဆုံးသွားလိမ့်မည်ဖြစ်သည်။


“ခဏနေအုံး ” 


ကျန့်ယွင်သည် ရွှီဖုန့်ယင်းကို ရုတ်တရက် ပြောလိုက်၏။


ရွှီဖုန့်ယင်းသည် သူ့အား အံ့အားသင့်စွာ လှည့်ကြည့်လိုက်သည်။


“စွမ်းအားရှင်တွေဆို ရိက္ခာတွေပေးအပ်ဖို့ မလိုအပ်ဘူးဆိုတဲ့ စည်းမျဉ်းမရှိခဲ့ဘူးလား ”


“ဟုတ်ပါတယ် ဒါပေမယ့် သာမန်လူတွေက ပေးဆောင်ရမှာပါ”


ရွှီဖုန့်ယင်းသည် အားနည်းပုံရသည့် စုရွေ့ကျယ်နှင့် ဝူကျင်းကို ကြည့်လိုက်၏။


“အဲ့ဒါဆို ကောင်းပြီလေ၊ ငါတို့အားလုံးက စွမ်းအားရှင်တွေပါပဲ”


ကျန့်ယွင်ပြောလိုက်ပြီး အပေါ်ထပ်သို့ ဆက်လျှောက်သွားလေသည်။


လင်းချန်အခြေစိုက်စခန်းသည် စုရွေ့ကျယ်၏အိပ်မက်ဆိုး၏ အစဖြစ်လေ၏။ သူသာ တတ်နိုင်မည်ဆိုလျှင် စုရွေ့ကျယ်အား သူ့ဘ၀တစ်လျှောက်လုံး လင်းချန်နှင့် ဝေးဝေးတွင်ထားလိမ့်မည်ဖြစ်သည်။ သို့သော်လည်း သတိမထားမိခဲ့ချေ။ ဆိုးရွားသောရာသီဥတုသည် သူတို့အား လင်းချန်အခြေစိုက်စခန်းသို့လာရောက်ရန် ဖိအားပေးခဲ့သည်။


စုရွေ့ကျယ်သည် ကိစ္စမရှိဘူးဟု ပြောခဲ့ပါသော်လည်း တကယ်တမ်း၌ သူ အခြေစိုက်စခန်းသို့ ၀င်လာပြီးကတည်းက သူ့ခေါင်းကိုအောက်ငုံ့ထားကာ ကျန့်ယွင်၏လက်များကိုသာ ကိုင်ထားခဲ့လေ၏။ သူ ဂရုစိုက်နေသေးကြောင်း ကျန့်ယွင်သိ၏။ ယခုအချိန်မှာတော့ ကျန့်ယွင်သည် စာရင်းသွင်းပြီး အိပ်ဖို့နေရာတစ်ခုသာရှာချင်နေခဲ့သည်။ သူတို့နိုးသည့်အချိန်ရောက်သည်နှင့် မိုးတိတ်လုနီးပါးဖြစ်လိမ့်မည်။ ထိုသို့ဆိုလျှင် သူတို့သည် နှောင့်နှေးခြင်းမရှိဘဲ ချက်ချင်းလမ်းပေါ် ဆက်သွားကြမည်ဖြစ်သည်။


“Wtf! မင်းတို့အားလုံးက စွမ်းအားရှင်တွေပေါ့လေ။ Bah! မုသားကြမ်းတွေမလုပ်စမ်းပါနဲ့။ မင်းတို့က သင်ခန်းစာတစ်ခုတော့ သင်ပေးဖို့လိုနေပြီလို့ ငါထင်တယ် ”


ဆန်စပါးကောက်မှုတာဝန်ခံသည့် လူများကြားထဲတွင် ချွန်ထက်သည့်လျှာနှင့် မျောက်ပါးပြင်ပုံစံ လူကောင်သေးသေးတစ်ယောက်သည် ကျယ်လောင်စွာ ကျိန်ဆဲနေပြီး သူ့လည်ပင်းတွင်ဆွဲထားသော ဝီစီကိုမြှောက်ကာ မှုတ်လိုက်၏။


ကျယ်လောင်လှသော ဝီစီသံကို အဝေးမှပင် ကြားနိုင်၏။ မိနစ်ဝက်ခန့်တွင် လူအုပ်စုတစ်စုသည် ဆန့်ကျင်ဘက်အိမ်မှ ပြေးလာကြလေသည်။


“လိုင်ဆန်း ဘာဖြစ်နေတာလဲ ”


ဝီစီသံကြောင့် အာရုံဆွဲဆောင်ခံလိုက်ရသည့်အဖွဲ့သည် သေနတ်များကိုင်ဆောင်ထားကြ၏။ စကားပြောလာသူမှာ အရပ်ရှည်ပြီး လူကောင်ကြီးမားကာ စော်ကားရန် မလွယ်ကူသည့်ပုံပေါ်နေသည်။


“ ဝူရယ်၊ သူတို့ပဲ၊ ဒီလူတွေက ပစ္စည်းတွေမလွှဲပေးဘဲနဲ့ အပေါ်ထပ်ကိုတက်ချင်နေကြတာ ” 


ချွန်ထက်သောပါးစပ်ရှိသည့် လိုင်ဆန်းသည် လှေကားထစ်တွင် ရပ်နေကြသည့် ကျန့်ယွင်နှင့် တခြားလူများကို လက်ညှိုးထိုးပြလိုက်၏။


【TN : ဝူရယ် = ငါးယောက်မြောက်သခင် 】 


ဝူရယ်ဟုခေါ်သော လူသည် ကျန့်ယွင်နှင့် သူ့အဖွဲ့ကို မျက်မှောင်ကြုတ်လိုက်၏။


ကျန့်ယွင်ကလည်း သူ့အား အေးစက်စွာကြည့်နေလိုက်၏။ သူသည် လောလောဆယ်တွင် စိတ်ခံစားချက်မကောင်းနေချေ။ ဒီလူတွေ ဘယ်လိုတောင် ဒီလောက်သောက်ရေးမပါတာတွေလုပ်နေတာ။


“မင်းဘာလုပ်နေတာလဲ။ အစားအစာမပါဘဲ လာချင်နေတာလား။ မင်းမသေချင်ရင် ဒီကိုလာမလာခဲ့နဲ့။ မင်းရိုင်းစိုင်းတဲ့လူဖြစ်ချင်ရင် ငါမင်းကိုသဘောတူလားလို့ မေးကြည့်အုံး ”


ဝူရယ်သည် ကျန့်ယွင်ထံမှ အလွန်မယဉ်မကျေး သည့်အကြည့်ဖြင့် ကြည့်ခံနေရပြီး ထိုကဲ့သို့ အေးစက်သည့်လေသံဖြင့် ပြောလာသောကြောင့် အလွန်စိတ်မကျေမနပ်ဖြစ်နေခဲ့သည်။


“နားလည်မှုလွဲတာပါ၊ နားလည်မှုလွဲတာတစ်ခုပဲ ”


ရွှီဖုန့်ယင်းသည် နှစ်ဦးနှစ်ဖက်သဘောမတူနိုင်ဖြစ် နေသည့်အတွက် ကြောက်လန့်တကြား အလျင်စလိုနှင့် တားဆီးလိုက်၏။ ထိုလူများသည် အစွမ်းထက်ကြသော်လည်း သူတို့သည် လူသားများသာဖြစ်ကြ၏။ ကျည်ဆန်အစစ်တွေနဲ့ ဘယ်လိုတောင် တိုက်ခိုက်နိုင်ပါ့မလဲ။ ကျန့်ယွင်က သူတို့အားလုံးသည် စွမ်းအားရှင်များဖြစ်ကြောင်းပြောခဲ့သော်လည်း ဘယ်လိုဖြစ်နိုင်ပါ့မလဲ။ ရွှီဖုန့်ယင်းတောင် မယုံခဲ့ချေ။


“အိုး ဒါက မာနကြီးတဲ့ မီးဖီးနစ် မဟုတ်လား။ ဒီလူတွေကို အပြင်ဘက်ကနေ ကောက်လာတာလား။ အရမ်းကိုသိသာနေတယ်။ ချောမောလှပတဲ့ မိန်းမတွေနဲ့ ချောမောတဲ့ယောက်ျားတွေ အများကြီး ကိုကောက်လာခဲ့တာပဲ။ ငါ့ညီကိုတွေကို ဂုဏ်ပြုချင်တာလား ”


ဝူရယ်၏ဘက်မှ လူတစ်ယောက်သည် ပြောလိုက်၏။


“ဟာဟားဟား ငါတို့ ကံကောင်းတာ မဟုတ်ဘူးလား” 


တပြိုင်နက် ရယ်မောလိုက်ကြသည်။


ရွှီဖုန့်ယင်းသည် အသက်ပြင်းပြင်းရှူရင်း ဒေါသကို ထိန်းကာ ပြောလိုက်၏။


“သူတို့က ဒီမှာ အသစ်တွေမို့ စည်းမျဉ်းတွေကိုနားမလည်ကြဘူး။ ကျွန်မ သူတို့ရဲ့အစားအစာတွေကို လာပို့ပေးမယ်။ ကျွန်မ အခုပဲ ယူလိုက်မယ်။ ကျေးဇူးပြုပြီး ခဏစောင့်ပါ၊ ဝူရယ် နဲ့ ချီးရယ်”


【TN : ချီးရယ် = ခုနစ်ယောက်မြောက် သခင်】


ငါးယောက်မြောက်နှင့် ခုနစ်ယောက်မြောက်လူတို့သည် အခြေစိုက်စခန်းခေါင်းဆောင်နှင့်အတူ ထောင်မှထွက်ပြေးလာသော ညီအကို တစ်ဒါဇင်အနက် နှစ်ယောက်ဖြစ်ကြ၏။ သူတို့ထဲမှ ရှစ်ဦးသည် စွမ်းအား နိုးထလာသောကြောင့် ကင်းကောင်ရှစ်ကောင်ဟု ခေါ်တွင်ကြ၏။ သူတို့နှစ်ဦးမှာ ကင်းကောင်ရှစ်ပါး၏ ငါးယောက်မြောက်နှင့် ခုနစ်ယောက်မြောက်တို့ဖြစ်ကြသည်။


ကင်းကောင်ရှစ်ယောက်သည် စွမ်းအားရှင်များသာမက သူတို့၏လက်ထဲတွင်လည်း လက်နက်များရှိကြ၏။ သူတို့သည် အခြေစိုက်စခန်းရှိ ပကတိသခင်များဖြစ်ကြကာ စော်ကားခြင်းမပြုသင့်ပေ။


ရွှီဖုန့်ယင်းပြောပြီး အပြင်ထွက်ဖို့ အဆင်သင့်ဖြစ်နေ၏။


“ရပ်လိုက် ” 


နတ်ဆိုးမျက်လုံးများနှင့် ချီးရယ် ထူးဆန်းသောနည်းဖြင့်ပြောလိုက်သူဖြစ်ပြီး ဆန္ဒများအပြည့်နှင့်ဖြစ်၏။


 “ငါ စိတ်ပြောင်းသွားပြီ။ အခု မင်းတို့ ဘာပစ္စည်းမှ ပေးစရာ မလိုတော့ဘူး။ ယောက်ျားတွေ သာယာပျော်ရွှင်ကြပါစေ။ မဟုတ်ရင်တောင်....…အို့ “


ချီးရယ်သည် ရုတ်တရက်ထအော်လိုက်ချိန်တွင် စကားပြောနေရင်းဖြစ်၏။ လက်ကိုထုတ်ကာ ပါးပြင်ကို အုပ်လိုက်၏။ လက်ချောင်းထိပ်များမှ သွေးများ ဖြည်းညှင်းစွာစီးကျလာလေသည်။


သူသည် မယုံကြည်နိုင်စွာ လှည့်ပတ်ကြည့်ရင်း အော်လိုက်၏။


 “ဘယ်သူလဲကွ၊ ဒီအဘိုးကို ဘယ်သူက တိုက်ခိုက်ဝံ့တာလဲ ” 


“အဲ့ဒါ နင့်အဒေါ်ကြီးပဲ”


လှောင်ပြောင်သံနှင့်အတူ ချန်းကျောင်းသည် လေဓါးဖြင့် သူမလက်ကိုထပ်မြှောက်လိုက်ပြီး ချီးရယ်၏ တခြားဘက်ပါးပြင်ကို တိုက်ရိုက်ထပ်ဖြတ်လိုက်လေ၏။


“အိုး အချိုးညီသွားအောင် လုပ်ပေးလို့ ကျေးဇူးအများကြီးတင်စရာမလိုဘူးနော်”


“လေ ၊ လေစွမ်းအားရှင်…” 


လိုင်ဆန်း၏ မျက်လုံးများ ပြူးကျယ်ကာတုန်တုန်ယင်ယင် ဖြစ်နေ၏။


ရွှီဖုန့်ယင်းလည်း အံ့အားသင့်သွား၏။ မမျှော်လင့်ဘဲ အမျိုးသမီးသည် စွမ်းအားရှင်ကစားသမားတစ်ဦးဖြစ်၏။ အဖွဲ့ထဲမှာ စွမ်းအားရှင်သုံးယောက် ရှိတာလား။


“သေစမ်း၊ မင်း သတ္တိရှိလို့၊ ဒါဆိုရင် မင်းငါ့ကို ရိုင်းစိုင်းလို့ အပြစ်မတင်နဲ့ ”


ချီးရယ်သည် သူ့မျက်နှာမရှိတော့ဘူးဟု ခံစားလိုက်ရ၏။ သူ့လက်ကို မြှောက်လိုက်သောအခါ သူ့လက်ဖဝါးတွင် မီးတောက်တစ်ခုရှိနေလေ၏။ သူသည် မီးတောက်ကို ချန်းကျောင်း မျက်နှာတည့်တည့်သို့ ပစ်လိုက်၏။


“အိုး”


လှောင်ပြောင်သံဖြင့် ချန်းကျောင်းသည် သွယ်လျသော ကျောက်စိမ်းလက်ချောင်းကို မြှောက်လိုက်ပြီး အလိုရှိသည့်အတိုင်း လေထဲတွင် စက်ဝိုင်းတစ်ပုံဆွဲလိုက်၏။ ပေါ်လာခဲ့သည်မှာ သေးငယ်သော ဆိုင်ကလုန်းမုန်တိုင်းတစ်ခုဖြစ်လျှင်တောင် မီးတောက်ကို တိုက်ရိုက် ပြန့်ကျဲသွားစေခဲ့၏။


ပတ်ပတ်လည်ရှိလူများသည် လှမ်းကြည့်နေကြကာ လေကို တစ်ချက်ရှိုက်လိုက်ကြ၏။ မထင်မှတ်ပဲ ဤလှပသောမိန်းကလေးသည် အလွန်အစွမ်းထက်၏။


ချီးရယ်သည် ထိတ်လန့်တုန်လှုပ်သွား၏။ အမျိုးသမီး၏ခွန်အားသည် သူ့ထက်သာနေပုံရ၏။ သူမတကယ်တိုက်ခိုက်လျှင် သူ အနိုင်မယူနိုင်လိမ့်မည်ကို စိုးရိမ်မိ၏။ သူသည် အလျင်စလို ဝူရယ်ဘက်သို့ ကြည့်လိုက်၏။


ဝူရယ်သည်လည်း အနည်းငယ်မျက်မှောင်ကြုတ်သွား၏။ မူလက အားနည်းသောကြက်အုပ်စုတစ်ခုမျှသာထင်ခဲ့၏။ မထင်မှတ်ပဲ စွမ်းအားရှင်တစ်စုကိုတွေ့လိုက်ရ၏။ အခြေစိုက်စခန်းအတွက်တိုက်ခိုက်ရေးစွမ်းအားရှင်များသည် ရှားပါးလှ၏။ ဤမိန်းမလှသည် အားကောင်းသော တိုက်ခိုက်ရေး စွမ်းအားနှင့် လေစွမ်းအားရှင်တစ်ယောက်ဖြစ်နေ၏။ သူမနှင့် အလွန်တင်းကြပ်ခြင်းမရှိရန် ပိုကောင်း၏။ 


သူသည် မျက်မှောင်ကြုတ်ကာ လိုင်ဆန်းဘက်သို့ ကြည့်လိုက်ပြီး “ဘာတွေဖြစ်နေတာလဲ။ မင်း သူတို့ကို စည်းမျဥ်းတွေကို မပြောခဲ့ဘူးလား ”


“ငါ ငါ ငါ ,ငါပြောခဲ့တယ်၊ ဒါပေမယ့် သူတို့အားလုံးက စွမ်းအားရှင်တွေပဲလို့ ပြောကြတယ်” 


လိုင်ဆန်းသည် ညှိုးငယ်သောမျက်နှာထားဖြင့် ပြောလိုက်သည်။


ဝူရယ်သည် ထိုအကြောင်းကိုကြားပြီးနောက် မျက်မှောက်ကြုတ်လိုက်၏။ ဒီလူတွေ လိမ်နေသည်ဟု သူလည်းထင်၏။


သူသည် ချန်းကျောင်းကိုကြည့်ပြီး ပြောလိုက်၏။

 

“အခြေစိုက်စခန်းမှာ ဆန္ဒရှိတဲ့အတိုင်း ချိုးဖောက်လို့မရတဲ့ စည်းမျဉ်းတွေရှိတယ်။ ဒီအမျိုးသမီး၊ မင်းအပေါ်ထပ်မှာ စာရင်းသွင်းလို့ရတယ် ဒါပေမယ့် တခြားသူတွေက ပေးဆောင်ရမယ့်ပစ္စည်းတွေကို ပေးဆောင်ရမယ်”


“ဒီနှစ်ယောက်ကလည်း စွမ်းအားရှင်တွေပါ ”


ရွှီဖုန့်ယင်းသည် ကျန်းရှို့လျန်နှင့် ကျန့်ယွင်တို့ကို ညွှန်ပြလိုက်၏။


ချီးရယ်နှင့်ဝူရယ်တို့သည် ရွှီဖုန့်ယင်းကို သံသယမရှိကြချေ။ ကျန်းရှို့လျန် နှင့် ကျန့်ယွင်တို့သည် စော်ကားရန် မလွယ်ကူသည့်ပုံရကြ၏။ ထိုကဲ့သို့သော အဖွဲ့ငယ်လေးတွင် စွမ်းအားရှင်သုံးယောက်ရှိသည်ကို သံသယဖြစ်စရာမလိုတော့ချေ။ သူတို့၏ ခွန်အားသည် အားမနည်းကြချေ။ သူတို့ ပြဿနာရှာရဲကြသည်ကို အံ့သြစရာမရှိချေ။ သူတို့သည် ၎င်းကို အပြင်ဘက်တွင် ကြုံဖူးကြသည်ဖြစ်၏။ သို့သော် ဤနေရာသည် လင်ချန်းဖြစ်၏။ သူတို့ရိုင်းစိုင်းဖို့အတွက် နေရာတစ်ခုမဟုတ်ပါချေ။


ယခုအချိန်တွင် ကျန်းရှို့လျန်၏လက်များသည် နေမကောင်းဖြစ်နေသောဝူကျင်းကိုဖက်ထား၏။ ကျန့်ယွင်သည် ခေါင်းအနည်းငယ်ငုံ့ထားသော စုရွေ့ကျယ်ကို ဆုပ်ကိုင်ထားသည်။


“ဒါဆို ဒီနှစ်ယောက်က တိုက်ရိုက်စာရင်းသွင်းလို့ရပြီး ကျန်တဲ့သူတွေကတော့ ပစ္စည်းတွေကို လွှဲပေးရမှာပါ”


ဝူရယ်နှင့် ချီးရယ်တို့သည် စွမ်းအားရှင်များနှင့်နီးစပ်သူနှစ်ယောက်ကို ကြည့်လိုက်၏။ ကောင်မလေးသည် မြင်မြင်ချင်းမှာပင် အလွန်နုနယ်သည့် အလှလေးတစ်ယောက်ဖြစ်၏။ ကောင်လေးသည် အလွန်ချစ်စရာကောင်းပြီး လှပ၏။ သူသည် သူတို့ထိန်းထားသူ၏ချစ်သူဖြစ်သည်မှာ သိသာ၏။ သူသည် စွမ်းရည်ရှိသူ မဖြစ်နိုင်ချေ။ ကျန်နေသည့် ပိန်ပါးအားနည်းသည့်လူသုံးယောက်နှင့် ကြောင်တစ်ကောင်ကိုကိုင်ထားသည့် ကလေးငယ်လေးသည် စွမ်းအားရှင်တစ်ယောက်ဖြစ်သည့်ပုံမရချေ။


သူတို့အရင်ပြောခဲ့သည့်အရာသည် လှည့်စားခြင်းဖြစ်သည်ဟု ပိုယုံကြည်လာခဲ့ကြ၏။


“ဘာလို့လဲ။ ငါတို့အကုန်လုံးကလည်း စွမ်းအားရှင်တွေပါပဲ ”


ကျန့်ကျားဟယ်သည် မပြောဘဲ မနေနိုင်တော့ပါချေ။


ကျန့်ကျားဟယ်ပြောသည့်စကားသည် ကြီးမားသောအမှန်တရားတစ်ခုဖြစ်သည်။ သို့သော်လည်း ဝူရယ်နှင့်ချီးရယ်တို့၏နားထဲတွင် ၎င်းကိုကြားလိုက်ရသောအခါ အရသာပြောင်းလဲသွားလေသည်။ သူတို့သည် စွမ်းအားရှိသူများ၏ ထောက်ပံ့မှုကိုသာအားကိုးနေကြပြီး ပေးဆောင်ရမည်ဟုသာ ထင်မြင်ကြသည်။


“ဟမ်၊ အခြေစိုက်စခန်းမှာ စည်းကမ်းတွေ ရှိတယ်။ အရှက်မမဲ့ပါနဲ့ ” 


ချီးရယ်သည် ပြောပြီး သူ့လက်ထဲရှိသေနတ်ကို မြှောက်လိုက်သည်။


ဝူရယ်သည်လည်း မှုန်မှိုင်းစွာဖြင့် သူ့သေနတ်ကိုမြောက်လိုက်ပြီး သူတို့အတွက် လုံလောက်တဲ့မျက်နှာသာပေးခဲ့သည်ဟု ခံစားရသော်လည်း စည်းကမ်းက စည်းကမ်းပင်ဖြစ်ပြီး ဖောက်ဖျက်ဖို့ အကြောင်းပြချက်မရှိချေ။ ရိုးရိုးရှင်းရှင်းပင် သူတို့တွင် စွမ်းအားရှင်သုံးယာက်ရှိသောကြောင့် ပြဿနာကိုရှောင်ရန် ကျန်သည့်သူများသည် အစားအစာရိက္ခာကိုပေးနိုင်သည်။ သူ့နောက်လိုက်များသည်လည်း သူတို့၏သေနတ်များကိုမြှောက်လိုက်ကြ၏။သူတို့သာ အမိန့်ကို မလိုက်နာလျှင် သူတို့ တစ်ခါတည်း ပစ်ရမည်ဖြစ်သည်။


“ရှင်တို့ စိတ်မနှံ့လို့လား။ လူ့ဘာသာစကားကို နားမလည်နိုင်ဘူးလား ”


ချန်းကျောင်းသည် ဤလူများ တကယ်ကိုမှားနေပြီဟုထင်သည်။ သူတို့အားလုံးသည် စွမ်းအားရှင်တွေဖြစ်ပါသည်ဟု သူမပြောခဲ့၏။ သူတို့ကို ဘယ်လိုတိုက်ခိုက်ပြီး သတ်ပစ်နိုင်မလဲ။


ချန်းကျောင်း စကားပြောတဲ့အချိန်တွင် သူမသည် အကျင့်အတိုင်း လက်ကိုမြှောက်ပြီး သူတို့ဘက်သို့ ညွှန်ပြလိုက်၏။


ရလဒ်အနေနှင့် ချန်းကျောင်း သူမလက်ကို မြောက်လိုက်သည်နှင့် ချီးရယ်၏ စိတ်ထဲတွင် လေဓား၏ အရိပ်တချို့ရှိနေသေး၏။ ထို့ကြောင့် သူမလက်ကို မြှောက်လိုက်သည့် အခိုက်တွင် ချီးရယ်၏မသိစိတ်သည် သူ့လက်ချောင်းများကို တဆတ်ဆတ်တုန်သွားပြီး သေနတ်မောင်းခလုတ်ကို မတော်တဆဆွဲလိုက်ခြင်းဖြစ်လေ၏။


“ဘန်း ”ဟူသောပစ်ချက်တစ်ချက်နှင့် အစွန်းဘက်တွင် နာခံမှုရှိစွာရပ်နေသော သုန်သုန်သည် ကံမကောင်းစွာဖြင့် အပစ်ခံလိုက်ရခြင်းဖြစ်လေသည်။


ရုတ်ချည်းဆိုသလို မည်သူကမှ ချီးရယ်ရုတ်တရက် ပစ်ခန်မည်ဟု မထင်ထားကြချေ။ ချီးရယ်ကိုယ်တိုင်တောင် ထိတ်လန့်သွားလေ၏။


“သုန်သုန် ”


ကျန့်ယွင်၏အဖွဲ့သားအားလုံး၏ မျက်နှာများသည် ရုတ်တရက် မည်းမှောင်သွားကြ၏။ စုန့်ချန်ရှုသည် သုန်သုန်၏ပခုံးပေါ်ရှိ ဒဏ်ရာကို အလျင်အမြန်ဖိထားလိုက်၏။ သူတို့အားလုံးသည် နီရဲသောမျက်လုံးများနှင့် ချီးရယ်ဘက်သို့ ကြည့်လိုက်ကြ‌လေသည်။။


သွားပြီ၊ ကံမကောင်းစွာနဲ့ ဒီကလေးကို ဘယ်လိုထိခိုက်လိုက်မိတာလဲ။


“ငါ၊ ငါ……” 


ချီးရယ်၏ ခြေထောက်များသည် တုန်ယင်ကာ ရှင်းပြရန် သူ့ပါးစပ်ကိုဖွင့်ချင်သည်နှင့် သူ့အပေါ်မှ ဆွဲငင်အားလှိုင်းတစ်ခု တွန်းနေသည်ကိုခံစားလိုက်ရကာ ကြီးမားသောဖိအားကြီးသည် သူ့အားမြေပြင်ပေါ်သို့ ဖိချလိုက်လေ၏။


ချီးရယ်သည် သူ့ခန္ဓာကိုယ်သည် တိုးလာနေသော ဖိအားများအောက်တွင် ရှိနေသည်ဟု ခံစားလိုက်ရပြီး သူ့အသက်ရှုမဝဘူးဟု ခံစားရလေသည်။ သူ့အရိုးများ တဆတ်ဆတ်မြည်နေသံကိုပင် ကြားနိုင်လေသည်။