အခန်း(၉၇)
Viewers 12k

အခန်း(၉၇)《 မြောက်ပိုင်းသို့သွားရန်အသင့် 》


Author: Drunken Light Song

Source: Jostena M

Translator: オタク



ကျန့်ယွင်နှင့်အဖွဲ့သည် မကြာမီမှာပင် အစည်းအဝေးခန်းသို့ ရောက်လာကြပြီး မျက်မှောင်ကြုတ်နေသော ကျန်းရွှီကျိုးနှင့် တပ်ခွဲမှူးကျန်းတို့ကို တွေ့ဆုံခဲ့သည်။


ကျန့်ယွင်နှင့်တခြားသူများ ရောက်လာသည်ကို မြင်သောအခါ သူတို့အား ချက်ချင်း ထိုင်ခိုင်းလိုက်ပြီး၏။ ထို့နောက် အရာအားလုံးကို အသေးစိတ် ပြောပြလိုက်ပြီး ကြေးနန်းစာများကို သူတို့ရှေ့၌တင်ထားပေးလိုက်လေသည်။


သူတို့သည် ကြေးနန်းစာများကို အနီးကပ်ကြည့်ရှုလိုက်ကြပြီး သူတို့၏အမူအရာများသည် အနည်းငယ် လေးနက်သွားကြလေသည်။ အခြေစိုက်စခန်းများအပေါ် ဤဆောင်းရာသီ၏ အဆိုးဘက်အကျိုးသက်ရောက်မှုသည် သူတို့တွေးထင်ထားသည်ထက် ပိုပြင်းထန်နေခဲ့လေသည်။


“ဗိုလ်ချုပ်ကျန်း ခင်ဗျားရဲ့အစီအစဉ်က ဘာပါလဲ”


ကျန့်ယွင်သည် ကျန်းရွှီကျိုးကို ကြည့်လိုက်၏။ ဗိုလ်ချုပ်ကျန်းသည် သူတို့ကို တွေ့ဖို့လာခိုင်းခဲ့သည်ဆိုကတည်းက သူ့တွင် သူတို့ပါ၀င်သည့်အစီအစဥ်တစ်ခု ရှိသည်ဆိုသည်ကို သူသိလေ၏။


“ကောင်းပြီ၊ ဒီကြေးနန်းစာတွေရပြီးနောက် ငါတို့တွေ ဒီနေ့တနေကုန် အစည်းအဝေးလုပ်ခဲ့ကြတယ်။ ပြီးတော့ ငါတို့ပြန်ထိုင်နေရုံထိုင်နေပြီး ဒါကိုဆွေးနွေးပြီး လျစ်လျူရှုလို့ မရတော့ဘူး.... အဲ့ဒါကြောင့်.... မင်းတို့ကို ထပ်ပြီးဒုက္ခဖြစ်စေမှာကို ငါစိုးရိမ်မိတယ်...”


ကျန်းရွှီကျိုးသည် အလွန်ရှက်ကိုးရှက်ကန်းဖြစ်နေခဲ့၏။ စုရွေ့ကျယ်နှင့်ကျန့်ယွင်တို့၏အဖွဲ့သည် ဆောင်းရာသီတွင် ဆိုးရွားသောအခြေအနေ၌ တောင်ပိုင်းအခြေစိုက်စခန်းအား ရှင်သန်ရပ်တည်နိုင်အောင် ကူညီပေးခဲ့သည်။ သို့သော်ငြားလည်း သူတို့သာ် နောက်ထပ်ပြဿနာများကိုဖြေရှင်းရန် သူတို့အပေါ် အားကိုးနေရဆဲဖြစ်လေသည်။


“ဒုက္ခမဟုတ်ပါဘူး။ ဒါက ကျွန်တော်တို့လုပ်သင့်တာပါ”


စုရွေ့ကျယ်သည် ပြုံးလျက်ပြောလိုက်၏။ သူ့အဖိုး အသက်ရှင်နေချိန်က လူများတွင် အစွမ်းအစများများရှိသလောက် တာဝန်တွေလည်းများလိမ့်မည်ဟု သူတစ်ကြိမ်ပြောခဲ့ဖူးသည်။ ယခုအချိန် သူ့တွင် လူတော်တော်များများကို ကူညီနိုင်ဖို့ ဤကဲ့သို့အစွမ်းထက်သည့် နေရာလွတ်တစ်ခုနေပြီဖြစ်ကာ သူလုပ်သင့်ပေသည်။


“ကောင်းပြီ၊ အမှန်တော့ ငါတို့မှာ ရွေးချယ်စရာတစ်ခုရှိတယ်။ ငါတို့အနေနဲ့ ရှောင်စုကို အပြင်ထွက်ပြီး အန္တရာယ်တွေ မယူခိုင်းချင်ဘူး။ ဒါပေမယ့် လူတွေကို ကယ်တင်လိုက်တာက မီးငြိမ်းလိုက်သလိုလေ။ ငါတို့ ဒီထက်ပိုပြီး အချိန်ကြန့်ကြာဖို့ မတတ်နိုင်တော့ဘူး”


ကျန်းရွှီကျိုးသည် သက်ပြင်းချလိုက်ပြီး ဆက်ပြောလာ၏။


“ အပြင်ဘက်မှာ အေးခဲနေတယ်။ နေရာတိုင်း နှင်းတွေကျနေပြီး‌ အထူးသဖြင့် မြောက်ပိုင်းမှာပေါ့။ အပူချိန်က အရမ်းကိုအေးခဲလွန်းနေတယ်။ သာမန်ကားတွေက နှင်းတွေပေါ်မှာ လုံးဝ မလှုပ်ရှားနိုင်တော့ဘူး။ ဒါပေမယ့် Sမြို့က အဆင့်မြင့် ထုတ်လုပ်ရေးနည်းပညာတွေနဲ့ R&D အခြေစိုက်စခန်း မှာ အန္တာတိကမှာအသုံးပြုတဲ့ နှင်းခရူဆာတွေထုတ်လုပ်ဖို့အတွက် အထူးတာဝန်ယူထားတဲ့ အဖွဲ့အစည်းတစ်ခုရှိတယ်။ ဒီဇယ်-လျှပ်စစ် ဟိုက်ဘရစ်နည်းပညာနဲ့ ခံနိုင်ရည်အားက အရမ်းအားကောင်းပြီး အရှိန်ကလည်း အရမ်းမြန်တယ်။ မင်းတို့ကိုပြဖို့ ငါတစ်ယောက်ယောက်ကို ပို့လိုက်မယ်။ ဒီကားကို သွားယူလိုက်ပြီး မင်းတို့ မြောက်ပိုင်းကိုသွားတဲ့အခါ ပိုလွယ်ကူလိမ့်မယ် ”


S မြို့သည် တရုတ်နိုင်ငံ၏ ပထမဆုံးသော ကမ်းရိုးတန်းဖွင့်မြို့များထဲမှ တစ်ခုဖြစ်၏။ ယန့်ဇီမြစ်ဝကျွန်းပေါ်ဒေသတွင် တည်ရှိပြီး တောင်ပိုင်း၌ နိုင်ငံတကာ ရေကြောင်းပို့ဆောင်ရေး၏ အဓိကနေရာတစ်ခုဖြစ်၏။ တရုတ်နိုင်ငံတွင် အဆင့်မြင့်ဆုံးနည်းပညာဖြင့် ထုတ်လုပ်ရေးနှင့် R&D အခြေစိုက်စခန်းတစ်ခုရှိ၏။ အဓိကအချက်မှာ ၎င်းသည် တောင်ပိုင်းအခြေစိုက်စခန်းနှင့် သိပ်မဝေးချေ။


“ကျွန်တော်က S မြို့ကဖြစ်ပြီး ကျန့်ကောက အဲ့ဒီမှာနေတာကြာပါပြီ။ ကျွန်တော်တို့အားလုံး လမ်းကိုသိတာမို့ ကျွန်တော်တို့နဲ့လမ်းမှာသွားဖို့အတွက် ခင်ဗျားတပ်ဖွဲ့တွေ မစေလွှတ်ပါနဲ့တော့”


 စုရွေ့ကျယ်သည်လည်း Sမြို့ရှိ အကြီးဆုံးစက်မှုအခြေစိုက်စခန်းအကြောင်း ကြားဖူးလေသည်။ သူသည် ထိုနေရာသို့ တစ်ခါမှ မရောက်ဖူးသော်လည်း ရှာဖွေရန်မခက်ခဲပါချေ။


“ကောင်းပြီ၊ လူတွေအများကြီး မင်းတို့နဲ့အတူ ခရီးသွားရတာ သိပ်မကြိုက်ဘူးဆိုတာ ငါသိပါတယ်။ ကျောက်ပင်းနဲ့ ဟန်လဲ့ကို မင်းတို့နဲ့အတူခေါ်သွားပါ။ ကျောက်ပင်းက မင်းတို့နဲ့အတူ S မြို့ကလာတာလို့ ငါကြားတယ်။ မင်း သူနဲ့ ရင်းနှီးသင့်တယ်။ သူက ဝါရင့်တစ်ယောက်ပါ။ သူ့အဖွဲ့အစည်းစိတ်ဓာတ်၊ စည်းကမ်းနဲ့ လျှို့ဝှက်ချက်ကိုထိန်းသိမ်းတာတွေက အရမ်းကောင်းပါတယ်။ သူ့ကို မင်းတို့နဲ့အတူဆို စိတ်ချနိုင်ပြီး ဆောင်းရာသီမှာ သူ့ရဲ့မီးစွမ်းရည်က အရမ်းအသုံးဝင်တယ်။ ဟန်လဲ့က အချက်ပြပေးသူတစ်‌ယောက်ဖြစ်ပြီး သူနဲ့အတူ မိုဘိုင်းလ်ရေဒီယိုတစ်ခုကို ယူသွားလိုက်ပါ။ သတင်းအချက်အလက် တစ်စုံတစ်ရာရှိရင် ငါတို့နဲ့ အချိန်မရွေး ဆက်သွယ်နိုင်ပါတယ်။ သူက နည်းပညာအင်ဂျင်းနီးယားရင်း ကိုသင်ယူထားပြီးတော့ အလိုအလျောက်ပြုပြင်ခြင်းနဲ့ ပြန်လည်ပြင်ဆင်တဲ့ နေရာမှာ တော်တယ်။ အဲ့ဒါက နည်းပညာဆိုင်ရာ အလုပ်တစ်မျိုးပါ။ သူ့ကို မင်းတို့နဲ့အတူ ခေါ်သွားဖို့ အဆင်ပြေပါတယ်”


စုရွေ့ကျယ်နှင့်ကျန့်ယွင်တို့သည် တစ်ယောက်ကိုတစ်ယောက် တစ်ချက်ကြည့်လိုက်ကြပြီး သဘောတူလိုက်လေသည်။


ကျောက်ပင်း သူတို့သိပြီး ယုံကြည်ရသည့် လူများထဲမှတစ်ယာက်ဖြစ်သည်။ ဟန်လဲ့ကို သူတို့မသိကြသော်လည်း သူတို့နောက်ကိုလိုက်ဖို့ ကျန်းရွှီကျိုး စေလွှတ်ပေးချင်သည့်သူဖြစ်ရမည်။ ထုံးစံအတိုင်း သူတို့သည် သူ့ကို အလွန်ယုံကြည်ကြလေသည်။


ထို့ကြောင့် သူတို့နှစ်ဦးအား သူတို့နှင့်ပူးပေါင်းရန် သဘောတူပြီး သူတို့ မပြောသင့်သည့်အရာကို ပြောဆိုမည်မဟုတ်ကြောင်း ယုံကြည်ကြလေသည်။ ယခု ဆုံးဖြတ်ချက်ချပြီး အခြေစိုက်စခန်းနှင့် ကျန့်ယွင်၏အဖွဲ့သည် စတင်လုပ်ဆောင်နေကြပြီဖြစ်သည်။


အခြေစိုက်စခန်းတွင် သူတို့အတွက် ဂျော့ဂ်ျဘာတန် သံချပ်ကာယာဉ် နှစ်စီးရှိပြီး တောင်ပိုင်းစစ်ဒေသ၏ တန်ဖိုးအကြီးဆုံး စစ်ယာဉ်များဖြစ်လေသည်။ အခြေစိုက်စခန်းတစ်ခုလုံးတွင် ယာဉ်နှစ်စီးသာ ရှိသော်လည်း စုရွေ့ကျယ်၏အသက် ဘေးကင်းရေးအတွက် ကျန်းရွှီကျိုးသည် မတွန့်ဆုတ်ခဲ့ဘဲ ယာဉ်များကို ရှေ့တန်းတင်ပို့ပေးခဲ့လေသည်။


George Barton ၏ အကြီးမားဆုံး အရောင်းရဆုံးအချက်သည် ဇိမ်ခံပြီး သက်တောင့်သက်သာရှိသည့် ထိုင်ခုံများကို သံမဏိချပ်ကာအောက်၌ ကွယ်ဝှက်ထားခဲ့ပြီး လိုက်ပါစီးသူများသည် ထိုလမ်းကြမ်းလမ်းများကို တည်တည်ငြိမ်ငြိမ်နှင့် လျောက်လျောက်ပတ်ပတ် ဖြတ်ကျော်ကာ သူတို့၏ Off road အိမ်မက်များကို အကောင်အထည်ဖော်ဖို့ရန်ဖြစ်လေသည်။


၎င်းသည် ကောင်းမွန်သော Off road စွမ်းဆောင်ရည်နှင့် လွှမ်းမိုးနိုင်မှုရှိသော အသွင်အပြင်သာမက ဇိမ်ခံထိုင်ခုံများနှင့် ကျယ်ဝန်းသော စီးနင်းနိုင်သည့်နေရာလည်းပါရှိလေ၏။ အသွင်အပြင်မှ ၎င်းသည် တင့်ကားတစ်စီးကဲ့သို့ အရာအားလုံးကို ကြိတ်ချေမှုန်းနိုင်သည့် အရှိန်အဟုန်တစ်မျိုးရှိလေသည်။


ထိုကားအမျိုးအစားသည် အေးခဲသည့်လမ်းတွင် မောင်းလို့ရဆဲဖြစ်သော်လည်း သုညအောက် 50 သို့မဟုတ် 60 ဒီဂရီအောက် ရှိသည့် မြောက်ပိုင်းကိုသွားချင်ပါက ၎င်းကိုမလုပ်နိုင်ချေ။ ထို့ကြောင့် ဤကားနှစ်စီးက သူတို့အတွက် S မြို့သို့ မောင်းနှင်လို့ရစေရန်အတွက်ဖြစ်လေသည်။


သူတို့ နှင်းခရူဇာကို ရပြီးနောက် မြောက်ပိုင်းသို့သွားသောလမ်းသည် ပိုမိုချောမွေ့လာမည်ဖြစ်သည်။


ထို့အပြင် ကျန်းရွှီကျိုးသည်လည်း လူများကို သူတို့လမ်းတွင်အသုံးပြုရနိုင်သည့် အရာများကို ပြင်ဆင်ခိုင်းခဲ့လေသည်။ မည်သို့ပင်ဖြစ်စေ စုရွေ့ကျယ်သည် ဤမျှကြီးမားသော နေရာလွတ်တစ်ခုရှိပြီး သူတို့ ယူမသွားနိုင်မည်ကို သူမစိုးရိမ်ပေ။


ကျန့်ယွင်၏အဖွဲ့အတွက်မူ သူတို့လည်း အိမ်ပြန်ပြီး ပြင်ဆင်မှုများ ပြုလုပ်ခဲ့ကြလေသည်။ နေရာလွတ်ထဲတွင် ကောက်ပဲသီးနှံများ ရိတ်သိမ်းဖို့ အချိန်နီးနေပြီဖြစ်၏။ သူတို့ မြန်မြန်ရိတ်သိမ်းရမည်ဖြစ်ကာ ၎င်းတို့ကို အခြေစိုက်စခန်းတွင်ထားခဲ့မည်ဖြစ်သည်။ သူတို့ ဘယ်လောက်ကြာကြာ ထွက်သွရမည်မှန်း မသိကြချေ။ သူတို့ အမြဲလိုလို ပိုပြင်ဆင်ရပေလိမ့်မည်။


ယခုအခါ စပါးရိတ်ရန် သိပ်ပြဿနာမရှိတော့ချေ။ တစ်ချိန်က သူတို့သည် ဗိုလ်ချုပ်ကျန်းဆီမှ ကောက်ရိတ်စက်သေးသေးလေး ရခဲ့ကြလေသည်။ ၎င်းသည် သုံးရသည်မှာ အလွန်အဆင်ပြေ၏။ သူတို့၏အဖိုးတန် ကာယခွန်အားကို ထပ်မံ ဖြုန်းတီးနေစရာ မလိုတော့ချေ။


သို့သော်လည်း ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများသည် သူတို့၏ လုပ်အားကို လိုအပ်နေသေးသည်။ သို့သော်လည်း စပါးရိတ်သိမ်းခြင်းနှင့် နှိုင်းယှဉ်ပါက ၎င်းသည် ပိုမိုလွယ်ကူလေသည်။


ဆန်စပါး၊ ကောက်ပဲသီးနှံ ဟင်းသီးဟင်းရွက်များ၊ သစ်သီးဝလံများနှင့် ဝါဂွမ်းများစုပုံပြီးနောက် စုရွေ့ကျယ်သည် ဂိုဒေါင်သို့သွား၍ တပ်ခွဲမှူးကျန်းထံ အရာအားလုံးကို ပေးအပ်ခဲ့လေသည်။ အေးခဲ‌ေနပြီး ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများ ဆိုးရွားသွားစေရန် မလွယ်ကူတော့ချေ။ ဤအရာများသည် အခြေစိုက်စခန်း၏ အတွင်းအပြင်ရှိ ဖန်လုံအိမ်များမှ ထွက်ရှိသည့် အထွက်နှုန်းနှင့်အတူတကွဆိုလျှင် သူတို့ပြန်မလာမချင်းအထိ အခြေစိုက်စခန်းကို ထောက်ပံ့ရန် လုံလောက်သင့်လေသည်။


တပ်ခွဲမှူးကျန်းသည် သူတို့အား မြေပုံအသစ်တစ်ခုပေးခဲ့ပြီး အကူအညီတောင်းခံရန် ကြေးနန်းစာများပေးပို့ခဲ့သော အခြေစိုက်စခန်းများ၏ တည်နေရာများကို မြေပုံပေါ်တွင်အမှတ်အသားပြုထားလေသည်။ သူတို့သည် ဤစခန်းများသို့ ကယ်ဆယ်ရေးရိက္ခာပစ္စည်းများကို အခြေစိုက်စခန်းတစ်ခုပြီးတစ်ခု ပေးပို့ရန် လိုအပ်လေသည်။


ထို့နောက် နောက်တနေ့မနက်၌ George Barton နှစ်စီးသည် အပြင်ဘက်၌ လုံး၀မိုးမလင်းခင် တိတ်တိတ်ဆိတ်ဆိတ် ထွက်သွားကြလေသည်။ ဤတစ်ကြိမ်၌ ကားနှစ်စီးနဲ့ သူတို့အားလုံးသည် သူတို့မှာရှိသည့် နေရာအားလုံးနှင့် ပိုသက်တောင့်သက်သာ ထိုင်နိုင်ကြလေသည်။


ကျန့်ယွင်၊ စုရွေ့ကျယ်၊ စုန့်ချန်ရှု၊ ကျန့်ကျားဟယ်၊ ကျောက်ပင်းနှင့် ယွီသုန်သုန်တို့သည် ကားနံပါတ်တစ်ကိုယူခဲ့ကြစဉ် ချန်းချီ၊ ချန်းကျောင်း၊ ကျန်းရှို့လျန်၊ ဝူကျင်းနှင့် ဟန်လဲ့ တို့သည် ကားနံပါတ်နှစ်ကို ယူခဲ့ကြလေသည်။


ပထမကားကို ကျန့်ယွင်၊ စုန့်ချန်ရှုနှင့် ကျောက်ပင်းတို့က မောင်းနှင်ခဲ့ကြပြီး ဒုတိယကားကို ကျန်းရှို့လျန်၊ ချန်းချီနှင့် ဟန်လဲ့တို့က မောင်းနှင်ခဲ့ကြသည်။


ကျောက်ပင်းနှင့် တခြားသူများသည် အလွန်ရင်းနှီးကြပြီး သူတို့ နောက်တစ်ကြိမ်ပြန်တွေ့သည့်အခါ ရှက်စရာမရှိတော့ချေ။ မကြာခင် ကားနံပါတ်တစ်ပေါ်ရှိလူများနှင့် စကားစမြည်ပြောဖြစ်ခဲ့ကြလေသည်။ ဟန်လဲ့သည် ပိန်ပါးပြီး အရပ်ရှည်သည့် လူငယ်တစ်ယောက်ဖြစ်ပြီး သူသည် မထင်မှတ်ထားလောက်အောင် ငယ်ရွယ်လေသည်။ သူ အသားအရည်သည် အနည်းငယ် ညိုနေပြီး သူသည် အလွန်ချောမောခြင်းမရှိဘဲ တောသားလေးဖြစ်လေ၏။ သာမာန်အင်ဂျင်နီယာတစ်ယောက်ဖြစ်ပြီး စကားအများကြီးမပြောတတ်သော်လည်း သူသည်အများအပြားကိုသိနားလည်ကာ စိတ်အားထက်သန်သည်။ ထို့ကြောင့် မကြာခင်မှာပင် အဖွဲ့မှ သူ့အားလက်ခံလိုက်ကြ‌လေသည် ။


အပြင်ဘက်၌ လေနှင့်နှင်းများသည် သူတို့မျှော်လင့်ထားသည်ထက် ပိုပြင်းထန်လာခဲ့သည်။ အခြေစိုက်စခန်းအတွင်းနှင့်အပြင်မှ လူများသည် သန့်ရှင်းရေးလုပ်ကြသော်လည်း တစ်ညကြာပြီးနောက် ဆီးနှင်းများသည် ဒါဇင်နှင့်ချီသည့်စင်တီမီတာထုဖြစ်ကာ ထပ်ပြီး စုပုံလာခဲ့ပြန်လေသည်။


အေးခဲပြီး နှင်းများထူထပ်သောလမ်းပေါ်တွင် တာယာနှင့်လမ်းကြား ပွတ်တိုက်မှုမှာ အလွန်သေးငယ်သောကြောင့် သူတို့၏ယာဉ်များကို အလွန်မြန်မြန်မမောင်းဝံ့ကြချေ။ ကျန့်ယွင်သည် ယာဉ်မောင်းရန်တာ၀န်ကျချိန်၌ ကျောက်ပင်းသည် မတော်တဆလမ်းမှားမမောင်းမိစေရန် မြေပုံကို ဂရုတစိုက်စစ်ဆေးခဲ့သည်။


နှင်းများနှင့် လေပြင်းများကြောင့် လေကာမှန်၊ မီးလုံးများနှင့် မှန်များပေါ်ရှိ ရေများ အေးခဲသွားစေရန်လွယ်ကူလေသည်။ သူတို့သည် မကြာခဏ ရပ်တန့်ကာ ၎င်းကို ဖြေရှင်းခဲ့ရလေသည်။ ဤအချိန်တွင် မီးစွမ်းအားရှင်ကျောက်ပင်း၏ အားသာချက်မှာ ရောင်ပြန်ဟပ်ခဲ့လေသည်။သူသည် ချည်ထည် သို့မဟုတ် တစ်ခုခုကို အသုံးပြုရန် မလိုအပ်ခဲ့ချေ။ သူသည် နှင်းခဲများ အရည်ပျော်သွားစေရန် အနည်းငယ် အပူပေးရန် မီးသေးသေးလေး ပြုလုပ်လိုက်ရုံသာရှိလေ၏။


လမ်းတလျှောက်၌ အဖုအထစ်တချို့ ရှိနေဆဲဖြစ်လေသည်။ နေရာတော်တော်များများတွင် နှင်းမထုသည် အလွန်နက်လေ၏။ သူတို့သည် နှင်းထဲ၌ ဘယ်နှစ်ခါလောက် ဘီးများ ကျွံပိတ်နေသည်ကိုတောင် မရေမတွက်နိုင်တော့ချေ။


တခါတရံ သူတို့သည် တွင်း သို့မဟုတ် မြောင်းထဲကိုတောင် မတော်တဆ နစ်သွားခဲ့လေသည်။ ကံကောင်းထောက်မစွာဖြင့် ဒီမယုံကြည်နိုင်စရာ ကောင်းလောက်သည့်လူတစ်ယောက်ဖြစ်သည့် ကျန့်ကျားဟယ်နှင့်အတူ သုံးတန်လောက်ရှိသည့် George Barton လို ကျည်ကာကားကိုတောင် အလွယ်တကူ မ နိုင်လေသည်။ အချိန်ကုန်သက်သာစေရန်အတွက် သူတို့သည် မိုးချုပ်သည်အထိ မရပ်နားခဲ့ကြချေ။ သုံးနပ်စာကို ကားထဲ၌ပင် တိုက်ရိုက်စားခဲ့ကြလေသည်။


တစ်ကိုယ်ရည် သန့်ရှင်းရေး ပြဿနာသည်သာ လမ်းဘေး၌ တစ်မိနစ် နှစ်မိနစ်လောက်ဖြစ်လေသည်။ ညတိုင်း၌ မှောင်မဲနေ၏။ ကားမောင်းဖို့ရန်အတွက် အမှန်တကယ်ကို မသင့်လျော်ချေ။ မနက်အိပ်ရာက နိုးလာသည့်အခါတွင် ကား၏အများစုသည် နှင်းထဲ၌ နစ်မြုပ်နေပြီဖြစ်လေသည်။ ကားပြန်ထွက်နိုင်ဖို့ ကျောက်ပင်းနှင့်ကျန့်ကျားဟယ်တို့သည် အတူတကွ လက်တွဲလုပ်ကြရလေသည်။


ကံကောင်းထောက်မစွာဖြင့် သူတို့သည် ဤတစ်ကြိမ်တွင် အအေးခံရည်များစွာကို ပြင်ဆင်ထားခဲ့ကြသောကြောင့်ပင်၊ သို့မဟုတ်ပါက ကား၏ရေတိုင်ကီသည် ဒုက္ခရောက်သွားလိမ့်မည်ဖြစ်သည်။


ကားသည် အလွန်သန်မာပြီး တင့်ကားသေးတစ်စီးနှင့်ယှဉ်နိုင်သောကြောင့် လမ်းမ‌ပေါ်တွင် ပြန့်ကျဲနေသည့် ဖုတ်ကောင်များကို တွေ့သည့်အခါ ၎င်းတို့ကို ကြိတ်သွားဖို့ တွန့်ဆုတ်နေမည် မဟုတ်‌ချေ။ အသုံးမ၀င်နိုင်သည့် ဆင့်ကဲပြောင်းလဲလာသောဖုတ်ကောင် တစ်ကောင် နှစ်ကောင်လောက်နှင့် မကြာခဏကြုံခဲ့ရပြီး သူတို့သည် ၎င်းတို့အား ဖြေရှင်းရန် ကားခေါင်မိုးပြတင်းပေါက်ကိုဖွင့်ကာ ပဲစေ့ကျည်ဆန်များကို အသုံးပြုလိမ့်မည်ဖြစ်သည်။ 


သူတို့ အလျင်လိုနေကြသော်လည်း S မြို့ရောက်ဖို့ ငါးရက် ခြောက်ရက်လောက် အချိန်ယူခဲ့ရလေသည်။


Sမြို့သည် နေရာတိုင်း၌ ငွေရောင် ဗြောင်အ၀တ်အစားများဖြင့် ဖုံးလှမ်းနေလေသည်။ မြို့သည် အလွန်အေးစက်နေပြီး အသက်မဲ့နေပုံရ၏။ အလောင်းကောင်အချို့သာ လူ‌ခြေတိတ်သောမြို့ထဲ၌ ဖြည်းညှင်းစွာ လျှောက်လှမ်းနေကြလေသည်။


မြေပုံအတိုင်း သူတို့သည် စက်မှုဇုန်ရှိ အဆင့်မြင့်နည်းပညာကုန်ထုတ်မှုနှင့် R&D အခြေစိုက်စခန်းသို့ တည့်တည့်သွားခဲ့ကြသည်။


သူတို့ကား စက်မှုဇုန်ထဲသို့ ၀င်လာသည်နှင့် ယွီသုန်သုန်သည် တည့်တည့်မတ်မတ်ထိုင်လိုက်ပြီး အလွန်အန္တရာယ်များသည့် စိတ်စွမ်းအင်ကို ခံစားလိုက်ရလေသည်။


“ဖုတ်ကောင်တွေရှိတယ်။ အဲဒါ အန္တရာယ်ရှိတယ်”


ဘယ်လောက် ကိစ္စရှိကြောင်း ယွီသုန်သုန် ‌မပြောနိုင်ချေ။ ဖုတ်ကောင်သည် သူ့အား အန္တရာယ်ကြီးသည့် ခံစားချက်ရစေသည် ဆိုသည်ကိုသာ သူသိလေသည်။


“အားလုံး သတိကပ်ထားကြပါ”


ကျန့်ယွင်သည် ယွီသုန်သုန်၏ခံစားချက်ကို ကားနံပါတ်နှစ်ကို ချက်ချင်းအကြောင်းကြားခဲ့သည်။


ဤနေရာတွင် ပုန်းကွယ်ထားသော အလွန်အန္တရာယ်များသည့် ဖုတ်ကောင်များ ရှိနေနိုင်ဖွယ်ရှိသည်...


🍒🍒