အခန်း(၈၇)《 မိုးသည်းကြီးနောက်ဆုံးတိတ်သွားပြီ 》
Author: Drunken Light Song
Source: Jostena M
Editor: Dragon
Translator: オタク
မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လင်းကျားရှိသည့် အဆောက်အဦး၏ တံခါးဝမှအစောင့်များသည် အဆောက်အဦးထဲသို့ ၀င်နေခဲ့ကြသည်။ အပြင်ဘက်တွင် မည်သူမျှမရှိခဲ့ပေ။ ဝူကျင်းသည် ညအမှောင်၏အကာအကွယ်အောက်တွင် အဆောက်အဦးအပြင်ဘက်သို့ လွယ်လင့်တကူထွက်လာလေသည်။ သူမ၏အသွင်အပြင်သည် လျင်မြန်စွာ မြူခိုးများအဖြစ်သို့ပြောင်းလဲသွားပြီး ဒုတိယအထပ်သို့လွင့်မျောသွားခဲ့လေသည်။ သူမသည် ဖောက်ထွင်းမှုကာကွယ်ရေးပြတင်းပေါက်မှ ဖြတ်ပြီး လင်းကျား၏ အခန်းထဲသို့ဝင်သွားခဲ့သည်။
သူ့အခန်းထဲတွင် သူတယောက်တည်း ရှိနေ၏။ ထိုအချိန်၌ ကုတင်ပေါ် တွင်လဲလျောင်းရင်း မသက်မသာအိပ်ပျော်နေခဲ့သည်။
ပြန်လည်ကောင်းမွန်လာပြီးနောက် ဝူကျင်းသည် လင်းကျားကို ညင်သာစွာ တွန်းလိုက်သည်။
မသက်မသာဖြစ်နေသောကြောင့် လင်းကျားသည် အနည်းငယ်သာအိပ်မောကျနေသောကြောင့် ချက်ချင်းနီးပါးပင် နိုးလာခဲ့သည်။
သူ့ရှေ့ရှိ ထူးဆန်းပြီး လှပသောအမျိုးသမီးကို အံ့သြတကြီး ကြည့်နေပြီး
“မင်းက ဘယ်သူလဲ။ မင်းက ဘယ်လိုဝင်လာတာလဲ ”
“နိဟောင်၊ ကျွန်မနာမည်က ဝူကျင်းပါ”
ဝူကျင်းသည် အသံကို လျှော့ပြီး သူမ၏ဇာတိပကတိကို အတိုချုံးပြောပြလိုက်၏။ ပြီးနောက် သူမသည် ကြည်လင်သောအမြုတေခဲအများအပြားကို ထုတ်ကာ လင်းကျားကို ပေးလိုက်သည်။
“ ဒါတွေကို အမြုတေလို့ ခေါ်တယ်။ သူတို့တွေက ဖုတ်ကောင်တွေရဲ့ ခန္ဓာကိုယ်ထဲက စွမ်းအင်ပုံဆောင်ခဲတွေပါ၊ သူတို့တွေက စွမ်းအင်ကို ထောက်ပံ့ပေးနိုင်တဲ့အရာတွေပေါ့။ ရှင့်ရဲ့စွမ်းအားတွေကို အလွန်အကျွံသုံးစွဲတာကြောင့် ရှင့်ခန္ဓာကိုယ် ကအားနည်းလာတာ။ အမြုတေကို သုံးလိုက်ရင် ရှင် ပိုကောင်းလာလိမ့်မယ်”
လင်းကျားသည် သူ့လက်ထဲရှိ အမြုတေကို မယုံကြည်နိုင်စွာ ကြည့်ပြီး မေးလာ၏။
“ဒါကို ကျွန်တော် ဘယ်လိုသုံးရမှာလဲ ”
“စားလိုက်”
“စားရမယ် ”
လင်းကျားသည် သူမကို မယုံကြည်နိုင်စွာ ကြည့်လိုက်၏။ သူ ဒီလောက်ကြီးတဲ့ဟာကို ဘယ်လိုစားနိုင်မလဲ။
“ကျွန်မကိုယုံပါ။ အဲ့ဒါကို ရှင့်ပါးစပ်ထဲထည့်လိုက်တာနဲ့ ရှင်သိလိမ့်မယ်”
လင်းကျားသည် တစ်ခဏမျှတုန့်ဆိုင်းနေပြီး ကြိုးစားမည်ဟူသောအတွေးနှင့် အမြုတေကို သူ့ပါးစပ်ထဲသို့ ထည့်လိုက်လေသည်။ အသေအချာပင် အမြုတေသည် သူ့ခန္ဓာကိုယ်ထဲသို့၀င်သွားသည်နှင့်တပြိုင်နက် အရည်စီးကြောင်းတစ်ခုအဖြစ်သို့ လျင်မြန်စွာ ပြောင်းလဲသွားလေပြီး အားနည်းနေသော သူ့ခန္ဓာကိုယ်အား တဖြည်းဖြည်းနှင့် ကြံ့ခိုင်မှုတချို့ ပြန်လည်ရရှိလာစေသည်။
တကယ်ထိရောက်တာလား။
“မိန်ကလေးဝူ၊ မင်းငါ့ကို ဒီကနေခေါ်ထုတ်သွားချင်တယ်လို့ပြောခဲ့တာလား ”
“ဟုတ်ပါတယ်၊ ရှင်သဘောကျလိမ့်မလားဆိုတာကို ကျွန်မ သိချင်ပါတယ် ”
လင်းကျားသည် နှုတ်ဆိတ်သွားခဲ့လေသည်။ တကယ်တမ်းတွင် သူ ရုန်းကန်နေခဲ့ရ၏။ ဤအချိန်များအတွင်း နေရောင်ကိုမမြင်နိုင်သည့်နေရာမှ အကျဉ်းသားတစ်ယောက်လိုပင်။ နေ့တိုင်း သူ့ရုပ်ပိုင်းဆိုင်ရာ မသက်မသာမှုများကို ခံနိုင်ရည်ရှိအောင် ကြိုးစားပြီး သူ့တို့၏လိုအပ်ချက်များအတိုင်း သူတို့လူများကို ကုသပေးဖို့ သွားခဲ့ရသည်။သူ့အတွက်တော့ ၎င်းသည်လုံလောက်နေပြီဖြစ်၏။ သူ ဤနေရာကနေ ထွက်သွားချင်ခဲ့ပြီး သူရူးသွပ်လုနီးပါးပင် ခံစားနေရ၏။
သို့သော်လည်း သူ့ရှေ့ရှိအမျိုးသမီးကို မသိခဲ့ပါချေ။ သူမပြောပြခဲ့သည့် တောင်ပိုင်းအခြေစိုက်စခန်းအကြောင်းသည် သူ့အတွက်တော့ ကောင်းကင်ဘုံလိုနေရာမျိုးပင်။ ထိုသို့သော နေရာမျိုး တကယ်ရှိပါသလား။ သူ လင်းချန်အခြေစိုက်စခန်းမှထွက်ပြီး တောင်ပိုင်းအခြေစိုက်စခန်းသို့သွားဖို့ ရွေးချယ်ပါက ကျားတွင်းထဲမှ ထွက်ပြီး ဝံပုလွေတွင်းထဲသို့ နောက်တစ်ကြိမ် ပြန်ရောက်သွားလေမလား။
ဝူကျင်းသည် မတိုက်တွန်းခဲ့ဘဲ တစ်ဖက်တွင်ထိုင်ပြီး သူ့အဖြေကို ငြိမ်သက်စွာစောင့်မျှော်နေခဲ့သည်။
လင်းကျားသည် နောက်ဆုံးတွင် သဘောတူလိုက်၏။ သူ ကံကောင်းခြင်းအပေါ် လောင်းကြေးထပ်ရန်ရွေးချယ်ခဲ့သည်။ အကယ်၍ သူအနိုင်ရခဲ့ပါက သူ လွတ်လပ်မှုရပြီး ဘဝသစ်တစ်ခုရနိုင်လိမ့်မည်။ အလောင်းအစားရှုံးသွားပါက သူ့နေရာကို ပြောင်းလဲပြီး ဆက်လက်သော့ခတ်ခံထားရမည်ဖြစ်သည်။ ကွာခြားမှုမရှိပေ။
“မင်းငါ့ကို ဘယ်လိုခေါ်ထုတ်သွားမှာလဲ ”
“ဒါက ခေါင်းဆောင် ဆုံးဖြတ်မှာပါ။ ကျွန်မက ဒီသတင်းကို ဒီကိုပို့ပေးရုံပါပဲ ”
၀ူကျင်းသည်ပြုံးလျက် ပြောခဲ့လေ၏။
“စိတ်မပူပါနဲ့ ၊ ရှင် အဲဒီအချိန်ကျမှ သိလိမ့်မယ်”
ခဏတာ စကားစမြည်ပြောပြီးနောက် ဝူကျင်းသည် အခိုးအငွေ့အဖြစ်သို့ ပြန်ပြောင်းသွားခဲ့ပြီး ထွက်သွားခဲ့လေသည်။
ဝူကျင်း၏ ရောက်လာခြင်းနှင့် ပြန်ထွက်သွားခြင်းကိုကြည့်ပြီး လင်းကျားသည် သူ့နှလုံးသားထဲတွင် မျှော်လင့်ချက်များ ပိုများလာခဲ့သည်။
ဝူကျင်းသည် ဗီလာထဲသို့ တိတ်တဆိတ်ပြန်ရောက်လာခဲ့၏။ ကျန်းမောင့်ရုန် နှင့် ပထမထပ်တွင် အနားယူနေသော အခြားသူများကို မနှောက်ယှက်ဘဲ ဝူကျင်းသည်ပြတင်းပေါက်မှ ဒုတိယထပ်သို့သွားလိုက်ပြီး လင်းကျားနှင့် ပြောဆိုခဲ့သည်များကို ကျန့်ယွင်နှင့် စုရွေ့ကျယ်ကို ပြန်ပြောပြလိုက်သည်။ လင်ူကျားသည် ထွက်ခွာရန် သဘောတူသည်ဆိုကတည်းက ပြဿနာကြီးကြီးမားမားတော့ မဖြစ်သင့်တော့ချေ။
“ကောင်းကောင်း အနားယူပါ။ မိုးတိတ်သွားရင် ခက်ခက်ခဲခဲ တိုက်ပွဲတစ်ခုဝင်ရလိမ့်မယ်”
ကောင်းသောညတစ်ည၏ အိပ်စက်ခြင်းပင်။
သို့သော်လည်း သူတို့ မမျှော်လင့်ထားသည့်အရာမှာမိုးသည် နေ့ရောညပါ သည်းထန်စွာရွာသွန်းနေခဲ့သည်။
သုံးရက်မြောက်နေ့ နံနက်မတိုင်မီအထိဖြစ်ပြီး မိုးတဖြည်းဖြည်းအားလျော့သွားကာ နေ့လည်ပိုင်းမှသာ လုံးဝတိတ်သွားလေသည်။
ဤမိုးသည်း၏ သည်းထန်စွာရွာသွန်းမှုကြောင့် လင်းချန်အခြေစိုက်စခန်းသည် ရေများပြည့်နေပြီး လင်းချန်အခြေစိုက်စခန်းမှ အလုပ်သမားများအား အားလုံးကို ရေထုတ်ရန် စုစည်းထားလေသည်။
သို့သော် ကျန့်ယွင်၏အဖွဲ့သည် မိုးတိတ်သွားကတည်းက ပစ္စည်းများစတင်ထုပ်ပိုးကာ ချက်ချင်းထွက်ခွာရန် အဆင်သင့်ဖြစ်နေပြီဖြစ်သည်။
ကျန်းမောင့်ရုန်နှင့် သူ့ဇနီးသည် လူခုနစ်ယောက် သို့မဟုတ် ရှစ်ယောက်စီးနိုင်သော ဗင်ကား အဟောင်းတစ်စီးရှိ၏။ သို့သော်လည်း ၎င်းသည် မဆန့်သည်မှာ သိသာထင်ရှားလှ၏။ ကျန့်ယွင်သည် ချန်းချီကို ပစ္စည်းများပါသည့် အိတ်သေးတစ်လုံးကိုယူပြီး ရွှီဖုန့်ယင်းကိုရှာခိုင်းပြီး ဆီအပြည့်ပါသော ကားတစ်စီးဝယ်ပေးရန် သူမကို အကူအညီတောင်းခိုင်းခဲ့သည်။
မီးစွမ်းအားရှင်တစ်ဦးဖြစ်သည့် ရွှီဖုန့်ယင်းသည် အခြေစိုက်စခန်းတွင် လှည့်ပတ်သွားလာရန် နည်းလမ်းအချို့ရှိနေဆဲဖြစ်ပြီး အားစိုက်ထုတ်မှုများစွာမရှိဘဲ သူမသည် မီနီဘတ်စ်တစ်စီးကိုရလာခဲ့သည်။ ထို့အပြင် ရွှီဖုန့်ယင်းသည် သူတို့သည် သူတို့ကိုယ်တိုင် ထွက်ခွာသွားရုံသာမက အသိမိတ်ဆွေဟောင်းတစ်စုလည်း လိုက်ပါသွားကြောင်း ကြားခဲ့ရသည်။ သူတို့အား ဖြားယောင်းသွေးဆောင်မှုကို ကယ်တင်သော သူတို့နှင့်အတူ သူမကို ခေါ်ဆောင်နိုင်မလား ဆိုသည်ကို သူမမေးလိုက်၏။
မီနီဘတ်စ်သည် လူဆယ့်ခြောက်ဦးကို တင်ဆောင်နိုင်သည်။ သူတို့အားလုံးသည် ကျန်းမောင့်ရုန်နှင့် သူ့အဖွဲ့ကို တင်ရာတွင် ပြဿနာမရှိချေ။ သူတို့သည် လင်းကျားနှင့် ရွှီဖုန့်ယင်းတို့အတွက် အခန်းတစ်ခုစာနေရာလည်းပေးနိုင်သည်။
ကျန်းမောင့်ရုန်၏ ခြေထောက်များသည် အဆင်မပြေသဖြင့် တုကျန်းအား ကားမောင်းရန် တာဝန်ပေးခဲ့ပြီး ရွှီဖုန့်ယင်းသည် သူတို့နှင့်အတူ ကားပေါ်လိုက်ပါခဲ့သည်။ ကျန့်ယွင်သည် တုကျန်းကို ကားအား အခြေစိုက်စခန်းအပြင်ဘက်သို့ တိုက်ရိုက်မောင်းခိုင်းပြီး လင်းချန်နှင့်အဝေးတစ်လျှောက်သွားခိုင်းကာ အဝေးပြေးလမ်းတစ်ဖက်၌ ဆုံကြရန် သူတို့ကိုစောင့်ခိုင်းလိုက်သည်။ သူတို့သည် နေခဲ့ပြီး လင်းကျားကို ခွဲထုတ်ဖို့ ကြိုးစားကြမည်ဖြစ်သည်။
ဤအချိန်တွင် ကျန်းမောင့်ရုန်သည် ကျန့်ယွင်၏အမိန့်ကိုကြားပြီး နာခံခဲ့သည်။ သူတို့သည် နောက်ထပ်မေးခွန်းများမမေးတော့ဘဲ မြို့ပြင်သို့ထွက်ခွာရန် မီနီဘတ်စ်ကိုသာ မောင်းနှင်သွားခဲ့ကြသည်။
မြို့ကထွက်သွားသည့်အခါ ဖြတ်ကျော်စစ်ဆေးခြင်းအချို့ကို မလွဲမသွေကြုံတွေ့ရမည်ဖြစ်ပြီး၊ အဘယ်ကြောင့်ဆိုသော် အဖွဲ့ထဲတွင် ကျန်းမောင့်ရုန်နှင့် ရွှီဖုန့်ယင်းတို့ရှိနေကြ၍ဖြစ်သည်။ ထိုမြို့စောင့်များသည် ဘာကိုမှသံသယမရှိသောကြောင့် သူတို့ကို ရိုးရိုးရှင်းရှင်း သွားခွင့်ပြုလိုက်လေသည်။
သို့သော် ကျန့်ယွင်၏အဖွဲ့သည် ဗီလာမှထွက်လာသောအခါတွင် ဝူရယ်ကိုတွေ့ဆုံခဲ့ကြသည်။
တကယ်တမ်း သူတို့အချင်းချင်းတွေ့ဆုံမည်ကို မပြောနိုင်ပေ။ ဝူရယ်သည် သူတို့ကို ရည်ရွယ်ချက်ရှိရှိရှာဖို့ လာခဲ့ခြင်းဖြစ်သည်ဟု ပြောနိုင်သည်။ ဝူရယ်သည် မိုးတိတ်သည်နှင့် သူတို့ထွက်သွားမည်ဟု သူတို့ ပြောခဲ့သည်ကို မမေ့ခဲ့ချေ။ ထို့ကြောင့် သူတို့ ထွက်မသွားဘဲ နေမည်ကို ကြောက်၍ ဒီကိုတစ်ချက်လာကြည့်ခြင်းဖြစ်လေသည်။
ယခုမြင်ရပုံအရ သူတို့ ထွက်သွားဖို့ အဆင်သင့်ဖြစ်နေပုံရသဖြင့် ဝူရယ်သည် စိတ်သက်သာရာ ရသွားလေသည်။
“ဟားဟားဟား၊ မင်းတို့ထွက်ခါနီးတွေ့ဖို့ ငါအချိန်ကိုက်ရောက်လာပုံရတယ်”
“ကျေးဇူးအများကြီးတင်ပါတယ်၊ ဒါပေမယ့် ငါတို့မသွားခင် ဓာတ်ဆီတချို့လဲလှယ်ချင်တယ်။ ဘယ်သွားရမလဲ ခင်ဗျားသိလား ”
“ဒါပေါ့၊ ဒါပေါ့ ”
ဓာတ်ဆီလဲလှယ်ရန် သွားမည်ဟုကြားပြီး ဝူရယ်သည် ပိုသက်တောင့်သက်သာရှိလာပြီး လဲလှယ်ရန် သူတို့ကို ကမ်းလှမ်းလိုက်သည်။
“ရှောင်ကျယ်၊ မင်း ငါတို့ကို ကားထဲကစောင့်နေ။ ငါ လောင်စုန့်နဲ့ သွားလိုက်မယ်”
“ကောင်းပြီ”
နှစ်ယောက်သားသည် အကြည့်ချင်းဖလှယ်ကာ တစ်ဦး၏အဓိပ္ပါယ်ကိုတစ်ဦး နားလည်ခဲ့ကြသည်။
ချန်းချီ နှင့် ချန်းကျောင်းတို့သည် ကားသော့ဖြင့် ဂိတ်သို့သွားကာ သူတို့အားတွေ့ဆုံရန် အဆင်သင့်ဖြစ်နေသည်။ စုရွေ့ကျယ်သည် ကျန်သူများကို လင်းကျားကိုကယ်တင်ရန် ခေါ်သွားခဲ့သည်။
သူတို့အတွက် ကံကောင်းထောက်မစွာဖြင့် လင်းကျား၏အိမ်နီးချင်းအိမ်များသည် ရေများ ပြည့်လျှံနေ၏။ လင်းကျားကို စောင့်ကြပ်ရန်တာဝန်ရှိသည့်လူများအားလုံးသည် ပထမထပ်တွင် ရေများခပ်ထုတ်ရင်း အလုပ်ရှုပ်နေကြပြီး အပြင်ဘက်ကို ဘယ်သူမှ ဂရုမစိုက်ခဲ့ကြချေ။
လူတချို့သည် လင်းကျား၏ အဆောက်အအုံငယ်လေး၏ အနောက်ဘက်ကို ချောမွေ့စွာချဉ်းကပ်သွားခဲ့ကြလေသည်။ သုန်သုန်သည် လူနေအဆောက်အအုံထဲရှိ လှုပ်ရှားမှုများကို စကန်ဖတ်ရန် သူ့စွမ်းရည်ကို စတင်လိုက်သည်။ လင်းကျား ၏အခန်းထဲတွင် မည်သူမျှမရှိကြောင်း အတည်ပြုပြီးနောက် စုရွေ့ကျယ်သည် ဝူကျင်းကို လင်းကျား၏အခန်းထဲသို့ ကြိုးတစ်ချောင်းဖြင့်ဝင်ရောက်ပြီး သူ့ကို တိတ်တဆိတ်နေဖို့ သတိပေးရန် တောင်းဆိုခဲ့သည်။
စုရွေ့ကျယ်သည် ထို့နောက် နွယ်ပင်များကို ထုတ်လိုက်ပြီး ဒုတိယထပ်ရှိနံရံတွင် အပေါက်တစ်ပေါက်ကို တိတ်တဆိတ်ဖွင့်လိုက်ကာ လင်းကျား အပေါက်ထဲမှ တိုက်ရိုက်ထွက်နိုင်စေရန်ဖြစ်သည်။
လင်းကျားသည် ပြတင်းပေါက်ရှိ သံလက်ရန်းတွင် ကြိုးကိုခိုင်အောင်ချည်ပြီး ဖြေးဖြေးချင်း ဆင်းလာခဲ့လေ၏။ သူဆင်းလာသည့်အချိန်တွင် ဝူကျင်းသည် အပေါက်ကို ဗီရိုတစ်လုံနှင့်တိတ်တဆိတ် ပိတ်ဆို့လိုက်ပြီး ကြိုးကိုဖြုတ်ပြီးသည်နှင့် မြေပေါ်သို့ တိတ်တိတ်လေး ပြန်ဆင်းလာခဲ့လေသည်။
စုရွေ့ကျယ်သည် သူ့ကျောပိုးအိတ်ထဲမှ ဟူဒီတစ်ထည်ကိုထုတ်ပြီး လင်းကျားပေါ်သို့၀တ်ပေးလိုက်၏။ ထို့နောက် မျက်နှာဖုံးနှင့် ပဝါတစ်ခုကို ဝတ်ရန်ကူညီပေးလိုက်၏။ ထို့နောက် ဘာမှမဖြစ်သလို အပြင်ထွက်ဖို့ ဟန်ဆောင်လိုက်သည်။
လူတိုင်းသည် ရေများခပ်ထုတ်ရင်းအလုပ်ရှုပ်နေကြပြီး ဒီအဖွဲ့တွင် ဘာမှားနေသလဲဆိုသည်ကို ဘယ်သူမှ သတိမထားမိခဲ့ကြပါချေ။
ကားပေါ်မတက်ခင်အထိ လင်းကျားသည် နောက်ပြန်လှည့်မကြည့်ခဲ့ချေ။ သူ အိပ်မက်မက်နေသလို ခံစားခဲ့ရသည်။ သူ့အား လပေါင်းများစွာကြာအောင် ချုပ်နှောင်ထားသည့် လှောင်အိမ်ထဲမှ သူ လွယ်လွယ်ကူကူ မည်သို့လွတ်မြောက်သွားသလဲဆိုသည်ကို စိတ်ကူးမယဉ်နိုင်ခဲ့ချေ။ တစ်ချိန်တည်းမှာပင် ဤလူများ၏ လုပ်ဆောင်မှုစွမ်းအားများကြောင့်လည်း ထိတ်လန့်တုန်လှုပ်သွားခဲ့ရသည်။
အစမှအဆုံး ဤလူများသည် စကားတစ်ခွန်းမှ မပြောကြချေ။ အချင်းချင်း ပူးပေါင်းဆောင်ရွက်ကြပြီး လျင်မြန်စွာ လုပ်ဆောင်ကြကာ သူတို့၏ အစွမ်းအစများကိုအသုံးပြုရာတွင် အလွန်ကျွမ်းကျင်ခဲ့ကြသည်။ ဤလူများအပေါ် သူ့အမြင်များကို ပြန်လည်ချိန်ညှိသင့်သည်ဟု သူခံစားရသည်။
“လူကြီးမင်းလင်း၊ ခင်ဗျား နောက်ခန်းထဲမှာ တိုးညှစ်ရလို့ အဆင်မပြေဖြစ်လိမ့်မယ်”
တကယ်တမ်း နောက်ခန်း၏နေရာသည် လူများအတွက်အသင့်တော်ဆုံးဖြစ်ပြီး အရှေ့ထက် အတော်လေးထူးခြားသည်။ ချန်းချီနှင့်ချန်းကျောင်းတို့သည် နောက်ခန်းထဲတွင် ပေါ့ပေါ့ပါးပါးထိုင်ကြပြီး လင်းကျားသည် အရှေ့ဘက်မှ ရှာရန်ခက်သော အောက်ခြေတွင် လဲလျောင်းနေလေသည်။
လင်းကျားသည် အထွန့်တက်ခြင်းမရှိဘဲ လဲလျောင်းနေလေ၏။ အနေအထားသည် သက်တောင့်သက်သာမရှိသော်လည်း သူ မြို့မှထွက်သွားနိုင်သရွေ့ သူ ပုန်းနေစရာမလိုပါတော့ချေ။
ကျန့်ယွင်နှင့်စုန့်ချန်ရှုတို့သည် မကြာမီ သူတို့၏လက်ထဲတွင် ဓာတ်ဆီစည်နှစ်စည်ဖြင့် ပြန်ရောက်လာပြီးနောက် ဝူရယ်နှင့် တခြားသူများသည် လိုက်လာကြလေ၏။
“ဒါဆို ငါတို့ သွားတော့မယ်။ ခင်ဗျားရဲ့ဧည့်ဝတ်ကျေပွန်မှုအတွက် ကျေးဇူးတင်ပါတယ်”
“ ရပါတယ်ဗျာ၊ အခွင့်အခါသင့်ရင် ထပ်လာခဲ့ပါအုံး”
နှစ်ဖက်စလုံးသည် စကားအနည်းငယ်ဖြင့် ကြောင်သူတော်လို ယဉ်ကျေးသိမ်မွေ့စွာ ပြောဆိုကြပြီး ကျန့်ယွင်နှင့်စုန့်ချန်ရှုတို့လည်း ကားပေါ်သို့တက်ခဲ့ကြသည်။
သူတို့ မြို့မှ ထွက်သွားသည့်အချိန်တွင် မမေးဘဲမနေန်ိုင်တော့ချေ။ ကျန့်ယွင်နှင့် လူကိုးယောက်အုပ်စုသည် off roadကားတစ်စီးနှင့်ပြည့်အောင် စုပြုံနေခဲ့သည်။ ဝူရယ်သည် မြို့စောင့်များကို စကားပြောခဲ့ပြီး ထို့ကြောင့်ပင် သူတို့သည်သာမန်ကာလျှံကာကြည့်ပြီး သွားခွင့်ပြုလိုက်ကြသည်။ သူတို့ကားထဲတွင် အပိုလူတစ်ယောက်ရှိနေမှန်း ဘယ်သူမှ မတွေ့ခဲ့ကြချေ။
ကားသည် လင်းချန်အခြေစိုက်စခန်းမှ ထွက်ခွာလာခဲ့ပြီး တစ်လမ်းလုံးလျင်မြန်စွာဖြင့် အမြန်လမ်းပေါ်ရှိ အနီးနားဂိတ်တစ်ခုတွင် အဝါရောင်မီနီဘတ်စ်နှင့် တွေ့ဆုံမည့်နေရာသို့ တည့်တည့်ထွက်ခွာသွားခဲ့ကြသည်။
“တောင်းပန်ပါတယ်၊ ငါတို့မှာမစ်ရှင်တစ်ခုရှိလို့။ ငါတို့ အနောက်မြောက်ဘက်ကို ချက်ချင်းအမြန်သွားရမယ်။ ငါတို့မင်းတို့နဲ့မလိုက်နိုင်တော့ဘူး။ ဒါပေမယ့် တောင်ပိုင်းအခြေစိုက်စခန်းက ဒီကနေ မဝေးပါဘူး။ မင်းနေ့ရောညပါ ခရီးသွားနိုင်ပြီး နှစ်ရက်လောက်ကြာရင် ရောက်နိုင်တယ်”
ကျန့်ယွင်သည် လင်းကျားကိုကားပေါ်မှဆင်းစေပြီး မီနီဘတ်စ်ပေါ်တက်စေလိုက်သည်။ သူသည် သူတို့အား မြေပုံတစ်ခုပေးလိုက်ကာ မြေပုံအတိုင်း တောင်ပိုင်းအခြေစိုက်စခန်းသို့သွားရန်ပြောလိုက်သည်။ သူ့နာမည်ကို သတင်းပို့သရွေ့ သူတို့လက်ခံပေးလိမ့်မည်ဖြစ်သည်။
ကျန့်ယွင်သည် လင်းကျားကို ကျန်းမောင့်ရုန်၏ခြေထောက်ဒဏ်ရာကို ကုသပေးရန်လည်း တောင်းဆိုခဲ့သည်။ လမ်းပေါ်တွင် အန္တရာယ်နှင့် ရင်ဆိုင်ရမလား ဆိုသည်ကို မည်သူမျှ မပြောနိုင်ချေ။ တိုက်ပွဲစွမ်းအားများ ပိုရရှိရန်သည် အမြဲတမ်းကောင်းမွန်ပါသည်။
ရွှီဖုန့်ယင်းသည် လင်းကျားကိုမသိပေ၊ သို့သော်လည်း သူသည် ကုသပေးသူတစ်ယောက်ဖြစ်ကြောင်း သိလိုက်ရသောအခါ သူမ ကြက်သေသေသွားရလေ၏။ ကျန့်ယွင်နှင့်သူ့အဖွဲ့သည် လင်းချန်အခြေစိုက်စခန်းခေါင်းဆောင်ထံမှ "လင်းချန်၏ရတနာ" ကို ခိုးယူခဲ့သည်ကို မမျှော်လင့်ထားခဲ့ချေ။ လင်းချန်အခြေစိုက်စခန်းသည် စွမ်းအားရှင်များကို ပိုစုဆောင်းနေခဲ့ပြီး အခြေစိုက်စခန်းထဲတွင် ရောနှောထားသော အင်အားစုများကို ဖြစ်ပေါ်စေလာစေသည်။ အခြေစိုက်စခန်းခေါင်းဆောင်သည် တစ်ခုတည်းသော ကုသနိုင်စွမ်းရှိသူကို မထိန်းချုပ်နိုင်ခဲ့ပါက အခြားတပ်ဖွဲ့များသည် သူ့အားတောင်းဆိုမှုများ များစွာရှိလာမည်ဖြစ်ကာ အခြေစိုက်စခန်းသည် ဤမျှငြိမ်းချမ်းတော့မည်မဟုတ်ချေ။
“စိတ်မပူပါနဲ့။ ငါတို့က တောင်ပိုင်းအခြေစိုက်စခန်းကမှန်း သူတို့မသိဘူး။ ငါတို့က အနောက်မြောက်ဘက်ကိုသွားမယ်ဆိုတာပဲသိတယ်။ တစ်ခုခုမှားနေတာတွေ့ရင် သူတို့ အနောက်မြောက်ဘက်ကိုငါတို့ကိုပဲ ပြေးလိုက်လာလိမ့်မယ်။ မင်းတို့ကိုသံသယရှိမှာမဟုတ်ဘူး”
ရွှီဖုန့်ယင်း၏ ထိတ်လန့်မှုကိုမြင်ပြီး ကျန့်ယွင်သည် သူမ အငြိုးထားခံရမည်ကို စိုးရိမ်နေလိမ့်မည်ဖြစ်သဖြင့် ပါးစပ်ကိုဖွင့်ပြီး ရှင်းပြလိုက်သည်။
“ မဟုတ်ဘူး၊ မဟုတ်ဘူး၊မဟုတ်ဘူး၊ ရှင် ကျွန်မကို အထင်လွဲနေတာပါ ”
ရွှီဖုန့်ယင်းသည် လင်းချန်အခြေစိုက်စခန်းအပေါ် ခံစားချက်မရှိချေ။ သို့မဟုတ်ပါက သူမ သူတို့နှင့်ထွက်ခွာဖို့ အရမ်းစိတ်အားထက်သန်နေမည်မဟုတ်ပါချေ။ တောင်ပိုင်းအခြေစိုက်စခန်းအကြောင်း ပထမဆုံးအကြိမ် ကြားဖူးခြင်းဖြစ်သည်။ သို့သော်လည်း ကျန့်ယွင်နှင့် တခြားသူများသည် ထူးထူးခြားခြားသန်မာမှု ရှိသည်ဟု သူမခံစားမိခဲ့သည်။
သူမ လွမ်းဆွတ်မိသည်။ ကျန်းမောင့်ရုန်နှင့် အခြားသူများလို လူများကတောင် ကူညီရန် ဆန္ဒရှိကြသည်။ သူတို့နောက်ကို လိုက်ရတာမှန်သည်ဟု သူမ ခံစားလာရသည့်အပြင် ဒီလိုလူတစ်စုနှင့်ဆို အလွန်ကောင်းမွန်သောနေရာတစ်ခု ဖြစ်မည်သေချာသည်။ သူမတစ်ချက်လောက်တော့ ကြည့်ချင်မိသည်။