အခန်း(၈၄)
Viewers 12k

အခန်း(၈၄)《 ကုသခြင်းစွမ်းရည် 》


Author: Drunken Light Song

Source: Jostena M

Editor: Dragon

Translator: オタク


“ရပ်တော့”


ဝူရယ်သည် သူ့ညီအစ်ကို ရှုံးနေသည်ကို မြင်လိုက်သဖြင့် တခြားဘာကိုမှ ဂရုမစိုက်နိုင်တော့ဘဲ လက်ဖ၀ါးနှစ်ဖက်မှ အေးစက်သည့် လေအေးတစ်ချက်ကို ကျန့်ယွင်၏မျက်နှာဆီကို တည့်တည့်ပစ်လွှတ်လိုက်လေ၏။


တစ်ချိန်တည်းမှာပင် စုန့်ချန်ရှုသည် လျင်မြန်သောလှုပ်ရှားမှုတစ်ခုလုပ်လိုက်လေ၏။ ရေပူတန်းတစ်ခုသည် အေးစက်သောလေကို တိုက်ရိုက်ထိမှန်ပြီး သုတ်သင်ပစ်လိုက်၏။


ဝူရယ်သည် ထိတ်လန့်သွားလေ၏။ မမျှော်လင့်ထားဘဲ ပျော့ညံ့ပုံရသည့်လူသည်လည်း စွမ်းအားရှင်တစ်ဦး ဖြစ်နေခဲ့သည်။


သူတို့ပြောသည်မှာ အမှန်တရားဖြစ်သည်ဟူသော အလွန်ထူးဆန်းသော အတွေးတစ်ခု သူ့စိတ်ထဲတွင် ပေါ်လာသည်။ သူတို့သည် အမှန်တကယ်ပင် စွမ်းအားရှင်များ ဖြစ်နေသည်လား။


သို့သော် သူဘာမှ မပြောနိုင်ခင်မှာပင် တစ်ယောက်ယောက်သည် အော်နေလေ၏။


“ပစ်၊ ပစ်” 


နှစ်ဖက်စလုံး တိုက်ခိုက်နေကြပြီဖြစ်သည်ကို မြင်ပြီး ဝူရယ်နှင့် ချီးရယ်တို့ ရှုံးလိမ့်မည်ကို စိုးရိမ်နေသည့်လိုင်ဆန်းသည် တခြားသူများကို ပစ်ဖို့ သတိပေးဖို့ ကြွေးကြော်လိုက်လေ၏။


“မပစ်နဲ့ ”


သူ ပြောလိုက်၏။


သို့သော် အချိန်နှောင်းသွားခဲ့ပြီး သူ့စိတ်နောက်စရာ ညီအစ်ကိုများသည် သေနတ်မောင်းခလုတ်ကို ဆွဲကာ တစ်ချိန်တည်းမှာပင် ပစ်ခတ်မှုပေါင်းများစွာကို လုပ်လိုက်လေ၏။


သွားပြီ

 

ဝူရယ်၏ ၏နှလုံးသားသည် ရုတ်ချည်း နစ်မြုပ်သွားလေ၏။ သူ၏ အမျိုးအစားကွဲပြားသည့် ရေခဲစွမ်းအင်သည် လင်းချန်အခြေစိုက်စခန်းတွင် အလွန်အစွမ်းထက်လှသော်လည်း ထိုသို့‌သော အရေးမပါသည့်ပုံရသည့် ရေစွမ်းအားရှင်မှ အလွယ်တကူဖြိုခွဲလိုက်လေသည်။ လေစွမ်းအားရှင်အမျိုးသမီးသည် သူ့၏သတ္တမမြောက်ညီ၏ မီးကို အလိုအလျောက်ပြိုကွဲစေနိုင်သည်။ ထို့အပြင် အရပ်ရှည်ပြီး ချောမောသောယောက်ျားသည် လောင်ချီးအား မြေပြင်ပေါ်တွင် ဖိနှိပ်ထားနိုင်လေ၏။


အားသာချက်သည် သူတို့ဘက်တွင်ရှိနေသည်မှာ လုံးဝကိုသိသာမြင်သာပါ၏… အကယ်၍သာ သူတို့ပြောခဲ့သည့် သူတို့အားလုံးသည် စွမ်းအားရှင်များဖြစ်ပြီး ထိုကဲ့သို့သော ခွန်အားမျိုးနှင့်ဆိုပါက သာမာန်ကျည်ဆန်များကြောင့် အလွယ်တကူ ထိခိုက်ဒဏ်ရာရမည် မဟုတ်ချေ။ သူတို့အားလုံးသာ လုံခြုံဘေးကင်းပြီး သန်မာပါက လှည့်ပတ်ကြည့်ဖို့ အခနရှိနေဆဲဖြစ်၏။ သို့သော် တစ်စုံတစ်ယောက်သည် ထပ်ပြီးဒဏ်ရာရခဲ့မည်ဆိုလျှင် သူတို့သည် ထာဝရလက်စားချေလိမ့်မည်ကို ကြောက်မိ၏။


သေနတ်သံကို ကြားလိုက်သည့်အခိုက်တွင် စုရွေ့ကျယ်၏ နှလုံးသားသည် လှုပ်ရှားသွားလေ၏။ သူ့ဘယ်ဘက်လက်ဖဝါးတွင် အခွံမာသီးတစ်လုံး ပေါ်လာပြီး ၎င်းကိုပေါင်းစပ်ပြီးဓာတ်ပြုလိုက်ကာ သူ့လက်ထဲတွင် ကြီးမားသောပေါက်ကွဲဒဏ်ခံနိုင်သော ဒိုင်းကာတစ်ခုပေါ်လာခဲ့လေသည်။ သို့သော် ဒိုင်းကာ၏အရွယ်အစားမှာ အကန့်အသတ်ရှိပြီး လူသုံးဦးသာ ကာကွယ်နိုင်သည်။ ထို့ကြောင့် စုရွေ့ကျယ်သည် ယွီသုန်သုန်ကို ချီထားသောကျန့်ကျားဟယ်ဆီသို့ ယွီသုန်သုန်နှင့် စုန့်ချန်ရှုတို့ကို ကာကွယ်ပေးရန် ဒိုင်းကာကို ပစ်ပေးလိုက်၏။


ကံကောင်းထောက်မစွာဖြင့် သူ့အပြင် ကျန်းရှို့လျန်သည် ကျည်ဆန်များကို ခုခံရန် နံရံတစ်ခုကို အမြန်တည်ဆောက်နိုင်ခဲ့၏။ သူ့စွမ်းရည်သည် အဆင့် သုံး သို့ ရောက်ရှိသွားပြီးဖြစ်‌၏။ သူတည်ဆောက်ခဲ့သော နံရံသည် အလွန်မာ‌ကြောပြီး ကွန်ကရိနံရံနှင့် ယှဉ်နိုင်လောက်သည်။ သူသည် ကျန်လူအားလုံးကို အောင်မြင်စွာ ကာကွယ်နိုင်ခဲ့ကာ ကျည်ဆံအားလုံးကို ရပ်တန့်ပစ်နိုင်ခဲ့လေသည်။ မည်သူတစ်ဦးတစ်ယောက်မှ နောက်တစ်ကြိမ်ဒဏ်ရာမရခဲ့ချေ။


“ မင်းတို့အားလုံးရပ်၊ သေနတ်ကို အောက်ချလိုက် ”


ဆန့်ကျင်ဘက်ရှိလူများသည် မထိခိုက်ကြောင်းကိုမြင်သောအခါ သူသည် စိတ်သက်သာရာရသွားပြီး ညီငယ်များအား အော်ဟောက်လိုက်သည်။


တကယ်တမ်းတွင် ဝူရယ်သူ့ပါးစပ်ကို ဖွင့်ဖို့ မလိုအပ်တော့ချေ။ ယခုလေးတင် ကျန်းရှို့လျန်နှင့်စုရွေ့ကျယ်တို့သည် ကျည်ဆံအားလုံးကို အလွယ်တကူ ပိတ်ဆို့လိုက်ပြီး သူတို့အား ပြင်းပြင်းထန်ထန် ထိတ်လန့်တုန်လှုပ်သွားစေလေသည်။


ဒီလူတွေက တကယ်ပဲစွမ်းအားရှင်တွေလား။


“အောင်မြင်မှုထက် ကျရှုံးခြင်းက ငါတို့ကိုပိုဆုံးရှုံးစေတယ်။ ဘယ်သူက မင်းတို့ကို လိုက်လုပ်ဖို့အမိန့်ပေးပြီး နောက်ဆုံးစကားဖြစ်တာလဲ။ မင်းငါ့ကို ညွှန်ကြားဖို့လိုအပ်သေးလား ”


ဝူရယ်သည် လိုင်ဆန်း၏မျက်နှာဆီသို့ နှစ်လှမ်းသုံးလှမ်းလောက် အပြေးသွားကာ မြေပြင်ပေါ်သို့ ဖြတ်ရိုက်ချလိုက်လေ၏။


လိုင်ဆန်းသည်လည်း ကြီးမားသောအမှားတစ်ခုကို ကျူးလွန်မိကြောင်း သတိပြုမိသွားပြီး သစ်ရွက်ကဲ့သို့ တုန်ခါသွားလေ၏။ ဝူရယ်သည် သူ့ဘ၀ကို စိတ်ပျက်လက်ပျက်ကယ်တင်ခဲ့သည်မှာ လိုင်ဆန်းသည် သူ့အစ်ကိုအကြီးဆုံး၏ ဝေးကွာသောဝမ်းကွဲဖြစ်သည်ကို သတိရသောကြောင့် ဖြစ်လေသည်။


နောက်မှ ဝူရယ်သည် ဂရုတစိုက်ခြေလှမ်းအနည်းငယ်လှမ်းကာ လှေကားထစ်တွင်ရပ်နေသော လူများကို သူ့လက်သီးဆုပ်များဖြင့် အလေးပြုလိုက်၏။


“စိတ်မဆိုးပါနဲ့၊ မင်းတို့ နားလည်မှုလွဲနေတာပါ။ အားလုံးက နားလည်မှုလွဲနေတာပါ။ ဒီအစ်ကိုက မင်းနဲ့ ပြင်ဆင်ဖို့ ဒီကိုလာနေတာပါ ”


ကျန့်ယွင်နှင့် အခြားလူများသည် သူ့ကို အေးစက်စွာကြည့်ကာ မလှုပ်ကြချေ။ ထိုလူများသည် သုန်သုန်ကိုထိခိုက်စေပြီး ပေါ့ပေါ့တန်တန် တောင်းပန်ခြင်းတစ်ခုဖြင့် မဖြေရှင်းနိုင်ချေ။


ထိုအခြင်းအရာကိုမြင်ပြီး ဝူရယ်သည် ရှေ့သို့ခြေလှမ်းအနည်းငယ်လှမ်းကာ အသံလျှော့ကာပြောလိုက်၏။


“အခု မင်းတို့ ဒီကလေးငယ်ကို မတော်တဆထိခိုက်မိ‌စေတာ ငါ့သတ္တမညီလေးရဲ့အမှားပါ။ ကံကောင်းထောက်လို့ ဒဏ်ရာက ပခုံးမှာမို့ မသေစေနိုင်ပါဘူး။ ငါတို့အခြေစိုက်စခန်းမှာ ကုသပေးသူရှိတယ်။ ဒီလိုဒဏ်ရာ အသေးစားအနည်းငယ်ကို ချက်ချင်းသက်သာပျောက်ကင်းစေနိုင်ပါတယ်။ ကျေးဇူးပြုပြီး ငါ့ သတ္တမမြောက်ညီငယ်လေးအား လွှတ်ပေးပါ”


ထိုစကားကြောင့် စုရွေ့ကျယ်၏မျက်လုံးများသည် ခဏတာမှိတ်တုတ်မှိတ်တုတ် ဖြစ်သွားကာ ကျန့်ယွင်၏လက်ချောင်းကို လှမ်းဆွဲလိုက်၏။


ကျန့်ယွင်သည် သူ့ကို တစ်ချက်ကြည့်လိုက်ပြီး သူအသာအယာ ခေါင်းညိတ်ပြသည်ကို မြင်မှ သူ့စွမ်းအားကို ပြန်ယူလိုက်လေသည်။


ဤနေရာ၌ အမြဲလိုလိုအရေးပါအရာရောက်ခဲ့သော ချီးရယ်သည် နောက်ဆုံး၌ အသက်ရှုလို့ရသွားလေသည်။ နာကျင်စွာ ညည်းတွားလိုက်၏။ သူသည် ထရပ်ကားတစ်စီး တက်ကြိတ်သွားသကဲ့သို့ ခံစားလိုက်ရကာ အသက်ရှုရတာတောင် ခက်ခဲနေ၏။ ညီငယ်အချို့သည် ရှေ့သို့အမြန်ပြေးကာ သူ့အား ဂရုတစိုက်ကူတွဲလိုက်ကြလေ၏။ 


“လာ၊ သွားပြီး ကလေးနဲ့ ချီးရယ်ကို ကုသဖို့ ပြင်ဆင်ဖို့ မစ္စတာလင်းကို ပြောလိုက် ”


“ဟုတ်ကဲ့” 


မြန်ဆန်သောခြေထောက်နှင့်လူသည် ထိုနေရာမှ ပြေးသွားပြီးဖြစ်၏။


“ကျေးဇူးပြုပြီး ငါနဲ့လိုက်ခဲ့ပါ”


“အခုတော့ ငါတို့ လိမ်နေတယ်လို့ နင်ဘာလို့မပြောတော့တာလဲ ”


ချန်းကျောင်းသည် အေးစက်စွာ နှာမှုတ်လိုက်၏။


ဝူရယ်သည် ချက်ချင်းပင် ချွေးများထွက်လာကာ ကမန်းကတန်း ဆက်၍ တောင်းပန်လေ၏


 “တောင်းပန်ပါတယ်၊ တောင်းပန်ပါတယ်၊ နားလည်မှုလွဲသွားတာပါ ”


ယခုလေးတင် သူတို့ထဲက တော်တော်များများသည် အဆက်မပြတ် လှုပ်ရှားမှုများ လုပ်ခဲ့ကြပြီး သူတို့အားလုံးသည် ဖုံးကွယ်ထားသည့် အဆင့်မြင့်အရည်အချင်းများဖြစ်ကြ၏။ သူတို့သည် ဒီအဖွဲ့၏ကြံ့ခိုင်မှုကို အပြည့်အ၀ သက်သေပြခဲ့ပြီးဖြစ်၏။ ဒဏ်ရာရထားသည့်ကလေးသည်လည်း စွမ်းအားရှင်တစ်ယောက်ဟု သူ မယုံကြည်နိုင်ဆဲ ဖြစ်သော်လည်း ယခုလေးတင်မှကဲ့သို့ ရိက္ခာ သုံးငါးဂျင်းလောက်အတွက် သူတို့နှင့် ဘယ်လိုများတိုက်ခိုက်နိုင်ပါ့မလဲ။


“လိုင့်ဆန်း၊ လီပင်းကို ခေါ်လိုက်၊ စာရင်းသွင်းတာကိုဆက်လုပ် ”


အစားအသောက်ရိက္ခာကို ပေးရန်မလိုအပ်သော်လည်း စာရင်းသွင်းရန် လိုအပ်သေးသည်။ အနည်းဆုံးတော့ အဆက်အသွယ်ထပ်မံရရှိရန် ဤလူများ၏ဇာစ်မြစ်ကို သိရန်လိုအပ်ပါသေးသည်။


လိုင်ဆန်းသည် မြေပြင်မှ အမြန်ထကာ အော်ဟစ်ရန် အပေါ်ထပ်သို့ တက်သွားလေသည်။


ထိုအချိန်တွင် အပြင်ဘက်၌ မိုးစရွာလာပြီး ဝူရယ်သည် တစ်စုံတစ်‌ယောက်အား ထီးယူလာစေပြီး ကျန့်ယွင် နှင့်အခြားလူများအားထံသို့ ပေးလိုက်၏။ သုန်သုန်အားကုသရန် အရေးကြီးသည်မှာ ပထမဖြစ်‌သည်ကို ထည့်စဉ်းစားပြီး မည်သို့သောအဓိပ္ပါယ်မရှိတာမျိုးကိုမျှမလုပ်ကြချေ။ ထီးကို တိုက်ရိုက်ယူကာ သူတို့နောက်မှ အပြင်သို့ ထွက်သွားကြလေသည်။ 


လင်းချန်အခြေစိုက်စခန်းသည် သိပ်မကြီးလှဘဲ သူတို့သွားမည့်နေရာသည် သိပ်မဝေးချေ။ ထို့ကြောင့် လူတိုင်းသည် မြန်မြန်လမ်းလျှောက်သွားကြပြီး မကြာမီပင် ထိုနေရာသို့ ရောက်သွားကြလေ၏။


၎င်းသည် ခြောက်ထပ်တိုက် အဆောက်အအုံတစ်ခုဖြစ်၏။ လျှပ်စစ်မီး ပြတ်တောက်မှုကြောင့် သူခိုးကာကွယ်ရေးဂိတ်ပေါက်ဝတွင် အလွတ်နီးပါးရှိနေ၏။ ထိုနေရာတွင် သော့ခတ်ထားသော သံကွင်းကြီးတစ်ခု ချိတ်ဆွဲထားကာ ဂိတ်ဝတွင် လူသုံးဦး ရပ်ပြီးစောင့်ကြပ်နေကြခြင်းဖြစ်သည်။ တံခါးကို အပြင်ဘက်မှ သော့ခတ်ခြင်းသာဖြစ်၏။ လုံခြုံရအတွက် ကာကွယ်ခြင်းနှင့်မတူဘဲ ထောင်တစ်ခုနှင့်တူလေ၏။


ဝူရယ် မိုးရွာထဲမှလာနေသည်ကို မြင်ပြီး တံခါးစောင့်သည် သော့ကိုအမြန်ထုတ်ပြီး တံခါးကိုဖွင့်လိုက်၏။


“ဝူရယ့်၊ လူကြီးမင်း လင်းက ဒုတိယထပ်မှာ ရှိပါတယ်”


ဝူရယ်သည် ခေါင်းညိတ်ပြလိုက်ပြီး ကျန့်ယွင်နှင့် တခြားသူများကို အပေါ်ထပ်သို့သွားရန် လက်ယပ်ခေါ်လိုက်၏။


ဒုတိယထပ်လှေကားနှင့် မျက်နှာမူထားသော အိမ်ကိုလည်း သံသော့ဖြင့်ခတ်ထား၏။ ထိုနေရာတွင် စောင့်ကြပ်တာ၀န်ကျသည့် လူတစ်ယောက်ရှိ၏။ ဝူရယ်ကို မြင်ပြီးနောက် သူသည် သော့ကိုထုတ်ကာ တံခါးဖွင့်ပေးလိုက်သည်။


“အထဲမှာက နေရာသေးလေးတစ်ခုပဲရှိတယ်။ လူအများကြီး မတိုးနိုင်တော့ကို စိုးရိမ်မိပါတယ်”


ဝူရယ်သည် ကျန့်ယွင်ဆီသို့ ကြည့်ရင်း ရှက်ရွံ့နေသည့်ပုံပြထားနေ၏။


“ငါ ရှောင်ကျယ်နဲ့ ၀င်သွားလိုက်မယ်။ တခြားသူတွေ အပြင်မှာ စောင့်နေလိမ့်မယ်”


ကျန့်ယွင်သည် ဒဏ်ရာရနေသော သုန်သုန်ကို ကျန့်ကျားဟယ်၏လက်မှ ခေါ်ယူလိုက်သည်။


သုန်သုန်၏ မျက်နှာငယ်လေးသည် နီရဲနေသော မျက်လုံးများဖြင့် ဖြူဖျော့နေ၏။ မျက်လုံးထဲမှ မျက်ရည်များ မထွက်နိုင်ဘဲ သနားစရာကောင်းလှသည်။ ပုခုံးပေါ်ရှိ ဒဏ်ရာသည် သွေးများ အဆက်မပြတ်ထွက်နေ၏။ ကလေးသည် အလွန်လိမ္မာပါးနပ်ပြီး စကားတစ်ခွန်းမှမပြောဘဲ ကျန့်ယွင်၏ရင်ခွင်ထဲတွင်သာ လဲလျောင်းနေလေသည်။ ကျန့်ယွင်နှင့် စုရွေ့ကျယ်တို့သည် နာကျင်ခံစားရရုံမှတစ်ပါး မတတ်နိုင်ကြပေ။


“မကြောက်ပါနဲ့၊ အဆင်ပြေသွားမှာနော်”


စုရွေ့ကျယ်သည် သုန်သုန်၏ခေါင်းကို ညင်သာစွာနဲ့ထိလိုက်၏။


လူတချို့သည် အခန်းထဲသို့ဝင်လာပြီး အခန်းသည် အမှန်တကယ်ကို သေးသည့်နေရာတစ်ခုဖြစ်ကာ ခြောက်ဆယ် ခုနစ်ဆယ် စတုရန်းမီတာခန့်၊ အခန်းနှစ်ခန်းနှင့် ခန်းမတစ်ခုရှိ၏။ ဖြူဖျော့နေသော လူလတ်ပိုင်းအရွယ်လူတစ်ယောက်သည် ဧည့်ခန်းထဲတွင် မတ်တပ်ရပ်နေကာ သူ့မျက်လုံးများသည် ခန်းခြောက်နေသောရေတွင်းကဲ့သို့ အသက်မရှိလှချေ။


“လူကြီးမင်းလင်း၊ လူနှစ်ယောက် ဒဏ်ရာရလို့၊ ဒုက္ခဖြစ်စေတဲ့အတွက် တောင်းပန်ပါတယ်”


ဝူရယ်သည် ယွီသုန်သုန်နှင့် ချီးရယ်တို့ကို ရည်ညွှန်းခဲ့၏။


လင်းကျားသည် စုရွေ့ကျယ်၏ ရင်ခွင်ထဲမှ ကောင်ငယ်လေးကို မြင်သောအခါ သူ့မျက်လုံးများထဲတွင် အနည်းငယ် ပြောင်းလဲသွားလေသည်။


“ဒီဘက်” 


လင်းကျားသည် မာစတာအိပ်ခန်းဆီသို့ ညွှန်ပြလိုက်သည်။


မာစတာအိပ်ခန်းထဲတွင် ကျဉ်းမြောင်းသော တစ်ယောက်အိပ်ကုတင်လေးခုနှင့် အဖြူရောင် အိပ်ယာခင်းများ၊ အဖြူရောင် နံရံများ ရှိသည်။ ဆေးရုံဝါဒ့်တစ်ခုနှင့်တူသော်လည်း ဆေးရုံထက်စာလျှင် ပစ္စည်းကိရိယာနည်းပါးလှသည်။


ကျန့်ယွင်သည် သုန်သုန်ကို ကုတင်တစ်လုံးပေါ်တွင် ဂရုတစိုက်ချထားလိုက်ပြီး ညီငယ်နှစ်ယောက်သည် ချီးရယ်ကို နောက်ကုတင်တစ်ခုဆီသို့ ကူညီပေးခဲ့ကြသည်။


လင်းကျားသည် ယွီသုန်သုန်၏ပခုံးပေါ်ရှိ ဒဏ်ရာပေါ်ကို သူ့လက်ဖြင့်တင်လိုက်၏။ ဒဏ်ရာကို ထိလုနီးပါးပင်ဖြစ်၏။ ကလေးသည် နာကျင်မှုကြောင့် ရုတ်တရက် တုန်ယင်သွားကာ သူ့မျက်လုံးများထဲမှ မျက်ရည်များ ကျဆင်းလာလေသည်။


“ကလေး၊ မငိုပါနဲ့။ အဆင်ပြေသွားမှာပါ”


လင်းကျားသည် သူ့အား ကို့ယို့ကားယားနှစ်သိမ့်လိုက်ကာ သူ့ဒဏ်ရာပေါ်ကို သူ့လက်ဖဝါးတင်လိုက်ပြီး ပျော့ပျောင်းသော အဖြူရောင်အလင်းတစ်ခုကို ဖြည်းညှင်းစွာ ထုတ်လွှတ်လိုက်သည်။


ဒဏ်ရာသည် သိပ်မနာတော့ချေ။ ယွီသုန်သုန်၏ မျက်ရည်များ တဖြေးဖြေးရပ်တန့်သွားပြီး ဒဏ်ရာထဲရှိ ကျည်ဆန်ကို ဖြည်းညှင်းစွာ ညှစ်ထုတ်လိုက်ပြီးနောက် ဒဏ်ရာသည် သာမန်မျက်စိနှင့်မြင်နိုင် လောက်သည့်အရှိန်နှင့် သက်သာသွားလေသည်။


ကုသမှုအဆုံးတွင် ယွီသုန်သုန်၏ဒဏ်ရာသည် လုံးဝပျောက်ကင်းသွားပြီး ဒဏ်ရာရထားခဲ့သည်ကိုပင် မမြင်နိုင်လောက်တော့ချေ။


သို့သော် လင်းကျား၏မျက်နှာသည် ဖြူဖျော့လာပြီး သူ့နဖူးသည် ချွေးများနှင့် ဖုံးလွှမ်းသွားကာ သူ့ခန္ဓာကိုယ်သည် မသိမသာ တုန်ယင်သွားလေသည်။


“ခင်ဗျား အဆင်ပြေရဲ့လား ”


စုရွေ့ကျယ်သည် အမြန်ရှေ့ထွက်လာပြီး သူ့ကိုကူညီလိုက်၏။


“ငါ အဆင်ပြေပါတယ်။ ကျေးဇူးတင်ပါတယ်”


လင်းကျားသည် နူးညံ့သောအသံဖြင့် ကျေးဇူးတင်စကားဆိုပြီးနောက် ချီးရယ်၏ကုတင်သို့သွားကာ သူ့လက်ကို သူ့အပေါ်သို့တင်လိုက်၏။


ထိုအခိုက်အတန့်တွင် လင်းကျား၏မျက်နှာတွင် အရိပ်အယောင်မရှိခဲ့သော်လည်း စုရွေ့ကျယ်သည် သူ့မျက်လုံးများတွင် အမုန်းတရားများနှင့် ရွံရှာခြင်းများကို ထင်ထင်ရှားရှားတွေ့လိုက်ရသည်။


သူ့အရင်ဘ၀၌ စုရွေ့ကျယ်သည် လင်းချန်အခြေစိုက်စခန်းတွင် တစ်ချိန်က ကုသသူတစ်ဦးရှိခဲ့ဖူးကြောင်း ကြားဖူးခဲ့သည်။ သူကြားရုံသာကြားဖူးခဲ့ခြင်းဖြစ်ကာ အဘယ်ကြောင့်ဆိုသော် သူလင်းချန်အခြေစိုက်စခန်းသို့ရောက်သည့်အချိန်၌ ကုသသူသည် သေဆုံးသွားပြီးဖြစ်သောကြောင့်ဖြစ်လေသည်။


ကုသသူသည် ပင်ပန်းနွမ်းနယ်မှုကြောင့် သေဆုံးခဲ့ရသည်ဟု ဆိုကြသည်။ သို့သော်လည်း စုရွေ့ကျယ်သည် နောက်ပိုင်း၌ သုတေသနဌာနထဲသို့ သွင်းခံလိုက်ရသောအခါတွင်မှ ကုသသူသည် သူ၏စွမ်းအင်အူတိုင်ကို ဖယ်ရှားခံလိုက်ရသောကြောင့် သေဆုံးသွားခြင်းဖြစ်ကြောင်း တွေ့ရှိခဲ့ရသည်။


စုရွေ့ကျယ်ကဲ့သို့ပင် သူသည် “လူသားတို့၏ အနာဂတ်ကို အကျိုးပြုရန်” တွန်းအားပေးခံခဲ့ရသည်။


စုရွေ့ကျယ်သည် ကုသသူသည် အခြားသူများကို ကုသပေးသောအခါတွင် သူကိုယ်တိုင်စွမ်းအင်များစွာကို သုံးစွဲခဲ့သည်ဟု သုတေသနပညာရှင်များပြောနေသည်ကို ကြားသိခဲ့ရသည်။ ကုသသူ၏ ခန္ဓာကိုယ်သည် လအနည်းငယ်အတွင်း လျင်မြန်စွာ ပျက်ပြားသွားခဲ့သည်။ နောက်ဆုံး၌ သုတေသနအဖွဲ့သည် သူ့အမြုတေအား တူးထုတ်ခဲ့ခြင်းဖြစ်၏။ အကြောင်းရင်းမှာ ဘာပဲဖြစ်ဖြစ် သူသေရတော့မည်ဖြစ်၍ ဖြစ်သည်။ လူသားများ၏ အနာဂတ်အတွက် အကျိုးပြုရန် လုပ်ခြင်းသည် ပိုကောင်း၍ဖြစ်လေသည်။


စွမ်းအားရှင်၏အမြုတေသည် ဖုတ်ကောင်၏အမြု‌တေနှင့် ဆင်တူကာ ၎င်းသည် စွမ်းအင်စုဆောင်းပြီးနောက် ဖြစ်ပေါ်လာခြင်းဖြစ်သည်။ ဖုတ်ကောင်၏အမြုတေသည် ဦးနှောက်ထဲတွင်ရှိပြီး စွမ်းအားရှင်များ၏အမြုတေသည် သူတို့၏ဝမ်းဗိုက်ရှိ တန်းထျန်ထဲတွင်ရှိ၏။ စွမ်းအားရှင်စေဆုံးသွားပြီးနောက် စွမ်းအင်အူတိုင်သည် ပျောက်ကွယ်သွားမည်ဖြစ်သည်။ ထို့ကြောင့် စွမ်းအင်အူတိုင်ကိုတူးဖော်လိုပါက စွမ်းအားရှင်အသက်ရှင်နေဆဲချိန်၌ ၎င်းကိုလုပ်ဆောင်ရမည်ဖြစ်သည်။


【TN : 丹田 (dān tiàn) ကတော့ တရုတ် ဝူရှ/ရှန်းရှ ၀တ္ထုတွေဖတ်ဖူးသူဆို သိကြမှာပါ။ လူတစ်ယောက်ရဲ့ ချီ အဓိက စုနေတဲ့နေရာပေါ့။ သိုင်းကားထဲမှာဆို ဗိုက်ရဲ့ ဘယ်နားက ချီကို ဘယ်နားကိုရွေ့ဆိုပြီး သိုင်းကျင့်ကြတာ မြင်ဖူးမှာပါ။ သိုင်းပညာတို့ အတွင်းအားတို့ကို ဖျက်စီးချင်ရင် အဲ့ဒါကိုဖျက်စီးကြတယ်လေ။ အဲ့ ချီပင်လယ်ကို တန်းထျန်လို့ ခေါ်ပါတယ်တဲ့။ 】


ထိုရောဂါဗေဒသုတေသီများ၏ မျက်လုံးများထဲတွင် လက်တွေ့စမ်းသပ်ခံ စွမ်းအားရှင်များသည် လူသေများကဲ့သို့ပင်ဖြစ်၏။ သူတို့သည် ထုံဆေးများကို ဖြုန်းတီးရန်ဆန္ဒမရှိကြချေ။ သူတို့၏ဗိုက်ကိုတူးကာ သူတို့၏ တန်းထျန်မှ စွမ်းအင်အူတိုင်များကို ထုတ်ယူလိုက်ကြရုံသာဖြစ်သည်။


ဘယ်လောက်ရက်စက်လိုက်သလဲ။


ကုစားနိုင်သော စွမ်းအားအမြုတေကို နောက်ပိုင်းတွင် ထိုလူများသည် အမှုန့်ဖြစ်အောင်ကြိတ်ကာ အခြေစိုက်စခန်းတပ်မှူးမှ တန်ဖိုးထားသည့် အဖိုးတန်အသက်ကယ်ဆေးအဖြစ် ဖန်တီးခဲ့ကြသည်။


နောက်ပိုင်း၌ ကြည်လင်သောသလင်းကျောက် အမြုတေသည် စွမ်းအားရှင်များအား သူတို့၏ စွမ်းအားများ ပြန်လည်ဖြည့်တင်းရန် ကူညီပေးနိုင်ကြောင်း သိရှိလာကြသောအခါတွင်မှ သူတို့သည် ရွှေကြက်မတစ်ကောင်ကို မှားယွင်းစွာသတ်မိခဲ့ခြင်းအတွက် နောင်တရသွားခဲ့ကြသည်။


အမှားများကို ထပ်မလုပ်မိစေဖို့ရန်အတွက် နောက်ခံမရှိသည့် အထူးအစွမ်းအစရှိသော စွမ်းအားရှင်အချို့ကို သူတို့ တိုးတက်လာစေရန်ကူညီရန်နှင့် သူတို့၏ယုံကြည်မှုကိုရရှိရန် စွမ်းရည်အချက်အလက်များကို စုဆောင်းရခြင်းအကြောင်းအရင်းနှင့် ရွေးချယ်ကြလေသည်။ သူတို့၏စွမ်းအားများကို သုတေသနပြုနိုင်သည်ဆိုသည်ကို တွေ့ရှိကြပြီးသည်နှင့် သုတေသနဌာနသည် လူမဆန်သော စမ်းသပ်မှုများအတွက် သူတို့အားချက်ခြင်းဖမ်းလိမ့်မည်ဖြစ်သည်။ 


စုရွေ့ကျယ်သည် ထိုကံမကောင်းသောစမ်းသပ်ပစ္စည်းများထဲမှ တစ်ခုဖြစ်၏။ ထပ်ခါတလဲလဲစမ်းသပ်မှုများပြုလုပ်ပြီးနောက် စုရွေ့ကျယ်သည် နောက်ထပ်သုတေသနတန်ဖိုး မရှိတော့ကြောင်း သူတို့ဆုံးဖြတ်လိုက်ကြပြီးနောက် သူအလွန်စောစီးစွာသေသွားပြီး အလွန်အလဟဿဖြစ်သွားမည်ကို စိုးရိမ်ကြသောကြောင့် သူ့စွမ်းအင်အူတိုင်ကို တူးထုတ်ခဲ့ကြသည်။


ထိုလူများ လင်းကျားကို အကျဉ်းချထားသည့်နည်းလမ်း နှင့် လင်းကျားကိုယ်တိုင်ကို မြင်ပြီးနောက် စုရွေ့ကျယ်သည် သူသည် သူ့ယခင်ဘဝတွင် သေဆုံးသွားခဲ့သော ကုသသူဖြစ်သင့်သည်ဟု အတည်ပြုခဲ့သည်။ သူ၏ယခင်ဘဝ၌ ဖြစ်ပျက်ခဲ့သောအရာများကို တွေးတောရင်း စုရွေ့ကျယ်သည် သေခြင်းတရား အနိဌာရုံကို ခံစားခဲ့ရလေသည်။


ဒီလူတွေ ဘာကြောင့်များ တခြားလူတွေရဲ့ဘဝကို နင်းချေနိုင်ရတာလဲ။ ဒီလူတွေက ဘာကြောင့်များ သူတို့လုပ်ချင်တာကို လုပ်နေကြတာလဲ။


သူ့ကံကြမ္မာကို ပြောင်းလဲခဲ့ပြီးဖြစ်ပြီး ဒီလူကို သူ့ကံကြမ္မာကိုပြောင်းလဲဖို့ သူကူညီချင်တယ်။