အခန်း(၉၆)
Viewers 12k

အခန်း(၉၆)《 အကူအညီတောင်းခံခြင်း 》


Author: Drunken Light Song

Source: Jostena M

Translator: オタク


စုရွေ့ကျယ်နှင့်ကျန့်ယွင်တို့ ပြန်သွားကြပြီးနောက် ကျန့်ကျားဟယ်နှင့် အဖွဲ့သားများကို နေရာလွတ်အတွင်းသို့ အလုပ်ရှုပ်စေရန် ခေါ်ဆောင်သွားခဲ့ကြလေသည်။ စုရွေ့ကျယ်၏ နေရာလွတ်ထဲရှိ သီးနှံများသည် အထူးဂရုမစိုက်စရာမလိုဘဲ အလိုအလျောက်ကြီးထွားနိုင်သော်လည်း အလိုအလျောက် မရိတ်သိမ်းနိုင်ကြ‌ချေ။


နောက်ဆုံးအချိန်တုန်းက ကျန့်ယွင်နှင့်စုရွေ့ကျယ်တို့သည် အခြေစိုက်စခန်းသို့ ရိက္ခာပို့ပေးရန် တစ်နေကုန် အလုပ်များနေခဲ့ကြရသည်။ နောက်ပိုင်းတွင် ဖြောင့်ဖြောင့်ရပ်၍ပင် မရတော့ချေ။ ယခု နေရာလွတ်သည် နှစ်ဆတိုးလာပြီဖြစ်ကာ ပိုများသောစားနပ်ရိက္ခာများ ရိတ်သိမ်းရန် လိုအပ်လာလေသည်။ သူတို့သည် အခြားသူများကို အလုပ်များရအောင် ဆွဲခေါ်ခဲ့ကြလေသည်။


ထိုလူများသည် နေရာလွတ်ထဲတွင် တစ်နေကုန် ချွေးများရွှဲ‌နေကြလေသည်။ နောက်ဆုံး၌ စပါးအားလုံးကို စုဆောင်းပြီး တလင်းပြင်နေရာတွင် စုပုံထားခဲ့ကြလေသည်။ နောက်တစ်နေ့တွင် သူတို့သည် တပ်ခွဲမှူးကျန်း သတ်မှတ်ထားသော စပါးကျီထဲသို့ စပါးများကို တိုက်ရိုက်သွန်းလောင်းခဲ့ကြလေသည်။


တပ်ခွဲမှူးကျန်းသည် လွတ်နေသောစပါးကျီကြီး ချက်ခြင်းပြည့်သွားသည်ကို စောင့်ကြည့်နေခဲ့လေသည်။ သူဘာပြောရမှန်းမသိတော့လောက်အောင် စိတ်လှုပ်ရှားသွားလေကာ စုရွေ့ကျယ်၏လက်ကို ကိုင်ကာ ကျေးဇူးတင်စကားဆိုခဲ့လေသည်။


‌စုရွေ့ကျယ်၏နေရာလွတ်ထဲတွင် သီးနှံများ လျင်မြန်စွာ ကြီးထွားပြီး အထွက်နှုန်းများပြားကာ ပြင်ပရာသီဥတုဒဏ်ကြောင့် သက်ရောက်မှုမရှိခဲ့ချေ။ လတစ်၀က်၌ စပါးသစ်တစ်သုတ် ရိတ်သိမ်းနိုင်ခဲ့ပြီး အ‌ခြေစိုက်စခန်းအပေါ် ဖိအားကို အတော်လေးသက်သာစေသည်ဟု ဆိုနိုင်သည်။


ယခုအချိန်တွင် စုရွေ့ကျယ်သည် ကျန်းရွှီကျိုးနှင့် တပ်ခွဲမှုးကျန်းတို့၏အမြင်တွင် လမ်းလျှောက်နေသောရတနာအိမ်တစ်ခုနီးပါး ဖြစ်လေသည်။ ကျန်းရွှီကျိုးသည် သူတို့အတွက် ပိုမိုလုံခြုံသောနေထိုင်ရာသို့ပြောင်းရွှေ့ကြရန် အဆိုပြုခဲ့ပြီး အခြေစိုက်စခန်းဌာနချုပ်ထဲတွင်နေထိုင်ခြင်းက ပိုကောင်းသော်လည်း ကျန့်ယွင်နှင့် အခြားသူများသည် ငြင်းဆိုခဲ့ကြလေသည်။


ကျန်းရွှီကျိုးသည် တုံ့ဆိုင်းစွာဖြင့် ထွက်ခွာသွားခဲ့သော်လည်း သူတို့၏ နေအိမ်အနီးတွင် ကင်းလှည့်အဖွဲ့များကိုထပ်ထည့်ကာ တိတ်တဆိတ် စေလွှတ်ခဲ့လေသည်။ တစ်ချိန်တည်းမှာပင် အထပ်မြင့် အဆောက်အအုံငယ်နှင့် ဆန့်ကျင်ဘက်မျက်နှာချင်းဆိုင်ရှိ တရားဥပဒေစိုးမိုးရေးအဖွဲ့၏ လူအင်အားကိုလည်း တိုးမြှင့်ထားခဲ့ကာ တရားဥပဒေစိုးမိုးရေးအဖွဲ့ ခေါင်းဆောင်ရွှီစစ်ဟန်သည် သူတို့၏ လုံခြုံရေးကို ကာကွယ်ရန် အလေးအနက်ထား အာရုံစိုက်နိုင်စေရန်ဖြစ်လေသည်။ 


ရွှီစစ်ဟန်နှင့် စစ်သားများသည် ဤကိစ္စကို သိပ်ပြီးမစဉ်းစားခဲ့ကြချေ။ ကျန့်ယွင်နှင့်သူ့အဖွဲ့သည် သာမန်ထက်ထူးကဲသည့် ခွန်အားများရှိကြပြီး အခြေစိုက်စခန်းအား ထူးချွန်ထက်မြက်သည့် ပံ့ပိုးကူညီမှုများ အကြိမ်ကြိမ် ပြုလုပ်ခဲ့ကြသည့်အတွက် အထက်လူကြီးများမှ သူတို့၏ လုံခြုံရေးကို ဂရုစိုက်ခြင်းသည် မမှားယွင်းပါချေ။


စားနပ်ရိက္ခာပြဿနာကို ဖြေရှင်းပြီးသည့်နောက် ရှည်လျားသောဆောင်းရာသီကို မည်သို့ကုန်ဆုံးဖြတ်သန်းရမည်ကို အစီအစဉ်တွင်ထည့်ထားခဲ့ပြီးဖြစ်လေ၏။ အပူချိန်သည် ဆက်လက်ကျဆင်းလာပြီး နှင်းများဆက်လက်ကျဆင်းနေခဲ့သည်။ နံနက်ခင်းတိုင်း၌ တံခါးကိုပင်မဖွင့်နိုင်သည်အထိ နှင်းများစုပုံလာကာ နှင်းများကို သန့်ရှင်းဖို့ လူပိုလိုအပ်လာခဲ့သည်။ 


သို့သော် ရာသီဥတုသည် အလွန်အေးခဲသောကြောင့် သာမန် ချည်သားအ၀တ်အစားများနှင့် ဘောင်းဘီရှည်များသည် မခံနိုင်ကြ‌တော့ချေ။ နေ့တိုင်း နှင်းများကျသောအခါ တစ်ချို့လူများသည် နှင်းကိုက်နာများဖြစ်ကြလေ၏။


အလွန်အေးခဲနေပြီဖြစ်သော်လည်း ဖုတ်ကောင်များသည် ရွေ့လျားနေကြဆဲဖြစ်ကာ အခြေစိုက်စခန်း၏မြို့စောင့်တပ်များသည် ကင်းလှည့်ပတ်နေကြရဆဲဖြစ်ပြီး လူအများအပြားမှာ အအေးဒဏ်ခံနေကြရဆဲဖြစ်သည်။


ထိုလူများအပြင် အအေးဒဏ်ကြောင့် မေ့လဲသွားသည့် သာမာန်လူ တော်တော်များများကိုလည်း ဆေးရုံ ပို့လိုက်ရလေသည်။ လင်းကျား၏ လျှို့ဝှက်လက်နက်ကြောင့်သာမဟုတ်ပါက အခြေအနေသည် ပိုဆိုးသွားလိမ့်မည်ဖြစ်လေသည်။


ဆောင်းရာသီတွင် နေ့တာတိုပြီး ညတာရှည်လျားသည်။ နေရောင်ရှိနေသရွေ့ ဆိုလာမီးစက်သည် ပုံမှန်လည်ပတ်နိုင်သော်လည်း ဓာတ်အားထောက်ပံ့မှု မလုံလောက်သေးချေ။ လေအေးပေးစက်နှင့် အပူပေးစက်၏ ရေရှည်လည်ပတ်မှုကို မထိန်းထားနိုင်သေးချေ။ ကန်တင်း၌တွင်ပင် မနက်မှညအထိ အပူပေးဖို့နည်းလမ်းမရှိပေ။ ကန်တင်းဝန်ထမ်းမျတောင် အအေးဒဏ်ကို မခံနိုင်ကြတော့ချေ။


အပူပေးရန်အတွက် အပူပေးစက်ကို လူများ ပိုမိုအသုံးပြုလာကြသော်လည်း ကျောက်မီးသွေးသည် အကန့်အသတ်ရှိလေ၏။ လဲလှယ်ရေးရုံးတွင် ဝယ်ယူမှုကန့်သတ်ချက်များကို အကောင်အထည်ဖော်ပြီးနောက် ဈေးနှုန်းများ ထပ်ခါတလဲလဲ မြင့်တက်နေလေသည်။ ဤနည်းဖြင့် ၀ယ်လိုအားကိုကိုထောက်ပံ့နိုင်ရန် ရောင်းလိုအား မလုံလောက်သေးချေ။


လူများသည် စက္ကူစုတ်များမှ အမှိုက်တွေအထိ မီးရှို့ဖို့စတင်ရှာဖွေနေကြကာ ထိုင်ခုံများ၊ ခုံများ၊ စားပွဲများကိုပင် မီးရှို့ဖို့ စိတ်ကူးများတောင် ပေါ်လာကြလေသည်။ ဤပစ္စည်းများသည် အခြေစိုက်စခန်း၏ ပိုင်ဆိုင်မှုမဟုတ်ပါက ချက်ချင်းပင် ခုတ်ထစ်ပြီး ထင်းအဖြစ် သုံးကြသည် ဖြစ်နိုင်လေသည်။


ကံကောင်းထောက်မစွာဖြင့် စုရွေ့ကျယ်၏ နေရာလွတ်ထဲတွင် ဝါဂွမ်းများ အများအပြားရှိလေ၏။ သစ်သားစွမ်းအားရှင်များ ဖန်တီးထားသည့် ဝါဂွမ်းများအပြင် တပ်ခွဲမှူးကျန်းသည် ထောက်ပံ့ပို့ဆောင်ရေးဌာနမှ အမျိုးသမီး အလုပ်သမားများအား ချည်သားအ၀တ်အစား များ၊ ဘောင်းဘီရှည်များနှင့် စောင်များ တတ်နိုင်သမျှ များများထုတ်လုပ်ပြီး လူထုကိုဖြန့်ဝေပေးနိုင်ရန်အတွက် အချိန်ပိုအလုပ်ဆင်းရန် တောင်းဆိုခဲ့သည်။ 


တစ်ချိန်တည်းမှာပင် တပ်ခွဲမှူးကျန်းသည် မီးစွမ်းအားရှင်များနှင့် ရေစွမ်းအားရှင်များကို နေရာအနှံ့ ကင်းလှည့်ကြရန် တောင်းဆိုခဲ့သည်။


တစ်စုံတစ်ယောက်ယောက် အလွန်အေးခဲနေသည်ကိုတွေ့သောအခါ မီးမွှေးပြီး ရေနွေးကျိုပေးကာ နွေးထွေးစေဖို့ဖြစ်လေ၏။ စုန့်ချန်ရှုလည်း လှည့်ကင်း၌ စေတနာအလျောက်ပါဝင်ခဲ့သည်။ တစ်ယောက်တည်း စွမ်းရည်နှစ်ခုကို ပံ့ပိုးပေးဖို့ သူ့ကိုဘယ်သူကပြောခဲ့လို့လဲလေ။


နောက်ဆုံး၌ ကျန်းရွှီကျိုးသည် မြေအောက်အခန်းအပူပေးနည်းကို ချမှတ်ရန် ဆုံးဖြတ်ခဲ့သည်။ အိမ်အလွတ်တစ်သုတ်ကို တည်ဆောက်ခဲ့လေသည်။ အခန်းအကျယ်အဝန်းအရ မြေအောက်ခန်းကို မီးခိုးနှင့် လေဝင်ပေါက်ဖြင့် ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီးသည်။ လောင်စာများအဖြစ် စပါးခြွေလှေ့ပြီးနောက် ကောက်ရိုးနှင့် ဂျုံကောက်ရိုးတို့ကိုအသုံးပြုကာ အချိန်အကြာကြီး လောင်ကျွမ်းရန်ခံလေသည်။ အခန်းအပူချိန်ကို သိသိသာသာ မြှင့်တင်ပေးနိုင်သောကြောင့် ထိုအိမ်များတွင် လူများ နွေးထွေးလာစေနိုင်သည်။


တစ်ချိန်တည်းမှာပင် အခြေစိုက်စခန်းသည် အိမ်တိုင်း၏ နံရံများ၊ ခေါင်မိုးများနှင့် ကြမ်းပြင်များတွင် လျှပ်ကာအရံအလွှာများ ထပ်ထည့်ခဲ့သည်။ အခြေစိုက်စခန်း၏ မြေကြီးစွမ်းအားရှင်များအားလုံးနီးပါးသည် ရွေ့လျားနေခဲ့ကြရပြီး တပ်ခွဲမှူးကျန်းမှ နေ့တိုင်း ချေးငှားနေသည့် ကျန်းရှို့လျန် အပါအဝင်ဖြစ်လေ၏။ ဆောင်းရာသီ၌ အထူးသဖြင့် မြောက်ဘက်ရှိ အခြေစိုက်စခန်းများကဲ့သို့ တခြားအခြေစိုက်စခန်းများ မဆိုထားနှင့် တောင်ပိုင်းတွင် အကောင်းဆုံး အခြေစိုက်စခန်းသည်ပင် ဤကဲ့သို့ဖြစ်နေခဲ့လေ။ 


ယခုအချိန်ကို မဆိုထားနှင့် ကမ္ဘာပျက်ကပ်မတိုင်မီက ဆောင်းရာသီတွင် အပူချိန်သည် အနုတ် 30 သို့မဟုတ် 40 ဒီဂရီအထိ နိမ့်ကျတတ်လေသည်။ ရေနွေးပူတစ်ခွက်ကို ငါးမိနစ်အတွင်း ရေခဲအဖြစ်သို့ အေးခဲသွားသည့်အဆင့်သို့ ရောက်ရှိနေပြီဟ ဆိုနိုင်သည်။


ကမ္ဘာပျက်ကပ်မတိုင်မီက များသောအားဖြင့် တရုတ်နိုင်ငံမြောက်ပိုင်းတွင် တစ်စုတစ်စည်းတည်း အပူပေးစနစ်တစ်ခု ရှိခဲ့သည်။


အပူပေးနိုင်ဖို့အသာထား ကမ္ဘာပျက်ကပ်ပြီးနောက် ဆက်သွယ်ရေး၊ သွားလာရေး၊ ရေအား လျှပ်စစ်ဓာတ်အားနှင့် ကျောက်မီးသွေးကိုပင် ထပ်မရရှိနိုင်တော့ချေ။ ယခုအခါ မြောက်ပိုင်းအခြေစိုက်စခန်းများတွင် အေးခဲ ငတ်ပြတ်သေဆုံးကုန်ကြသော လူများစွာရှိလေသည်။


ဖေဖော်ဝါရီလ တစ်လလုံးနီးပါး တောင်ပိုင်းအခြေစိုက်စခန်းသည် မြို့တော်အခြေစိုက်စခန်းမှ အရေးပေါ်ကြေးနန်းများအပါအဝင် အဓိကအခြေစိုက်စခန်းများမှ ကြေးနန်းအများအပြားကို လက်ခံရရှိခဲ့သည်။


မြို့တော်အခြေစိုက်စခန်းသည် တိုင်းပြည်၏ ဗဟိုချက်ဖြစ်သည်။ ၎င်းကို တပ်များထူထပ်စွာစောင့်ကြပ်ထားလေသည်။ နည်းပညာ၊ စွမ်းရည်များ၊ အရင်းအမြစ်များနှင့် ကြီးမားသောအင်အားလိုအပ်လေသည်။ ကမ္ဘာပျက်ကပ်၏အစပိုင်းတွင် မရေမတွက်နိုင်သောစွမ်းရည်ရှိသည့်လူများထွက်ပြေးရန် ပထမဆုံးရွေးချယ်မှုလည်းဖြစ်ခဲ့လေသည်။ မြို့တော်အခြေစိုက်စခန်းသည် အသက်ရှင်ကျန်ရစ်သူ အခြေစိုက်စခန်းအားလုံးတွင် အင်အားအကြီးဆုံး အခြေစိုက်စခန်းဟု ဆိုရမည်ဖြစ်သည်။


နယ်မြေအသီးသီးရှိ အစောင့်တပ်များနှင့် အဆက်အသွယ်ရရန် ကြေးနန်းကို အသုံးပြုခဲ့ပြီး ခရိုင်အသီးသီးရှိ တပ်များကို အနီးနားတွင် အခြေစိုက်စခန်းများတည်ထောင်စေကာ အသက်ရှင်ကျန်ရစ်သူများကို ကယ်ဆယ်ရန် သဘာ၀ကျကျ မြို့တော်ဘက်မှ အမိန့်ပေးခဲ့ခြင်းဖြစ်လေသည်။


မြို့တော်အခြေစိုက်စခန်းတွင် မြေဆီလွှာမဲ့ စိုက်ပျိုး ခြင်းကဲ့သို့ နည်းစနစ်သည် အကြာကြီးကတည်းကရှိခဲ့သည်။ သို့သော် ၀မ်ချန်းအခြေစိုက်စခန်းသည် အစပိုင်းတွင် မြို့တော်အခြေစိုက်စခန်းသို့ ဖိတ်ကြားစာမပို့ခဲ့ပေ။


သို့သော် မြို့တော်အခြေစိုက်စခန်းသည်လည်း မြောက်ပိုင်းတွင်ပါ၀င်လေ၏။ အပူချိန်ရုတ်တရက်ပြောင်းလဲမှုကြောင့် မြို့တော်အခြေစိုက်စခန်းကို အံ့အားသင့်စေခဲ့သည်။ ယခုအချိန်၌ ဒေသဆိုင်ရာအပူချိန်သည် အနုတ် 50 သို့မဟုတ် 60 ဒီဂရီအထိ ကျဆင်းသွားခဲ့ကာ ကားများပင် စက်မနှိုးနိုင်တော့ပေ။


အခြေစိုက်စခန်းမှ ခေါင်းဆောင်များသည် အရေးပေါ် လှုပ်ရှားမှုများကို ဆက်တိုက်လုပ်ဆောင်ခဲ့သော်လည်း အောင်မြင်မှု အနည်းငယ်သာ ရှိခဲ့‌လေသည်။ ကားများမရှိဘဲ ရိက္ခာပစ္စည်းများ သယ်ယူရန် အလွန်ခက်ခဲလာခဲ့သည်။


သူတို့သည် အဝတ်အစား၊ အစားအသောက်များနှင့် အခြားအရာအားလုံးသည် ပြတ်လပ်နေပြီဖြစ်သည်။ လူများသည် နေ့စဉ်နှင့်အမျှ မသိမသာဖြင့် သေဆုံးနေကြလေသည်။


အဓိက အခြေစိုက်စခန်းတစ်ခုတွင် အခက်အခဲများကြုံတွေ့ရသောအချိန်၌ မြို့တော်သည် အကူအညီတောင်းခံရန် ဦးစွာအတွေးထဲရောက်လာခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း မြို့တော်အခြေစိုက်စခန်းသည် ယခုအခါ မိမိတို့ကိုယ်မိမိတို့ ကာကွယ်ရန်တတ်နိုင်ခြင်း မရှိကြသောကြောင့် မြို့တော်အခြေစိုက်စခန်း၏ အခြေအနေကို အဓိကအခြေစိုက်စခန်းများသို့ သတင်းပို့ရန်မှတပါး ရွေးချယ်စရာမရှိတော့ချေ။


ကျန်းရွှီကျိုးသည် နိုင်ငံတစ်ဝှမ်းလုံးတွင် ပြင်းထန်သော အေးခဲခြင်း၏ ဖြစ်နိုင်သည့်သက်ရောက်မှုကို တွေးတောခဲ့သော်လည်း ထိုကဲ့သို့ ပြင်းထန်သောအဆင့်သို့ ရောက်ရှိသွားလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။


ဝမ်ချန်အခြေစိုက်စခန်းတစ်ဖက်ရှိ မြို့စောင့်တပ်စခန်းသည် တောင်ပိုင်းအခြေစိုက်စခန်းသို့ပူးပေါင်းရန် ကြေးနန်းစာတစ်စောင် တိုက်ရိုက်ပေးပို့ခဲ့သည်။ သူတို့တွင် ဆန်စပါးရှိသော်လည်း အအေးဒဏ်ခံနိုင်ရန် ပြင်ဆင်မှုမရှိခဲ့ချေ။ အခြေစိုက်စခန်း၏အခြေအနေသည် အကောင်းဘက်မရှိချေ။ သူတို့သည် တောင်ပိုင်းသို့သွားရန် ပြင်ဆင်နေကြလေသည်။


အခြားအခြေစိုက်စခန်းများသည် ဆောင်းတွင်းအတွက် ရိက္ခာပစ္စည်းများနှင့် အစားအစာအချို့အတွက် အကူအညီတောင်းခံခြင်း ပိုများလေသည်။


ဥပမာအားဖြင့် ယွဲ့ချန်းအခြေစိုက်စခန်းသည် အစားအသောက်တောင်းခံလာခြင်း ‌ဖြစ်လေသည်။ အပူချိန်သည် အဆင်ပြေသော်လည်း ပင်လယ်နှင့်နီးကပ်ပြီး လေပြင်းနှင့် ဆူနာမီလှိုင်းများရှိကာ ဆိုးဆိုးရွားရွား ထိခိုက်ခဲ့လေသည်။


ကြေးနန်းစာပေးပို့နိုင်သည့် ရေဒီယိုစခန်းများရှိသည့် အခြေစိုက်စခန်းများသည် အခြေခံအားဖြင့် စစ်ရေးနောက်ခံရှိကြသည်။ နိုင်ငံတစ်ဝှမ်းလုံးတွင် ကိုယ်ပိုင်အခြေစိုက်စခန်းများနှင့် စုရုံးနေသောသေးငယ်သောသည့်နေရာများ မည်မျှရှိသည်ကို မသိနိုင်ချေ။ နေ့စဉ်ဖုန်းခေါ်ဆိုရန် မဖြစ်နိုင်သည့် အခြေအနေတွင် ရှိနေကြသည်။


နိုင်ငံ၏မြောက်ဘက်စွန်းတွင် တည်ရှိသော အနက်ရောင်ပြည်နယ်(ဟေးလုံကျန်း)သည် သတင်းများပင် မရှိခဲ့သောကြောင့် စိုးရိမ်စရာဖြစ်နေလေ၏။ 


【TN : Black Province က 黑省 (hēi sheng) လို့ Chinese raw ထဲမှာပါပါတယ်။ ကိုယ် google ကနေရှာကြည့်တော့ Heilongjiang ဆိုတဲ့ တရုတ်မြောက်ဘက်အစွန်ဆုံးမှာရှိတဲ့ ပြည်နယ်တစ်ခုပါတဲ့။ ရုရှားနဲ့ ကပ်လျှက်ရှိပြီး ဟေးလုံ လို့ခေါ်တဲ့ မြစ်တစ်ခုက ခြားနားထားပါတယ်တဲ့။ ဒီနိုဗယ်လ်ထဲမှာ မြို့နာမည်တွေကို ထည့်မရေးထားဘဲ S/A မြို့လို့ပဲ ရေးထားပါတယ်။ ဒါကြောင့် 黑省 လို့ပဲသုံးထားပုံရပါတယ်။ ပိုသိချင်ပါက ဂူးဂဲလင်း ကြပါခညာ။ 】


ကြေးနန်းစာတစ်ခုပြီး တစ်ခုရောက်လာတိုင်း ကျန်းရွှီကျိုးမျက်မှောင်ကြုတ်လာလေ၏။ စုရွေ့ကျယ်ကြောင့်သာမဟုတ်ပါက တောင်ပိုင်းအခြေစိုက်စခန်းသည်လည်း နေရာတိုင်းသို့ အကူအညီတောင်းခံနေရသည့် ထိုအခြေစိုက်စခန်းများထဲမှတစ်ခုဖြစ်ပေလိမ့်မည်။


ဘာဆက်လုပ်ရမလဲ။


၀မ်ချန်းအခြေစိုက်စခန်းမှလူများကိုမည်သို့လက်ခံရမည်နည်း။ ကြိုတင်ပြင်ဆင်မှုအချို့ ပြုလုပ်ရပါမည်ဖြစ်သည်။


မြို့တော်အခြေစိုက်စခန်းတစ်ဖက်ခြမ်းကိုတော့ ရိက္ခာပစ္စည်းများပို့ဖို့ နည်းလမ်းတစ်ခုရှာဖို့လိုအပ်လေသည်။


ကျန်းရွှီကျိုးသည် အခြေစိုက်စခန်းမှ ခေါင်းဆောင်များအားလုံး ခေါ်ယူလိုက်ပြီး ခြောက်နာရီပြည့် အစည်းအဝေးတစ်ခုကို ကျင်းပခဲ့ကာ နောက်ဆုံး၌ ကျန့်ယွင်၏အဖွဲ့မှ လူများကို ဖိတ်ကြားရန် တပ်ခွဲမှူးကျန်းအား တောင်းဆိုခဲ့သည်။


ဤကိစ္စတွင် သူတို့နှင့် ဆွေးနွေးရမည်ဖြစ်ကာ သူတို့ကို ထပ်မံဒုက္ခပေးနိုင်လေသည်။


 🍒🍒