အခန်း(၈၆)
Viewers 12k

အခန်း(၈၆)《 အသိတချို့နှင့်ဆုံခြင်း 》


Author: Drunken Light Song

Source: Jostena M

Editor: Dragon

Translator: オタク



“ကျန့်ရှုံးတိ ” 


လူတစ်ဦးသည် ပျက်စီးနေသောအိမ်မှ ခြေထော့နဲ့နှင့်ထွက်လာပြီး ကျန့်ယွင်၏မျိုးရိုးနာမည်ကို လှမ်းခေါ်လိုက်သည်။


【TN : ကော(gē) အစ်ကို ၊ ရှုံးတိ (xiōng dì) ညီကို】 


ကျန့်ယွင်သည် တစ်ဖက်လူကို အံ့အားသင့်စွာကြည့်လိုက်၏။ သူ့မှာ ဒီလူနှင့်ပတ်သတ်ပြီး အထင်ကြီးစရာမရှိခဲ့ပါချေ။


“ကျန့်ရှုံးတိ၊ ငါက ကျန်းမောင့်ရုန်ပါ ” 


ထိုလူသည် ကျန့်ယွင်၏သံသယများကိုမြင်ပြီး သူ့မည်သူမည်ဝါဖြစ်ကြောင်း အလျင်အမြန်ပြသခဲ့သည်။


သူ့နာမည် ပြောပြခဲ့သော်လည်း ကျန့်ယွင်သည် ဒီလူနှင့်ရင်းနှီးသလို ခံစားခဲ့ရပေမယ့် သူဘယ်သူလဲဆိုသည်ကိုတော့ မမှတ်မိသေးပါချေ။


မှတ်မိခဲ့သည့်သူမှာတော့ စုရွေ့ကျယ်ဖြစ်လေသည်။ အဲ့ဒိဘေးကင်းရေးဇုန်ငယ်တစ်ခုကို တစ်ယောက်တည်းထူထောင်ကာ လွတ်မြောက်လာသူများကို ကိုယ်ခံပညာဖြင့်ကာကွယ်ခဲ့သည့်သူမဟုတ်လား။ စုရွေ့ကျယ်သည် ဤလူကိုစဉ်းစားနိုင်သည်မှာ ချန်ဟွေ့ကျန်းနှင့် စုချီမင်းတို့လည်း ဘေးကင်းရေးဇုန်၌ပေါ်လာခဲ့သော‌ကြောင့် ဖြစ်သည်။


စုရွေ့ကျယ်သည် ကျန့်ယွင်ကို တိုးတိုးလေးသတိပေးလိုက်ပြီး နောက်ဆုံးမှာတော့ ကျန့်ယွင်သည် ဒီလူကိုမှတ်မိသွားလေ၏။ ထိုသူ့အပေါ် သူ့ပထမဆုံးအထင်အမြင်သည် အဆင်ပြေ၏။ အဘယ်ကြောင့်ဆိုသော် သူသည် ဘေးကင်းရေးဇုန်တစ်ခုကိုတည်ထောင်ခဲ့ပြီး တောင်ရှင်ဘုရင်မဖြစ်ချင်ခဲ့‌ပေ၊ သို့သော် လူအများအပြားကို ဘေးကင်းရန်သူ့အမှတ်တကယ် လိုချင်ခဲ့သည်ဖြစ်သည်။ အန္တရာယ်တစ်ခုရှိသည့်အချိန်တွင် သူသည် ရှေ့ကို အပြေးအလွှားသွားရန် ဆန္ဒရှိလိမ့်မည်ဖြစ်သည်။။


ကျန်းမောင့်ရုန်နှင့် သူသည် ဤအချိန်တွင် အများကြီး ပြောင်းလဲသွားခဲ့ပြီဖြစ်၏။ နဂိုထိပ်ပြောင်တဲ့ ဦးခေါင်းကြီးဟာ ဆံပင်များပေါက်လာခဲ့ပြီး ဆံပင်ပုံစံသည် ပြောမပြနိုင်ပေ။ ဆံပင်ပုံစံသည် ကြက်အသိုက်နှင့်တူ၏။ သူ့ခန္ဓာကိုယ်သည် ယခင်ကလို သန်မာသော်လည်း သူ့ဘယ်ဘက်ခြေထောက်တွင် အမာရွတ်များ အများကြီးရှိပြီး သူ့ဘယ်ခြေထောက်သည် ထော့နဲ့နေလေ၏။ ခြေထောက်ကို သစ်သားနှင့် တွဲချည်နှောင်ထားပြီး အရိုးကျိုးနေသည့်ပုံပင်ဖြစ်၏။


“ခင်ဗျား ဘာဖြစ်ခဲ့တာလဲ ” 


အကောင်းဆုံးဖြစ်နိုင်သည်ဖြစ်စေ မဖြစ်နိုင်သည်ဖြစ်စေ သူသည် ရုပ်ပိုင်းဆိုင်ရာစွမ်းအားရှင်တစ်ဦးလည်းဖြစ်၏။ ထိုကဲ့သို့ ဆိုးရွားသောအခြေအနေသို့ မည်သို့ကျရောက်နိုင်သနည်း။ လင်းချန်အခြေစိုက်စခန်း၌ စွမ်းအားရှင်များ၏ ဆက်ဆံမှုသည် အလွန်ကောင်းမွန်သည်ဟု သူတို့ပြောသည်မဟုတ်ပါလော။


ကျန်းမောင့်ရုန်သည် တုံ့ဆိုင်းသွားပြီး အသံသည် အနည်းငယ်ပြောစရာစကားမဲ့သွားလေသည်။


“အာ၊ ကျန်းကော၊ အဲ့ဒါကို ကျွန်တော်ပြောပါရစေ ”


ထိုအချိန်တွင် အိမ်ထဲမှ အခြားလူငယ်တစ်ဦး ထွက်လာ၏။ သူသည် လုံခြုံရေးဧရိယာတွင် ဂိတ်စောင့်တာဝန်ယူထားသူတစ်ယောက်ဖြစ်၏။ ယခင်ကသူသည် သူတို့၏ SUV ကားကို စိတ်ဝင်စားခဲ့သူလည်းဖြစ်ပြီး ၎င်းကို ကျန်းကောဆီသို့အပ်နှံပေးချင်ခဲ့သည်။ 


ဤလူငယ်သည် တုကျန်းဟုခေါ်ပြီး လိုက်လျောညီထွေရှိသည့် စိတ်ဓာတ်မျိုးရှိ၏။ ကမ္ဘာပျက်ကပ်ကြီး စတင်ပေါက်ကွဲလာပြီးနောက် သူကို ဖုတ်ကောင်များလက်မှ ကျန်းမောင့်ရုန်ကကယ်တင်ခဲ့သည်။ ထိုကတည်းက သူသည် ကျန်းမောင့်ရုန်နောက်သို့ လိုက်လာခဲ့ခြင်းဖြစ်သည်။


တုကျန်းသည် အလွန်စကားပြော ပြေပြစ်သူဖြစ်၏။ သူသည် သူတို့အဖွဲ့ ထွက်ခွာသွားပြီးနောက် ဘာတွေဖြစ်ပျက်ခဲ့သလဲဆိုသည်ကို မကြာမီပင် ကျန့်ယွင်ကို စတင်ပြောပြလေတော့၏။ ကျန့်ယွင် နှင့် အခြားသူများ ထွက်ခွာသွားပြီးနောက် မိုးစတင်ရွာလာခဲ့သည်။ မိုးတိတ်သွားသည့်အချိန်တွင် ဖုတ်ကောင်များ၏အင်အားသည် များစွာတိုးလာခဲ့သည်။


အစပိုင်းတွင် ကျန့်ယွင် သူတို့ကို သတိပေးခဲ့သည့်အတိုင်း ဖုတ်ကောင်များကို ဂိတ်တံခါးတစ်ခုတည်းဖြင့် တားဆီး၍မရသည့်အပြင် ဖုတ်ကောင်များ‌ကြောင့် လုံခြုံရေးဧရိယာငယ်သည် မကြာမီ ပြိုပျက်သွားလေသည်။ သို့သော်လည်း ကျန်းမောင့်ရုန်၏ကြိုးပမ်းမှု ကျေးဇူးကြောင့် လူအများစုသည်လွတ်မြောက်ခဲ့၏။ ကျန်းမောင့်ရုန်နှင့် ကျန်လူများသည် မြို့ကနေထွက်ပြေးလွတ်မြောက်ခဲ့ကြပြီးနောက် တစ်၀က်လောက်သည် ဤနေရာတွင် အသက်ရှင်ကျန်ရစ်သူအခြေစိုက်စခန်းရှိသည်ဟုကြားပြီး ဘာမှမပြောဘဲ ထွက်ပြေးကြလေသည်။


လူပမာဏသည် များပြားသည့်အတွက်ကြောင့် ကျန်းမောင့်ရုန်သည် မြို့ထဲသို့ဝင်ရန် သူတို့ယူဆောင်လာသော စားစရာအားလုံးကို မြို့ထဲသို့၀င်ရန် ၀င်ကြေးအတွက်ပေးခဲ့ရသည်။ သူတို့နေထိုင်ရန် မြို့၏အညစ်ပတ်ဆုံးနေရာကိုသာ ရွေးချယ်နိုင်ခဲ့ပြီး၊ သူတို့သည် ရပ်တန့်နားခြင်းမရှိဘဲ အပြင်ထွက်ပြီးပစ္စည်းများရှာဖွေရန် အဖွဲ့တစ်ဖွဲ့ဖွဲ့စည်းခဲ့ကြသည်။ 


သို့သော်လည်း အဆုံးမှာတော့ ကျန်းမောင့်ရုန်သည် သာရုပ်ပိုင်းဆိုင်ရာ စွမ်းအားရှင်တစ်ယောက်သာဖြစ်လေ၏။ သူသည် အနီးကပ်တိုက်ပွဲတွင်သာ တိုက်ခိုက်နိုင်ပြီး အဝေးကို မတိုက်ခိုက်နိုင်‌ပေ။ ရလဒ်အနေဖြင့် သူ၏အဖွဲ့သည်ဓာတ်ငွေ့နှင့် လက်နက်များဝယ်ယူရန် ပစ္စည်းများ အများအပြားသုံးစွဲခဲ့ရသည်ကို မဆိုထားနှင့် မကြာခဏဆိုသလို အန္တရာယ်ကြုံခဲ့ကြရသည်။ တဖြည်းဖြည်းနှင့် လူအချို့သည် တက်ကြွလာကြပြီး အခြားစွမ်းအားရှင်များထံ တွယ်ကပ်စပြုလာကြသည်။ ကျန်းမောင့်ရုန်၏အဖွဲ့အရေအတွက်သည် ပိုမိုသေးငယ်လာပြီး အားနည်းပြီး မသန်စွမ်းသူ၊ လူအိုအုပ်စုကိုသာ ချန်ထားရစ်ခဲ့သည်။


ကျန်းမောင့်ရုန် အခြေအနေကို ဆက်ထိန်းထားသည်နှင့်သာ သူတို့၏ဘဝများ ခက်ခဲကြသော်လည်း အနည်းဆုံးတော့ သူတို့ အသက်ရှင်သန်နိုင်ကြသေးသည်။


သို့သော် နောက်ပိုင်းတွင် သူတို့သည် ဆင့်ကဲပြောင်းလဲလာသော ဖုတ်ကောင်တစ်ကောင်နှင့်ကြုံခဲ့ကြရသည်။ ကျန်းမောင့်ရုန်၏ စွမ်းရည်နှင့် ဆင့်ကဲပြောင်းလဲလာသော ဖုတ်ကောင်ကို ကိုင်တွယ်ဖြေရှင်းဖို့ရန်ခက်ခဲခဲ့သည်။ နောက်ဆုံးမှာတော့ သူသည်ဖုတ်ကောင်ကို သူ့ရှိသမျှအားနှင့်သတ်ပစ်ခဲ့သော်လည်း သူသည်လည်း ဒဏ်ရာအပြင်းအထန်ရခဲ့လေသည်။


ထိုအချိန်တွင် လူများသည် ပိုထွက်ခွာသွားကြပြီး လူတစ်ဒါဇင်မျှသာ ကျန်ခဲ့တော့လေသည်။ သူတို့သည် ကျန်းမောင့်ရုန်၏ ကြိုးစားအားထုတ်မှုကိုတန်ဖိုးထားကြပြီး ရိက္ခာများရရှိရန် အခြေစိုက်စခန်းတွင် အလုပ်ကြိုးစားခဲ့ကြသည်။


အပျက်အစီးများထဲတွင် ရပ်နေသည့်လူများကို မဝံ့မရဲကြည့်ရင်း ကျန့်ယွင်နှင့်စုရွေ့ကျယ်တို့သည် သူတို့အတွက် စာနာစိတ်မ၀င်ဘဲမနေနိုင်ချေ။ ဆောင်းရာသီရောက်လာပြီး ကျန်းမောင့်ရုန်နှင့် သူ့မိသားစုသည် လင်ချန်းအခြေစိုက်စခန်း၌ ဆက်လက်နေထိုင်ကြရမည်ဖြစ်သည်။ သူတို့အတွက် သေဆုံးခြင်းဟူသည့်လမ်းတစ်ခုသာ ရှိတော့သည်။


ကျန့်ယွင်သည် ကျန်းမောင့်ရုန်သည် မဆင်မခြင်ဖြစ်သော်လည်း သူသည် စိတ်နှလုံးကောင်းရှိသူဟု ထင်သည်။ ဤလူများသည် ကျန်းမောင့်ရုန် ဒဏ်ရာရပြီးနောက် သူ့ကို ပြုစုစောင့်ရှောက်ဖို့ ရွေးချယ်နေကြတုန်းပင်ဖြစ်ကာ သူတို့အားလုံးတွင် အသိတရားတချို့ရှိကြလေသည်။ လင်းချန်အခြေစိုက်စခန်းလို နေရာမျိုးတွင် နေထိုင်စဉ် သူတို့ အလွန်ခက်ခဲကြရုံသာဖြစ်၏။ သူတို့ တောင်ပိုင်းအခြေစိုက်စခန်းကို သွားချင်ကြပါက သူတို့အလုပ်လုပ်ချင်စိတ်ရှိပြီး မလိမ်မညာတတ်သရွေ့ ဘဝကိုကောင်းကောင်းနေထိုင်နိုင်မှာဖြစ်သည်။


လင်းကျား အကြောင်းကိုတွေးရင်း စုရွေ့ကျယ်သည် သူ့ရင်ထဲတွင်လှုပ်ရှားသွားသလို ခံစားလိုက်ရသည်။ သူသည် ကျန့်ယွင်နားထဲသို့ စကားလုံးအနည်းငယ် တိုးတိုးပြောလိုက်၏။ ကျန့်ယွင်သည် ခေါင်းညိတ်ပြီး သူ့အဆိုကို အတည်ပြုလိုက်သည်။


“မင်းတို့ထွက်သွားချင်လား ”


တကယ်တမ်းတွင် ကျန့်ယွင်သည် သူတို့ကို ကူညီဖို့ဆန္ဒရှိသောကြောင့် သူသည်တောင်ပိုင်းအခြေစိုက်စခန်းအကြောင်း ယေဘုယျဖော်ပြချက်များပေးခဲ့ပြီး သူတို့၏ထင်မြင်ယူဆချက်များကို တောင်းဆိုခဲ့သည်။


လင်းချန်အခြေစိုက်စခန်းသည် တောင်ပိုင်းအခြေစိုက်စခန်းနှင့် သိပ်မဝေးလှပေ။ နှစ်ရက်သုံးရက် ခရီးသာရှိ၏။ မိုးတိတ်သွားပြီးနောက်လမ်းတွင်ချက်ချင်းသွားနိုင်သည်။ ဆောင်းရာသီမတိုင်မီ တောင်ပိုင်းအခြေစိုက်စခန်းသို့ ရောက်သွားနိုင်သည်။ စုရွေ့ကျယ်၏အဆိုအရ သူ လင်းကျားကို ကယ်တင်လိုသည်။ လင်းကျားသည် ရှားရှားပါးပါး ကုသနိုင်စွမ်းရှိ၏။ တောင်ပိုင်အခြေစိုက်စခန်းသို့သွားခြင်းသည် အခြေစိုက်စခန်းအတွက် များစွာအထောက်အကူဖြစ်ရမည်ဖြစ်သည်။


သို့သော် သူတို့သည် အနောက်မြောက်ဘက်ကိုသွားဖို့ အလျင်လိုနေကြသည်ဖြစ်၏။ သူတို့သည် လင်းကျားကို သူတို့နှင့်အတူခေါ်မသွားနိုင်ပေ။ အကယ်၍ သူတို့သာ တောင်ပိုင်းအခြေစိုက်စခန်းကို သွားဖို့ဆန္ဒရှိပါက သူ့ကို သူတို့နှင့်အတူ ခေါ်သွားနိုင်သည်။ ထို့အပြင် ရွှီဖုန့်ယင်းသည် ထူးဆန်းပြီး ဆူညံသည့်စရိုက်လက္ခဏာ ရှိသော်လည်း သူမ၏ စရိုက်လက္ခဏာသည် အဆင်ပြေပုံရသည်။ သူမသာ သူတို့နှင့်အတူတူဖြစ်နိုင်ပါက လမ်းသည်ပိုလုံခြုံနိုင်မည်။


“ဒါပေါ့၊ ဒါပေါ့ ” 


ကျန်းမောင့်ရုန်နှင့်တုကျန်းတို့ နှစ်ယောက်စလုံးသည် ကြက်များဆန်ကောက်နေသလိုမျိုး ခေါင်းညိတ်ပြလေ၏။ လူများအားလုံးကို တန်းတူရည်တူဆက်ဆံပြီး သာမန်လူများကို ကောင်းကောင်းဆက်ဆံသည့် တောင်ပိုင်းအခြေစိုက်စခန်းလိုနေရာမျိုးကို သူတို့ဘယ်လိုများစိတ်ကူးနိုင်ပါ့မလဲ။ ၎င်းသည် လင်းချန်အခြေစိုက်စခန်းနှင့် လုံးဝကို ကွဲပြားသည်။ ဒီလောက်ကောင်းတဲ့ အရာကို သူတို့ မတောင်းဆိုနိုင်ချေ။ ဘယ်လို သဘောမတူဘဲ နေနိုင်မလဲ။


“ကောင်းပြီ၊ မင်းတို့ဒီမှာနေလို့မရဘူး။ ငါတို့နဲ့ တစ်ဖက်ကို လာ”


သုံးထပ်တိုက်တွင် အခန်းများ အများကြီးမရှိသော်လည်း နေရာသည်ထူးခြားနေသေး၏။ ကြမ်းပြင်ပေါ်တွင် အိပ်ယာခင်းများခင်းပြီးနောက် ဧည့်ခန်းထဲတွင် လူတစ်ဒါဇင်လောက် ဖျစ်ညစ်တိုးထည့်လျှင် အဆင်ပြေသင့်သည်။ မည်သို့ပင်ဖြစ်စေ သူတို့သည် မိုးတိတ်သည်နှင့်ထွက်သွားဖို့ အသင့်ဖြစ်နေပြီး ထို့ကြောင့် အထူးတလည်မလိုအပ်တော့ချေ။


သူတို့သည် မိုးရေထဲတွင် ဆန့်ကျင်ဘက် အဆောက်အဦးသို့ ပြေးကြလေ၏။


ကျန့်ယွင်နှင့် အခြားသူများသည် နှင်းလျှောစီးဝတ်စုံများ ၀တ်ဆင်ထားသောကြောင့် သူတို့ ရေအများကြီးမစိုခဲ့ပေ။ သို့သော် ကျန်းမောင့်ရုန်နှင့် အခြားသူများအားလုံးသည် စိုရွှဲနေကြလေ၏။ သူတို့၏အဝတ်အစားများသည် စုတ်ပြဲနေပြီး တံခါးဝတွင် တုန်ယင်ကာ ရပ်နေကြလေသည်။ သူတို့သည် အလွန်သနားစရာကောင်းနေပုံရ၏။


“အပေါ်ထပ်မှာ အဝတ်ဟောင်းတချို့ရှိတာ မှတ်မိတယ်။ ကျွန်တော် ယူချလာခဲ့မယ်”


စုရွေ့ကျယ်သည် ကျန့်ယွင်ကို မျက်တောင်ခတ်ပြပြီး အပေါ်ထပ်ကိုပြေးသွားလေသည်။


“အားလုံး ၀င်လာကြ။ အပြင်မှာ လေပြင်းတွေတိုက်နေတယ်”


ကျန်းရှို့လျန် မပြောဘဲ မနေနိုင်တော့ချေ။


“ကြမ်းပြင်…” 


သန့်ရှင်းသပ်ရပ်သော သစ်သားကြမ်းပြင်ကို ကြည့်ပြီး တုကျန်းသည် အထဲကိုဝင်ရမည်ကို တကယ်ကို ရှက်သွားသည်။


“ဘာအဓိပ္ပါယ်မရှိတာ၊ ဝင်လာခဲ့”


ကျန့်ယွင်၏ မျက်ခုံးမွှေးများ မတ်တပ်ရပ်ပြီးသူ့မျက်နှာ ရှုံ့တွသွားသည်နှင့်တပြိုင်နက် ထိုလူများသည် နာခံမှုရှိစွာ ချက်ခြင်းဝင်လာကြလေသည်။


စုရွေ့ကျယ်သည် နေရာလွတ်ထဲမှ ထုတ်ပစ်ရန် စီမံထားသော အဝတ်အသစ်နှင့်အဟောင်း တစ်ဝက်စီကိုကိုင်ကာ အပေါ်ထပ်မှ ပြေးဆင်းလာလေသည်။ သူတို့သည် မြို့တော် A ၌ ရှာဖွေကယ်ဆယ်ရေးတွင် ပါဝင်ခဲ့စဉ် လမ်းတွင်စုဆောင်းခဲ့ခြင်းဖြစ်၏။ ယခုအခါ ၎င်းတို့သည် နောက်ဆုံး၌အသုံးတည့်ပြီဖြစ်သည်။ စုန့်ချန်ရှုသည် သူ့နောက်လိုက်ခဲ့၏။ သူသည် ပုံးကြီးနှစ်ပုံးကို ထမ်းလာကာ ထိုလူများ၏ ခန္ဓာကိုယ်များကို ပွတ်တိုက်ဆေးကြောရန်အတွက် ရေနွေးဖြင့်ဖြည့်လိုက်သည်။


ဝူကျင်းနှင့် ချန်းကျောင်းတို့သည် သူတို့အား ကူညီရန် အပေါ်ထပ်မှ ဆင်းလာခဲ့ကြသည်။ သူတို့သည် လက်ထဲတွင် နို့မှုန့်ဗူးတစ်ဗူးကို ယူလာကာ စုန့်ချန်ရှုပေးသော ရေနွေးပူပူကို အသုံးပြုပြီး သူတို့ အသီးသီးအတွက် နို့ပူပူတစ်ခွက်ကို ဖျော်ပေးခဲ့သည်။ ၎င်းတို့ကို တစ်ခါသုံးခွက်များထဲတွင် ထည့်ထားပြီး သူတို့တစ်ယောက်ချင်းစီကို ဝေပေးခဲ့သည်။


ခန္ဓာကိုယ်ကို ရိုးရိုးရှင်းရှင်း ပွတ်တိုက်ဆေးကြောကြပြီး ပျော့ပျောင်းနူးညံ့ပြီး သက်တောင့်သက်သာရှိသောအ၀တ်အစားများ ပြောင်းလဲပြီးနောက် နို့ပူပူကိုကိုင်ကာ တစ်ကြိမ်လျှင် အလုပ်သေးသေးစီသောက်ကာ ဖြည်းဖြည်းချင်း အရသာခံနေကြလေ၏။ သူတို့မျက်လုံးများထဲမှ မျက်ရည်များ စီးကျလာလေသည်။ ဤနေ့ရက်များတွင် သူတို့သည် ခက်ခဲစွာအသက်ရှင်နေထိုင်ခဲ့ကြရ၏။ ဤအခိုက်အတန့်တွင် သူတို့ အိပ်မက်မက်နေသလိုခံစားနေကြရ၏။ 


စုရွေ့ကျယ်သည် အပေါ်ထပ်မှ စောင်များစွာကို ယူလာခဲ့ပြီး ၎င်းတို့ထဲမှ နှစ်ခုသည် သုံးထပ်တိုက်ရှိ မူလစောင်များဖြစ်ပြီး ကျန်နှစ်ခုကို စုရွေ့ကျယ်၏ နေရာလွတ်ထဲမှ ထုတ်ယူလိုက်ခြင်းဖြစ်၏။ အဆောက်အအုံအတွင်းရှိ အိပ်ယာခင်းများသည် ဖုန်မှုန့်များဖြင့်စွန်းထင်းနေပြီး သူတို့လွှင့်ပစ်လိုက်ပြီးဖြစ်သော်လည်း၊ စောင်များသည် သန့်ရှင်းနေသေးပြီး ကူရှင်များအဖြစ်သုံးခဲ့ကြသည်။ ယခုအခါ အချိန်ကိုက်ပင် ကြမ်းပြင်ပေါ်တွင်ခင်းဖို့ သုံးနိုင်ပြီဖြစ်၏။


ကျန့်ယွင်နှင့် အခြားသူများသည် ဘီစကွတ်အချို့ကိုယူကာ သူတို့ ဗိုက်ပြည့်စေရန် ဝေငှကြသည်။


“စောစောနားကြ။ မိုးတိတ်တဲ့အခါ ငါတို့ဆက်သွားမယ် ”


လင်းချန်အခြေစိုက်စခန်းသည် သာမန်လူများကို ဘယ်တုန်းကမှ ဂရုမစိုက်ဖူးချေ။ ကျန်းမောင့်ရုန်သည် ယခုအခါ ခြေကျိုးသွားခဲ့ပြီး စွန့်ပစ်ခံရသည်နှင့် မခြားတော့ချေ။ သူတို့သာ လင်းချန်အခြေစိုက်စခန်းမှ ထွက်ခွာချင်သည်ဆိုလျှင် သူတို့လုံးဝဂရုစိုက်လိမ့်မည်မဟုတ်ဟု ယုံကြည်ကြသည်။


“ကျေးဇူးတင်ပါတယ်၊ ကျေးဇူးတင်ပါတယ် ” 


လူများသည် ကျေးဇူးတင်စကား ဆက်တိုက်ပြောကြလေ၏။


ကျန့်ယွင်သည် လက်ဝှေ့ယမ်းပြပြီး အနားယူဖို့ အခန်းကိုပြန်သွားခဲ့လေသည်။


ဧည့်ခန်းရှိလူများသည် အတူတကွအိပ်နေကြရသော်လည်း ဤနေ့ရက်များအတွင်း သက်တောင့်သက်သာအရှိဆုံး အိပ်စက်ကြခြင်းဖြစ်သည်။


စုရွေ့ကျယ်နှင့် ကျန့်ယွင်တို့သည် အပေါ်ထပ်သို့တက်သွားပြီးနောက် သူတို့ကိုယ်ပိုင်အခန်းများထဲသို့ တိုက်ရိုက်မ၀င်ခဲ့ကြဘဲ ဝူကျင်းနှင့် ကျန်းရှို့လျန်တို့၏အခန်းသို့သွားခဲ့ကြသည်။ သူတို့ ဝူကျင်းကိုရှာခဲ့ကြသည်။ သူတို့အနေဖြင့် လင်းကျားကို ကယ်တင်လိုသော်လည်း မကယ်တင်မီတွင် သူ့စွမ်းအင်အလွန်အကျွံသုံးစွဲမှုပြဿနာကို ဖြေရှင်းရန် ကူညီပေးရမည်ဖြစ်သည်။ ဝူကျင်း၏စွမ်းရည်သည် အလွန်ထူးခြား၏။ လင်းကျားထောင်ကျနေသည့်နေရာကို ပိုမိုတင်းတင်းကျပ်ကျပ် ကာကွယ်ထားလျှင်တောင် ဝူကျင်း၏ရှေ့တွင် အသုံးမ၀င်ချေ။ သူမသည် ဆန္ဒရှိသလိုဝင်ထွက်နိုင်သည်။


သူတို့သည် ဝူကျင်းအား လင်းကျား၏နေရာကို တိတ်တဆိတ် သွားပြီး သူ့စွမ်းအားများကို ထောက်ပံ့ပေးပြီး သူ့ခွန်အားကို တတ်နိုင်သမျှအမြန်ဆုံး ပြန်လည်ကောင်းမွန်စေရန် အမြုတေတချို့ပို့ပေးခိုင်းပြီး ထို့နောက် တောင်ပိုင်းအခြေစိုက်စခန်း၏အခြေအနေကို ပြောပြခိုင်းရန် စီစဉ်ထားသည်။ သူသာ တောင်ပိုင်းအခြေစိုက်စခန်းကို သွားလိုသည့် ဆန္ဒရှိသ၍ သူတို့ သူ့ကို ကယ်တင်ဖို့ နည်းလမ်းရှာကြမည်ဖြစ်သည်။


၎င်းကိုပြောနိုင်သော်လည်း ဝူကျင်းသည် သူမ အန်တီကြီးရောက်လာပြီး အအေးမိ‌၍ နေမကောင်းဖြစ်နေသည်။ သူတို့သည် သူမကို မိုးရေထဲအပြင်ထွက်ခိုင်းရသဖြင့် စိတ်မကောင်းသော်လည်း သူတို့တွင် အချိန်မရှိချေ။ မိုးဘယ်တော့စဲမလဲဆိုသည်ကို သူတို့မသိကြချေ။ ဤနေရာတွင် နှောင့်နှေးဖို့ အချိန်အများကြီးမရှိပေ။ ကံကောင်းစွာဖြင့် လင်းကျားသည် ဒီနေရာနှင့်သိပ်မဝေးဘူးချေ။ အသွားအပြန်ဆို အချိန်အများကြီးမကြာပါချေ။ အမှောင်နှင့်မိုးရွာသည်ကို အခွင့်ကောင်းယူရသည်မှာ ပိုအဆင်ပြေလေ၏။