အခန်း(၈၉)
Viewers 12k

အခန်း(၈၉)《 ဖုတ်ကောင်များဝိုင်းရံခံရခြင်း 》


Author: Drunken Light Song

Source: Jostena M

Editor: Dragon

Translator: オタク



သံမဏိဂိတ်တံခါးကြီးကို နောက်ဆုံး၌ပိတ်လိုက်ပြီး 50 စင်တီမီတာအထူရှိသည့် သံမဏိတုံးကို ၎င်းထဲသို့ ကလန့်ထိုးထည့်လိုက်သည်နှင့် လူတိုင်းစိတ်သက်သာရာရသွားကြလေသည်။


“မင်းတို့က ဘယ်သူတွေလဲ ”


အနောက်မြောက်အခြေစိုက်စခန်းမှ စစ်သားများသည် ကျန့်ယွင်နှင့် သူ့အဖွဲ့၀င်များ၏ မူလဇာစ်မြစ်ကို မေးမြန်းကြလေသည်။


“ငါတို့က တောင်ပိုင်းအခြေစိုက်စခန်းက။ မင်းတို့ ခေါင်းဆောင်တွေနဲ့ အရေးတကြီး ဆွေးနွေးစရာရှိတယ်။ မင်းတို့အခြေစိုက်စခန်းရဲ့ ခေါင်းဆောင်တွေ ကဘယ်မှာလဲ ”


သဘာ၀အတိုင်း အနောက်မြောက်အခြေစိုက်စခန်းမှ လူများသည် ဖြေဆေးနှင့်စွမ်းရည်‌ဆေးများကို တီထွင်ထုတ်လုပ်ထားသည့် တောင်ပိုင်းအခြေစိုက်စခန်း၏ဂုဏ်သတင်းကို သိရှိကြပြီးဖြစ်လေ၏။ ထို့အပြင် ခေါင်းဆောင်သည် အကူအညီတောင်းခံရန် အတွက် တောင်ပိုင်းအခြေစိုက်စခန်းသို့ အဖွဲ့တစ်ဖွဲ့စေလွှတ်ခဲ့သော်လည်း တောင်ပိုင်းအခြေစိုက်စခန်းမှ ဤကဲ့သို့သော လူအနည်းစုသာပါသည့် အဖွဲ့ငယ်လေးတစ်ခုနှင့် ၎င်းအပြင် အဖွဲ့ထဲတွင် အမျိုးသမီးနှင့် ကလေးများလည်းပါနေသေးသည်ကို စေလွှတ်လိုက်မည်ဟု မမျှော်လင့်ခဲ့ကြပေ။ 


သို့သော်လည်း သူတို့သည် တောင်ပိုင်းအခြေစိုက်စခန်းမှ ဖြစ်နေသောကြောင့် သူတို့လျစ်လျူမရှုသင့်ပေ။ စစ်သားက “ကျေးဇူးပြု၍ ငါ့နောက်ကို လိုက်ခဲ့ပါ”


ကျန့်ယွင်သည် စစ်သားနှင့် နံရံပေါ်သို့ လိုက်တက်သွားစဉ်တွင် အခြားသူများကို နေရာတွင် စောင့်ဆိုင်းစေခဲ့သည်။


မြို့တံတိုင်းအထက်၌ ကျန့်ယွင်သည် ဂိတ်တံခါးဖွင့်ပေးရန် အမိန့်ပေးခဲ့သည့် သက်လတ်ပိုင်းအရာရှိကို တွေ့ဆုံခဲ့၏။ သူ့အမည်မှာ ကျန်းယောင်ဟွားဖြစ်ကာ လက်ရှိတွင် သူသည် အနောက်မြောက်အခြေစိုက်စခန်း၏ အမြင့်ဆုံးတပ်မှူးဖြစ်လေသည်။


ကျန့်ယွင်သည် သူတို့၏ဇာစ်မြစ်ကို အတိုချုံးဖော်ပြပြီး သူတို့အနေဖြင့် ဤဖုတ်ကောင်ဒီရေကို ဆန့်ကျင်တိုက်ခိုက်ရာတွင် အနောက်မြောက်အခြေစိုက်စခန်းအား ကူညီလိုကြောင်း ဖော်ပြခဲ့သည်။


“ဒီလိုခက်ခဲတဲ့အချိန်မျိုးမှာ မင်းတို့အခြေစိုက်စခန်းက ငါတို့ကိုကူညီလိုတဲ့စိတ်ရှိတဲ့အတွက် ငါအရမ်းကျေးဇူးတင်ပေမယ့် မင်းတို့တစ်ဖွဲ့တည်းပဲဆိုတာ အမှန်ပဲလား ”


မြို့ရိုးပေါ်တွင်ရပ်နေပြီး ကျန်းယောင်ဟွားသည် အောက်ဖက်ရှိ စုရွေ့ကျယ်နှင့် အခြားသူများကို သိမ်မွေ့စွာကြည့်လိုက်သည်။


ခပ်ဖျော့ဖျော့အပြုံးတစ်ခုဖြင့် ကျန့်ယွင်သည် သူတို့အပေါ်တွင် ကျန်းယောင်ဟွား၏ အဆိုးမြင်သဘောထားကြောင့် စိတ်မကျေနပ်မှုကို ခံစားနိုင်လေသည်။


“ကျွန်တော်တို့က တောင်ပိုင်းအခြေစိုက်စခန်းကစေလွှတ်လိုက်တဲ့ လက်ရွေးစင်အသင်းတစ်ခုပါ။ ကျွန်တော့်အဖွဲ့က အမြင်အားဖြင့် သိပ်ကြည့်မကောင်းပုံရပေမယ့် တစ်ယောက်ချင်းစီက အဆင့်နှစ် နဲ့အထက် စွမ်းအားရှင်တွေပါ။ ကျွန်‌တော့်ချစ်သူနဲ့ ကျွန်တော်တို့ နှစ်ယောက်စလုံးက အဆင့်သုံး စွမ်းအားရှင်တွေပါ”


ကျန်းယောင်ဟွား :...


【TN: ကျန့်ရှောင်ယွင် က သူ့ ချစ်သူလေးကိုပါ ကြေညာသေးတာ ဇွတ်ကြွား (⁠/⁠¯⁠◡⁠ ⁠‿⁠ ⁠◡⁠)⁠/⁠¯⁠ ⁠~⁠ ⁠┻⁠━⁠┻】


ကျန့်ယွင်၏အဖွဲ့၏ အစွမ်းထက်လှသည့်အင်အားကို မည်သို့ခံစားရမှန်း သူတကယ်မသိခဲ့တော့ချေ။ ဒါမှမဟုတ် ကျန့်ယွင်အကြောင်းကို အခုပဲ အထွန့်တက်သင့်သလား။ ထို့အပြင် ကျေးဇူးတရားပြသသည့်လုပ်ရပ်ကို သူတို့ မေ့သွားလိမ့်မည်ဖြစ်သည်။


“မင်းတို့ ဘာဆက်လုပ်မလဲ။ ငါတို့ဘယ်လိုပူးပေါင်းနိုင်မလဲ ”


ကျန်းယောင်ဟွားသည် သူတို့၏ ခွန်အားကို ယုံကြည်နေဆဲဖြစ်၏။ သို့မဟုတ်လျှင် အဖွဲ့သည် ဖုတ်ကောင်ဝိုင်းရံခြင်းကို အောင်အောင်မြင်မြင်ဖြတ်ကျော်ပြီး သူတို့အခြေစိုက်စခန်းထဲသို့ ဝင်ရောက်လာနိုင်မည် မဟုတ်ပါချေ။


“မင်းက ဖုတ်ကောင်တွေရဲ့အာရုံကို ဖမ်းစားဖို့ မင်းရဲ့သေနတ်တွေရဲ့ ပစ်ခတ်နိုင်စွမ်းကို အသုံးပြု။ အခြေစိုက်စခန်းမှာရှိတဲ့ တိုက်ခိုက်ရေးအခြေခံတဲ့ စွမ်းအားရှင်တွေ အားလုံးက တံတိုင်းပေါ်မှာ တိုက်ခိုက်ကြလိမ့်မယ်။ ငါ့အဖွဲ့က အဲ့နောက်မှာ သူတို့ခေါင်းဆောင်ကို ရှာဖွေပြီး သူတို့ကို သတ်ပစ်မယ်”


ပြောရမည်ဆိုလျှင် နောက်လိုက်များကို ဖျက်ဆီးဖို့ ရှင်ဘုရင်ကို အရင်ဖမ်းရမည်ဖြစ်သည်။ ဖုတ်ကောင်ဝိုင်းရံခြင်းကို ချိုးဖျက်ဖို့ရန် မခက်ပါချေ။ ခေါင်းဆောင် အဆင့်လေး ဖုတ်ကောင်ကို သတ်နိုင်သရွေ့၊ ထို့အပြင် ဖုတ်ကောင်အသစ်ကို မဆွဲဆောင်ခဲ့သရွေ့ ဖုတ်ကောင်ဒီရေသည် တဖြည်းဖြည်း ပျောက်ကွယ်သွားပါလိမ့်မည်ဖြစ်သည်။


“ခေါင်းဆောင် ဖုတ်ကောင်တွေမှာ ခေါင်းဆောင်တွေရှိလား ”


ကျန်းယောင်ဟွားသည် မယုံကြည်နိုင်စွာ မေးလာ၏။


“ဟုတ်ကဲ့၊ အဆင့်မြင့်ဖုတ်ကောင်တွေက အဆင့်နိမ့်ဖုတ်ကောင်တွေကို ထိန်းချုပ်နိုင်တယ်။ ကျွန်တော်တို့ ခန့်မှန်းမိတာက ဒီဖုတ်ကောင်၀ိုင်းရံမှုကို အမိန့်ပေးတဲ့သူက အဆင့်လေးဖုတ်ကောင်ဖြစ်သင့်တယ်” 


'အဆင့် လေး ဖုတ်ကောင်' ဟူသော စကားလုံးကို ကြားလိုက်ရပြီး ကျန်းယောင်ဟွား၏ မျက်နှာသည် ပြောင်းလဲသွားခဲ့လေ၏။ သူတို့အခြေစိုက်စခန်းရှိ တစ်ဦးတည်းသော အဆင့် သုံး ပင်ကိုယ်စွမ်းအားရှင်မှာ အဆင့်လေးဖုတ်ကောင်တစ်ကောင်၏ လက်ထဲတွင် သေဆုံးသွားခဲ့သည်။


“အဲဒါက အဆင့် လေး ဖုတ်ကောင်တစ်‌ကောင်ပါ။ မင်းတို့ ဒါကို လုပ်နိုင်မှာ သေချာရဲ့လား။ မတိုင်ခင်က ငါတို့အခြေစိုက်စခန်းမှာ အဆင့်သုံးစွမ်းအားရှင်တစ်ယောက်က အဲ့ဖုတ်ကောင်ရဲ့လက်ထဲမှာ သေသွားခဲ့တာ ”


“အဆင်ပြေသည်ဖြစ်စေ မပြေသည်ဖြစ်စေ ကျွန်တော်တို့အရင်ဆုံးကြိုးစားရမယ်။ ကျွန်တော်တို့မှာ ဖြေဆေးတွေ စွမ်းရည်မြှင့်ဆေးတွေရှိရုံသာမကဘဲ ကျွန်တော့်ချစ်သူရဲ့ စွမ်းရည်က ထူးခြားတယ်။ သူက အပင်တွေကို လက်နက်အဖြစ်ပြောင်းလဲနိုင်ပြီး ဖုတ်ကောင်တွေကို ကြီးကြီးမားမားပျက်စီးစေနိုင်တဲ့ အထူးလက်နက်တွေအဖြစ် ပြောင်းလဲပေးနိုင်ပါတယ်”


“ဒါဆို မင်းကိုလွှဲပေးလိုက်ပြီ”


ယခု ကျန်းယောင်ဟွားသည် မြင်းသေတစ်ကောင်ကို ဆေးပေးရုံပဲ ပေးနိုင်တော့လေသည်။ ယခုအချိန်တွင် အခြေစိုက်စခန်းကို ဖုတ်ကောင်များထောင်သောင်းချီပြီး ဝန်းရံခံထားရ၏။ မည်သို့ပင်ဖြစ်‌စေ သေခြင်းတရား အဆုံးသတ်တစ်ခုသာရှိ၏။ သူတို့ပြောသည်ကို နားထောင်တာ ပိုကောင်းမည်ဖြစ်ပြီး အသက်ရှင်နိုင်ရန် အခွင့်အရေးတစ်ခုရှိနိုင်သေးသည်။


“ကောင်းပါပြီ”


ကျန်းယောင်ဟွားသည် လေယာဥ်များ၊ သေနတ်များ၊ လက်ပစ်ဗုံးများနှင့် ဗုံးများအားလုံးကို အဆင့်သင့် အသင့်အနေအထားနှင့် တိုက်ခိုက်ဖို့အတွက် ပြင်ဆင်ကာ အခြေစိုက်စခန်းရှိ စာရင်းပေးထားသော တိုက်ခိုက်ရေးစွမ်းအားရှင်အားလုံးကို တံတိုင်းပေါ်တွင် တိုက်ခိုက်ရန် စာရင်းသွင်းထားခဲ့သည်။


“ဂရား”


အခြေစိုက်စခန်းအပြင်ဘက်၌ ဖုတ်ကောင်များဟောက်သံများ ထွက်လာခဲ့သည်။ ဖုတ်ကောင်များသည် တံတိုင်းအောက်တွင် စုဝေးနေကြပြီး တံတိုင်းကို ရိုက်နှက်နေကြကာ ထူထဲသောနံရံကိုချိုးဖျက်ပြီး အတွင်းဘက်ရှိ ၎င်းတို့၏အစာများကို ဝါးမြိုကိုက်စားဖို့ကြိုးစားနေကြလေသည်။ 


အနောက်ဘက်ရှိ ဖုတ်ကောင်တချို့သည် စိုးရိမ်တကြီးဖြစ်နေကြ၏။ ၎င်းတို့ရှေ့ရှိဖုတ်ကောင်များအပေါ် တက်နင်းမိသောအခါ ခုန်တက်ဖို့ ကြိုးစားနေကြလေသည်။ တစ်ချို့ ဖုတ်ကောင်များ ၎င်းတို့၏လက်သည်းများနှင့် နံရံကိုကုပ်တွယ်လုနီးပါး ဖြစ်သွားခြင်းမှာ အမှန်ပင်ဖြစ်၏။


“ပစ်၊ ချက်ချင်း ပစ် ”


ဤကြောက်စရာကောင်းသည့် မြင်ကွင်းသည် မြို့စောင့်တပ်သားများကို ကြောက်ရွံ့ထိတ်လန့်သွားစေပြီး သူတို့သည် ချက်ခြင်းပင်အော်ဟစ်နေကြလေ၏။ သေနတ်သံများသည် တစ်ချက်ပြီးတစ်ချက် အသံထွက်လာပြီး ဖုတ်ကောင်များထူသည့်နေရာကို အမြှောက်များဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့သော်လည်း ထိရောက်မှုအနည်းသာရှိ၏။


အခြေစိုက်စခန်းမှ မြေကြီးစွမ်းအားရှင်များအားလုံးသည် မြို့တံတိုင်းကို အားဖြည့်ရန် စုရုံးခဲ့ကြပြီး သောင်းနှင့်ချီသော ဖုတ်ကောင်များ၏ အဆက်မပြတ်ရိုက်ခတ်မှုနှင့် သက်ရောက်မှုအောက်တွင် ပြိုလဲသွားခြင်းရှိလိမ့်မည်မဟုတ်ချေ။


မီးစွမ်းအားရှင်များသည် ဖုတ်ကောင်များဆီသို့ မီးလုံးများဆက်၍ပစ်ပေါက်နေကြသည်။ ဖုတ်ကောင်များသည် ၎င်းတို့၏မြင့်မားသော ပျက်စီးယိုယွင်းမှုကြောင့် အလောင်းကောင်ဆီအလွှာဖြင့် ဖုံးအုပ်ထားလေ့ရှိ၏။ ဖုတ်ကောင်များပေါ်သို့ မီးလုံးကျရောက်ပြီးနောက် ၎င်းတို့၏ခန္ဓာကိုယ်များ ချက်ချင်းလောင်ကျွမ်းသွားမည်ဖြစ်သည်။ ဖုတ်ကောင်များသည် နာကျင်မှုကို အာရုံမခံစားနိုင်ဘဲ၎င်းတို့ခန္ဓာကိုယ်ပေါ်ရှိ လောင်ကျွမ်းနေသောမီးများကို မည်ကဲ့သို့ ငြိမ်းသတ်ရမည်ကို မသိနိုင်ချေ။ တစ်ခဏအကြာတွင် ဖုတ်ကောင်များကို တိုက်ရိုက်လောင်ကျွမ်းသွားစေလေသည်။


တိုက်ခိုက်ရေးအခြေခံသည့် စွမ်းအားရှင်အားလုံးကလည်း ဖုတ်ကောင်များအပေါ် သူတို့၏စွမ်းရည်ကို ထုတ်လွှတ်ရန် ကြိုးစားနေကြသည်။ ယခုဆို ဖုတ်ကောင်များသည် ဝိုင်းရံထား၍ မရနိုင်တော့ဘဲ တင်းကြပ်သောဝိုင်းရံမှုကို မရှိနိုင်ကြတော့ချေ။ ယခုအချိန်တွင် ဖုတ်ကောင်များကို သတ်ခြင်းကသာ အသက်ရှင်သန်နိုင်ဖို့နည်းလမ်းတစ်ခု ရှာနိုင်လေသည်။ အကယ်၍ သူတို့သာ ခေတ္တပြန်ဆုတ်ခွာလိုက်ပါက သူတို့ သေသွားလိမ့်မည်ဖြစ်သည်။


ခွန်အားနှင့် အရှိန်စွမ်းအားရှင်များသည် သူတို့၏ သာမာန် အေးစက်‌နေသောလက်နက်များနှင့်အတူ တံတိုင်းပေါ်တွင်ရပ်ကာ ဖုတ်ကောင်များကို အနီးကပ်တိုက်ခိုက်နေကြသည်။


ကျန့်ယွင်သည် ကျန်သည့်အဖွဲ့ကိုလည်း တံတိုင်းပေါ်တက်ပြီး တိုက်ပွဲဝင်ခိုင်းလိုက်လေသည်။


တခဏတာအတွင်း တိုက်ပွဲမြင်ကွင်းသည် အလွန်အမင်းကို ကြောက်မက်ဖွယ် ပြင်းထန်လှ၏။


ကျန့်ယွင်သည် စုရွေ့ကျယ်ထံမှ ပဲစေ့ကျည်ဆန်ကြီးတစ်ထုပ်ကို ယူကာ ပစ်ခတ်ရာတွင်ပိုကောင်းသည့် ကျန်းယောင်ဟွားအား ပေးလိုက်သည်။


ကျန့်ယွင်သည် ဤကျည်ဆန်မျိုးသုံးပါက ခေါင်းကိုချိန်ဖို့ မလိုအပ်ကြောင်း ပြောလိုက်၏။ ခန္ဓာကိုယ်ကို ထိမှန်ဖို့သာလိုပြီး ဖုတ်ကောင်ကို သတ်ပစ်လိမ့်မည်ဖြစ်သည်။


ထို့အပြင် ဖုတ်ကောင်အုပ်စုအတွင်းရှိ ပုပ်ပွနေခြင်းနည်းပြီး ပိုလွတ်လပ်စွာလှုပ်ရှားနိုင်ပုံရသည်ဖုတ်ကောင်များကိုသာ ပစ်မှတ်ထားရန် ကြိုးစားခိုင်းလိုက်သည်။ ဖုတ်ကောင်အများစုသည် ဆင့်ကဲပြောင်းလဲလာသော ဖုတ်ကောင်များဖြစ်ကြ၏။ ၎င်းတို့၏ တိုက်ခိုက်ရေးစွမ်းအားသည် သာမန်ဖုတ်ကောင်များထက် အဆများစွာပိုမိုအားကောင်းကြ၏။ ၎င်းတို့သည် အခြေစိုက်စခန်းမြို့တံတိုင်းများကို ပိုမိုပျက်စီးစေနိုင်လေသည်။


ကျန်းယောင်ဟွားသည် တစ်ကိုယ်လုံးအစိမ်းရောင်ရှိသည့်ကျည်ဆန်ကို ကြည့်လိုက်ပြီး ကျည်ဆန်သည် အထူးအဆန်းဖြစ်ကြောင်း ခံစားလိုက်ရ၏။သူ့အား ကျေးဇူးတင်စကားဆိုပြီးနောက် သူသည် ချက်ချင်း လူများအား ၎င်းကို ဖြန့်ဝေခွင့်ပေးလိုက်သည်။


ပဲစေ့ကျည်ဆံများသည် ခေါင်းကိုမချိန်ဘဲ ခန္ဓာကိုယ်ကို ထိမှန်သရွေ့ ဖုတ်ကောင်များကိုသေစေနိုင်ပြီး ၎င်းသည် စစ်သားများ၏ တိုက်ခိုက်မှုအရှိန်ကို လွန်စွာမြန်ဆန်စေပြီး ထိမှန်မှုနှုန်းကို တိုးမြင့်စေသည်။ 


“သုန်သုန်၊ ဖုတ်ကောင်တွေကြားထဲက တခြားဖုတ်ကောင်တွေနဲ့ မတူတဲ့ ဖုတ်ကောင်တစ်ကောင်ကို ရှာတွေ့နိုင်လား ”


တခြားလူများကို စီစဉ်ပြီးနောက် ကျန့်ယွင်သည် နောက်ဆုံး၌ ယွီသုန်သုန်ကို အလွန်ခက်ခဲသည့်အလုပ်တစ်ခု ပေးလိုက်လေသည်။


ယွီသုန်သုန်သည် လေးနှစ်ကျော်လေးမျှသာရှိသေးသော်လည်း ယခုအခါတွင် သူ၏စိတ်စွမ်းအားသည် အဆင့်နှစ်ရှိပြီဖြစ်၏။ သူ့စိတ်စွမ်းအားလွှမ်းခြုံမှုသည် မီတာ 100 အထိရောက်ရှိနေပြီဖြစ်ကာ ဖုတ်ကောင်အများစုကို ဖုံးလွှမ်းထားနိုင်လေသည်။


“ကောင်းပါပြီ”


ယွီသုန်သုန်သည် နာခံစွာ ခေါင်းညိတ်ပြလိုက်၏။


“အခု ကိုယ်တို့ အလှည့်ရောက်ပြီ”


ကျန့်ယွင်သည် စုရွေ့ကျယ်ကို ကြည့်လိုက်၏။


စုရွေ့ကျယ်သည် သူ့ကို ညင်သာစွာ ခေါင်းညိတ်ပြလိုက်သည်။


တစ်ချိန်တည်းမှာပင် သူတို့သည် စွမ်းရည်မြှင့်ဆေးတစ်ပုလင်းကို ထုတ်ယူ၍ သောက်လိုက်ကြသည်။ ပြီးနောက် သူတို့သည် တိုက်ရိုက် လက်များကိုင်ထားကာ တံတိုင်းပေါ်မှ ခုန်ဆင်းသွားကြလေသည်။


“သူတို့ ဘာတွေလုပ်နေတာလဲ။ သူတို့ သေချင်နေကြတာလား ”


သူတို့အားလုံးသည် သူတို့၏ထူးဆန်း‌‌သောအပြုအမူကိုကြည့်ပြီး နားမလည်နိုင်လောက်အောင် ဖြစ်ကာ အံ့သြနေကြလေသည်။


သို့သော်လည်း ကျန့်ယွင်သည် အောက်သို့ခုန်ချသည့်အခိုက်တွင် မြေဆွဲအားစွမ်းရည်ကို အသုံးပြုထားပြီးဖြစ်လေသည်။ ကျန့်ယွင်၏ ပတ်ပတ်လည် 10 မီတာအကွာအတွင်း ဆွဲငင်အား အဆ 20 တိုက်ရိုက်တိုးသွားလေသည်။ အကွာအဝေးအတွင်းရှိ ဖုတ်ကောင်များအားလုံးသည် ကြောက်မက်ဖွယ်ကောင်းသော ဆွဲငင်အားကြောင့် အသားကိတ်မုန့်များအဖြစ်သို့ ချက်ခြင်းကြေမွသွားလေသည်။


သို့သော် စုရွေ့ကျယ်သည် ဆွဲငင်အားကြောင့် လုံး၀ မထိခိုက်ခဲ့ချေ။ သူသည် သူ့အနောက်ဘက်ရှိကျောပိုးအိတ်မှ အဝါရောင်ကြက်ဟင်းခါးသီးလေးတစ်ခုကို ထုတ်ယူလိုက်သည်။


သူသည် ၎င်းကို ဘယ်လက်ဖြင့်ကိုင်ထားပြီး မကြာမီမှာပင် အဝါအညိုရင့်ရောင်ရှိသော ကြီးမားသော သေနတ်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားလေသည်။


နောက်အခိုက်အတန့်တွင် စုရွေ့ကျယ်သည် မောင်းခလုတ်ကိုဆွဲလိုက်ပြီး သေနတ်ပြောင်း၀မှ မီးတောက်တစ်ခု ပေါက်ကွဲထွက်လာပြီး အနီးနားရှိ ဖုတ်ကောင်များအားလုံးကို လောင်ကျွမ်းသွားစေသည်။


မီးသေနတ်၏မီးတောက်သည် မီးစွမ်းအားရှင်များထက် ပို၍အန္တရာယ်များလေသည်။ မီးတောက်ဖြင့်လောင်ကျွမ်းသွားသောဖုတ်ကောင်များသည် ငါးစက္ကန့်အတွင်း ပြာအဖြစ်သို့လျော့ကျသွားလိမ့်မည်ဖြစ်သည်။


ကျန့်ယွင်သည် ဖုတ်ကောင်များအားလုံးကို သူတို့နှင့်ဝေးအောင်ထားရန် အကြွင်းမဲ့ဆွဲငင်အားကိုအသုံးပြုနေစဉ် စုရွေ့ကျယ်၏မီးတောက်သေနတ်သည် အလွန်အမင်းအစွမ်းထက်လေသည်။ သူတို့သည် အပြည့်အ၀ကာကွယ်ရေးနှင့် အကြွင်းမဲ့တိုက်ခိုက်ခြင်း၏ အပြင်းထန်ဆုံးပေါင်းစပ်မှုဖြစ်သည်မှာ သံသယ၀င်စရာမရှိပါချေ။


ဖုတ်ကောင်အရေအတွက်သည် များလွန်းလှသည်။ သောင်းနှင့်ချီသော ဖုတ်ကောင်များကြားထဲမှ အဆင့်လေးဖုတ်ကောင်တစ်ကောင်ကို ရှာတွေ့ရန် မလွယ်ကူပါချေ။ အခြေစိုက်စခန်းရှိ ကျည်ဆန်များသည် အကန့်အသတ်ရှိပြီး စွမ်းအားရှင်များနှင့် စွမ်းအားရှင်များ၏ ကိုယ်ကာယကြံ့ခိုင်မှုမှာလည်း အကန့်အသတ်ရှိလေ၏။ ထိုကဲ့သို့ များပြားလှသော ဖုတ်ကောင်များကို အချိန်အကြာကြီး တိုက်ခိုက်ရန်သည် အမိုက်မဲဆုံး ရွေးချယ်မှုပင်ဖြစ်သည်။ 


အဆင့်လေး ဖုတ်ကောင်သည် အဆင့်နိမ့်ဖုတ်ကောင်များကို ၎င်းတို့ကိုယ်တိုင်အသုံးပြုရန်အတွက် မည်သို့မောင်းနှင်ရမည်ကို သိနေခဲ့သည်။ ထို့ကြောင့် အဆင့်လေးဖုတ်ကောင်သည် ဉာဏ်ရည်ဉာဏ်သွေးအချို့ရှိနိုင်ပြီး အားသာချက်များကို မည်သို့ရှာကြံကာ အားနည်းချက်များကို မည်သို့ရှောင်ရှားရမည်ကို သိလိမ့်မည်ဖြစ်သည်။ ထို့ကြောင့် ၎င်းသည် ဖုတ်ကောင်အုပ်စုထဲတွင် ပုန်းအောင်းနေခဲ့ရသည်ဟု သူတို့မှန်းဆခဲ့ကြသည်။


သူတို့သည် ဖုတ်ကောင်ပိုများများကို တတ်နိုင်သမျှ အမြန်ဆုံး သတ်ရန်နှင့် အဆင့်လေး ဖုတ်ကောင်များကို ထွက်လာရန်တွန်အားပေးဖို့ရန်အတွက်သူတို့၏စွမ်းရည်ကို အဆင့်လေးအထိရောက်ရန်အတွက် ဆေးကိုသုံးခဲ့သည်။


ထို့အပြင် သူတို့၏လုပ်ဆောင်ချက်သည် အလွန်အောင်မြင်ခဲ့သည်။ စုရွေ့ကျယ်သည် ချယ်ရီသီးများကို ပစ်ပေါက်ရင်း ဖုတ်ကောင်များကို မီးတောက်များဖြင့် ဖြန်းနေခဲ့သည်။ သူတို့နှစ်ယောက်တည်းနှင့် ဆယ်မိနစ်အတွင်း ဖုတ်ကောင် 3000 နီးပါးကို သတ်ပစ်ခဲ့ကြသည်။ မြေပြင်‌ပေါ်တွင်လောင်ကျွမ်းနေသောပြာများနှင့် လိမ့်နေသောအမြုတေများ ဖုံးလွှမ်းနေလေသည်။


ဆေး၏အားနိသင် စွမ်းရည်သက်ရောက်မှုတိုးလာခြင်းသည် နာရီဝက်သာဖြစ်ပြီး အာနိသင်ကိုဖယ်ရှားပြီးနောက် အချို့သောဘေးထွက်ဆိုးကျိုးများရှိနေသည်။ ထို့ကြောင့် သူတို့သည် အမြန် ဆုံးဖြတ်ချက်တစ်ခုကိုချရမည်ဖြစ်ပြီး ဖုတ်ကောင်များကို များနိုင်သမျှများများ သတ်ပစ်ရမည်ဖြစ်သည်။


အသေအချာပင် သူတို့၏ပြင်းထန်သောတိုက်ခိုက်မှုအောက်တွင် ဖုတ်ကောင်တစ်ကောင်သည် ချို့ယွင်းချက်တစ်ခုကို ပြသလာခဲ့သည်။


သာမန် ဖုတ်ကောင်များသည် အသိဥာဏ်များများစားစား မရှိကြချေ။ ၎င်းတို့၏ ဗီဇအရ ၎င်းတို့၏ သားကောင်ကို ကိုက်ပြီး တိုက်ခိုက်ရုံသာရှိကြ၏။ မည်ကဲ့သို့ကြောက်ရွံ့ပြီး အရာ၀တ္ထုများကို မည်သို့ ရှောင်ရှားရမည်ကို မသိကြချေ။ သို့သော်လည်း အဆင့်လေးဖုတ်ကောင်များသည် လုံးဝကွဲပြားနေလေသည်။


အဆင့်လေးဖုတ်ကောင်များသည် အားသာချက်များကို မည်သို့ရှာဖွေပြီး အားနည်းချက်များကို မညိသို့ရှောင်ရှားရမည်ကို သိကြ၏။ ဖုတ်ကောင်များအားလုံးသည် ရှေ့သို့ရွေ့လျားနေကြချိန်တွင် ဖုတ်ကောင်တစ်ကောင်တည်းကသာ တိတ်တဆိတ် ဆုတ်ခွာသွားလေသည်။


ထိုအချိန်တွင် ယွီသုန်သုန်သည် ဤထူးဆန်းသောဖုတ်ကောင်ကိုတွေ့လိုက်ပြီး သတင်းကို သူ့အားကာကွယ်ရန်တာဝန်ရှိသောကျန့်ကျားဟယ်အား ပြောပြလိုက်လေသည်။


ကျန့်ကျားဟယ်သည် ၀မ်းသာအားရဖြစ်သွားပြီး ချက်ခြင်းပင် လှမ်းအော်ပြောလိုက်လေ၏။

  

“ကျန့်ကော၊ ရှောင်ကျယ် ရှာတွေ့ပြီ”