အခန်း(၁၀၆)《 ထိန်းချုပ်မရနိုင်ဖြစ်လာခြင်း 》
Author: Drunken Light Song
Source: Jostena M
Translator: オタク
ချောင်ချီရှန်းသည် လူတစ်ကိုယ်လုံးစိတ်ရှုပ်ထွေးနေစဉ်မှာပဲ မြေပေါ်သို့ကန်ချခံလိုက်ရလေ၏။ ကျန့်ယွင်နှင့်အခြားလူများ သူ့ကို ဝိုင်းထားသည်ကိုမြင်ပြီးနောက် သူ့အမူအရာသည် ချက်ချင်းပြောင်းလဲသွားလေ၏။
သူ ချက်ခြင်းပဲ သူ့တစ်ကိုယ်လုံးကို သတ္တုနှင့်ပတ်ထားလိုက်ပြီး ထွက်ပြေးဖို့ ကြိုးစားခဲ့သော်လည်း သူ့ခြေထောက်များသည် မြေကြီးထဲတွင်နစ်နေပြီး မိုးခြိမ်းသံလို မိုးကြိုးသွားတစ်ခုသည် သူ့ကို ရိုက်ခတ်သွားလေသည်။
ချောင်ချီရှန်းသည် လျှပ်စီးကြောင့် ချက်ခြင်း အကြောသေသွားပြီး ဖုတ်ခနဲ မြေပြင်ပေါ်သို့ ပြုတ်ကျသွားကာ လှုပ်မရတော့ချေ။
ကျန့်ကျားဟယ် ရှေ့တက်လာပြီး သူ့အားတင်းတင်းကြပ်ကြပ် ကြိုးတုပ်ပြီးနောက် ထောင်ထဲသို့ ပြန်ခေါ်သွားလေသည်။ ထိုချိန်မှာတော့ ထောင်တစ်ခုလုံးရှိ အသက်ရှင်ကျန်သူများအားလုံးကို ထိုနေရာသို့ခေါ်ထားပြီးဖြစ်လေသည်။ ကျန့်ယွင်သည် ချန်းချီနှင့် ချန်းကျောင်းတို့ကို ရေတွက်ခိုင်းလိုက်သည်။ ဤနေရာတွင် ချောင်ချီရှန်း၊ ဆရာ၀န်နှင့် လင်းရှီအပါအဝင် လူပေါင်း သုံးရာကျော်ရှိလေသည်။
လင်းရှီသည် အတွင်းခံဘောင်းဘီသာဝတ်ထားပြီး အိပ်ယာခင်းတစ်ခုသာပတ်ထားကာ မြေကြီးပေါ်တွင်ထိုင်နေလေသည်။ သူမအား ချောင်ချီရှန်း၏ကုတင်ပေါ်မှ တိုက်ရိုက်ခေါ်ဆောင်လာခဲ့ခြင်းဖြစ်လေသည်။ ယခု သူမ၏လှပသောမျက်နှာသည် မျက်ရည်များပြည့်နှက်နေလေသည်။
စုရွေ့ကျယ် တံခါးကနေဝင်လာသည်ကို သူတွေ့လိုက်သည်နှင့် ချက်ချင်းဆိုသလို ပြေးလွှားသွားကာ သူ့ခြေသလုံးကို ပွေ့ဖက်ပြီး အော်ဟစ်လေ၏။
“ရှောင်ကျယ် ငါတွန်းအားပေးခံရတာပါ။ သူတို့ မင်းကိုဘာလုပ်မလဲ ငါမသိခဲ့ပါဘူး.....ငါက မင်းဝမ်းကွဲရဲ့မိန်းမပါ။ မင်းမြင်တဲ့အတိုင်း ငါတို့က သွေးသားတော်စပ်ကြတယ်လေ။ မင်းငါ့ကို သွားခွင့်ပြုမယ်မလား။ ငါမသေချင်ဘူး ငါမသေချင်ဘူး ”
စုရွေ့ကျယ်သည် တင်းမာသောအမူအရာဖြင့် သူ့မရီးဟောင်းဖြစ်သူကို ငုံ့ကြည့်လိုက်ကာ တိုးညှင်းစွာမေးလိုက်၏။
“ဝမ်းကွဲ၊ ကျွန်တော့်၀မ်းကွဲက ဘယ်မှာလဲ။ ဦးလေး ဘယ်မှာလဲ။ ကျွန်တော့်တူငယ်လေးက ဘယ်မှာလဲ ”
“သူ...သူတို့...”
လင်းရှီသည် ထစ်ထစ်အအနှင့် စကားမပြောနိုင်တော့ချေ။
“သူတို့အားလုံး သေကုန်ပြီ”
စုရွေ့ကျယ်၏မျက်နှာ နစ်မြုပ်သွားလေသည်။
“သူတို့က ကျွန်တော်နဲ့ သွေးသားရင်းချာတော်စပ်တဲ့ ဆွေမျိုးတွေပဲ။ သူတို့မရှိရင် ခင်ဗျားက ဘာမှမဟုတ်ဘူး”
လင်းရှီသည် ပါးစပ်ဖွင့်ပြီး ဘာမှပြန်မပြောနိုင်တော့ချေ။ စုရွေ့ကျယ် ပြောတာမှန်သည်ဆိုသည်ကို သူမသိ၏။ သူတို့တွင် သွေးသားရင်းတော်စပ်ခြင်း လုံးဝမရှိသည်ကိုမဆိုထားနှင့် မိသားစုဆက်ဆံရေးသည် အလွန်ပါးလွှာခဲ့လေသည်။ သူမသည် ဒီဆင်းရဲသောကောင်လေးကို အမြဲတမ်း နှိမ့်ချခဲ့ပြီး ဘယ်တော့မှ မျက်နှာသာ မပေးခဲ့ချေ။ အိမ်ပြောင်းရွှေ့ခြင်းနှင့် ပတ်သက်ပြီး သူမအနေဖြင့် တိုးတိုးတိတ်တိတ်ဘာမှ မပြောခဲ့တာတောင်မှ တစ်နေ့၌ သူ့ကို သနားဖို့တောင်းပန်ရလိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့ဖူးပါချေ။
“ထွက်သွားစမ်း ”
ကျန့်ယွင်သည် ညစ်ညမ်းသောမိန်းမကို ဖယ်ရှားရန် ကြင်နာမှုမရှိစွာဖြင့် ဆွဲငင်အားကို အသုံးချလိုက်လေသည်။ ဘယ်လိုကျင့်ကြံရကောင်းမှန်းမသိသော ထိုမိန်းမမျိုးသည် ရှောင်ကျယ်၏ ခြေထောက်ကို ကိုင်ဝံ့သလား။
သူတို့ အခြေစိုက်စခန်းကိုစရောက်သည့်အချိန်တုန်းက ချောင်ချီရှန်းရှေ့၌ ဒီအမျိုးသမီး၏ ပြုမူကျင့်ကြံပုံကို သူ မမေ့ခဲ့ချေ။ သနားစာနာဖို့နှင့် ကိုယ်ချင်းစာဖို့ တောင်းဆိုသည့် သူမ၏စကားတစ်ခွန်းကို သူ ယုံကြည်လိမ့်မည်မဟုတ်ချေ။
နောက်တစ်ခုသည် စစ်ဆေးမေးမြန်းဖို့လုပ်ရန်ဖြစ်သည်။ သွေးထွက်သံယိုဖြစ်မည်မို့ ကလေးများစောင့်ကြည့်ရန်မသင့်သောကြောင့် ကျန့်ယွင်သည် ဝူကျင်းကို ယွီသုန်သုန်အား အခန်းထဲသို့ အနားယူရန်ခေါ်သွားခိုင်းလိုက်သည်။
ဝူကျင်းသည် ယွီသုန်သုန်၏လက်ကိုဆွဲကာ အခန်းဆီသို့ လျှောက်သွားစဉ်မှာပင် ကြိုးများဖြင့်ချည်နှောင်ထားပြီး မြေပေါ်တွင်ပစ်ထားသော ချောင်ချီရှန်းကို ဖြတ်သွားရမည်ဖြစ်လေသည်။ သူတို့ ဖြတ်သွားစဉ်မှာပင် ချောင်ချီရှန်းသည် ရုတ်တရက်ဖောက်ခွဲထွက်လာပြီး ဝူကျင်း နှင့် ယွီသုန်သုန်ဆီသို့ ပြေးသွားခဲ့လေသည်။
ချောင်ချီရှန်း၏ တစ်ကိုယ်လုံးကို သတ္တုအလွှာတစ်ခုဖြင့် ရုတ်ချည်းဖုံးအုပ်ထားလေသည်။ တစ်ချိန်တည်းမှာပင် သတ္တုမျက်နှာပြင်ပေါ်တွင် သွားများထွက်လာသည်ကိုမြင်လိုက်ရပြီး သူသည် ကြိုးအားလုံးကို တိုက်ရိုက်ဖြတ်တောက်လိုက်လေသည်။
ထို့နောက် သူ့လက်နောက်ဘက်တွင် သတ္တုချောင်းနှစ်ချောင်း ထွက်လာကာ ၎င်းဖြင့် ဝူကျင်းအား မညှာမတာ ထိုးလိုက်လေသည်။
“သတိထား ”
ကျန်းရှို့လျန်သည် ၎င်းကိုမြင်ပြီး သူ့မျက်လုံးများပြူးကျယ်သွားလေသည်။
လျှပ်စီးနှင့် မီးကျောက်များကြားတွင် ဝူကျင်း၏ ခန္ဓာကိုယ်သည် ရုတ်တရက် အဝေးသို့လွင့်ထွက်သွားပြီး ချောင်ချီရှန်းကို လေထုနှင့်သာထားခဲ့လေသည်။ ချောင်ချီရှန်းသည် အံ့အားသင့်သွားပြီး ယွီသုန်သုန်အား ချက်ချင်း ဖမ်းဆွဲလိုက်လေသည်။
“မြောင်”
ရှောင်ဟေးသည် ယွီသုန်သုန်၏လက်ထဲကနေ ခုန်ထွက်လာပြီး သူ့၏ချွန်ထက်သည့်လက်သည်းများ လက်ဖဝါးလေးများထဲမှ ထွက်ပေါ်လာကာ ချောင်ချီရှန်းကို ကုတ်ခြစ်လိုက်လေသည်။
ချောင်ချီရှန်း၏ ခန္ဓာကိုယ်မျက်နှာပြင်ကို သတ္တုဖြင့် ဖုံးအုပ်ထားသောကြောင့် ရှောင်ဟေး၏ ခြေသည်းများဖြင့် သတ္တုကိုဆုပ်ကိုင်လိုက်သောအခါ ထွက်ပေါ်လာသည့် ပြင်းထန်သောအသံကြောင့် လူများ အလွန် စိတ်မသက်မသာ ဖြစ်ခဲ့ကြရလေသည်။
ချောင်ချီရှန်းသည်လည်း နှေးကွေးသည်မဟုတ်ခဲ့ချေ။ သူ့ပတ်ပတ်လည်တွင် အချွန်အတက်များစွာထွက်ပေါ်လာပြီး ကြောင်နက်ကိုသတ်ရန် ကြိုးပမ်းနေလေသည်။
သို့သော်လည်း အဖြူရောင်မြူခိုးများသည် သူ့လက်နှစ်ဖက်ကို ရုတ်ချည်းရစ်ပတ်လာကာ သူ့လှုပ်ရှားမှုကို ကန့်သတ်လိုက်လေသည်။ ရှောင်ဟေးသည် သူ့လက်သည်းများသည် သူ့ရှေ့ရှိလူအား မကုတ်ခြစ်နိုင်မှန်း သိလိုက်ရသောအခါ ဒေါသတကြီးဖြစ်သွားလေသည်။ လူသားသည်ရုတ်တရက် မရွှေ့နိုင်တော့သည်ကို မြင်လိုက်ရသောအခါ သူ့ရှေ့ခြေနှစ်ချောင်းကိုဖွင့်ကာ လက်ဖ၀ါးနှစ်ဖက်ဖြင့် ဘယ်မှညာသို့ လူသား၏မျက်နှာကို ပြင်းပြင်းထန်ထန် စတင်ရိုက်လိုက်လေသည်။
ရှောင်ဟေးသည် တစ်ချိန်က ကျန့်ကျားဟယ်နှင့် ခန္ဓာကိုယ်လဲလှယ်ခဲ့ခြင်းကြောင့် ဖြစ်မဖြစ် မသိနိုင်သော်လည်း သူ့ခွန်အားမှာ အလွန်ပြင်းထန်ပုံရသည်။ ထိုကဲ့သို့ အကြင်နာမဲ့ ရိုက်နှက်မှုအောက်တွင် သတ္တုကိုယ်ထည်ဖြင့် သူ့ကိုယ်သူကာကွယ်ထားသော ချောင်ချီရှန်းသည် သူ့မျက်လုံးများတွင် ကြယ်များကိုပင် မြင်လိုက်ရသည်အထိ ရိုက်နှက်ခံလိုက်ရလေသည်။
“ငါလုပ်ပါရစေ”
ချန်းချီ၏ မိုးကြိုးနှင့် လျှပ်စီးတို့သည် ချက်ချင်းဆိုသလို ထွက်ပေါ်လာကာ ချောင်ချီရှန်းအား တိုက်ရိုက်ဓာတ်လိုက်သွားစေသည်။
“ငါ့အသက်ကို ချမ်းသာပေးပါ...ချမ်းသာပေးပါ....”
ချောင်ချီရှန်းသည် သူ့သတ္တုအင်္ကျီကို ဆက်မထိန်းထားနိုင်တော့ဘဲ ရှောင်ဟေး၏ ရိုက်နှက်ခြင်းကိုခံရပြီးနောက် သူ့အနက်ရောင်နှင့်အပြာရောင် မျက်နှာ ထွက်ပေါ်လာခဲ့လေသည်။
ကျန့်ယွင်သည် သူထံသို့ ဖြေးညှင်းစွာလျှောက်သွားလိုက်ပြီး အေးစက်စွာဖြင့် လက်ထဲတွင်ရှိသော ပစ္စတိုကို ကိုင်မြှောက်လိုက်ကာ သူ့ခေါင်းအား ချိန်ထားလိုက်လေ၏။
“နေပါအုံး၊ နေပါအုံး.... ငါ့မှာ စားစရာရှိတယ်၊ ငါ့မှာ မိန်းမတွေရှိတယ်... ငါ့မှာ လက်နက်တွေရှိတယ်... မင်းကို ပေးနိုင်တယ်။ ငါ ပေးနိုင်တယ်...အား ”
ကျန့်ယွင် သတ်ပစ်ဖို့ ကြံရွယ်နေသည်ကို မြင်လိုက်ရပြီး ချောင်ချီရှန်း၏ မျက်လုံးများ ထိတ်လန့်တုန်လှုပ်မှုများပြည့်သွားလေ၏။ သူ့ကိုယ်သူ ကယ်တင်ဖို့ သူ့ချစ်ပ်များအားလုံးကို ချက်ချင်း ထုတ်ပစ်လိုက်လေသည်။
သို့သော် ကျန့်ယွင်သည် သူ့အားဤအခွင့်အရေးကို မပေးချင်ဘူးဆိုသည်မှာ သိသာထင်ရှားလေသည်။ သူ့အား ယခုတင် ဖမ်းမိလိုက်သည့်အချိန်က သူ့ကို ပြန်ခေါ်သွားမည့်အစား ထိုပြဿနာကို ချက်ချင်းလက်ငင်းဖြေရှင်းခဲ့သင့်လေသည်။
ချောင်ချီရှန်းသည် အော်ဟစ်ပြီး ကောင်းကင်ကို မျက်နှာမူကာ လဲကျသွားပြီး သူ့ခေါင်း၌သွေးစွန်းနေသည့် အပေါက်တစ်ပေါက်ကို ချန်ထားခဲ့လေသည်။
ကျန့်ယွင်သည် သူ့သေနတ်ကို ဖယ်လိုက်ပြီး သူမ၏လူသားပုံစံကို ပြန်လည်ရရှိထားသည့် ဝူကျင်းကို ယွီသုန်သုန်အားအနားယူဖို့ သူ့အခန်းကို ပြန်ခေါ်သွားရန် တောင်းဆိုလိုက်လေသည်။
ကျန့်ယွင်သည် ဆရာ၀န်နှင့်လင်းရှီ၏ရှေ့သို့ လှမ်းလာပြီး အေးစက်သောအသံဖြင့် ပြောလိုက်၏။
“ငါတို့ မင်းတို့ကို တစ်ခုခုမေးရင် မင်းလိုချင်တာကို ဖြေလိုက်။ ဒါပေမယ့် လှည့်ကွက်တွေကစားရဲရင် ဒါက မင်းရဲ့အဆုံးသတ်ဖြစ်သွားလိမ့်မယ်”
လင်းချန်အခြေစိုက်စခန်းမှ သြဇာအာဏာအရှိဆုံး လောင်တပင် သူတို့သတ်ခြင်းခံလိုက်ရလေ၏။ သာမာန်လူများအနေနှင့် လင်းရှီနှင့်ဆရာဝန်တို့သည် ညှိနှိုင်းရန်နေရာမရှိကြချေ။ သဘာ၀အတိုင်း သူတို့သိသမျှကိုအရာအားလုံးကို ပြောပြကြလေသည်။
လင်းချန်အခြေစိုက်စခန်း၏ ညံ့ဖျင်းသည့် ဆက်ဆံမှုကြောင့် မြို့ရိုးကိုတည်ဆောက်သည့်လူများသည် ထောင့်များကိုဖြတ်တောက်ထားခဲ့ကြကာ ၎င်းသည် ဖုတ်ကောင်များ၏ အလွယ်တကူချိုးဖောက်နိုင်ခြင်းကို ဦးတည်ခဲ့လေသည်။ ချောင်ချီရှန်းနှင့် ကျန်သည့်လူများသည် မြို့ကိုစွန့်ခွာပြီး လင်းချန်အကျဉ်းထောင်ဆီသို့ ထွက်ပြေးခဲ့ကြသည်။
ယခင်က ချောင်ချီရှန်းသည် သူ့စွမ်းအားများကို အဆင့်မြှင့်တင်ရန် နည်းလမ်းရှာမတွေ့ခဲ့ချေ။ အဆင့်တစ်၏ အထွတ်အထိပ်တွင် အချိန်အတော်ကြာ ပိတ်မိနေခဲ့ပြီး နောက်ပိုင်း၌ သူ့ဆရာဝန်သည် စွမ်းရည်အမြုတေ၏ မှော်ဆန်သည့်အကျိုးသက်ရောက်မှုကို ရှာဖွေတွေ့ရှိခဲ့လေသည်။ စွမ်းအားရှင်များ၏ စွမ်းရည်အမြုတေသည် ဖုတ်ကောင်အမြုတေများကဲ့သို့ ရောဂါပိုးမပါ၀င်ခဲ့ဘဲ စွမ်းအင်ပြည့်ဝနေလေသည်။
ထိုစွမ်းရည်အမြုတေဖြင့် ချောင်ချီရှန်းသည် ဒုတိယအဆင့်သို့ ချိုးဖြတ်သွားခဲ့သည်။
ချောင်ချီရှန်းသည် အခြေစိုက်စခန်းတွင်ရှိစဉ်က စွမ်းအားရှင်အများအပြားကို တိတ်တဆိတ်သတ်ခဲ့ပြီး သူ့စွမ်းရည်ကို မြှင့်တင်ရန်အတွက် သူတို့၏စွမ်းရည်အမြုတေကို ဖမ်းဆုပ်ထားခဲ့လေသည်။ သို့သော်လည်း ပြောင်ပြောင်တင်းတင်းကြီးမနေဝံ့ခဲ့ဘဲ လူ့အသားကိုလည်း မစားခဲ့ချေ။
သို့သော်လည်း သူတို့လွတ်မြောက်လာသည့်ထိုအချိန်၌ ဆုံးရှုံးမှုများစွာ ကြုံတွေ့ခဲ့ရပြီး ရိက္ခာပစ္စည်းများပြတ်လပ်လာခဲ့ကာ သူတို့၏ စားနပ်ရိက္ခာကို တင်းတင်းကျပ်ကျပ် ကန့်သတ်ထားခဲ့လေသည်။ ထောင်ထဲတွင်ရှိသည့် အသက်ရှင်ကျန်ရစ်သူများသည် နေ့တိုင်းနီးပါး ငတ်ပြတ်နေခဲ့ကြလေသည်။
ထိုအချိန်တွင် စွမ်းအားရှင်တစ်ဦးသည် သူတို့နှင့်အတူ လွတ်မြောက်လာခဲ့စဉ်၌ ဒဏ်ရာအပြင်းအထန်ရခဲ့လေသည်။ လင်းကျား၏ကုသနိုင်စွမ်းမရှိဘဲ သူသည် အသက်မရှင်နိုင်ခဲ့ချေ။
သူမသေဆုံးခင်မှာပင် ဆရာဝန်သည် သူ့စွမ်းရည်အမြုတေကို တူးဖော်ခဲ့ပြီး ၎င်းကို ချောင်ချီရှန်းအား ဆက်သခဲ့ကာ အလောင်းကို ခြံနောက်ဖေးတွင်စွန့်ပစ်ထားခဲ့လေသည်။
ထောင်တွင်းရှိ ဆာလောင်မွတ်သိပ်နေသော အသက်ရှင်ကျန်ရစ်သူအုပ်စုသည် အမှန်တကယ်ပင် ဆက်မသွားနိုင်ကြတော့သဖြင့် အလောင်းမှအသားများကို တိတ်တဆိတ်လှီးဖြတ်ကာ ချက်ပြုတ်ရန် ပြန်ယူသွားခဲ့လေသည်။ သူတို့သည် အသားသည် အရသာရှိပြီး မျိုးပြောင်းတိရစ္ဆာန်များ၏ အသားထက် မဆိုးကြောင်း တွေ့ရှိခဲ့ကြသည်။ ကင်းလှည့်သမားများ အလောင်းကိုတွေ့သည့်အချိန်မှာတော့ အရိုးစုတစ်ခုသာကျန်ခဲ့တော့သည်။ သို့သော် ထောင်အိမ်ထဲမှာတော့ အသားများပြည့်နေခဲ့လေသည်။
ထိုအဖြစ်အပျက်ကို ကင်းလှည့်မှ သတင်းပို့ပြီးနောက် ချောင်ချီရှန်းသည် လူများကို ထောင်သို့ စေလွှတ်ကာ သူတို့ ချက်ပြုတ်ထားသောဟင်းရည်ကို လုယူခဲ့သည်။ သူ့အမြင်တွင် သူတို့စားနိုင်သည်ဆိုပါက သူလည်း စားနိုင်မည်ဖြစ်လေသည်။
၎င်းကို မြည်းစမ်းကြည့်ပြီးနောက် အသားထဲတွင် သူ့စွမ်းရည်အတွက်ကောင်းမွန်သည့် စွမ်းအင်များ ရှိနေသည်ကို တွေ့ရှိခဲ့လေသည်။ သူသည် ဆက်သည်းမခံနိုင်တော့ဘဲ ဗိုက်ကိုဖွင့်ပြီး ၎င်းကိုစားသောက်ခဲ့ကာ ညီအစ်ကိုများအား ပေးခဲ့လေသည်။
အခြားလူများသည် လူသားစားခြင်းကို ခုခံနိုင်စွမ်းတချို့ရှိကြသော်လည်း ၎င်းသည် သူတို့၏ စွမ်းရည်များအတွက် ကောင်းမွန်ကြောင်း တွေ့ရှိလိုက်ကြသောအခါ လက်ခံလိုက်ကြလေသည်။
ကျန့်ယွင် ရောက်လာခြင်းမတိုင်မီက သူတို့သည်စွမ်းအားရှင်လေးဦးကို တိတ်တဆိတ်သတ်ဖြတ်ခဲ့ပြီး သူတို့၏စွမ်းရည်အမြုတေများကို မျိုချရုံသာမက သူတို့၏အလောင်းများကိုပါ စားသောက်ခဲ့ကြလေသည်။
စစ်ကြောရေး၌ နောက်ပိုင်းတွင် လင်းရှီနှင့်ဆရာဝန်တို့သည် သူတို့၏အပြစ်ကို ပေါ့ပါးစေရန်ကြိုးစားရင်း တစ်ယောက်ကိုတစ်ယောက် စတင်ကိုက်ဖြတ်လာကြလေသည်။
၎င်းကို ကြားပြီးနောက် ကျန့်ယွင်နှင့်သူ့အဖွဲ့သားများအားလုံး တုန်လှုပ်ခြောက်ခြားသွားပြီး ဒေါသထွက်ခဲ့ကြရလေသည်။ ကမ္ဘာပေါ်မှာ ဒီလိုအရူးတွေ ရှိတယ်လို့ သူတို့ ဘယ်လိုထင်ထားပါ့မလဲ။ ထို့အပြင် လင်းချန်းအကျဉ်းထောင်တခုလုံးရှိလူ 300 ကျော်သည် လူ့အသားကိုစားပြီး သက်တောင့်သက်သာ ခံစားနေခဲ့ကြလေသည်။
သူတို့ ထောင်ထဲသို့ဝင်လာသောအချိန်က အသက်ရှင်ကျန်ရစ်သူများ၏ မှိုင်းညို့နေသောမျက်လုံးများကို တွေးရင်း တုန်လှုပ်ခြောက်ခြားသွားကြလေသည်။ သူတို့သည် သူတို့အား သားကောင်အမျိုးအစားတစ်ခုအဖြစ်သာ မှတ်ယူခဲ့ကြသည်မဟုတ်ပါလား။
ကျန့်ယွင်သည် မူလက ကင်းကောင်ရှစ်ယောက်၏ အမြစ်ကို ဖယ်ရှားပြီးနောက် တောင်ပိုင်းအခြေစိုက်စခန်းကို ရေဒီယိုအသံလွှင့်ဌာနတစ်ခုနှင့် ဆက်သွယ်ပြီး ကျန်ရှိသည့်အသက်ရှင်ကျန်ရစ်သူများကို ပြန်လည်အခြေချနေထိုင်ရန် လူများကိုပြန်ခေါ်ဆောင်ရန် တစ်စုံတစ်ဦးကို စေလွှတ်ခိုင်းမည်ဟု တွေးထားခဲ့သော်လည်း ယခုအခါတွင်မူ သူမလိုတော့သည့်ပုံရလေသည်။ ထိုလူများသည် လူ့အသားကို စားပြီးပြီဖြစ်လေသည်။ သူတို့သည် အကျင့်စာရိတ္တ အောက်ခြေလိုင်းကိုလုံးဝ ဆုံးရှုံးသွားပြီဖြစ်လေသည်။ သူတို့အား ပြန်ခေါ်သွားပါက အခြေစိုက်စခန်းထဲတွင် အလွန်မတည်မငြိမ်သည့်အခြေအနေ ဖြစ်လာလိမ့်မည်ဖြစ်သည်။
သို့သော် သတ်ပစ်ဖို့ရန်အတွက်တော့မသင့်လျော်ပါချေ။ နောက်ဆုံးတော့ ၎င်းသည် အသက်ပေါင်း 300 ကျော်ဖြစ်လေ၏.....။
နောက်ဆုံး၌ ကျန့်ယွင်သည် ဟန်လဲ့အား အခြေစိုက်စခန်းကို ရေဒီယိုနှင့်ဆက်သွယ်ခိုင်းပြီး ဤနေရာတွင်ဖြစ်ပျက်ခဲ့သည်များကို တင်ပြလိုက်လေသည်။ ကျန်းရွှီကျိုးသည် အခြေစိုက်စခန်း၏ ခေါင်းဆောင်ဖြစ်ထိုက်လေသည်။ မကြာခင်မှာပင် ဒီလူများကို အခြေစိုက်စခန်းဆီသို့ ပြန်ခေါ်သွားရန် တစ်စုံတစ်ယောက်ကို စေလွှတ်လိုက်မည်ဟု ဆုံးဖြတ်ချက်ချခဲ့လေသည်။ မည်သို့ပင်ဖြစ်စေ လူပေါင်း 300 ကျော်ရှိလိမ့်မည်ဖြစ်သည်။
သူတို့အား လွှတ်ထားပေးလိုက်ပါက ယုတ်စွအဆုံး အဂတိလိုက်စားသည့် လုပ်ရပ်မျိုး ဆိုးဆိုးရွားရွား ဖြစ်မလာနိုင်ဘူးဆိုသည်ကို မည်သူသိနိုင်ပါ့မလဲ။ သူတို့အခြေစိုက်စခန်းသို့ ပြန်ရောက်လာပါက သူတို့အတွက် အနီရောင်ကတ်ပြားများ ကိုင်ဆောင်စေမည်ဖြစ်သည်။ ဆက်ဆံမှုသည် ထောင်သားများနှင့် တန်းတူဖြစ်ကာ သူတို့အားဂရုစိုက်ရန် တစ်စုံတစ်ဦးကို စေလွှတ်ပေးမည်ဖြစ်သည်။ လွတ်လပ်ခွင့်မရှိဘဲ သူတို့ဘ၀များကို ထောက်ပံ့ရန် လုပ်အားအပေါ်သာမှီခိုကြရမည်ဖြစ်သည်။ အခြေစိုက်စခန်းစည်းမျဉ်းများကို ဖောက်ဖျက်ပါက ပြင်းပြင်းထန်ထန် အပြစ်ပေးခံရမည်ဖြစ်သည်။
ကျန့်ယွင်သည် ထိုအဖြေကို သဘောတူပြီးနောက် လင်းရှီအား အသက်ရှင်ကျန်ရစ်သူများကြားထဲမှ ကင်းကောင်ရှစ်ယောက်ကို တစ်ယောက်ပြီးတစ်ယောက်ရှာဖွေခိုင်းပြီး စုပေါင်းပစ်ခတ်မှုအပြီးမှာတော့ အလောင်းများကို အခင်းနေရာမှာပင် မီးသဂြိုလ်ခဲ့ကြသည်။ ဆရာ၀န်၏ မှတ်ချက်အရ ချောင်ချီရှန်း၏အမျိုးသမီးဖြစ်သည့် လင်းရှီသည် အမှောင်ဘက်ခြမ်းများစွာကို သိခဲ့လေသည်။ ချောင်ချီရှန်းသည် ကျန့်ယွင်နှင့် တခြားသူများကို သတ်ပစ်ဖို့ ဆုံးဖြတ်လိုက်သည့်အချိန်က သူမလည်းပဲ အကြံဥာဏ်တစ်ချို့ပေးခဲ့သည်ဖြစ်ရာ သေခြင်းမှ မလွတ်မြောက်နိုင်ချေ။
ဆရာဝန်သည် ကရုဏာတရားတောင်းဆိုပြီး တက်ကြွစွာ ပူးပေါင်းဆောင်ရွက်သော်လည်း ဘာပြောသင့်တယ် မပြောသင့်ဘူးဆိုတာ ရှင်းရှင်းလင်းလင်း ရှင်းပြခဲ့ပြီး ကျန့်ယွင်သည် သူ့ကိုဆက်လက်အသက်ရှင်ခွင့် မပေးခဲ့ပါချေ။ အဆုံး၌ သူသည် စုရွေ့ကျယ်အား သူ့အတိတ်ဘ၀က ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်ခဲ့တဲ့ တရားခံဖြစ်ခဲ့လေသည်။ ဒီဘဝ၌ ထိုကဲ့သို့ပြုလုပ်ဖို့ အချိန်မရှိသော်လည်း ခွင့်ပြုနိုင်သည့် အခြေအနေမရှိလို့သာဖြစ်လေသည်။
ဒီအခွင့်အရေးကို ရပြီဆိုသည်နှင့် သူ့နောက်ဆုံးဘဝကထက် ပိုရက်စက်သည့် အရာများကိုသာ လုပ်လိမ့်မည်ဖြစ်လေသည်။ သူသည် စုရွေ့ကျယ်အတွက်အခန်းတစ်ခုကို စီစဉ်ပေးခဲ့ပြီး ထိုအထဲတွင် သူသည် တစ်ယောက်တည်း ဆရာဝန်နှင့်နှစ်နာရီကြာ နေခဲ့လေသည်။ စုရွေ့ကျယ် ထွက်သွားပြီးနောက် သူကိုယ်တိုင် ဆရာဝန်၏အလောင်းကို ကိုင်တွယ်ဖို့ ဝင်သွားခဲ့လေသည်။
【TN : လိုချင်နေကြပြီလား ဒီလို ကိုယ့် darker side ကို လိုက်လိုက်လျောလျောနဲ့ အလောင်းဖျောက်ပေးမယ့် ဘဲမျိုး 🥲】
ကျန့်ယွင်သည်သည် ကျန်ရှိသောလူများကို သေသေချာချာ ရေတွက်ခဲ့ကာ ချောင်ချီရှန်း၏ ဝှက်ထားသော အစားအစာများကို အသက်ရှင်ကျန်ရစ်သူများထံ ဝေငှပြီး တောင်ပိုင်းအခြေစိုက်စခန်းမှလူများကို စောင့်ရန် သတိပေးလိုက်သည်။ သူတို့သာ အကြံအစည်ဆိုးများ ရှိလာခဲ့ပါက တောင်ပိုင်းအခြေစိုက်စခန်း စစ်တပ်လက်ထဲရှိ သေနတ်များသည် ငြိမ်နေမည်မဟုတ်ချေ။
သူတို့အား ခြိမ်းခြောက်ပြီးနောက် အဖွဲ့သည် မိုးသောက်ပြီးနောက် ထောင်မှထွက်ခွာလာခဲ့ကြလေသည်။ SUV ပေါ်တွင်ပါလာသည့် အမျိုးသမီးခုနစ်ယောက်ကို ထောင်ထဲရှိအဖွဲ့နှင့်အတူမထားခဲ့ကြချေ။ အဘယ်ကြောင့်ဆိုသော် အဖွဲ့သည် အသက်ရှင်ကျန်ရစ်သူများကို မယုံနိုင်၍ဖြစ်သည်။ ဤအမျိုးသမီးများသည် လုံလုံလောက်လောက် ခံစားခဲ့ရပြီးဖြစ်လေသည်။ သူတို့အနေဖြင့် သူတို့အား ကျားတွင်းမှ လွတ်မြောက်စေကာ ဝံပုလွေတွင်းထဲသို့ ပို့နိုင်လိမ့်မည်ဖြစ်ပါ့မလား။
ကျန်းရွှီကျိုးသည် ၀မ်ချန်းအခြေစိုက်စခန်းမှ မြို့စောင့်တပ်နှင့် လုမိသားစုဝင်များသည် တောင်ပိုင်းသို့ ထွက်သွားကြပြီး သူတို့နှင့် အဝေးပြေးလမ်းတွင် တွေ့နိုင်ဖွယ်ရှိကြောင်းပြောခဲ့လေသည်။ ထိုအချိန်တွင် ကားပေါ်ရှိ အမျိုးသမီးခုနစ်ဦးအား ၀မ်ချန်းစစ်သားများအား ပေးအပ်စေပြီး သူတို့အား တောင်ပိုင်းအခြေစိုက်စခန်းသို့ခေါ်ဆောင်သွားရန် တောင်းဆိုခဲ့သည်။
🍒🍒