အခန်း(၉၄)《 နှစ်သစ်တစ်နှစ် 》
Author: Drunken Light Song
Source: Jostena M
Translator: オタク
ကျန်းရွှီကျိုးပြောခဲ့သလိုပင် ကန်တင်းရှိ ညစာသည် ပုံမှန်ထက် အများကြီး ပိုကြွယ်၀လေ၏။ ခရမ်းသီးနှပ်ဟင်း၊ ခရမ်းချဉ်သီးကြက်ဥမွှေကြော်၊ မုန်ညင်းစွပ်ပြုတ်တစ်ပန်းကန် ပါဝင်သည့် ဟင်းပွဲတစ်ဆက်ကို အလုပ်မှတ်နှစ်မှတ်နှင့် ဝယ်လို့ရလေ၏။
ဤကဲ့သို့သောဟင်းနှစ်မျိုးနှင့် စွပ်ပြုတ်တစ်မျိုးသည် ကမ္ဘာပျက်ကပ်မတိုင်မီကဆိုပါက သာမန်ထပ်မပိုနိုင်သော်လည်း ယခုအချိန်တွင်မူ နွေဦးပွဲတော်သည် ယေဘုယျအားဖြင့် ကြွယ်ဝသည်ဟုလူတိုင်းခံစားရစေ၏။
အခြေစိုက်စခန်း၏ ကျိုးကြောင်းဆီလျော်သော စနစ်ကြောင့် သူတို့သည် ပျင်းရိငြီးငွေ့ပြီး ဘာတစ်ခုမှ လုပ်ကိုင်ရန်ဆန္ဒမရှိသူမျိုး မဟုတ်သရွေ့ လူတိုင်းသည် မိမိတို့အတွက် သင့်လျော်သောရာထူးတစ်ခုကို ရှာဖွေနိုင်လေသည်။ ထို့အပြင် အချို့သောရာထူးများသည် ကာယလုပ်သားများလိုအပ်သည့် ရာထူးများဖြစ်သည့်အပြင် သက်ကြီးရွယ်အို၊ အမျိုးသမီးများ၊ ကလေးသူငယ်များနှင့် ယဲ့တဲ့တဲ့သာရှိပြီး ဖျားနာနေသူများအတွက် အထူးပြင်ဆင်ထားသော ရာထူးများလည်း ရှိ၏။ အစားအသောက်နှင့် အဝတ်အစားများ အာမခံအတွက် ပြဿနာမရှိပါချေ။
မကြာသေးမီက ဆောင်းရာသီသို့ ရောက်ရှိလာခြင်းကြောင့် နှင်းသန့်ရှင်းရေးအလုပ်များတိုးလာပြီး ရရှိသည့်အလုပ်အမှတ်များ မြင့်မားရုံသာမက အနွေးထည်နှင့် ရေနွေးတို့ကိုလည်း ထောက်ပံ့ပေးခဲ့ပြီး အလွန်လူသားဆန်သည်ဟုဆိုနိုင်သည်။
ကျန့်ယွင်နှင့်စုရွေ့ကျယ်တို့သည် အကျီအထူကြီးများဝတ်ကာ ပူပူနွေးနွေး အစားအစာအတွက်ကန်တင်းသို့သွားကြပြီးနောက် ဖျော်ဖြေပွဲအား အချိန်မှန်ကြည့်ရှုနိုင်ရန် ဗဟိုရင်ပြင်သို့သွားကြလေသည်။
နှစ်သစ်ကူးပွဲတော်ကို ည ၈ နာရီတွင် စတင်ကျင်းပပေမယ့် ၈ နာရီမတိုင်မီကတည်းက ဗဟိုရင်ပြင်သည်လူစည်ကားနေပြီဖြစ်၏။ နေရာတိုင်းကို မီးရောင်များနှင့် အလှဆင်ထားသော စင်အသေးတစ်ခုကို ရင်ပြင်ငယ်၏အလယ်ဗဟို၌ ဆင်ထားလေသည်။
ဤတစ်ကြိမ်၌ အဓိကဖျော်ဖြေသူများကတော့ တပ်မတော်ထဲမှ အနုပညာရှင်စစ်သားအချို့နှင့် ဖျော်ဖြေဖို့အထူးဖိတ်ကြားထားသူများဖြစ်ကြသည်။ ထိုလူများသည် ကမ္ဘာပျက်ကပ်မတိုင်ခင်က ကျော်ကြားသော နာမည်ကြီး အဆိုတော်များနှင့်အကသမားများ ဖြစ်ကောင်းဖြစ်နိုင်သည်။ ဖျော်ဖြေပွဲအတွက် ငါးယောက် ခြောက်ယောက်သာ လိုအပ်သော်လည်း ဖျော်ဖြေမှုတစ်ခုတစ်ခုအတွက် အလုပ်ရမှတ် 20 သာရရှိလေသည်။
ဗဟိုရင်ပြင်ရှိ အလင်းရောင်နှင့်အသံစနစ်သည် အတော်လေး ရိုးရှင်းသော်လည်း သူအားလုံး အလွန်နှစ်သက်ကြ၏။ အများစုမှာ သူတို့၏ မျက်လုံးများတွင် မျက်ရည်များပင် ဝိုင်းနေကြ၏။ သူတို့အသက်ရှင်နေဆဲဖြစ်ပြီး မျှော်လင့်ချက်များ ရှိနေသည်ဟု ခံစားနေကြရသည်။
နှစ်သစ်ကို စတင်ခဲ့ပြီးဖြစ်၏။
“ခေါင်းဆောင်ကျန့်၊ လူကြီးမင်းစု ”
ဖျော်ဖြေပွဲအပြီးတွင် လူအုပ်ကြီးသည် ဖြည်းညှင်းစွာ လူစုခွဲလိုက်သောအခါ တစ်စုံတစ်ယောက်သည် ရုတ်တရက် ကျန့်ယွင်နှင့် စုရွေ့ကျယ်တို့ကို လှမ်းခေါ်လာလေ၏။
သူတို့ပြန်လှည့်ကြည့်လိုက်ပြီး ကျန်းမောင့်ရုန်၊ လင်းကျားနှင့် ရွှီဖုန့်ယင်း တို့ကိုတွေ့လိုက်ကြ၏။ သူတို့ လုံး၀အံ့အားသင့်သွားလေ၏။ ရွှီဖုန့်ယင်း၏မျက်လုံးများသည် အနည်းငယ်နီနေဆဲဖြစ်၏။
“အဲ့ဒါခင်ဗျားတို့ပဲ၊ ဘယ်လိုနေလဲ။ ခင်ဗျားတို့ ဒီမှာ နေရတာ အသားကျပြီလား”
“ငါတို့ အသားကျနေပြီ၊ အရမ်း ကောင်းတယ်။ ဒီထက်ပိုကောင်းဖို့ မဖြစ်နိုင်တော့ဘူး”
လူတစ်ချို့၏ မျက်နှာများသည် ဖုံးကွယ်လို့မရသည့်အပြုံးများနှင့် ပြည့်နေခဲ့လေသည်။
“ကျေးဇူးအများကြီးတင်ပါတယ်၊ ကမ္ဘာပျက်ကပ်ကာလကြီးထဲမှာ တောင်ပိုင်းအခြေစိုက်စခန်းလိုနေရာမျိုး ရှိလိမ့်မယ်လို့ ဘယ်တုန်းကမှ မထင်ထားခဲ့ကြဘူးလေ”
လင်းချန်အခြေစိုက်စခန်းနှင့် နှိုင်းယှဉ်ပါက တောင်ပိုင်းအခြေစိုက်စခန်းသည် သုခဘုံတစ်ခုဖြစ်၏။
ကျန့်ယွင်ပေးလိုက်သော မြေပုံအရ တောင်ပိုင်းအခြေစိုက်စခန်းသို့ သူတို့ ရောက်လာကြသောအခါ သူတို့ အလွန်စိုးရိမ်နေခဲ့ကြသည်။
တောင်ပိုင်းအခြေစိုက်စခန်းသည် တောက်ပသည့်မီးရောင်များနှင့် ပြည့်နေလေသည်။ လက်နက်ကိုင်တပ်သားအများအပြားသည် ဂိတ်၀၌ ရပ်နေကြလေ၏။ အခြေစိုက်စခန်းထဲသို့ဝင်ဖို့ တန်းစီနေကြချိန်တွင် တင်းကြပ်သည့်ကာကွယ်ရေးနှင့် စနစ်တကျဖွဲ့စည်းထားသည့်အဖွဲ့ကြောင့် သူတို့ အလွန်စိတ်လှုပ်ရှားနေခဲ့ကြလေသည်။
သို့သော် သူတို့ အခြေစိုက်စခန်းထဲသို့ ဝင်ရောက်သည့်အချိန်တွင် သူတို့အတွက် အထူးလမ်းညွှန် ချက်များရှိပြီး သူတို့ စာရင်းသွင်းခဲ့ကြသည်။ အသစ်ရောက်လာသူများအားလုံးတွင် သုံးရက်တာ အခမဲ့တည်းခိုခွင့်ရှိကြသည်။ သူတို့စိတ်ကူးထားသမျှကိုကျော်လွန်သွားသည့် ပူပူနွေးနွေးအစားအစာများ၊ ဟင်းပူပူများနှင့် ဟင်းချိုများကို စားခဲ့ကြသည်။ အပူချိန် အလွန်ကျဆင်းသွားခြင်းကြောင့် တည်းခိုခန်းများမှာတောင် သူတို့အားအနွေးမီးဖိုတစ်ခု အခမဲ့ထောက်ပံ့ပေးလေသည်။
လေအေးပေးစက်နှင့်အပူပေးစက်များနှင့် မယှဉ်နိုင်သော်လည်း သူတို့အား နွေးနွေးထွေးထွေးရှိစေပါ၏။
သူတို့သည် ကျန့်ယွင် ထောက်ခံအကြံပြုပေးထားသော လူများဖြစ်ကြောင်းကိုပင် မဖော်ပြခဲ့ကြသော်လည်း အခြားအသက်ရှင်ကျန်ရစ်သူများကဲ့သို့ တူညီသောဆက်ဆံမှုကို ကျေနပ်ရောင့်ရဲခဲ့ကြသည်။
သူတို့အားလုံးတွင် ခွန်အား အများကြီးရှိကြ၏။ အခြေစိုက်စခန်းတွင် အလုပ်အကိုင်များ အလွယ်တကူရှာနိုင်သည်မို့ စားနိုင် သောက်နိုင် အိပ်ရေးဝ၀အိပ်နိုင်ကြလေသည်။ သူတို့သည် အလွန်အလုပ်ကြိုးစားကြပြီး မကြာခင်မှာပင် တရားဝင်မှတ်ပုံတင်ကတ်နှင့် အလုပ်အမှတ်များ ရခဲ့ကြ၏။ သူတို့ ကောင်းကောင်းစားချင်ပါက ပြဿနာလုံး၀မရှိပါချေ။ ကောင်းမွန်သောဟင်းပွဲများကိုပင် စားနိုင်ကြသည်။
နောက်ပိုင်း၌ အခြေစိုက်စခန်းသည် အလုပ်မှတ်အနည်းငယ်နှင့်သာ လဲလှယ်နိုင်သည့် ချည်သားအ၀တ်အစားများ၊ ဘောင်းဘီရှည်များနှင့် စောင်များကို ထောက်ပံ့ပေးခဲ့သည်။ သူတို့သည် အိပ်မက်ထဲတွင် နေထိုင်နေရသကဲ့သို့ အမှန်တကယ် ခံစားခဲ့ကြရသည်။
ကျန်းမောင့်ရုန် နှင့် ရွှီဖုန့်ယင်းတို့သည် အခြေစိုက်စခန်းသို့ ဝင်ရောက်သောအခါတွင် သူတို့၏ အရည်အချင်းများကို မဖုံးကွယ်ထားခဲ့ကြဘဲ ကိုယ်တိုင်ကိုယ်ကျ မြို့စောင့်တပ်တွင် ပါဝင်ခဲ့ကြသည်။ သို့သော် လင်းကျားသည် တမင်ကွယ်ဝှက်ထားခဲ့ကာ ထောင်ကျခံနေရသောဘဝကို အမှန်တကယ် မနေထိုင်လိုသောကြောင့် ဖြစ်သည်။
သို့သော် အခြေစိုက်စခန်းထဲရှိ ဤအသက်ရှင်နေထိုင်ရသည့်ကာလပြီးနောက် အခြေစိုက်စခန်းသည် လင်းကျားကို လုံခြုံသည့်ခံစားချက်ကို ပေးစွမ်းခဲ့ပြီး ပိုင်ဆိုင်ခဲ့ရသည်။ သူသည် ကုသပေးသူအဖြစ် သူ့လက္ခဏာနှင့် အခြေစိုက်စခန်းတွင် ပါ၀င်ကူညီလိုသည့်ဆန္ဒကိုဖော်ပြပြီး စတင်လုပ်ဆောင်ခဲ့သည်။
အသေအချာပင်၊ လင်းကျား၏ ကုသနိုင်စွမ်းကို အခြေစိုက်စခန်းမှ အလွန်တန်ဖိုးထားခဲ့လေသည်။ သူသည် ဆေးကုသရေးဌာနသို့ ဝင်ရောက်ခဲ့ပြီး ကြွယ်၀သည့်ဆက်ဆံမှုကို ရရှိခဲ့သည်။ တောင်ပိုင်းအခြေစိုက်စခန်းသည် သူ့အား လင်းချန်အခြေစိုက်စခန်းကဲ့သို့ မဆက်ဆံခဲ့ဘဲ လေးလေးစားစားနှင့် အကာအကွယ်ကြီးမားစွာ ပေးခဲ့သည်။
အခြေစိုက်စခန်းသည် သူ့အား ကုသပေးသူအဖြစ် အဆင့်အတန်းဂုဏ်ပုဒ်ကို ထုတ်ဖော်မပြခဲ့ရုံသာမက သာမန်ဆရာဝန်တစ်ဦးကဲ့သို့ပင် ဆေးကုသရေးဌာနတွင် အလုပ်လုပ်စေခဲ့သည်။ သူကုသပေးခဲ့သော လူနာများအားလုံးသည် အလွန်လျင်မြန်စွာ ပြန်လည်ကောင်းမွန်လာခဲ့သည်။ လူတိုင်းက ထင်မြင်ယူဆခဲ့ကြသည်မှာ သူ့ ထူးချွန်သောဆေးကုသမှုအရည်အချင်းနှင့် အခြေစိုက်စခန်း၏ "အထူးဆေး" ဟုခေါ်သည့်အရာကြောင့်ဟု ဖြစ်လေသည်။ လူတိုင်းသည် သူ့အား ဒေါက်တာလင်းဟု ခေါ်ကြသည်။
လင်းကျားသည် တောင်ပိုင်းအခြေစိုက်စခန်းတွင် နေထိုင်သည့်နေ့ရက်တိုင်း အလွန်စိတ်အေးလက်အေး ပျော်ရွှင်နေခဲ့သည်။ သူတို့အများစုမှာ ကျန့်ယွင်နှင့် စုရွေ့ကျယ်တို့ကို အချိန်အကြာကြီး စကားစမြည်ပြောရန် ခေါ်သွားခဲ့ကြကာ သူတို့၏ နေထိုင်ရာလိပ်စာကို ချရေးမှတ်ပြီး တွန့်ဆုတ်စွာ နှုတ်ဆက်ခဲ့ကြသည်။
ကျန့်ယွင်နှင့်စုရွေ့ကျယ်တို့သည် သူတို့၏ အဆောက်အဦးသို့ ပြန်လာပြီးနောက် စုရွေ့ကျယ်သည် တိတ်ဆိတ်သွားလေ၏။ ကျန့်ယွင်သည် သူ့စိတ်ထဲတွင် ဘာဖြစ်နေမှန်းသိပုံရပြီး သူ့လက်ကို ညင်ညင်သာသာ ဆုပ်ကိုင်ထားခဲ့သည်။
စုရွေ့ကျယ်သည် ကျန့်ယွင်ကိုကြည့်လိုက်ပြီး သူ့လက်ကိုဆုပ်ကိုင်လိုက်ကာ သူ့နေရာလွတ်ထဲသို့ ခေါ်သွားခဲ့သည်။ ၎င်းသည် စုရွေ့ကျယ်၏ နေရာလွတ်ထဲသို့ ကျန့်ယွင်၀င်ရောက်လာသည့် ဒုတိယအကြိမ်ဖြစ်လေသည်။ စုရွေ့ကျယ်၏စွမ်းရည်ကို အဆင့်မြှင့်တင်ပြီးနောက် သူ့နေရာလွတ်သည် အလွန်ပြောင်းလဲသွားခဲ့သည်။
【TN : ဒုတိယအကြိမ်ဆိုတာ ဘာလို့လဲမသိဘူး။ ရှောင်ကျယ် ပထမဆုံး ထုတ်ပြောတုန်းကလည်း ၀င်ခဲ့တယ်။ ကြွက်တွေကြောင့် အခြေစိုက်စခန်းစားစရာလိုလို့ နောက်ပိုင်းစပါးတွေ ရိတ်တုန်းကလည်း ၀င်ခဲ့တယ်။ စာရေးသူပဲ မေ့ပြီး မှားတာလားတော့ ကိုယ်လည်း မသိတော့ပါ။ အဆင့်မြှင့်တင်ပြီးမှ ၀င်တဲ့ ဒုတိယအကြိမ်ကိုပြောတာလည်းဖြစ်နိုင်ပါတယ်။ 】
မူလတောင်ကြားသည် နှစ်ဆကြီးလာ၏။ ဥယျာဉ်ခြံများသည် အသီးအနှံများဖြင့် ပြည့်နှက်နေကာ လယ်ကွင်းများသည် ရွှေရောင်စပါးများနှင့် ပြည့်နေ၏။ ဟင်းရွက်ခင်းများကလည်း ဟင်းသီးဟင်းရွက်မျိုးစုံဖြင့် ပြည့်နှက်နေလေ၏။ ပွင့်လင်းသော လဟာပြင်နေရာများတွင် ကြက်အုပ်များနှင့် ဘဲအုပ်များ လှည့်ပတ်သွားလာနေကြပါသည်။
ကျွဲနွား နှင့် သိုးတို့သည် မြက်ခင်းစိမ်းစိမ်းပေါ်တွင် မြက်စားနေကြ၏။ စမ်းချောင်းထဲတွင် ဆူဖြိုးသောငါးကြီးများဖြင့် ပျော်ပျော်ရွှင်ရွှင် ခုန်ပေါက်နေကြသည်။ မြေပြင်ပေါ်တွင် စုပုံထားသော ကမ္ဘာပျက်ကပ်မဖြစ်မီက စုဆောင်းထားခဲ့သော ပစ္စည်းများကို မဆိုထားနှင့် ၎င်းကိုပင် သုခဘုံတစ်ခုဟု ခေါ်ဆိုနိုင်လေသည်။
ကျန့်ယွင်သည် သူ့ဆိုလိုရင်းကိုနားလည်၏။ လင်းကျား၏စကားများကို ကြားပြီးနောက် စုရွေ့ကျယ်သည် နေရာလွတ်စွမ်းအားရှင်တစ်ယောက်ဖြစ်သည့် သူ့ကိုယ်ပိုင်လက္ခဏာကို ဆက်လက်မဖုံးကွယ်လိုတော့ချေ။ သူ့နေရာလွတ်ထဲတွင် တောင်ပိုင်းအခြေစိုက်စခန်းအတွက် အလိုအပ်ဆုံးအရာများဖြစ်သည့် အရင်းအမြစ်များစွာရှိလေ၏။
လင်းကျား၏ ကုသခြင်းစွမ်းအားသည် စုရွေ့ကျယ်၏ နေရာလွတ်စွမ်းရည်ကဲ့သို့ပင် အထူးဖြစ်ကာ မက်မောဖွယ်ကောင်းသည်။ သို့သော်လည်း တောင်ပိုင်းအခြေစိုက်စခန်းသည် အသုံးချရန်နှင့် ဆန့်ကျင်ကြံစည်ခြင်းထက် ကာကွယ်ပေးရန် ရွေးချယ်ခဲ့သည်။
စုရွေ့ကျယ်သည် အလွန်တုန်လှုပ်သွားခဲ့သည်။ တောင်ပိုင်းအခြေစိုက်စခန်းသည် လူအများအတွက် လက်တွေ့ကျသည့်အရာများကို လုပ်ဆောင်နေပြီး ကမ္ဘာကြီး၏အဆုံးသတ်အချိန်တွင် လူများကို ပိုမိုကောင်းမွန်စွာရှင်သန်နိုင်ရန် အမှန်တကယ်ကူညီပေးလိုကြောင်း ခံစားခဲ့ရသည်။ ထိုအတွက် သူ့တာဝန်ကို ထမ်းဆောင်နိုင်မည်ဟု သူမျှော်လင့်ခဲ့သည်။
“မင်းလုပ်ချင်တာကိုလုပ်ပါ။ မင်းဘာပဲဆုံးဖြတ်ဖြတ် ကိုယ်မင်းကိုထောက်ခံပေးမယ်”
ကျန့်ယွင်သည် သူ့နဖူးလေးကို ညင်သာစွာ အနမ်းတစ်ပွင့် ခပ်နှိပ်လိုက်၏။
“ကျေးဇူးတင်ပါတယ်”
သူ ကျန့်ယွင်၏ခါးကို ပွေ့ဖက်လိုက်ပြီး သူ့ရင်ဘတ်ကို မှီတွယ်နေလိုက်၏။ ကျန့်ယွင်၏ အားကောင်းသောနှလုံးခုန်သံကို နားထောင်နေရင်း သူ စိတ်သက်သာရာရသွားသလို ခံစားလိုက်ရသည်။
သူ့ကိုယ်သူ ပြန်လုပ်ဆောင်ဖို့ နောက်တစ်ကြိမ်အခွင့်အရေးတစ်ခုပေးခဲ့ပြီး လုံးဝခြားနားသည့် ဘဝတစ်ခုကို ပေးခဲ့သည့်အတွက် ဘုရားသခင်ကို သူ တကယ်ပဲ ကျေးဇူးတင်ခဲ့သည်။
စာရေးသူမှာ ပြောစရာရှိပါတယ်။
【လမ်းမပေါ်ကပြဇာတ်ငယ်လေး】
ကျန့်ရှောင်ယွင် : နှစ်သစ် စပြီ။ စုရှောင်ကျယ် အသက်တစ်နှစ်ကြီးလာလိမ့်မယ်။ စုရှောင်ကျယ် အရွယ်ရောက်လာပြီ။ အရွယ်ရောက်သွားပြီ။ ဇနီးတစ်ယောက်ဖြစ်လာပြီ။
စုရှောင်ကျယ် : (ရင်ဘတ်ကို လက်နှစ်ဖက်ဖြင့် အုပ်ထား) ထွက်သွား။
သုန်သုန် : ရှောင်ဟေး၊ ညီအကိုတို့၊ အနမ်းလေးတစ်ခုပေးကြစို့။ ပွေ့ဖက်ကြစို့။
ရှောင်ဟေး : မြောင် ~( သုန်သုန်ကို ပွေ့ဖက်ထား)
သုန်သုန် : တစ်ခုခုမှားနေလို့လား။
ကျင်းကျဲ : ကျန့်ရှောင်စန်းက သူလိုချင်တဲ့အရာကို ရတော့မယ်ပုံရတယ်။
လျန်ကော : အောင်ပွဲခံဖို့ နမ်းကြစို့။
ကျန့်ကျားဟယ် : နတ်ဘုရားမ၊ ကျွန်တော်လည်း နမ်းချင်တယ်။ ပွေ့ဖက်ပြီး မြင့်မြင့်မြှောက်ချင်တယ်။
ချန်းကျောင်း : နင် ဘယ်လောက်မြင့်ချင်လဲ။ ကောင်းကင်နဲ့ တတန်းတည်းလား။ မနက်မိုးလင်းရင် နင့်ကို ကောင်းကင်ဘုံထိ ငါ ပို့ပေးနိုင်မယ်လို့ ထင်တယ်။
ဒေါက်တာစုန့်နှင့်ချန်းချီတို့ တစ်ယောက်ကိုတစ်ယောက် ကူကယ်ရာမဲ့စွာ ကြည့်လိုက်၊ အေးစက် တုန်ယင်သွား : ဘာလို့လဲ၊ မျက်လုံးတွေ ပူနေတယ်။
🍒🍒