အခန်း(၁၀၃)《 လင်းချန်အကျဉ်းထောင် 》
Author: Drunken Light Song
Source: Jostena M
Translator: オタク
စုရွေ့ကျယ်သည် သူတို့အသုံးပြုမည့် off road ကားတစ်စီးကို နေရာလွတ်ထဲမှ ထုတ်ယူလိုက်၏။ နောက်တန်းရှိ ထိုင်ခုံများကို ကုတင်ကဲ့သို့ဖြစ်အောင် ဖြန့်လိုက်လေသည်။ သို့သော်လည်း ကားပေါ်ရှိ နေရာလွတ်မှာ သေးငယ်လေသဖြင့် မိန်းကလေး ခုနစ်ယောက် လှဲအိပ်ရန် မဖြစ်နိုင်ချေ။ ကားနံရံကိုမှီပြီး ထိုင်ရုံသာတတ်နိုင်မည်ဟု မှန့်မှန်းနိုင်သည်။
စုရွေ့ကျယ်သည် စောင်သန့်သန့်တစ်ခုကို ထိုင်ခုံပေါ်ခင်းလိုက်ပြီး သနားစဖွယ်မိန်းကလေးများကို ကားပေါ်တင်ပေးဖို့ တခြားသူများကို အကူအညီတောင်းလိုက်လေသည်။
ကျန်းရှို့လျန်သည် ထိုလူများ၏ ခန္ဓာကိုယ်များကို သူ့စွမ်းရည်ဖြင့် မြှုပ်နှံပြီးနောက် SUV ကားပေါ်သို့တက်သွားလေသည်။ စုန့်ချန်ရှုသည် သူ့ဆေးသေတ္တာနှင့်အတူ ဝူကျင်းနောက်သို့ လိုက်သွားခဲ့သည်။
ကားနှစ်စီးသည် တစ်စီးပြီးတစ်စီး ရွာထဲမှ ထွက်ခွာသွားကြပြီး မကြာခင်မှာပင် နှင်းများကျလာကာ သူတို့ ရောက်ရှိလာခဲ့သည့် ခြေရာများကို မြုပ်နှံလိုက်လေသည်။
မြေပုံပေါ်ရှိ လမ်းညွန်ချက်များအတိုင်း သူတို့သည် လင်းချန်အကျဉ်းထောင်သို့ မောင်းနှင်သွားခဲ့ကြလေသည်။ လမ်းတွင် ဖုတ်ကောင်အချို့ကို မလွဲမသွေတွေ့ကြုံခဲ့ကြသော်လည်း သူတို့သည် ၎င်းတို့အား ဂရုမစိုက်ခဲ့ပေ။ လမ်း၌ဝင်လာဝံ့သူများကို တိုက်ရိုက် တိုက်ကြိတ်သွားခဲ့ကြကာ သူတို့နောက်မှ ပြေးလိုက်လာသူများကို ၎င်းတို့အား ဆက်၍ပြေးလိုက်လာစေလိုက်လေသည်။
မကြာခင်မှာပင် သူတို့သည် လင်းချန်အကျဉ်းထောင်ကို အဝေးကမြင်ရပြီး ကားနှစ်စီးကို ဖုတ်ကောင် 20 သို့မဟုတ် 30 လောက်က လိုက်လာနေခဲ့လေသည်။ အဝေးမှနေဆိုလျှင် ဖုတ်ကောင်များ လိုက်ဖမ်းခံနေပုံရလေသည်။
လင်းချန်အကျဉ်းထောင်၏ အစွန်အဖျားတွင် မြင့်မားသောနံရံများ ရှိနေသည်။ ကင်းမျှော်စင်ပေါ်တွင် ရပ်နေသော ကင်းစောင့်သည် နှင်းခရူဇာနှင့် SUV ကားကို တစ်ချက်ကြည့်လိုက်သည်နှင့် မြင်နိုင်လေသည်။
လူတစ်ယောက်သည် အထက်ကို သတင်းပို့ဖို့ ကင်းမျှော်စင်ပေါ်မှ အမြန်ဆင်းသွားလေပြီး နောက်တစ်ယောက်သည် ကင်းမျှော်စင်မှာ ဆက်နေပြီး အပြင်ဘက်ကို ဆက်တိုက်အာရုံစိုက်နေလေသည်။
ကျန့်ယွင်နှင့်သူ့နောက်လိုက်များသည် လင်းချန်အကျဉ်းထောင်ဂိတ်တံခါးသို့ ရောက်ရှိလာပြီး ထောင်တံခါးကို မြေကြီးစွမ်းအားရှင်များမှ တင်းတင်းကြပ်ကြပ် အလုံပိတ်ထားသည်ကို တွေ့လိုက်ရလေသည်။ အဝင်အထွက်ကို ကူညီဖို့ မြေကြီးစွမ်းအားရှင်များ လိုအပ်သည့်ပုံရလေသည်။
ဤသို့သော အခက်အခဲလေးသည် ကျန့်ယွင်ကို အနိုင်မယူနိုင်ချေ။ သူ ကျန်းရှို့လျန်ကို ကားထဲမှဆင်းခိုင်းခါနီးအချိန်၌ သူ့ရှေ့ရှိ အုတ်တံတိုင်းသည် ပြိုကျပြီးဖြစ်လေကာ ကားနှစ်စီးဝင်နိုင်လောက်သည့်လမ်းကို ဖွင့်ပေးလိုက်လေသည်။
“ဝင်လာ”
ပြိုကျနေသော နံရံအနောက်တွင် လူငယ်နှစ်ဦး ပေါ်လာပြီး သူတို့အား လက်ဝှေ့ယမ်းပြနေခဲ့သည်။
ကျန့်ယွင်သည် တုန့်ဆိုင်းမနေခဲ့ချေ။ ဂတ်စ်ကို နင်းလိုက်သည်နှင့် တပြိုင်နက် ကားနှစ်စီးသည် လင်ချန်းအကျဉ်းထောင်ထဲသို့ တိုက်ရိုက်မောင်း၀င်သွားခဲ့လေသည်။ တချိန်တည်းမှာပင် လူငယ်နှစ်ယောက်သည် ဂိတ်တံခါးကို တံတိုင်းနှင့် ချက်ချင်းပြန်ပိတ်လိုက်ကာ ဖုတ်ကောင်များကို အပြင်ဘက်တွင် ထားခဲ့လိုက်လေသည်။
အပြင်ဘက်တွင် ဖုတ်ကောင်များသည် အော်ဟောက်ပြီး တံတိုင်းကို စတင် ထုရိုက်၊ ရိုက်နှက်ကြလေသည်။
ထိုအချိန်၌ လူများ ပိုများလာပြီး စိတ်လှုပ်ရှားစရာကို ကြည့်နေသကဲ့သို့ လဟာပြင်နေရာတွင် စုရုံးလာကြလေသည်။ တကယ်တမ်း၌ သူတို့ကားနှစ်စီးကို ဖြည်းညှင်းစွာ ဝိုင်းရံထားခဲ့ကြလေသည်။
“အဆင်ပြေပါတယ် မင်းတို့ထွက်လာနိုင်ပါတယ်”
အနီရောင်ရင့်ရင့်ချောင်ဆမ် ၀တ်ထားသော အမျိုးသမီးတစ်ဦးသည် နှင်းခရူဇာတံခါးဆီသို့ လှမ်းလာကာ ပြတင်းပေါက်တံခါးကို ခေါက်လိုက်ပြီး ပြုံးကာ ပြောလာလေသည်။
“ဂိတ်တံခါးက အလုံပိတ်ထားတာ။ အိမ်ထဲကို ရောက်ရင် သူတို့ ငါတို့ကို အနံ့မခံနိုင်ကြတော့ဘဲ ထွက်သွားကြလိမ့်မယ်”
နှင်းခရူဇာ၏မှန်ကို ဖလင်ဖြင့်ဖုံးအုပ်ထားလေသည်။ အပြင်ဘက်မှ အတွင်းရှိပုံသဏ္ဍန်ကို ယောင်ဝါးဝါးသာမြင်နိုင်ပြီး အတွင်းတွင်မည်သူမည်ဝါဖြစ်သည်ကို အမှန်တကယ်မမြင်နိုင်ပေ။
ကျန့်ယွင်သည် 'ရာသီဥတုကို ဂရုမစိုက်ဘဲ ၀တ်စားဆင်ယင်ထားသည့် အမျိုးသမီးကို' အေးတိအေးစက် ကြည့်နေလေသည်။ မထီမဲ့မြင်ပြုကာ နှုတ်ခမ်းစုပ်သပ်လိုက်ကာ ဝေါ်ကီတော်ကီကို အသုံးပြုကာ ကျန်းရှို့လျန်ကို ကားပေါ်မှမဆင်းရန် ပြောပြီးနောက် တံခါးကိုဖွင့်ကာ ဆင်းသွားခဲ့လေသည်။
ကျန့်ယွင်သည် ကားထဲမှဆင်းဖို့ ဦးဆောင်လိုက်ပြီး နှင်းခရူဇာပေါ်ရှိတခြားလူများသည် တယောက်ပြီး တယောက် ဆင်းလာကြလေသည်။
အစပိုင်တွင် ကျန့်ယွင်၏အသွင်အပြင်နှင့် သူတို့၏အဝတ်အစားများကိုမြင်ပြီးနောက် အမျိုးသမီး၏အပြုံးသည် များစွာကျယ်ပြန့်လာခဲ့လေသည်။ သို့သော်လည်း စုရွေ့ကျယ်ကိုမြင်ပြီးနောက် သူမ၏အပြုံးသည် ရုတ်တရက် အေးခဲသွားလေသည်။ စုရွေ့ကျယ်လည်း ထပ်တူထပ်မျှ ထိတ်လန့်တုန်လှုပ်သွားပြီး သူမကို ဤနေရာတွင်တွေ့ရန် မမျှော်လင့်ခဲ့ပေ....။
ထို နှင်းဖြူခြေထောက်များနှင့် ချောင်ဆမ်ကို၀တ်ဆင်ထားသည့် ဤအမျိုးသမီးသည် စုရွေ့ကျယ်၏ အထက်စီးမှ မရီးဖြစ်သူ လင်းရှီမှလွဲ၍ အခြားသူမဟုတ်ချေ။
“ရှောင်ကျယ်ပဲ”
လင်းရှီသည် မကြာမီ တည်ငြိမ်သွားပြီး အံ့အားသင့်သည့်အမူအရာဖြင့် ရှေ့သို့ ခြေလှမ်းအနည်းငယ်လှမ်းလာကာ စုရွေ့ကျယ်ကို ပွေ့ဖက်လိုက်လေသည်။
ကျန့်ယွင် :...
စုရွေ့ကျယ် :....
ကံကောင်းထောက်မစွာဖြင့် လင်းရှီလည်း စိတ်မသက်မသာခံစားရပြီး သူမ သူ့ကိုပွေ့ဖက်လိုက်ရုံဖြစ်ပြီး မကြာခင်မှာပင် လွှတ်ပေးလိုက်လေသည်။
“ဟားဟားဟား၊ ညီလေး ကျန့်ပဲ”
ထိုအချိန်မှာပင် တခြားလူသည် ကျန့်ယွင်ကို သတိပြုမိလိုက်ပြီး ယခင်က သူတို့နှင့်တွေ့ဖူးသည့် ဝူရယ်ဖြစ်လေသည်။
ကျန့်ယွင်သည် နှုတ်ဆက်စကားဆိုလိုက်သော်လည်း အနည်းငယ်သာ ခေါင်းညိတ်လိုက်သည်။
“ဟားဟား၊ ငါတို့က တကယ်ကို ရေစက်ရှိတယ်။ သွားကြစို့။ အပြင်ဘက်မှာ အေးတယ်”
ဝူရယ်သည် စိတ်အားထက်သန်စွာ ပြောလာလေသည်။
ကျန့်ယွင်သည် မရေမရာ ခေါင်းညိတ်လိုက်ပြီး အခြားလူများကိုခေါ်ဆောင်ကာ ဝူရယ်နောက်မှ သူ့နောက်ရှိ အဆောက်အအုံဆီသို့လိုက်သွားခဲ့လေသည်။
“ညီအစ်ကိုကျန့်၊ မင်းနောက်က ကားပေါ်ကလူတွေ ဆင်းမလာဘူးလား ”
“အဲဒီကားထဲမှာ လူနာတွေရှိလို့ အဆင်မပြေဘူး”
“ငါသိပြီ”
ဝူရယ်သည် နောက်ထပ်မေးခွန်းများ ထပ်မမေးတော့ဘဲ လူတိုင်းကို အထဲသို့ခေါ်သွားခဲ့လေသည်။
လင်းချန်အကျဉ်းထောင်၏ ပထမတစ်ဝက်သည် စီမံခန့်ခွဲမှုအတွက်အခန်းများနှင့် လုံခြုံရေးဆိုင်ရာ အတွက်ဖြစ်ပြီး အကျဉ်းထောင်၏ဒုတိယတစ်ဝက်သည် အကျဉ်းထောင်နှင့် လုပ်ငန်းခွင်အတွက်ဖြစ်လေသည်။ စီမံခန့်ခွဲမှုအခန်းသည် ယေဘူယျအားဖြင့် စည်းကမ်းထိန်းသိမ်းရေးဝန်ထမ်းများ၊ အလုပ်နှင့် အစည်းအဝေးကျင်းပသည့်နေရာဖြစ်လေသည်။ လုံခြုံရေးဆိုင်ရာ အဆောက်အဦများသည် အစောင့်အကြပ်ခန်းများနှင့် လုံခြုံရေး တပ်ဖွဲ့များ၏ တန်းလျားများဖြစ်ကာ အကျဉ်းသားများ ထွက်ပြေးခြင်း၊ ထောင်တွင်း အဓိကရုဏ်းများနှင့် အခြားသောလုပ်ရပ်များမှ တားဆီးရန်တပ်ဆင်ထားလေသည်။
ကမ္ဘာပျက်ကပ်ဖြစ်ပွားသောအချိန်၌ ကင်းကောင်ရှစ်ဦးသည် လုံခြုံရေးတပ်ဖွဲ့များ၏ တန်းလျားများကို ဝင်ရောက်စီးနင်းကာ လက်နက်များ၊ ကျည်ဆံများနှင့် အခြားပစ္စည်းများကို ရရှိခဲ့ကြသည်။
ယခုတွင် အခြားလူများနှင့်အတူ ကင်းကောင်ရှစ်ယောက်သည် လင်းချန်အကျဉ်းထောင်သို့ ပြန်လည်ရောက်ရှိလာသော်လည်း စီမံခန့်ခွဲရေးအခန်းကို သိမ်းပိုက်ကာ လင်းချန်အကျဉ်းထောင်၏ ထိပ်တန်းခေါင်းဆောင် ဖြစ်လာခဲ့လေသည်။
ဝူရယ်သည် ကျန့်ယွင်၏အဖွဲ့ကိုခေါ်သွားကာ စီမံခန့်ခွဲရေးရုံးသို့သွားကာ အစည်းဝေးခန်းသို့ရောက်သွားကြသည်။ အတွင်းရှိ စားပွဲများ၊ ကုလားထိုင်များနှင့် ခုံတန်းလျားများကို ထင်းအဖြစ်ခုတ်ပြီး အခန်းထောင့်တွင် စုပုံထားလေသည်။ အခန်းအလယ်တွင် မီးပုံတစ်ခုရှိလေသည်။ လူအများအပြားသည် နွေးထွေးစေရန် စုနေကြလေသည်။ သူတို့ထဲမှတစ်ယောက်ဖြစ်သည့် ရေတပ်အပြာရောင် ချည်သားအင်္ကျီ၀တ်ဆင်ထားသည့် မျက်နှာရှည်နှင့်လူလတ်ပိုင်းအရွယ်အမျိုးသားတစ်ယောက်သည် မတ်တပ်ရပ်လိုက်လေ၏။
“လောင်ဝူ၊ ဒီလူငါးယောက်က....”
“လောင်တ၊ သူတို့က တောင်ပိုင်းအခြေစိုက်စခန်းကပါ။ သူတို့ ငါတို့အခြေစိုက်စခန်းကို အရင်က တစ်ခါရောက်လာဖူးတယ်”
ဤလူလတ်ပိုင်းအရွယ်သည် ကင်းကောင်ရှစ်ယောက်တွင် ပထမဆုံးဖြစ်သည့် လင်းချန်းအခြေစိုက်စခန်းခေါင်းဆောင် ချောင်ချီရှန်းဖြစ်လေစည်။
“အို့”
ချောင်ချီရှန်းသည် ကျန့်ယွင်နှင့်သူ့အဖွဲ့သားများကို အပေါ်မှအောက်သို့ငုံ့ကြည့်လိုက်ကာ ပြုံးပြပြီး “၀င်လာပါ၊ ၀င်လာပါ၊ လာထိုင်ပါ။ အပြင်ဘက်မှာ အရမ်းအေးတယ် မဟုတ်လား။ မီးနဲ့ လာနွေးအောင်လုပ်ကြ”
အပြုံးနှင့်လူကို မရိုက်သင့်ဘူးလို့ ဆိုရိုးရှိသလိုပဲ ကျန့်ယွင်သည် ချောင်ချီရှန်းအပေါ် ကောင်းမွန်သည့် အမြင်မရှိလျှင်တောင် ထိုင်စရာနေရာရှာနေတုန်းပင်။
ထိုအချိန်တွင် လင်းရှီသည် ချောင်ချီရှန်းထံသို့ ရုတ်တရက်ရောက်လာပြီး စုရွေ့ကျယ်ကို လက်ညှိုးထိုးပြကာ အပြုံးနှင့်ပြောလိုက်၏။
“ချောင်လောင်တ၊ ကျွန်မမောင်လေးလည်း ဒီမှာရှိပြီး တိုက်ဆိုင်မှုတစ်ခုပါပဲ ”
“အို”
လင်းရှီချဉ်းကပ်လာပြီးနောက် ချောင်ချီရှန်းသည် လင်းရှီ၏ခါးကို ပိုင်နိုင်စွာ လက်ကိုတင်လိုက်ပြီး အောက်ဘက်သို့ဖြည်းဖြည်းချင်းလျှောကျသွားလေ၏။ သို့သော်လည်း လင်းရှီ၏စကားကိုကြားပြီးနောက် စုရွေ့ကျယ်၏ဦးတည်ရာဘက်သို့ မျက်လုံးလှည့်လာခဲ့လေသည်။
စုရွေ့ကျယ်သည် အဖြူရောင်အပေါ်ထပ်အင်္ကျီကို ၀တ်ဆင်ထားပြီး သူ့ကို ပို၍ လှပနေစေသည်။
သူ့တွင် သိမ်မွေ့သော မျက်နှာအသွင်အပြင်ရှိပြီး အနည်းငယ်ကလေးဆန်သောပုံပေါက်သဖြင့် ချောင်ချီရှန်း အနည်းငယ်ရှက်သွားစေသည်။
ကျန့်ယွင်သည် သတိရှိသည့်လူဖြစ်ကာ ချောင်ချီရှန်း၏မျက်လုံးများ မူမမှန်သည်ကို ချက်ခြင်းသတိပြုမိလိုက်ပြီး သူချက်ချင်းထကာ မယဉ်ကျေးစွာပဲ စုရွေ့ကျယ်ကို သူနောက်တွင် ပိတ်ဆို့ထားလိုက်သည်။
ချောင်ချီရှန်းသည် ရုတ်တရက် မျက်လုံးများကို မှေးကျဉ်းလိုက်ပြီး ပေါက်ကွဲခါနီးတွင် ဝူရယ်သည် သူ့ထံသို့လာ၍ နူးညံ့သောအသံဖြင့် စကားအနည်းငယ်ပြောကာ ထိုလူများအားလုံးသည် အလွန်အစွမ်းထက်သော စွမ်းအားရှင်များဖြစ်ကြပြီး အလွယ်တကူနှိုးဆွနိုင်မည်မဟုတ်ကြောင်း ပြောလိုက်သည်။ တိုတိုပြောရရင် ချောင်ချီရှန်း၏ မျက်နှာသည် အနည်းငယ်မာကျောသည့် အပြုံးတစ်ခု ပေါ်လာလေသည်။
“ခေါင်းဆောင်ကျန့်၊ မဟုတ်လား။ မင်း တခြားမစ်ရှင်ရှိလို့လား”
“ဟုတ်တယ်”
ကျန့်ယွင်သည် ပေါ့ပေါ့ပါးပါးပင် ပြန်ဖြေလိုက်သည်။
ချောင်ချီရှန်း၏ မျက်နှာပေါ်ရှိအပြုံးသည် နောက်တစ်ကြိမ်အနည်းငယ်တောင့်တင်းလာပြီး
“နောက်ကျနေပြီ။ ညဘက်မှာ ကားမောင်းရတာ အဆင်မပြေမှာ စိုးရိမ်မိတယ်။ တစ်ညလောက်ဒီမှာ ဘာလို့ မနေတာလဲ ”
“ဒါဆိုရင် ခွင့်လွှတ်ပါ”
ကျန့်ယွင်ကလည်း လင်ချန်းအကျဉ်းထောင်၏ အခြေအနေကို သိဖို့ အခွင့်အရေးရှာရန် စီစဉ်နေသောကြောင့် သူသည် အလွန်ဝမ်းသာအားရ သဘောတူလိုက်လေသည်။
“လောင်ဝူ၊ မင်း သူတို့အတွက် နေရာစီစဉ်ပေးလိုက်။ ငါ အခန်းထဲပြန် တော့မယ်”
ချောင်ချီရှန်းသည် လင်းရှီကို ခါးမှကိုင်လိုက်ပြီး အပြင်ထွက်သွားလေသသည်။
“ခေါင်းဆောင်ကျန့်၊ ကျေးဇူးပြုပြီး ငါ့နောက်ကို လိုက်ခဲ့ပါ”
ဝူရယ်သည် ကျန့်ယွင်ကို ပြုံးပြီး ပြောလိုက်၏။
ကျန့်ယွင်သည် မရေမရာ မဟုတ်သော်လည်း သူ ခြေထောက်များကို မြှောက်ကာ ဝူရယ်နောက်သို့ လိုက်သွားလေသည်။
“ငါတို့က လူအုပ်များပြီး အရှေ့ကအိမ်တွေက လူတွေကလည်း အပြည့်ဖြစ်နေပြီ။ ဆိုတော့ မင်းတို့ အနောက်ဘက်က အကျဉ်းထောင်မှာ နေရမှာကို ငါစိုးကိမ်မိတယ်... မင်းစိတ်ထဲ ထား မထား မသိဘူး”
ဝူရယ်သည် ကမန်းကတန်း ထပ်ပြောလာသည်။
“အကျဉ်းထောင်ဆိုပေမယ့် အကျဉ်းခန်းတွေထက် အများကြီးပိုသန့်ရှင်းတဲ့ တာဝန်ကျအစောင့်အခန်းတွေရှိတယ်”
“ကောင်းပါပြီ။ ကိစ္စမရှိပါဘူး။ တစ်ညလောက်သာပါပဲ”
ကျန့်ယွင်နှင့် တခြားသူများသည် သိပ်ဇီဇာမကြောင်ကြချေ။ သူတို့ လမ်းပေါ်တွင် ရှိစဉ်အချိန်က အခြေခံအားဖြင့်ကားထဲမှာပင် အိပ်ခဲ့ကြရသဖြင့် လှဲအိပ်လို့ရသည့် နေရာတစ်ခုဖြစ်လျှင် ကောင်းမွန်နေပြီဖြစ်သည်။
“ကောင်းတယ်၊ ကောင်းတယ်”
ဝူရယ်သည် သူတို့အား အနောက်ဘက်အချုပ်ခန်းထဲသို့ အမြန်ခေါ်သွားလေသည်။ တံခါးမှ ဝင်လိုက်သည်နှင့် သပ်သပ်ရပ်ရပ် အချုပ်ခန်းနှစ်တန်း ရှိလေသည်။ ထိုအချုပ်ခန်းများထဲတွင်လူများရှိနေကြသည်။ ယောက်ျား၊ မိန်းမ၊ ကလေး များအကုန်လုံးသည် အိပ်စင်များပေါ်တွင် တိတ်တိတ်လေး ထိုင်နေကြလေသည်။ အပူပေးဖို့အတွက် အပူပေးစက်ရှိလေသည်။
အချုပ်ခန်းထဲတွင် အလင်းရောင်မရှိသဖြင့် အလွန်မှိန်နေပြီး ထိုလူများအားလုံးသည် ခေါင်းငုံ့နေကြပြီး သူတို့၏အမူအရာများကို ရှင်းရှင်းလင်းလင်း မမြင်နိုင်ချေ။ ထို့ကြောင့် မီးရောင်အနည်းငယ်မှတဆင့် ယေဘုယျ မြင်ကွင်းများကိုသာ မြင်နိုင်ကြလေသည်။
ကျန့်ယွင်သည် ဤလူများသည် လင်းချန်အခြေစိုက်စခန်းမှ ထွက်ပြေးလာသောအခါတွင် အသက်ရှင်ကျန်ရစ်သူများဖြစ်သင့်သည်ဟု ခံစားခဲ့ရသည်။ သူတို့၏အဝတ်အစားများသည် အလွန်ပါးလွှာပြီး သူတို့သည် နွေးထွေးစေရန်အတွက် အနွေးမီးဖိုပတ်လည်တွင် နှစ်ယောက်၊ သုံးယောက် ပွေ့ဖက်ထားကြသည်။
“ညီအစ်ကိုကျန့်၊ မင်းတို့ ဒီည ဒီမှာနေနိုင်တယ်”
ဝူရယ်သည် သူတို့ကို ဘယ်ဘက်ကို ဦးဆောင်ခေါ်သွားပြီး ထောင်စောင့်၏ တာဝန်ခန်းထဲကို ဝင်စွားလေသည်။ ဤတာဝန်ခန်းသည် စတုရန်းမီတာတစ်ဒါဇင်လောက်ကျယ်ပြီး အတွင်းထဲတွင်ကျဉ်းမြောင်းသည့် ကုတင်တစ်လုံးသာရှိသည့် နားနေခန်းတစ်ခုလည်းဖြစ်လေသည်။
ဓာတ်အားပြတ်တောက်မှုကြောင့် အခန်းတွင်းရှိ မော်နီတာများအားလုံး ပျက်သွားလေသည်။ ဝူရယ်သည် သူတို့ကို ရိုးရှင်းစွာပင် အပြင်ဘက်သို့ပစ်လိုက်ပြီး ခွဲလိုက်လေသည်။ တာဝန်ခန်းထဲရှိ စားပွဲခုံနှင့် ကုလားထိုင်များကိုလည်း မယူသွားကာ အိပ်စင်အနည်းငယ်ကို ရွှေ့လာကြလေသည်။ အခန်းသေးလေးသည် ပြည့်လုနီးပါးဖြစ်သွားလေ၏။
“အခုနေဖို့ အဆင်သင့်ဖြစ်သင့်ပြီ”
ဝူရယ်သည် အပြုံးနှင့်ဆိုပြီး “ငါ မင်းတို့ကို နောက်မှ ထမင်းလာပို့မယ်ကွာ။ ကောင်းကောင်းအနားယူကြပါ”
“ဟုတ်ကဲ့၊ ကျေးဇူးပြုပြီး”
ကျန့်ယွင်သည် ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
စာရေးသူတွင် ပြောစရာရှိပါတယ်။
【လမ်းမပေါ်က ပြဇာတ်ငယ်လေး】
စုရှောင်ကျယ် : ဆန်ကုန်မြေလေး။
ကျန့်ကျားဟယ် : ခွေးကောင်။
ဒေါက်တာစုန့် : သတ္တဝါတွေက မင်းတို့ တိရိစ္ဆာန်တွေထက် ပိုသာတယ်။
သုန်သုန် : ကောကော၊ မင်းတို့ ဘာအကြောင်းပြောနေကြတာလဲ။ အဲ့ဒါ ကုတ် တစ်ခုလား။
ကျန့်ရှောင်ယွင် : ကောတို့က လူသားစားသားရဲတွေအုပ်စုအကြောင်း ပြောနေကြတာ။ အဲ့ဒီ သားရဲတွေက အရမ်းအားကြီးတယ်။ သူတို့က ဒီလိုလူမျိုးနဲ့တူတယ်။ အနာဂါတ်မှာ သားရဲနဲ့တူတဲ့ ဒီလိုလူမျိုးကိုတွေ့ရင် မင်း သူတို့ကို မသနားဘဲ ရိုက်ရမယ်။ ဒါပေါ့၊ မင်း သူတို့ကို ပိုရိုက်နှက်ရနိုင်တယ်။
ချန်းကျောင်း : အဓိကအချက်က သေနိုင်တဲ့နေရာကို ရိုက်ဖို့ပဲ။ ဒီလိုမျိုး ( ^ _ ^ )
ခေါင်းဆောင် : အား~ ကယ်ကြပါ။ ငါ့ကလေးတွေနဲ့ မြေးတွေ။
တခြားသူများသည် သူတို့၏ခြေထောက်များကို တင်းတင်းစေ့လိုက်ပြီး တုန်ယင်နေ : အရမ်းကြောက်ဖို့ကောင်းတယ်။
သုန်သုန် : အင်း၊ သား သင်ယူပြီးပြီ။
🍒🍒