အခန်း(၁၀၁)
Viewers 12k


အခန်း(၁၀၁)《 ကြင်နာမှုကို ကျေးဇူးသိတတ်မှုဖြင့် တုန့်ပြန်ခြင်း 》


Author: Drunken Light Song

Source: Jostena M

Translator: オタク


ကျန့်ယွင်၏အဖွဲ့မှလူတိုင်းသည် လင်းချန်အခြေစိုက်စခန်းသို့ တစ်ကြိမ်ရောက်ဖူးကြပြီး လမ်းနှင့်ရင်းနှီးသောကြောင့် သူတို့စိတ်ထဲတွင်ရှိသည့်လမ်းကြောင်းအတိုင်း လင်းချန်အခြေစိုက်စခန်းဆီသို့ မောင်းသွားခဲ့ကြသည်။


သို့သော် လင်းချန်အခြေစိုက်စခန်း၏အသွင်အပြင်ကို မြင်လိုက်ရသောအခါ သူတို့အားလုံးထိတ်လန့်သွားကြလေသည်။ ခိုင်ခံ့မှုမရှိသော လင်ချန်းအခြေစိုက်စခန်း၏နံရံသည် ပြိုကျနေခဲ့ပြီး နေရာတိုင်းတွင် ကျိုးပဲ့နေသော နံရံများနှင့် အပျက်အစီးများ ရှိနေခဲ့လေသည်။


နှင်းများထူထပ်စွာကျဆင်းမှုကြောင့် မြို့ပြိုကျပြီးနောက် သဲလွန်စအများစုကို အဖြူရောင်စွတ်စွတ်ဖြင့် ဖုံးလွှမ်းထားခဲ့လေသည်။ သို့သော်လည်း မြို့ရိုး၏တစ်စိတ်တစ်ပိုင်း၌ ခြောက်သွေ့နေသော သွေးစွန်းကွက်အများအပြားကို တွေ့ရှိခဲ့ကြရပြီး မြို့ပြိုကျိုးပေါက်သွားသောအခါ စစ်ပွဲသည် အလွန်ပြင်းထန်ခဲ့ကြောင်း ပြသနေလေသည်။


မြို့အနီးရှိ ကြီးမားသောအခြေစိုက်စခန်းသည် နေရာတိုင်းတွင် သေစေနိုင်လောက်အောင် တိတ်ဆိတ်ငြိမ်သက်နေပြီး သေဆုံးနေသောမြို့ကြီးတစ်ခုကဲ့သို့ ဖြစ်လုနီးပါးဖြစ်နေပြီဖြစ်လေသည်။ လွန်ခဲ့သော ရက်အနည်းငယ်က မြင်ကွင်းနှင့် နှိုင်းယှဉ်ပါက လူအများ၏နှလုံးသားထဲတွင် လေးလံနေခဲ့ကြလေသည်။


“သူတို့... အားလုံး... သေကုန်ကြပြီလား”


ကျောက်ပင်း၏အသံသည် အနည်းငယ်တုန်လှုပ်သွားလေသည်။ ရက်အနည်းငယ်အတွင်း အခြေစိုက်စခန်းတစ်ခုလုံး သေဆုံးသွားခဲ့ပြီလား။


ဒါဟာ ထောင်ပေါင်းများစွာသော အသက်တွေလေ....


“မသေချာပါဘူး”


ကျန့်ယွင်သည် လေးနက်သောအသံဖြင့် ပြောလိုက်၏။


“အရင်ဆုံး သွားပြီး ကြည့်ရအောင်...”


လင်းချန်အခြေစိုက်စခန်းသည် ကြီးမားသောအခြေစိုက်စခန်းတစ်ခုမဟုတ်သော်လည်း ကင်းကောင်ရှစ်ယောက်ကဲ့သို့သော ထောင်ပေါင်းများစွာသော အသက်ရှင်ကျန်ရစ်သူများ နေထိုင်ခဲ့လေသည်။ အမှားအယွင်းဖြစ်သွားသောအခါတွင် သူတို့သည် မြို့ကိုစွန့်ခွာကာ ထွက်ပြေးလွတ်မြောက်နိုင်သည်၊ သို့မဟုတ် အခြားသွားစရာနည်းလမ်းများစွာရှိလေသည်။ သူတို့ ဖုတ်ကောင်များကြောင့် အလွယ်တကူ မသေဆုံးသင့်ဟု သူထင်လေသည်။ 


စုရွေ့ကျယ်သည်လည်း သူ့ပြန်လည်မွေးဖွားလာခြင်းကြောင့် လင်းချန်အခြေစိုက်စခန်းတွင် ဆိုလာစွမ်းအင်မရှိသည့်အပြင် ကမ္ဘာပျက်ကပ်အစောပိုင်း၌ အခြေစိုက်စခန်းလျင်မြန်စွာ မကြီးထွားလာခဲ့သာ်လည်း သူ့မှတ်ဉာဏ်ထဲတွင် လင်းချန်အခြေစိုက်စခန်း၏လောင်တသည် လေးနက်သောရည်ရွယ်ချက်နှင့် တိကျသေချာသော အမြော်အမြင်ရှိသောလူဖြစ်သောကြောင့် သူတည်ဆောက်ထားသော အခြေစိုက်စခန်းကို အပျက်စီးခံဖို့ မဖြစ်နိုင်ကြောင်း သူထင်လေသည်။


နှင်းခရူဇာသည် လင်းချန်အခြေစိုက်စခန်း၏ အပျက်အစီးများထဲသို့ ဖြည်းညှင်းစွာ မောင်းနှင်လာခဲ့လေ၏။ နှင်းထဲတွင် အစာရှာနေသော ဖုတ်ကောင်ခွေးအများအပြားသည် သူတို့ကို တွေ့ရှိလိုက်ကြပြီး နှင်းခရူဇာဆီသို့ ချက်ချင်း ပြေးလာခဲ့ကြလေသည်။


တွဲဘက်ယာဉ်မောင်းထိုင်ခုံတွင် ထိုင်နေသော ချန်းချီသည် ဖုတ်ကောင်ခွေးများကို သေအောင် အလွယ်တကူထိမှန်နိုင်သည့် မိုးကြိုးကို တိုက်ရိုက်ထုတ်လွှတ်လိုက်သည်။


သူတို့သည်မြို့ကိုပတ်ကာ လှည့်ပတ်ကြည့်လိုက်ကြပြီး အရပ်ရပ်သို့ ပြန့်ကျဲနေသော ဖုတ်ကောင်အနည်းငယ်မျှသာရှိပြီး ၎င်းတို့အပြင် သက်ရှိဟူ၍ မတွေ့ခဲ့ကြရချေ။


သို့သော်လည်း ကျန့်ယွင်သည် သူတို့ မြို့ကိုစွန့်ခွာပြီး ထွက်ပြေးခြင်းဖြစ်သင့်သည်ဟု တွေးထင်ခဲ့သည်။ အဘယ့်ကြောင့်ဆိုသော် သူအနီးနားသို့ ရောက်ရှိလာသောအခါ နဂိုအတိုင်းရှိသည့်အိမ်အများအပြားသည် ရှုပ်ပွနေကြသော်လည်း အစားအစာနှင့်အဝတ်အစားများအားလုံးကို ယူဆောင်သွားကြပြီး၊ စားပွဲများ၊ ကုလားထိုင်များနှင့် ခုံတန်းလျားအချို့လည်း ပျောက်ကွယ်သွားသောကြောင့်ဖြစ်လေသည်။ ကင်းကောင်ရှစ်ယောက်သည် ကျန်လူများနှင့်အတူ အဝေးသို့ထွက်ပြေးသွားကြပြီဖြစ်ကြောင်း သူမှန်းဆလိုက်သည်။


ကျန့်ယွင်၏ထင်မြင်ယူဆချက်ကို နားထောင်ပြီးနောက် လူတိုင်းသည် ဤအရာသည် အဓိပ္ပါယ်များစွာရှိသည်ဟု ထင်ခဲ့ကြသည်။ သို့သော်လည်း ထိုလူများ၏နေရာကို ရှာဖွေရန် သူတို့တွင် အချိန်မရှိကြ‌ပေ။ အစားအစာအားလုံးကို ယူဆောင်သွားကြပြီးဖြစ်သောကြောင့် သူတို့သည် အချိန်အတိုင်းအတာတစ်ခုအထိ အသက်ရှင်နေသင့်သည်။ သူတို့ မြောက်ဘက်မှ ပြန်လာကြသောအချိန်မှ ဖြည်းဖြည်းချင်း ရှာဖွေနိုင်‌ပေသည်။


ထို့ကြောင့် သူတို့၏ကားသည် လင်ချန်းအခြေစိုက်စခန်းမှ ထွက်ခွာပြီး မြောက်ဘက်သို့ ဦးတည်သွားခဲ့ကြလေသည်။ လင်ချန်းသည် ပင်မမြို့ပြဧရိယာအပြင်ဘက်မှ သေးငယ်သောစိုက်ပျိုးရေးမြို့ဖြစ်သောကြောင့် လယ်မြေများနှင့် အပြင်ဘက်တွင် ရွာများစွာရှိလေသည်။


ကမ္ဘာပျက်ကပ်စတင်ပြီးနောက် ရာသီဥတုဆိုးရွားမှုကြောင့် လယ်ကွင်းများသည် စိုက်ပျိုးရန် မသင့်တော်ကြတော့ဘဲ ၎င်းတို့သည် တဖြည်းဖြည်း မြေရိုင်းများဖြစ်လာခဲ့ကြသည်။


အခြေခံအားဖြင့် အနီးနားကျေးရွာများရှိ လယ်မြေများတွင် နေထိုင်ကြသော တောင်သူလယ်သမားများသည် အရန်ဆန်စပါးများဖြင့် လင်ချန်းအခြေစိုက်စခန်းသို့ သွားခဲ့ကြသည်။ ထို့ကြောင့် ဤကျေးရွာများသည် အလွတ်ဖြစ်နေသင့်သည်။


သူတို့ကားသည် မြောက်ဘက်သို့ တစ်ဆယ်ကီလိုမီတာကျော်ကျော်ကို မောင်းလာပြီးနောက်မှသာ ဖုတ်ကောင်များ၏အသံများ ထွက်ပေါ်လာနေသည့် ရွာငယ်လေးတစ်ရွာကို တွေ့လိုက်ကြရသည်။ ထိုနေရာတွင် အသံအများအပြားရှိနေဆဲဖြစ်လေ၏။


“အဲဒီရွာမှာ အသက်ရှင်နေတဲ့ နေထိုင်သူတွေရှိတယ်”


ကျောက်ပင်းသည် စိတ်လှုပ်ရှားစွာ အော်လိုက်လေ၏

 

“ငါတို့ တစ်ချက်လောက် သွားကြည့်ရမလား”


ဖုတ်ကောင်များသည် အကြောင်းပြချက်မရှိဘဲ လူသူမဲ့ရွာတစ်ဝိုက်တွင် လှည့်လည်ခြင်းမရှိကြချေ။ ၎င်းတို့သည် အသွေးအသားရနံ့ကို အနံ့ခံကာ ဤနေရာတွင် စုရုံးကြခြင်းဖြစ်ရမည်။ ဤရွာရှိလူများသည် လင်းချန်အခြေစိုက်စခန်းမှ ထွက်ပြေးလွတ်မြောက်လာသူများ ဖြစ်နိုင်ချေ အများဆုံးဖြစ်သည်။


“ကောင်းပြီ၊ တစ်ချက်လောက် သွားကြည့်ရအောင်”


ကျန့်ယွင် ပြောလိုက်သည်။


ယခု မြင်တွေ့နေရသည်ဖြစ်သောကြောင့် သူတို့ လျစ်လျူမရှုနိုင်ကြပေ။


ထို့ကြောင့် ကားမောင်းရန်တာ၀န်ကျသည့် ကျန်းရှို့လျန်သည် လယ်ကွင်းထဲသို့ ကားကိုတိုက်ရိုက်မောင်းပြီး ဖြတ်သွားဖို့ စီစဉ်ထားလေသည်။ မည်သို့ပင်ဖြစ်ဖြစ် မြေပြင်သည် နှင်းထုထူထူဖြင့် ဖုံးလွှမ်းနေပြီး နှင်းခရူဇာသည် လွန်စွာချောချောမွေ့မွေ့ မောင်းနှင်လာခဲ့လေသည်။


ကား ရွာနားရောက်လာသည်နှင့် ဖုတ်ကောင်များသည် သူတို့ကားဆီသို့ ပြေးလွှားလာကြလေသည်။ ချန်းချီသည် ပြဿနာအားလုံးကို အလွယ်တကူ ဖြေရှင်းနိုင်ခဲ့လေသည်။


ထိုဖုတ်ကောင်အရေအတွက်သည် ကြီးမားပုံရသော်လည်း ၎င်းတို့သည် သာမာန်ဖုတ်ကောင်များသာဖြစ်လေသည်။ မိုးကြိုးစွမ်းအား၏ဒုတိယအဆင့်သို့ရောက်ရှိခဲ့သော ချန်းချီအတွက် ၎င်းသည် သေးငယ်သောအရာတစ်ခုမျှသာဖြစ်လေသည်။


ရွာသည် မကြီးသည့်အတွက် နှင်းခရူဇာကို မမောင်း၀င်နိုင်သောကြောင့် ကျန့်ယွင်သည် ဟန်လဲ့နှင့်ယွီသုန်သုန်တို့ကို ကားထဲတွင်နေခဲ့ခိုင်းပြီး တခြားလူများကို အခြေအနေကြည့်ရန် ရွာထဲသို့သွားခိုင်းလေသည်။


ဟန်လဲ့သည် နည်းပညာရှင်တစ်ယောက်ဖြစ်ကာ စွမ်းအားရှင်မဟုတ်ပေ။ သူနှင့်ယွီသုန်သုန်ကို ကားထဲတွင် နေခဲ့ခိုင်းခြင်းသည် ပိုလုံခြုံလိမ့်မည်ဖြစ်သည်။


သို့သော် ကျန့်ယွင်သည် ကားပေါ်မှဆင်းခင် ယွီသုန်သုန်ကို သူ့စိတ်စွမ်းအားဖြင့် ရွာထဲတွင် အသက်ရှင်နေသူများ ပုန်းအောင်းနေသည့်နေရာကိုရှာဖွေခိုင်းလိုက်လေသည်။ ထို့ကြောင့် သူတို့အနေဖြင့် တစ်စုံတစ်ယောက်ကို တစ်အိမ်၀င်တစ်အိမ်ထွက် ရှာနေစရာမလိုတော့ချေ။


ယွီသုန်သုန်သည် ခေါင်းလေးကို စောင်းငဲ့လိုက်ပြီး


“ အဲ့ဒိအိမ်တွေအောက်မှာ လူတွေရှိတယ်”


“မင်း လူတွေရှိတယ်လို့ပြောတာလား”


ကျောက်ပင်း၏မျက်နှာသည် ဝမ်းသာအားရအကြည့်တစ်ခု ရုတ်တရက် ပေါ်လာလေသည်။


ကျေးလက်ရှိ မိသားစုတိုင်းလိုလိုနီးပါးတွင် မြေအောက်ခန်းနှင့် အခြားနေရာများရှိကြသည်။ ဤရွာငယ်လေးတွင် မိသားစုတစ်ဒါဇင်မျှသာ ရှိသော်လည်း အိမ်တိုင်း၏အောက်တွင် ပုန်းအောင်းနေသူများ အများအပြား ရှိလိမ့်မည်ဖြစ်ကာ ထိုနေရာတွင် သူတို့အများအပြားရှိကြလိမ့်မည်။


ကျောက်ပင်းသည် လင်းချန်အခြေစိုက်စခန်းရှိ ထောင်ပေါင်းများစွာသော လူများ၏အသက်ကို စိတ်ပူပန်နေခဲ့လေသည်။ ယခု အသက်ရှင်နေသေးသည့်လူများရှိ‌နေဆဲဖြစ်ကို သိလိုက်ရသည့်အတွက် သူအလွန်ဝမ်းသာမိလေသည်။


ကလေးလေးသည် ခေါင်းညိတ်ပြီး ထပ်ပြောလာလေသည်။


 “လူတွေအများကြီးရှိတယ်”


“ကောင်းပြီ ကားကိုစောင့်ကြည့်ပြီး ငါတို့ပြန်လာတာကိုစောင့်နေနော်”


စုရွေ့ကျယ်သည် ကလေး၏ခေါင်းကို ပုတ်လိုက်ပြီး ကားထဲမှထွက်ကာ ကျန့်ယွင်နောက်သို့လိုက်သွားလေသည်။


သူတို့ ရွာထဲသို့၀င်လာသည့်အချိန်၌ လက်နက်များနှင့်လူနှစ်ဒါဇင်လောက်သည် နှစ်ဖက်အိမ်များထဲမှ ပြေးထွက်လာကြပြီး ကျန့်ယွင်နှင့်တခြားသူများကို ဝိုင်းထားကြလေ၏။


သူတို့အဝတ်အစားများသည် အလွန်ညစ်ပတ်နေကြလေ၏။ သူတို့ဝတ်နိုင်သည့်အဝတ်အစားများအကုန်နီးပါးဝတ်ထားကြ‌လေ၏။ တစ်ချို့လူများသည် ဘာပုံမှမပေါ်တော့သည့် အမျိုးသမီးအင်္ကျီများတောင်ဝတ်ထားကြလေသည်။


“အစားအစာနဲ့ မင်းတို့ဝတ်ထားတဲ့အဝတ်အစားတွေကို ပေးခဲ့ ”


သေနတ်များနှင့် လူခုနစ်ယောက် ရှစ်ယောက်လောက်သည် အမဲရောင်ပြောင်း၀အားလုံးကို ကျန့်ယွင်နှင့်တခြားသူများကို ချိန်ထားလေ၏။


“လောင်တ၊ အဲဒီမိန်းမနှစ်ယောက်ကို ထားခဲ့ခိုင်းဖို့ မမေ့နဲ့နော် ” 


သူတို့ထဲမှ တစ်ယောက်ဖြစ်သည့် ယင်ဆိုသည့်လူသည် ပြုံးပြီးပြောလိုက်၏။


ကျန့်ယွင်သည် ထိုလူများကို ဂရုတစိုက်ကြည့်ရှု့‌ လေ့လာနေသည်။ သူတို့၏မျက်နှာများသည် အဆင်ပြေနေကြသော်လည်း အအေးဒဏ်ကြောင့်သူတို့အားလုံး တုန်ယင်နေကြလေသည်။


“မင်းတို့ ငါတို့ကို လုယက်ချင်နေတာ သေချာလား။ ငါတို့ အခုတင် အပြင်မှာ ဖုတ်ကောင်တွေကို သတ်လိုက်တာ။ မင်းတို့ ကျေးဇူးတင်ရကောင်းမှန်း မသိဘူးဆိုရင် မင်းတို့ရဲ့ ကြင်နာမှုကို ဘယ်လိုပြန်ဆပ်နိုင်မလဲ ”


ချန်းချီ၏လက်ထဲရှိ မိုးကြိုးသည် လင်းလက်သွားလေသည်။


ချန်းချီ၏လက်ထဲရှိ အလင်းရောင်ကို မြင်လိုက်ရချိန်၌ ခေါင်းဆောင်၏မျက်လုံးများ တဖျပ်ဖျပ်ဖျပ်ခတ်သွားသော်လည်း သူကြောက်ရွံ့ခြင်းမခံစားခဲ့ရပေ။ ဆန့်ကျင်ဘက်အနေဖြင့် သူပိုပြင်းထန်လာခဲ့လေသည်။ ဒီလူတွေများသည် သေနတ်များမသုံးဘဲ အပြင်ဘက်၌ ဖုတ်ကောင်များကို သတ်နိုင်ခဲ့ကြသည်ဆိုကတည်းက စွမ်းအားရှင် တစ်ယောက် သို့မဟုတ် နှစ်ယောက် ရှိရမည်ဟု ဆိုလိုခြင်းဖြစ်လေသည်။ စွမ်းအားရှင်များသည် မည်မျှပင် အစွမ်းထက်နေပါစေ သူတို့တွင် အသွေးအသားများရှိကြဆဲပင် မဟုတ်ပါလား။ သေနတ်အများကြီးနှင့် လူများစွာနှင့်ဆိုလျှင် သူတို့ထဲမှ တစ်ယောက် နှစ်ယောက်ကို သတ်ဖို့ အခက်အခဲရှိပါ့မလား။ 


ဘယ်ပစ်မှတ်ကို အရင်ပစ်ရမှန်း မသိကြသည့်အတွက် ပထမဆုံးလူမိုက်သည် သူ့ကိုယ်သူ ထုတ်ဖော်လိုက်လေသည်။


“စွမ်းအားရှင်တစ်ယောက်ပဲလေ။ ဘာကြီးကြီးကျယ်ကျယ် ဖြစ်နေလို့လဲ။ ငါက မင်းတို့လို တခြားသူတွေကို သတ်လိုက်တဲ့သူပဲ ”


ထိုလူသည် ပြောနေရင်း သူမျက်လုံးများသည် ပို၍ ပြင်းထန်လာပြီး သေနတ်ပြောင်း၀ကို ချန်းချီဆီသို့တိုက်ရိုက် ချိန်ရွယ်လိုက်လေသည်။


ကျန့်ယွင် မျက်မှောင်ကြုတ်လိုက်ပြီး ဒီလူ၏ စိတ်နေစိတ်ထားသည် တစ်ခုခု လွဲမှားနေပြီဆိုသည်ကို မြင်နိုင်လေသည်။ သူ့လက်ချောင်းများ လှုပ်ရှားသွားပြီး မောင်းခလုတ်ကို ဆွဲလိုက်တော့မည်ကိုမြင်ပြီး သူ့အစွမ်းကို ချက်ချင်း စတင်လိုက်လေသည်။


ပြင်းထန်သော မြေဆွဲငင်အားဆယ်ဆသည် တောင်ကြီးတစ်ခုကဲ့သို့ ချက်ခြင်းဖိချလိုက်ပြီး လူကို မြေပြင်ပေါ်သို့ ချက်ချင်း တွန်းချလိုက်လေသည်။


မြေပြင်ကို နှင်းများဖုံးလွှမ်းနေပြီး ထိုလူသည် မြေပြင်ပေါ်သို့အဖိခံထားရလေသည်။ ထို့အပြင် အသက်မရှူနိုင်လောက်သည့်ဝေဒနာအပြင် ထိုးဖောက်နေသောအအေးဓာတ်ကိုလည်း ခံစားလိုက်ရပြီး ချက်ချင်းဆိုသလို မျက်ရည်များကျ‌လာလေသည်။ သူသည် စကားမပြောနိုင်ဘဲ သနားညှာတာဖို့ တောင်းပန်မရနိုင်ချေ။


“ငလူး” 


ထိုအချင်းအရာကို တခြားသူများမြင်လိုက်ကြသောအခါ သူတို့သည် ချက်ချင်းပစ်ခတ်ခဲ့ကြလေသည်။


ကျန်းရှို့လျန်၏မြေတံတိုင်း နှင့် စုရွေ့ကျယ်၏ ပေါက်ကွဲခြင်းဒဏ်ခံနိုင်သော အကာအကွယ်ကို တချိန်တည်းမှာပင် အသက်သွင်းလိုက်လေသည်။ သူတို့သည် မတူညီသောလားရာများမှ ကျည်ဆန်များကို လွယ်လွယ်ကူကူခုခံနိုင်ကြလေသည်။ သူတို့ပစ်ခတ်ခြင်း ရပ်တန့်သွကြပြီးနောက် သူတို့သည် ချက်ချင်း ပြန်တိုက်ခိုက်ခဲ့ကြလေသည်။


ဒီလူကိုးယောက်လုံးသည် အားလုံး စွမ်းအားရှင်များ ဖြစ်ကြသည်ကို ထိုလူများ ဘယ်တုန်းကမှ မတွေးခဲ့ကြချေ။ သူတို့သည် လက်နက်အများအပြားကိုင်ဆောင်ထားပြီး ချိန်ရွယ်ထားကြသော်လည်း သူတို့လက်အောက်သို့ရောက်ရန် သုံးမိနစ်ကြာအောင်ပင် မထိန်းထားနိုင်ခဲ့ချေ။


မီးလုံး၊ လေဓား၊ ရေခဲဆူး၊ လျှပ်စစ်ရှော့နှင့် သံတုတ်ချောင်းတို့သည် ထိုလူများကို အလွယ်တကူ ရိုက်ချပစ်လိုက်လေသည်။


ကျန့်ယွင်သည် တမင်တကာ အပြင်းအထန် တိုက်ခိုက်ခြင်း မရှိသော်လည်း သူတို့အား သင်ခန်းစာတစ်ခုသာ သင်ပေးခြင်းဖြစ်လေသော်လည်း သူတို့အား စိတ်ဆင်းရဲစေခဲ့လေသည်။


ကျန့်ယွင်သည် သူ့စွမ်းအားကို ပြန်ရုတ်သိမ်းလိုက်ပြီး ခေါင်းဆောင်ကို နှင်းထဲမှဆွဲထုတ်လိုက်ကာ ထိုလူ၏လည်ပင်းကို ဓားမြှောင်တစ်ချောင်းထောက်လိုက်ကာ


“ မင်းတို့က ဘယ်သူလဲ။ မင်းတို့ဒီကို ဘယ်လိုရောက်လာတာလဲ ”


“ငါတို့က လင်းချန်ကပါ... ဖုတ်ကောင်တွေ ဖုတ်ကောင်တွေ မြို့ထဲကို ထိုးဖောက်လာလို့...ငါတို့၊ ငါတို့.. ထွက်ပြေး..ထွက်ပြေးလွတ်မြောက်လာကြပြီး... ဒီရွာက ငါတို့သိတဲ့ တခြားသူတွေကို တွေ့ခဲ့ကြတယ်....”


ထိုလူသည် နှင်းထဲ၌ အလွန်အေးခဲလွန်းသဖြင့် တုန်တုန်ယင်ယင်ဖြစ်နေကာ ကျန့်ယွင်၏မေးခွန်းများကို ရိုးရိုးသားသား ဖြေခဲ့လေသည်။


“တောင်းပန်ပါတယ်၊ ငါတို့မှားသွားပါတယ်”


“အသက်အရွယ်ကြီးတဲ့သူအများကြီးကို ထည့်စဉ်းစားပါ။ ငါတို့ကို သွားခွင့်ပြုပါ။ ငါတို့ ရက်အတော်ကြာ ဗိုက်ဆာနေကြလို့ပါ။ ငါတို့ ခဏလောက် ပုန်းနေခဲ့ရတာ။ ငါ တောင်းပန်ပါတယ်။ ငါတောင်းပန်ပါတယ်”


လူတချို့သည် ပြောရင်း အရိုအသေပေးနေကြလေသည်။


“ဟားဟား”


သို့သော် ချန်းကျောင်းသည် လှောင်ပြောင်လိုက်ပြီး ထိုလူများ၏ မုသားစကားများကို သူမ မယုံကြည်ခဲ့ချေ။ တချို့များ၏ အဓိပ္ပါယ်မရှိပြောနေခြင်းကို မဆိုထားနှင့် ယခုလေးတင် ဒီလူများသည် မေးခွန်းများမမေးဘဲ သူတို့တားသတ်ရန်သာလာခဲ့ကြလေသည်။ သူတို့သည် သူမနှင့် ဝူကျင်းတို့ကိုတောင် တွေးရဲကြသည်လေ။


 🍒🍒