အခန်း(၉၅)
Viewers 12k


အခန်း(၉၅)《 နေရာလွတ်စွမ်းရည် 》


Author: Drunken Light Song

Source: Jostena M

Translator: オタク


သူတို့ ဆုံးဖြတ်ချက်ချခဲ့သော်လည်း ကျန်းရွှီကျိုးဆီသို့ ချက်ချင်းမသွားကြချေ။ ထိုအစား တစ်ဖွဲ့လုံးကို အတူတကွစုလိုက်၏။ စုန့်ချန်ရှုသည် ကျန့်ယွင်၏ သူငယ်ချင်းကောင်းဖြစ်၏။ 


ချန်းချီနှင့်ချန်းကျောင်းတို့သည် သူ့ငယ်သူငယ်ချင်းများဖြစ်၏။ ကျန့်ကျားဟယ်နှင့် တခြားသူများသည် ကမ္ဘာပျက်ပြီးနောက်မှသာ တစ်ယောက်နှင့်တစ်ယောက် သိကျွမ်းလာခဲ့ကြခြင်းဖြစ်သော်လည်း သူတို့သည် ထိုအချိန်ကတည်းက အတူတူရှိနေပြီးနောက် လေးနက်သောအပြောင်းအလဲများစွာ၊ ကံကြမ္မာ၊ ရင်းနှီးကျွမ်း၀င်မှု နှင့် နီးကပ်သောဆက်ဆံရေး ရှိခဲ့ကြသည်။ 


အနောက်မြောက်အခြေစိုက်စခန်းမှာရှိစဉ်အချိန်ကို မဆိုထားနှင့် သူတို့အချင်းချင်း ခင်မင်ရင်းနှီးပြီးသားဖြစ်ကြလေသည်။ နေရာလွတ်ထဲမှ ပစ္စည်းများအကြောင်းကို သူတို့အလည်းအသိပေးရန် လိုအပ်သည်။ သူတို့ညီအကိုများကို နောက်ဆုံးမှသိစေခြင်းသည် အဓိပ္ပာယ်ရှိသည့်ကိစ္စမျိုးမဟုတ်ချေ။


ကျန့်ကျားဟယ် နှင့် အခြားသူများကို အတူတကွခေါ်လိုက်ကြသောအခါ သူတို့ အနည်းငယ်စိတ်ရှုပ်‌ထွေးနေကြသေးသည်။ သူတို့ လုပ်စရာ တစ်ခုခု ရှိနေပြီဟု ထင်ခဲ့ကြသောကြောင့် သူတို့အားလုံးသည် ပြင်ဆင်မှုတချို့လုပ်ခဲ့ကြသည်။ပြင်းထန်သောစစ်ရေးအငွေ့အသက် ရှိသည့် ချန်းချီနှင့် ချန်းကျောင်းတို့သည် သူတို့အထုပ်အပိုးအိတ်များကိုပင် ထုပ်ပိုးပြီး ပြင်ဆင်ခဲ့ကြသည်။


သို့သော် ကျန့်ယွင်နှင့်စုရွေ့ကျယ်တို့သည် စုရွေ့ကျယ်၏နေရာလွတ်ကို အဆင့်မြှင့်တင်ပြီးဖြစ်သည့်အကြောင်းကို ပြောချင်သည်ဟုကြားသည့်အခါမှ လူတိုင်း စိတ်အေးလက်အေးဖြစ်သွားကြလေသည်။ သူတို့အဖွဲ့တွင်ပါ၀င်ကြပြီးနောက် စုရွေ့ကျယ်တွင် ကြီးမားသောနေရာလွတ်တစ်ခုရှိကြောင်း သူတို့သိခဲ့ကြပြီးဖြစ်သည်။ ထို့အပြင် ထိုနေရာလွတ်သည် သက်ရှိသတ္တဝါများကို သိမ်းဆည်းထားနိုင်ခြင်း၊ လတ်ဆတ်သော သစ်သီးဝလံများနှင့် ဟင်းသီးဟင်းရွက်များအပြင် ပစ္စည်းမျိုးစုံတို့ကိုလည်း သိမ်းဆည်းထားနိုင်ကဲ့သို့ လုပ်ဆောင်ချက်လည်း ရှိလေသည်။ စူပါမားကတ်တစ်ခုလုံး၏ ပစ္စည်းများကို ယူထားခဲ့ကြောင်း ကျန့်ကျားဟယ်ထံမှ သူတို့ ကြားသိခဲ့ကြသည်။


သို့သော်လည်း စုရွေ့ကျယ်၏ နေရာလွတ်သည် အထဲတွင် စိုက်ပျိုးနိုင်ပြီး တိရစ္ဆာန်များ ပေါက်ဖွားကြီးထွားနိုင်သည်ကို သိလိုက်ကြသောအခါတွင် သူတို့၏ မျက်နှာများမှိုင်းတိုင်းသွားကြလေ၏။ ပြန်လည်ကောင်းမွန်ရန် အချိန်အတော်ကြာခဲ့လေသည်။


“ရှောင်ကျယ်၊ မင်းက နတ်ဘုရားတစ်ပါးပဲ ”


ကျန့်ကျားဟယ်သည် စုရှောင်ကျယ်သည် သန်မာသောရွှေပေါင်လုံးကြီး၊ ရွေ့လျားဂိုဒေါင်နှင့် ရွေ့လျားလက်နက်သိုလှောင်ရုံတစ်ခုဟု အမြဲတွေးထားခဲ့သည်။ သို့သော် ယခုအချိန်၌ ဤရွှေပေါင်လုံးကြီးသည် အဆများစွာပိုသန်မာပြီး ရွှေရောင်ဆင်ခြေထောက်ကြီးဖြစ်သွားသည်ကို သူတွေ့ရှိခဲ့ရလေသည်။


နေရာလွတ်သည် ရွေ့လျားဂိုထောင်တစ်ခုအဖြစ်မှ ရွေ့လျားမွေးမြူရေးခြံနှင့် ခြံဝိုင်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီ။ စုရွေ့ကျယ်သည် နေရာလွတ်၏ တည်ရှိမှုအကြောင်းကို ကျန်းရွှီကျိုးအား ပြောပြချင်နေခဲ့၏။ တစ်ခဏမျှ တိတ်ဆိတ်သွားပြီးနောက် သူတို့အားလုံး သဘောတူညီခဲ့ကြသည်။ ကမ္ဘာပျက်ကြီးသည် ရောက်ရှိလာခဲ့ပြီးဖြစ်လေ၏။ နေရာတိုင်းတွင် လူသားစားဖုတ်ကောင်များ ရှိနေကြသည်။


ရာသီဥတုနှင့် ပတ်ဝန်းကျင်သည် ဆိုးဆိုးရွားရွားဖြစ်လာခဲ့ပြီး အစာရေစာသည် အလွန်ရှားပါးလာခဲ့သည်။ လူများသည် နေ့တိုင်း ငတ်ပြတ်သေဆုံးနေကြ၏။ စုရွေ့ကျယ်၏ မှော်ဆန်သည့်နေရာလွတ်သည် လူများကို အများကြီး ကူညီပေးနိုင်လေသည်။ အမှန်ပင်၊ သူ ဖုံးကွယ်ထားပြီး မည်သူတစ်ဦးတစ်ယောက်ကိုမှ မပြောပြရန်လည်း ရွေးချယ်နိုင်သည်။ သို့သော် သူ့စိတ်သည် ရှင်းရှင်းလင်းလင်းဖြစ်မလာနိုင်ချေ။


【TN : မပြောပြဘဲဖုံးကွယ်ထားရင် ကြာလာရင် သူအပြစ်ရှိစိတ်ခံစားလာရနိုင်တယ် လို့ပြောချင်တာပါ။】


လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း၌ တောင်ပိုင်းအခြေစိုက်စခန်းအား ကျန်းရွှီကျိုးနှင့်တပ်ခွဲမှူးကျန်းမှ အနိမ့်ဆုံးအဆင့် စစ်သားများမှနေ အပေါ်မှအောက်ခြေအထိ စနစ်တကျ စီမံခန့်ခွဲနိုင်ခဲ့ကြသည်။ သူတို့တစ်ဦးချင်းစီတိုင်းသည် ပြည်သူ့အကျိုးအတွက် စေတနာအပြည့်ဖြင့် လုပ်ဆောင်ခဲ့ကြသည်။


ကျန်းရွှီကျိုးသည် သာမာန်လူများကဲ့သို့ပင် ကန်တင်း၌စားသောက်ပြီး အစည်းအဝေးများကို မနက်မှ ညအထိပြုလုပ်ခဲ့ကာ အခြေစိုက်စခန်း၏ အနာဂတ် ဖွံ့ဖြိုးတိုးတက်မှုနှင့် အခြေစိုက်စခန်းတည်ဆောက်မှုများကို ဆက်တိုက်စဉ်းစားနေခဲ့ပြီး အတွေးအမြင်အားလုံးကို လျင်မြန်ထိရောက်စွာ အကောင်အထည်ဖော်ခဲ့သည်။


ဤကာလအတွင်း သူတို့သည် လင်းချန်အခြေစိုက်စခန်းကဲ့သို့သော ကိုယ်ပိုင်အခြေစိုက်စခန်းငယ်များကိုမဆိုထားနှင့် အခြေစိုက်စခန်းများစွာကို ဖြတ်သန်းခဲ့ကြရသော်လည်း စစ်တပ်နောက်ခံတစ်စိတ်တစ်ပိုင်းရှိသော ၀မ်ချန်းအခြေစိုက်စခန်းကဲ့သို့သော အခြေစိုက်စခန်းများသည်လည်း ပရမ်းပတာဖရိုဖရဲဖြစ်နေခဲ့ကြသည်။


ဖုတ်ကောင်များ၏ ခွန်အားများ တိုးလာသည်နှင့်အမျှ စစ်တပ်သေနတ်များ၏ စွမ်းအားလည်း အကန့်အသတ် ရှိလေသည်။


စွမ်းအားရှင်များ၏ စွမ်းအားကို အားကိုးအားထားပြုရသော်လည်း အချို့သော စွမ်းအားရှင်များ၏ မောက်မာမှုကို အားပေးရာရောက်လေသည်။ ထိုစွမ်းရည်များနိုးထလာကြချိန်တွင် သူတို့သည် အခြားသူများထက် သာလွန်သည်ဟု ထင်မြင်ခဲ့ကြသည်။ သူတို့သည် သာမန်လူများကို လူသားများအဖြစ် မဆက်ဆံကြချေ။ သူတို့သည် မီးရှို့၊ သတ်ဖြတ်၊ လူများကို လုယက်ကာ စစ်တပ်၏ တရားစီရင်ပိုင်ခွင့်ကို နာခံခြင်းမရှိကြချေ။ စစ်တပ်သည် သူတို့အား ဖုတ်ကောင်များကိုတိုက်ထုတ်ရန်အားကိုးပြီး အတိုက်အခိုက်ရပ်စဲထားခြင်းသည် ထပ်ခါ ထပ်ခါဖြစ်လာကာ အခြေစိုက်စခန်းတစ်ခုလုံးကို ရှုပ်ယှက်ခတ်စေလေသည်။


သို့သော်လည်း တောင်ပိုင်းအခြေစိုက်စခန်းသည် ထိုကဲ့သို့မဟုတ်ချေ။ စီမံခန့်ခွဲမှုသည် လူသားဆန်ပြီး ဆုလာဘ်များနှင့် ပြစ်ဒဏ်များသည် အလွန်ရှင်းလင်းပြတ်သား၏။ တောင်ပိုင်းအခြေစိုက်စခန်းသည် ကမ္ဘာပျက်ကပ်ကြီးအတွင်းတွင် ရှားရှားပါးပါး နိဗ္ဗာန်ဘုံတစ်ခုဟု ဆိုနိုင်လေသည်။ ဤနေရာသို့ လူများရောက်လာသမျှ ကာလပတ်လုံး သူတို့သည် ထွက်ခွာသွားချင်ကြမည် မဟုတ်ပေ။


တောင်ပိုင်းအခြေစိုက်စခန်း အတော်လေး ဖွံ့ဖြိုးတိုးတက်လာရခြင်းအကြောင်းရင်းမှာ ကျန်းရွှီကျိုး၏ မှန်ကန်မျှတသော စီမံခန့်ခွဲမှုကြောင့်သာမက ကျန့်ယွင်နှင့်သူ့အဖွဲ့သည် တိတ်တဆိတ်ကူညီထောက်ပံ့ပေးနေခြင်းကြောင့်လည်းဖြစ်လေသည်။ နှစ်ဦးနှစ်ဖက်စလုံးသည် တစ်ဖက်နှင့်တစ်ဖက် ဖြည့်ဆည်းပေးကြကာ မရှိမဖြစ်လိုအပ်ကြလေသည်။


စုရွေ့ကျယ် ပြန်လည်မွေးဖွားသည်ကိုသိသော လူအနည်းငယ်ထဲမှ တစ်ဦးဖြစ်သော စုန့်ချန်ရှုသည် အံ့အားသင့်သွားပြီး စုရွေ့ကျယ်သည်သူ့ နေရာလွတ်စွမ်းရည်အကြောင်းကို ဝန်ခံဖော်ထုတ်လိုသောကြောင့် ချီးကျူးခဲ့သည်။


စုရွေ့ကျယ် သူ့အရင်ဘဝက မည်သို့သေဆုံးသွားခဲ့ ရသလဲဆိုသည်ကို သူသိသည့်အတွက်ကြောင့် သူအံ့ဩခဲ့ခြင်းဖြစ်၏။ စုရွေကျယ်သည် သူ့ထူးခြားမှုကို မည်သူတစ်ဦးတစ်ယောက်ကိုမှ မပြဘဲ ဖုံးကွယ်ဖို့ရွေးချယ်လိမ့်မည်ဟု သူထင်ခဲ့သည်။ သို့သော် ဤကဲ့သို့ ရဲရင့်သည့် ဆုံးဖြတ်ချက်ပြုလိမ့်မည်ကို သူမမျှော်လင့်ထားခဲ့ပါချေ။ လူတွေ သူ့ကို မချီးကျူးမိဘဲ ဘယ်လိုနေနိုင်မှာလဲ။ အပြည့်အဝကြီးပြင်းမလာသေးသော အရွယ်မရောက်သေးသူသည် သူ့ယခင်ဘဝ၌ သစ္စာဖောက်မှုများနှင့် ဆင်းရဲဒုက္ခမျိုးစုံသည် သူ့အတွင်းစိတ်ကောင်းများကို မသတ်နိုင်ခဲ့ပေ။


စုရွေ့ကျယ်၏ဆုံးဖြတ်ချက်ကို ထောက်ခံရန် သူရွေးချယ်ခဲ့သော်လည်း တစ်ချိန်တည်းမှာပင် သူ့အား သေခြင်းတရားမှကာကွယ်ပေးရန် အဆင်သင့်ဖြစ်နေခဲ့သည်။ သူ့ယခင်ဘဝက သူတို့ပြုလုပ်ခဲ့သည့်အတိုင်း တစ်စုံတစ်ယောက်သည် သူ့အားသုတေသနပြုလုပ်လိုပါက သူ ထိုလူအား ငရဲသို့ပို့ဆောင်ပေးလိုက်မည်ဖြစ်သည်။


သူတို့အားလုံးသည် စုရွေ့ကျယ်၏ဆုံးဖြတ်ချက်ကိုသဘောတူခဲ့ကြပြီး ဘာတွေပဲဖြစ်လာပါစေ သူ့အားကာကွယ်ပေးရန် သူတို့အစွမ်းကုန်ကြိုးစားကြဖို့ အဆင့်သင့်ဖြစ်နေခဲ့ကြသည်။


ယခုအချိန်တွင် သူတို့ ဆုံးဖြတ်ချက်ကောင်းတစ်ခုချပြီးသည်နှင့် မနှောင့်နှေးနေကြဘဲ ကျန်းရွှီကျိုးဆီသို့ တိုက်ရိုက်သွားခဲ့ကြသည်။


ထိုအချိန်တွင် သန်းခေါင်ကျော်နေပြီဖြစ်ကာ ကျန်းရွှီကျိုးလည်း အိပ်ယာဝင်နေပြီဖြစ်သည်။ သို့သော်လည်း ကျန့်ယွင်နှင့်သူ့အဖွဲ့သားများသည် သူ့အားရှာနေကြောင်း သိလိုက်ရသည့်အချိန်တွင် ချက်ချင်းပင် အိပ်ယာထဲမှ ခုန်ဆင်းကာ အ၀တ်အစားအမြန်ဝတ်ပြီး သူတို့အားတွေ့ဆုံရန် အစည်းအဝေးခန်းသို့ သွားခဲ့လေသည်။


တပ်ခွဲမှူးကျန်းသည် သူနှင့်အတူ လိုက်လာခဲ့‌သည်။ သူတို့နှစ်ယောက်လုံးသည် သူတို့မျက်နှာများပေါ်တွင် စိုးရိမ်တကြီးနှင့် အလျင်စလိုဖြစ်နေကြ လေ၏။ ကျန့်ယွင်နှင့်သူ့အဖွဲ့သည် ညနက်သန်းခေါင်အချိန်၌ သူတို့ဆီရောက်လာကြခြင်းသည် အရေးတကြီး ပြောစရာရှိသောကြောင့်ဟု ထင်နေခဲ့ကြလေသည်။


သို့သော် စုရွေ့ကျယ်သည် သူတို့အား အမှန်တကယ်ပြောခဲ့သည့်အရာမှာ အရေးတကြီးမဟုတ်သော်လည်း အလွန်အရေးကြီးသည့်အရာဖြစ်နေလေသည်။ အများဆုံးမှာ အခြေစိုက်စခန်းတစ်ခုလုံး၏အနာဂတ်ကိုတောင် စိုးရိမ်ရလေသည်။


“ဒါအမှန်ပဲလား ”


စုရွေ့ကျယ်၏ ဇာတ်လမ်းကိုကြားပြီးနောက် ကျန်းရွှီကျိုးသည် ရုတ်တရက် မတ်တပ်ရပ်ကာ သူ့မျက်လုံးများသည် ကြေးခေါင်းလောင်းကြီးတစ်ခုကဲ့သို့ဖြစ်နေလေ၏။


စုရွေ့ကျယ် လေးလေးနက်နက် ခေါင်းညိတ်လိုက်၏။


“မင်း၊ မင်းရဲ့နေရာလွတ်... အဲဒီထဲမှာ အစားအသောက် ဘယ်လောက်တောင်ရှိလဲ ”


အလွန်ပြင်းထန်သော တင်းမာမှုနှင့် မျှော်လင့်ချက်များအောက်တွင် အမြဲတမ်းလိုလို တည်တည်ငြိမ်ငြိမ်ရှိပြီး မိမိကိုယ်ကိုယ် ထိန်းချုပ်နိုင်စွမ်းကောင်းကောင်းရှိသူ ကျန်းရွှီကျိုးသည် စကားအမြန်ပြောခြင်းမှ သူ့ကိုယ်သူခက်ခက်ခဲခဲရပ်တန့်နေရလေသည်။


“နောက်ဆုံးအကြိမ် ကြွက်ဘေးဒဏ်ပြီးတဲ့နောက် အပြင်ကနေ ကျွန်တော်တို့ ပြန်သယ်လာတဲ့ စပါးတွေကို ကျွန်တော့်နေရာလွတ်ကနေ တကယ်ထုတ်ယူခဲ့တာပါ။ အခု ကျွန်တော့်နေရာလွတ်က နှစ်ဆတိုးလာပြီး အထွက်နှုန်းက နှစ်ဆဖြစ်လာသင့်တယ် ”


ကျန်းရွှီကျိုးနှင် တပ်ခွဲမှူးကျန်းတို့သည် တပြိုင်နက် အသက်ပြင်းပြင်းရှူလိုက်ကြလေ၏။ အိပ်မက်တစ်ခုထဲ ရောက်နေသလို သူတို့ ခံစားလိုက်ရလေသည်။ သူတို့သည် ကောင်းကင်မှ ပြုတ်ကျလာသော မုန့်လုံးကြီးနှင့် ထိမှန်သွားခဲ့လေသည်။ တကယ်တမ်း အခြေစိုက်စခန်း၏ စားနပ်ရိက္ခာအကျပ်အတည်းသည် အမြဲရှိနေ၏။


မြေဆီလွှာမဲ့ စိုက်ပျိုးရေးနည်းပညာကို အခြေခံပြီး ဖန်လုံအိမ်တစ်လုံးကို တည်ဆောက်ပြီး အစားအစာများစတင်စိုက်ပျိုးနိုင်ခဲ့သော်လည်း အထွက်နှုန်းမှာ အလွန်အကန့်အသတ်ရှိလေပြီး နောက်ဆုံးအသုတ် ရိတ်သိမ်းပြီးသော အစားအစာမှာ ကျင်းနှစ်ထောင် အောက်သာရှိ၏။ ယခုအခါ အပူချိန်သည် နောက်တစ်ကြိမ် ရုတ်တရက်ကျဆင်းသွားခဲ့ကာ ပျိုးပင်များ စိုက်ပျိုးမွေးမြူရေးအပေါ် သက်ရောက်မှုရှိစေလေသည်။


ဒေါက်တာယန်သည် အထွက်နှုန်းသည် ပိုပြီးတောင်ကျဆင်းသွားမည်ဖြစ်ကြောင်း ခန့်မှန်းရကြောင်းပြောခဲ့လေသည်။ အခြေစိုက်စခန်း၏လူဦးရေ ပိုပိုတိုးလာသော်လည်း စားနပ်ရိက္ခာမှာ ပိုပို လျော့နည်းလာသည်ကိုမြင်ပြီး သူတို့ခေါင်းများ ဆုံးရှုံးခါနီးဖြစ်နေလေ၏။ သူတို့သည် ၎င်းကို ပြင်ဆင်ဖို့ကြိုးစားရန် ဖန်လုံအိမ်များပိုတည်ဆောက်ဖို့အကြောင်းတွေးထားခဲ့ကြပြီး ထို့နောက်မှာတော့ ကျန့်ယွင်နှင့်အဖွဲ့သည် ဤကဲ့သို့ကြီးမားသော သတင်းကောင်းတစ်ခု ပို့လာခဲ့လေသည်။


အိပ်ငိုက်နေချိန်မှာ တစ်စုံတစ်ယောက်က ခေါင်းအုံးတစ်လုံးပေးလိုက်သလိုပင်။


စုရွေ့ကျယ်နှင့်အဖွဲ့သည် သတင်းကို သုံးလကြာ လျှို့ဝှက်ထားခဲ့ခြင်းအပေါ် သူတို့စိတ်မရှိခဲ့ကြပါချေ။ အဆုံးမှာတော့ သူတို့သည် မမိုက်မဲခဲ့ကြချေ။ ထိုကဲ့သို့ အရေးကြီးသည့် ကိစ္စအကြောင်းကို မည်သူကမှ ပေါ့ပေါ့ဆဆ ပြောလိမ့်မည်မဟုတ်ပါချေ။


ယခင် အခြေစိုက်စခန်း၏ ဆန်စပါးများ လုံးလုံး ပျက်စီးမှုဖြစ်စဉ်တွင် သူတို့သည် အခြေစိုက်စခန်း၏ အရေးပေါ်လိုအပ်မှုကို ဖြေရှင်းရန် ဆန်စပါးတစ်သုတ်ကို ပြန်ပို့ပေးရန် အကြောင်းပြချက် တစ်ရပ်ကို ရှာဖွေခဲ့ကြသည်။ ယခုအချိန်တွင် သူတို့သည် ရိုးသားရန် ရွေးချယ်ခဲ့ကြသည်။ ၎င်းမှာ သူတို့၏ ယုံကြည်မှုနှင့်လက်ခံနိုင်မှုဖြစ်ကြောင်း သံသယဖြစ်စရာမရှိပါချေ။


ဒီလူများကို တွန်းထုတ်ဖို့ သူတို့ မိုက်မဲကြလိမ့်မည်။ ယခုအချိန်တွင်မူ သူတို့သည် စုရွေ့ကျယ်ကို ဘယ်တော့မှ လက်မလျှော့ဖို့ စိတ်အားထက်သန်နေကြပြီဖြစ်၏။


ကျန့်ယွင်နှင့်စုရွေ့ကျယ်တို့ပေးသော အပင်အသုံးပြုမှုနှင့်ပတ်သက်သည့် သတင်းအချက်အလက်များမရှိဘဲ တောင်ပိုင်းအခြေစိုက်စခန်းသည် ကျည်ဆန်အသစ်များနှင့် ပိုးသတ်ဆေးနှစ်မျိုးကို တီထွင်ဖန်တီးနိုင်ခဲ့လိမ့်မည် မဟုတ်ပါချေ။ ကျန့်ယွင်နှင့်သူ့အဖွဲ့၏ အကူအညီ အထောက်အပံ့မပါဘဲ တောင်ပိုင်းအခြေစိုက်စခန်းသည် အကျပ်အတည်းတစ်ခုစီတိုင်းကို ထပ်ခါထပ်ခါ ရပ်တည်နိုင်စွမ်းရှိလိမ့်မည်မဟုတ်ပါချေ။ ကျန့်ယွင်နှင့် အဖွဲ့သည် တောင်ပိုင်းအခြေစိုက်စခန်း၏ ကံကောင်းသောကြယ်များဖြစ်သည်ဟု သူတို့ထင်ကြလေ၏။


“ငါ ၊ကျန်းရွှီကျိုးဟာ မင်းရဲ့ယုံကြည်မှုကို ဘယ်တော့မှ သစ္စာမဖောက်ဘူးဆိုတာကို မင်းစိတ်ချနိုင်တယ်။ ဒါပေမယ့် အများသိအောင်လုပ်ဖို့က အကောင်းဆုံးလို့တော့ ငါမထင်ဘူး။ နောက်ဆုံးကျတော့ ရှောင်စုရဲ့စွမ်းရည်တွေက အရမ်းကိုမှထူးခြားလွန်းလို့ အဲ့ဒါတွေကိုတပ်မက်လာဖို့ လူတချို့ကို ဆွဲဆောင်မိနိုင်တယ်။ ထောက်ပံ့ပို့ဆောင်ရေးဌာနက အခု တပ်ခွဲမှူးကျန်းရဲ့ အပြည့်အ၀ထိန်းချုပ်မှုအောက်မှာ ရှိနေတယ်။ နောင်အနာဂါတ်မှာ ဆန်စပါးဂိုထောင်ကို ပုံမှန်သွားလာပြီး ဆန်စပါးတချို့ထည့်နိုင်ဖို့ သူစီစဉ်ပေးလိမ့်မယ်။ ပြီးတော့ ဂိုထောင်တစ်ဖက်မှာရှိတဲ့ကင်းစောင့်က ငါတို့ရဲ့ အယုံကြည်ရဆုံးလူဖြစ်လိမ့်မယ်။ တပ်ခွဲမှူးကျန်း နဲ့ ငါကလွဲရင် ဘယ်သူမှ သိလိမ့်မှာ မဟုတ်ပါဘူး။ အခြေစိုက်စခန်းရဲ့ ပုံမှန် ဖန်လုံအိမ်တွေနဲ့ ပိတ်ထားတဲ့ဖန်လုံအိမ်တွေက ကြီးထွားနေဆဲကြဖြစ်ပြီးတော့ အဲ့မှာ ဆန်စပါးတွေများလေလေ ပိုကောင်းလေလေပဲ။ ဒီနည်းနဲ့ အခြေစိုက်စခန်းက ဆန်စပါးအရင်းအမြစ်ကို သံသယ၀င်ဖို့မလွယ်ပါဘူး”


“ကောင်းပါတယ်”


ကျန့်ယွင်နှင့်သူ့အဖွဲ့သားအားလုံး ပြုံးနေကြလေ၏။ ကျန်းရွှီကျိုးသည် သူတို့အား စိတ်ပျက်မသွားခဲ့ပါချေ။


နှစ်ဦးနှစ်ဘက် စကားပြောဆိုမှုကောင်းတစ်ခုဖြစ်ခဲ့ပြီး နောက်တစ်နေ့မနက်အထိ အစည်းအဝေးခန်းမှ မထွက်ခွာခဲ့ကြပေ။


🍒🍒