အခန်း(၉၁)
Viewers 12k

အခန်း(၉၁)《 ဘေးဒုက္ခအကျပ်အတည်းကို ဖြေရှင်းခဲ့ခြင်း 》


Author: Drunken Light Song

Source: Jostena M

Translator: オタク



သို့သော်လည်း သန်မာသောသောအလင်းတန်းတစ်ခုသည် တံတိုင်းပေါ်မှဆင်းသက်လာလေသည်။ လူအများအပြားက နောက်ပြန်လှည့်ကြည့်လိုက်သောအခါ ယွီသုန်သုန်လေးသည် ခွေးခြေခုံပေါ်သို့တက်နေသည်ကိုမြင်လိုက်ရပြီး ကျန်းယောင်ဟွားသည် လူများကိုရွှေ့ခိုင်းလိုက်၏။ ခြေဖျားထောက်ရပ်ကာ သူသည် အလေးချိန်အနည်းငယ်ရှိသော အားကောင်းသောဓာတ်မီးအား ကိုင်ဆောင်ထားကာ အဆင့်လေးဖုတ်ကောင် လွတ်မြောက်သွားသည့် ဦးတည်ရာဘက်ကို လမ်းညွှန်ပေးရန် အလင်းရောင်ကိုအသုံးပြုခဲ့သည်။


“ကောင်းကောင်းလုပ်ခဲ့တာပဲ ” 


ကျန့်ကျားဟယ်သည် ကျယ်လောင်စွာ ရယ်မောလိုက်ပြီး သူ့လက်ထဲရှိကျောက်တုံးများကို ယူလိုက်ပြီး သူ့ပတ်ပတ်လည်တွင် အဆက်မပြတ်တက်လာနေသည့် ဖုတ်ကောင်များကို သုတ်သင်ပစ်လိုက်၏။ စွမ်းရည်ဆေးကို သောက်ပြီးနောက် သူ့ခွန်အားကြံ့ခိုင်မှုသည် အတိုင်းအဆမရှိတော့ပေ။


သို့သော်လည်း သူ့လက်ထဲက ကျောက်တုံးများဖြင့်ထိမှန်သွားသည့် ဖုတ်ကောင်များ၏အရိုးများ တစ်လက်မချင်းစီ အားလုံးကျိုးသွားခဲ့ပြီး ၎င်းတို့၏ တိုက်ခိုက်နိုင်စွမ်းကို ဆုံးရှုံးကုန်ကြလေသည်။


ကျန့်ကျားဟယ်သည် သောင်းနှင့်ချီသောလူများကို ဆန့်ကျင်သည့် လူတစ်ယောက်၏အရှိန်အဟုန်ဖြင့် ထူထပ်သော ဖုတ်ကောင်အုပ်စုအတွင်း သွေးလမ်းကြောင်းတစ်ခုကို သတ်ပစ်လိုက်ပြီး အလင်းရောင်နှင့် ယွီသုန်သုန်ညွှန်ပြနေသည့် ဦးတည်ရာဘက်ဆီသို့ တည့်တည့်ပြေးသွားခဲ့သည်။


ဝူကျင်းသည် မနှောင့်နှေးဘဲ ဖမ်းမိလိုက်လေသည်။ သူမသည် မြူခိုးများအဖြစ်သို့ ပြောင်းလဲသွားကာ ဖုတ်ကောင်များကြားတွင် အလွယ်တကူ လျှောက်လှမ်းသွားနိုင်ခဲ့သည်။ အလင်းရောင်အတိုင်း ခြေထောက်ဆုံးရှုံးထားသည့် အဆင့်လေးဖုတ်ကောင်ကို အမြန်လော့ခတ်ထားလိုက်သည်။


“ဂရား ဂရား”


အဆင့်လေးဖုတ်ကောင်သည် အန္တရာယ်ရှိသည်ဟုခံစားရစေသောလူသားများက ၎င်းကိုနောက်တစ်ကြိမ်လိုက်မှီလာကြောင်းတွေ့ရှိခဲ့ရပြီး ၎င်းသည် ချက်ချင်းဆိုသလိုပင် ထပ်၍အော်ဟစ်လိုက်ကာ ၎င်းပတ်ပတ်လည်တွင်စုရုံးနေသော ဖုတ်ကောင်အနည်းငယ်၏မျက်လုံးများသည် အနီရောင်အလင်းတန်းများအဖြစ်သို့ နောက်တစ်ကြိမ် ထွက်ပေါ်လာခဲ့ပြန်သည်။


သို့သော်လည်း ချန်းချီနှင့်ချန်းကျောင်းတို့ထံမှ လေဓားများနှင့် လျှပ်စီးတို့သည်လည်း ချက်ချင်းရောက်ရှိလာပြီး ထိုဖုတ်ကောင်များ၏ အသက်များကို ချက်ချင်းရိတ်သိမ်းလိုက်လေသည်။


“ဂရား ဂရား”


အဆင့်လေးဖုတ်ကောင်သည် တစ်ဖန်စတင်ပြေးပြန်ပြီး တစ်ချိန်တည်းမှာပင် ၎င်းတို့သည် စူးစူးရှရှအော်သံများ ဆက်လက်ထွက်ပေါ်နေခဲ့သည်။ ထို့ကြောင့် ၎င်းသည် မည်သည့်နေရာသို့ပြေးပြေး ဖုတ်ကောင်များ၏မျက်လုံးများ စတင်နီရဲလာသည်။


ချန်းချီ နှင့် ချန်းကျောင်းတို့သည် သူတို့၏စွမ်းရည်များကို မည်မျှပင်လျင်မြန်စွာ ပေးပို့နိုင်သည်ဖြစ်စေ ဖုတ်ကောင်ပမာဏများစွာကို တပြိုင်နက်တည်း မဖြေရှင်းနိုင်ပေ။ ထို့နောက် အချို့သော ဖုတ်ကောင်များ ပေါက်ကွဲသွားကြလေသည်။


ပေါက်ကွဲမှုကြောင့် ထွက်လာသည့် ကြီးမားသောလျှပ်စစ်လှိုင်းလုံးကြီးသည် သူတို့အားနောက်တစ်ကြိမ် အနောက်ဘက်သို့ ပြန်တွန်းထုတ်ခဲ့ပြန်သည်။ သို့သော် စုန့်ချန်ရှုသည် ရေကန့်လန့်ကာကို ထောက်ကန်ထားပြီး ထိခိုက်မှုများအားလုံးကို ပိတ်ဆို့ထား‌သောကြောင့် တစ်ဦးမှ ထိခိုက်ဒဏ်ရာ မရခဲ့ကြပေ။


မြူခိုးများနှင့်ပြုလုပ်ထားသည့် ဝူကျင်း၏ ကိုယ်ခန္ဓာသည်လည်း ပြိုကွဲသွားခဲ့သည်။ သူမပြန်လည်ကောင်းမွန်လာပြီးနောက် အဆင့်လေးဖုတ်ကောင်သည် နောက်တစ်ကြိမ် ပျောက်ကွယ်သွားပြန်လေသည်။ သို့သော် ထိုအကြောင်းလုံး၀မစိုးရိမ်ကြချေ။ အဘယ်ကြောင့်ဆိုသော် တံတိုင်းပေါ်တွင် အဆင့်လေးဖုတ်ကောင်အား ပိတ်ထားနိုင်သည့် သူတို့၏လျှို့ဝှက်လက်နက်လည်း ရှိနေသောကြောင့်ဖြစ်သည်။


ယွီသုန်သုန်သည် သူ၏ စိတ်စွမ်းရည်ကို အချိန်အကြာကြီး အသုံးချခဲ့သည့် ပထမဆုံးအကြိမ်ဖြစ်၏။ သူ့မျက်နှာငယ်လေးသည် ဖျော့တော့လာကာ နဖူးမှ ချွေးများစီးကျလာ‌လေသည်။ သို့သော်လည်း သူ့သွားများကို အံကြိတ်ထားပြီး သူ့လက်လေးများကို တင်းတင်းဆုပ်ကိုင်ထားလေသည်။ တောက်ပသော ဓာတ်မီးအလင်းရောင်သည် တခြားသူများကိုအဆင့်လေးဖုတ်ကောင်ရှိရာသို့ လမ်းညွှန်ပေးနေလေသည်။ 


လူအများအပြားသည် အဆင့်လေးဖုတ်ကောင်များ၏တည်နေရာဆီသို့ နောက်တစ်ကြိမ် ပြေးလိုက်ကြပြန်သည်။


အဆင့်လေးဖုတ်ကောင်သည် ခြေထောက်နှစ်ဖက်စလုံးဆုံးရှုံးထားပြီး ၎င်း၏လုပ်ဆောင်မှုများသည် လက်နှစ်ချောင်းကို အားကိုးထားလေသည်။ အသံမှလွဲ၍ အခြားတိုက်ခိုက်ရေးနည်းလမ်းများမရှိချေ။ ၎င်းကို ထပ်မံပိတ်ခတ်ထားကြောင်း တွေ့ရှိသောအခါ ၎င်းသည် အလွန်ထိတ်လန့်တုန်လှုပ်သွားခဲ့လေသည်။


တစ်ချိန်တည်းမှာပင် သူ့ကိုယ်သူအား ခြေရာခံနေသည့် အဖြူရောင်အလင်းတန်းကိုလည်း ရှာဖွေတွေ့ရှိခဲ့လေသည်။ ထိုအဖြူရောင်အလင်းတန်းကြောင့် ၎င်း၏အနေအထားကို ဆက်တိုက်ဖော်ထုတ်ခံနေရသည်ကို ပြင်းပြင်းထန်ထန်သတိထားမိလေသည်။


“ဂရား ဂရား”


၎င်းသည် လိုက်လာသောလူသားများကို ပိတ်ဆို့ရန် ဖုတ်ကောင်များကိုပိုမိုစုဝေးစေကာ ဖုတ်ကောင်များ၏အကာအကွယ်အောက်မှ မြို့တံတိုင်းဆီသို့ လှမ်းကြည့်လိုက်လေသည်။


၎င်း၏ နီမြန်းသောမျက်လုံးများသည် ပါးလွှာသောရုပ်ပုံသဏ္ဍာန်ကို စိုက်ကြည့်နေခဲ့သည်။


“ဂရား ”


ဖုတ်ကောင်သည် ရှည်လျားသည့်ဟောက်အော်သံကို ထုတ်လွှတ်လိုက်၏။ မည်သူမျှမသိလိုက်ဘဲ အရပ်ရှည်ရှည် ဖုတ်ကောင်ကြီးတစ်ကောင် ဘယ်နေရာကမှန်းမသိထွက်လာပြီး မြို့တံတိုင်းဆီသို့ အပြေးအလွှားပြေးသွားသည်ကို မည်သူမှမသိလိုက်ကြချေ။ ထို့အပြင် ၎င်း၏မျက်လုံးများသည် အန္တရာယ်ရှိသော အနီရောင်အလင်းဖြင့် ပေါက်ကွဲနေလေသည်။


မြို့တံတိုင်းပေါ်ရှိ စစ်သားများသည် မြို့အောက်ဘက်ရှိ လှုပ်ရှားမှုကို ကြည့်ရှုနေခဲ့ကြပြီး နီရဲသောမျက်လုံးများနှင့်ဖုတ်ကောင်များ ပေါက်ကွဲလိမ့်မည်ကို သဘာဝအတိုင်း သိနေကြလေသည်။ ကျန်းယောင်ဟွားသည် သေနတ်သမားအားလုံးကို ဖုတ်ကောင်အားတိုက်ခိုက်ရန် ချက်ချင်းအမိန့်ပေးခဲ့သည်။


သို့သော်လည်း ၎င်းသည် ဆင့်ကဲပြောင်းလဲလာသော ဖုတ်ကောင်တစ်ကောင်အဖြစ် ပြောင်းလဲလာခဲ့သည်။ ၎င်းသည် အလွန်လျင်မြန်ရုံသာမက ယခုလေးတင် ကျန်းရှို့လျန်လုပ်ခဲ့သကဲ့သို့ပင် ကျောက်တုံးအခွံနှင့် ဖြည်းဖြည်းချင်း ဖုံးကာထားလေသည်။


စုရွေ့ကျယ်ပေးခဲ့သော ပဲစေ့ကျည်ဆန်သည် ကျောက်တုံးအခွံကို ချိုးဖျက်နိုင်သော်လည်း ၎င်းကို လုံးဝမသတ်နိုင်ပေ။


တခဏချင်းမှာပဲ ထိုဆင့်ကဲပြောင်းလဲလာသည့် ဖုတ်ကောင်သည် နံရံအောက်သို့ ပြေးသွားခဲ့ပြီး ခေါင်းတစ်ခုလုံး အနီရောင်အလင်းဖြင့်ဖုံးအုပ်သွားခဲ့ ကာ ခဏအတွင်းမှာပဲ ပေါက်ကွဲသွားမည်ကို သူတို့စိုးရိမ်ထိတ်လန့်နေကြလေ၏။


“သုန်သုန် ”


အနီ‌ရောင်အလင်းထုတ်လွှတ်နေသည့် ဖုတ်ကောင်ကို မြင်ပြီးနောက် လူတိုင်းသည် အဆင့် လေးဖုတ်ကောင်ကို ဂရုမစိုက်ကြတော့‌ချေ။


သူတို့သည် ချက်ချင်းလှည့်ပြီး မြို့တံတိုင်းဆီသို့ ပြေးသွားကြလေသည်။


မပေါက်ကွဲမီ ထိုဖုတ်ကောင်ကို သူတို့သတ်ပစ်ရမည်ဖြစ်သည်။ ၎င်းသည် ဆင့်ကဲပြောင်းလဲလာသော ဖုတ်ကောင်တစ်ကောင်ဖြစ်သည်။ ၎င်း၏အမြုတေ ပေါက်ကွဲပါက ပေါက်ကွဲမှုစွမ်းအားသည် သာမန် ဖုတ်ကောင်များထက် အဆများစွာ ဖြစ်နိုင်သည်။ တစ်ချက်ပေါက်ကွဲလိုက်သည်နှင့် ယွီသုန်သုန်သာမက မြို့တံတိုင်းကိုပါ တိုက်ရိုက်ဖျက်စီးပြီးသားဖြစ်သွားနိုင်သည်။


သို့သော်လည်း သူတို့၏အရှိန်သည် ဆင့်ကဲပြောင်းလဲလာသောဖုတ်ကောင်လောက်မမြန်ပါချေ။ အနီရောင်အလင်းသည် ဖုတ်ကောင်၏ တကိုယ်လုံးကိုတဖြည်းဖြည်း ပျံ့နှံ့သွားသည်ကို တွေ့လိုက်ရပြီး ၎င်းသည် ပေါက်ကွဲလုဆဲဆဲ ဖြစ်နေ၏။


ရုတ်တရက်ဆိုသလို လေထဲတွင် အနက်ရောင် အရိပ်တစ်ခု ထွက်ပေါ်လာပြီး ဆင့်ကဲပြောင်းလဲလာသော ဖုတ်ကောင်၏ခေါင်းဆီသို့ တည့်တည့်ဝင်သွားခဲ့လေသည်။


ရုတ်တရက် ပေါက်ကွဲတော့မည့် ဆင့်ကဲပြောင်းလဲလာသောဖုတ်ကောင် အနီရောင်အလင်းသည် ပျောက်သွားလေ၏။


ကျန့်ယွင်၏အဖွဲ့မှ အဖွဲ့သားအားလုံး: ???


အနောက်မြောက်အခြေစိုက်စခန်းမှလူများ: ???


ဒီမှာ ဘာဖြစ်နေတာလဲ။ အခုလေးတင် ဘာဖြစ်သွားတာလဲ။


သူတို့သည် ဆင့်ကဲပြောင်းလဲလာသော ဖုတ်ကောင်၏ဦးခေါင်း ချက်ခြင်းပွင့်သွားသည်ကိုသာ မြင်လိုက်ကြရပြီး ထို့နောက် ချက်ချင်းပင် အောက်သို့တည့်တည့်ပြုတ်ကျသွားလေသည်။ ဘာတစ်ခုကိုမှ မမြင်လိုက်ကြရဘဲ လူတိုင်း မှင်တက်သွားကြလေသည်။


“မြောင် ”


နူးညံ့တဲ့ ကြောင်လေးတစ်ကောင်၏ အော်သံကြောင့် လူများငုံ့ကြည့်လိုက်ကြရာ လက်တစ်ဖက် အရွယ် ကြောင်ပေါက်လေးတစ်ကောင်သည် နံရံကို လျင်မြန်စွာ တွယ်တက်နေသည်ကို တွေ့လိုက်ကြရသည်။ သူ့လက်သည်းလေးများသည် သံမဏိချိတ်များကဲ့သို့ မာကြောသောနံရံကို ဆုပ်ကိုင်ရလွယ်ကူစေလေပြီး ထို့အပြင် နံရံပေါ်တွင်ဖြစ်သော်လည်း မြေပြင်ပေါ် လမ်းလျှောက်သလိုမျိုးဖြစ်နေလေ၏။


ကြောင်ပေါက်လေး၏ ပါးစပ်ထဲတွင် လိမ္မော်နီရောင် သလင်းကျောက်အမြုတေတစ်ခုရှိနေပြီး ၎င်းသည် အနီရောင်အလင်းဖျော့ဖျော့ကို ထုတ်လွှတ်နေဆဲဖြစ်သည်။ သို့သော်လည်း အနီရောင်အလင်းသည် အားပျော့ပြီးရင်း အပျော့သွားကာ နောက်ဆုံး၌ လုံးလုံး ပျောက်ကွယ်သွားလေသည်။ အနောက်မြောက်အခြေစိုက်စခန်းမှ လူအားလုံးသည် မယုံကြည်နိုင်ခြင်းဟူသည့်အကြည့်တစ်ခုပြသနေကြလေ၏။ ဒီကြောင်လေးက ဖုတ်ကောင်ကို သတ်လိုက်တာလား။


ကြောင်ကလေးသည် နံရံပေါ်သို့ လျင်မြန်စွာတက်သွားပြီး ချွန်ထက်သောခြေသည်းများကို ဖယ်ထုတ်လိုက်ကာ အနည်းငယ်ခုန်ပြီး သခင်ငယ်လေး၏ ခြေဖမိုးပေါ်သို့ ခုန်တက်လိုက်၏။ ထို့နောက် သူ့အဝတ်အစားများကို ကုပ်ဆွဲယူကာ ယွီသုန်သုန်၏ ပခုံးပေါ်သို့ တွယ်တက်သွားလေသည်။


ကြောင်ကလေးသည် ယွီသုန်သုန်၏ပါးပြင်ကို ခေါင်းနှင့်ပွတ်သပ်လိုက်ပြီး သူ့ပါးစပ်ထဲရှိ အမြုတေကို ယွိသုန်သုန်၏လက်ထဲသို့ ရတနာတစ်ခုကဲ့သို့ ပေးလိုက်လေသည်။


“ကျေးဇူးတင်ပါတယ် ရှောင်ဟေး”


ယွီသုန်သုန်၏ မျက်နှာသေးသေးလေးသည် သေးငယ်သော ပါးချိုင့်လေးနှစ်ခုကိုပြသနေပြီး ကြောင်လေး၏ခေါင်းလေးကို သူ့ပါးပြင်လေးနှင့် ပွတ်သပ်လိုက်၏။


“မြောင်”


ရှောင်ဟေးသည် သေးငယ်ပြီး ပျော့ပြောင်းသည့် အော်သံလေးတစ်ခုကိုထုတ်ကာ ကျေနပ်အားရစွာ မျက်လုံးလေးမှိတ်ပြီး ယွီသုန်သုန်၏လည်ပင်းတွင် လှဲအိပ်လိုက်လေသည်။


အိုး ဘုရားသခင်၊ ဒီကလေးက တကယ်ပဲ ကြောင်ကို မွေးမြူခဲ့တာပဲ။ 


တောင်ပိုင်းအခြေစိုက်စခန်းက ဒီအဖွဲ့က ရိုးရိုးရှင်းရှင်းပင် နတ်ဆိုးတွေပဲ။ အားလုံးသည် အဆင့်မြင့်မားသော စွမ်းအားရှင်များဖြစ်ကြသော်လည်း မပြောခဲ့ကြပေ၊ လေးငါးနှစ်အရွယ် ကလေးတစ်ဦးပင်လျှင် စွမ်းအားရှင်တစ်ယောက်ဖြစ်ခဲ့ပြီး သူမွေးမြူထားသောကြောင်သည်ပင် ခွန်အားရှိပြီး သူတို့ထက် သာလွန်သည်။


အနောက်မြောက်အခြေစိုက်စခန်းသည် သူတို့၏စိတ်ထဲတွင် အံ့သြမှုနှင့်ဝမ်းနည်းမှုနှစ်ခုစလုံးကို ခံစားခဲ့ရပြီး၊ တောင်ပိုင်းအခြေစိုက်စခန်းသည် ၎င်းတို့၏အသန်မာဆုံးအဖွဲ့ကို စေလွှတ်လိုက်သည်ဟု သူတို့ထင်ကြခြင်းကြောင့် သဘာဝကျကျ အံ့အားသင့်သွားကြပြီး သူတို့သည် ဤတစ်ကြိမ်တွင် အမှန်တကယ်ပင်အခွင့်အရေးတစ်ခုရှိနိုင်သည်။ ၀မ်းနည်းမှုသည် အဘယ်ကြောင့်ဆိုသော် သူတို့၏အခြေစိုက်စခန်းတွင် လူပေါင်းတစ်သောင်းကျော်ရှိပြီး သူတို့သည် ကြောင်ပေါက်လေးတစ်ကောင်နှင့်တောင် နှိုင်းယှဉ်ကြည့်နိုင်သည်။


ယွီသုန်သုန်သည် ဓာတ်မီးကိုင်ထား‌သောလက်ကို တစ်ဖန် ပြန်မြှောက်လိုက်ပြီး အဆင့်လေး ဖုတ်ကောင်ပေါ်သို့ နောက်တစ်ကြိမ်သော့ခတ်ထားလိုက်ပြန်လေသည်။ 


“ဟမ့်၊ မင်းဘယ်ကိုသွားမယ်ဆိုတာ ငါမြင်ရတယ်”


ကျန့်ကျားဟယ်သည် သူ့လက်ထဲရှိ ကျောက်တုံးများကို ကောက်ယူလိုက်ပြီး အနောက်က ပြေးနေသည့်အဆင့်လေးဖုတ်ကောင်ဆီကို လျှောက်သွားခဲ့လေသည်။


“ဂရား ဂရား ”


အဆင့်လေး ဖုတ်ကောင်သည် ပြင်းထန်သော အကျပ်အတည်းကို ခံစားလိုက်ပြီး ရုတ်တရက် အနည်းဆုံး 140 decibels အထိရှိနိုင်သည့် အလွန်စူးရှသောအော်သံတစ်ခု ထွက်လာလေသည်။


ဤတစ်ကြိမ်တွင် ပတ်ပတ်လည်ရှိ ဖုတ်ကောင်များသာမကဘဲ သူ့ကိုယ်တိုင်တောင် မျက်လုံးနီများ စတင်ပေါ်လာလေ၏။


အဆင့်လေး ဖုတ်ကောင်သည် သူ့ကိုယ်သူ ပေါက်ကွဲခြင်းကြောင့် အဆင့်ငါးနှင့် အလွန်နီးကပ်ကာ ထို့အပြင် သာမန်ဖုတ်ကောင်အများအပြား တစ်ချိန်တည်းတွင် ပေါက်ကွဲထွက်နိုင်လေသည်။ ပေါက်ကွဲစွမ်းအားသည် ဒုံးပျံတစ်ခုနှင့် ယှဉ်နိုင်မည်ကို စိုးရိမ်မိ၏။


“အဲ့ဒါကို သတ်ပစ်လိုက် ”


လူတိုင်း၏စွမ်းရည်များသည် အဆင့်လေးဖုတ်ကောင်၏ဦးတည်ရာဘက်သို့ ပြန်မလှည့်ဘဲထုတ်လွှတ်လိုက်ကြ၏။ သို့သော်လည်း အခြားဖုတ်ကောင်များဖြင့် ဖုံးကွယ်ထား‌လေကာ မြေပြင်ပေါ်ရှိ ဖုတ်ကောင်ပုတိုကို မတိုက်ခိုက်နိုင်ကြချေ။


ဤအချိန်တွင် ဝူကျင်းသည် နောက်ထပ် စောင့်ကြည့်မနေနိုင်တော့ချေ။ သူမသည် သူမ၏ ပုံသဏ္ဍာန်ကိုပြကာ မြေပြင်မှ ချွန်ထက်သော ကျောက်တုံးတစ်တုံးကို ဆွဲယူလိုက်ပြီး အဆင့် လေးဖုတ်ကောင်၏ခေါင်းထဲသို့ ထိုးသွင်းလိုက်လေသည်။


အဆင့်လေး ဖုတ်ကောင်၏ အရိုးကြံ့ခိုင်မှုသည် သာမာန်ဖုတ်ကောင်များနှင့်မယှဉ်နိုင်သည်မှာ စိတ်မကောင်းစရာပင်။ ၎င်းသည် ကျန့်ကျားဟယ်သာဖြစ်ခဲ့ပါက ထိခိုက်နိုင်သည်။ သို့သော်လည်း ဝူကျင်းသည် ခွန်အားတွင်အားသာချက်တစ်စုံတစ်ရာမရှိခဲ့ချေ။ ထိုအချိန်တွင် သူမသည် ဖုတ်ကောင်၏ ဦးရေပြားကိုပင် ထိုးဖောက်ခြင်းပင်မပြုနိုင်ခဲ့ပေ။


စတုတ္ထအဆင့် ဖုတ်ကောင်ကို နှိုးဆွလိုက်သည့်ပုံရလေ၏။ အော်ဟစ်သံသည် ထပ်ပြီးမြင့်တက်ထွက်ပေါ်လာပြီး အနီရောင်အလင်းသည် ပိုမြန်မြန် ဖြန့်ကျက်လာလေသည်။


ဤကဲ့သို့ အရေးကြီးသောအချိန်အခါတွင် အလွန်မသာယာလှသော ပုလွေသံကို မည်သည့်နေရာမှကြားလိုက်ရမှန်း မသိလိုက်ကြချေ။ ပုလွေသံသည် စူးရှသည်လည်းမဟုတ် မြင့်မားသောအသံလည်းမဟုတ်သော်လည်း ၎င်းသည် ငြိမ့်ညောင်းပြီး ရှည်လျားကာ အဆင့်လေးဖုတ်ကောင်၏ အော်သံကို အမှန်တကယ် ဖိနှိပ်ထားနိုင်ခဲ့လေသည်။


အဆင့်လေးဖုတ်ကောင်သည် ၎င်း၏လည်ပင်းတွင် ဆို့နင့်နေသော ကြက်နှင့်တူလေသည်။ အော်ဟစ်သံသည် ရုတ်တရက် ရပ်တန့်သွားပြီး လည်ချောင်းသည် အသက်ရှူသံအနည်းငယ်မျှသာ ထုတ်လွှတ်နိုင်တော့လေသည်။


ကျန့်ယွင် နှင့် စုရွေ့ကျယ်တို့အတွက် ကျန်းရှို့လျန် ၏ ခုခံမှုအကာအရံသည် ပြိုကျပျက်စီးသွားခဲ့၏။ ကျန့်ယွင်သည် သူ့လက်ထဲတွင် ခရမ်းရောင်ပုလွေတစ်ခုရှိပြီး တီးမှုတ်ခြင်းမရှိသော ပုလွေသံသည် သူ့ဆီမှ ထွက်ပေါ်လာခြင်းဖြစ်၏။ သို့သော်လည်း စုရွေ့ကျယ်ဘက်မှ အဝါနုရောင်အမြောက်တစ်ခု ဘယ်အချိန်ပေါ်လာခဲ့သည်မသိလိုက်ကြဘဲ ထို့နောက် ပြောင်းရှည်ကြီးသည် အဆင့်လေး ဖုတ်ကောင်၏ဦးတည်ချက်သို့ ချိန်ထားလေသည်။


စုရွေ့ကျယ်သည် အဆင့်လေးဖုတ်ကောင်ထံမှ ပြင်းပြင်းထန်ထန်အော်သံကြောင့် ပြင်းထန်သောအကျပ်အတည်းကို ခံစားခဲ့ရ၏။ အနည်းငယ် ခွန်အားပြန်လည်ရရှိလာပြီးနောက် သူသည် စွမ်းရည်ဆေးတစ်ပုလင်းကို ထပ်မံယူလိုက်ပြီး သူ၏ခန္ဓာကိုယ်အတွင်းရှိ စွမ်းအားအားလုံးကို နှိုးဆွပေးလိုက်သည်။ ထိုမှသာ နိုကိုဥတစ်ဥကို ပုလွေအဖြစ်သို့ ပြောင်းလဲလိုက်ပြီး ပြောင်းဖူးမှ ဤအမြောက်တစ်ခုကိုပြောင်းလဲလိုက်လေသည်။


“ခင်ဗျားတို့အားလုံး လမ်းကြောင်းကနေ ထွက်သွားကြ ”


စုရွေ့ကျယ်အော်လိုက်ပြီးနောက် မီးခလုတ်ကို နှိပ်လိုက်ပြီး ဘွန်း ဟူသောအသံတစ်ခုကိုသာကြားလိုက်ရလေသည်။ အဆင့်လေးဖုတ်ကောင်နှင့် သူ့ပတ်ပတ်လည်ရှိ ဖုတ်ကောင်များအားလုံး ပြာမှုန်များအဖြစ် လွင့်ပျံသွားလေတော့သည်။


အဆင့်လေးဖုတ်ကောင်၏အော်သံမပါဘဲ ကျန်ဖုတ်ကောင်များသည် ပေါက်ကွဲခြင်းရပ်တန့်သွားပြီး ဖရိုဖရဲဖြစ်သွားကြလေသည်။


ထို့နောက်မှာတော့ အကြီးတန်းဖုတ်ကောင်များ၏ လမ်းညွှန်မှုမရှိဘဲ နောက်ထပ် ဖုတ်ကောင်အသစ်များကို ဤနေရာတွင် ဆွဲဆောင်နိုင်လိမ့်မည်မဟုတ်တော့ချေ။ ကျန့်ယွင်၏အဖွဲ့မှ မသတ်ရသေးသည့် ထိုဖုတ်ကောင်များသည် နောက်ထပ်ခြိမ်းခြောက်မှုမရှိတော့ချေ။ ၎င်းတို့သည် မကြာမီပင် အနောက်မြောက်အခြေစိုက်စခန်း၏ တိုက်ခိုက်မှုအောက်တွင် ရှင်းလင်းသွားလိမ့်မည်ဖြစ်သည်။


အနောက်မြောက်အခြေစိုက်စခန်း၏ အကျပ်အတည်းကို နောက်ဆုံးတွင် အောင်မြင်စွာ ဖြေရှင်းနိုင်ခဲ့သည်။


အဆင့်လေး ဖုတ်ကောင်သေဆုံးပြီးနောက် ကျန့်ယွင်၏အဖွဲ့မှလူများအားလုံးသည် ထုံထိုင်းနေသည့်အခြေအနေတွင်ရှိနေကြကာ စွမ်းရည်မြှင့်ဆေးသောက်သုံးခဲ့ကြသောကြောင့်ဖြစ်လေသည်။ စုရွေ့ကျယ်တစ်ယောက်တည်းကသာ အပင်လက်နက်များဖြင့် သူတို့အားတိုက်ခိုက်လိုသော ဖုတ်ကောင်များကို ဆက်လက်နှိမ်နင်းနေလေသည်။


ကျန်းယောင်ဟွားသည် စွမ်းအားရှင်ဒါဇင်ပေါင်းများစွာကို မြို့ပြင်သို့ ချက်ချင်းစေလွှတ်ကာ သူတို့အားတွေ့ဆုံစေပြီး နောက်ဆုံး၌ သူတို့အား အန္တရာယ်မရှိသော အခြေစိုက်စခန်းသို့ ပြန်ပို့ခဲ့ကြသည်။


ကျန့်ယွင်၏အဖွဲ့မှလူများအားလုံးသည် ပြန်သယ်ခံလာပြီး မတ်တပ်ရပ်ရန် ခွန်အားမရှိကြသော်လည်း အနောက်မြောက်အခြေစိုက်စခန်းမှလူများက သူတို့အား ရိုသေလေးစားမှုဖြင့် ကြည့်ရှုနေကြဆဲဖြစ်လေသည်။