အခန်း(၈၈)
Viewers 12k

အခန်း(၈၈)《 အနောက်မြောက်ဘက်သို့ဦးတည်သွားကြခြင်း 》


Author: Drunken Light Song

Source: Jostena M

Editor: Dragon

Translator: オタク



လင်းကျား၏ စွမ်းအားသည် အမှန်တကယ်ကိုကောင်းမွန်ပြီး မကြာခင်မှာပင် ကျန်းမောင့်ရုန်၏ ကျိုးသွားသော ဘယ်ဘက်ခြေထောက်သည် ကုသပြီးဖြစ်လေ၏။ ကျန်းမောင့်ရုန်သည် သူ့၏ လွတ်လွတ်လပ်လပ် ပြန်လှုပ်ရှားနိုင်ပြီဖြစ်သောခြေထောက်ကို ကြည့်ပြီး သူ့မျက်လုံးများသည် မျက်ရည်များဖြင့် ပြည့်နေလေ၏။


ကျန်းယွင်သည် ကျန်းမောင့်ရုန်ကို တစ်ဖက်သို့ခေါ်ပြီး လက်ကိုင်သေနတ်တစ်လက်နှင့် ပဲစေ့ကျည်ဆန်များအပြည့်ရှိသည့် ခါးလွယ်အိတ်တစ်လုံးကို ထုတ် ပေးလိုက်သည့်အပြင် ဖြေဆေးသုံးခုနှင့် စွမ်းရည်မြှင့်‌ဆေးသုံးခုကိုပါ ထုတ်ယူလိုက်ကာ၊ ထိုပစ္စည်းသုံးမျိုး၏ ထိရောက်မှုကို ရိုးရိုးရှင်းရှင်း ရှင်းပြလိုက်ပြီး လက်လွှဲပေးလိုက်လေသည်။ ကျန်းမောင့်ရုန်သည် အနည်းငယ်ကြမ်းတမ်းပြီး သူ့စိတ်ထဲတွင် အလွန်တက်ကြွမှုမရှိသော်လည်း ဘယ်လို ကျေးဇူးသိတတ်ရမည်ကိုသိပြီး အလွန်သစ္စာရှိလေသည်။ ထို့ကြောင့် ကျန့်ယွင်သည် သူ့အား ပစ္စည်းများကို ပေးသောအခါတွင် အတော်လေးအဆင်ပြေသည်။


ကျန်းမောင့်ရုန်သည် ဤအရာများကို တောင်ပိုင်းအခြေစိုက်စခန်းမှ အသစ်တီထွင်ခဲ့ခြင်းဖြစ်ကြောင်းကြားသိရပြီး တောင်ပိုင်းအခြေစိုက်စခန်းအပေါ် ပို၍ပို၍တောင့်တလာခဲ့သည်။


“အဲ့ဒါ၊အဲ့ဒါက...”


တုကျန်းသည် စုရွေ့ကျယ်ကိုရှာပြီး စကားပြောဖို့ မဝံ့မရဲကြိုးစားခဲ့သည်။


စုရွေ့ကျယ်သည် သူ့ သူ့ကိုရှာရန် လာသောအခါ အံ့ဩသွားပြီး သူ့ကို မော့ကြည့်လိုက်သည်။


“မင်း အရင်က ငါတို့ရဲ့ဘေးကင်းဇုန်ကိုလာတဲ့အချိန်တုန်းက အထဲမှာ မင်းဆွေမျိုးတွေရှိတာကို ငါမှတ်မိတယ်”


တုကျန်း၏ မှတ်ဉာဏ်သည် ကောင်းမွန်ပြီး ထိုအချိန်က အခြေအနေကို ပြန်မှတ်မိနေဆဲဖြစ်သည်။ ဆွေမျိုး ဟူသော စကားလုံးကို ကြားပြီး စုရွေ့ကျယ်၏မျက်နှာသည် ရုတ်တရက် ပြောင်းလဲသွားခဲ့လေသည်။


“သူတို့သေသွားကြပြီ ”


စုရွေ့ကျယ်တစ်ခုခုပြောလာသည်ကိုမစောင့်ဘဲ တုကျန်းသည် တိုက်ရိုက်ပြောပြလိုက်၏။


“သူတို့က အသက်ကြီးနေပြီ။ လုံခြုံရေးဇုန်ကျိုးပေါက်သွားချိန်တုန်းက သူတို့အပြင်ကို ထွက်မသွားကြဘူး။ သူတို့နဲ့မင်းရဲ့ဆက်ဆံရေးက သိပ်ကောင်းမနေဘူးဆိုတာ ငါမှတ်မိတယ်။ ဒါပေမယ့်လည်း အနည်းဆုံးတော့ ဆွေမျိုးတွေကြားက ရန်ပွဲတစ်ခုပါပဲ။ ဒီအကြောင်းကို မင်းကို ပြောပြသင့်တယ်လို့ ငါထင်လို့ပါ....”


သေသွားပြီလား။


ချန်ဟွေ့ကျန်းနှင့် စုချီမင်းတို့ ဒီလိုပဲသေသွားကြပြီလား။ စုရွေ့ကျယ် ရုတ်တရက် ရယ်မောလိုက်၏။ ဤဘ၀၌ သူတို့သည် သူ့အား သူတို့ကျေနပ်စွာ အသုံးချနိုင်ခွင့်မရှိခဲ့ချေ။ ကျန့်ယွင်၏ အကာအကွယ်မပါဘဲ သူတို့ ဤကဲ့သို့ အဆုံးသတ်သွားခဲ့ကြသည်။


လက်စားချေခြင်းဟူသည် အဘယ်နည်း။


“သူတို့မှာရှိတဲ့ သူတို့သားနဲ့ ချွေးမကကော ”


စုရွေ့ကျယ် အသံတိုးတိုးနှင့် မေးလိုက်၏။


“ သားနဲ့ချွေးမ လား ”


တုကျန်းသည် သံသယစိတ်တချို့နှင့် ခေါင်းခါပြပြီး “ ငါ သူတို့ကိုတစ်ခါမှ မတွေ့ဖူးဘူး”


ဤအချိန်တွင် စုရွေ့ကျယ်သည် နောက်ဆုံးအကြိမ် ချန်ဟွေ့ကျန်းနှင့် စုချီမင်းကိုမြင်သောအချိန်ကို သတိရသွားပြီး သူ့၀မ်းကွဲနှင့် သူ့မရီးတို့ကို မမြင်ခဲ့ရပေ။ စုချန်း နှင့်လင်းရှီတို့ ဘယ်သွားကြသနည်း။ ပျက်ကပ်အစောပိုင်းမှာပဲ သေဆုံးသွားခဲ့ကြသည်လား။ ဒါမှမဟုတ် လူအိုနှစ်ယောက်ကို ထားခဲ့ပြီး ထွက်ပြေးသွားခဲ့ကြသလား။


ယခုအချိန်တွင် စုရွေ့ကျယ်၏ စိတ်ခံစားချက်သည် အလွန်ရှုပ်ထွေးနေ၏။ ပျော်ရွှင်နေသင့်သည်ဟု သူခံစားရသော်လည်း သူဘာကြောင့်မှန်းမသိ ပိုဝမ်းနည်းနေခဲ့သည်။ သူ ချန်ဟွေ့ကျန်း နှင့် စုချီမင်းတို့အတွက် ဝမ်းနည်းသလို ခံစားရသည်။ မကြာခင်မှာပင် နှစ်ဖွဲ့စလုံးသည် လမ်းကြောင်းနှစ်ဖက်ဆီသို့ ထွက်ခွာသွားကြသည်။


ကျန့်ယွင်၏အဖွဲ့မှလူများသည် ရူးသွပ်သောမောင်းနှင်မှုမုဒ်ကို တစ်ဖန်ပြန်လည်စတင်ကြပြီး နေ့ရောညပါ အမြန်မောင်းနေကြသည်။ သို့သော်လည်း အပူချိန်ကျဆင်းမှုအား မယှဉ်နိုင်ကြသေးဆဲဖြစ်ချေ၏။


ကောင်းကင်တွင် နှင်းများစတင်လာခဲ့ပြီး ရာသီဥတုသည် အုံ့မှိုင်းမှောင်စပြုလာ၏။ လမ်းတွင် နှင်းများကျနေသောကြောင့် ကားမောင်းနှုန်းကို စတင်လျှော့ချခဲ့ကြရသည်။ မတိုင်ခင်က မိုးသည်းထန်စွာရွာသွန်းခဲ့သောကြောင့် နှင်းများအောက်တွင် ရေခဲများဖြစ်လာခဲ့သည်။ ထို့ကြောင့် မော်တော်ကားများ လျှောထွက်ဖို့ အလွန်လွယ်ကူပြီး ညဘက်ကားမောင်းခြင်းသည် အလွန်အန္တရာယ်များလေသည်။


ညနေစောင်းတွင် သူတို့သည် အနားယူရန် ရပ်လိုက်ကြသည်။ စုရွေ့ကျယ်သည် သူ့နေရာလွတ်ထဲမှ သူ့ရွက်ဖျင်တဲကို ထုတ်ယူလိုက်ပြီး ကားပတ်ပတ်လည်တွင် စခန်းချလိုက်၏။ သူသည် ဖုတ်ကောင်တွေ ပေါ်လာပြီး သူတို့ကို အံ့အားသင့်သွားအောင်လုပ်ခြင်းမှ တားဆီးဖို့ ညဘက်၌ စောင့်ကြည့်ဖို့ တချို့ကို စီစဉ်ခဲ့သည်။


ဤနည်းဖြင့် ဤလုပ်ရပ်များကို ထပ်ခါတလဲလဲ လုပ်ခြင်းသည် သူတိုအား လမ်းပေါ်တွင် အချိန်ပိုကြာစေခဲ့သည်။


မြို့နယ်နိမိတ်သို့ ရောက်သောအချိန်၌ ခုနစ်ရက်ကြာသွားခဲ့ပြီဖြစ်၏။


လမ်းကိုမည်သူမှ မရှင်းလင်းသည့်အတွက် နှင်းထုသည် ပိုပိုမြင့်လာပြီး သူတို့ကားများသည် မောင်းရခက်လာလေ၏။ သူတို့ကားသည် ကိုယ်ထည်မြင့်မြင့်နှင့် နှင်းများကြား ရွေ့လျားနိုင်မှုကောင်းကောင်းနှင့် အကောင်းဆုံး off road ကားသာ မဟုတ်ပါက ကားပျက်သွားမည်ကို စိုးရိမ်မိသည်။


မြေပုံပေါ်တွင် အမှတ်အသားပြုထားသည့် တည်နေရာအတိုင်း သူတို့သည် အနောက်မြောက်ဘက်သို့ လမ်းတလျှောက်လာခဲ့ကြပြီး တောင်များကိုဖြတ်ကာ အနောက်မြောက်အခြေစိုက်စခန်းကို လှမ်းမြင်ရသည်အထိ တစ်ဆယ်ကီလိုမီတာကျော် ခရီးနှင်ခဲ့ကြသည်။


တောင်လမ်းသည် ကြမ်းတမ်း၏။ တက်ရလွယ်ပြီး အဆင်းခက်သည်ဟုခေါ်ကြသည်။ နှင်းကျသည့်နေ့များ၌ ကားမောင်းသူများအတွက် ပိုလို့တောင်ခက်ခဲလေသည်။ တောင်ပေါ်ကဆင်းချိန်တွင် အရှိန်သည် အထူးသဖြင့် နှေး၏။ သတိမထားမိပါက ချော်ထွက်ပြီး ဆိုးရွားသောအကျိုးဆက်များ ဖြစ်ပေါ်စေနိုင်သည်။


တောင်အလယ်သို့ရောက်သောအခါ ကျန့်ကျားဟယ်သည် ဘာလုပ်စရာမှမရှိဘဲ ပြတင်းပေါက်မှ လှမ်းကြည့်နေလိုက်သည်။ သို့သော် ထို့နောက်မှာတော့ တောင်ခြေရင်းတွင် မည်းနက်နေသော အစက်အပြောက်များကို မြင်လိုက်ရလေသည်။


ကျန့်ကျားဟယ်သည် သူ့ဦးရေပြား ထုံကျင်သလို ခံစားလိုက်ရ၏။ သူ့ဘေးနားရှိ စုန့်ချန်ရှုကိုဂရုတစိုက်ပုတ်လိုက်၏။


“စုန့်ကော၊ အဲ့ဒါတွေက ဘာတွေလဲ ”


စုန့်ချန်ရှုသည် ညွှန်ပြသည့်နေရာကို ကြည့်လိုက်ပြီးနောက် သူ့မျက်နှာသည် အတော်လေးကိုပြောင်းလဲသွားကာ “ အားကျန့် တောင်အောက်ကို လှမ်းကြည့်လိုက် ”


ကျန့်ယွင်နှင့်အခြားသူများသည် တောင်အောက်ကို ငုံ့ကြည့်လိုက်ပြီး ထိုအနက်ရောင်အစက်အပြောက်များသည် ဦးတည်ရာတစ်ခုသို့ ဖြည်းညင်းစွာ စုဝေးလာသည်ကိုသာ တွေ့လိုက်ကြရသည်။ ထို့အပြင် ထိုလမ်းကြောင်းသည် အနောက်မြောက်အခြေစိုက်စခန်းတည်ရှိရာ နေရာ အတိအကျဖြစ်လေသည်။


အဆုံးမှာတော့ သူတို့ ခြေတစ်လှမ်းနောက်ကျပြီးမှ ရောက်လာခဲ့၏။ အဆင့်လေး ဖုတ်ကောင်သည် အနောက်မြောက်အခြေစိုက်စခန်းကို တိုက်ခိုက်ရန် သာမန်ဖုတ်ကောင်များကို စတင်စုဆောင်းလာပြီဖြစ်သည်။


သောင်းနှင့်ချီသော ဖုတ်ကောင်များသည် ဆီးနှင်းများပေါ်တွင် ဖြည်းဖြည်းချင်း ရွေ့လျားနေကြပြီး လူသားများစုဝေးရာနေရာသို့ ဖြည်းဖြည်းချင်း နီးကပ်လာလေ၏။ အောက်ကို ငုံ့ကြည့်လိုက်ပါက ဤကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းကိုသာ ပြသနေလိမ့်မည်ဖြစ်သည်။


“ကျန့်ကော၊ ကျွန်တော်တို့ ဘာလုပ်ရမလဲ ”


အမြဲတမ်း တည်ငြိမ်နေသည့် ကျန်းရှို့လျန်ပင် ပျာယာခတ်မသွားဘဲ မနေနိုင်ချေ။


ကျန့်ယွင်သည် အသက်ပြင်းပြင်းရှူရင်း “ငါမောင်းမယ် ပြီးတော့ အပြေးအလွှားသွားဖို့ အဆင်သင့်ပြင်ထားကြ။ အားလုံး တိုက်ပွဲဝင်ဖို့ အဆင်သင့်ပြင်ထားကြတော့။ ”


အဆုံးမှာတော့ နှင်းကျနေသည့် ရာသီဥတုသည် ဖုတ်ကောင်များအပေါ် သက်ရောက်မှုများရှိနေဆဲဖြစ်၏။ ဖုတ်ကောင်များသည် ကားမမောင်းနိုင်သလို ၎င်းတို့အားလုံးက သူတို့ရဲ့ ခြေထောက်များကိုသာ အားကိုးကြရသည်။ ယခုအခါတွင် ထူထပ်သောနှင်းများသည် ၎င်းတို့၏အရှိန်ကို ဟန့်တားနေဖြင့် ၎င်းတို့ ဖြည်းဖြည်းချင်းပဲ လှုပ်ရှားနိုင်တော့လေသည်။


ယနေ့အစီအစဥ်အတွက်ကတော့ သူတို့သည် ဖုတ်ကောင်အုပ်စု၏ရှေ့သို့ရောက်ပြီး အနောက်မြောက်အခြေစိုက်စခန်းသို့၀င်ရောက်ရန် လမ်းတစ်ခုရှာရုံသာရှိပြီး ထို့နောက်မှာတော့ ဖုတ်ကောင်ဒီရေကိုတွန်းလှန်ရန် အနောက်မြောက်အခြေစိုက်စခန်းမှ စစ်သားများနှင့် စွမ်းအားရှင်များဖြင့် ပေါင်းစည်းရမည်ဖြစ်သည်။ သို့မဟုတ်လျှင် ထောင်သောင်းချီသည့်ဖုတ်ကောင်များ ဝိုင်းရံမှုကို ဖြတ်ကျော်ဖို့ သူတို့အတွက် ဖြစ်နိုင်လိမ့်မည်မဟုတ်ပါချေ။


ကျန်းရှို့လျန်သည် ကားကိုရပ်လိုက်ပြီး ကျန့်ယွင်နှင့် နေရာချင်းလဲလိုက်သည်။ ကျန့်ယွင်သည် ယာဉ်မောင်းထိုင်ခုံတွင် ထိုင်ပြီး ထိုင်ခုံခါးပတ်ကို ပတ်လိုက်ပြီး ကားသည် လေးမြှားတစ်စင်းလို ချက်ခြင်း ပြေးထွက်သွားလေသည်။


ထိုကဲ့သို့သောအရှိန်တစ်ခုနှင့် ကုန်းအတက်အဆင်းပေါင်းပြီး ကားသည် ပျံတက်လုနီးပါးဖြစ်နေ၏။ ထောင့်ချိုးကွေ့လိုက်သောအခါတွင် အနည်းငယ် ပွတ်ဆွဲသွားလေ၏။ များသောအားဖြင့် ကားပေါ်ရှိလူများသည် ကျန့်ယွင်၏ အံ့သြဖွယ် ကားမောင်းနှင်မှုစွမ်းရည်ကို ချီးကျူးကြသော်လည်း ယခုကဲ့သို့နှင်းထူထပ်သော နေ့တစ်နေ့တွင် ကျန့်ယွင်၏ လုပ်ရပ်သည် သေလမ်းရှာနေခြင်းနှင့် မခြားချေ။


သို့သော် ယခုချိန်တွင် သူတို့၌ တခြားရွေးချယ်စရာမရှိတော့ချေ။ ဖုတ်ကောင်ဒီရေ မစခင် အနောက်မြောက်အခြေစိုက်စခန်းကို ရောက်ရမှဖြစ်မည်။ ၎င်းသည် သူတို့၏ နောက်ဆုံးအခွင့်အရေးဖြစ်လိမ့်မည်ဖြစ်သည်။ အကယ်၍ ကျရှုံးသွားပါက လူပေါင်း 100,000 ကျော်သေလိမ့်မည်ဖြစ်သည်။


Off road ကားသည် တောင်ပေါ်မှ အရှိန်ပြင်းပြင်းဖြင့် ဆင်းလာကာ လမ်းတစ်လျှောက်လုံး အရှိန်ပြင်းပြင်းဖြင့် အနောက်မြောက်အခြေစိုက်စခန်းဘက်သို့ ဦးတည်သွားခဲ့သည်။


ယခုချိန်တွင် ဖုတ်ကောင်ဒီရေသည် စတင်စုပုံလာနေပြီး ၀န်းရံခြင်းသည် ယခုအထိ ပုံသဏ္ဍာန်မပေါ်သေးချေ။ သူတို့သည် ဖုတ်ကောင်နည်းပါးသောနေရာများကို အာရုံစိုက်ကာ ဘယ်မှညာသို့ သွားနေကြသည်။


သူတို့သည် လမ်းတစ်လျှောက်တွင် မရေမတွက်နိုင်သော ဖုတ်ကောင်များကို ဖြတ်ကျော်သွားကြကာ သူတို့နားထဲတွင် ဖုတ်ကောင်များ၏ စိတ်လှုပ်ရှားစွာ ဟောက်သံများဖြင့် ပြည့်နှက်နေခဲ့လေသည်။ ထိုဖုတ်ကောင်များသည် ၎င်းတို့၏ ဗီဇအတိုင်း သူတို့ကိုလိုက်ချင်ကြသော်လည်း တစ်စုံတစ်ခု၏ တွန်းအားကြောင့် သတ်မှတ်ဦးတည်ရာလမ်းကြောင်းအတိုင်း ဆက်သွားနေကြပုံရသည်။


အခြေစိုက်စခန်းနှင့်နီးလာလေလေ ဖုတ်ကောင်များ များလာလေလေဖြစ်ကာ ကားမောင်းခြင်းသည် ပိုခက်ခဲလာလေသည်။ ဖုတ်ကောင်များ ဝိုင်းအုံခံရသည့်နှင့် သူတို့၏စွမ်းအားများဘယ်လောက်ပဲ အစွမ်းထက်နေပါစေ သူတို့ သေလိမ့်မည်ဖြစ်သည်။ 


ဤကိစ္စတွင် ထွက်လမ်းတစ်ခုသာရှိသည်။


စုရွေ့ကျယ်သည် နေရာလွတ်ထဲမှ ငရုတ်သီးအိတ်ကြီးတစ်လုံးကို ထုတ်ယူလိုက်ပြီး ၎င်းတို့အားလုံးကို ပူပြင်းသောငရုတ်သီးဗုံးများအဖြစ်သို့ ပြောင်းလဲလိုက်သည်။ ဂိမ်း၏ဆက်တင်များအတိုင်း အလွန်ပူသောငရုပ်သီး(Jalapeńo )သည် ကြီးစွာသော ပျက်စီးဆုံးရှုံးမှုများ၏ ပေါက်ကွဲမှုကြီး ဖြစ်စေနိုင်လေသည်။


ကျန့်ကျားဟယ်သည် SUV ကား၏ အမိုးကိုဖွင့်လိုက်ပြီး သူ့ခန္ဓာကိုယ်တစ်ဝက်ကို ဆန့်ထုတ်လိုက်ကာ သူ့ရှေ့သို့ ငရုတ်သီးဗုံးများကို ပစ်ချလိုက်လေသည်။ ၎င်းတို့သည် အမှန်တကယ်ကို လမ်းကိုရှင်းလင်းခဲ့ကြလေ၏။ ကျန့်ယွင်၏ ကားမောင်းစွမ်းရည်သည် အလွန်ကောင်း၏။ ရှေ့ရှိဖုတ်ကောင်များ လဲကျကုန်ပြီး အခြားဖုတ်ကောင်များ ၎င်းတို့၏လစ်လပ်နေရာများ မဖြည့်မီ ဓာတ်ငွေ့ကိုခြေတစ်ချောင်းဖြင့် အပြည့်ဖိကာ မောင်းပြေးထွက်သွားခဲ့ကြသည်။


ချန်းချီနှင့်နှင့်ချန်းကျောင်းတို့သည် သူတို့၏ ခန္ဓာကိုယ်များကို ထိုင်ခုံ၏နောက်ဆုံးတန်းတွင် ကြိုးများဖြင့် တိုက်ရိုက်တုပ်ထားကြပြီးနောက် SUV ၏ နောက်ကိုယ်ထည်တံခါးအားဖွင့်၍ ကျည်ဖြည့်ပြီး သေနတ်ကို ထုတ်ကာ ဖုတ်ကောင်များကို ပစ်သတ်ကြလေသည်။


သူတို့သည် သာမန်ဖုတ်ကောင်များအတွက် အလွန်ပျက်စီးစေသော ပဲစေ့ကျည်ဆန်များကို အသုံးပြုခဲ့ကြသည်။ ဖုတ်ကောင်များသည် လှိုင်းလုံးများကဲ့သို့ လဲကျကုန်ကြပြီး အခြားကောင်များ အချင်းချင်း အမှီလိုက်နေကြသည်။ ဤပုံများသည် ထိတ်လန့်ဖွယ်ရာ ရုပ်ရှင်များနှင့် နှိုင်းယှဉ်နိုင်လေသည်။


ဤနည်းဖြင့် မြို့၏အနောက်မြောက်အခြေစိုက်စခန်းသို့ တလမ်းလုံးဆက်ခဲ့ကြပြီး ကျန့်ယွင်သည်ဟွန်းကို အရူးအမူးတီးကာ အနောက်မြောက်အခြေစိုက်စခန်းမှလူများကို တံခါးအမြန်ဖွင့်ခိုင်းသည်။


သို့သော်လည်း ထိုအချိန်တွင် အနောက်မြောက်အခြေစိုက်စခန်းသည် ပရမ်းပတာဖြစ်နေလေသည်။ မြို့စောင့်များက အခြေစိုက်စခန်းဆီသို့ မရေမတွက်နိုင်သော ဖုတ်ကောင်များစုဝေးလာနေသည်ကို တွေ့ကြသောအခါတွင် သူတို့သည် အချက်ပေးသံကို ထုတ်ပြန်ခဲ့ကြသည်။


ရာနှင့်ချီသော စက်သေနတ်များနှင့် ခံတပ်များကို မြို့တံတိုင်းသို့ ရွှေ့ထားပြီး အခြေစိုက်စခန်းမှ ခေါင်းဆောင်များသည် သူတို့၏အိမ်များမှ ပြောင်းရွှေ့သွားကြသည်။ သို့သော် အပြင်ဘက်ရှိ ထူထပ်သောဖုတ်ကောင်များ အုပ်စုကြီး၏ မျက်နှာတွင် အလွန်ပါးလွှာနေပုံရသည်။


ထိုအချိန်တွင် အပြင်ဘက်တွင် ကားဟွန်းသံတစ်ခုအရှိန်ပြင်းပြင်း ထွက်ပေါ်လာပြီး Off road ကားတစ်စီးသည် အခြေစိုက်စခန်း ဦးတည်ရာသို့ အရှိန်ပြင်းစွာ မောင်းနှင်လာကာ SUV ကားနောက်တွင် ဖုတ်ကောင်များ ထူထပ်စွာ လိုက်ပါလာခဲ့သည်။


ဂိတ်တံခါးဖွင့်မည်လား မဖွင့်မည်လား။ ၎င်းသည် အလွန်ဆိုးရွားသော ပြဿနာတစ်ခုလေဖြစ်သည်။


မြို့တံခါးကိုဖွင့်လိုက်ပါက ဖုတ်ကောင်များနောက်မှ လိုက်၀င်သွားပါက ဘာဖြစ်သွားမည်နည်း။ ၎င်းကို မတိုက်မီ မြို့သည် ပြိုပျက်တော့မည်။


သို့သော် ဂိတ်တံခါးကိုမဖွင့်ပါက သူတို့သေရလိမ့်မည်ဖြစ်သည်။


“ဂိတ်တံခါးဖွင့်လိုက် ”


နောက်ဆုံးတွင် တောင့်တင်းသောသွင်ပြင်နှင့် ဝတ်စုံဖြင့် လူလတ်ပိုင်းစစ်သားသည် အမိန့်ပေးလိုက်သည်။


သူ့လက်ထဲတွင် တယ်လီစကုပ်တစ်ခုကိုင်ထားလေသည်။ SUV ကားကြီး၏ ရွေ့လျားမှုက ကြီးမားလွန်းသည်။ သူတို့သည် အခြေစိုက်စခန်းသို့ တောက်လာနေသွားရင်း ဗုံးများ၊ လက်ပစ်ဗုံးများနှင့် စက်သေနတ်များကို အားကိုးနေကြသည်။ သူတို့သည် အခြေစိုက်စခန်းသို့ အဆက်မပြတ် အမြန် မောင်းလာကာ သူတို့၏ ဦးတည်ရာကို ရောက်ခါနီးဖြစ်သည်။ သူ ထိုလူများ၏ နောက်ဆုံးဘ၀ကို မည်သို့ဖြတ်တောက်လိုက်နိုင်မည်နည်း။


အခြေစိုက်စခန်းတံခါးမှ အကွာအဝေးသည် ပိုနီးကပ်လာသည်ကိုမြင်ပြီး ကျန့်ယွင်သည် ရှေ့ကို စိုးရိမ်စိတ်ဖြင့် စိုက်ကြည့်နေခဲ့သည်။ အနောက်မြောက်တပ်စခန်းသည် လုံခြုံရေးအတွက် ဂိတ်တံခါးကို ဖွင့်ပေးရန် ဆန္ဒမရှိမည်ကို စိုးရိမ်နေပြီး ပေါက်ကွဲရန် ကြောက်ရွံ့နေလေသည်။ ထို့ကြောင့် သူလမ်းကြောင်းတစ်ခုကို ဖောက်ထွက်ရမည်ဖြစ်သည်။


ကံကောင်းစွာနှင့် သူ့ရှေ့ရှိ ပိတ်ထားသောမြို့တံခါးသည် ဖြည်းညှင်းစွာ ပွင့်လာပြီး ထို့နောက် SUV ကားသည် ချက်ချင်းအရှိန်မြှင့်ကာ မောင်းပြေးဝင်လာခဲ့လေသည်။


“တံခါးကိုပိတ်လိုက်၊ တံခါးပိတ်လိုက် ”


ထို့ SUVနောက်မှ ဖုတ်ကောင်များ များပြားထူထပ်လှသည့်ပမာဏကြီးလိုက်ပါလာသည်ကိုကြည့်လိုက်ပြီး စစ်သားများသည် ရင်တုန်စွာ အော်ဟစ်လိုက်ကြသည်။


SUV ကားနောက်မှ ဖုတ်ကောင်များသည် တံခါးပေါက်အကွဲအဟထဲသို့ တိုးဝင်လာတော့မည်ကို မြင်လိုက်ရပြီး SUV ကားထဲမှလူများအားလုံး ကားထဲမှ ထွက်လာကြပြီး တံခါးကို သေနတ်ပစ်ချက်များနှင့်မျက်နှာမူလိုက်ကြလေသည်။


အနောက်မြောက်အခြေစိုက်စခန်းမှ စစ်သားများသည် ဤလူများ မည်သို့လုပ်ဆောင်ခဲ့သည်ကို မသိခဲ့ကြချေ။ သူတို့သည် ထိုဖုတ်ကောင်များ၏ ကိုယ်များကိုသာ ပစ်သတ်ခဲ့ကြသော်လည်း ဦးနှောက်ကို မထိခိုက်ဘဲ လဲကျမည့်သူများမဟုတ်သည့် ထိုဖုတ်ကောင်များသည် တစ်ကောင်ပြီးတစ်ကောင် လဲကျသွားကြလေသည်။


“ကျန့်ကျားဟယ် တံခါးပိတ်လိုက် ”


စကားတစ်ခွန်းမှ မပြောဘဲ ကျန့်ကျားဟယ်သည် ချက်ချင်း ရှေ့သို့ ပြေးထွက်သွားပြီး တစ်ယောက်တည်းနှင့် သံမဏိနှင့်လုပ်ထားပြီး အလွန်လေးလွန်းသဖြင့် တစ်ချိန်တည်းမှာပင် လူခြောက်ယောက်လောက် ပိတ်ဖို့လိုသည့်တံခါးကို ပိတ်လိုက်လေ၏။



🍒🍒