အခန်း(၉၃)《 နှစ်သစ်ကူးနေ့ 》
Author: Drunken Light Song
Source: Jostena M
Translator: オタク
တံခါးအပြင်ဘက်ရှိ လူများ၏လှောင်ပြောင်လိုသည့်သဘောဖြင့်ရယ်မောသံကို ကြားလိုက်ရပြီး အခန်းတွင်းရှိ ချစ်ကြည်နူးတစ်တီတူးနေသည့်လူနှစ်ယောက်သည် ချက်ချင်းကွဲကွာသွားကြလေ၏။ စုရွေ့ကျယ်သည် ကျန့်ယွင်ကို အပြင်းအထန်စိုက်ကြည့်လိုက်ကာ စောင်ကို ဆွဲယူကာခြုံလိုက်ပြီး သူ့ကိုယ်သူ စောင်ထဲတွင် မြှုပ်နှံထားလိုက်လေသည်။
ကျန့်ယွင်သည် ကုတင်ပေါ်ရှိ မုန့်ပေါင်းအိတ်ကလေးကို ကြည့်ပြီး ရယ်မောကာ အခန်းအပြင်ဘက်သို့ လျှောက်သွားလေ၏။
အခန်းတံခါးကိုဖွင့်လိုက်သည့်အခိုက်တွင် အပြင်တွင် စကားပြောနေကြသူများနှင့် ရယ်မောနေကြသူများသည် ပါးစပ်များကိုရုတ်တရက်ပိတ်လိုက်ကြလေ၏။ ကျန့်ယွင်၏တည်ရှိနေမှုသည် အလွန်အစွမ်းထက်သည်ကို မြင်နိုင်လေသည်။
“အားလုံးအဆင်သင့်ဖြစ်ပြီလား ”
ကျန့်ယွင်သည် ဘာမှမဖြစ်ခဲ့သလို မေးလိုက်သည်။
“အဆင်သင့်ပဲ”
သူတို့သည် နာခံစွာပြန်ဖြေလိုက်ကြပြီး ဆက်မရယ်ဝံ့ကြတော့ချေ။
စုရွေ့ကျယ်သည် အဆင့်လေးအမြုတေကို မျိုချပြီးနောက် သူတို့သည် တောင်ပိုင်းအခြေစိုက်စခန်းသို့ ပြန်သွားရန် စတင်ပြင်ဆင်ကြသည်။
ဤနှစ်ရက်အတွင်း ရာသီဥတုသည် ဆက်၍ ပိုအေးလာပြီး အပြင်ဘက်တွင် နှင်းများပြည့်နေပြီးထူထပ်နေကာ နှင်းဆက်ကျနေသေးသည်။ ထို့အပြင် သူတို့၏ SUV သည် ဤကဲ့သို့သောနှင်းထူထပ်သောနေ့တွင် နှင်းထုထူထူထဲတွင် မောင်းရန် မလွယ်ကူလှပေ။
ထို့ကြောင့် ကျန့်ယွင်သည် ကျန်းယောင်ဟွားအား Off road ကားများတွင် အစားထိုးနိုင်သော နှင်းတာယာများ ရှိ၊ မရှိ ရှာဖွေရန် အကူအညီတောင်းခဲ့၏။ နှင်းတာယာများသည် နှင်းထူထပ်သော နေ့ရက်များတွင် အသုံးပြုရန် သင့်လျော်သော တာယာအမျိုးအစားတစ်ခုဖြစ်၏။ အဆိုပါတာယာများသည် ရော်ဘာဖြင့်ပြုလုပ်ထားသော်လည်း အပြင်ဘက်တွင် သတ္တုလက်သည်းများပါရှိပြီး ထိန်းချုပ်မှုကုပ်အားကို တိုးမြှင့်နိုင်ပြီး အေးခဲပြီး နှင်းထူထပ်သောနေရာများတွင် အသုံးပြုရန် သင့်လျော်သည်။
တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း၏ ဆောင်းရာသီတွင် မကြာခဏနှင်းကျတတ်သောကြောင့် ကျန်းယောင်ဟွားသည် နှင်းတာယာများကိုအထူးထားသည့် ကားအရောင်းဆိုင်သည် အခြေစိုက်စခန်းနှင့် အနည်းငယ်သာကွာဝေးသည်ကို အလွယ်တကူရှာတွေ့ခဲ့သည်။ သူတို့အားလုံး သူတို့(ZY&SRZ)မပါဘဲ ထွက်သွားရခြင်းအကြောင်းအရင်းမှာ ထိုတာယာများကို ယူရန်ဖြစ်သည်။ ကံကောင်းထောက်မစွာ ရာသီဥတုသည် ယခင်က အလွန်ပူပြင်းခဲ့ပြီး ဘယ်သူမှ ၎င်းတို့အကြောင်း မတွေးခဲ့ကြချေ။ ထို့ကြောင့် ထိုဆိုင်မှ နှင်းတာယာများအာလုံးကို ရရှိခဲ့ကြသည်။
ယခုလေးတင် ကျန်းယောင်ဟွားသည် ၎င်းတို့ကို သူတို့ကားထဲသို့ တစ်စုံတစ်ယောက်အားကူတင်ပေးစေခဲ့ပြီး ခေါင်မိုးတွင် ချိတ်ထားသော တာယာနှစ်လုံးကို ယူလိုက်သည်။
“ ကောင်းတယ်။ မနက်ဖြန်မနက် ထွက်ကြရအောင်”
ထို့နောက် ကျန့်ယွင်သည် သူတို့အား အေးစက်စက် အကြည့်တစ်ချက် ပေးကာ
“မင်းတို့ဝင်လာရင် သတိထားကြ ”
ကျန့်ယွင်သည် သူ့ချစ်သူလေးသည် အရေပါးမှန်း သိခဲ့သဖြင့် သူတို့အား အထူးသတိပေးပြီးနောက် အခန်းထဲသို့ ပြန်ဝင်လာခဲ့လေသည်။
လူအုပ်ကြီးသည် သူ့နောက်ကို လိုက်လာခဲ့ကြသော်လည်း ထပ်မရယ်ရဲကြတော့ချေ။
အခန်းထဲတွင် စုရွေ့ကျယ်သည် စိတ်ခံစားချက်ကို ငြိမ်သက်သွားစေလိုက်သည်။ သူ့ပါးပြင် အနည်းငယ်နီမြန်းခြင်းနှင့် ရောင်ရမ်းနေသောနှုတ်ခမ်းများမှလွဲ၍ တစ်စုံတစ်ရာခြားနားခြင်းကိုမမြင်နိုင်ချေ။
“ဝေါင်း၊ ရှောင်ကျယ်၊ မင်းမျက်လုံးတွေစိမ်းနေတယ် ”
ကျန့်ကျားဟယ်သည် စုရွေ့ကျယ်၏မျက်လုံးများ ပြောင်းလဲသွားသည်ကို တစ်ချက်ကြည့်လိုက်သည်နှင့် တွေ့လိုက်လေသည်။
“ဟုတ်တယ်၊ ရှောင်ကျယ်၊ မင်းရဲ့မျက်လုံးတွေက အရမ်းလှတာပဲ၊ စိတ်ကူးယဉ်ဇာတ်ကားတွေထဲက နတ်သူငယ်တွေလိုပဲ ”
ချန်းကျောင်းလည်း အော်လိုက်၏။ မိန်းမတစ်ယောက်အနေဖြင့် အတိအကျပင် သူမသည်လှပသောအရာများကိုသဘောကျ၏။ ထိုအခိုက်တွင် စုရွေ့ကျယ်၏မျက်လုံးများကိုမြင်လိုက်ရပြီး သူ့ထံမှ ဆွဲဆောင်ခံလိုက်ရသည်ဟု ချန်းကျောင်းလည်း ခံစားလိုက်ရသည်။
စုရွေ့ကျယ်သည် ရှက်ရွံ့စွာ ပြုံးလိုက်ပြီး “ဒါက ကျွန်တော့်ရဲ့စွမ်းရည် အဆင့်လေးကိုရောက်ပြီး အပြောင်းအလဲ ဖြစ်ကောင်းဖြစ်နိုင်တယ်”
မည်သည့် စွမ်းရည်အတွက်မဆို အဆင့်သုံး မှ အဆင့်လေးသို့သွားခြင်းသည် အလွန်ကြီးမားသည့် အတားအဆီးတစ်ခုလို့ ဆိုနိုင်၏။ ဤအဆင့်ကို ဖြတ်ကျော်လိုက်သည်နှင့် ခွန်အားကို များစွာမြှင့်တင်ပေးနိုင်လေသည်။
“ရှောင်ကျယ်၊ မင်းရဲ့စွမ်းရည် တစ်ခုခု အပြောင်းအလဲ ရှိနေပြီလား ”
စုရွေ့ကျယ်သည် အပြုံးပြုံးလေးနှင့် တုန့်ပြန်လိုက်၏။
“ကျွန်တော် အခုလေးတင်မှ အဲ့ဒါကိုမြင်ခဲ့တယ်။ ကျွန်တော့်နေရာက ကျယ်ပြန့်လာပြီး ပစ္စည်းတွေထည့်ဖို့ ပိုနေရာယူနိုင်လာသလို စွမ်းအားက အပင်ပိုများများကိုပြောင်းလဲနိုင်တယ်”
စုရွေ့ကျယ်၏နေရာသည် ဆယ်ဧကခန့်သာရှိခဲ့သော်လည်း ယခုအခါ နှစ်ဆတိုးလာခဲ့၏။ ချိုင့်ဝှမ်းသည် ပိုကျယ်လာရုံသာမက ပစ္စည်းများကို လတ်ဆတ်နွေးထွေးစွာ ထိန်းသိမ်းပေးနိုင်သည့် ဂူကြီးလည်း နှစ်ဆကြီးလာခဲ့လေသည်။ သူအံ့အားသင့်ဆုံးအရာမှာ အပင်များကိုပိုပြောင်းလဲနိုင်သော်လည်း အထူးလုပ်ဆောင်ချက်များကို ဖြည်းဖြည်းချင်း လေ့လာသင်ယူရန် လိုအပ်နေသေးသည်။
စုရွေ့ကျယ်သည် သူသည် ဘ၀နှစ်ဘဝလုံးစာ ဖြတ်သန်းခဲ့ရသည်ဟုပြောနိုင်သော်လည်း တစ်ချိန်လုံး သူ့စွမ်းအားများကို မကျွမ်းကျင်ခဲ့ပါချေ။ လေ့လာစူးစမ်းစရာနေရာများ အများကြီးကျန်နေသေး၏။ သူ့စွမ်းရည်၏ ဝိသေသလက္ခဏာရပ်များအရ ၎င်းးတို့အားလုံးသည် အပင်ဂိမ်းနှင့် ဆက်စပ်နေသည့်ပုံရ၏။ တိကျသည့်အကြောင်းပြချက်များကို မရှင်းမလင်းဖြစ်နေဆဲဖြစ်၏။
လူတိုင်းသည် ထိုအကြောင်းကိုကြားပြီး အလွန်၀မ်းသာနေခဲ့ကြကာ အထူးသဖြင့် သူ့မိုဘိုင်းလ်ဖုန်းကို ထုတ်ရန် မစောင့်နိုင်တော့သည့် ကျန့်ကျားဟယ်သည် စုရွေ့ကျယ်နှင့်အတူ အပင်အသုံးပြုမှုအသစ်ကို လေ့လာရန် ပြင်ဆင်နေလေသည်။
ထိုနေ့၌ သူတို့သည် စုရွေ့ကျယ်၏အခန်းထဲတွင် ညစာစားကြ၏။ သူတို့သည် အစားကောင်းမစားရသည်မှာ အတော်လေးကြာပြီဖြစ်၏။ စုရွေ့ကျယ်သည် အောင်မြင်စွာ အဆင့်မြှင့်တင်ခဲ့ပြီး ခံစားချက်ကောင်းရှိနေခဲ့ကာ သူတို့အတွက် ဟင်းပွဲကြီးတစ်ပွဲကို ချက်ကျွေးခဲ့လေသည်။
ဆောင်းရာသီတွင် သိုးသားစားကြသည်မှာ သဘာဝဖြစ်သည်မို့ စုရွေ့ကျယ်သည် နေရာလွတ်ထဲရှိဂူထဲမှ အေးခဲနေ သောသိုးသားခြေထောက်တစ်ချောင်းကို ထုတ်ယူလိုက်ပြီး သိုးသားနုတ်နုတ်စင်းဖြစ်အောင် လုပ်လိုက်၏။ သိုးသားကို ဂေါ်ဖီ၊ ကြာဇံတို့နှင့် အပြည့်ထည့်ပြီး အိုးကြီးကြီးတစ်လုံးပြုတ်ထားလိုက်၏။ ၎င်းသည် အလွန်အနံ့မွှေးပြီး ထမင်းဖြူနှင့် လိုက်ဖက်လေ၏။ လူတိုင်းသည် အမှန်တကယ်ပင် ပန်းကန်လုံးကို တောင် အတူတကွမျိုချင်ခဲ့ကြလေသည်။
တံခါးများ ပြတင်းပေါက်များ ပိတ်ထားပြီးနောက် သူတို့ ထမင်းစားကြလေ၏။
အရသာရှိလှသောညစာစားပြီးနောက် လူတိုင်းသည် မိမိတို့အခန်းသို့ ပြန်သွားကြပြီး ကောင်းကောင်းအိပ်စက်အနားယူခဲ့ကြသည်။
နောက်နေ့မနက်၌ မြန်မြန်ဆန်ဆန် တစ်ခုခုစားကြပြီးနောက် အနောက်မြောက်အခြေစိုက်စခန်းမှ ထွက်သွားတော့မည့်အကြောင်း ကျန်းယောင်ဟွားကို ပြောရန် သွားခဲ့ကြသည်။
ကျန်းယောင်ဟွားသည် သူတို့အားအခြေစိုက်စခန်းမှ မလွှတ်ခင် သူတို့ကို နောက်တစ်ကြိမ် ကျေးဇူးတင်စကားထပ်ဆိုခဲ့လေသည်။
အခြေစိုက်စခန်းအပြင်ဘက်လမ်းသည် ဆီးနှင်းများလုံး၀ဖုံးလွှမ်းနေပြီး ယခင်က ပြင်းထန်သောတိုက်ပွဲဖြစ်ခဲ့သည်ကို မမြင်နိုင်တော့ပေ။
နှင်းတာယာများသည် အမှန်တကယ်ကို အသုံးပြုရလွယ်ကူသောကြောင့် လမ်းချော်မည်ကို ထပ်စိုးရိမ်စရာ မလိုကြတော့ချေ။ ထို့ကြောင့် သူတို့၏ အပြန်ခရီးသည် ယခင်ထက် ပိုမိုမြန်ဆန်ခဲ့သော်လည်း ခုနစ်ရက် သို့မဟုတ် ရှစ်ရက်နီးပါးတော့လည်း ကြာခဲ့သေးလေသည်။
တောင်ပိုင်းအခြေစိုက်စခန်းသို့ ပြန်ရောက်လာကြသောအခါ တောင်ပိုင်းအခြေစိုက်စခန်းမြို့ရိုးများတွင် မီးပုံးနီများ ချိတ်ဆွဲထားသည်ကို တွေ့ရှိခဲ့ရပြီး နေရာများစွာတွင် အနီရောင်ကောင်းချီးစကားလုံးများနှင့် တရုတ်ရိုးရာကြိုးနီများ ချိတ်ဆွဲထားသည်ကို တွေ့ရပြီး လူများကို အလွန်ပျော်ရွှင်စေသည့် ခံစားချက်ပေးလေသည်။
“ဒါက နွေဦးပွဲတော်အတွက်လား ”
ကျန့်ကျားဟယ်က စပ်စုလေ၏။
“အဲ့တာဖြစ်နိုင်မလား ”
ကမ္ဘာ့အဆုံးသတ်ရောက်ပြီးနောက် လူများသည် နေ့ညမပြတ် ဇောက်ထိုးမိုးမျှော်နေထိုင်ခဲ့ကြရပြီး အချိန်တစ်ခုကြာပြီးနောက် နေ့စွဲကိုမမှတ်မိနိုင်ကြတော့ဘဲ အခုတော့ သူတို့အားလုံး ရှုပ်ထွေးနေခဲ့ကြလေ၏။
တောင်ပိုင်းအခြေစိုက်စခန်း၏ မြို့တံခါးအပြင်ဘက်တွင် ဝင်ထွက်သွားလာနေကြသည့် အဆုံးမရှိသော မော်တော်ယာဉ်များ ရှိနေဆဲဖြစ်၏။ အခြေစိုက်စခန်းဝင်ပေါက်နှစ်ခုစလုံးတွင် လိုင်းတန်းရှည်များ ရှိသော်လည်း အသစ်စာရင်းပေးသည့်ဝင်ပေါက်တွင် ယာဉ်အစီးရေ ပိုများနေလေသည်။
အခြားဂိတ်တစ်ခုသည် အထူးသဖြင့် အဝင်အထွက်အတွက် ID ကတ်များရှိသည့် နေထိုင်သူဝန်ထမ်းများအတွက်ဖြစ်၏။ စီတန်းစောင့်ဆိုင်းရသည်မှာ ကြာမြင့်သော်လည်း သူတို့၏ အထောက်အထားအချက်အလက်ကို စစ်ဆေးကာ ရိုးရှင်းသည့်မြို့တွင်းလုံခြုံရေးစစ်ဆေးမှုများ လုပ်ဆောင်ခြင်းဖြင့်သာ ဂိတ်အတွင်းသို့ ဝင်ရောက်နိုင်သောကြောင့် ၎င်းတို့သည် အလွန်လျင်မြန်စွာ သွားလာနိုင်လေသည်။
ကျန့်ယွင်နှင့်သူ့အဖွဲ့သည် မြို့ထဲသို့အလျင်စလိုမ၀င်ခဲ့ကြချေ။ သူတို့သည် တခြားအဖွဲ့များနောက်တွင် စည်းစနစ်တကျ တန်းစီခဲ့ကြသည်။ သူတို့၏ SUV ကားကို ပြုပြင်မွမ်းမံထားခဲ့သောကြောင့် အာရုံစူးစိုက်မှုသိပ်မရှိခဲ့ချေ။ သူတို့ယာဉ်များအတွက် လုံခြုံရေးစစ်ဆေးရန် သူတို့အလှည့်ရောက်မှသာ မြို့စောင့်တပ်သားသည် ကျန့်ယွင်နှင့် သူတို့ပြန်လာခဲ့ပြီဖြစ်ကြောင်းတွေ့လိုက်လေ၏!
“ခေါင်းဆောင်ကျန့်၊ ခင်ဗျားတို့ပြန်လာပြီ ”
တံခါးရှိအစောင့်အကြပ်မှာ ကျောက်ပင်း၏လူတစ်ယောက်သာဖြစ်ပြီး သူ သူတို့အားမှတ်မိခဲ့ပြီး သူတို့သည် အလွန်ခက်ခဲသည့်တာဝန်ကိုထမ်းဆောင်ရန် ထွက်သွားကြသည်ကိုလည်း သိခဲ့လေသည်။ ဤအချိန်တွင် သူတို့ပြန်ရောက်လာသည်ကို မြင်လိုက်ရသောအခါ သူ့မျက်နှာပေါ်တွင် ရုတ်တရက် ပျော်ရွှင်၀မ်းမြောက်မှုများ ရုတ်ချည်းပေါ်လာခဲ့လေသည်။
“ ဟုတ်တယ် ”
ကျန့်ယွင်သည် ပြုံးပြီး စစ်သားလေးနှင့်စကားစမြည်ပြောနေခဲ့ပြီး အခြေစိုက်စခန်း၏စည်းကမ်းနှင့်အညီ လူတိုင်းသည်သူတို့၏ အထောက်အထား အချက်အလက်များကို စစ်ဆေးခံပြီးနောက် ရိုးရိုးရှင်းရှင်း ကားပေါ်တွင်လုံခြုံရေးစစ်ဆေးပြီးနောက် မြို့ထဲသို့ ၀င်ခိုင်းလိုက်ကြလေ၏။
မြို့ထဲသို့ဝင်ပြီးနောက် မြို့တွင်းနှင့် အပြင်ဘက် မြင်ကွင်းသည် လုံးဝခြားနားသည်ကို တွေ့လိုက်ကြရ၏။ မြို့တွင်းရှိ မြေပြင်ပေါ်တွင် ဆီးနှင်းများ ကင်းစင်နေလေသည်။ ၎င်းသည် ကောင်းမွန်စွာ သန့်ရှင်းထားလေ၏။ ကားသည် အလွန်တည်ငြိမ်ပြီး သက်တောင့်သက်သာရှိ၏။ ခေါင်မိုးများပေါ်မှ ဆီးနှင်းများကိုပင် ဖယ်ရှားထားသည်ကိုပင် တွေ့ရှိခဲ့သည်။
ကျန့်ယွင်နှင့် သူ့အဖွဲ့သည် အထပ်မြင့် အဆောက်အဦးငယ်လေးဆီသို့ပြန်ရောက်လာခဲ့ကြပြီး သူတို့ရင်းနှီးသည့်အိမ်ဆီ ပြန်လာခဲ့ပြီး နောက်ဆုံးတော့ သူတို့အိမ်ရောက်ပြီဟူသော ခံစားချက်တစ်ခု ရုတ်တရက်ရလိုက်ကြလေသည်။
သို့သော်လည်း ဆယ်ရက်ကျော်ကြာ ထွက်သွားပြီးနောက် အခန်းထဲတွင် ဖုန်မှုန့်များ အများအပြား စုပုံနေပြီး လူတိုင်းသည် အသက်ရှူရန် အချိန်မရှိသဖြင့် သူတို့သည် စတင်ကာ စုပေါင်းသန့်ရှင်းရေးလုပ်ကြလေ၏။ စုရွေ့ကျယ်သည် ဖုန်စုပ်စက်နှစ်ခုနှင့် ကြမ်းသုတ်၀တ်အချို့ကို နေရာလွတ်ထဲမှ ထုတ်ယူကာ လူတိုင်း စတင်အလုပ်များလာကြလေတော့သည်။
သူတို့အလုပ်များနေချိန် တံခါးခေါက်သံတစ်ခုထွက်လာပြီး လူတိုင်း သန့်ရှင်းရေးအလုပ်များနေကြသဖြင့် ယွီသုန်သုန်သည် တံခါးဖွင့်ရန် ခြေတိုတိုလေးများဖြင့် ပြေးသွားခဲ့လေသည်။ တံခါးအပြင်ဘက်တွင်ရပ်နေကြသူများမှာ တပ်ခွဲမှူးကျန်းနှင့် ဗိုလ်ချုပ်ကျန်းတို့ဖြစ်ကြလေသည်။ တံခါးပွင့်သွားသည်ကိုမြင်ပြီး တံခါးဖွင့်လာသူသည် သူတို့မျှော်လင့်ထားသည့်သူမဟုတ်သဖြင့် သူတို့ကြက်သေသေသွားကြလေ၏။ ခေါင်းငုံ့ပြီး ကြည့်လိုက်ကြချိန်တွင် တံခါးဖွင့်ပေးသူသည် ချစ်စဖွယ်ကလေးဖြစ်ကြောင်း တွေ့လိုက်ရလေသည်။
“သုန်သုန် မဟုတ်လား။ ဦးလေးကို မှတ်မိလား ”
တပ်ခွဲမှူးကျန်းသည် ပြုံးကာ ကလေး၏ခေါင်းကို ထိလိုက်သည်။
“ဟုတ်ကဲ့၊ ဦးလေးကျန်း ”
ယွီသုန်သုန်သည် မှတ်ဉာဏ်ကောင်းတစ်ခုရှိလေ၏။
“အားယား၊ ဘယ်လောက် တော်လိုက်သလဲ ”
တပ်ခွဲမှူးကျန်း၏ အပြုံးသည် ထပ်၍နက်ရှိုင်းလာပြန်သည်။ သူ့အိတ်ကပ်ထဲမှ သကြားလုံးပျော့လေးကို ရှာတွေ့ပြီး သူ့လက်ဖဝါးလေးထဲသို့ ထည့်ပေးလိုက်သည်။
“ကျေးဇူးတင်ပါတယ် ဦးလေးကျန်း”
ယွီသုန်သုန်သည် အလွန်ကောင်းမွန်စွာ ကျေးဇူးတင်စကားဆိုလိုက်၏။
ထိုအချိန်တွင် ကျန့်ယွင်နှင့်စုရွေ့ကျယ်တို့သည်လည်း ကျန်းရွှီကျိုး နှင့် တပ်ခွဲမှူးကျန်းတို့ကို တွေ့လိုက်ကြလေ၏။ သူတို့သည် ချက်ချက်ရောက်လာကြကာ သူတို့အား ကြိုဆိုခဲ့ကြသည်။
ကျန့်ယွင်၏အဖွဲ့သည် အခြေစိုက်စခန်းသို့ ပြန်ရောက်လာကြောင်း သတင်းကြားပြီးနောက် အခြေစိုက်စခန်းမှ ထိပ်တန်းခေါင်းဆောင်နှစ်ဦးတို့သည် ချက်ခြင်းပြေးလာလေကြသည်။
“မင်းရဲ့သတိပေးချက်တွေကျေးဇူးကြောင့် ငါတို့ဆောင်းရာသီအတွက် ရှေ့ပြေး ကြိုတင်ပြင်ဆင်မှုတွေလုပ်ခဲ့ပြီး ဆောင်းတွင်းအတွက် ရိက္ခာအချို့ကို ပြင်ဆင်ခဲ့တယ်။ နောက်ဆုံးမှာတော့ ဘယ်သူမှ အေးခဲပြီး မသေသွားခဲ့ကြပါဘူး”
ကျန့်ယွင် ထွက်ခွာမသွားခင် အလွန်အေးခဲသည့် ဆောင်းရာသီဖြစ်လာမည်ဟု သူတို့ သံသယရှိကြောင်း ပြောပြခဲ့၏။ သူတို့ ယုံနိုင်မလား မယုံနိုင်မလား မသိသည့် ခံစားချက်နှင့် ဆောင်းရာသီအတွက် ပစ္စည်းများပြင်ဆင်ဖို့ ချက်ခြင်းစတင်ခဲ့ကြလေသည်။ ၎င်းတို့သည် အသုံးဝင်လာမည်ဟု သူတို့ မမျှော်လင့်ထားခဲ့ကြချေ။
သို့သော် ဆောင်းရာသီရောက်လာသည်မှာ အလွန်မြန်လွန်းပြီး အခြေစိုက်စခန်း၌ လူများလွန်းလေသည်။ ထို့ကြောင့် အစပိုင်းမှာတော့ အချိန်အတော်ကြာ အလျင်စလိုဖြစ်ခဲ့ကြသည်။ သူတို့သည် ရိက္ခာကစ္စည်းများ ရှာဖွေရန် တပ်ဖွဲ့ဝင်အများအပြား စေလွှတ်လိုက်ပြီး လေအေးပေးစက်များနှင့် အပူပေးစက်များရှာတွေ့ခဲ့ကြကာ အခြေစိုက်စခန်း နေရာအနှံ့တွင် တပ်ဆင်ခဲ့ကြသည်။ အခက်ခဲဆုံးကာလကို မကျော်ဖြတ်မီ အချိန်ကာလတစ်ခုအထိ ဗဟိုအပူပေးရန်အတွက် လူအားလုံးကို စုဝေးစေခဲ့သည်။
ကျန်းရွှီကျိုးသည် အခြေစိုက်စခန်းတွင် သစ်သားစွမ်းရည်ရှိသည့် လူအားလုံးကို စုဆောင်းခဲ့ပြီး နေ့ရောညပါ ဝါဂွမ်းပင်များ စိုက်ပျိုးစေခဲ့သည်။ သူတို့သည်ဂွမ်းအင်္ကျီများ၊ ဂွမ်းဘောင်းဘီများ၊ စောင်များနှင့် အခြားဆောင်းတွင်းသုံးပစ္စည်းများကို ပြုလုပ်၍ အခြေစိုက်စခန်းရှိလူများကို အလုပ်မှတ်နိမ့်နိမ့်ဖြင့် လဲလှယ်ပေးခဲ့လေသည်။ ယခုအချိန်တွင် အခြေအနေသည် အလွန်ကောင်းမွန်စွာ တိုးတက်လာခဲ့ပြီဖြစ်သည်။
ထို့နောက် ကျန့်ယွင်သည် ကျန်းရွှီကျိုးနှင့် တပ်ခွဲမှူး ကျန်းတို့အား အနောက်မြောက်အခြေစိုက်စခန်းတွင် သူတို့၏အတွေ့အကြုံများအကြောင်း ပြောပြခဲ့သည်။ အဆင့်လေး ဖုတ်ကောင်ကို သူတို့ အမှန်တကယ်သုတ်သင်ရှင်းလင်းခဲ့ကြောင်း သိရှိပြီးနောက် ကျန်းရွှီကျိုးသည် ထိတ်လန့်တုန်လှုပ်သွားပြီး ကျေနပ်ဖွယ်အကြည့်ကို ပြသခဲ့သည်။
“မင်းတို့လုပ်နိုင်မယ်ဆိုတာ ငါသိတယ်”
ကျန်းရွှိီကျိုးသည် ရပ်တန့်လိုက်ပြီးနောက် ဆက်ပြောလာလေ၏။
“မင်းတို့အချိန်ကိုက်ပြန်ရောက်လာတာပဲ။ မနက်ဖြန်က နှစ်သစ်ကူးနေ့။ ငါဒီည နည်းနည်းလောက် ဂုဏ်ပြုချင်ပါတယ်။ ကန်တင်းကို စားသောက်စရာတွေ ပိုများများ ပြင်ဆင်ခိုင်းလိုက်မယ်။ ညစာစားပြီးရင် ဗဟိုရင်ပြင်မှာ သီချင်းဆိုအက ဖျော်ဖြေပွဲတွေ လုပ်မယ်။ မင်းတို့ဘယ်လိုထင်လဲ ”
“ကောင်းပါတယ် ”
ကျန့်ယွင်သည် ဒီလိုအစီအစဉ်မျိုးက တကယ်ကောင်းသည်ဟု ထင်သည်။ ကမ္ဘာ့အဆုံးသတ်ရောက်လာပြီးနောက် လူများ၏ဘဝများသည် အလွန်ထုံထိုင်းနေလေသည်။ လူများ ပျော်ရွှင်သည့်အငွေ့အသက်ကို ခံစားခွင့်ရစေပြီး အနာဂတ်မျှော်လင့်ချက်များကို မြင်နိုင်စေဖို့အတွက် ဤသို့သောလှုပ်ရှားမှုမျိုးများကို ကျင်းပဖို့လိုအပ်လေသည်။
“အရမ်းကောင်းတယ်၊ ညနေ ရှစ်နာရီမှာ စမယ်။ မင်းတို့ အချိန်မှန်ရမယ်နော်”
“ကောင်းပါပြီ”
စာရေးသူတွင် ပြောစရာရှိပါတယ်။
【သူစိမ်းများ၏ ပြဇာတ်ငယ်လေး】
စုရှောင်ကျယ်၏ အရေးပါသောအဆင့်မြှင့်တင်မှုပြီးနောက်
ဖြတ်လျှောက်A : ဝိုး၊ ဒီအလှ အရမ်းကောင်းတာပဲ အာ၊ ဘယ်တံဆိပ်လဲ၊ ဘယ်မှာရောင်းလဲ၊ အမြုတေဘယ်လောက်ကျလဲ။
ဖြတ်လျှောက်B : ဒီနှစ်မှာ အလှလေးတစ်ယောက် ဖြစ်ဖို့ တတ်နိုင်တဲ့သူတွေကတော့ သွားနှောင့်ယှက်လို့ မရဘူး။
ကလေး : ကောကော၊ မင်းအရမ်းကြည့်ကောင်းတယ်၊ မင်းက နတ်သူငယ်လေးတစ်ယောက်လားဟင်။
စုရှောင်ကျယ် : ကျန့်ရှောင်ယွင်၊ ကျွန်တော်ကြည့်ကောင်းလား။
ကျန့်ရှောင်ယွင် : ကြည့်ကောင်းပါ့၊ ကြည့်ကောင်းလို့ ကိုယ်မထိန်းနိုင်တော့ဘူး။
စုရှောင်ကျယ် : ???
ကျန့်ရှောင်ယွင် : ချစ်စရာနတ်သူငယ်လေး၊ ကိုယ်မင်းကို ကလေးကြီးတစ်ယောက်ကို ပြမယ်။
စုရှောင်ကျယ် : အိုး၊ ဒါဆို ကျွန်တော်ခင်ဗျားကို ချယ်ရီသီးတစ်လုံးပေးမယ်။
ကျန့်ရှောင်ယွင် : အခုထိအရွယ်မရောက်သေးဘူး၊ အရမ်းသနားစရာကောင်းတာပဲ၊ အခန်း ကိုးဆယ်တောင်ကျော်နေပြီ ငါ့ဇနီးလေးက အခုထိ အရွယ်မရောက်သေးဘူး။
🍒🍒